တော်ပါပြီကွာ..

ဆူးAugust 31, 20111min104224

ယခုနှစ် အသီးအနှံ အောင်မြင်သည့် အတွက် အကြွေးတွေ ကြေပြီး ပိုက်ဆံ ပေါပေါများများ ဖြစ်နေတဲ့ အတွက် မြစိန်တယောက်တော့ တပြုံးပြုး နဲ့ ပျော်မဆုံး ဖြစ်နေပါတော့တယ်။ ရွာထဲမှာ အတင်းတုတ်ဖော် တုတ်ဖက်

မိအေးက…

ဟဲ့ မြစိန် ဒီနှစ် နင်တို့ အသီးအနှံတွေ အောင်မြင်တယ်နော်.. ပိုက်ဆံတွေ ရလာရင် ဘာလုပ်မှာလဲ..

မြစိန်က…….

.အော်..အေ.. ငြီးကလည်း ငါတို့ တနေ့ တနေ့ ညဘက်ဆို ကြီးတော် မတင် တို့ အိမ်မှာ တီဗွီသွားပြီး ကပ်ကြည့်ရတာ မလွတ်မလပ်နဲ့ ငြူစူမှာလည်း ကြောက်ရသေးတယ်။ ကြီးတော် ယောင်္ကျားလာရင် ငါတို့ ထွက်ပြေးရသေးတယ် အဲဒါတွေကို စိတ်ကုန်လို့ ငါတို့ အိမ်မှာ ကိုယ်ပိုင် တီဗွီ ဝယ်မှာပေါ့အေ့..

မိအေး…

အမယ်.. နင်တို့ တီဗွီ ဝယ်မှာလား ဟယ်.. ပျော်စရာကြီး.. ငါ..  ငါကိုလည်း ခေါ်နော်(ဝမ်းသာ အားရ စိတ်လှုပ်ရှားတဲ့ အမူအရာဖြင့်)

ငါလည်း ကြီးတော် မတင် အိမ်မှာ ကြည့်ရတာ စကားတောင် လွတ်လွတ်မပြောရတာနဲ့ စိတ်ပျက်ပါတယ်အေ မရှိတော့လည်း ဒီလိုပဲ ခိုကပ်ကြည့်နေရတာ..  ရွာထဲမှာ တခြားရှိတဲ့ အိမ်တွေကလည်း ငါတို့ မရှိတဲ့ လူတွေ ကျတော့ လက်သင့်မခံချင်ကြဘူး။

မြစိန်..

ဟုတ်တယ်ဟ.. ငါလည်း အဲဒါ စိတ်ပျက်တာ.. အိမ်က ဟာကြီး အောင်ကျူးနဲ့ တိုင်ပင်ထားတယ်အေ့.. သူကလည်း သဘောကျနေတာ.. ငါတော့ ဝယ်ဖြစ်အောင် ဝယ်အုန်းမှာ…

မိအေး..

အေးအေး.. ကောင်းတယ် နင်တို့ ရှိရင် ငါတို့ လာကြည့်မယ်။

မြစိန်..

အေးပါ အေးပါ.. ငါတို့က ရွာထဲက အိမ်မှာ ရှိပြီး သူများ မလာခိုင်းတဲ့ လူတွေလို အကျင့်မယုတ်ပါဘူးအေ.. ငါတို့ ရှိတာ တရွာလုံး ဘယ်သူလာလာ ကိစ္စမရှိဘူး။ အားလုံး လာကြ ဟုတ်ပြီလား..

 

——————————————-

 

မြစိန် တို့ အိမ်မှာ တီဗွိ အသစ်ကြီး အိမ်ရောက်ပြီ။

ရွာထဲမှာတော့ တီဗွီ အသစ်ကြီးကြောင့် မြစိန် တယောက် မျက်နှာ ပွင့်နေခဲ့တာတော့ အမှန်ပါပဲ။

ရွာထဲမှာ မြစိန်နဲ့ ကလေး ၂ယောက်ကတော့ အိမ်လည်ပြီး လှည့်ကြွားသလို ညဘက် ငါတို့ အိမ်မှာ လာကြည့်နော် ဆိုပြီး တွေ့သမျှ လူတွေကို ဖိတ်ခေါ်နေပါတော့တယ်။ ဖိတ်ခေါ်မှု အားကောင်းတဲ့ မြစိန်တို့ သားအမိတွေရဲ့ အစွမ်းအစကတော့ ည ၆နာရီမှာ အိမ်ကလေး ယိုင်ထိုးအောင် ပြေးတက်လာကြတဲ့ အထိပါပဲ။ အိမ်ပေါ်ကို တဝုန်းဝုန်းနဲ့ ပြေးတက်လာတဲ့ လူအုပ်ရဲ့ အသံကို ကြားတော့ ထမင်းဝိုင်းမှာ လက်ဆုံ စားနေတဲ့ မြစိန် နဲ့ အောင်ကျူး တို့ မိသားစု မျက်လုံးပြူးသွားသည်။ အောင်ကျူးကတော့ မသိမသာ အသံထွက် ငြီးလိုက်ပါတယ်. အမလေး စောလှချည်လား။

 

မြစိန်က.. ကိုအောင်ကျူး.. လုပ်ပါအုန်းတော်.. တီဗွီကြည့်ဖို့ လာနေကြပြီ ဖွင့်ပါအုန်း တော်ရဲ့…

အောင်ကျူးကလည်း အေးပါကွာ ဟု ပြောပြော ဆိုဆိုနဲ့ ထ လုပ်ပါတော့သည်။

မြစိန်ရဲ့ သူငယ်ချင်းတွေ ညဘက် ရုပ်ရှင်ကြည့်ဖို့ ရောက်လာကြပြီ။ သဘောကောင်းတဲ့ မြစိန်ကတော့ ပထမဆုံး နေ့ ဆိုတော့ အားလုံးကို ရေနွေးကြမ်း နဲ့ လက်ဖက်သုတ် ထညှက်ခဲ အသင့်ပြင်ဆင်ပြီး ချကျွေးသည်။ အထာမကျသေးတော့ တီဗွီ ဖွင့်တဲ့ အခါ အင်တာနာ ကြိုးမတပ်ပဲ ဖွင့်မိတော့ တီဗွီကြီး က ဗရုတ် ဗရုတ်နဲ့ အသံထွက်နေတဲ့အခါ မြစိန်ရဲ့ မျက်နှာကြီး နီတက် လာသည်။

အိမ်ပေါ်က ပရိတ်သတ်က ဘာရယ် မဟုတ် ညာရယ် မဟုတ် ထပြီး ခွက်ထိုး ခွက်လန် အော်ရီကြပါတော့တယ်… ဟားဟား.. ဟားဟား…

ရီသံများ ပွက်လော ညံလာတဲ့ အခါ အောင်ကျူးလည်း ဟိုဟာ လုပ်ရမလို ဒီဟာ လုပ်ရမလို ဟိုကုတ် ဒီကုတ်နဲ့ ရှက်လာခဲ့သည်။

အောင်ကျူးက တယောက်တည်း ငြီးတွား ပြောနေသည်မှာ.. ငါ ဆိုင်မှာ ဝယ်တုန်းက အရုပ်တွေ အကုန် ကောင်းကောင်း မြင်နေရတာ ဘယ်လို ဖြစ်တာလဲ ဆိုပြီး ရှက်ရှက်နဲ့ ခေါင်းကုတ်ကာ အကြံထုတ်ပြီး ရှိသမျှ ခလုပ်တွေ ဟိုနိပ် ဒီနိပ်နဲ့ ပိတ်လိုက် ဖွင့်လိုက် လုပ်ကြည့်နေမိသည်။ များများ နိပ်မိရင်လည်း ပျက်သွားမှာ စိုးရသေးတယ်လေ။ ၆နာရီ ကတည်းက စောင့်နေကြတဲ့ ပရိတ်သတ်က ရနာရီ ထိုးခါနီး အထိ ဟိုလှည့် ဒီလှည့် လုပ်နေတဲ့အတွက် စောင့်ရတဲ့ သူများ မစောင့်နိုင် ဖြစ်လာကြသည်။

မြစိန် ချကျွှေးထားတဲ့ ရေနွေးကြမ်းအိုး လက်ဖက် နဲ့ ထညှက် လည်း ကုန်နေပြီ ဆိုတော့

အောင်ကျူးရေ.. နင်ကလည်း မရဘူးလား ဒါဆို ငါတို့ ပြန်တော့မယ်ဟေ့…. ရုပ်ရှင်က လွတ်တော့မယ် နောက်နေ့ ကြည့်လို့ ရတာ သေချာမှ လာခဲ့မယ် ဆိုပြီး ပြောပြီး ထ ထွက်သွားကြသည်။

ရှက်ကိုးရှက်ကန်းနဲ့ အောင်ကျူး တို့ လင်မယား ကျန်ခဲ့ကြတယ်။ မြစိန် ကတော့ တနေကုန် ရွာလည်ပြီး လူတကာ လိုက်ကြွားပြီး ခေါ်ထားတာ တီဗွီ မကြည့်ရပဲ ပြန်ထွက်သွားကြတော့ မြစိန်ရဲ့ ဒေါသ အောင်ကျူး ပေါ် ပုံကျလာပါတော့သည်။

ဒီမှာ ကိုအောင်ကျူး.. မြို့ပေါ် တက်ပြီး သွားဝယ်တာ ဘယ်လိုဟာတွေ ဝယ်လာတာလဲ။ ရှင် ကျုပ် အရှက်ကို ခွဲတာလား။ ဒီကိစ္စ လုံးဝ မကျေနပ်ဘူး။ ပြောပြော ဆိုဆိုနဲ့ မြစိန် ရဲ့ သွက်လက်တဲ့ လက်များက အောင်ကျူးရဲ့ ကျောပေါ်ကို တဖျန်းဖျန်းနဲ့ ဆက်တိုက်သာ ရိုက်ပါတော့သည်။

ဟာ မင်းကလည်း ငါ သေချာ ဝယ်ခဲ့တာကွ.. ဆိုင်မှ ပြတုန်းက အကောင်းကြီးပါ ဘယ်လိုဖြစ်တာလဲ မသိဘူးကွ.. ငါလည်း ခေါင်းတွေ တော်တော် ရှုပ်လာပြီ။ မင်းကလည်း တော်ပါတော့ကွာ.. စိတ်ညစ်နေရတဲ့ အထဲ.. မြစိန်က.. မတော်နိုင်ဘူး မတော်နိုင်ဘူး ရှင်လုပ်တာ ဟုတ်သေးရဲ့လား.. ကျုပ် တို့ သားအမိ အရှက်ခွဲတာ ကျုပ်သိပ် စိတ်တိုတယ်။ မပြီးနိုင်အောင် ဒေါသဖြစ်နေတဲ့ မြစိန်ကို အောင်ကျူးက ဒေါသ ဖြစ်လာပါတော့တယ်။

မင်း အခု တိတ်မလား မတိတ်ဘူးလား ဆိုပြီး စိတ်တိုတိုနဲ့ တီဗွိကြီးကို ထားပြီး ထွက်သွားသည်။ အိမ်ပေါက်ဝ ဘက်ကို လျှောက်သွားတဲ့ အောင်ကျူး စိတ်တိုတိုနဲ့ တီဗွီလာကြည့်တဲ့ လူတွေ မသိမသာ ချထားတဲ့ အမှိုက်တွေနဲ့ ကလေး ချီးထုတ်ကလေး နင်းမိပြီး ဒေါသ မိုးတွေ မွန်ထူပြီး မြစိန်နဲ့ အောင်ကျူး နောင်ချိန် ချပါတော့တယ်။ ကျိတ်မှိတ်ထားတဲ့ ဒေါသတွေ အကုန်ထုတ်ပြီး ကြမ်းပါတော့တယ်။

ကလေး ၂ယောက်ကတော့ အိမ်ပေါ်မှာ မနေရဲလို့ ရွာထဲက တခြား တီဗွီရှိတဲ့ အိမ်မှာ ရုပ်ရှင်သွားကြည့်ကြသည်။

ကလေးများ ပြန်လာတဲ့ အခါမှာတော့ တီဗွီကြီး အိမ်ပေါက်ဝမှာ ပြစ်ထားတာ တွေ့ပါတော့တယ်။

ကလေး ၂ယောက်က တီဗွီကြီး ကို မသိမသာ မလာပြီး အိမ်ထဲ သယ်မလို့ လုပ်တဲ့ အခါ အိမ်ထဲက

ဟဲ့.. ကလေးတွေ နင်တို့ အဲဒီ ဟာကြီး အိမ်ထဲ သယ်ရဲရင် သယ်လာကြည့် နင်တို့လည်း သေမယ်။ ကြောက်ကြောက်နဲ့ အိမ်ပေါက်ဝ မှာ ပြန်ချထားပြီးတော့ အိမ်ပေါ်တက် ပြီး အိပ်ယာဝင်ကြသည်။ မနက်လင်းတဲ့ အခါကျတော့ အိမ်ရှေ့မှာ ချထားတဲ့ တီဗွီကြီး မတွေ့တော့ပါဘူး။

ညနေတုန်းကတော့ စိတ်ဆိုးဆိုးနဲ့ ခြံပေါက်ဝ မှာ ချ ထားတာ ဘယ်သူမှ မယူလောက်ဘူး ထင်ထားပေမဲ့ မနက်လင်းတော့ မရှိတဲ့အခါကျတော့ စိတ်မကောင်း ဖြစ်ပြီး တော်တော် နှမြောတသ ဖြစ်နေကြပါတယ်။

မြစိန် ကတော့ အမလေး… ကိုအောင်ကျူး.. ရေ ကိုအောင်ကျူးရဲ့.. ရှင် ခြံဝ မှာ သွားပစ်တာ အခု မရှိတော့ဘူး။ လုပ်ကြပါအုန်း.. ဖြစ်မှ ဖြစ်ရလေ.. ကိုအောင်ကျူးးးးးးး ရဲ့… အရပ်ကတို့ရေ.. လုပ်ကြပါအုန်း..  ရှိုက်ကြီး တငင်ငင်နဲ့ ငိုကြီးချက်မ ဖြစ်နေတဲ့ မြစိန်ကတော့ အော်ဟစ် ငိုယိုနေပါတော့တယ်။

အော်ဟစ် ငိုလျက် ရုတ်တရက် အသံတိတ်သွားပြီး ဒီမှာ ကိုအောင်ကျူး.. ရှင် ရဲ့ တီဗွီ အစုတ်တော့ မရှိတော့ဘူး ကျုပ်တို့ အသစ်ထပ်ဝယ်ရအောင် လာလာ အခု မြို့ပေါ် တက်ကြမယ်။   ကိုအောင်ကျူး ရဲ့ ပြောတဲ့ စကားကတော့ `တော်ပါပြီကွာ´…….

24 comments

  • shwe ni

    August 31, 2011 at 10:53 pm

    ဆူးရေ တကယ်ကို ရွာတရွာက အိမ်တလုံးထဲရောက်သွားသလိုပါလား ။ဝတ်ထုရေးပါတော့လား

  • weiwei

    August 31, 2011 at 11:13 pm

    အောင်ကျူးက တို့ရွာထဲက ဦးကြောင်များလား … 😛

    • ဆူး

      August 31, 2011 at 11:17 pm

      ရွာသူတွေ အောင်ကျူးတို့ အိမ်မှာ တီဗွီ သွားကြည့်ပြီး ဟားတိုက် ရီခဲ့တဲ့ အထဲမှာ ဘယ်ရွာသူပါသလဲလို့ မသိမသာ စစ်တမ်းကောက်မလို့..
      ရေးထားတာ..

      • pan pan

        September 1, 2011 at 10:57 am

        ဘွားဆူးရေ……..
        မနက်စောစောက တောထဲမှိုချိုး မျှစ်ချိုး ဟင်းရွက်ခူးသွားတော့
        ရွာလမ်းတနေရာမှာ ထန်းရည်သမားတစ်စုကို စောင်စုတ်နဲ့ထုပ်ထားတဲ့ လေးထောင့်လိုလိုပစ္စည်းကြီးတစ်ခုနဲ့
        တွေ့တယ်
        သူတို့ပြောနေတာတော့ ဒီတစ်လတော့ ထန်းရည်ဝပြီဆိုပဲ
        ကြည့်ရာတာ အောင်ကျူးတီဗွီ သူတို့ရသွားပြီထင်ရဲ့
        ကျွန်မလည်း နောက်နေ့ မြစိန်အိမ်မှာ တီဗွီမကြည့်ရတော့ဘူးပေ့ါ

  • ကြောင်ကြီး

    September 1, 2011 at 8:46 am

    တော်ပြီကွာ
    နော်လီဇာ
    ဘော်လီမပါ..
    ဦးကြောင်ခင်မျာ
    ဖူးယောင်ကာ
    အရူးထောင်သာ..။

    • ဆူး

      September 1, 2011 at 6:37 pm

      အောင်ကျူးနဲ့ မြစိန် ရန်ဖြစ်တာ အဲလိုကြီးလား..
      ကလေးတွေ ရုပ်ရှင်သွားကြည့်တဲ့ အချိန်မှာ ရန်ဘယ်လို ဖြစ်လဲ လာပြီး ထုတ်ကြွားတာလား။

  • နည်ရဲဇော်

    September 1, 2011 at 9:23 am

    မြစိန်တို့နောက်ထပ် တီဗွီဝယ်ရင် လက်တို့ပါဦးဗျို့။

  • စုံ စုံ

    September 1, 2011 at 9:35 am

    အဟီး စာဖတ်ပြီးရီလဲရီရတယ်
    အောင်ကျူးနဲ့မြစိန်တို့ကိုသနားလဲသနားတယ်
    တီဗွီဘယ်လိုဖွင့်ရမှန်းမသိဘဲရိုးသားတာကိုပေါ့
    သူများကိုသာပြောနေတာ အိမ်ကကျမအဖေလဲအင်မတန်ရိုးလွန်းတယ်
    ပြောရင်တောင်ယုံပါ့မလားမသိဘူး
    အခုချိန်ထိတီဗွီမဖွင့်တတ်ဘူး
    ဟိုတနေ့ကအိမ်မှာဘယ်သူမှမရှိတဲ့အချိန် သူတယောက်ထဲပေါ့
    တရားနာချင်တာတီဗွီမဖွင့်တတ်လို့မနာရဘူးတဲ့
    အဲ့ဒါကျမပြန်လာမှဘဲ သမီးရယ်အဖေတရားနာချင်တာကြာပြီ တီဗွီမဖွင့်တတ်လို့မနာရဘူးတဲ့
    စိတ်ထဲမှာသနားလဲသနားတယ် ရီလဲရီချင်တယ်
    အဖေရယ်ဘယ်နှခါသင်ပေးသင်ပေးအခုထိမဖွင့်တတ်ဘူးလားဆိုတော့ မဖွင့်တတ်ဘူးတဲ့
    ကောင်းရောဘဲ (အရမ်းရိုးလွန်းတဲ့တောသားကျမအဖေတစ်ယောက်ဘဲရှိမလားထင်ရတာအခုအောင်ကျူး
    တို့လင်မယားနဲ့ဆိုတော့အဖော်ရသွားတာပေါ့)

  • manawphyulay

    September 1, 2011 at 10:03 am

    တီဗီပစ်ထားတုန်း သွားကောက်ထဲမှာ မနော မပါဘူးနော် သိလား ဆူး။ ဟီး မနိုင်လို့။ လူငှားရှာနေတုန်း ဘယ်သူကောက်သွားမှန်းတောင် မသိလိုက်ဘူး။

    • pan pan

      September 1, 2011 at 11:28 am

      တီဗွီကောက်သွားတာ ရွာထဲကထန်းရည်သမားအုပ်စု
      မနက်ကတောင် လမ်းမှာတွေ့သေးတယ်
      သူတို့ခွဲတမ်းချနေကြတာ

  • တညင်သား

    September 1, 2011 at 10:16 am

    ရွာမှာမြေပဲစိုက်တော့ အခွန်နွာပြီးစိုက်တာ အမေက ဟေးး ဒီနေ့ ကျော်ရဲအောင်ကား ရှိတယ်ဟေ့ လို့ ကြေငြာထား ညဆိုးခလေးတွေရောက်လာရော ဘာပြောကောင်းမလဲ ရုပ်ရှင်မလာခင် မြေပဲအခွန်နွာခိုင်းတာပေါ့ မန်ကျီးသီးပေါ်ချိန်ဆို အစေ့ထုတ်ခိုင်း (သူတို့ကိုလဲပေးရသေးတယ်..) အမေကို ချစ်လဲချစ်ကြောက်လဲကြောက်ဆိုတော့ လုပ်ပေးရှာပါတယ် ကျွန်တော်တို့မောင်နှမတွေကတော့ ချောင်ထဲမှာကြိပ်ရီကြတာပေါ့ .. ဘာရယ်မဟုတ်ပါဘူး အမေနဲ့ ရွာကိုသတိရလို့ရေးလိုက်တာပါ ……
    အခုလဲ ရီရလွန်းလို့ အူတွေနာနေပြီဗျ…

  • Shwe Ei

    September 1, 2011 at 10:29 am

    ဟား ဟား ရွာမှာကျောင်းနေတုန်းက အိမ်တကာလည်ပြီးတီဗီကြည့်လွန်းလို့ အရိုက်ခံရတာ သတိရတယ်။

  • မီးမီး သော်

    September 1, 2011 at 11:55 am

    အော်တော်တော် လဲအ ပါတယ်ဦးအောင်ကြူးရယ်။ပစ်မယ်ပစ်ဒီမှာလာပစ်ပါတော့လား။အိမ်သယ်သွားမလို ့။မမဆူးကတော့ ရေးတတ်လိုက်တာ

  • နွယ်ပင်

    September 1, 2011 at 11:59 am

    ဆူးရေ ရေးလဲ ရေးတက်တယ် တကယ့်ရွာလေးကို ရောက်သွားသလိုပဲ
    ဒါနဲ့ စကားမစပ် ဦးကြောင် (အောင်ကျူး) ကတော့ မနက်က ရွာကထွက်ပြီး TV တစ်လုံးသွားဝယ်လေရဲ့ 😛

  • nozomi

    September 1, 2011 at 12:36 pm

    ဆူးမမ ရေးမှပဲ တီဗီပေါ်ကာစ ကာလတွေ ပြန်သတိရမိတယ် ကိုယ့်အိမ်တီဗီရောက်ကာစ လူတွေက လာကြည့် သဘောတွေကျပေ့ါ နဲနဲကြာလာတော့ ကလေးတွေငိုတဲ့ဒဏ်၊ဆူတဲ့ဒဏ်၊ရန်ဖြစ်တဲ့ဒဏ်၊ အမှိုက်ဖွတဲ့ ဒဏ်မခံနိုင်တော့ ဘူး ၊မလာကြပါနဲ့ ပြောဘို့ကလဲ ခက် …

    အခုကြတော့လဲ အိမ်တို်င်းလိုလို ရှိနေကြပြီ ၊ လမ်းဘေးက အိမ်တချို့မှာတောင် အကာအရံသာ မကောင်းရင်နေမယ် တီဗီအင်တာနာတိုင်နဲ့

    ဒီအတိုင်းသွားရင် နောင် ၁၅ နှစ်လောက်ဆို ဒီရွာထဲမှာ ရွာသားက ၅ သန်းလောက်၊ပွိုင့်က တစ်ပုဒ်ကို ဒေါ်လာ ၁၀၀၊ ကိုယ့်အိမ်က အင်တာနက်နဲ့ ကိုယ့်လက်တော့နဲ့ ပို့စ် တင်တဲ့ခေတ် ဖြစ်နေလောက်ပြီ

    • MaMa

      September 3, 2011 at 7:12 pm

      (ပွိုင့်က တစ်ပုဒ်ကို ဒေါ်လာ ၁၀၀၊ ကိုယ့်အိမ်က အင်တာနက်နဲ့ ကိုယ့်လက်တော့နဲ့ ပို့စ် တင်တဲ့ခေတ် ဖြစ်နေလောက်ပြီ)
      အဲဒီခေတ်ကို ရောက်ချင်လှပြီ။
      😀

  • moegyothwar

    September 1, 2011 at 1:39 pm

    မဆူးရေ… ငယ်ငယ်တုန်းက သူများခြံဝမှာ သွားပြီးကြည့်ရတာကို သတိရမိတယ်ဗျာ။ လာတဲ့လူတွေများလွန်းတော့ အိမ်ရှင်က ခြံတခါးကိုပိတ်တော့တာ။ ခြံပြင်ကနေငေးခဲ့ ရတဲ့ဘဝပေါ့ဗျာ။

  • cobra

    September 1, 2011 at 1:44 pm

    ဦးကြောင်ကို ထည့်တာပဲ….။

  • hmee

    September 1, 2011 at 2:44 pm

    အိမ်မှာတော့ အမေတို့က TV ပေါ်ကာစက ၃၀၀ဝပေးရတဲ့ TV လေးကို အခုထိကြည့်တုန်း။ ရေဒီယိုလို ခလုတ်က လက်နဲ့လှည့်ရတာ။ အဲ့တုန်းက TV လာကြည့်တဲ့ ကလေးတွေ သေးပေါက်လွန်းလို့ အမေနဲ့ ခဏခဏ ပြသနာတက်ပါရော။ အိမ်ပေါ်တက်ရင် ခြေဆေးပြီးမှ တက်လို့ ပြောတော့ တုံကင်က နှိပ်ပြီးမဆေးပဲ အမေနှိပ်ထားတဲ့ အုတ်ကန်ထဲကရေကို အသင့်ခပ်ဆေးကြလို့ အမေအော်တာ မှတ်မိသေးတယ်။ ခြေသာဆေးတာ ဖိနပ်က မပါတော့ ရွှံ့တွေအဖြစ် ပိုဆိုးပြန်တာနဲ့ အမိန်ထပ်ထုတ်တယ် ဖိနပ်မပါမလာရဆိုပြီး။ အခုတော့ ရွာမှာလည်း အိမ်တိုင်းနီးပါး TVနဲ့ ဖြစ်နေကြပြီ။ ကိုယ်ပိုင် မီးစက်နဲ့ မီးပေးတာမို့ စလောင်းတွေ ဘာတွေနဲ့တောင် ဖြစ်နေကြပြီ။

  • ဆူး

    September 1, 2011 at 6:45 pm

    မြန်မာ့ အသံ ဘယ်တုန်းက စလွင့်လဲတော့ သေချာ မသိပေမဲ့ ၈၃ခုနစ်လောက်မှာ ဆူး အိမ်ကို အဖေ ရဲ့ မိတ်ဆွေ ဂျပန် တယောက်က Sony တီဗွီ ၁၄လက်မ လက်ဆောင်ပေးလို့ အိမ်ထဲမှာတင် အန်တာနာ ထောင်ကြည့်တာ မိတယ်။ ညည လာကြည့်တဲ့ လူတွေ အလိုက်မသိ အသံကျယ်ကျယ် နဲ့ ဆူညံတာတွေ စုံတာပဲ.. နည်းနည်း သိသလိုလို ရှိတဲ့ ၈၈ တုန်းကတောင် အရေးအခင်းဖြစ်တဲ့ အချိန်တုန်းက အိမ်ရှေ့မီးတွေ ပိတ်ထားရတယ် ဆိုပြီး မာရှယ်လောထုတ်ထားလည်း ဘေးအိမ်တွေက အိမ်မှာ တိတ်တိတ်လေး ခိုးပြီးတော့ တီဗွီ လာကြည့်ကြတယ်။ အိမ်ရှေ့က မီးအလင်းရောင် မမြင်ရအောင် ကာလကာ အကြီးကြီး ကာပြီး ထိုင်ကြည့်နေတာ.. အဲဒီ တုန်းကဆိုရင် အနားက အပျိုလေးတွေက ဟေမာနေဝင်း သီချင်းလာရင် သိပ်နားထောင်ချင်တာ.. အို ဒေါက်တာ ကိုကို တို့.. စဉ်းစားရင်း မေးခွန်းလေးတွေ ဖြေပါတို့ ဘာညာပေါ့… တနေ့ တနေ့ တီဗွီက လွင့်တဲ့ ဟေမာနေဝင်း သီချင်းတွေ စောင့်နားထောင်ပြီး လိုက်ဆိုနေကြတာ.. အသံကျယ်ရင် ပြသနာတက်မှာလည်း စိုးရသေးတယ်။ ညည အိမ်ရှေ့မှာ ကားတွေ ပတ်တရောင်ကို လှည့်နေကြတာ.. မြန်မာ့ရုပ်မြင်သံကြားက အစီအစဉ်ပြီးမှ တိတ်တိတ်လေး ခိုးပြန်ကြတယ်။ တော်တော် စွန့်စားကြတယ်။ အဟိ..

  • naywoonni

    September 3, 2011 at 6:57 pm

    အိမ်ရှေ့ချထားတဲ့ တီဗွီ ကို ထန်းရည်သမားတွေ မ,သွား တာဆိုတော့ ရွာထဲက အောင်ပုတို့ အဖွဲ့ပဲ ဖြစ်မှာ…။ သူကြီးကို သွားမတိုင်ကြဘူးလား…။ ကဇော်သမားတွေ ဆိုရင်တော့ မောင်ပေ တို့ အုပ်စု ဖြစ်ရမယ်…။

    • windtalker

      September 3, 2011 at 8:14 pm

      ကျုပ် က စမ်းရေ အေးအေးလေး ပဲ သောက်တာ အဘရဲ ့
      တပ်ကုန်းဘက်မှာ
      ဖက်ကုန်းတဲ့နေတဲ့
      ရှဲဘက် တစ်စု ပဲ ဖြစ်ရမယ်
      ဟီဟိ

  • MaMa

    September 3, 2011 at 7:35 pm

    ဆူးရေ- ခုခေတ်မှာတော့ တီဗွီတင်မကတော့ဘူး အောက်စက်တွေ၊ စလောင်းတွေပါ တောတွေကို ရောက်ကုန်ပြီ။ ဆိုင်ကယ်တွေဆိုလည်း တဖုံးဖုံးနဲ့ ဆူညံနေတာပဲ။ အဲ- ခုခေတ်သူများအိမ်ကို သွားဆက်ရတာ၊ အားကိုးရတာဆိုရင် တယ်လီဖုန်းတခုတော့ ရှိသေးတယ်။ သိပ်မပေါများသေးဘူး။

  • ဆူး

    September 3, 2011 at 8:06 pm

    အခုခေတ်မှာ အိမ်တိုင်း တီဗွိ ရှိနေကြပါတယ်။ အကာအရံ မရှိတဲ့ အိမ်တောင် တီဗွိနဲ့ နေနေကြတယ်။
    ကာလာ နဲ့ မတတ်နိုင်ရင် အဖြူအမဲကို ဘက်ထရီနဲ့ ကြည့်ကြတယ်။
    မနက် ဆို အားသွင်းဆိုင် ပြန်သွင်း.. အဲလိုနဲ့ တနေ့တာ အမောတွေ ဖြေလျော့နေကြတာပါ။

Leave a Reply