မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၃)

koyinSeptember 7, 20117min824
မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၃)


ချစ်ရပါသော မီးအိမ်ရှင်…။


မြေပြင်ပေါ်မှာသာ ငရဲရှိမယ်ဆိုရင်
အချစ်ကြောင့် ဝမ်းနည်းကြေကွဲနေတဲ့
နှလုံးသားတစ်ခုမှာပဲ ရှိလိမ့်မယ်..တဲ့
မင်းကို လွမ်းနေတာတစ်ခုပဲ ငါ သိလိုက်ရတယ် မီးအိမ်ရှင်…။

ကိုယ့်ခေါင်းကိုယ် ပြန်မစမ်းချင်တော့လောက်အောင်
မျက်ကန်းကို သန်းခေါင်မှာ လမ်းလျှောက်ခိုင်းခဲ့တဲ့မင်း
လူအတစ်ယောက်ရဲ့ အိမ်မက်ကို
သီချင်းအဖြစ် နားဆင်ချင်သေးတာလား မီးအိမ်ရှင်…။

ဟန်ဆောင်တယ်ဆိုတာ တစ်စုံတစ်ခုကို ဖုံးကွယ်ချင်လို့တဲ့
ဒီဇာတ်ရုပ်ကို မင်းမပိုင်သေးပါဘူး မီးအိမ်ရှင်
ငါ့ကို လိမ်ညာဖို့သက်သက် မုသားတွေ သုံးခဲ့ရတယ်ဆိုရင်
ငါ့ကိုယ်ငါ အပြစ်တွေ တင်နေမိလိမ့်မယ်….။

ဆောင်းတစ်ခုမှာ နားခိုခဲ့ဖူးတဲ့ နှင်းတစ်စက်လို
ငါ့ကို မင်း ဧည့်ဝတ်ကျေဖို့ ကြိုးစားခဲ့တာလာ…
မလိုအပ်ပါဘူး မီးအိမ်ရှင်…
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်လို
မင်းငါ့ကို လျစ်လျူရှုထားလို့လည်း ရတယ်လေ…။

ဥပေက္ခာကိုတော့ အလွဲသုံးစား မလုပ်ပါနဲ့ မီးအိမ်ရှင်
ခံစားချက်တွေ ရင်ပွင့်ထွက်လာတဲ့အခါ
မင်းတစ်ယောက်တည်း နာကျင်ရမှာ ငါစိုးရိမ်တယ်…။

တဖြည်းဖြည်း နာပြီးမှ ရုတ်တရက် ကျင်တက်သွားသလိုမျိုး
ညင်သာစွာ မွန်းနေခဲ့ပြီးမှ ဝုန်းဒိုင်းကြဲပြီး ကြပ်သွားတဲ့
အဲဒီလို နာကျင်မွန်းကြပ်မှုမျိုးနဲ့
ငါ့ကို နာနာကြည်းကြည်း အလဲထိုးပစ်လိုက်တာလား မီးအိမ်ရှင်…။

အပေါ်ယံအကာတွေကို ပြောင်းလဲပစ်လိုက်ရုံနဲ့
အတွင်းက အနှစ်သာရတွေ သစ်သွားမယ်လို့များ
မင်းစိတ်ထဲမှာ တွေးထင်နေခဲ့တာလား မီးအိမ်ရှင်…
ခံစားချက်ဆိုတာက ပေါ်ပင်မဟုတ်ဘူးလေ…။

မင်းရဲ့ တစ်ပတ်ရစ်နှလုံးသားမှာ
တစ်ချိန်က မြူမှုန်လေးတစ်မှုန် (ငါ) ကပ်ငြိဖူးတယ်ဆိုတာကို
မင်းရော ငါပါ ကိုယ်စီ သိခဲ့ကြတယ်လေ မီးအိမ်ရှင်…။

နဖူးပေါ်လက်တင်လိုက်ရုံနဲ့
အာရုံတွေ အမှောင်ဖုံးဖုံးသွားတာ ဘာကြောင့်လဲ
ငါ့နားထင်သွေးကြောတွေ ကြွတက်လာတာပဲ
ခံစားသိနဲ့ ငါသိလိုက်ရတယ် မီးအိမ်ရှင်…။

ပင်လယ်ရေက ဘယ်တော့ခမ်းမှာလဲ…တဲ့
နွေသောက်တဲ့ စမ်းက သောင်ထွန်းလို့
ဟိုဘက်ကမ်းကို ကူးဖို့ ကြိုးစားခဲ့တာလား မီးအိမ်ရှင်
ရေတိမ်မှာ နစ်ခဲ့လို့ ငါ့ကိုယ်ငါ ဆယ်ရခက်ခဲ့တာပါ….။

ကမ္ဘာတစ်ခြမ်းက လိပ်ပြာအတောင်ခတ်တာ
ဒီမှာဘက်ကမ်းမှာ မုန်တိုင်းတွေ တိုက်သတဲ့
အရာအားလုံး မင်းနဲ့ မသက်ဆိုင်ဘူးတဲ့လား မီးအိမ်ရှင်ရယ်
လေနှင်ရာလွင့်ပါခဲ့တဲ့ တိမ်တိုက်ကဘယ်ဆီကို ဦးတည်ရမှာလဲ…။
ငါလေ…
……………………။ ။


မီးအိမ်ရှင်နှင့် ပတ်သတ်သမျှ…
တောက ကိုရင်

4 comments

  • Shwe Ei

    September 7, 2011 at 10:28 am

    တောကကိုရင် ဘာလို့ကဗျာတွေချည်းတင်နေတာလဲ။ စာလေးဘာလေး ရေးပါအုံး။ ဖတ်စရာနည်းနေလို့။ (ကဗျာတွေလဲ ဖတ်လို့ကောင်းပါတယ်။)

    • koyin

      September 7, 2011 at 7:30 pm

      မရွှေအိရေ…
      ကိုရင်က ကဗျာပဲ ရေးတတ်တယ်ဗျ
      စာမရေးတတ်ဘူး.. တကယ်ပြောတာ
      ရေးထားတာတွေတော့ ရှိတယ်
      ပြန်ဖတ်ကြည့်တော့ သံခမောက်ဝယ်ရမယ့်အနေအထား
      ပိုက်ဆံမရှိသေးလို့ မတင်သေးတာလေ ..ဟီး
      ခုလို တောင်းဆိုပေးတဲ့အတွက် ကျေးဇူးပါ..
      မရွေအိအတွက် ကိုရင်ရေးထားတာလေး
      တင်ပေးပါ့မယ်…
      ပြီးရင် သံခမောက်တစ်လုံးတော့ လက်ဆောင်ပေးရမယ်နော်
      မရွှေအိ ပျော်ရွှင်ပါစေ…

  • yetazar

    September 7, 2011 at 12:26 pm

    ကိုရင်က ကဗျာအရေးကောင်းတာကိုးဗျ ။ ဒါပေမယ့်ကိုရင်ရေ ကိုရင်ကဗျာလေးတွေမှာ တိုင်းပြည်ကိုအကျိုးပြု နိုင်မယ့် ကဗျာလေးတွေလဲဖတ်ချင်သေးတယ် နော် ။ ကဗျာလဲရေးပါ ။ နောက်ထပ် သတင်းလေးတွေလဲရေးစေချင်ပါသေးတယ် ။ ကိုရင်အရေးအသားကောင်းကောင်းနဲ့တင်ပြလာမယ့် စာလေးတွေကိုမျှော်နေမယ်နော် ။

    • koyin

      September 7, 2011 at 7:27 pm

      ဟုတ်
      ကျေးဇူးပါ..ကိုရဲတေဇာ
      ဟုတ်..
      အဲဒါလည်း ရေးချင်ပါတယ်
      ရေးဖို့ကြိုးစားပါတယ်
      ဒါပေမယ့် ကိုရင်က အဲဘက်မှာ တကယ်ကို အားနည်တယ်ဗျ
      မရေးတတ်ဘူး..ဟီး
      တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်
      သတင်းလား…ဟီး
      ကိုရင်ရေးတတ်ဘူးဗျ…
      ရေးထားတာ သုံးပုဒ်တော့ရှိတယ်…
      လက်ခံကြမလား မသိဘူး
      ကိုရင် တင်ပေးလိုက်ပါ့မယ်
      ခုလိုတောင်းဆိုပေးတဲ့အတွက်လည်း
      ကျေးဇူးနော်
      ရဲတေဇာ ပျော်ရွှင်ပါစေ…

Leave a Reply