စတုတ္ထမဏ္ဍိုင်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး – ခင်မမမျိုး
နိဒါန်း
အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ THISDAY Newspaper Group ဆိုတဲ့ စာနယ်ဇင်းအဖွဲ့တဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ နိုက်ဂျီးရီးယား စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့စဉ်မှာကတည်းက တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး နှောင်းပိုင်းကာလတွေမှာလဲ ဒီမိုကရေစီစနစ်ရဲ့ အသက် သွေးကြောဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် (သတင်း၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍ) မှာ အင်အားတရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ရင်း (၂၀၀၁) ခုနှစ်မှာ Economic Intelligence Group ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ စီးပွားရေးပညာရှင်တွေဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒများကို စောင့်ကြည့်လေ့လာခြင်း၊ ထိရောက်မှုများကို တိုင်းတာသတ်မှတ်ခြင်း၊ အားနည်းချက်ရှိနေသော ကဏ္ဍများကို ဖော်ထုတ်ခြင်း၊ နိုင်ငံတော်မှ ဖော်ဆောင်နေသော မူဝါဒများနှင့် ပတ်သက်၍ ပြည်သူလူထု၏ အမြင်သဘောထားများကို လေ့လာတင်ပြခြင်း၊ ကမ္ဘာအရပ်ရပ်တွင် ကျင့်သုံးနေသော ထိရောက်သည့် မူဝါဒများကို သုံးသပ်တင်ပြခြင်းဖြင့် ပါလီမန်အတွင်းမှ နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအား ပညာပေးခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါတွေဟာ စတုတ္ထမဏ္ဍိုင် အင်အားစုတရပ်အနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်တွေကို ဖော်ဆောင် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
စတုတ္ထမဏ္ဍိုင်
သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်စတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်လေ့လာတည့်မတ်ပေးရတာဖြစ်တဲ့အတွက် စတုတ္ထမဏ္ဍိုင်ဆိုပြီး ဗြိတိသျှပါလီမန်အမတ် အက်ဒမန်ဗတ်(၁၇၂၉-၁၇၉၇)က တင်စားခေါ်ဝေါ်ခဲ့ရာက စတုတ္ထမဏ္ဍိုင်အဖြစ် အမည်တွင်လာခဲ့တာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ပြီး၊ ပညာရှင်များက လေ့လာဖော်ထုတ်ခဲ့ကြတဲ့ သီအိုရီသဘောတရားတွေမှာလဲ သီအိုရီကြီးလေးခုက ထင်ရှားကျော်ကြားလာခဲ့ပါတယ်။
သတင်းစာနယ်ဇင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ပညာရှင်များဖြစ်ကြတဲ့ Fred S. Siebert, Theodore Peterson. Wilbur Schramm တို့က ကမ္ဘာ့သတင်းစာနယ်ဇင်းလောကမှာ လည်ပတ်နေတဲ့ ယန္တရားတွေဟာ သီအိုရီလေးခုပေါ်မှာ အခြေခံနေတယ်လို့ ဆိုခဲ့ကြပါတယ်။ ပထမသီအိုရီကတော့ အမှန်တရားဆိုတာ ပညာရှိအချို့ရဲ့ ထုတ်ကုန်သာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပြီး၊ Renaissance နှောင်းပိုင်း ကာလတုန်းက ပေါ်ထွက်လာခဲ့တဲ့ Authoritarian theory ဖြစ်ပါတယ်။ ဒုတိယတမျိုးကတော့ စာနယ်ဇင်း သတင်းမီဒီယာဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ကူပေးရမယ် ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားတဲ့ Soviet Communist theory ဖြစ်ပါတယ်။
တတိယတမျိုးကတော့ တိုင်းသူပြည်သားတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ လိုအပ်သော သတင်းအချက်အလက်များ လုံလုံလောက်လောက် ရရှိနိုင်ရေးအတွက် မီဒီယာမှာ တာဝန်ရှိတယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံထားတဲ့ Social Responsibility Theory ဖြစ်ပါတယ်။ စတုတ္ထတမျိုးကတော့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အတိုင်းအဆမရှိ ဦးစားပေးရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားတဲ့ Libertarian Theory ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ သတင်းနဲ့စာနယ်ဇင်းလောကမှာ Social Responsibility Theory နဲ့ Libertarian Theory တွေက ပိုပြီးထင်ရှားလာပါတယ်။
ယူကေနိုင်ငံက ဘီဘီစီသတင်းဌာနနဲ့ အမေရိကန်ပြည်ထောင်စုက NPR သတင်းဌာနတွေဟာ အများပြည်သူရဲ့ အသုံးပြုကနေ ရရှိလာတဲ့ ဝင်ငွေပေါ်မှာ တည်မှီပြီး၊ ကြော်ငြာကဏ္ဍကို မှီခိုမှု နည်းပါးတာကြောင့် ပြည်သူလူထုအကျိုးစီးပွားကို ပိုမိုကိုယ်စားပြုနိုင်ပြီး၊ လုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုမှု လျော့နည်းခြင်း၊ ဖျော်ဖြေရေးကဏ္ဍသာမကပဲ ပညာပေးကဏ္ဍတွေကိုပါ ပူးတွဲအကောင်အထည်ဖော်ခြင်း၊ မီဒီယာကျင့်ဝတ်များကို လေးစားလိုက်နာခြင်း စတဲ့ သွင်ပြင်လက္ခဏာတွေ ရှိတဲ့အတွက် Social Responsibility Theory ကို အခြေခံထားတဲ့ သတင်းဌာနတွေအဖြစ် လေ့လာသုံးသပ်သူများက ဆိုကြပါတယ်။
နိုင်ငံရေးပညာရှင်တွေကတော့ ဒီသီအိုရီ ခွဲခြားမှုတွေဟာ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရာမှာ သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာလဲ authoritarian theory ကို အခြေခံထားရာမှ Social Responsibility Theory နဲ့ Libertarian Theory တွေကို အခြေခံအဖြစ် ကူးပြောင်းရမယ်ဆိုတဲ့ evolutionary mode of political development ကို အသုံးပြုထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီလိုတွေ့ရှိချက်တွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြားက ဆက်နွယ်မှုတွေကို ဖော်ထုတ်ပေးနိုင်တဲ့အတွက် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးအငြင်းပွားနေတဲ့ အမြင်နှစ်ရပ်ကို ပေါင်းစပ် ပေးပြီးသား ဖြစ်သွားပါတယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ the right of expression ဖြစ်တဲ့အတွက် နိုင်ငံရေးအခွင့်အရေး (political right) ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းရေး ဆိုတာကကျတော့ လူမှုရေးအခွင့်အရေး (social right) ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မူဝါဒ ချမှတ်သူတွေ အကြားမှာ နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုရေးအခွင့်အရေးတွေမှာ ဘာကို ပိုပြီး ဦးစားပေးသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိပါတယ်။
အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ (civil and political rights) ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် လူမှုအခွင့်အရေး၊ စီးပွားရေးအခွင့်အရေးများနဲ့ ယဉ်ကျေးမှုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးအတွက် empowerment လုပ်ပြီးသား ဖြစ်သွားတယ် လို့ အဆိုရှိကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မူဝါဒ ချမှတ်သူတွေကတော့ လွတ်လပ်စွာ ပြောကြားခွင့်၊ လွတ်လပ်စွာ စုဝေးလှုပ်ရှားခွင့် ဆိုတာ ဆာလောင်မွတ်သိပ်ပြီး၊ ဆင်းရဲနွမ်းပါးသူတွေ အတွက် အသုံးမဝင်နိုင်တဲ့ အတွက် ဘဝရှင်သန်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေကို ကိုယ်စားပြုတဲ့ လူမှုအခွင့်အရေးတွေကို ဦးစားပေးဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။
သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးရှုထောင့်ကနေ လေ့လာတွေ့ရှိချက်ဖြစ်တဲ့ evolutionary mode of political development ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြားက ဆက်နွယ်မှု တွေကို ဖော်ထုတ်ပေးပြီး ဒီလိုကွဲပြားနေတဲ့အမြင်နှစ်ရပ်ကို ပေါင်းစပ်ပေးပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဟာ အုပ်ချုပ်နေတဲ့အစိုးရက ကြိုးကိုင်ထားတာ ခံထားရတဲ့အခါ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အစိုးရကြိုးကိုင် မီဒီယာတွေ ဟာ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်း၊ အစိုးရဝါဒများကို ဖြန့်ချိပေးခြင်း စတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်လေ့လာ ထိန်းသိမ်း တည့်မတ်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိပါဘူး။
အစိုးရမူဝါဒတွေကိုလဲ လွတ်လပ်စွာ ဝေဖန်ခြင်း၊ အားနည်းချက်များ ထောက်ပြခြင်းတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခါမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အရေးကြီးတာဝန်တခုဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အရေးကြီးလှတဲ့ government watchdog တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ပြည်သူလူထုကိုလဲ သတင်းအချက်အလက်များအားလုံးကို ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ခြင်း မရှိသလို၊ ပြည်သူ့အမြင်များကိုလဲ လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် မရှိတဲ့အတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒနဲ့ လုပ်ငန်းဆောင်တာတွေဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးကျေးဇူး ဖြစ်ထွန်းခြင်း ရှိမရှိကို အကဲဖြတ်နိုင်မှာ မဟုတ်ပါဘူး။
သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိမှသာ ပြည်သူလူထုကို သတင်းအချက်အလက်များပေးခြင်းနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှု ရယူနိုင်ခြင်းများ တိုးမြင့်လာပြီး လူထုကို empower လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကနေ တဆင့် public marketplace ထဲကို အတွေးအခေါ်များ၊ အိုင်ဒီယာများ၊ အမြင်သဘောထားများ စီးဝင်လာစေတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) အားကောင်း လာစေရေး ကိုလဲ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒီလို ပွင့်လင်းမြင်သာမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေမှုတွေ ကနေတဆင့် Universal Declaration of Human Rights ရဲ့ Article 19 (Freedom of expression and information) ကိုလဲ ကာကွယ်စောင့်ရှောက်ပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုရေးအခွင့်အရေးဆိုတာ သီးခြားသတ်မှတ် ဦးစားပေးလို့ မရနိုင်ပဲ တပြိုင်နက်တည်း အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်တဲ့ အရာတွေဖြစ်ကြောင်း စတုတ္ထမဏ္ဍိုင်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အကြားက ဆက်နွယ်မှုတွေက မီးမောင်းထိုးပြခဲ့ပါတယ်။
စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍအား မြှင့်တင်ခြင်း
စတုတ္ထမဏ္ဍိုင်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အကြားမှာ ဆက်နွယ်မှုတွေရှိတာကြောင့် စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုလာစေနိုင်ပါတယ်။ ဒီလို စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဦးတည်ပြီး မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ ကို ပညာရှင်တွေက လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
(၁) သတင်းအချက်အလက်များပေးခြင်း
သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာ လူထုလူတန်းစားအလွှာအသီးသီးကို သတင်းအချက်အလက်များပေးနိုင်တဲ့ အထိရောက်ဆုံး ပြည်သူ့ဆက်ဆံရေး ယန္တရားဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ ဆင်းရဲနွမ်းပါးမှုအခြေအနေတွေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နိုင်ငံတော်က ဖော်ဆောင်နေတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို လူထုက သိရှိဖို့ လိုအပ်ပါတယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ဒီလိုမူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုသာမက မူဝါဒတွေရဲ့ လူထုအပေါ် အကျိုးသက်ရောက်မှုတွေ၊ အားသာချက်၊ အားနည်းချက် စတဲ့ သတင်းအချက်အလက်တွေကိုပါ အများပြည်သူထံ ပို့ဆောင်ပေးနိုင်ပါတယ်။
(၂) ပြည်သူ့အမြင်၊ ပြည်သူ့အသံများ ဆောင်ကျဉ်းပေးခြင်း
နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာ အများပြည်သူရဲ့ အမြင်တွေနဲ့ သဘောထားတွေကို မူဝါဒချမှတ်ထားသူများ၊ အကြံပေးများနဲ့ မူဝါဒအကောင်အထည်ဖော်ဆောင်နေသူများ သိရှိဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့ အမြင်သဘောထားတွေနဲ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုတဲ့ ပြည်သူ့အသံတွေကို စတုတ္ထမဏ္ဍိုင်က ဆောင်ကျဉ်းပေးနိုင်ပါတယ်။
(၃) Public Debate ပလက်ဖောင်း ဖန်တီးပေးခြင်း
အရေးကြီးတဲ့ ပြည်သူ့ရေးရာမူဝါဒတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ မူဝါဒရေးရာကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲတွေ၊ debate တွေ ပြုလုပ်တဲ့အခါ အများပြည်သူရဲ့ ဗဟုသုတတွေ၊ အတွေးအမြင်တွေ တိုးတက်လာစေနိုင်ပါတယ်။ အကြောင်းအရာတခုချင်းစီကိုလဲ ထဲထဲဝင်ဝင် ခြုံငုံသိရှိသွားစေနိုင်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဟာ ဒီလို public debate ပလက်ဖောင်းကို ဖန်တီးပေးနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Daily Star သတင်းစာမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပို့ကုန်သွင်းကုန် မူဝါဒများ၊ စွမ်းအင် မူဝါဒများနဲ့ ပတ်သက်ပြီး public debates များ ပြုလုပ်လေ့ရှိပါတယ်။ အဲဒီကနေ ပေါ်ထွက်လာတဲ့ ရလဒ်တွေကို စုစည်းပြီး နိုင်ငံရေးပါတီများနဲ့ အန်ဂျီအိုများကို အကြံပြုချက်များလဲ ပေးအပ်ပြီး public engagement ကို စတုတ္ထမဏ္ဍိုင်ကတဆင့် တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။
(၄) ပြည်သူ့ရေးရာဌာနများ၏ တာဝန်ခံမှု ရှိစေခြင်း
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်သူ့ရေးရာဌာနများရဲ့ တာဝန်ခံမှု (accountability) ရှိဖို့ အလွန် အရေးကြီးပါတယ်။ အဆိုပြုချက်တွေနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်တဲ့အခါ ဒီမူဝါဒတွေဟာ သင့်လျော်မှုရှိမရှိ၊ ထိရောက်မှုရှိမရှိ၊ စီမံချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ခြင်း ရှိမရှိ စတာတွေကို မီဒီယာနဲ့ သတင်းစာနယ်ဇင်းတွေက စောင့်ကြပ်ကြည့်ရှုနိုင်ပါတယ်။ အစိုးရအသုံးစရိတ်များရဲ့ မှန်ကန်တိကျမှုကိုလဲ ဆန်းစစ်လေ့လာနိုင်တာကြောင့် ဘဏ္ဍာငွေအလွဲသုံးစားပြုမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုလဲ တိုက်ဖျက်နိုင် ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် သတင်းနဲ့စာနယ်ဇင်းကဏ္ဍဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်စသော မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်လေ့လာတည့်မတ်ပေးရတဲ့ စတုတ္ထမဏ္ဍိုင်ကြီးဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၆၊ ၉၊ ၂၀၁၁)
ရည်ညွှန်းကိုးကားစာရင်း
Deane, J. (2005) “Why the Media Matters,” GFMD October 2005
Gregoire, L. (2005) “Why Development Needs Good Journalism,” WPFD
Hudock, A. (2003) “Hearing the Voices of the Poor: Encouraging Good Governance and Poverty Reduction through Media Support,” World Learning
Obaigbena, N. (2001) “ Role of the press in poverty reduction strategies (PRSP) Design and Implementation Process”, Africa Forum on Poverty Reduction Strategies, Dakar, Senegal, September 10-13, 2001.
Panos London (2005) “ What are the MDGs and why are they important?
www.panos.org.uk/extra/mdgs_index.asp
Panos London (2007) ‘The role of the media in boosting public awareness and debate of trade policy-making’, in WTO (2007) WTO Public Forum 2006: What WTO for the XXIst Century?, London
Siebert, F., Peterson, T., & Schramm, W. (1956) “Four theories of the press: The authoritarian, libertarian, social responsibility, and Soviet communist concepts of what the press should be and do”, Urbana: University of Illinois.