ကျွန်တော် ဆန်ပွဲရုံစာရေး
ရန်ကုန်သို့ရောက်ပြီး ၂ နှစ်ခန့်အကြာတွင်ဖြစ်ပါ၏။ ထိုစဉ်က ကျွန်တော်သည် နေ့စဉ် ဘီယာရီဝေဝေဖြင့် ဘဝကို ပေလယက်ကန်ဖြတ်သန်းနေချိန်လဲဖြစ်၏။
၁။ စက်ရုံသို့ ပုလင်းများသွင်းသော စော်ဘွားကြီးကုန်း ကုလားများ၏ လူယုံမှာ ကိုဝင်းဦးဆိုသော မြန်မာအမျိုးသားဖြစ်သည်။ ထိုသူမှာလည်း ဘီယာအတော်ကြိုက်တတ်သောသူ ဖြစ်သောကြောင့် ကျွန်တော်နှင့် အတော်ပင် ပလဲပနံသင့်လေသည်။ ပုလင်းကားတစ်စီးဆိုက်သည်နှင့် ပုလင်းများချနေချိန်တွင်လည်းကောင်း၊ ပုလင်းများ ရွေးချယ်စီစစ်နေစဉ်တွင်လည်းကောင်း ရောက်တတ်ရာရာ စကားများကို ပြောဆိုတတ်ကြလေသည်။ ထိုစဉ်က ကျွန်တော်သည်ကား အရွယ်အားဖြင့် ၁၉ နှစ်သာသာ ရှိသေးသော်လည်း ကိုဝင်းဦးမှာ အသက် ၂ရ အရွယ်တိုင်အောင် ရှိနေပြီဖြစ်သည့်အတွက် ၎င်းထံမှ အတွေ့အကြုံများကို နားထောင်ရုံသက်သက်သာဖြစ်သည်။
တစ်ရက်တွင်မတော့မူ ကျွန်တော်သည်လည်း ထိုစက်ရုံတွင် မဖြစ်စလောက်လစာလေးဖြင့် လုပ်ကိုင်နေရသည်ကို စိတ်ပျက်မိကြောင်းပြောရာမှ တစ်ဆင့် ကိုဝင်းဦးနှင့် အလုပ်အကြောင်းများ ဆက်စပ်မိလေသည်။ ဘော်တယ်ကုလားလောကသို့ ဝင်ရောက်ရန် မေးမြန်းကြည့်ရာ အခြေအနေမဟန်ကြောင်းနှင့် တစ်ခြားလုပ်ငန်းများအကြောင်း စုံစမ်းကြည့်ရာမှတစ်ဆင့် ဘုရင့်နောင်ရှိ ဆန်ပွဲရုံလောကကို စိတ်ဝင်တစား ရှိမိသည်။ ၎င်းပြောပြသော အသိပွဲရုံမှ စာရေးအဖြစ် အလုပ်ဝင်လျင် ယခုလက်ရှိလစာထက် ၂ ဆခန့်ရမည်ကတစ်ကြောင်း၊ ရှမ်း….. ဟူသော အမည်ကြောင့်လည်းကောင်း ကိုယ့်လူမျိုးအချင်းချင်းဟု ထင်မှတ်မိသည်က တစ်ကြောင်းကြောင့် အလုပ်သွားလျှောက်ခဲ့ရာ ချက်ချင်းပင် အလုပ်ခန့်ခြင်းခံရလေသည်။
ထို့အတွက်ကြောင့် ကျွန်တော်သည်ကား ဆန်အကြောင်း နကန်းတစ်လုံးမှမသိဘဲ ဆန်ပွဲရုံလောကသို့ ခြေစုံပစ် ဝင်ရောက်ခဲ့တော့သည်။
၂။ ထိုနေ့က နံနက် ရးဝဝ ခန့်ရောက်ရန် ကျွန်တော်သည် နံနက်(၅းဝ၀)ခန့်မှပင် နေထိုင်ရာ အစွန်အဖျားမြို့နယ်လေးမှတစ်ဆင့် အိပ်ယာကထပြီး သွားခဲ့ရသည်။ လက်တွင်တော့မူ စတီးရောင်ပင် မထွက်တော့သည့် ထမင်းချိုင့်လေးကိုကိုင်ကာ လိုင်းကား ၃ ဆင့်ခန့် တိုးဝှေ့စီးခဲ့ရသည်။ ရောက်ရောက်ခြင်း ဆိုင်တွင် ဆီးကြိုနေသည်ကား အသက်ကြီးသော်လည်း မပျက်စီးချင်ယောင် ဆောင်နေသည့် မိန်းမဝဝကြီးနှင့် ယှဉ်တွဲထိုင်နေသည့် ဗလတောင့်တောင့် ပုပုသေးသေး အဖိုးကြီးတို့သာ ဖြစ်သည့်အတွက် ဆိုင်ရှင်ဖြစ်ဟန်တူသော ရှမ်းအမျိုးသား၊ အမျိုးသမီး တစ်ဦးတစ်လေအား လိုက်လံရှာဖွေသော်လည်း မတွေ့ရပေ။ ထို့နောက်တွင်မှ ထို ပုံမကျ ပန်းမကျ လင်မယားသည်၊ ရှမ်းသွေးတစ်စိမှ မပါသော အနှီထိုလူသားနှစ်ယောက်သည် ရှမ်းညီနောင်ဟု အမည်တွင်သော ပွဲရုံပိုင်ရှင်များဟူသတတ်။ ဆရာခမ်းလိတ်မူကား မန္တလေးသာ ရောက်ခဲ့ဖူးသည့်အတွက် မန္တလေးရောက် သျှမ်းတစ်ယောက်ဟု ရေးခဲ့သော်လည်း ရန်ကုန်သို့သာ အရင်ရောက်ခဲ့ပါမူ ရန်ကုန်ရောက် သျှမ်းတစ်ယောက်ရဲ့ အဖြစ်ဟာ မလွယ်ပါလားဟု ရေးသားဖြစ်ခဲ့မည်ထင်၏။
ကျွန်တော် အလုပ်ကို စတင်စဉ်က ပွဲရုံတွင် စာရေးစုစုပေါင်း ၅ ယောက်ရှိ၏။ ဆန်ပွဲရုံဟုဆိုသော်ငြား ဆန်ကွဲကိုသာ လုပ်ကိုင်သော ပွဲရုံဖြစ်သည်။ လစဉ် ဓန Magazine မှ ဆန်ဈေးနှူန်းအကြောင်း အင်တာဗျူးလာလေ့ရှိရာ ရယ်ချင်ရက်ပက်ကျိဖြစ်ရ၏။ အဘယ်သို့များ ဆန်ဈေးနှူန်းအကြောင်း အင်တာဗျူးလေသနည်းဟု ဖြစ်သည်။ ပိုင်ရှင်များမှာ ခရမ်းမှဖြစ်သည်။ အဖွားကြီးမှာ မိဘများထံမှ အမွေအနှစ်ရသဖြင့် ဆန်ပွဲရုံကို ထူထောင်ထားခြင်းဖြစ်ပြီး အဓိကမောင်းနှင်နေသည်မှာ ၎င်းတို့၏သမီးသာဖြစ်သည်။ ထိုအမျိုးသမီးမှာကား အဖေဘက်က အမွေနှင့် အမေဘက်မှ အမွေ(အရပ်ပုပု၊ ကိုယ်လုံးလှလှနှင့်) အိမ်ထောင်ကျပြီးဖြစ်သည်။ အလျဉ်းသင့်သဖြင့်ပြောရလျင် အမျိုးသားမှာမူကား အရပ် ၆ပေကျော်ခန့်၊ ထောင်ထောင်မောင်းမောင်းကြီးဖြစ်သည်။
ဆန်ကွဲများကို အဓိက သုံးကြသည်မှာ မြန်မာ မုန့်လုပ်ငန်းများ၊ ဆန်ခေါက်ဆွဲလုပ်ငန်းများနှင့် ကြာဇံလုပ်ငန်းများသာ ဖြစ်တော့သည်။ အဓိက ဆန်သွင်းသူများမှာ မော်ကျွန်းမှ ကုန်သည်များသာဖြစ်သည်။ ဝယ်သူကြသူ အများစုမှာမူကား သျှမ်းပြည်မှ သျှမ်းခေါက်ဆွဲလုပ်ငန်းရှင်များနှင့် ရန်ကုန်မှ ကြာဇံလုပ်ငန်းရှင်များဖြစ်သည်။
ဆန်ကွဲများကို ၄ မျိုးခွဲခြားသတ်မှတ်ထားသည် ချော 1 (ဆန်ချော တစ်)၊ ချော 2 (ဆန်ချော နှစ်)၊ ချော 3 (ဆန်ချော သုံး) နှင့် ဖွဲများများပါသောဆန်ကွဲ (234)တို့ ဖြစ်ကြသည်။ ဆန်ကြမ်းမှာလည်း ထိနည်းလည်းကောင်းပင်ဖြစ်သည်။ အများအားဖြင့်သုံးသည်မှာ ဆန်ကြမ်းသာဖြစ်သည်။ နေ့စဉ် နံနက် ၅း၃ဝ ခန့်တွင် ဝါးတန်းဆိပ်ခံသို့သွားရောက်ကာ မိမိလိုချင်သည့် ဆန်ကွဲအမျိုးအစားနှင့် အိတ်အရေအတွက်ကို ကုန်သည်များထံမှ မှာယူရသည်။ နံနက် ၈းဝဝ ခန့်တွင်တော့မူ ပွဲရုံသို့ ကုန်ချသည့်ကားများ အသီးသီး တန်းစီစောင့်နေကြပြီဖြစ်သည့်အတွက် ဆိုင်ရှိအလုပ်သမား ၅ ယောက်ဖြင့် ချရလေသည်။ မနိုင်လျင်တော့မူ ဂန်ဘား (အငှားအလုပ်သမားများ) ဖြင့် ချရသည်။ ထိုအခါတွင်မတော့မူ လွန်စွာမှပင် သတိထားရလေသည်။ အငှားအလုပ်သမားများသာဖြစ်သည့်အတွက် ကားသမားနှင့်ညှိကာ လိုင်းပျောက် ကမာ ရိုက်တတ်ကြသည့်အတွက်ဖြစ်သည်။
လွန်စွာမှပင် ရှုပ်ထွေးသော ဘုရင့်နောင် လောက ဖြစ်ပေ၏။
(ဒုတိယအပိုင်းကို ဆက်ပါမည်။)
စိုင်းကွမ်းခေး
14 comments
MAUNG
September 11, 2011 at 7:46 am
အားပေး နေပါတယ် ။ ဆက်ရေးပါ ….
ကြောင်ကြီး
September 11, 2011 at 8:08 am
ဘဲထီးဂွတ်၊ ဘဲမဂွတ်။ ဒါနဲ့ ပွဲရုံကို အင်တာလာဗျူးတာ စစ်သူကြီး မဟာဗန္ဓုလ (ငယ်နာမည်မောင်ရစ်) ရဲ့ မြစ် နွယ်ပင်ဆိုတဲ့ ရွာသူလားဗျ..။
pooch
September 11, 2011 at 10:48 am
ဪ…. ရှုံးလူက ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးခဲ့တဲ့ လူငယ်တယောက်ဆိုတော့ ဇာတ်ဆရာ အလိုကျ ဘဝဇာတ်ခုံ အဖုံဖုံကို ကပြခဲ့လေတော့ အတွေ့အကြုံများကလည်း စိတ်ဝင်စားစရာပါလား။ ကိုယ်မသိသေးတဲ့ ဗဟုသုတများလည်း ရလေတော့ ဆက်ရေးပါအုန်းလို့ အားပေးနေပါတယ်။
မီးမီး သော်
September 11, 2011 at 12:39 pm
ဘုရင့်နောင်က ကိုလူလည်ပွဲစားတွေ အကြောင်းပါရေးပေးပါနော့ ကိုရှုူံးရေ။
hmee
September 11, 2011 at 2:49 pm
ရှုံး..လူရေ မမှီက ကိုယ့်ကိုကိုယ် ဘဝစုံလှပြီ ထင်တာ ဘယ့်နှယ့် ရှုံးလူက ဘဝ ပိုစုံပါလား။ 🙂
thit min
September 11, 2011 at 5:43 pm
ဒါဆိုရင်တော့…….
၁။ကျူရှင်သင်ဖူးသော
၂။ပွဲစားလုပ်ဖူးသော
၃။အရာရှိဖြစ်ဖူးသော
၄။လှေလိုက်ဖူး/လှေစာရေးလုပ်ဖူးသော
၅။အုန်းခြံစောင့်လုပ်ဖူးသော
၆။ပန်းရံလုပ်ဖူးသော
၇။လေးကောင်ဂျင်ဝိုင်းတွင်အလုပ်လုပ်ဖူးသော
၈။ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းလုပ်ဖူးသော
၉။ဂေါ့ဖ်ဆိုင်ဝန်ထမ်းလုပ်ဖူးသော
၁၀။ဘားတင်ဒါ(အရက်ဖျော်သမား)လုပ်ဖူးသော
၁၁။စားဖိုမှူးလုပ်ဖူးသော
၁၂။လေလံပွဲတာဝန်ခံလုပ်ဖူးသော
၁၃။ဘာသာပြန်ဆရာလုပ်ဖူးသော
၁၄။စကားပြန်လုပ်ဖူးသော
၁၅။ ကျောင်းဆရာလုပ်ဖူးသော
လူတယောက်၏စိတ်လှုပ်ရှားဖွယ်ရာ၊ပျင်းရိဖွယ်ရာ၊ပျော်ရွှင်ဖွယ်ရာ၊ဝမ်းနည်းဖွယ်ရာ၊
အားတက်ဖွယ်ရာ၊စိတ်ပျက်ဖွယ်ရာ၊စိတ်အေးဖွယ်ရာ၊ကြောက်လန့်ဖွယ်ရာ၊ခွင့်လွှတ်ဖွယ်ရာ၊အပြစ်တင်ဖွယ်ရာဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကိုရေးသားခြင်စိတ်များ”ကိုရှုံး”၏
ဆောင်းပါးကိုဖတ်ရင်းပေါ်ပေါက်လာပါကြောင်း။
MaMa
September 11, 2011 at 10:05 pm
စာမြည်းနဲ့တင် တော်တော်စိတ်ဝင်စားစရာ ကောင်းနေပြီ။
ဘယ်နေရာမဆို အခက်အခဲတွေဆိုတာ ရှိတတ်ကြတယ်။ အတွေ့အကြုံဆိုတာ အလကားရတာ မဟုတ်ဘူး။ ဘဝနဲ့ရင်းပြီးမှ ရတာမို့ အင်မတန်အဖိုးတန်တယ်။ ကိုယ့်ဘဝရဲ့ အတွေ့အကြုံလေးတွေကို မျှဝေနိုုင်မယ်ဆိုရင်တော့ ဖတ်ရတဲ့လူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရနိုင်တာမို့ ရေးသားစေလိုပါတယ်။
🙂
manawphyulay
September 11, 2011 at 6:12 pm
ခုပိုရှုပ်ထွေးနေတယ်ဗျို့… မနက် မနက်ဆို ကားလမ်းကြောပိတ်တာ လှည်းတန်းမီးပွိုင့်ထက်သာတယ်။ စိတ်ကိုညစ်ရောပဲ….
ဆူး
September 11, 2011 at 8:29 pm
ဆန်ပွဲရုံ နဲ့ ပတ်သတ်တဲ့ ဗဟုသုတ ပါအောင် ထည့်ရေးပေးပါအုန်း။
padonmar
September 11, 2011 at 9:12 pm
ရှုံးလူရေ၊စိတ်မဆိုးရင် အကြံလေးပေးမယ်နော်၊
ပွဲရုံနာမည်လေးတော့ ပြောင်းထည့်လိုက်ပါလား၊ဆရာခမ်းလိတ်သီချင်းလည်းပါချင်ရင် အခြားနီးစပ်တဲ့နာမည်ပေးလို့ရတယ်လေ၊
ရှူံးနိမ့်မှုများနဲ့.. လူ
September 11, 2011 at 9:27 pm
ဟုတ်ကဲ့ပါ.. ကျွန်တော်ပြောင်းလိုက်ပါ့မယ်
ခုလိုအကြံပေးတာ ကျေးဇူးတင်ပါတယ်။
padonmar
September 11, 2011 at 9:15 pm
ကိုသစ်မင်းစာလည်းစောင့်ဖတ်ပါမယ်၊အမြည်းနဲ့တင်စိတ်ဝင်စားနေပြီ
padonmar
September 11, 2011 at 9:38 pm
အများအားဖြင့် ဆန်ကွဲကို Extra, ဝမ်းဆန်လတ်၊ ဝမ်းတူး၊ တူးသရီးဖိုး ၊ဖိုက်စစ်၊ဖွဲနု၊ဖွဲကြမ်း လို့ သုံးတတ်ကြတယ်၊
ရှုံးလူတို့ ပွဲရုံက ကိုယ့်အခေါ်အဝေါ်နဲ့ကိုယ်သုံးရင်တော့ တစ်မျိုးပေါ့၊
ရှူံးနိမ့်မှုများနဲ့.. လူ
September 11, 2011 at 9:46 pm
ဒါက နည်းစနစ်တကျ ခေါ်ဝေါ်တာဖြစ်ပါလိမ့်မယ်ခင်ဗျာ။ ကျွန်တော်ကတော့ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ နယ်နိမိတ်ကျဉ်းကျဉ်းလေးအကြောင်းကိုသာ ပုံရိပ်ဖော်ရေးသားပြခြင်းဖြစ်သောကြောင့် အနည်းငယ်လွဲချော်မှုများလည်းရှိနိုင်ပါကြောင်းနှင့် တတ်သိနားလည်သူများမှ ယခုလို ဝင်ရောက်ထောက်ပြ ရေးသားကြလျင်ဖြင့် ဖတ်ရှုသူများ အကြားအမြင် ဗဟုသုတ တိုးလာဖွယ်ရာ မြင်မိပါကြောင်း….