သွားရင်းလာရင်း ကြုံရတာလေးပါ…
ဟိုတလောက မြေနီကုန်းကနေ လှည်းတန်းကို ပြန်လာတော့ ၄၈ အထူးကားကို အဆင်သင့်တွေ့လိုက်တာနဲ့ပဲ တက်စီးလိုက်တယ်။
တက်ပြီးခါမှ ခုံမှရှိရဲ့လားလို့ စိတ်ပူသွားမိသေးတယ်။ ခုံရှိလားဆိုတော့ စပယ်ယာက ရှေ့မှာရှိတယ်ဆိုပြီး လူကြီးတစ်ယောက်က ဘေးတိုးပေးတယ်။ ဒရိုင်ဘာနောက်ဘက်ကပ်ရပ် သုံးယောက်ခုံမှ ဝင်ထိုင်လိုက်တယ်။ ရှေ့ကိုလည်း မြင်နေရတာပေါ့။
ဟံသာဝတီအဝိုင်းကိုရောက်တော့ ယာဉ်ထိန်းရဲတစ်ယောက်က တားတယ်။ စပယ်ယာက ပိုက်ဆံကို လက်ထဲထည့်ပေးလိုက်တယ်။
(အဲဒါကို ကျွန်မ နားမလည်တာ အတော်ကြာပြီ။ တွေ့တွေ့နေရတယ်။ ခဏခဏပဲ။ ဘာအတွက်ပေးတာလဲပေါ့။ အပြစ်တစ်ခုခုရှိလို့ လာဘ်ထိုးတဲ့ သဘောလားလို့ တွေ့းမိတယ်။ ဘယ်သူ့ကိုမှလည်း မမေးဖြစ်ဘူး။)
အခုလည်း အဲဒီလိုတွေ့တော့ ကျွန်မလည်း စဉ်းစားမိပြန်ရော။ ဘာအပြစ်ရှိလို့လဲပေါ့။
အဲဒီအချိန်မှာပဲ နောက်စပယ်ယာတစ်ယောက်က ပိုက်ဆံပေးလိုက်တဲ့သူကို မေးလိုက်တယ်။ ဘာလို့ တားတာလဲတဲ့။ ဟိုက ပြန်မဖြေဘူး။ သူလည်း သိပုံမပေါ်ဘူး။ နားမလည်သလိုနဲ့ ဟင် လို့ပြန်ပြောတယ်။
မေးတဲ့သူက ထိုင်ခုံအပြည့်ပဲတင်တယ်။ မတ်တပ်ရပ်တဲ့သူမရှိဘူး။ ကားတံခါးလည်းပိတ်ထားတယ်။ ဘာလို့ တားတာလဲတဲ့။
ဟိုတစ်ယောက်က မသိဘူးလေ။ သူကတားတော့ ငါလည်း ပေးလိုက်တာပေါ့တဲ့။
အဲဒီမှာ ဒရိုင်ဘာက ထပြောရော။ ဘယ်လောက်ပေးလိုက်လဲတဲ့။ ၁၀၀ဝ ပေးလိုက်တယ်တဲ့။ ကျွန်မတောင် အံ့ဩသွားတယ်။ ကျွန်မစိတ်ထင် ၂၀ဝ လောက်လို့ ထင်တာလေ။
အဲဒီမှာ ဒရိုင်ဘာက စိတ်ဆိုးပါလေရော။ ၁၀၀ဝ ဆိုတာ နည်းလား။ ငါတို့အခုချိန်အထိတောင် လက်ထဲမှာ ဘယ်လောက်ကိုင်မိလို့လဲ။ ဘာမှန်းညာမှန်းမသိတာကို ၁၀၀ဝ တောင်ပေးစရာလား။ အမှားလုပ်မိလည်းပေး၊ မလုပ်မိလည်းပေးနဲ့။ ငါတို့ အမှားရှိတော့ရော သူတို့က ခွင့်လွှတ်ပေးလို့လား။ ဟိုရက်ကတင် ၅၀၀၀ဝ ဆောင်ပြီးပြီ။ မင်းက မမေးဘဲနဲ့ ပေးလိုက်စရာလား.. ဘာလားဆိုပြီး သူ့စပယ်ယာကို ဆူပါလေရော။
ကျွန်မလည်း အဲဒီကိစ္စကို စိတ်ထဲမှာ ဘဝင်သိပ်မကျဘူး။ အခုခေတ်မှာ အဲဒီလိုပဲ ဖြစ်နေကြတယ်ထင်တယ်။ လက်ဖက်ရည်ဖိုးဆိုတာကို အရမ်းမုန်းတာပဲ။
ရှိသေးတယ်။ ဆေးရုံကြီးသွားရင်။ အရမ်းကို စိတ်တိုရတာပဲ။ ၂00 ဆိုတာ အများကြီး မဟုတ်ပေမယ့် သူတို့က ကလိန်ကကျစ်ကျပြီးတောင်းတာ။
ရှေ့က ဝင်ပေါက်ကြီးမှာ ဝင်မယ်လုပ်တော့ အပေါက်ကျဉ်းကျဉ်းလေးကို ပိတ်ပြီးထိုင်ထားတယ်။ ဘယ်သွားမလို့လဲတဲ့။ သွားချင်တဲ့အဆောင်ကိုပြောတော့ ဧည့်တွေ့ချိန်မဟုတ်လို့ ဝင်လို့မရဘူးတဲ့။ ကဲ. မဝင်ဘူး။ ဧည့်တွေ့ချိန်မှ ဝင်မယ်ဆိုတော့.. လက်ဖက်ရည်ဖိုးလေးပေးလိုက်ပါတဲ့။ ဘေးကတစ်ယောက်က ဝင်ပြောတယ်။ ကျွန်မလည်း ဘာစကားမှ ထပ်မပြောချင်တော့တာနဲ့ပဲ အော်အော်.. ဆိုပြီး ၂00 ထုတ်ပေးခဲ့တယ်။ လူကြည့်တော့လည်း မူးနေသေးတယ်…။
အဲလိုမျိုးက တစ်ဆောင်တည်းမဟုတ်ဘူး။ တောင်းစားချင်ရင်လည်း ပြောင်တောင်းစားတာမဟုတ်ဘူး။ ဒီလိုနေရာမျိုးမှာ မလိမ့်တပတ်နဲ့.. သွားတဲ့သူတိုင်းဆီက အဲဒါနဲ့ ပတ်သက်ပြီး ကြားရတယ်..
တစ်ခါတစ်လေတော့လည်း ရုံးထဲမှာပဲ နေနေရပြီး ဘယ်မှ မသွားရ၊ ဘယ်သူ့ကိုမှ မျက်နှာချိုမသွေးရတဲ့ ဘဝလေးကို ကျေနပ်မိပါရဲ့…။ ကျွန်မသာ ရုံးပိုင်းဆိုင်ရာတွေနဲ့ ဆက်ဆံရလို့ကတော့ ဘာအလုပ်မှကို ဖြစ်မှာ မဟုတ်ပါဘူးရှင်…
9 comments
မီးမီး သော်
September 11, 2011 at 6:00 pm
အော် ဆေးရုံတွေမှာ ဒီကိစ္စမျိုးတွေမရှိတော့ဖို ့ဆုတောင်းပါတယ်။ဆေးရုံတော့ ဘယ်သူမှ အကြောင်းမဲ့ ပြဿနာရှာဖို ့လာမယ်မထင်ပါဘူး။
thit min
September 11, 2011 at 6:09 pm
အဲဒီဂွင်တွေများတာဆေးရုံတွေမှာပလေ။ဲ
ဖြန့်လိုက်တဲ့လက်တွေ…လက်ခဏာဟောဆရာ
..”လက်တွေ”မြင်ဘူးတယ်ဆိုတာသနားတယ်
naywoonni
September 11, 2011 at 6:31 pm
လက်ဖဝါးဖြန့်ရင် လျှက်ဆားရမယ်…။ လာဖြန့်ရဲရင်ဖြန့်ကြည့်……. ဒါပဲ..။
MaMa
September 11, 2011 at 7:32 pm
မွန်မွန်ရေ ရောဂါတွေ တူနေပြီ။ တံခါးစောင့်တဲ့လူ၊ တံမြက်စည်းလှည်းတဲ့လူ သူ့နေရာနဲ့သူတော့ ဘုရင်တွေချည်းပဲ။ သူတလူ ငါတမင်း တွေနဲ့ ဆက်ဆံနေရတာ စိတ်ဓာတ်ပျက်ပြားတယ်။ 🙁
padonmar
September 11, 2011 at 9:49 pm
တိုင်းပြည်မှာ အဲဒီလိုလူတွေများရင် သူတောင်းစားတိုင်းပြည်ဖြစ်သွားမှာပေါ့၊
government service ဆိုတာ ပြည်သူ့ဝန်ထမ်းဆိုတဲ့နာမည်လည်းပျောက် ၊စိတ်ကလည်း ပုံမှန်အလုပ်လုပ်လို့လစာရနေတာ မထင်တော့တဲ့အပြင်
အဲဒီလို tip money ဟာ သဒ္ဓါကြေးမဟုတ်တော့ဘဲ ဒါပေးမှလုပ်မယ်မပေးရင် ညစ်မယ် ဆိုတဲ့ အခြေအနေတွေဖြစ်နေပါတယ်။
Clean governance ဆိုတာ အကောင်အထည်ပေါ်လာရင်တော့ ဒါတွေပျောက်ရမှာပေါ့၊
အဲဒီတော့ မျှော် လို့သာပြောရပါတော့မယ်။
ကြောင်ကြီး
September 12, 2011 at 9:19 am
သူများကိုပဲပြောနေ၊ ကိုယ့်ပွိုင့်ကိုလည်း ပြန်စစ်အုံး။ အခုနောက်ပိုင်း ဂေဇက်ရွာထဲဝင်ရင် ရထားတဲ့ပွိုင့် အဖြတ်ခံနေရတာကြတော့ ဘာလုပ်မလဲ။ လူတွေက ခက်တယ်၊ မမြင်ရင် ဘာမှမဖြစ်ဘူး၊ မြင်လိုက်ရင် အပြစ်ပြောတော့တာပဲ။
moethidasoe
September 12, 2011 at 1:21 pm
နောက်ဆုံးတော့ ငါ့ဝမ်းပူဆာ မနေသာလို့ တောင်းရတယ် ဆိုတာ ဖြစ်လာပြန်ရော
တချို့ကတော့ ဝမ်းပူဆာထက် မိန်းမ ထမီဖိုးအထိ ပါလာရော
တချို့က အငယ်မအတွက် ပါ ပါလာရော
ဝမ်းပူဆာတဲ့လူကတော့ ပြောမယ် ဌာနက ပေးတာ ၃၀၀၀ဝ ထဲရယ် တစ်ရက်မှ ၁၀၀ဝ ပဲ သုံးခွင့်ရတာ အိမ်မှာက မိန်းမ တစ်ယောက် ကလေး ၃ ယောက် ပေါင်း ၅ ယောက်ရှိတယ်
မနက် အဆာပြေက ၁၀ဝ ဖိုးစီ လို့ ပြောရင် (ဘာမှတော့ ရမှာ မဟုတ်ဘူး တွက်ကြည့်တာနော်) ၅၀ဝ
နေ့လည်စာကို တွက်ကြည့်ရင် ၂၅ဝ ဖိုးစီ ဆိုရင် ၁၂၅၀၊ ညစာလဲ ဒီလောက်ပဲ တွက်ပါဦး ၁၂၅ဝ .. ကလေးကျောင်းစရိတ် မပါသေးဘူး .. ရုံးတက်တဲ့ ခရီးစရိတ် မပါသေးဘူး .. တရက် ၃၀၀ဝ ဖြစ်နေပြီ
ဒီတော့ ဘာလုပ်ရမှာလဲ အဲဒီ ၂၀၀ဝ ရဖို့ လုပ်ငန်းခွင်မှာ ဂွင်ဖန်ရမှာပေါ့ ..
ဆေးရုံစောင့်တင် မကပါဘူး .. တလ ၃၀၀၀ဝ ပဲ ရတဲ့ အခြေခံဝန်ထမ်းအားလုံး တွက်ကြည့်ပေါ့ တစ်နိုင်ငံလုံး ဒီနည်းနဲ့ပဲ စားနေရတာ
၁၀၀၀၀ဝ ရတဲ့ ဆရာဝန်တွေရော ဘာလုပ်ရမလဲ .. တစ်ရက်မှ ၃၃၀ဝ ပဲ ရတာ .. သူလဲ ကျားကြီး ခြေရာကြီးတော့ သူကလဲ ဆေးခန်းထိုင် ရတာပေါ့ .. သူက ပညာနဲ့ လုပ်စားလို့ ရသေးတယ်လေ
မီးပွိုင့်က ရဲတွေ တောင်းတာလဲ မပြောနဲ့ သူတို့ ရတာ ၄၅၀၀ဝ လားပဲ ရှိတာ ..
ရသင့်တာထက် ပိုရတော့ ပို လိုချင်လာတာနဲ့ပဲ အားလုံး ဒီစခန်းကို ရောက်နေကျတာပါ
နောက်ဆုံး သတ္တု ချလိုက်တော့ စိုက်ထုတ်ရတဲ့ အား .. ပြန်ရတဲ့ ငွေ မမျှလို့ ဂွင်အမျိုးမျိုး ဆင်ကြတာ ရှိသလို
သူတို့တွေ ဒီလို နေ စား ဝတ် ကြတယ် ငါလဲ အဲဒီလို နေ စား ဝတ် နိုင်ဖို့ လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်တွေ
များလာကြလို့ ..
ဒီလောက်ပဲ ရေးပါရစေ
နိုင်ငံခြားမှာ ဒါတွေ ဘာလို့ မရှိသလဲ .. ရတဲ့ငွေကို သုံးတာတောင် မကုန်နိုင်လို့ ဒါတွေ မရှိတာ
မလောက်တဲ့ နိုင်ငံတိုင်းမှာတော့ ရှိနေမှာပါ
etone
September 12, 2011 at 3:06 pm
အဲ့ဒါ ကုလားတွေတောင်းတာပါ …. ။ အပေါက်စောင့်ကုလားတွေ ဧည့်ဝင်ချိန်မဟုတ်လျှင် ဒီလိုပဲ အကြံဖန်လုပ်ပြီးတောင်းတယ် … လာတဲ့လူရဲ့ ရုပ်ပေါ်မူတည်ပြီး .. နှစ်ရာကနေ … ထောင်ဂဏန်းထိတောင်းတာ ကြုံဖူးတယ် .. အချဉ်လေးတွေ မအူမလည်ပုံလေးတွေဆို တစ်ယောက် တစ်ထောင်လာထားပဲ … မျက်မြင်တွေ့ဖူးတယ်… ။ 🙂
ကျွန်မကတော့ …ဆေးရုံကြီးသွားလျှင် ဝင်ပေါက်ကားခလည်း မပေးပါဘူး …. ။ Taxiကို ဒီအတိုင်း မောင်းခိုင်းလိုက်တာပဲ .. (အကျင့်ပုတ်တာ.. 😛 ) ဝင်ပေါက်အတက်ဆင်းလည်း မပေးပါဘူး ….(စေတနာမရှိလို့ ) ။ ဆေးရုံသွားလျှင် အကျီ င်္ နဲ့ ထမိန် လုံလုံခြုံခြုံ ဝတ်တတ်လို့ …. ဟောက်ဆာဂျင်အမှတ်နဲ့ … (ပုံမှားရိုက်တာ 😛 ) ဂိတ်ပေါက်ဝက ပိုက်ဆံမတောင်းဘူး .. ဝင်ပေါက်က ကုလားတွေကလည်း (နဂိုရုပ်)မျက်နှာကြောတင်းတင်းနဲ့… ဝင်လာတဲ့ ကျွန်မကို ဘာမှန်းမသိပဲ မတောင်းရဲဘူး .. ဟိဟိ ..ရယ်ရတယ်… 🙄 တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ ဆေးရုံကြီးက အပေါက်စောင့်ကို ပိုက်ဆံပေးမဝင်ဖူးဘူး … ။
အဲ့ဒီကုလားတွေ အရမ်းကို လွန်လွန်းတယ် … လူနာရှင်တွေဆီက ဆေးဖိုး တို့ … ဆေးဝယ်ပေးမယ်ဆိုတာမျိုးတွေနဲ့ အကြံဖန်အရမ်းလုပ်တယ် … ။တိုင်လျှင်လည်း စားခွက်ပျောက်သွားမှာရယ်… သူတို့ကိုမှီခိုနေတဲ့ မိသားစုရှိတာရယ်ကြောင့် မတိုင်ဖြစ်ဘူး … ။ ပါးစပ်ထဲရှိတာလျှောက်ပြောတောင်းတယ် … မေ့ဆေးဆရာဝန်ကိုပေးရမယ် ဘာညာနဲ့ လိမ်တောင်းတယ်
… တကယ်တမ်း အစိုးရဆေးရုံမှာ ဘယ်ဆရာဝန်က ခွဲပေးလို့ ဘယ်လောက်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိသလို … ဘယ်သူကမှလည်း ငါခွဲပေးတာမို့လို့ … ဒီကေ့စ်အတွက် ပိုက်ဆံဘယ်လောက်ပေးပါဆိုတာမျိုး မတောင်းဘူး… ဆရာဝန်ကြီးတွေတင်မဟုတ်ပါဘူး … လက်ထောက်ဆရာဝန်တွေ ၊ ဟောက်ဆာဂျင်လေးတွေ ၊နပ်စ်တွေကအစ မတောင်းဘူး … ကိုယ်က ကျေးဇူးတင်လို့ ပေးလျှင်တောင် …. မယူရဲကြဘူး …။ နပ်စ်ငှားတဲ့ ကိစ္စကတော့ သူတို့ အလုပ်ချိန်ပြင်ပနားလည်မှူနဲ့ လုပ်ပေးတာမျိုးမို့ … အဲ့ဒါက သတ်သတ်ပါ … ။ ကိုယ်သုံးမဲ့ ပစ္စည်း ၊ဆေးကတော့ ဝယ်ပေးရတယ် … ။ အဲ့ဒီအခါ ကိုယ်တိုင်ဆင်းဝယ်တာ အကောင်းဆုံးပါ … ကုလားသာဝယ်ခိုင်းလို့ကတော့ … ပိုဝယ်လာတာနဲ့.. လမ်းမှာဆေးမှောက်ကျသွားတယ်ပြောတာနဲ့ … အကြံဖန်ချည်းပဲ … ။ သူတို့ကို တခါတခါ သနားလို့ မုန့်ဖိုးပေးတာကလွဲရင် …အ ဲ့ဒီလို သူများပိုက်ဆံ လိမ်တောင်းတာ … အရမ်းမုန်းတယ် … ။ ( သူတို့ဝင်ငွေက တစ်လတစ်လ ကျွန်မတို့လစာထက်တောင် များမယ်ထင်ပါရဲ့ 😛 )
cobra
September 12, 2011 at 3:51 pm
ဒါ….ဒို့မြန်မာနိုင်ငံတော်လေ…
ဘယ်သူကစတီထွင်သွားလဲမသိပါဘူး။
အခုအချိန်ထိတွင်ကျယ်စွာကျင့်သုံးနေတုန်းပဲ…။