ခင်သာဇာတိ မောင်သာဂိ(၆)
အခန်း(၆) ဗြဟ္မစိုရ် သာဂိ
လင်းကြက်တို့တွန်နေပြီဖြစ်၏။ အရောင်းအဝယ်ကိစ္စဖြင့် မြို့သို့တက်ကြမည့်နွားလှည်းသံများသည်လည်း ကြားနေရပြီဖြစ်သလို သစ်ခုတ်ဝါးခုတ်ရန်အတွက် တောသို့သွားကြမည့်ရွာနီးချုပ်စပ်မှ လှည်းသံများ လူသံများကိုလည်းကြားနေရချေပြီ။ ၎င်းအသံများသည် နေ့စဉ်စောစောထလေ့ရှိသော သာဂိအဖို့
မထူးဆန်းတော့ချေ။ နေ့တဓူဝလှုပ်ရှားသွားလာပြီး နွမ်းကာမအေးရသည့် ဝမ်းစာရေးအတွက် လမ်းတကာပြေးနေရခြင်းသည်ပင် ခင်သာရွာကလေး၏ အကြီးကျယ်ဆုံးသော ဘဝတိုက်ပွဲများ မဟုတ်ပါလော။ထို့ထက်ကြီးမားသောတိုက်ပွဲမရှိတော့။မိမိအတွက်အလွန်တရာတန်ဖိုးကြီးမားသည့်ရတနာ
အိုးကြီးသဖွယ် တန်ဖိုးထား၍ အလွန်တရာမှ ထူးခြားသော အကြောင်းအရာများကိုပြောဆိုတတ်သော အဘချိုအား သက်ဆုံးတိုင် ချဉ်းကပ်ခစားတော့မည်ဟုဆုံးဖြတ်ထားခဲ့သည်။ဆုံးဖြတ်ထားသည့်အတိုင်းလည်း မိမိ၏ဆန္ဒအတိုင်း သက်ဆုံးတိုင် ဆည်းကပ်ခွင်ရခဲ့သည်မဟုတ်ပါလော။ ဆည်းကပ်ခွင့်ရလိုက်ပါသည်။ သို့သော် ဘာရယ်ကြောင့်မသိ အဘချိုလဲကျသွားသည်။
အလွန်တရာမှစိတ်ပူလှသည်ဖြစ်၍ စိုးရိမ်တကြီးဖြင့် လျှင်မြန်စွာပြေးပွေ့ထားလိုက်သည်။ အဘချိုကို သက်ကြီးရွယ်အို အထီးကျန် ရောဂါသည်တယောက်အနေနှင့် စိုးရိမ် ပူပန်မှုများရှိခဲ့သည်။ တကယ်ဘဲ အဘချိုကို သက်ဆုံးတိုင်ဆည်းကပ်လိုက်ပါသည်။ သို့သော် အခုတော့ တန်ဖိုးရှိသောအရာဝတ္ထုတခု ဆုံးရှုံးမှာကို စိုးရိမ်သကဲ့သို့ပါဖြစ်လာသည်။ အဘချိုပြောထားခဲ့သည် မီးစာကုန်ဆီခမ်း ဆိုသည့်စကားလုံးကလည်း မိမိအတွက် သံဝေဂရစေခဲ့သည်။ အဘချိုများတခုခုဖြစ်သွားရင်တော့ဆိုတဲ့ စိတ်ကလည်းဖိစီးနေသည်။ အဘချိုကို ပွေ့ဖက်လှုပ်ရမ်းကြည့်သည်။ အဘချို အဘချို ဟု နာမည်ကိုပါခေါ်ကြည့်သည့်။ အဘချိုကသူ့ကိုစိုက်ကြည့်နေသည် ဟုသူထင်သည်။ ဘာလုပ်ပေးရမလဲ ဘာလိုလဲ စသည်မေးကြည့်ပါသေးသည်။ သို့သော် အဘချိုသူ့ကို စိုက်ကြည်နေခြင်းမဟုတ်ကြောင်းကို ရွာသားများအားလုံးကို ခေါ်ပြပြီးမှသိလိုက်ရသည်။ ထို့နောက်ရွာသားအချို့ကပိုင်ရှင်မရှိသော အလောင်းကို ချက်ချင်း မြေမြှုပ်ပြစ် ဖို့ပြောကြသည်။ သာဂိကလက်မခံ။ အဘချို၏တန်ဖိုးကို သာဂိနားလည်သည်။ အဘချိုသည်လောကအတွက်သူလုပ်နိုင်သလောက်လုပ်ခဲ့သည်။ သူလုပ်၍ မပြီးဆုံးသေးသော လောကအကျိုးကို ဆက်လက်လုပ်ဆောင်ရန် မျိုးဆက်ချထားခဲ့သည်။ ၎င်းမျိုးဆက်သည် မိမိကိုယ်တိုင်ပင် မဟုတ်ပါလော။အဘချိုသည် ပညာတတ်သည်။ တတ်သည့်အတိုင်းလည်း ကျင့်ကြံနေထိုင်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ အဘချိုသည် လူသားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လူနဲ့တူသော သဂြိုဟ်ထောက်ပံ့မှုကိုပြုပေးသင့်သည်။ လမ်းဘေး၌ ပစ်စလက်ခတ် သေနေသော ကြွက်တစ်ကောင် ကိုလွှင့်ပြစ်သကဲ့သို့လွှင့်ပြစ်မည်ကို မလိုလား။ ထို့ကြောင့် အဘချိုကိစ္စအတွက်ကျနော်ကပဲ အစစအရာရာ တာဝန်ယူပြီးပြုလုပ်သွားပါမယ်၊ ဝိုင်းလုပ်လိုက လုပ်နိုင်ပါတယ် မလုပ်လိုကလဲ မလုပ်ဘဲနေနိုင်ပါတယ်၊ ပြီးတော့ လေကန်ရေး ဝေဘန်ရေးများလည်း ခပ်ဝေးဝေးမှာပဲ နေပေးကြပါ ဟုရွာသား အားလုံးကို ပြောလိုက်ပါသည်။ သာဂိက ထိုသို့ပြောလိုက်ခြင်းကို သဘောကျသည့်လူများရှိသလို သဘောမကျ မကျေနပ်နိုင်သူများလည်းရှိသည်။ ထိုမကျေနပ်နိုင်သူများထဲတွင် ရွာလူကြီး ဦးမြင့်အောင် ခေါ် ယောက်မကြီးဆိုသူကအဆိုးဆုံးဖြစ်သည်။ ရွာလူကြီး၏အမည်ရင်းမှာ ဦးမြင့်အောင် ဆိုသော်လည်း နေရာတကာတွင်ဝင်ရှုပ်ပြီး ပြဿနာတစုံတရာဖြစ်အောင် ဖန်တီး မွှေနှောက်တတ်သောကြောင့် ယောက်မကြီး ဟုအမည်တွင်နေခြင်းဖြစ်သည်။ ရွာလူကြီးဖြစ်နေခြင်းမှာလည်း အရည်အချင်းရှိလွန်း၍ မဟုတ်။ မြို့မှပလိပ်များလာသောအခါတွင် ဖားရားပေါင်းသင်းဆက်ဆံတတ်သောကြောင့်လည်းကောင်း၊ အလုပ်ကို တန်ဖိုးထားမြတ်နိုးလုပ်ကိုင်တတ်သောရွာသားများသည် အလုပ်မှတပါး အခြားအရာများကို စိတ်မဝင်စား ရေသာခိုအချောင်လိုက်၍စားသောက်ခြင်း ဟုခံယူပြီး ရှောင်ကျဉ်ကြသောကြောင့် လည်းကောင်း၊ အလုပ်ကိုမယ်မယ်ရရလုပ်မစားချင်သော ယောက်မကြီးဦးမြင့်အောင်သည် ရွာလူကြီး ဟူသောလူတကာ အထင်မကြီး မလေးစားသည် ဂုဏ်ပုတ်ကို နှစ်စဉ်ထမ်းပိုး နိုင်ခဲ့လေသည်။ လွန်ခဲ့သောတနှစ်က ကထိန်ပွဲတခုတွင်လည်း ယောက်မကြီးမွှေ၍ ရွာသားများအချင်း ချင်း ပြဿနာအကြီးအကျယ်တက်ခဲ့သေးသည်။ ကထိန်မတိုင်ခင် တရက်အလိုတွင် အခြားရွာမှကြွရောက် လာမည့် အာဂန္တုရဟန်းများနှင့် ဧည့်သည်များအတွက် ဆွမ်းဟင်းများချက်ပြုတ်နေကြ၏။ တချိုက ငါးခြောက်ထောင်းကြော် ကျွမ်းကျင်ပိုင်နိုင်သောကြောင့် ငါးခြောက်ထောင်း ကိုကြော်ကြ၏။ မိမိကျွမ်းကျင်ရာ ဟင်းလျှာများကို ကိုယ်တိုင်လက်စွမ်းပြနေကြခြင်းဖြစ်ပါသည်။ ထိုသို့ချက်ပြုတ်နေသူထဲတွင် ဦးဘာဘူဆိုသူမှာ ကုလားပဲဟင်း သီးစုံဟင်း နှင့်ပြာဟင်းချိုတို့ကို စီးပွားဖြစ်ချက်ပြုတ်တတ်သူဖြစ်၏။ အလှူပွဲတခုတွင် ဦးဘာဘူလက်ရာ ပါမည်ဟုကြော်ငြာထားလျှင် ၎င်းအလှူသည် လူစည်ကားသည်ကများသည်။ ထို့ကြောင့် ဦးဘာဘူကို ငှားရမ်း၍ချက်ပြုတ်စေခြင်းဖြစ်သည်။ု ချက်ပြုတ်နေသူအားလုံးသည် ထမင်းချက် သူများဘက်မှ ဂျိုးကြော်(ထမင်းဂျိုး)ရပြီဆို၍ချက်ပြုတ်သူအားလုံး ပျော်ပျော်ပါးပါး သွားစားကြသည်။ထိုစဉ်ယောက်မကြီးဆိုသူမှ ဦးဘာဘူချက်ထားသော ပြာဟင်းချိုအိုးထဲသို့ ဆားတကုတ်ယူ၍ သွားထည့်လိုက်ပါသည်။ ၎င်း အခြင်းအရာ အားလုံးကို ဆရာတော်ကြီးက ကျောင်းလေသာ ပြူတင်းပေါ်မှ မြင်လိုက်သည်။ သို့သော် ဘာမှ မပြောဘဲ မသိဟန်ဖြင့်သာ နေလိုက်သည်။ ဂျိုးကြော်စားပြီးသော အခါ၌ဦးဘာဘူအပါအဝင် ချက်ပြုတ်သူအား မိမိချက်သော ဟင်းအိုးများ အနားသို့ ပြန်ရောက်လာကြသည်။ဦးဘာဘူက တော့မိမိဟင်းလျှာအတွက် လိုအပ်သည်များကို ထည့်ရင်းသီချင်းလေး တညည်းညည်းဖြင့် ချက်နေသည်။ အားလုံးလိုအပ်သည်များကိုထည့် ပြီး၍ မြည်းကြည့်သောအခါ၌ ဟင်းသည် အလွန်တရာမှငန်လွန်းလှ၍ထွေးထုတ်ပြစ်လိုက်ရသည်။ ဦးဘာဘူတယောက် ကိုယ့်ကိုယ်ကိုပြန်စဉ်းစားသည် ငါဘာတွေများမှားထည့်မိပါလိမ့်ဟု။သေချာသည် ဘာမှမမှားဘူး။ ထို့ကြောင့် သူဟင်းအိုးထဲကို ဘယ်သူတွေ ဘာလာထည့်သေးသလဲ ဟုဟင်းချက်နေသော ရွာသားအားလုံးကို လိုက်မေးသည်။ အချို ့သူများကဘာမှမထည့်ကြောင်းအေးဆေးစွာ ပြန်ပြောသော်လည်း အချို့သူများက အလွန်တရာစိတ်ဆိုးကြသည်။ ထို့ကြောင့်ဦးဘာဘူအား ဆဲ၍ပြန်ဖြေသူကဖြေသည်။ ဦးဘာဘူကလည်း မိမိချက်သောဟင်းသည် ဘယ်သောအခါမှ နှစ်ခါပြန် မြည်းစရာမလို အခုတော့ ဟု တွေးရင်း စိတ်တွေတိုးပြီးရင်းတိုလာသည်။ စိတ်တိုသူကတို၍ ဆဲသူကလည်းဆဲနှင့်ဘုန်းကြီးကျောင်းထဲတွင် ပြဿနာကစလာ၏။ သို့သော် ဆရာတော်ကြီးကို ချစ်ကြောက် ရိုသေကြ၍ကျယ်လောင်စွာတော့ မဖြစ်ရဲကြ။ ကြာလျှင်တော့ ဒုတ်စွဲ ဒါးစွဲဖြစ်လေတော့မည်။ ထိုအခြင်းအရာကို ဧည့်သည်ကိုရင်တပါးမှမြင်ပြီး ဦးပဇင်းများအားလျှောက်၏။ ဦးပဇင်းများမှတဆင့်စကားကြား၍ဆရာတော်အားလျှောက်ထားကြလေ၏။ ယောက်မကြီးဦးမြင့်အောင်မှလည်း ဘယ်ကဘယ်လိုပေါက်ချလာမှန်းမသိ ပြဿနာဖြစ်ရာသို့ရောက်လာပြီး ဆရာကြီးဟန်ဖြင့် ဝင်ရှင်းရန် စကားများချီနေစဉ် တယောက်ကဓါးကို ဆွဲ၍ ဦးဘာဘူကိုခုတ်မည်ပြု၏။ ထိုအခါရွာသားများက ဝိုင်းစွဲကြ၏။ ယောက်မကြီး ဦးမြင့်အောင်ကတော့ ဓါးကိုမြင်၍ အသံပါတိတ်သွား၏။ ထိုအခါမှ ဆရာတော်ရောက်လာ၍ အားလုံးငြိမ်သွားကြသည်။ ဆရာတော်က အဲ့ဒိဟင်းကိုသွန်ပြစ်လိုက်ပါ …ဘယ်သူမှားတယ်ဆိုတာ ဘုန်းဘုန်းသိတယ် …ဘာမှဆက်မပြောကြနဲ့တော့ ဦးဘာဘူလဲမမှားဘူး အခြားဒကာတွေလဲ ဘာမှမဖြစ်ကြနဲ့တော့ ကိုယ်လုပ်စရာရှိတာဆက်လုပ်ကြ…ဒကာမြင့်အောင် ဘုန်းဘုန်းနဲ့လိုက်ခဲ့ ဟု မိန့်ပြီး ပြန်ကြွသွားလေ၏။ ရွာသားများအားလုံးနားလည်လိုက်ပါသည်။ ယောက်မကြီးမွှေသောပြဿနာဟူ၍။ကိုယ့်အလုပ်နှင့်ကိုယ်မို့ ပြဿနာ တက်ရကောင်းမှန်း မသိကြသော ရွာသားများကို ပြဿနာတခု ဖန်တီးပေး၍ ၎င်းပြဿနာအားဝင်ရောက်ဖြေရှင်းပေးရန် အတွက် အလုပ်မရှိအကိုင်မရှိရွာလူကြီးမှ မကြာမကြာ အကောက်ကြံတတ်ကြောင်းကို ရွာသားအချို့က နားလည်ကြသည်။ ထို့ကြောင့်ဘုန်းဘုန်းကသိ၍ ၎င်းအားအပြစ်ပေးရန်ခေါ်သွားခြင်းဟုလည်း အားလုံးနားလည်လိုက်ကြပါသည်။ ထို့ကြောင့် ယောက်မကြီးမှာတညလုံးမအိပ်ရဘဲ စာငါးမျက်နှာတိတိ ကျက်ရလေတော့မည်။ မှန်ပါသည်။ ဆရာတော်ကြီးသည် ရွာသားမျာကို ဆုံမရာတွင် အလွန်တရာမှ နူးညံ့သိမ်မွေ့လှသည်။ တဦးတယောက်အား လူရှေ့သူရှေ့တွင် ပြောဆို ကြိမ်းမောင်း၍ဆိုဆုံမခြင်းလုံးဝမရှိ။ အပြစ်လုပ်သူကိုလည်း အပြစ်မပေးပဲ လွှတ်ထားရိုးထုံးစံမရှိ။ တချို့သူများကို အခန်းထဲတွင် သော့ခတ်ထားပြီး စာအုပ်တအုပ်ပေးထားပြီး ၎င်းစာအုပ်အားဖတ်စေသည်။ ပြီးလျှင်၎င်းစာများကို ပြန်မေးသည်။ အနည်းဆုံးခြောက်နာရီအထိထားတတ်သည်။ ပြန်မပြောနိုင်သေးလျှင် ၎င်းအခန်းထဲသို့ ပြန်ဝင်ခိုင်းသည်။ ဒီတညအတွက်တော့ ယောက်မကြီးတယောက်ဘာစာအုပ်ဖတ်ပြီး ဘယ်စာတွေကို ကျက်ရဦးမည် မသိဟုတွေးရင်း ရွာသားငယ်အချို့ပျော်ရွှင်ရင်ခုန်နေလိမ့်ဦးမည် မဟုတ်ပါလော။
ယောက်မကြီးဆိုသူကအဲ့သလိုမွှေတက်သူ။ ယခုအဘချိုကိစ္စမှာလည်း ၎င်းကမွှေဖို့ ကြိုးစားပြန်လေပြီ။ ယောက်မကြီးက ရွာထဲ သို့အရင်ဦးအောင်ပြန်သွားသည် ။ အဘချို အိမ်သို့ ရောက်မလာသေးသူများ၏အိမ်သို ့တအိမ်တက်ဆင်း သွား၍ သာဂိသည် လူကြီးများကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံနေကြောင်း ၎င်းမသာကိုလည်း ငါးရက်ထား၍ဖဲဝိုင်းထောင်ရန် စီစဉ်နေကြောင်း မိမိရွာလူကြီး ကိုပင် မခန့်လေးစားလုပ်၍ဖီဆန်နေကြောင်းများကို ချဲ့ထွင်ပြောကြားပြီး စည်းရုံးပါသည်။ အတော်များများက သာဂိအကြောင်းရော ယောက်မကြီးအကြောင်းကိုပါသိနေကြ၍မယုံကြည်သော်လည်း အချို့ကတော့ ဒီကောင်လေးကလဲ ဆိုးလိုက်တာ ဟုကောက်ချက်ချပြီး အဲ့ဒါဘယ်လိုလုပ်ကြမလဲ စသည်ဖြင့် ပြန်လည်မေးမြန်းကြပါသည်။ ထိုအခါယောက်မကြီးက ဒီကောင့်ကိုနိုင်တာ ရွာဦးကျောင်းဆရာတော် တပါးပဲရှိတယ်၊ ဒီတော့ ဆရာတော်ဆီမှာ သွားလျှောက်ထားရမယ်ဟု ပြောသည်။ ထို့ကြောင့်ယောက်မကြီး သည် ၎င်း၏ စကားကိုနားယောင်သူအားလုံးနှင့် အတူ တက်ကြွသောခြေလှမ်းများနှင့် ရွာဦးကျောင်းသို့ချီတက်ခဲ့ကြပါသည်။ ယောက်မကြီးတို့မှရွာဦးကျောင်းသို့ချီတက်နေစဉ်သာဂိကလည်း မိမိ၏နွားကျောင်းဘက်သူငယ်ချင်းများအားလုံးကို အဘချို၏ကိစ္စအား ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံလိုက်သည်။ နွားကျောင်းသားများအားလုံးကလည်း သာဂိပြောလျှင် နှစ်ခါပြန်ပြောစရာမလိုပဲ အားလုံက လက်ခံကြသည်။သာဂိသည် အကိုလေးယောက်အား စကားပြောဖို့ရန်ခက်ခဲနေသော်လည်း ပြောမှဖြစ်တော့မည် ဖြစ်သောကြောင့် ၎င်းကိစ္စအားဝိုင်းဝန်းဆောင်ရွက်ရန်ပြောလိုက်သည်။ အကိုများအားလုံးကလည်းသဘောတူပါသည်။ ဝိုင်းဝန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ပြောဆို ကြသည်။ အဘချိုကို အကြောင်းပြု၍ ငယ်စဉ်တောင်ကျေးကလေးဘဝကပင် ဟုတ္တိပတ္တိ စကားမပြောဖြစ်ခဲ့ကြသော သာဂိတို့ညီအစ်ကိုများ ရင်းနှီးမှုရလာ၍ တဖြည်းဖြည်း စကားပြော ဖြစ်လာကြသည်။ သာဂိ၏ မိဘများဖြစ်ကြသော ဦးသာလှနှင့်ဒေါ်ရင်မှုန်တို့ကလည်း သာဂိ၏ လုပ်ဆောင်ချက် ကိုသဘောကျထောက်ခံသည်။ ဦးသာလှ၏ သာဂိကိုကြည့်သည့်အကြည့်က ငါ့သားမှန်တယ် ဆက်လုပ် အဖေတို့လည်းဝိုင်းလုပ်မယ် ဘာမှ အားမငယ်နဲ့ဆိုသည့် အကြည့်မျိုးဖြစ်သလို၊ ဒေါ်ရင်မှုန်ကလည်း ငါ့သားမှာဒီလိုစိတ်ဓါတ်မျိုးရှိလို့အမေဂုဏ်ယူပါတယ် ဟူသောအကြည်မျိုးနှင့် ဖြစ်သည်။ ထို့ကြောင့် သာဂိဦးဆောင်သော နွားကျောင်းသား အုပ်စုက အဘချို၏အလောင်းကို ရေချိုးပေးကြသည်။ သာဂိ၏အကိုများနှင် ၎င်းတို့၏အပေါင်းအသင်းများကလည်း ဧည့်သည်များလာလျှင် အရိပ်အာဝါသ ရရှိဖို့အတွက်ဝါးများ သက္ကယ်များ သယ်ယူကြသည်။ ဆောက်လုပ်ကြသည်။ ဦးသာလှနှင့်လူကြီးပိုင်းများက အဘချိုအတွက် အခေါင်းရိုက်ကြသည်။ အခေါင်းတင်ရန် လင့်စင်ထိုးကြသည်။ ဒေါ်ရင်မှုန်နှင့်မမြတို့ မိန်းကလေးအုပ်စု ကအဘချိုကိစ္စကိုဝိုင်းဝန်းလုပ်အားပေးကြသူအားလုံး စားဖို့သောက်ဖို့ ချက်ပြုတ်ရန် တာဝန်ယူကြသည်။ သာမန်အားဖြင့်လူသားအားလုံးသည်ကောင်းမှုကို ပြုချင်ကြသည်။ ရှေ့ဆောင ်ဦးရွက် ကောင်းတယောက်၏နောက်သို့လိုက်ဖို့လဲ ဝန်မလေးကြ။ သို့သော် သာဂိလို လုပ်သင့်လုပ်ထိုက်သည်ကို လုပ်မယ် ဖြစ်အောင်လုပ်မယ် ဟူသောစိတ်ဓါတ်ဖြင့် ရဲရဲပြောရဲရဲလုပ် နိုင်သူများရှိဖို့လိုသည်။ အဘချိုကိစ္စ၌လည်း သာဂိက ဦးဆောင်၍ပြောသင့်ပြောထိုက်သည်များကိုပြော၍လုပ်သင့်လုပ်ထိုက်သည် များကို လုပ်လိုက်သောကြောင်၎င်းနောက်သို့မိဘများ အကိုများ သူငယ်ချင်းများအပြင် ၎င်းတို့၏ ဆင့်ပွား အပေါင်းဖော်များပါ သာဂိ၏ဦးဆောင်မှုနောက်သိုကလိုက်ပါခဲ့သည်မဟုတ်ပါလော။ ဒေါ်ရင်မှုန် တို့အဖွဲ ရွာဦးကျောင်းသို့သွား၍ အိုးခွက် ပန်းကန်များကိုသွားယူသော အခါ၌ ဆရာတော်ကြီးနှင့် ယောက်မကြီးတို့အုပ်စုများ စကားပြောနေသည်ကိုတွေ့၏။ ထိုကြောင့် ဝင်မရှုပ်ချင်သော ဒေါ်ရင်မှုန်က သူတို့အဖွဲ့ရှင်းသွားမှကျောင်းပေါ်တက်၍ ဆရာတော်အားလျှောက်ထားလိုသဖြင့် အပေါ်မတက်သေးပဲ အောက်မှပင်စောင့်ဆိုင်းနေကြ၏။ သို့သော် ဆရာတော်က အားလုံးကို အပေါ်သို့တက်ခဲ့ရန် အမိန့်ရှိလိုက်၍ ဒေါ်ရင်မှုန်တို့အုပ်စု အပေါ်သို့တက်သွားကြ၍ ဆရာတော်အားဦးခိုက်ပြီးသင့်တင့် လျှောက်ပတ်သောနေရာ၌ပင်ထိုင်နေလိုက်ကြ၏။ ယောက်မကြီးတို့အဖွဲကတော့ မကျေနပ်သော အကြည့် များနှင့်ကြည့်ကြသည်။ ဆရာတော်က ပကတိ ငြိမ်းအေးမှုအပြည့်ဖြင့် အေး ဒီမှာ ဒကာမြင့်အောင်တို့လူကြီးများအပိုင်းကတော့ ဒကာချိုရဲ့ကိစ္စကို ချက်ချင်းသင်္ဂြိုဟ်ပြီး အေးအေးဆေးဆေးပဲ ပြီးလိုက်ချင်တယ်..အကျယ်မချဲ့ချင်ကြဘူးလို့လာလျှောက်ကြတယ်…နောက်ပြီးသာဂိကလည်းငါးရက်ထားပြီး ဖဲဝိုင်းထောင်မယ်လို့ ပြောနေကြတယ် ဟုမိန့်လိုက်စဉ် ဒေါ်ရင်မှုန်ကဦးမြင့်အောင်တို့ အား အလွန ်စိတ်ဆိုးလွန်းလှ၍ မိမိသားသည် ဖဲဝိုင်းထောင်ရန် မစီစဉ်ထားကြောင်းဘယ်နှစ်ရက်ထားမည်ကိုလည်း လုံးဝမပြောရသေးကြောင်းနဲ့အဘချိုသည် လူသားတယောက်ဖြစ်၍လူသားတယောက်ကို ပစ်စလက်ခတ် မလုပ်စေချင်ရုံသက်သက်ဖြစ်ကြောင်း ပြီးတော့ သာဂိသည် အဘချိုအဆုံးခင် ကတည်းက အိမ်မှာ မနေပဲ အဘချိုထံ၌သာ သွားရောက်နေထိုင်၍ ပြုစုပေးခဲ့ကြောင်းစသည်တို့ကို ပြောမည်ဟုတ် မောင်းတင်လိုက်စဉ်မှာပင် ဆရာတော်က ဒေါ်ရင်မှုန်အား လက်ကာပြ၍ …ဘုန်းဘုန်း အားလုံး နားလည်ပါတယ် ဒကာမကြီး သာဂိလုပ်တာမှန်တယ် အဲ့ဒိနေ့မှာဘုန်းဘုန်းကိုယ်တိုင်ပါ သချႋုင်းထိအရောက်လိုက်ပို့ပြီးတော့ ရေစက်ချမယ်လို့သာဂိကိုပြောလိုက်ပါ…အခု အိုးခွက်ပန်းကန်တွေ လာငှားတာမဟုတ်လား…ယူသွားကြလုပ်စရာရှိတာဆက်လုပ်ကြ ဟုမိန်လိုက်သည်။ ဒေါ်ရင်မှုန်ကလည်း မိမိသား၏လုပ်ရပ်ကို ဆရာတော်ကြီးကပါထောက်ခံသည် ဟုသိရ၍ မှိုရသောမျက်နှာမျိုးဖြင့် ဦးသုံးကြိမ်ချပြီး အိုးခွက်ပန်းကန်များထားရာ စတိုခန်းထဲသို့ဝင်သွားပါလေတော့သည်။ ဆရာတော်မှဆက်လက် ဦးမြင့်အောင်တို ့ဘက်လှည့်ပြီး အဲ့ဒိကိစ္စမှာ ဒကာမြင်အောင်က ကုန်ကျစရိတ်သုံးချိုး တချိုးထည့်ဝင်ရမယ်..ဒီဘဝမှာ ကံဆိုးလွန်းလို့ သူများမလုပ်ချင်တဲ့ ရွာလူကြီးအလုပ်ကိုလုပ်ရတယ် နောက်ဘဝမှာ ဒီဘဝမျိုး ဘယ်တော့မှ မရောက်အောင်လို့ဆုတောင်းစေတနာကောင်းကောင်းထား ကြားလား..ဒကာမြင့်အောင် ဟုု မိန့်ပြီးအခန်းထဲသို့ပြန်ဝင်သွားသည်။ ဦးမြင့်အောင်တို့အုပ်စုမှာလည်း မိမိတို့စကားမအောင်၍ ရှက်သူကရှက်ဦးမြင့်အောင် စကားကို ယုံမိ၍ ဆရာတော်ကြီး ရဲ့ ငြိုငြင်မှုကိုခံရလေပြီဟု စိတ်မကောင်းဖြစ်သူကဖြစ်နေကြပါသည်။ ဦးမြင့်အောင်ခေါ် ယောက်မကြီးကတော့ အားလုံးကိုသူမဟုတ်သလို သဘောထားပြီး အဟန့်အဟန့်ဟုချောင်းဟန့်ပြီး အားလုံး ဒေါ်ရင်မှုန် တို့သယ်မဲ့ အိုးခွက်ပန်းကန်တွေကို ဝိုင်းသယ်ကြ ဟု လုံးဝမရှိသော ဩဇာသံကိုဖြစ် ညှစ်ထုတ်၍ပြောပါသည်။ ရွာသားအချို့ကတော့ ခင်ဗျားမပြောလဲ သယ်မှာပါဗျာ ..စောစော စီးစီး အိမ်လာခေါ်ပြီး စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တယ်ဗျာ …ခင်ဗျားဘယ်လိုလူမှန်းကို မသိဘူး ဟု ရွတ်ဆိုညီးတွားကြလေတော့၏။
ဦးသာလှကလည်း ဒေါ်ရင်မှုန်ပြောပြ၍ အဘချိုအားသင်္ဂြိုဟ်မည့်နေ့တွင် ဆရာတော် ကိုယ်တိုင်သုဿာန်သို့လိုက်မည် ဟုကြားရသောသောကြောင့်သားအတွက် အလွန်ပင် ဂုဏ်ယူ၍ မဆုံးရှိလေတော့၏။ အဘယ်ကြောင့်ဆိုသော် ဆရာတော်ကြီး သည်သက်တော် ကကြီးလှပြီ ဖြစ်သည်ကတကြောင်း၊ သာသနာရေးကိစ္စများနှင့်မအားလပ်နိုင်ရှိသည်ကတကြောင်းကြောင့် အလှူ မင်္ဂလာများ၊ အသုဘ ရေစက်ချများသို့ကိုယ်တိုင်မကြွနိုင်ပဲ သံဃာငယ်များကိုသာ စေလွှတ်လေ့ရှိ၏။ ဆရာတော်အားဖူးလိုလျှင်သော်လည်းကောင်း၊ ဆွမ်းကပ်ချင်လျှင်သော်လည်းကောင်း ကျောင်းသို့ သာသွားရ၏။ ဤသို့ဖြင့် ဆရာတော်ကြီးကိုယ်တိုင် အသုဘရှုတရားဟောမည်ကိုကြား၍ရွာနီးချုပ်စပ်မှ လူများအားလုံးကလည်း ၎င်းအသုဘကိုစိတ်ဝင်စားပြီးလာရောက်ကြ၏။ ထို့ကြောင့် ငိုသူမရှိသော အသုဘသည် စည်ကားသည်ထက်စည်ကားလှပြီး တချို့မှာ အချိန်မရသောကြောင့် အဘချိုအား ငါးရက်ထားပြီးမှ သင်္ဂြိဟ်ကြရန်တောင်းဆိုလာကြ၏။
ငါးရက်မြောက်၍ အသုဘပို့ဆောင်သောနေတွင်ကား လယ်ကွင်းထဲတွင် ဘုန်းကြီးပျံတခုကဲ့သို့ လူများစည်ကားနေလေတော့၏။ မြို့ပေါ်မှ ရေခဲချောင်းလာရောင်းသူများရှိသလို ဘူဘောင်းနှင့် ကလေးကစားစရာများလာရောက် ရောင်းချကြသည့် ဆယ့်နှစ်ရာသီပွဲ ဈေးသည်အချို့လည်းရှိကြ၏။ အသုဘပို့ချိန်ကို သာဂိ၏အစီအစဉ်အရ ဆရာတော်ကြီးပင်ပန်းမည်စိုး၍ နေ့လည်နှစ်နာရီ ကျော်သတ်မှတ်ထားလိုက်ကြ၏။ထိုပွဲတွင် သာဂိကို ၎င်း၏မိဘများ အကိုကြီးများပင်လျှင် လွန်ဆန်ပြောဆိုခြင်းမရှိကြ။သို့နှင့် နေ့လည် နှစ်နာရီခွဲပြီဖြစ်၍ အသုဘပို့ချိန်သို့ရောက်သောအခါ၌ မီးသင်္ဂြိ်ုဟ်မည်ဖြစ်၍ မီးအိုးထမ်းသူများက အရှေ့ဆုံးမှသွားသည်။ ထို့နောက်မှ ကြေးစည်တီးသူ၊ ထို့နောက်မှ ဆရာတော်များ စသည်ဖြင့်တန်းဆီပြီး သုဿာန်သို့ဦးတည်၍သွားနေကြပါသည်။ သာဂိ၏အစီအစဉ်အရ မြောက်မင်းအူသော အခွေများ ငိုချင်းများကို မဖွင့်စေပဲ ကျေးရွာဝတ်အသင်းသူများအား အနိစ္စာဝတ သင်္ခါရာ အစချီသော ရှစ်လုံးဖွဲ သံဝေဂ ဂါထာများကိုသာ ရွတ်ဆိုစေပါသည်။ သုဿာန်သို့ရောက်သောအခါ၌ အခေါင်းထမ်းသူများမှ မိမိတို့ကျေးရွာထုံးတမ်း အစဉ်အလာအတိုင်း အလောင်းကောင်ကို ဆရာတော်တရားဟောကြားမည့် ဇရပ်လေးတွင် ကပ်လျှက် ချထားလိုက်ပါသည်။ နွေအခါဖြစ်နေသည် ကတကြောင်း ငါးရက်ထားထားသည်ကတကြောင်းကြောင့် အလွန်တရာမှပုတ်ပွနေသော အလောင်းကောင်မှ အပုတ်နံ့သည် မည်သူမျှမခံနိုင်လောက်အောင်ပင် ရှိလေတော့၏။ ဆရာတော် ကလည်းတရားဟောမည် အပြုတွင် အပုတ်နံ့ကြောင့်မည် သို့မျှ ရှေ့မဆက်နိုင်ပဲရှိနေစဉ် သာဂိကတပည့်တော်တို့ဒီအလောင်းကို မီးသင်္ဂြိဟ်မဲ့နေရာကို ရွှေ့ထား ပါရစေ ဘုရား ဟု လျှောက်ထားလိုက်၏။ ထိုအခါ မိမိတို့မွေးကတည်းက အလောင်းကောင်ကို ရေစက်ချသည့်နေရာ အနီးမှာထားမှ သေဆုံးသူကျွတ်တန်းဝင်သည် အယူရှိခဲ့ကြသောရွာသားအားလုံးမှ အုတ်အုတ်ကျက်ကျက် ထ၍ကန့်ကွက်ကြလေ၏။ တချျို့ကလည်း အဘချိုကြီး မကျွတ်ပဲနေမှာပဲဟု တွေးသလိုအချို့ကလည်း အဘချို မကျွတ်တာကအကြောင်းမဟုတ်ဘူး၊ တို့ရွာမှာက အစောကတည်းက သရဲကပေါပါဘိသနဲ့ သရဲအသစ်တော့ တိုးဦးမည်ဟု တွေးသူကလဲတွေး၏။အချို့ကလည်း လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ လုပ်မိ၍ ငရဲကြီးမည်ကိုကြောက်ကြသလို အချို့ကလည်း မဖဲဝါ မကြိုက်တာကို လုပ်မိပြီးရွာကိုင်ခံရမည်စသည်ဖြင့်တွေးကြောက်နေကြ၏။ ၎င်းတို့အထဲတွင် ယောက်မကြီးက အကဲဆုံး ဖြစ်၍ ဟေ့ ကောင်လေးသာဂိမင်းစိတ်ကြိုက်ကို ဆရာတော်ကြီးရော တို့တရွာလုံးအပြင် တခြားရွာ တွေကပါ လိုက်လျှောပြီးပြီနော် ဒီထက် ရောင့်တက်ဖို့မစဉ်းစားနဲ့ ဒို့ရွာကို အနာမခံနိုင်ဘူးဟု ဆရာတော် ထက်ဦးအောင် ဝင်ပြောသည်။ ဒီတစ်ခါတော့ ငါပိုင်ပြီ ဟူသောအတွေးဖြင့်ဆရာတော်ရော ရွာသားများကိုပါ မျက်နှာလုပ်သည့်အနေအထားမျိုးနှင့် ပြောလိုက်ခြင်းဖြစ်သည်။ထိုအခါဆရာတော်က ကဲ သာဂိပြောသလိုလုပ်လိုက်ကြ ဟုမိန် ့၍ အချို့က မလွန်ဆန်နိုင်လို့သာလုပ်ရတယ် မလုပ်ချင်ဘူး ဟူသောအတွေးမျိုးကိုတွေးကြသည်။ အချို့ကလည်း ဒီကောင်လုပ်သမျှ ဆရာတော်က လိုက်ပြီးထောက်ခံနေသည် ဟုလည်းတွေးကြသလို သာဂိတို့လက်တည့်စမ်းလိုက်သမျှတည့်နေတာချည်းပဲ ဟုတွေးသူကလည်းတွေးသည်။ မည်သို့ပင်ဆိုစေ ဆရာတော်ကို မလွန်ဆန်နိုင်ကြ၍အမိန့်အ တိုင်းလုပ်လိုက်သောကြောင့် အနံ့အသက်များ အတော်ပင် လျှော့နည်းသွားသည်။
ထို့နောက် ရေစက်ချ အမျှဝေရန်အားလုံးနေရာတကျပြန်လည်ထိုင်နေလိုက်ကြသည်။ ဆရာတော်က အားလုံးနေသားတကျရှိနေပြီး ၊ ငြိမ်သက်တိတ်ဆိတ်နေပြီမို့ချောင်းဟန့်လိုက်ပြီး သေဆုံးသူသည် သေဆုံးပြီးသည်နှင့်တပြိုင်နက် ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီဖြစ်ကြောင်း၊ ဒကာ ဒကာမတို့ထင်သည့်အတိုင်း လိပ်ပြာခေါ် ဝိညာဏ်သည် သေပြီးနောက် ခုနစ်ရက်အတွင်း အိမ်မှာပင်ရှိနေသည် ဟူသောအယူမှာ မမှန်ကန်ကြောင်း၊ ၎င်း လိပ်ပြာရှိသည် ဟူသော အယူအဆ ဗုဒ္ဓဘာသာဝင်စစ်စစ်တို့၏အယူအဆမဟုတ်ကြောင်း၊ တိုင်းတပါးဖြစ်သော အိန္ဒိယနိုင်ငံမှ ဟိန္ဒူဝါဒတခု သာဖြစ်ကြောင်း စသည်တို့ကို ပါဠိအထောက်အထားများဖြင့် မိန့်ကြားပြီးအလောင်းကောင်သည် ရုပ်တရားသက်သက်မျှသာဖြစ်၍မည်သည့်နေရာတွင်ပဲရှိ သူကိုယ်တိုင်မကျွတ်လွတ်ပဲ ပိတ္တာဘဝသို့ ရောက ်နေ မှသာ လျှင် သာဓုခေါ်ပြီး မိမိတို့ပေးပို့သော ကုသိုလ်အဖို့ အစုကို ရယူနိုင်ကြောင်း စသည ်ဖြင့် မိန့်ကြားပါသည်။ ထို့နောက်မှဆက်လက်၍အလောင်းကောင်၏အပုတ်နံ့ကြောင့်လူသားများအား ကျန်းမာရေးကိုထိခိုက်နိုင်ကြောင်း၊ အသုဘအိမ်သွားလျှင် အနာရင်းသည် ကိုဆိုသည်ဟူသောစကားမှာ အခြားကြောင့်မဟုတ်ဘဲ ၎င်းအပုတ်နံ့ကအနာထဲသို့ဝင်ပြီး အဆိုးဆုံးသောအညှော်ကိုမိခြင်းကြောင့် အနာရင်းရခြင်းဖြစ်ကြောင်းများကိုမိန့်ကြားလိုက်ပါသည်။ ထိုအချိန်မှစ၍ ခင်သာရွာအပြင် အခြားရွာ နီးချုပ ်စပ် ရှိရွာများအားလုံး၌ပင် အလောင်းကောင်ကို အနီနားတွင်ထား၍တရားနာကြသော ဓလေ့ဆိုး တခု ကွယ်ပျောက်သွားပါလေတော့သည်။ ထို့နောက်မှ ဆရာတော်မှ ဆက်လက်၍ ဗြဟ္မစိုရ်ဟူသော ခေါင်းစဉ်ဖြင့် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသောတရားလေးပါးကို သာဂိ၏ လုပ်ရပ် များနှင့်ယှဉ်၍ဟောကြားပါသည်။ သာဂိသည် တယောက်တည်း အထီးကျန်နေပြီး ဒုက္ခရောက်နေသော အဘချိုအားသနားခြင်း ကရုဏာ၊ ချစ်ခြင်းမေတ္တာတို့နှင့် ပြုစုစောင့်ရှောက်ခဲ့ခြင်း၊ သေဆုံး သွားသော အခါမှာလဲ မနာလိုဝန်တို ချောပစ်ဂုန်းတိုက်တတ်သူ ရွာလူကြီးနှင့် အပေါင်းပါများကို ဥပက္ခာ ပြုပြီး လုပ်သင့်သည်ကိုဆက်လက်လုပ်ကိုင်နိုင်ခဲ့ခြင်း၊ ထို့သို့လုပ်ပေးနိုင်ခဲ့ပြီဖြစ်သောကြောင့် အဘချိုအတွက် ဝမ်းသာပေးရပေတော့မည် စသည်ဖြင့်ဟောကြားပြီး သာဂိလို ဗြဟ္မစိုရ်စိတ်ဓါတ်မျိုး မွေးဖို့ရန် အကျဉ်းချုပ ်ဟောကြားသည်။ အဘချိုအတွက် တရားနာ ရေစက်ချ အမျှဝေပြီးဆရာတော် ကျောင်းသို့ပြန်ကြွသွားတဲ့ အချိန်မှာတော့ ဦးသာလှနှင့် ဒေါ်ရင်မှုန်တို့မှာ သားအတွက် ဂုဏ်ယူလွန်း၍ မျက်ရည်များ ပင်တားမရ အောင်စီးကျခဲ့ပြီး အားလုံးသော အသုဘ ပို့ပရိသတ်အားလုံးကလည်း သာဂိအား ဗြဟ္မစိုရ်သာဂိလေး ဟုနာမည်တပ်လိုက်ကြပါလေတော့သတည်း။
ဆက်လက်ရေးသားပါဦးမည်။ ……………………ရေးသားသူ။ ။နန်းရှင်
4 comments
ပေါက်ဖော်
September 15, 2011 at 4:01 pm
အဘချိုစကားမပြတ်ခင် လဲကျ..ဆုံးသွားတာ..စိတ်ထဲခုလုခုလုပဲ..ဗျ
မောင်သာဂိ..ပညာကုန် မရခဲ့သလိုပဲ..
ယောက်မကြီးအကြောင်းလဲ..စိတ်ဝင်စားသား..ဘာမှနားမလည်ပဲ အဖားကောင်းလို ့ လူကြီးဖြစ်တယ်ဆိုတာ.
အားပေးဆဲပါနော့်
ဖတ်ပြီး ဘာမှမပြောခဲ့ရင် အားပေးမဲ့လူမရှိဘူးထင်ပြီး အားယုတ်သွားမှာဆိုးလို ့..
ဖတ်ရတာ.. တော်တော်ရှည်တယ်..တစ်မေ့တမောပဲ…. 😀
Nan Shin
September 15, 2011 at 5:57 pm
ကျေးဇူးပါ ကိုကြီးပေါက်ရေ…………..
မီးမီး သော်
September 16, 2011 at 12:26 am
သာဂိက ရတဲ့နာမည်နဲ ့တော့ လိုက်ဖက်ပေါ့မလား။ဆက်ရန်ပေါ့နော် နန်းရှင်ရေ??
Shwe Ei
September 21, 2011 at 2:44 pm
ဒီပို့စ်ထဲက သဂျီးက တော်တော်မလွယ်တာဘဲ။ နည်းနည်းမွှေလည်း ပြသနာတက် များများမွှေလည်း ပြသနာတက်ဆိုရင်တော့ ရွာသားတွေဒွတ်ခရောက်မယ်။ နောက်ပီး လူသေရင် ရ ရက်မပြည့်မချင်း မကျွတ်သေးဘူးဆိုတဲ့ အယူကမှားကြောင်းအခုမှသိရတယ်ဗျာ။ တန်ဖိုးရှိပါတယ်။