အတုံ့အလှည့်ရှိခဲ့ရင်..
ကျွန်တော့်မှာ.မန်းဂေဇတ်ကိုဝင်ဖတ်ဖြစ်နေတာအတော်ကြာခဲ့ပေါ့..
ကိုယ်တိုင်ပို့စ်တခုလောက်ရေးချင်ပေမဲ့ ဘယ်လိုသီကုံးရမှန်းလည်းမသိ အကြမ်းလေးရေးလိုက် ပြန်ဖျက်လိုက်နဲ့
ရွာထဲမှာ. နေဖို့ကြိုးစားရင်းရွာလည်နေတာလူမသိသူမသိ.ခဏပေါင်းများစွာ ဒီလိုနေရင်းနဲ့ဘဲဟိုလူဒီလူတွေရေးတဲ့
ကောင်းနိုးရာရာလေးတွေကိုပဲ. အခါအားလျော်စွာဝင်မန့်နေရတာ အကြိမ်ရေမနည်းတော့..
ဟောအခုတော့အကြောင်းများတိုက်ဆိုင်ချင်တော့လည်း ကိုယ်တိုင်တွေ့ကြုံခံစားရတာမဟုတ်ပေမဲ့.
ကိုယ်လက်ချက်ပယောဂကြောင့်သူတပါးမှာဒုက္ခရောက်ရပုံ လေးကိုအခွင့် ကြုံတုန်းပြန်ပြောပါရစေဗျာ..
အဖြစ်ကတော့ ဒီလိုဗျ..သိကြတဲ့အတိုင်းပဲ မြို့ပြများမှာရှိတဲ့ အိမ်တွေရဲ့ထုံးစံအတိုင်း
ကျွန်တော်တို့အိမ်မလဲတိုလီမိုနီ ပေါင်းစုံတွေက ခပ်ရှုပ်ရှုပ်ပဲဗျ.ဟိုနေရာရှုပ်ပွ ဒီနေရာမသပ်မယပ်ပေါ့လေ။
ဒီလိုရှုပ်ထွေးနေလို့လဲ အခုကျွန်တော့်ရင်ထဲ တနုံနုံခံစားနေရမဲ့ အဖြစ်အပျက်ကိုမွေးဖွားစေမဲ့
အကောင်တွေအကြိုက်ဖြစ်လာတော့တာပဲဗျာ..ဒီကောင်တွေက အိမ်ကိုစရောက်လာခါစတော့
ပုန်းရှိုးကွယ်ရှိုးနဲ့ ဟိုချောင်ကပ်ဒီချောင်ခိုလေးနေတာပဲ..ဒီလိုနေ နေရင်းနဲ့ပဲ ရက်ကလေးအတော်ကြာလာလို့
အိမ်ရှင်ဖြစ်တဲ့ကိုယ်တွေအိမ်သားတွေက ဖာသိဘာသာနဲ့မသိသလိုနေတတ် ကြတာကို ဒင်းတို့က
အခွင့်အရေးအပြည့်ယူတော့တာပဲဗျို့.တော်ရုံတန်ရုံသွားလာနေကြ ရင်ဖြင့် သူတို့ကိုအခုချိန်တိုင်အောင်အပြစ်မြင်မှာမဟုတ်သေးပါဘူး.
ခုတော့အိမ်ဘုရားခန်းဆို သူတို့မွှေနှောက်ထားတာများကစားကွင်းအလားပဲ.ပြီးတော့လည်းဆွမ်းတော်လေးများမတင်ထားနဲ့
အိမ်ကလူတွေမစားမှီ.သူတို့သမပြီးသား..ဒါတင်မကသေးဘူး ဘုရားပန်းတွေများချိုးဖျက်ပြီးဆော့ချင် ဆော့ထားသေးတာဗျ ။
ဒါတွေကို ဒင်းတို့လုပ်နေလည်း ဪ နေကြပါစေ သူတို့လေးတွေရဲ့သဘာဝဆိုပြီးတအိမ်သားလုံးက သည်းခံကြပါတယ်..
အဲဒီမှာတင် သကောင့်သားတွေက ကမ်းတက်လာရောဗျာ..မြန်မာတပြည်လုံးမှာက သိတဲ့အတိုင်းပဲ
ည(ရ) နာရီနဲ့(၈) နာရီကြားကိုရီးယားကားတွေလာတဲ့အချိန်များဆို ကိုယ့်ဘေးနားကလူကအော်လံနဲ့အော်သည့်တိုင်
သိပ်ကြားချင်တာမဟုတ်သလို ကိုယ်ရှေ့ကိုးရိုးကားယားလာလုပ်ရင် သိပ်ပြီးလည်းစိတ်ရှည်တာမဟုတ်ဘူးလေ
ဒါကို ဒင်းတို့အကောင်ငယ်လေးတွေက မနူးမနပ်မသိတတ်တော့ လူရှေ့သူရှေ့မရှောင် ဟိုချောင်ဒီချောင်တွေ
အတင်းကာရောဝင်ထွက်သွားလာနေတော့တာကိုး..အဲဒီမှာတင် ပြသာနာက ကျွန်တော့ ခေါင်းပေါ်တည့်တည့်ကြီးရောက်လာတာပဲ..
ဒီကောင်တွေကို အိမ်ပေါ်ကို ကိုယ်ကပဲခေါ်တင်လာတာကြနေတာပဲ.
နင့်ကောင်တွေအတော်တရားလွန်လာပြီဆိုတဲ့ခေါင်းစဉ်နဲ့ ယောင်္ကျားလေးဖြစ်တဲ့ ကျွန်တော်က ဒါကိုတာဝန်ယူရှင်းပေးရမယ်ပေါ့ဗျာ..
အမှန်တော့ကျွန်တော်ကိုယ်တိုင်လည်း ဒီကောင်တွေလုပ်ရပ်ကိုမကြိုက်သလို ကြည့်လို့လည်းမရပါဘူး ။
တခါတလေ ကိုယ့်ကိုပြန်ကြည့်တဲ့ ကုပ်ချောင်းချောင်းနဲ့ပေစောင်းစောင်းအကြည့်တွေကိုအမြင်ကတ်နေတာလေ..
ဒီတော့ကာ ရှင်းဆိုလည်းရှင်းမယ်ပေါ့ဗျာ..ဒီကောင်တွေကို ပညာပေးဖို့အတွက်
လိုအပ်တာတွေကို အိမ်ကညီမကိုုဝယ်ခိုင်းထားလိုက်တယ်။ ညလည်းရောက်ရော
ကိုယ့်လုပ်ငန်းကိုအမြန်ဆုံးအကောင်အထည်ဖော်ရတော့တာပဲ..လိုအပ်တာတွေကိုသေချာပြင်ဆင်ပြီး
ဒီကောင်တွေ ကစားနေကြ လာနေကြ သွားနေကြနေရာလေးမှာ အသာထားပေးလိုက်တယ်.
သိပ်မကြာလိုက်ပါဘူးဗျာ တကောင်တိုက်ပွဲကျသံ ကြားလိုက်ရရော ဒါနဲ့နောက်တချီဆက်လုပ် ဟောနောက်တကောင်ဗျာ.
ပထမညတော့ဒီနှစ်ကောင်နဲ့ပဲ အသာရပ်ထားလိုက်ရောဆိုပါစို့။
ဒင်းတို့ ကိုယ့်လက်ချက်နဲ့ဒီလိုမရှုမလှဖြစ်နေကြတာကိုလည်း အဲဒီအချိန်မှာ ဘယ်လိုမှ မခံစားရသလို
သနားစိတ်လည်းလုံးဝမပေါ်တာအသေအချာပဲဗျာ…ဒီကောင်တွေငါတို့ကိုနှောင့်ယှက်လို့ဒီလိုခံရတာ
နည်းသေးတယ်တောင်ထင်နေတာလေ..ဒုတိယညမှာလည်ထုံးစံအတိုင်း ည(၁၀) လောက်မှာ ၂ ကောင်တော့ဖလက်ပြသွားပြီဗျ.
ကျွန်တော်လဲ နောက်တချီ သေချာပြင်ဆင်ထားလိုက်ပြီးတော့ ဝင်အိပ်လိုက်တာမိုးကိုစင်စင်လင်းရော..
မနက်နိုးလာချိန်မှာပဲ အောက်ထပ်ကနေ ညီမဖြစ်သူက အကိုလေးရေ အမြန်လာကြည့်ပါဦးဆိုလို့ ကမန်းကတန်းဆင်းသွားလိုက်တော့.
အောင်မလေးဗျာ ဖြစ်ရလေချင်း လို့ကိုအော်မိတော့တာပဲ..အမှန်ကကျွန်တော်လုပ်နေတာက ဟိုအကောင်ပလောင်ကြွက်တွေအတွက်
သေမင်းထောင်ချောက်.အခုလက်ငင်းမိထားတာကြီးက လက်ဖဝါးလောက်ရှိတဲ့ ဖားပြုတ်ကြီးဗျ..သူ့ခမျာ ဘယ်အချိန်ကတည်းက
မိနေသလဲမသိ..လှုပ်တောင်မလှုပ်နိုင်ရှာတော့ဘူး.ဘေးမှာလည်းရေတွေကအိုင်လို့ (ဘာအရည်တွေမှန်းမသိ)..
ဒေါသထွက်ပြီးရုန်းကန်နေတာလဲမရှိ.(တညလုံးရုန်းပြီး ပြီထင်တာပဲ)..ငြိမ်ဝပ်ပြီးတော့ဗျာ သူ့ဝေဒနာကို ပဲပြန်ရှုနေသလားမသိ..
အမှန်တော့ ဒီအကောင်ကြီးက သူ့ဘာသာအစာငမ်းရင်း.ကြွက်ထောင်ချောက်ထဲဝင်တိုးတာပါ.
ဒါပေမဲ့ကိုယ်လုပ်ချင်တာက သူ့ကိုမှမဟုတ်ပဲကိုး..အခုဒင်းက ဒီလိုမျိုး ပေါင်းနှစ်ချောင်းက
ညှပ်ကြီးထဲမှာ တန်းလန်းကြီးညပ်နေတာတွေ့ရတော့ ကိုယ့်အပြစ်မကင်းဘူးဆိုပြီး သနားလိုက်တဲ့အမျိုးဗျာ..
ဒါနဲ့ပဲ မီးညှပ်သွားယူပြီး သူ့ကိုညှပ်ကြီးတန်းလန်းနဲ့ ခြံထဲရွေ့ ပြီးဖြုတ်ပေးဖို့ကြိုးစားရပြန်ရော..သူ့လည်းသွားမထိရဲဘူး လေ
ဖားပြုတ်ထိရင်ဘာဖြစ်တယ် ညာဖြစ်တယ်က ကြားဖူးထားတော့.
ငါးမိနစ်လောက်ကြာအောင်စိတ်မောလူမောနဲ့အတင်းကာရောဖြုတ်ပေးလိုက်မှပဲ
ဒင်းလဲလွတ်သွားတော့တယ်။အံမယ် လွတ်ပြီးပြီးချင်း သူကချက်ချင်းသွားသေးဘူးဗျ..ဒါနဲ့ ဟာ ဒီကောင်တော့ခြေကျိုးပြီး ဘဝတုံးပြီလို့ တွက်ပြီး
ရင်ထဲထပ်မောရပြန်ရော..ခနလောက်နေတော့မှကိုယ်ဘက်လှည့်ကြည့်ပြီး လှုပ်တုတ် လှုပ်တုတ်နဲ့ထွက်သွားရော.
သူအဲလိုသွားနိုင်တာမြင်မှပဲ ရင်ထဲက ဘာမှန်းမသိတဲ့အလုံးကြီးလဲကျသွားတယ်ဗျာ.
ဒါနဲ့တင်မပြီးသေးပါဘူးဗျာ..အဲဒီနေ့တနေ့လုံးလည်း စိတ်ထဲ တနုံနုံ နဲ့ဘယ်လိုဖြစ်မှန်းမသိပါဘူး.ကားစီးတာတောင်မှ
ကိုယ့်ခြေထောက်ကိုပြန်ပြန်ကြည့်နေမိတယ်..ကားအက်စီးဒင့်များဖြစ်ရင် လောလောလတ်လတ်ဆို ဒါကြီးကပဲ
အရင်ဆုံးဝဋ်လည်မှာပဲဆိုတဲ့စိတ်ဖိစီးမှုကြီးနဲ့ပေါ.ဗျာ..အခုလဲတွေးနေတုံးပါပဲ.
ဪ အတုံ့အလှည့်ဆိုတာကြီးက ချက်ချင်းလက်ငင်းကြီးမလာတောင်ပြုသူရဲ့စိတ်ထဲတော့ အမြဲပဲ တနုံနုံ ဆိုတာလေ..
28 comments
Diamond Key
October 20, 2011 at 2:08 pm
amatmin ရေ၊
အရေးကောင်း၊ အတွေးကောင်းပဲဗျို့။
ဖားပြုတ်မှာက အတုံ့ရှိနေလို့ ဒီမှာ အလှည့်လာဖြစ်တာနေမှာပါ။
ကိုယ့်ခြေထောက်ကိုပြန်ပြန်ကြည့်မနေပါနဲ့လေ။
နီလေး
October 20, 2011 at 2:55 pm
ကိုယ်က တမင်ရည်ရွယ်ပြီးလုပ်တာမှမဟုတ်တာ ကံကံ၏အကျိုးလို့ပဲ စိတ်ထဲမထားပါနဲ့ အဲဒီစိတ်ကြီးဝင်နေရင် လုပ်ရကိုင်ရတာ အဆင်မပြေတော့ဘူး
manawphyulay
October 20, 2011 at 3:15 pm
ဒါကတော့ တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်တဲ့အတွက် စိတ်ထဲမှာ ဘာမှမဖြစ်နဲ့ပေါ့။ ဒါပေမယ့် ကြွက်ကိုတော့ ဒီလိုလုပ်တယ်ဆိုတော့ ဝဋ်လည်တယ်ဆိုတာ နားလည်တဲ့သူတစ်ယောက်အတွက် မလုပ်သင့်ဘူးမြင်မိတာပဲ။ ဘာလို့လဲဆိုတော့ နှောင့်ယှက်လို့ လုပ်တယ်ဆိုတဲ့အတွေးပဲ ပေါ်တဲ့အတွက် အတုံ့အလှည့်ဆိုတာကို မမြင်မိတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲ ဖားကျတော့ သူ့ရဲ့အရင်ဘဝက အတုံ့အတွက် ဒီဘဝမှာ အလှည့်လာဖြစ်တာကော မဖြစ်နိုင်ဘူးလား…. ဒါက စဉ်းစားစရာပဲနော်။
etone
October 20, 2011 at 3:16 pm
ဖားကြီးသေတာတော့ …ဝဋ်ကြွေးရှိလို့လာဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ … ။ ကိုယ်လည်း သူ့ကို ထိခိုက်စေချင်တဲ့ ဆန္ဒမှမရှိတာပဲလေ … ။
ဒါပေမယ့် ကြွက်ထောင်ခြောက်ကို အဲ့လို ဟာတွေသုံးတာ ၊ ကြွက်ကပ်ကော်တွေသုံးတာတော့ ကျွန်မလုံးဝသဘောမကျဘူး … ကြွက်လည်း အသတ်ရှိတဲ့သတ္တဝါပါ … ရက်ရက်စက်စက် ဇီဝိန်ချုပ်အောင် သံကွင်းသုံးပြီး ထောင်ခြောက်လုပ်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့ … ။နာကျင်ခံစားစွာနဲ့သေရတဲ့ဒုက္ခဘယ်လောက်ဆိုးသလဲနော် … ။ နောက်တချို့လူတွေ …ကြွက်ကပ်ကော်သုံးတယ် … အဲ့ဒါလည်း မဖြစ်သင့်ဘူး …ကြွက်ခမျာ မသေပဲ ဒီတိုင်းကပ်နေရတယ် ဘာမှလည်းစားလို့မရ ဘယ်မှလည်း သွားလို့မရနဲ့ …ဒါဟာ ညည်းပမ်းနှိပ်စက်ခြင်းတမျိုးပါပဲ ….. ကံကံဧ။်အကျိုးအတိုင်း မိမိလည်း ထပ်တူအကျိုးပေးတတ်ပါတယ် … ။
ကြွက်တွေများလွန်းလို့ နှိမ်နင်းချင်တယ်ဆိုလျှင်တော့ ကြွက်ထောင်ခြောက်ကိုသုံးပါ … တကောင်မိလျှင် တစ်ခါ အိမ်နဲ့ဝေးရာမှာ သွားသွားပစ်ပါ … ။
ပထမဆုံးရေးတဲ့စာဆိုပေမယ့် စာရေးကောင်းပါတယ် … နောက်ပို့စ်တွေတင်လျှင်လည်း ဖတ်ဖို့ စောင့်နေပါတယ်နော် ။ 🙂
Moe Z
October 20, 2011 at 3:31 pm
ကိုအမတ်မင်းရေ … ပြီးခဲ့တဲ့ကိစ္စကို ခဏခဏပြန်တွေးပြီး စိတ်မကောင်းမဖြစ်ပါနဲ့
သူလည်းဝဋ်ရှိလို့ခံရတာလို့သဘောထားလိုက်..
ဟိုအကောင်လေးတွေအတွက်တော့ ကြောင်တစ်ကောင်လောက်မွေးထားလိုက်ပါလား
kai
October 20, 2011 at 3:32 pm
ကြွက်တွေဖားတွေခေါင်းထဲ လူကဝင်ပြီး.. (လူ့ဦးနှောက်ကြီးနဲ့).. မစဉ်းစားဖို့.. မခံစားဖို့ပြောချင်တာပါပဲ..။
မဆန့်ဘူးလေ..။
မဆန့်တာကို အတင်းကာရော.. ထိုးထည့်တော့… ကိုယ်ပဲဒုက္ခရောက်မပေါ့…။
ဆိုတော့…
သတ်ရလောက်အောင် … လူကိုဒုက္ခပေးမယ့်အကောင်တွေ အားရပါးရ… သတ်ပါ..။
မရည်ရွယ်တဲ့..သတ္တဝါတခုခု.. မတော်တဆ သတ်မိ..ထိခိုက်မိရင်လည်း.. မတော်တဆကို မတော်တဆနဲ့ တုန့်ပြန်ပါ..။
လူက… ကိုယ့်ထောင်ခြောက်ထဲ.. .ခြေထောက်ညပ်မိရင်.. တောင်းပန်ပါ.. ဆေးကုပေးပါ..။ တာဝန်ယူပါ..။
ကြောင်က… ကိုယ့်ထောင်ခြောက်ထဲ.. .ခြေထောက်ညပ်မိရင်..ပိုင်ရှင်ရှိရင်တောင်းပန်ပါ..။ ကြောင်ကို ပြုစုပေးပါ..။ တာဝန်ယူပါ..။
ဖားက.. ကိုယ့်ထောင်ခြောက်ထဲ.. ညပ်မိရင်.. လွတ်ရာကျွတ်ရာ သွားလွတ်ပေးပါ..။ စိတ်ထဲ.. တာဝန်ရှိတဲ့အပြစ်လိုဖြစ်နေရင်.. ကိုယ့်မိဘ.. ဆရာဆီမှာ. .ဖြစ်ရပ်ကို ဖွင့်ပြောပြပြီး.. စိတ်ပေါ့ပါးအောင်.. လုပ်ပါ..။
ကံ..ကံအကျိုးဆိုတာ.. အဲဒါပါ…။
အဲဒီလို … ပြောကြည့်ချင်ပါကြောင်း…။
amatmin
October 20, 2011 at 4:21 pm
သူကြီးရေ..ဒါကြောင့်လည်း ရွာထဲ အမြန်ပြေးလာပြီးတော့..
စိတ်ပေါ့သွားအောင်ရင်လာဖွင့်တာပဲဗျ..ပြောရရင်တော့
သူကြီးလို.မန့်ပြီးနားလည်မှုပေးနိုင်မဲ့.
ရဲဘော်ဆက်လုပ်ဆိုတဲ့လူမျိုးရဲ့စကားလေးကြားချင်လို့ပါဗျာ..
နွယ်ပင်
October 20, 2011 at 3:41 pm
ကြွက်တွေ အရမ်းများလာရင် လူတွေကို ရောဂါရစေသလို စိတ်အနှောင့်အယှက်လဲ
တော်တော်ပေးပါတယ် ဒါပေမယ့်လေ ကြွက်ထေင်ချောက်ဆို အဲလိုထောင်ခြောက်မျိုးကိုတော့
သဘောမကျဘူး တစ်ခါတည်းသေသွားရင်တော်သေးတယ် တစ်ခါတစ်လေ မသေမရှင်ဖြစ်နေရင်
သူ့တို့အတွက်တော်တော်လေး နာကျင်ရမှာပဲ အဲတော့ သစ်သားလှောင်အိမ် ကြွက်ထောင်ချောက်
လေးနဲ့ဆိုရင် သူတို့လည်းအသတ်မသေသလို သွားပြီးလွှတ်ပစ်ရတဲ့ သူလည်းစိတ်ချမ်းသာတာပေါ့ ………
kai
October 20, 2011 at 3:55 pm
စိတ်တော့ မရှိနဲ့..
တွေးမိတာပါ..
ကိုယ်က ..တခြားကိုယ့်အိမ်နဲ့ဝေးရာနေရာ သွားလွှတ်တော့.. (အိမ်ကြွက်မို့) သူများအိမ်ပေါ်တက် ဒုက္ခပေးနိုင်တယ်.. မစဉ်းစားကြတော့ဘူးလား…။
ဒါက.. “ငါ့အပြစ်လွတ် ဗြွတ် ” နည်းပဲ..။
မနိပ်ပါဘူး.. ဒေါ်ဒေါ်နွယ်ပင်ရယ်..။ 😥
Moe Z
October 20, 2011 at 4:05 pm
သဂျီးကတော့ ပုံပြင်ထဲက “ငါ့မေတ္တာထက် ကပ္ပိယတောင်ဝှေးကပိုစွမ်းတယ်”ဆိုတဲ့ ဘုန်းကြီးလိုဖြစ်နေပြီ 🙂
နွယ်ပင်
October 20, 2011 at 4:49 pm
မနိပ်တာတော့ မနိပ်ဘူးပေါ့သဂျီးရယ်
ဒါပင်မယ့် နွယ်ပင်တို့ နားမှာတော့ အဲလိုပဲ သစ်သားအိမ်လေးတွေ
အပြိုင်လွှတ်နေကြတာပါပဲ … 😛
တစ်ခါကတော့ သဂျီးတွေးသလိုတွေးမိလို့ အဲလိုထောင်ချောက်မျိုးမဟုတ်ဘဲ
Happy ကထုတ်တဲ့ ကြွက်ချောကလက်ဆေးပြားကို ဝယ်လာမိတယ်
သူလဲ မထူးပါဘူးလေ နွယ်ပင်ရှေ့မှာ ဆေးစားမိတဲ့ ကြွက်တစ်ကောင်ကို
သေခါနီး ပါးစပ်ထဲကနေ သွေးတွေပန်းထွက်လာတာလဲတွေ့ရော
စိတ်မကောင်းလွန်းလို့ နောက်ဘယ်တော့မှမသုံးဖြစ်တော့ဘူးပဲ အဲတော့လဲ
သစ်သားလှောင်အိမ်လေးပဲ ပြန်သုံးဖြစ်နေတာပါပဲ …
ကိုယ့်ရှေ့မှာ မသေမရှင်ဖြစ်နေတာထက်စာရင်တော့ တော်သေးတယ်လို့
နွယ်ပင်ကတော့တွေးတယ် ..
etone
October 21, 2011 at 8:33 am
ကိုယ်လည်း အပျင်းမထူပဲ ကြွက်ဖမ်းပြီး ပြန်လွှတ်သလို …သူများအိမ်တွေလည်း ကြွက်ဝင်လာလျှင် ဖမ်းပြီး ပြန်လွှတ်ပေါ့ သဂျီးရဲ့ … ။ ကြွက်မို့ မနာကျင် မခံစားရဘူးဆိုတာကတော့ … တဖက်သတ်ဖြစ်သွားပြီ … ကြွက်လည်း နာတတ်တာပါပဲ 😀
amatmin
October 21, 2011 at 12:48 pm
မ.etoneရေ..သူတို့ကို ဖမ်းပြီးပြန်လွှတ်ပေးလိုက်လဲ.
နောက်အိမ်ကူးသွားခဲ့ရင်သူတို့လဲ ကိုယ်လိုခံရမှာပဲလေ.
ပြီးတော့အောက်မှာ မန့်ထားကြတဲ့.ဒီကြွက်တွေကိုရှင်းမှ.ရောဂါကင်းမယ်ဆိုတဲ့ဘက်ကကြည့်ရင်..
တကယ်ကို စီမံချက်နဲ့ ရှင်းသင့်တဲ့အကောင်ပလောင်တွေ ကိုနံပါတ်စဉ်တပ်လိုက်ရင်..
အမှတ်စဉ်တစ်ကလွဲပြီးပေးစရာမရှိဘူးထင်တယ်..
မနွယ်ပင်ရေ..တချက်ထဲ နဲ့ကို သေတာပါပဲဗျာ..
သစ်သားအိမ်လေးတွေအပြိုင်လွှတ်နေကြတာပါပဲ ဆိုတော့
သူတို့တွေဟိုအိမ်ဒီအိမ်ကူးပြီးပျော်ပျော်ကြီးမျိုးပွားနေကြတာပေါ့နော်..:D
etone
October 21, 2011 at 3:47 pm
ကိုယ့်အိမ်ကကြွက် သူ့အိမ်နားသွားလွှတ် … သူကလည်း ကိုယ့်အိမ်နားကြွက်လာလွှတ် …. တစ်လှည့်စီ ဖမ်းနေတာနဲ့ …. ဟီးဟီး … အိမ်မှာရှိတဲ့လူတွေ မပျင်းရတော့ဘူးပေါ့ အမတ်မင်းရေ…
နွယ်ပင်
October 21, 2011 at 4:06 pm
တချက်ထဲ နဲ့ကို သေတာကတော့ သေတာပါပဲ
ဒါပေမယ့် သေခါနီးကိုယ့်ရှေ့မှာ ပါးစပ်ထဲ့ သွေးတွေပန်းထွက်လာတော့
စိတ်မကောင်းဘူးပေါ့လေ ဒါပေမဲ့ Happy ကထုတ်တဲ့ ကြွက်ချောကလက်ဆေးပြားက
တစ်ခုကောင်းတာက ကိုယ့်ရှေ့မှာလာသေတာမဟုတ်ရင် ကြွက်သေကိုမတွေ့လဲ
ပုပ်စော်မနံတာပေါ့ . နွယ်ပင်တို့ကတော့ ဒီလိုပဲ လှောင်အိမ်လေးနဲ့ အပြိုှုင်လွှတ်နေရင်း
(မျိုးပွားမပွားတော့ မသိဘူး) အိမ်မှာ ကြွက်မရှိတော့ဘူးပဲ ……….. 😀
nozomi
October 20, 2011 at 3:45 pm
သတ္တဝါတွေကိုတော့ သနားပါတယ်
သူတို့တွေကိုတော့ ဘာမှ မဖြစ်စေချင်ပါဘူး
ဒါပေမဲ့ သူတို့ရှိတာက ကိုယ့်ကို မထိခိုက်ဘူးဆိုရင်တော့ အကြောင်းမဟုတ်ဘူး
အခု ကြွက်ဆိုတာက ရောဂါရမယ်၊သူတို့ကိုက်ဖြတ်လို့ ပျက်ဆီးမယ် အဲဒီတော့ ရွေးရတော့မယ်
ကိုယ့်မှာ ရောဂါအရခံမလား သူတို့ကိုတားမလား တစ်ခုခုပေါ့
ကြောင်မွေးကြည့်ပါလား ကြောင်ကိုက်တာ ကိုယ်နဲ့ ဘာမှ မဆိုင်တော့ဘူးလေ ( 🙂 )
မရှိရင် ရွာထဲမှာ ကြောင်စပယ်ရှယ်လစ်တွေရှိတယ် သူတို့ဆီတောင်း
ပေါက်ဖော်
October 20, 2011 at 4:01 pm
ဖားက အိမ်ပေါ်ထိ တက်လာတာလားဟင်
တံခါးလေးဘာလေး ပိတ်အိပ်လေ….တော်ကြာ..
ကြွက်တွေကော.ဖားတွေကော..ဆို..တခြားကောင်တွေပါ ဝင်လာဦးမယ်..
ခြင်္သေ့တို ့..ကျားတို ့..ဆင်တို ့..ဟိ..ဟိ..
ဖားကြီး ညှပ်မိနေတာ မြင်ယောင်ပြီး ကြက်သီးတောင်ထတယ်..
အိ 😯
amatmin
October 20, 2011 at 4:12 pm
ကိုစိန်သော့ရေ.ဒါကိုတွေးမိလိုက်ရင်..မျက်လုံးက ကိုယ့်ခြေထောက်ကို ကြည့်ပြီးသားပဲဗျ…
အာရုံထဲကိုယ်ထင်ပြနေတဲ့.ဖားသတ္တဝါ ကဖျောက်ဖို့ အခက်သားကိုး..
နီလေးရေ…..အခုတလောမှာတော့.အဲဒီစိတ်ကြီးကိုပြန်ဖျောက်နေပါတယ်ဗျာ..
မ နော.နဲ့ မအိတုံ တို့ပြောတာလဲ မှန်ပါတယ်.
အမှန်က ကြွက်တွေကိုကျွန်တော်ကဘာလို့သနားစိတ်မဝင်မိလဲဆိုတော့..
ရှင်းရှင်းပြောရ ရင်ကျွန်တော်က..
ကြွက်တွေကို.ရွံ့ကြောက်ကြီးဗျ(လူတကိုယ်အကြောက်တမျိုးဆိုကြတာကိုး)
တုတ်နဲ့တောင်မရိုက်ရဲဘူးဗျ..ညှပ်ထောင်တာကလဲ ထောင်ပြီးရင်ကျွန်တော်က မကြည့်တော့ဘူး။
မိသွားပြီဆိုရင်.ညီမတွေက.ဖြုတ်တာကိုး.ပြီးတော့ ဘယ်လိုကြီးသေနေတာဆိုတာ.
ကျွန်တော့မပြောကြပါဘူး..ပြောရင်မထောင်ပေးတော့ဘူးဆိုတာသိကြတယ်လေ။
ဆိုတော့ဗျာ ကြွက်သေပုံကို ကိုယ်တိုင်မမြင်ရတော့လဲ.မသနားမိတာအမှန်ပါ..
ဒီဖားကြီး ကျတော့ ကိုယ်တိုင်လက်နဲ့ ကိုင်တွယ်ပြီးဖြုတ်ပေးရတာလဲပါသလို..
အသက်မသေ သေးတော့လဲခံစားနေရတာကြီးကို တွေ့နေရတော့
အသနား ပိုသွားတယ်ထင်ပါတယ်ဗျာ..
ဒါနဲ့ Moe Z..ပြောသလို.ကြောင်မွေးပြန်ရင်လည်း.
ကြောင်တကောင်ရဲ့ဒုက္ခ ကပိုဆိုးမယ်ထင်တယ်နော်..
youngcat
October 20, 2011 at 4:55 pm
ကြွက်အတွက် ရတက်မအေးဖြစ်နေသလား
ကြောင်တပ်မတော်ကြီးနဲ့ဆက်သွယ်လိုက်ပါ။
မိုးဇက်ရေ ပုံပြင်လေးအကျယ်ရေးစမ်းပါဦးဗျ၊ခေါင်းစဉ်လေးစိတ်ဝင်စားတယ်။
ကြောင်တစ်ကောင်အတွက် ဒုက္ခတဲ့လား၊
ကြောင်တစ်ကောင်ရဲ့ခံစားချက်လေးကိုကောထည့်မစဉ်းစားတော့ဘူးလား
oakermg
October 20, 2011 at 7:19 pm
ခြင်၊ယင်၊ မှက် အကောင်လေးတွေကိုရော ထည့်စဉ်းစားကြပါဦး…
အကောင်ငယ်ပေနဲ့ သူတို့လဲ အသက်နဲ့ပဲလေ…
အသက်နဲ့ပေမဲ့ မွေးထား ကျွေးထားလို့ မှ အဆင်မပြေတာနော်…
ကြွက် အပါဝင် ခြင်၊ ယင် ၊ မှက် ၊ သန်း အစရှိသတ္တဝါလေးတွေ က
ကျနော်တို့ အတွက် ရောဂါ တစ်ခုခုကိုသာလျင်သယ်ဆောင်တတ်တာမျိုး..
ဒီတော့.. အပြန်နှုတ် ၊ အပြုတ်နှံပစ်တာ အကောင်းဆုံး လို့ယူဆမိပါကြောင်း…။
thit min
October 20, 2011 at 7:24 pm
အကုသိုလ်ကိုမေ့ပျောက်ရာ၏
ကုသိုလ်ကိုကားအဖန်ဖန်တလဲလဲသတိရ ရာ၏။
ကိုယ်မလုပ်သောအကုသိုလ်ကို ကိုယ်လုပ်သကဲ့သို့မခံစားရာ
ကိုယ်မလုပ်သော ကုသိုလ်တရား ကို ကိုယ်လုပ်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာ နုမောဒနာပြုရာ၏။
amatmin
October 20, 2011 at 11:04 pm
ဆရာသစ်ရေ..ကောင်းလိုက်တဲ့ အကြံပေးစကားပါ..အမှန်တော့လည်း
ကျွန်တော်ဒီပို့စ် တင်ပြီးမကြာခင်ပဲ ဆရာသစ်ရဲ့ “သည်အလှူ” ကိုဖတ်ပြီး
ပြုလုပ်တဲ့ စေတနာနှစ်ခုရဲ့ ကွာခြားချက်ကိုတွေးမိပြီး.ဆရာသစ်ပြောတဲ့
အတွေးလေးတော့ဝင်မိကြောင်းပါဗျာ..
MaMa
October 21, 2011 at 9:27 am
လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးတဲ့။ တချို့လူတွေက ခြင်ပိုကိုက်ခံရတတ်တယ်တဲ့။ အဲဒီအထဲမှာ ကျမလည်းပါတယ်။ အတူတူ ထိုင်နေကြသူတွေအချင်းချင်း ခြင်တစ်ကောင်မြင်ရင် ကိုယ့်ကိုချည်းပဲ ကိုက်နေသလားထင်ရတယ်။ ဣန္ဒြေမဆယ်နို်င်အောင် လှုပ်စိလှုပ်စိနဲ့ ယပ်တောင် တယမ်းယမ်းနဲ့ပေ့ါ။
နောက်ပိုင်း ပါမောက္ခချုပ်ဆရာတော်ကြီး တရားနာပြီးတဲ့အခါ (ကြီးကြီးကျယ်ကျယ်တွေးပြီး) အသွေးအသားကိုလှူတာ ပါရမီမြောက်ကုသိုလ်ဖြစ်တယ်ဆိုတော့ ခြင်ကိုက်ရင်လည်း အသွေးအသားကို လှူတာပဲဆိုပြီး သည်းခံလိုက်တယ်။ ထူးထူးခြားခြား ခြင်ကိုက်ခံရတာ သက်သာလာတာကို သတိထားမိတယ်။
အကြံတစ်ခုပေးချင်တာက ကြွက်မလာအောင် စားကြွင်းစားကျန်တွေကို ညမအိပ်ပဲ လွှင့်ပစ်ပါ (သို့) ချက်ခြင်းမလွှင့်ပစ်နိုင်ရင် ကြွက်ကိုက်လု့ိမရတဲ့ သံပုံးလိုမျိုး ပုံးထဲမှာထည့်ထားပါလို့။
ရွှေတောင်ကုန်း ပဏ္ဍိတာရာမဆရာတော်ကြီးဆိုရင် ကျောင်းမှာ အဲဒီလို ကြွက်အန္တရာယ်ကင်းအောင် လို့ စားကြွင်းစားကျန် မကျန်အောင် စားခိုင်းတယ်။ စနစ်တကျ စွန့်ပစ်ခိုင်းတယ်။ ခြင်မရှိအောင် ရေမအိုင်အောင်၊ ရေစီးရေလာကောင်းအောင် ပြုပြင်တယ်။ မြွေအန္တရာယ်ကင်းအောင် ခြုံပုတ်မရှိအောင် ရှင်းတယ်။
etone
October 21, 2011 at 4:11 pm
မမရေ… အိမ်မှာ တခြားလူတွေအားလုံးရှိပါလျှက် …သူတို့ ခြင်ကိုက်မခံရပဲ ကိုယ်တယောက်တည်းကိုက်ခံရတာ …. အလှူပေးရမယ့်ပါရမီပါလို့ဖြစ်မယ် … ။ ကျွန်မလည်း အတူတူပဲ … တခြားလူတွေတော့မကိုက်ပဲ က ိုယ့်ချည်းကိုက်ခံနေရလျှင် စိတ်ကိုတိုရော 😛
Shwe Ei
October 21, 2011 at 11:59 am
ကြွက်ထောင် ဖားမိ ဖြစ်တာတော့ ဘယ်တတ်နိုင်မလဲ အမတ်မင်းရယ်။ ကျမတို့ အိမ်မှာလဲ ကြွက်က လူပေါ်တောင်တက်လာလို့ ချောကလက်ကျွေးလိုက်တာ ရှောကုန်ဘီ။ အမှိုက်မရှုပ်ပေမဲ့ အိပ်ရာခင်းတွေ ခေါင်းအုံးစွပ်တွေတက်ကိုက်တာတော့ သီးမခံနိုင်ဘူး။
amatmin
October 21, 2011 at 12:53 pm
Shwe Ei ရေ..တော်သေးတာပေါ့..အဲလိုမျိုးချောကလက်ကျွေးဖူးတဲ့လူပါတော့
အများပြောသလို ဝဋ်လည်တောင် အဖော်အပေါင်းလေးနဲ့ဆိုတော့ နဲနဲပိုမြိုင်တာပေါ့ဗျာ..
nayminn
October 21, 2011 at 4:06 pm
သောင်းကျန်းနေတဲကြွက်တွေ့ထဲက တစ်ကောင် မိအောင်ဖမ်းပါ သဘောင်္ဆေးအဖြူသုတ်ပြီး ပြန်လွှတ်လိုက်ပါ…အဲဒီကြွက်ဖြူရှိနေသရွေ့တခြားကြွက်တွေပြေးရော..။အဲဒီကြွက်ဖြူရဲ့ဒဏ်တော့ခံနေရမယ်နော…။
စုံ စုံ
October 21, 2011 at 4:10 pm
amatmin ရေ ကျမအိမ်မှာလဲဟိုတလောကကြွက်တွေနဲနဲသောင်းကျန်တယ်လေ
သူများတွေပြောတာနဲ့ချောက်ကလက်ဝယ်ကြွေးတာပေါ့(မဟုတ်ရင်ခေတ်နောက်ကျမှာစိုးလို့ :P)
ကိုယ်တော်ချောကြွက်တွေကဘယ်လောက်ထိကြွက်ပါးဝလဲဆိုရင် အဲ့ဒိhappy ချောကလက်ထုပ်ကိုပါ
ဆွဲပြေးလို့ ချောကလက်တထုပ်လုံးပါသွားဘူးတယ်
ကျမလဲနောက်ထပ်ချောကလက်တထုပ်ထပ်ဝယ်ပြီးကျွေးတာပေါ့
ဒီအခါကျတော့သူတို့ကပိုလည်သွားပြီ လုံးဝကိုမစားတော့တာ
အခုထိအိမ်မှာအဲ့ဒိချောကလက်ထုပ်ကြီးကျန်နေသေးတယ်
ဒါပေမယ့်ခုနောက်ပိုင်းဘာလို့တုန်းမသိဘူး သိပ်မသောင်းကျန်းကြတော့ဘူး