လိင်ဈေးတန်းမှာ နင်းခြေခံလိုက်ရတဲ့ပန်းကလေး
နအဖက ဖွဲ့စည်းပေးထားခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီကနေ ထိုင်း – မြန်မာနယ်စပ်ကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေနဲ့ ပတ်သက်ပြီး ပညာပေး ဇာတ်လမ်းတစ်ခုကို ဇူလိုင် (3) ရက်နေ့က မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်ပြသခဲ့ရာမှာ အတော်ကို သဘာဝတရားနဲ့ ယုတ္တိ နည်းပါးလွန်းတယ်လို့ ဝေဖန်စရာတွေ ဖြစ်ပေါ်လာပါတယ်။
ထိုင်းနိုင်ငံကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေဟာ အိမ်မှာ လိုလေသေး မရှိအောင် မိဘတွေ ထားပေးတဲ့ကြားက မိဘတွေကို စိတ်ဆိုးစိတ်ကောက်ပြီး ထွက်လာကြတာ တစ်မျိုး၊ မြန်မာနိုင်ငံမှာ အလုပ်တွေ တောင်လို ပုံအောင် ရှိနေတဲ့ကြားက အပျော်သဘောမျိုးနဲ့ အလုပ် ထွက်လုပ်တာမျိုးက တဖုံ၊ သူငယ်ချင်းတွေနဲ့ စုမိပြီး သူများခေါ်လို့ လိုက်လာကြတာက တစ်နည်း စသဖြင့် ထွက်လာကြတာလို့ ဆိုပါတယ်။
ဒီလို အမျိုးသမီးတွေကို တိုင်း ၊ မြို့နယ်၊ ကျေးရွာ အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်တွေက လိုက်လံကယ်ဆယ်ပြီး မိဘရပ်ထံ အပ်နှံခဲ့တယ်လို့ ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။ အဲဒီလို ဇာတ်လမ်းမျိုးတွေကို နအဖအကြိုက် လိုက်လုပ်ပေးနေရတဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီဟာ မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဘာတွေများ တာဝန် ယူပေးနေကြသလဲ ဆိုတာ မသိနိုင်ပေမယ့် သိန်းနဲ့ချီပြီး ထိုင်းနိုင်ငံကို အလုပ် လာလုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်ကို ကြည့်ရင် ဘာကြောင့်ဆိုတာ အဖြေထုတ်ဖို့ လိုမယ် မထင်တော့ပါဘူး။
ကျမတွေ့ဆုံခဲ့ရတဲ့ အမျိုးသမီးလေး တစ်ဦးကတော့ မိဘနဲ့ စိတ်ကောက် စိတ်ဆိုးလို့ အပျော်သဘောနဲ့ မဲဆောက်ကို ရောက်လာ သူတော့ မဟုတ်ခဲ့ပါဘူး။ မိဘမဲ့ဘဝ ၊ စားရမဲ့ သောက်ရမဲ့ ဘဝနဲ့မို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လာရောက် ရောင်းစားတာကို ခံခဲ့ရပါတယ်။ သူမလိုချင်တာက ပန်းကန်ဆေး၊ ထမင်းချက်၊ အိမ်ဖော် အလုပ်လေးတွေပါ။ ဒါပေမဲ့ (13) နှစ် အရွယ် အပျိုမဖြစ်သေးတဲ့၊ ရင်သားက အစ မထွက်သေးတဲ့ အချိန်မှာပဲ “ပြည့်တန်ဆာ လောက” ရဲ့ ပါကင်ဖောက်တဲ့ စာရင်းထဲကို ဝင်သွားခဲ့ရပါတယ်။ ပါကင်ဖောက်တယ်ဆိုတာ ပြည့်တန်ဆာ အတွေ့အကြုံ လုံးဝမရှိသေးတဲ့ HIV / AIDS ရောဂါကင်းစင်တဲ့ အပျိုဖြန်း၊ အပျို မဖြစ်တဖြစ် အမျိုးသမီးလေးတွေကို ဈေးကြီးကြီးနဲ့ ရောင်းစားတဲ့ စနစ်တစ်ခုပါပဲ။
(13)နှစ်အရွယ် ကရင်မိန်းကလေးငယ် တစ်ဦးဟာ ပြည့်တန်ဆာရုံမှာ ရောင်းစားခံရပြီး ပါကင်ဖောက်တယ် ဆိုတာကို စတင်ကြားသိရတဲ့ လိင်ဈေးတန်းက ပထမဦးဆုံး သူမရဲ့ ဖြစ်ရပ်ကို အခုလို ပြောပြခဲ့ပါတယ်။
“ပထမဦးဆုံး သမီးကို ဖာရုံမှာ မထားသေးပါဘူး။ သူတို့ခေါ်တာ ဘာလဲမသိဘူး။ ပါကင်ဖောက်တယ်ဆိုလား ဘာလဲ မသိဘူး။ အဲဒီနေရာကို ပို့လိုက်တယ်။ အဲဒီနေရာကို ပို့လိုက်လိုက်ချင်းမှာပဲ လူကြီးတစ်ယောက်က ပါကင် စပြီး ဖောက်တယ်။ သမီးကပြောတယ်၊ အဲဒီလူကြီးကို ကျမကို ဘာလုပ်မှာလဲလို့ မေးမိတယ်။ အဲဒီဦးလေးကြီးက နင့်အတွက် ငါ ပိုက်ဆံ ပေးပြီးသွားပြီ၊ နင့်ကို ငါကြိုက်သလို လုပ်လို့ရတယ်လို့ ပြန်ပြောတယ်။ အဲဒီမှာ ကျမက ပုန်ကန်တော့ ရိုက်နှက်ပြီး လုပ်တယ်။ ပြီးတော့ အဲဒီမှာ ကျမကို 3 ခါလား မမှတ်မိတော့ဘူး – ပါကင်ဖောက်တယ်။ ဖောက်ပြီးတော့ ဖာရုံက ဖာခေါင်းမက လာပြန်ယူပြီး သူတို့ရဲ့ ဒါလင်ရုံမှာ အလုပ်လုပ်ခိုင်းတယ်။ အပြင်လည်း မထွက်ရဘူး။ အပြင်ထွက်ဖို့ နေနေသာသာ ပြတင်းပေါက်တောင် မကြည့်ရဘူး။ ကြည့်မိရင် ရိုက်တယ်။ ထမင်းလည်း ဝအောင် မကျွေးဘူး။”
ပါကင်ဖောက်ပြီးတဲ့ အချိန်မှာတော့ မဲဆောက်မြို့က ပြည့်တန်ဆာရုံကို ရောက်ရှိခဲ့ပါတယ်။ ပြည့်တန်ဆာရုံကို ရောက်တဲ့အခါမှာ ဧည့်သည်တွေကို မြူဆွယ်တဲ့အလုပ်ကို စတင်လုပ်ခဲ့ရပါတယ်။ စကတ်တိုတိုမှာ အတွင်းခံမပါပဲ လူမြင်သာတဲ့ နေရာမှာ စတင် ထိုင်ခဲ့ရပါတယ်။ ထိုင်ပုံထိုင်နည်းကအစ ပြည့်တန်ဆာခေါင်းတွေက သင်ကြား ပြသထားတာကြောင့် ထိုင်တဲ့ပုံ မဟုတ်ရင် ပြည့်တန်ဆာများကို ကြီးကြပ်တဲ့သူတွေက ရိုက်နှက် အပြစ်ပေးတာကို ကလေးမလေးဟာ တွေ့ကြုံခဲ့ရပါတယ်။
သူတို့ရဲ့ အကျႌပေါ်မှာ ချိတ်ဆွဲထားတဲ့ နံပတ်ပြားလေးတွေကို ကြည့်ပြီး ကြိုက်ရင် လက်ညိုုးထိုး ခေါ်ယူနိုင်တဲ့ ဧည့်သည်တွေရဲ့ ဆန္ဒကို ပြည့်တန်ဆာဘဝ သွတ်သွင်းခံထားရတဲ့ အမျိုးသမီးတွေက ခေါင်းခါ ငြင်းဆန်ခွင့် မရှိခဲ့ပါဘူး။ တနေ့မှာတော့ အပြင်ကို ခေါ်ဆောင်သွားမယ့် ဧည့်သည်ရဲ့ နောက်ကို သူမ လိုက်ခဲ့ရပါတယ်။
“သမီးဘဝက အဲဒီ ဧည့်သည် ခေါ်သွားတဲ့နေ့က အဆိုးဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီဧည့်သည်က ဒါလင်ရုံကနေ ခေါ်သွားပြီး ပြန်မပို့ဘူး။ သမီးစိတ်ထင်တယ်။ သမီးတော့ သေပြီလို့။ လမ်းသရဲတွေလား မသိဘူး။ တောင်ယာထဲမှာ အလုပ်လုပ်တဲ့ လူနှစ်ယောက်က သမီးကို တောထဲမှာ တွေ့သွားတယ်။ ဓားကြီးနဲ့။ သမီးစိတ်ထင်နေတယ် – ငါတော့သေပါပြီလို့။ အဲဒီလူနှစ်ယောက်က သမီးကို ခြေတွေ လက်တွေမပြီး ခေါ်သွားတယ်။ သမီး အော်ဟစ်နေမိတယ်။ သမီးကို ဘာလုပ်မလို့လဲ၊ သမီးမှာ ပိုက်ဆံလည်း မရှိပါဘူး။ ဘာလိုချင်လို့ ခေါ်သွားရတာလဲလို့ အော်ဟစ် တောင်းပန်နေမိတယ်။ အဲဒီလူနှစ်ယောက်က သမီးကို တဲတစ်ခုကို ခေါ်သွားတယ်။ တဲကိုရောက်တော့ လူ (6) ယောက်လောက် စ်ရှိမယ်၊ သမီးကိုဝိုင်းပြီး တစ်ယောက်တစ်လှည့် အဓမ္မ ပြုကျင့်ကြတယ်။ ”
မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်ကနေ သွေးအလိမ်းလိမ်း ယိုစီးထွက်ခဲ့ရသလို အထက်ကိုဆန်ပြီး ပါးစပ်၊ နှာခေါင်း နေရာတွေ ကနေ မြင်မကောင်းအောင် သွေးတွေစီးဆင်းခဲ့တယ်။ ဒီလိုနဲ့ ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်ရင်း ဦးတည်ရာမဲ့စွာ လမ်းပေါ် ရောက်ရှိလာခဲ့ပါတယ်။ ဒီတော့လည်း ကံကြမ္မာက သူ့လက်ထဲ ရှိမနေပြန်ပါဘူး။ ပြည့်တန်ဆာတစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ နောက်ဆုံးမှာတော့ ပြည့်တန်ဆာခေါင်းတွေ လက်ထဲကိုပဲ သူမ ပြန်ရောက်ရှိခဲ့ပါတယ်။
“သမီးဒါလင်ရုံကို ပြန်ရောက်လာတဲ့အချိန်မှာ ပြည့်တန်ဆာခေါင်းမက မေးတယ်။ နင်ဘာလို့ နှစ်ရက်တောင် ကြာနေရတာလဲ၊ နင်ထွက်ပြေးတာ မဟုတ်လားဆိုပြီး သမီးကို ရိုက်နှက်ပြန်တယ်။ အခန်းထဲမှာ သော့ခတ်ပြီး ထားတယ်။ ထမင်းလည်း မကျွေးဘူး။ (10) ရက် ကြာသွားတယ်။ သမီးရဲ့ ဘဝတူ သူငယ်ချင်းတွေက စားစရာတချို့ လာခိုးကျွေးကြတယ်။ သမီး သူတို့ကို ပြောခဲ့ပါတယ်။ နင်တို့ကျေးဇူး ငါမမေ့ပါဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီလို (10) ရက် ကြာပြီးတဲ့ အချိန်မှာ သမီးထွက်ပြေးဖို့ လုပ်ခဲ့တယ်။ သမီးဘဝက ဒီထက်ပိုပြီး ဆိုးစရာ မရှိတော့ဘူးလေ။ သမီး အဲဒီတိုက်ကနေ ခုန်ချထွက်ပြေးမယ်။ သေချင်လည်း သေပါစေဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်ခဲ့မိတယ်။ သမီး မနေနိုင်တော့ဘူး။ သမီး ခုန်ဆင်းခဲ့ပါတယ်။”
ဒီလိုနည်းနဲ့မှ မသေရင် ဘယ်တော့မှ သေဖို့မရှိတော့ဘူး။ ပြတင်းပေါက်ပေါ်ကနေ ခုန်ချထွက်ပြေးမှပဲ ငါ လွတ်မြောက်တော့မယ် ဆိုပြီး “ဒါလင်”လို့ အမည်ရတဲ့ ပြည့်တန်ဆာရုံကို နောက်လှည့်မကြည့်တော့ပဲ ထွက်ပြေး လွတ်မြောက်သွားတဲ့ မိန်းမငယ်လေး ချိုချိုစမ်းဟာ သူ ဘယ်လိုဘဝမျိုးတွေ ထပ်ကြုံတွေ့ရပါသလဲဆိုတာ ကျမတို့ အမျိုးသမီးတွေ စိတ်ဝင်စားကြဦးမလားပဲ။
ပြည့်တန်ဆာရုံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ချိုချိုစမ်းဟာ “ပြည့်တန်ဆာရုံကနေ အထွက် အမျိုးသားတစ်ဦးရဲ့ ကောင်းမှုနဲ့ သမာအာဇီဝ အလုပ်လုပ်ကိုင်ဖို့ ဘန်ကောက်မြို့ကို တက်ခဲ့ပါတယ်။ အရင်အလုပ်ကလွဲရင် ဘာပဲလုပ်ရ လုပ်ရပေါ့။ ဘန်ကောက်မှာ အလုပ် လုပ်ကိုင်နေရင်း အသက် (14) နှစ်ထဲမှာ အိမ်ထောင် ကျခဲ့ပါတယ်။
အိမ်ထောင်ကျပြီး ကိုယ်ဝန် (5) လမှာ ခင်ပွန်းဖြစ်သူက နောက်အိမ်ထောင်ပြုတာကြောင့် သူမဟာ အားကိုးအားထား ပြုစရာ မရှိလောက်အောင် ဝမ်းနည်း ကြေကွဲခဲ့ရပါတယ်။ ဒီလိုနဲ့ သူမဟာ တရားမဝင် အလုပ်သမလေးဘဝနဲ့ ဝမ်းတထွာအတွက် ရုန်းကန်ရင်း ရင်သွေးငယ်ကို ငတ်တလှည့် ပြတ်တလှည့် ဘဝနဲ့ ပြုစု ထိန်းသိမ်း ခဲ့ရရှာပါတယ်။ တနေ့မှာ တရားမဝင် အလုပ်သမားတွေကို ထိုင်း လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ဘန်ကောက် အချုပ်ထောင်ကနေ ကယ်ရီခ မလိုပဲ မဲဆောက်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ သူမရဲ့ဘဝတွေကို ကြောက်ရွံ့ထိတ်လန့် ခဲ့ရပေမယ့် ပြည့်တန်ဆာလောကကို ဘယ်တော့မှ ပြန်မသွားတော့ဘူးလို့ သူမ သန္နိဌာန် ချခဲ့တယ်။ ပြည့်တန်ဆာ ဘဝမှာတောင်မှ သူမဟာ အနှိမ်ခံဘဝ ဖြစ်ခဲ့ရပါတယ်တဲ့။ မိဘမဲ့ ဖာဆိုပြီး ဝိုင်းဝန်းပြောတာ ခံရတယ်ဆိုပဲ။
“သူတို့က သမီးကို နှိမ်တယ်။ အဖေ အမေမရှိ သားသမီးတဲ့၊ သူများ လာရောင်းစားတာ ခံရတယ်တဲ့၊ ဖာတောင်မှ မိဘမရှိတဲ့ ဖာဆိုပြီး ပြောကြတယ်။ သမီး မမှုပါဘူး။ ငါပိုက်ဆံလိုချင်လို့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး။ ငါမသိလို့၊ ငါ သူများရောင်းစားတာ ခံရလို့ လာလုပ်ရတာလို့ ပြန်ပြောတယ်။”
ပြည့်တန်ဆာရုံထဲမှာ သူမလို အသက်မပြည့်သေးတဲ့ ကလေးတွေ ရှိကြတယ်လို့ ဆိုပါတယ်။ ချိုချိုစမ်းကို ဆေးရုံက ကျန်းမာရေး ပညာပေး ဆရာမတွေ လာရောက်ပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးခဲ့ရာမှာ သူမကိုယ်ထဲမှာ ဆစ်ပလစ်ပိုး တွေ့ရှိခဲ့ ပါတယ်။ သေလောက်တဲ့ပိုး မဟုတ်ပေမယ့် သူမဟာ ထိတ်လန့်ကြောက်ရွံ့ရှာတယ်။ သူမလိုပဲ ရောဂါဖြစ်နေသူတစ်ဦး အကြောင်းကိုလည်း ပြောပြခဲ့ပြီး ပြည့်တန်ဆာခေါင်းဆီကနေ ရောဂါရှိနေပြီဆိုပြီး ဒါလင်ရုံကနေ ထွက်ခွာခွင့် တောင်းခဲ့တယ်။
“အဲဒီမှာ နောက်ထပ် ကောင်မလေးတစ်ယောက် ရှိခဲ့တယ်။ အသက်က (12)နှစ်၊ သမီးထက် တစ်နှစ်ငယ်တယ်၊ ကျမမှာ ရောဂါ ရှိနေပြီလို့ သူကပြောတယ်။ ကန်တော့နော်။ သူထိုင်လိုက်လို့ရှိရင် မိန်းမကိုယ်နေရာမှာ အရည်တွေ၊ ပြည်တွေကျတယ်။ ဘယ်ဧည့်သည်ကမှ သူ့ကို မငှားတော့ဘူး။ ဖာခေါင်းမတွေက သူ့ကိုမောင်းထုတ်တယ်။ တနေ့ကျတော့ ဖာခေါင်းမက အစည်းအဝေးခေါ်ပြီး အမျိုးသမီးတွေ အားလုံးကို ပြောတယ်။ ရောဂါရှိတဲ့သူတွေ မောင်းမထုတ်ခင် ထွက်သွားနော်တဲ့။ မပေးနေဘူး ပြောတယ်။ ဒီတော့ သမီးမှာ ရောဂါရှိနေပြီ။ ဒီကနေ ထွက်သွားပါရစေလို့ ခွင့်တောင်းမိတယ်။ ဖာခေါင်းမက ပြောတယ်၊ ဆစ်စ်ဖလစ်က အပေါ့ပဲတဲ့။ AIDS မဟုတ်ဘူးတဲ့။ ထွက်သွားစရာ မလိုသေးဘူးတဲ့၊ ဒီတော့ သမီး ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ”
အခုလို ပြည့်တန်ဆာလောက အကြောင်းကို ပြောပြနေပေမယ့် သူမမှန်းသိရင် (ပြသနာ) ရှာကြလိမ့်မယ်ဆိုတဲ့ ကြောက်စိတ်တွေ လည်း ရှိနေခဲ့ပါတယ်။ မဲဆောက်မြို့ကို ကိုယ်ဝန်နဲ့ ပြန်ရောက်လာချိန် အခြေအနေကို ပြောပြရာမှာတော့ – “မဲဆောက်ဈေးကို သမီး ပြန်ရောက်လာတော့ ကိုယ်ဝန်နဲ့လေ၊ ကလေးကလည်း ဘယ်မှာမွေးရမှန်း မသိ၊ ကျောင်းသားဆေးခန်း (မယ်တော်ဆေးခန်း) က ဆရာမကြီးတစ်ယောက် ဟင်းသီးဟင်းရွက် လာဝယ်ရင်း သမီးကိုဈေးမှာ တွေ့သွားတယ်။”
“သမီးကို သူက မေးတယ်၊ သမီး နင်ဘယ်မှာ ကလေးမွေးမှာလဲလို့ မေးတယ်၊ နင်ဘယ်မှာ နေသလဲတဲ့၊ ယောက်ျား ကတော့ နောက်အိမ်ထောင် ပြုသွားပြီလို့ ပြန်ပြောပြခဲ့တယ်။ ဒါဆိုရင် မနက်ဖြန် ဆေးခန်းကို လာခဲ့ဆိုပြီး ကားခနဲ့ ထမင်းစားဖို့ ဘတ် (၁၀၀) ပေးသွားတယ်။ ဆေးခန်းကို သွားတော့ ဆရာမက ကိုယ်ဝန်ကိုလည်း ကြည့်ပေးတယ်။ သွေးလည်း စစ်ပေးတယ်။ သမီးသွေးက နောက်အပတ်ဆို ရောဂါရှိမရှိ သိရမယ်လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ နောက်အပတ်ကျတော့ ဆေးခန်းကို သမီးပြန်လာခဲ့တယ်။ ဆရာမကြီးနဲ့ တွေ့တော့ သမီးမှာ ရောဂါပိုးရှိတယ်လို့ ပြောပြတာကို ကြားရတယ်။ သမီးတကိုယ်လုံး တောင့်သွား သလို ဖြစ်ရတယ်။ သမီးလန့်သွားပြီး ရင်တွေလည်း တုန်ယင်သွားမိတယ်။ ရောဂါပိုးရှိရင် သမီးလည်း မကြာဘူး၊ သေရလိမ့်မယ်။ ဗိုက်ထဲက မွေးလာတဲ့ ကလေးကကော သမီးမရှိရင် သူဘယ်သူနဲ့ နေမလဲဆိုပြီး သမီးအမျိုးစုံ တွေးတောနေမိတယ်။”
“သမီးက ဆရာမကြီးကို ဘာရောဂါပိုး တွေ့လဲလို့ မေးမိတယ်။ ဆရာမကြီးက စိတ်မပူပါနဲ့ သမီးရယ်တဲ့။ ကာလသားရောဂါဟာ ကုရင်ပျောက်ပါတယ်တဲ့၊ အဲဒီမှာ ဆေးလည်းထိုးပေးတယ်။ ဆေးလည်း သောက်ခိုင်းတယ်။ ဒီလိုနဲ့ သမီးဟာ ကလေး မွေးဖွားဖို့ရက် နီးကပ်လာခဲ့တယ်။ ကလေးကို ကျောင်းသားဆေးခန်းမှာပဲ သွားမွေးခဲ့တယ်။ ကလေးမွေးတဲ့ နေ့ကတော့ သမီးဘဝမှာ ဝမ်းအနည်းဆုံးပဲ။ သမီးဘေးမှာ လူတစ်ယောက်မှ မရှိကြဘူး။ မွေးလာတဲ့ ကလေးကိုကြည့်ပြီး မျက်ရည်ပေါက်ပေါက် ကျခဲ့ပြီး ဒီလိုခံစားမှုမျိုးကို သမီးဘယ်လိုမ ပြန်ပြောလို့ မရနိုင်တော့ပါဘူး။ ဆရာမတွေက ကလေးမွေးပြီးကာစ သမီးကို ထမင်းဆာမယ်ဆိုပြီး ထမင်း ယူလာကျွေးတယ်။ ထမင်းတစ်လုပ်မှ စားလို့မရအောင် သမီးရင်ထဲမှာ မွန်းကြပ်နေခဲ့တယ်။”
ဒီလိုနဲ့ ချိုချိုစမ်းလေး မွေးလာတဲ့ ရင်သွေးကတော့ သမီးလေး ဖြစ်နေပြန်ပါတယ်။ သမီးမွေးပြီး ၃ ရက်အကြာမှာ သားငါးဈေးခုံတွေမှာ ညဘက် အိပ်ရင်း သွေးနုနုနဲ့ လိုက်လံတောင်းရမ်း စားသောက်နေတဲ့ မဲဆောက်ဈေး အိမ်သာရှေ့က ကောင်မလေးဟာ ချိုချိုစမ်းပါပဲ။ ချိုချိုစမ်းကို ဈေးခုံပေါ်မှာ အိပ်ခွင့်ပြုတဲ့ ဈေးစောင့်သူ ထိုင်းအမျိုးသား အသက် ၅ဝ အရွယ်ရှိတဲ့ လူတစ်ယောက်က သူမ ကလေးငယ် သုံးလေးလ ရောက်တဲ့အချိန်မှာ သူမကို အဓမ္မ ပြုကျင့်ခဲ့ပြန်ပါတယ်။ သမီးငယ်နဲ့ အိပ်စရာ တစ်နေရာရဖို့ အရေး အဓမ္မပြုကျင့်တာကို ခံခဲ့ရကြောင်း၊ ဘေးပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံက သူတောင်းစားတွေ ရှိနေလျှက်နဲ့၊ အဓမ္မ ပြုကျင့်တာကို ကြားနေရလျှက်က ဘယ်သူကမှ သူမကို အကူအညီ မပေးဝံ့ကြဘူးလို့ သူမက ပြောပြခဲ့ပါတယ်။
အခုဆိုရင် (၁၅) နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ချိုချိုစမ်းဟာ သူ့သမီးငယ်ကိုတော့ သူ့လိုဘဝမျိုး မရောက်အောင် ထားမယ်။ မျက်နှာငယ် မခံရအောင် ပြုစုပျိုးထောင်မယ်ဆိုပြီး ကျမကို ပြောပြခဲ့ပါတယ်။ သမီလေးကြီးလာရင် သူ့အမေဟာ ပြည့်တန်ဆာဖြစ်ခဲ့ တယ်။ ပြည့်တန်ဆာရုံတွေမှာ လုပ်ခဲ့တယ်ဆိုတဲ့ အများက နှိမ့်ချမယ့် စကားတွေကို သူ့သမီးလေး မကြားစေရဘူးတဲ့၊ ဒါကြောင့် ညဈေးတွေမှာ ကလေးငယ်လေးကို ပိုက်ရင်း နေပူမိုးရွာမရှောင် ညဉ့်နက်သန်းခေါင်ကျော် အထိ တောင်းရမ်းနေရှာ တယ်။ ငွေလေး အနည်းငယ် စုမိရင် မြဝတီဘက်ပြန်ပြီး ခြံအလုပ် လုပ်ကိုင်စားသောက်မယ်လို့ ဆိုပါတယ်။
အခုဆိုရင် ချိုချိုစမ်းနဲ့ သူမရဲ့ သမီးငယ်လေးဟာ အမျိုးသမီး အဖွဲ့အစည်းတစ်ခုရဲ့ အရိပ်အမိုးအောက်မှာ ဘဝလုံခြုံစွာနဲ့ နေထိုင်နေ ပါပြီ။
ချိုချိုစမ်းလို ကလေးပြည့်တန်ဆာလေးတွေ ထိုင်း – မြန်မာနယ်စပ်မှာ ဘယ်လောက် အရေအတွက်အထိ ရောက်နေကြပြီလဲ — ။
19 comments
windtalker
October 1, 2011 at 11:44 am
ချိုချိုစမ်း ရဲ ့
လူမဆန်စွာ ပြုခံခဲ့ရတဲ့
အဖြစ်ဆိုးကို ဖတ်ပြီး
ဘာပြောရမှန်းမသိအောင် ကို
စိတ်မကောင်းဖြစ်ရပါတယ် ဗျာ
thit min
October 1, 2011 at 11:45 am
မသိလိုက်ပဲခံနေရသူတွေအများကြီးရှိနေအုန်းမှာပါ။
ကိုယ်နိုင်ငံကရော၊နိုင်ငံတကာအဖွဲ့အစည်းတွေကပါဝိုင်းဝန်းလုပ်မှရမဲ့ကိတ်စပါ။
အရေးတကြီးလုပ်သင့်နေပြီဗျာ။
ဆိုးဝါးလှတဲ့သူတို့ဘဝလေးတွေကိုကြားသိနေရတာအရမ်းကိုသနားစရာပါ။
မှော်ဆရာ
October 1, 2011 at 12:00 pm
ရင်နင့်စရာ ဇာတ်လမ်းလေးပါပဲ
နိုင်ငံခြားမှာ ငွေရှာရလွယ်တယ် .. နိုင်ငံခြားမှာ အဆင်ပြေတယ်လို့ အားလုံးက ထင်နေတာတော့ မကောင်းဘူး ၊ ဒီလိုအဖြစ်မျိုးတွေ ရှိတယ်ဆိုတာ သိရမယ်
ဒီလိုအဖြစ်မျိုး နောက်ထပ်မဖြစ်အောင် တကယ်အရေးကြီးတာက အသိပညာ များများပေးဖို့ပါပဲ
သူများနိုင်ငံမှာ ဒီလို အဖြစ်မျိုးတွေ ဖြစ်နှိုင်တယ်ဆိုတာ မသိပဲနဲ့
ကိုယ့်ကိုကိုယ် မထိမ်းကြောင်းနှိုင်တဲ့ မိန်းကလေးတွေ ဘဝပျက်မှာစိုးလို့ အမျိုးသမီးရေးရာက ရိုက်ပြတယ်ထင်ပါတယ် သူတို့ပေါ်လစီ ပါနေတာကတော့ တပိုင်းပေါ့လေ…
zaymdy
October 1, 2011 at 12:08 pm
မြန်မာအမျိုးသမီး ရေးရာက လူပဲတွေ.တယ် လုပ်ကွက်မတွေ.ဘူး ဘာတွေ.များထူးထူး ရှား၂ လုပ်ဆောင်နေလည်း မေးပေးပါဗျို… အလကား ဆန်ကုန်မြေလေးတွေ….အလကား ပြည်သူ ဘဏ်ဓါ ထိုင်ဖြုန်းနေတည်းလူတွေ…
ရွှေဘိုသား
October 1, 2011 at 12:15 pm
ဖတ်ပြီး ဘာပြောရမှန်းတောင်မသိတော့ဘူး တကယ်ကို စိ်တ်မကောင်းစရာပါပဲ
ဖာလောကမှာတောင်မှ မိဘမဲ.ဖာ ဆိုပြီး အချင်းချင်းနှိမ်ကြသေးတာလား လူတွှေများ အဆင်.အတန်းကို အောက်ဆုံးထိ လိုက်ခွဲတယ်နော်
MOEPWINTPHYU
October 1, 2011 at 1:45 pm
အရမ်းစိတ်မကောင်းဖြစ်မိပါတယ် ကိုယ်ဘဝက်ိုကိုယ်ဖန်ထီးခွင်မရှိတဲဘဝလေ
အဲဒါတွေရဲ့တရားခံကဘယ်သူဖြစ်မလဲ ဆင်ရဲမွဲတေမှုရဲနောက်ဆက်တွဲအကျိုးဆက်တွေက ကြောက်စရာကောင်းလိုက်တာ…
mgmglusoe
October 1, 2011 at 1:55 pm
သူ့အကြောင်းလေး ဖတ်ပြီး စိတ်တွေ မွန်းကြပ်နေမိပါတယ်၊
စဉ်းစားကြည့်ပေးကြပါ၊ အကယ်၍ ကျုုပ်တို့ ခင်ဗျားတို့ ဆွေမျိုးသားချင်း
ဒါမှမဟုတ် ညီမငယ် ဖြစ်နေခဲ့ရင် …. 😳
yetazar
October 1, 2011 at 2:21 pm
စိတ်မကောင်းစရာပါပဲဗျာ ။ စိတ်မကောင်းရုံကလွဲပြီး စွမ်းဆောင်နိုင်တဲ့အစွမ်းအစ မရှိသေးတာကလဲခက်တယ် ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ …………….. ။
aungnng87
October 1, 2011 at 5:21 pm
တော်တော်ကြောက်စရာကောင်းပါလားနော်။ ဒီလောက်ကြောက်စရာကောင်းတဲ့အရပ်ကိုခုထိမခွာနိုင်သေးပါလား။ အကြောင်းတွေ…အကြောင်းတွေ…
chitsu
October 1, 2011 at 8:59 pm
ရက်စက်လိုက်ကြတာ…..
နှမချင်း၊သားသမီးချင်းကိုယ်ချင်းမစာတတ်ကြဘူးလားမသိဘူး။
လူလိုနားမလည်ကြတဲ့လူတွေရှိတဲ့နေရာကနေ
လွတ်မြောက်သင့်တဲ့လူတွေလွတ်မြောက်နိုင်ပါစေ။
ဆူး
October 1, 2011 at 9:43 pm
အခု အသက် ၁၅နှစ်ဆိုတော့ ၁၅နှစ် ဆိုတာတောင် တော်တော် ငယ်သေးတဲ့ အရွယ်လေးပဲ ရှိသေးတယ်။
သူ့ဘဝ ဒုက္ခခပ်သိမ်းက လွတ်မြောက်ပြီး အဆင်ပြေပါစေ။
ပညာတတ်တဲ့ လူတွေက အမျိုးသား စိတ်ဓါတ်နဲ့ နီးစပ်ရာ အသိပညာ ဖြန့်ပေးသင့်တယ်လို့ ထင်တယ်။
MaMa
October 1, 2011 at 10:19 pm
တော်တော်ဆိုးဝါးရက်စက်တဲ့ လုပ်ရပ်တွေပဲ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ 🙁
ဒီလိုအဖြစ်ဆိုးမျိုးတွေ နောက်နောင်မဖြစ်ရလေအောင်၊ တားဆီးနိုင်အောင် ဗဟုသုတရှိသူတွေက အကြံဉာဏ်ကောင်းလေးတွေ ရေးပေးကြရင် ကောင်းမယ်။ တစ်ယောက်တစ်လက် တတတ်တအားဆိုသလို ကိုယ်သိသလောက် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြန့်ဝေပေးခြင်းဖြင့်လည်း အခုလို အဖြစ်ဆိုးတွေ လျှော့ပါးသွားနိုင်မယ်လို့ ထင်မိတယ်။
surmi
October 1, 2011 at 10:59 pm
ထိုင်း က ကလေးပြည် ့တန်ဆာကိစ္စ ကိုမရှင်းနိုင် သေးခင်ပြည်တွင်းမှာအရင်ရှင်းသင် ့တယ် ။
ဒီလိုကလေးပြည် ့တန်ဆာတွေကို ပဲခူးမြို ့မှာတွေ ့နိုင် တယ် ၊ဘယ်လိုနည်းနဲ ့ခေါ် ထားလဲမသိဘူး ။
ပဲခူးမြို ့လယ် ဈေးနားတဝိုက်မှာယောင်ချာချာနဲ ့ရပ်နေကြည် ့၊ခေါင်းတစ်ယောက်ယောက်ကလာမေးပါ
လိမ် ့မယ်။ဘာတဲ ့ –မြေမနင်းသားဆိုလားဘာဆိုလား–ပဲခူးမှာ ဆိုရှယ်လစ်တို ့မှော်ကန် တို့ ့ဆိုတာဖာသိပ်ပေါတာ—-
kai
October 2, 2011 at 12:07 am
ဒီဇတ်လမ်းကို.. မြန်မာပြည်ထဲက.. သိန်းသောင်းလှူနေတဲ့ အလှူရှင်တွေကို ထပ်ခါပြောပြချင်မိပါရဲ့.။
Foreign Resident
October 2, 2011 at 7:24 am
When I was young ( about 15 yrs ago ),
I also encountered those Myanmar teenage girls both in Myanmar & Thailand.
One even boasted to me that
“her mother recently bought a new bicycle for her,
its colour is red & it is very beautiful &
that’s why her middle school friends envied (jealous) to her”.
( In fact, her mother bought this bicycle from the money, she got it from sacrifice of her 1st virginity ( packing ) )
Normally, I don’t believe other’s saying very easily,
(especially from those Commercial Sex Workers) &
Let’s say, I was very difficult to persuade from other.
But, that time, I had no doubt about her saying.
Because, I can clearly see her sincerity & adolescent in her eye & talk & body too.
I don’t know, I can still use a word “innocence” for her. 🙁
At that time, she don’t know,
What was happened to her.
What will be the consequences.
How her life will end up / lead to.
The only thing she knows is “she have a very beautiful bicycle” &
she was very very happy for that.
I felt really sad for her & also for Myanmar.
Sometimes, I evaluate myself,
encountered a lot of sad stories of poor Myanmar ( like this ) push me to say extreme.
” မြန်မာဆိုတာ ဖာနဲ့ ကျွန် လို့ ဒီအနီးနား တိုင်းပြည်တွေက မှတ်ယူကုန်ကြပြီ ”
Pardon me, I didn’t mean rude,
I want to stimulate the patriotism of Myanmar &
I just want my Myanmar fellow ;
to try/work very very hard to escape from this vicious circle.
But, don’t forget, “အမေ ဘယ်လို သိပ်သိပ် ကိုယ်အိပ်မှပျော်မယ်”
ရွှေအိမ်စည်
October 2, 2011 at 11:08 am
ကြက်သည်းတောင်ထပါရယ်ဖတ်ရတာ..စိတ်မကောင်းဖြစ်လိုက်တာ။
အရွယ်မရောက်သေးတဲ ့ကလေးဖြစ်ရတယ်လို ့။
ဘယ်သူ ့ကိုအပစ်တင်ရမလဲ…..
တချို ့ကမိဘတွေ ကိုယ်တိုင်ကရောင်းစားကြတယ်..။
တချို ့ကမိဘမဲ ့ဘဝမလို ့အဒေါ်တွေက ရောင်းစားကြတယ်။
အဝါရောင်ဝတ်ကြတဲ ့ရပ်ကွက်ထဲ ကလူတွေ ကော်ပီကူးပြီးအရင်ဝေမယ်….
ကော်ပီကိုကူးယူသွားပါတယ်..။
intro
October 5, 2011 at 4:37 pm
ဖတ်ရတာ စိတ်မသက်မသာ ရှိလိုက်တာဗျာ…
ရင်ထဲလဲ တော်တော်လေးကို မကောင်းပါဘူး…
ဟူး…………..
နွယ်ပင်
October 5, 2011 at 4:55 pm
ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်တောင် ဝဲမတက်ပါပဲ
အသက်(13) နှစ်ဆိုတဲ့ အရွယ်ဟာ ကလေးသာသာလေးပါပဲ
သူ့မှာ အသက် (15) နှစ်နဲ့ ကလေးမွေးပြီး ဒုက္ခတွေရောက်နေလိုက်တာ ဘယ်လောက်ခံစားရမလဲ ……
ဒီလို ဆိုးဝါးလှတဲ့ ဘဝတွေထဲကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ ………..
blueblood
October 6, 2011 at 11:40 am
ကြားရတာ စိတ်မကောင်းစရာပဲ….ဘာမှလုပ်မပေးနိုင်တဲ့ 109-110 အကြောင်းမပြောစမ်းပါနဲ့ဗျာ…..