မဆင်မချင် ကျောင်းသားဘဝတွင် -၂
“မမ နင်မုန့်ဈေးတန်းသွားဦးမှာလား”
“အေးသွားမယ်၊ ဘာဖြစ်လို့လဲ”
“ဒါဆိုငါ့အတွက်မုန့်စိမ်းပေါင်း တစ်ရာဖိုးဝယ်ခဲ့ပါဟယ်”
“နင်စောင့်နိုင်ပါ့မလား ငါကကြာဥိီးမှာ တုုံတုံရဲ့”
“ဘယ်လောက်တောင်ကြာမှာမို့လဲ”
“ငါ ဝိတ်လျှော့ဦးမှာ၊ သိတယ်မလား ကျောင်းလွှတ်ချိန်ဆိုရင် တန်းစီစောင့်ရတာ”
“အေးပါ ရပါတယ် ငါထမင်းအရင်စားဦးမှာပဲ”
“ဟဲ့မဝေ နင်ဘာဟင်းထဲ့လာသလဲ”
“ဘဲကောင်လုံးပေါင်းလေ ..အဟီး…..နင်ကောဘာဟင်းလဲဟဲ့ သီတာ”
“ငါက ဆိတ်သားကြော် ဟဲဟဲ”
“ဟဲ့ နွယ်နွယ် နဲ့ မနော လာလေ ငါတို့တူတူဝိုင်းစားကြမယ်”
အဋ္ဌမတန်းအခန်းတစ်ခုထဲက ချစ်စရာကျောင်းသူလေးတွေရဲ့အသံတွေဟာတစာစာထွက်ပေါ်လာပါတယ်။
နောက်ဖက်တန်းက မောင်မင်းကြီးသား ငပွေငရှုပ်တွေရဲ့အသံ တွေကလည်း ဆူဆူညံညံနဲ့ပေါ့။
“ဟေ့ကောင် ငသစ် ငါအပြင်သွားတုန်း မင်း ငါ့ထမင်းဗူးထဲက ဟင်းနှိုက်စားထားတယ်မလား”
“ဘာလဲ ဟေ့ကောင်စည်သူ ငါစားတာမဟုတ်ဘူး ၊မင်း ကြောင်ကြီးကိုမေးကြည့်ပါလား”
“ဟာ ဟေ့ကောင်တွေ ငါ့ဖိနပ်တစ်ဖက် ဘယ်ရောက်သွားသလဲ၊ ဘယ်ကောင်ဖွက်ထားသလဲကွ
ရှာလို့ မတွေ့လို့ကတော့မင်းတို့အားလုံးနာပြီသာမှတ် +@ ! x # -*^% ”
“ဟေ့ကောင်ဘီလူး စွပ်ရမ်းမနေနဲ့ ခုနက မင်းရဲ့နောက်တန်းကခုံမှာ ကြောင်လေးလာထိုင်နေတယ်၊
မင်းဖိနပ်ကို နောက်ကနေသံချိတ်နဲ့ ချိတ်ယူသွားတာနေမှာပေါ့၊ ဒါမျိုးလုပ်တတ်တာ ဒီကောင်ပဲရှိတာ”
“ဟုတ်တယ်ဟေ့ကောင် အခန်းနောက်က အမှိုက်ပုံးထဲသွားကြည့်”
“မောင်နှင်းမြန်မြန်လာလေကွာသွားမယ် ဘာလိုက်ရှာနေတာလဲ”
“နေဦးကိုကြီးခိုင်ရဲ့ ကျွန်တော့ဦးထုပ် ဘယ်ရောက်သွားလဲမသိဘူး”
“ဟိုနောက်ကတိုင်ရဲ့သံချိတ်က ဦးထုပ်အနီက မင်းဟာမလား”
“ဟာ ဟုတ်တယ် ဘယ်ကောင်လက်ဆော့သွားလဲမသိဘူး အမြင့်ကြီးမှာဘယ်လိုလုပ်ယူမလဲ”
“ကြောင်လေးပစ်တင်သွားတာလေ ၊ ခုံတစ်ခုယူ ခုံပေါ်တက်ပြီး တံမြက်စီးနဲ့ထိုးချပေါ့ကွာ”
ကျောင်းဆင်းချိန်လေးမှာ ကျောင်းသားဘဝ ဘာမှအပူအပင်မရှိ နောက်ပြောင်ပျော်ရွှင်နေကြတာပါ။
တစ်ယောက်နဲ့တစ်ယောက် စကြ၊နောက်ကြ၊ စိတ်ဆိုးကြလည်းခဏပါပဲ၊မကြာခင် အဆင်ပြေသွားကြပြန်တာပဲ။
ညနေပိုင်းကျောင်းပြန်တက် ပြီး ၄၅ မိနစ် သုံးချိန်ကို ဆရာတစ်ယောက်ပြီးတယောက် စာသင်ပြပြီး
ညနေကျောင်းဆင်းချိန်ကိုရောက်လာပါတယ်၊နိုင်ငံတော်သီချင်းကိုသံပြိုင်ဟစ်အော်သီဆိုပြီး ကျောင်းသားတွေ
အသီးသီး အခန်းပြင်ကိုထွက်ကြပါပြီ။ ဒီအချိန်မှာ နေဝန်းနီထံမှ အသံတစ်ခုကထွက်လာပါတယ်။
“ငါ့လွယ်အိတ်ကို ဆွဲထုတ်လို့မရတော့ဘူးဟ လုပ်ပါဦး”
“မင်းလွယ်အိပ်ကအမွှေးတွေများတာကိုးကွ ပေါက်ဖော်ရ၊ လွယ်အိတ်အမွှေးနဲ့ ခုံကတိုင်နဲ့ ကပ်ချီသွားတာပေါ့”
“ဖြုတ်လို့မရတော့ဘူး ဘယ်လိုလုပ်မလဲ”
“ဆွဲဖြတ်ပစ်ကွာ”
“ဟာ သွားပါပြီကွာ ငါ့လွယ်အိပ်က ပန်းပွားအမွှေးလေးတွေကုန်ပါပြီ၊ ခုနက ကြောင်လေး ငါ့ရှေ့တန်းမှာ
လာထိုင်သွားတယ်၊ ဒီကောင့်လက်ချက်ပဲနေမှာ”
ဟိုတုန်းခေတ်က စာရေးခုံတွေဟာ ပုံး ပုံသဏ္ဍာန် မဟုတ်ပါဘူး၊ အဆင့်နှစ်ဆင့်လုပ်ထားတာပါ။
ရှေ့နောက် ဘေးဘယ်ညာ ဟောင်းလောင်းပေါက်ပါ၊ အောက်အကန့် မှာလွယ်အိတ် ၊ထမင်းဗူး၊ဦးထုုပ်တွေ
ထည့်ထားကြတာပါ၊ ဒါကြောင့်နေ့လည်က မောင်နှင်းရဲ့ ဦးထုပ်ကိုရှေ့ခုံကနေနှိုက်ယူသွားလို့ရတာပေါ့။
ရှေ့ခုံကနေ နောက်ကိုလှည့်စကားပြောရင်း အပေါ်ကန့်နဲ့အောက်ကန့်ကြားကခုံတိုင်နဲ့
လွယ်အိတ်အမွှေးတွေကိုချီထားလိုက်တာပါ။
အပြင်ဖက်မှာတော့ မိုးဖွဲဖွဲကနေ ခပ်သဲသဲအဆင့်ကိုရောက်လာပါပြီ ။
ကျောင်းသူကျောင်းသားများမှာပါလာတဲ့ထီးကို ကိုယ်စီဖွင့်ပြီးစောင်းကြတာပေါ့။
တချို့ ချာလီထီးဆောင်းနို်င်တဲ့သူတွေက ကော်ရစ်ဒါကနေ အောက်ကို ဆပ်ကနဲဆင်းသွားပြီး မိုးထဲရောက်မှ
စတိုင်နဲ့ ထီးခလုပ်လေးနှိပ်ရင်းရှေ့ဆက်လျှောက်၊ ထီးက ဗွမ်းကနဲပွင့်သွားတော့မိုးရေ စိုတယ်ဆိုရုံလေးပါ၊
“ဟယ်တော့ ဒုက္ခပဲ”
ခပ်ဟော့ဟော့ မကဗျာတစ်ယောက် အထက်ကပြောတဲ့စတိုင်နဲ့ မိုးထဲကို ဖြတ်ကနဲဆင်းပြီး ထီးခလုပ်လေး
နှိပ်လိုက်ပါတယ်။ ထီးက ပုံမှန်အတိုင်းပွင့်မသွားပါဘူး ဆင်းသွားတဲ့အရှိန်နဲ့ တစ်လှမ်းနှစ်လမ်း
ဆက်လျှောက်ရင်း ထီးကို မြှောက်လျက်သား လှုပ်ခါလည်းထီးကဖောင်းရုံဖောင်းလာပြီး မပွင့်ပါဘူး။
မိုးရေလည်းအတော်စိုသွားတော့ကော်ရစ်တာပေါ်ပြန် ပြေးတက်လာရင်း ငိုမဲ့မဲ့မျက်နှာလေးနဲ့
“ကြည့်ပါဦး မကြီးတင်တင်ရယ် ကျွန်မထီး ဖွင့်လို့မရတော့ဘူး ၊ဘာဖြစ်တာလည်းမသိဘူး”
“မှန်း ငါကြည့်စမ်းမယ်၊ ဟဲ့ နင့်ထီးက ပုံမှန်မှမဟုတ်တာ ထီးဖျင်စက လိမ်နေတာပဲ….”
“အဲဒါ ဟိုအကောင် ကြောင်လေး လက်ချက်ပဲဖြစ်မယ်”
“ဒုတိယအချိန် ဆရာမ မလာခင်တုန်းက ဒီကောင်နောက်ကကွက်လပ်မှာဖြန့်လှမ်းထားတဲ့ငါတို့ထီးတွေကို
လိုက်ခေါက်ပြီးသံငုတ်တွေမှာချိတ်ပေးနေတာတွေ့တယ်။ ငါကတော်သားပဲ ဆိုပြီးအဟုတ်မှတ်လို့ကြည့်နေ
လိုက်တာ ၊နင်ကတော့ကံဆိုးသူ မယ်ရှင် ဖြစ်တာပဲ”
“မသာ သေချင်းဆိုး ကာလနာ မွေပွေးကိုက် လမ်းမှာကားတိုက်ပြီး သေပါစေဟယ်”
ဆိုတဲ့ဆုတောင်းမေတ္တာပို့သံတွေဟာ သာသာယာထွက်ပေါ်လာပါတယ်။
ချာလီထီးဆိုတာသိကြတဲ့အတိုင်းပါ၊ ထီးဖျင်နဲ့ထီးကိုင်းကိုတွဲချုပ်ထားတာမဟုတ်ပဲ ထီးဖျင်ကိုကော်သီးလေးမှာ
ချုပ်ပြီးကော်သီးလေးရဲ့အပေါက်နဲ့ထီးကိုင်းတွေကိုစွပ်ထားတာပါ။ထီးကိုဖွင့်လိုက်ရင်တင်းနေပေမဲ့
ပိတ်ထားတဲ့အချိန်မှာ လျော့နေတော့ ဖြုတ်လို့ရပါတယ်။အဲဒါတွေကိုဖြုတ်ပြီး ဒီဘက်ငုတ်က
ကော်သီးဟိုဘက်စွပ်၊ဟိုဘက်ငုတ်ကကော်သီးဒီဘက်စွပ် crossing လုပ်လိုက်ရင် ထီးဖျင်ကလိမ်ပြီး
ထီးကဖွင့်လို့မရတော့ပါဘူး။ ဒီလိုနဲ့တနေ့တာအချိန်တွေဟာ ပျော်ရွှင်စရာတွေနဲ့ပြီးဆုံးသွားတာပါ။
သူများတွေတော့စိတ်ဒုက္ခရောက်မလားမသိဘူး။(သူများဦးထုပ်တွေ ဖိနပ်တွေ ဖွက်ခဲ့တဲ့ဝဋ်ကြွေးကို
အခုကျွန်တော်ဘဝမကူးပဲခံနေရပါတယ်။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ပစ္စည်းကိုအမြဲတမ်း
လိုက်ရှာနေရပါတယ်၊ဘောပင်ရေးနေရင်းပျောက်၊ မျက်မှန်ဘယ်နားထားမိမှန်းမသိ၊
စာရွက်စာတမ်းလိုချင်ပြီဆိုရင် အသဲအသန် ရှာရပါပြီ။ အာရုံများပြီးဘယ်နားထားမိမှန်းမသိတာပါသလို
သားနဲ့သမီးက ယူကိုင်ပြီးနေရာရွှေ့လိုက်တာပါ။
တရားတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ တစ်ခါက ရဟန်းတစ်ပါးဟာ ရုက္ခစိုး တစ်ယောက်နဲ့တွေ့ပါတယ်
ဒီရုက္ခစိုးဟာထူးခြားပါတယ်၊ ဒါ့ကြောင့် ရဟန်းကမေးပါတယ် ၊အသင်ရုက္ခစိုးမင်း အသင်ဟာ နေစရာ
ဘုံဗိမ္မာန်လည်းရှိတယ် ကိုယ်ရောင်ကိုယ်ဝါလဲတောက်ပ ပါလျှက် ဘာကြောင့် အဝတ်အစားမပါပဲ
ကိုယ်တုံးလုံး ကြီးဖြစ်နေရသလဲဆိုတော့ ရုက္ခစိုးက ကောင်းမှုတွေကြောင့် ကောင်းကျိုးတွေရပေမဲ့
လူ့ဘဝတုန်းက ရေကန်တစ်ခုကို အတူတူရေသွားချိုးကြတဲ့သူငယ်ချင်းရဲ့ အဝတ်အစားတွေကိုနောက်ပြောင်
ကျီစယ်လိုစိတ်နဲ့ ဖွက်ထားခဲ့ပြီး အဲဒါကိုပျော်ရွှင် အားရကျေနပ်နေခဲ့မိတဲ့ အကုသိုလ်ကြောင့်
ဖြစ်ပါတယ်လို့ပြန်ဖြေပါတယ်။)
တနေ့ မနက် ကျောင်းတက်ခေါင်းလောင်းမထိုးခင် ကျွန်တော်တို့ယောကျားလေးတစ်သိုက် ကော်ရစ်တာမှာ
တန်းစီရပ်နေပြီး အတန်းငယ် ကလေးတွေ ကျောင်းရှေ့ကွင်းပြင်ထဲမှာဆော့နေကြတာကိုကြည့်နေပါတယ်။
“အုန်း ဘုံး အုန်း အုန်း အင့် အွန့် အ အား”
“နိုင်ပြီ နိုင်ပြီ ဒို့နိုင်ပြီ ဒီနေ့ဒို့နိုင်ပြီ ဟေးဟေး”
“အေးပါ အေးပါ မှတ်ထား နင်တို့အလှည့်ကျရင် မနွဲ့ကြစတမ်းနော်”
ရပ်နေတဲ့ကျွန်တော်တို့တစ်သိုက်ကို နောက်က မိန်းကလေးတွေက ကျောကုန်းကိုပြိုင်တူ ထုပြီးထွက်ပြေး
သွားကြပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက ရှစ်တန်း ကိုးတန်းမှာ အီစီကလီဆိုတာမရှိသေးပါဘူး။
ယောကျားလေးနဲ့မိန်းကလေး သူဦးသူထု ကိုယ်ဦးကိုယ်ထုနဲ့ ကဲလို့ကောင်းတုန်းပါ၊
အတန်းတက်ပြီး ဒုတိယအချိန်မှာသင်မဲ့ဆရာမကနေမကောင်းလို့ကျောင်းမတက်ပါဘူး၊
အစားဝင်မဲ့ဆရာမရှိတော့ အတန်းထဲမှာ လွတ်လပ်ရေးရနေပါတယ်။
“ဟေ့ကောင်မောင်ပု”
“ဘာလဲ”
“မင်းယောကျားလားမိန်းမလား”
“မင်းသိချင်ရင်ဒီမှာလာကြည့်လေ”
“ယောကျားဆိုတာကျားကျားလျားလျားရှိရတယ်ကွ၊ဒီမှာတွေ့လား ငါတို့ဗလ တွေ”
အတန်းထဲမှာလူကောင်ခပ်ကြီးကြီး ဘီလူးကြီးတို့ ကြောင်ကြီးတို့ လေအိုးတို့အဖွဲ့က အကျႌတိုလက်ကို
လှန်တင်ပြီးလက်မောင်းကို ကွေးကာဆန့်ကာနဲ့ အောင်ပုကို နောက်နေကြတာပါ။ ဒီလိုပါပဲ
သူတို့အဖွဲ့က ကျွန်တော်တို့ မောင်ပုတို့ အောင်ကြီးတို့လို ငယ်တဲ့အကောင်တွေကို အနိုင်ကျင့်နေကြပါ။
သူတို့ထိုင်နေတဲ့ကြားထဲလမ်းဖြတ်လျှောက်မိလိုက်ရင် တစ်ယောက်ကဟိုဘက်တွန်းလွှတ်လိုက်။
တစ်ယောက်က ဒီဘက်ပြန်တွန်းလွှတ်လိုက်နဲ့ အထဲကတော်တော်နဲ့မထွက်နိုင်ပဲ ချာလည်
လည်ပြီးအတွန်းခံနေရတာပါ။
“ငါတို့လိုဗလတောင့်ချင်ရင် ဘားတန်းဆွဲရတယ်ကွ ၊မင်းဆွဲနိုင်ပါ့မလား”
“ဘာလို့မဆွဲ နိုင်ရမှာလဲ၊ ဒါလေးများ ဟင်း”
“လာ ဒါဆိုအပေါ်ကတန်းကိုဆွဲပြ ၊မင်းဘယ်နှစ်ချက်ရမလဲလို့”
ကြောင်ကြီးကမော့ပြီး ယက်မတန်းအောက်မှာခံထားတဲ့ သစ်သားတန်းကို လက်ညှိုးထိုးပြလိုက်တယ်။
“အဲ ဒီအမြင့်ကြီးကိုဘယ်လိုလုပ်မီမလဲ”
“ရပါတယ် ငါတို့မြှောက်ပေးမှာပေါ့”
ဘီလူးကြီးနဲ့ လူဆိုးတို့က ခုံပေါ်တက် ပြီး မောင်ပုကို မြှောက်ပေးလိုက်ပါတယ်။
မောင်ပုလည်းတန်းကိုခိုပြီးတော့ခေါင်းနဲ့ထိတဲ့အထိသူ့ကိုယ်လုံးကို ဆွဲမြှောက်လိုက်ပါတယ်။
“တစ် နှစ် သုံး ကွျီ ဂလုံး ဒုံး”
ကြောင်ကြီးက တစ်စုံတစ်ခုလုပ်လိုက်ပြီး အောက်ကခုံကိုဆွဲဖယ်လိုက်ပါတယ်။
“ဟာ ဟေ့ကောင်တွေမလုပ်နဲ့ကွာ ခုံပြန်ရွှေ့ပေး၊ အား ငါပြုတ်ကျတော့မယ် ငါ့လက်တွေနာလာပြီ ….
ငါ #@+ ………….နှမ %$#@…………ငါဆရာမနဲ့တိုင်ပြောမယ် ဟီး ဟီး”
“ဟာ “
“ဟယ်”
“အို”
‘ဟောတော့”
“မသာတွေဘယ်လိုဖြစ်နေသလဲမသိဘူး၊အရှက်မရှိ”
မောင်ပုရဲ့ အော်ဟစ်သံတွေကြောင့် အတန်းရှေ့က ကောင်မလေးတွေလှည့်ကြည့်ပြီး အာမေဋိတ်သံတွေနဲ့အတူ
ချက်ခြင်းမျက်နှာလွှဲသွားကြပါတယ်။ မောင်ပုကတော့တန်းလန်းကြီးပါ။
ညနေနောက်ဆုံးချိန် ဟာကျွန်တော်တို့အတန်းရဲ့ ဖွံ့ဖြိုးရေးချိန်ပါ။
ဖွံ့ဖြိုးရေးချိန်ဆိုတာ နာမည်သာရေးထားတာ တကယ်က အတန်းနောက်မြေပြင်ပေါ်က အမှိုက်တွေကောက်၊
မြက်နှုတ် တာတွေဆင်းလုပ်ရတာပါ။ ဟိုနားလူတစု ဒီနားတစုနဲ့ ထိုင်ပြီးစကားပြောနေတာများပါတယ်။
ကျွန်တော်က လက်မှာပလပ်စတစ်အိတ်စွပ်ပြီးတော့ ဖားပြုတ် တစ်ကောင်ကို မိန်းကလေးတစ်သိုက်
ထိုင်နေတဲ့ကြားထဲ ပစ်ထည့်လိုက်ပါတယ်။
“အား”
“အမလေး”
“အမေရေ လုပ်ပါဦး”
ဆိုတဲ့ အသံတွေနဲ့အတူ မိန်းကလေးတွေလန့်ရင် အော်တတ်တဲ့ ခရာသံလိုစူးစူးရှရှ
(အသံကိုဘယ်လိုမှစာလုံးရေးမပြတတ်ပါ၊နားထဲမှာတော့ကြားယောင်နေပါတယ်)
အသံတွေထွက်လာပြီးမိန်းကလေးတစ်သိုက် ထခုန်သူခုန် ပြေးတဲ့သူပြေး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။
“ဘယ်သူလုပ်တာလဲအဲဒါ “
“ကြောင်လေးလုပ်တာ၊ ကြောင်လေးလုပ်တာ ငါတွေ့လိုက်တယ်”
“အေး ကိုယ့်အလှည့်ကျတော့မနွဲ့ကြစတမ်းလို့ ငါပြောတယ်မလား။ မှတ်ပြီလား နင်တို့တွေ”
တစ်နေ့။
အဲဒီတနေ့ဟာ မမေ့နိုင်စရာနေ့တစ်တနေ့ထဲမှာပါ ပါတယ်။ ကျွန်တော်တို့ကျောင်းဆောင်ဟာ
အဆောင်ဟောင်းလေခန်း ကိုကပ်လျှက်နောက်လေးခန်း ထပ်တိုးထားတဲ့နှစ်ထပ်ဆောင်ပါ။
အခန်းက အပေါ်အောက်ရှစ်ခန်းစီဖြစ်သွားတာပေါ့ ၊အဆောင်သစ်အပိုင်း ရဲ့နောက်ဖက်မှာ
အိမ်သာအဟောင်းတစ်လုံးရှိပါတယ်။ အဆောင်ဟောင်းနဲ့ ဓါးလွယ်ခုတ်မှာပါ။ အရင်ကဆရာ/ဆရာမတွေ
သီးသန့်သုံးဖို့ အတွက် အဆောင်ဟောင်းနဲ့ခပ်လှမ်လှမ်းနေရာလွတ်မှာ သစ်သားနဲ့ဆောက်ထားတာပါ၊
မိလ္လာကျင်းက အိမ်သာရဲ့နောက်မှာမြေကျင်းတူးပြီး အပေါ်ကဝါးကပ်ခံမြေဖို့ထားတာပါ၊
တိုင်ခြေတွေပြတ်နေပြီးနောက်ဖက်ကိုယိုင်နေပါတယ်၊ဘယ်သူမှမသုံးတော့ပဲ သော့ခတ်ထားပါတယ်။
အဲဒီနေ့ နေ့လည်မုန့်စားကျောင်းလွှတ်ချိန် ကျောင်းသားတသိုက်ဟာ အဆောင်နောက်က အုတ်ခဲကျိုးပုံက
ခဲတွေနဲ့ တစ်စုံတစ်ခုကိုလက်တည့်စမ်းနေကြပါတယ်၊ ဘယ်သူပစ်တာထိမလဲပေါ့၊မကြာခင်မှာပဲ ဂျွတ် ကျွိ ကျွီ
ဝုန်း ဆိုတဲ့အသံနဲ့အတူ ဆိုးရွားပြင်းထန်တဲ့အနံ့တစ်ခုဟာ ကျောင်းဆောင်တစ်ဆောင်လုံးပြန့်နှံ့သွားပါတယ်။
အိမ်သာတိုင်ကို ခဲနဲ့ဝိုင်းပစ်တော့ အိမ်သာကနောက်ဖက်က မိလ္လာကျင်းထဲ ပြိုကျ သွားတာပါ။
ကျောင်းတက်တော့ အတန်းထဲကိုကျောင်းအုပ်ဆရာကြီး ကြိမ်လုံးကြီးကိုင်ပြီးရောက်လာပါတယ်။
“ဘယ်သူလုပ်တာလဲကွ၊ပြောကြစမ်း”
“ကြောင်လေး”
ကျောင်းသားတွေဝိုင်းအော်ပါတယ်။
“ဘာကြောင်လေးလဲကွ၊ မင်းတို့အကုန်လုံးဝိုင်းပစ်ကြတာပဲ”
“ငါတို့ပစ်တုန်းက ဘာမှမဖြစ်ဘူး၊ မင်းအုတ်ခဲထက်ပိုင်းကျိုးနဲ့ တအားထုလိုက်တော့မှ ပြိုကျသွားတာ”
“မဆိုင်ပါဘူးကွာ မင်းတို့ဝိုင်းပစ် ကတည်းကလှုတ်စိ လှုတ်စိနဲ့ ယိုင်နေတာ၊ ငါ့တစ်ယောက်ထဲ အပစ်လာပုံမချနဲ့”
“တော်ကြစမ်း..
“ဘယ်ကောင်တွေပစ်သလဲအကုန်ပြော၊မင်းတို့အချင်းချင်းအကုန်သိတယ်၊လူနဲရင်မင်းတို့များများ
အရိုက်ခံရမယ်၊လူများရင်သက်သာမယ်မှတ်”
ဆရာကြီးရဲ့အမိန့်သံ အဆုံးမှာ ကျောင်းသားတွေသူ့ထက်ငါ ဖော်ကောင်လုပ်တာပေါ့၊ ၁၀ ယောက်လောက်
ရှိပါတယ်။ အတန်းရှေ့ထွက်ပြီး တစ်ယောက်ငါးချက် တင်ပါးကိုအရိုက်ခံရတာ၊ ကျွန်တော်က နှစ်ချက်ပို
အရိုက်ခံရပါတယ်။ အတန်းရှေ့က ပြန်လှည့်လာတော့ကောင်မလေးတွေရဲ့မျက်နှာက ကောင်းတယ်မှတ်ပလား
ဆိုတဲ့မျက်နှာပေးနဲ့လှမ်းကြည့်ပါတယ်။ကျွန်တော်လည်းမသိချင်ယောင်ဆောင်ပြီးကိုယ့်ခုံကိုပြန်ထိုင်နေလိုက်ပါတယ်။
စက်တင်ဘာလဆန်းလောက်မှာကျွန်တော်တို့အခန်း လေးခန်း ကျောင်းဆောင်အပေါ်ထပ်ကိုပြောင်းရပါတယ်။
အဆောင်သစ်အခန်းလေးခမ်းမှာ အဆောင်ဟောင်းနဲ့ကပ်လျက် အခန်းတစ်ခန်းပဲသစ်သားတန်းတွေနဲ့ရိုက်ပြီး
အထပ်သားကာထားတာပါ၊ အဲဒီနံရံအပေါ်ထောင့်မှာမျက်နှကျက်ထဲဝင်တဲ့အပေါက်ရှိပါတယ်။
တန်းတွေကိုကိုင်ပြီးမျက်နှာကျက်ပေါ်ကိုတက်လို့ရပါတယ်။ ကျန်တဲ့သုံးခန်းက ဟောတိုက်ပါ
ရွှေ့လို့ရတဲ့ ဘလက်ဘုတ်ပုံ အထပ်သားသုံးခုစီနဲ့ကာထားပါတယ်။
တနေ့ အောင်ကြီးက ကျွန်တော့ကို တနေရာခေါ်သွားပြီးတိုးတိုးပြောပါတယ်။
“ဟေ့ကောင်ကြောင်လေး ၊မနက်ဖန်ကျောင်းကိုစောစောလာခဲ့”
“ဘာလုပ်ဖို့လဲ”
“မင်းကိုထူးခြားချက်ကလေးတွေပြမလို့”
“ဘာထူးခြားချက်မို့လို့လဲကွ”
“လာသာလာခဲ့ပါကွာ မင်းကလည်း”
ကျောင်းဝန်းထဲမှာနေတဲ့ဆရာရဲ့သားအောင်ကြီးကပြောတာပါ၊ ကျွန်တော်လည်းနောက်တနေ့မနက်ကျောင်းကို
စောစောလာ၊ ကျောင်းဝင်းထဲကအောင်ကြီးအိမ်ကိုသွားခေါ်ပြီး ကျောင်းဆောင်ဘက်ကို ထွက်ခဲ့ပါတယ်။
ကျောင်းဆောင်အပေါ်ထပ်ရောက်တော့ ငါ့နောက်ကတက်လိုက်ခဲ့လို့အောင်ကြီးက ပြောပါတယ်။
ကျောင်းဆောင်အပေါ်ထပ်လှေခါးရဲ့ ထိပ်မှာတံခါးတပ်ထားပါတယ် သော့ခတ်မထားပါဘူး။
အခန်းတွေကိုပဲသော့ခတ်ပါတယ်။ တံခါးရဲ့ဘေးနဲ့ နံရံ ကြားကိုတန်းတွေရိုက်ပြီးသံဇကာ ကာထားပါတယ်။
အဲဒီသံဇကာကနေတက်သွားပြီးရင် နံရံအပေါ်ဘက်နဲ့ သွပ်မိုးမျှားတန်းကြားကနေကျွန်တော်တို့လို
လူကောင်သေးသေးတွေကမျက်နှာကျက်ပေါ်ကိုတက်လို့ရပါတယ်။မျက်နှာကျက်အပေါက်ကနေ
အခန်းထဲဆင်းလို့ရပါတယ်။
“မင်းဒီဂွင်(ခွင်) ကိုဘယ်လိုသိထားတာလဲ”
“ကျောင်းပိတ်ရက်တုန်းက ငါတို့ ဒီမှာလာဆော့ရင်း ပင်ပေါင်သီးက တံခါးအောက်ကလိမ့်ဝင်သွားလို့
လမ်းကြောင်းရှာရင်းသိထားတာကွ”
“ဟုတ်လား မိုက်တယ်၊ လာ ငါတို့ဟိုဘက်ကူးကြည့်ရအောင်”
ကျောင်းဆောင်ဟောင်းရဲ့ မြင့်မိုရ်ပိတ် မှာ ၂ ပေ ပတ်လည်အပေါက်တစ်ပေါက်ဖောက်ထားပြီး သံဇကာနဲ့
ကာထားပါတယ်။ အဆောင်သစ် မချဲ့မီက မျက်နှာကျက်ထဲလေဝင်လေထွကကောင်းပြီး အောက်က
အခန်းတွေအပူချိန်လျော့အောင်လုပ်ထားပုံရပါတယ်၊ ဟိုဘက်ထိပ်မှာလည်းတစ်ပေါက်ပါ။
သံဇကာ ကတော့ဆွေးနေပါပြီ။ ကျွန်တော်တို့နှစ်ယောက်မျက်နှာကျက်တန်းတွေပေါ်ကနေ လျှောက်သွားပြီး
သံဇကာအဆွေးကိုဖြုတ်၊ တဖက်ကို ကူးလိုက်တော့ ဖုန်တွေကော ငှက်သိုက်လား ကြွက်သိုက်လားမသိတဲ့ အမှိုက်တွေအပြည့်ပါပဲ။ မြက်ခြောက်တွေ ကောက်ရိုး စတွေ ပါ။ ငှက်မွှေးတွေအများကြီးရောထွေးနေတဲ့
အတွက် ငှက်သိုက်ဖြစ်ဖို့များပါတယ်၊ ကျွန်တော်တို့ရှေ့ဆက်မသွားတော့ပဲ နောက်ကြောင်းပြန်လှည့်ပြီး
ဆင်းလာခဲ့ပါတယ်။
ရွှေဉာဏ်တော် စူးရောက်တဲ့ ကျွန်တော် အကြံတစ်ခုရလာပါတယ်။
“ဟေ့ကောင် အောင်ကြီး”
“ဘာလဲ”
“ငါ အကြံတစ်ခုရတယ်ကွ”
“ဘာလုပ်ဖို့လဲ”
“ဒီလိုကွာ #>@<X*V^+& ~$ ”
“ဂွတ် ကောင်းတယ် လုပ်ကြမယ်”
“ဘယ်တော့လုပ်မလဲ”
“မနက်ဖန်ပဲလုပ်မယ်၊ မင်းစောစောလာခဲ့”
“အိုကေ လိုအပ်တာတွေ မင်းရှာဖွေပြီးစုထားလိုက်၊
ဒီညနေ ငါလာခဲ့မယ် ၊အရင်ဆုံးစမ်းသပ်ကြတာပေါ့”
မနက်ပိုင်းကျောင်းတက်ခေါင်းလောင်းထိုးသံနှင့်အတူကျောင်းသူ/သားတွေဟာအခန်းအသီးသီးကို
ဝင်ရောက်သွားကြပြီး ဘုရားကန်တော့သံတွေသံပြိုင်ထွက်ပေါ်လာပါတယ်။
“ဩကာသ..ဩကာသ..ဩကာသ……………………။”
ဘုရားရှိခိုးပြီး နာမည်ခေါ်တဲ့လုပ်ငန်းပြီးတော့ ဆရာကစာစသင်ပါတယ်၊ပထဝီဝင် ဘာသာထဲက စီးရေ
အကြောင်းပါ၊ မှတ်မိပါသေးတယ်။ဆရာက ကရင်လူမျိုးပါ၊စကားလုံးကိုတစ်လုံးခြင်း အေးအေးနဲ့ရှင်းရှင်း
ပြောတတ်ပါတယ်။
“တပည့်တို့……စီးရေဆိုတာ…….လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် ……
စီးနေတဲ့ရေပေါ့ကွာ..
ပင်လယ်သမုဒ္ဒရာတွေထဲကို…..မြစ်ထဲကရေတွေစီးဝင်တယ်…….
မြစ်ထဲကို ချောင်းထဲ မြောင်းထဲက ရေတွေစီးဝင်တယ်….
ဒီရေတွေဘယ်က ရောက်လာသလဲဆိုရင်…..ဟို….အထက် မိုးကောင်းကင်
“ဖုန်း…..အုန်း….ဖောင်း……ဒိုင်း…….”
“အား ….အမယ်လေး…..အမေကြီးရေ..”
“ဂလုန်း…..ဂလုန်း.. ကျွီ….ဂွီ….ဒုန်း….ဒုန်း…..ဒုန်း”
ဆရာက ဟိုးအထက်မိုးကောင်းကင်က ဆိုပြီးလက်ညှိုးလေးမိုးပေါ်ထောင်ပြီး ထိုးပြချိန် မှာတိုက်တိုက်ဆိုင်ဆိုင်
မျက်နှာကျက်အပေါ်ဘက်က ယမ်းပေါက်သံတွေဟာ ရုတ်တရက် အဆက်မပြတ်ထွက်လာတာပါ။
တဖက်အခန်းထဲကကျောင်းသူ/သားတွေလဲ ခုံတွေကိုတွန်းကန်ပြီးအေ့ရှကိုပြေးထွက်သူထွက်နဲ့ ရုတ်ရုတ်သဲသဲ
နဲ့ဖြစ်ကုန်ပါတယ်၊ ကျွန်တော်တို့ အခန်းဘက်ကတော့သိပ်ကျယ်ကျယ်မကြာရပါဘူး၊ အခန်းပြင်ကော်ရစ်ဒါမှာ
ကျောင်းသားတွေနဲ့ဆရာ/ဆရာမတွေဟာ ဟိုဟိုဒီဒီနဲ့ အပေါ်ကို မော့ကြည့်နေကြပါတယ်။
ယမ်းနံ့တွေကတော့မွှန်နေတာပေါ့။
ဖြစ်ပုံကဒီလိုပါ၊ ကွမ်းယာဆိုင်တွေမှာမီးရှို့ပြီးချိတ်ထားတဲ့အုန်းဆံတွေဟာ အပေါ်ကို တငွေ့ငွေ့ လောင်ပြီး
တက်သွားတာကိုအသုံးပြုပြီး မိုင်းထောင်ဖို့ကြိုးစားတာပါ။ လောင်နေတဲ့အုန်းဆံကြိုးရဲ့အပေါ်တနေရာမှာ
စနက်တန် ငါးခုလောက် သားရေကွင်းနဲ့ချီ၊ ကြိုးစလေးတွေကိုအောက်ဖက်မှာတညီထဲထားပြီးအပ်ချည်ကြိုးနဲ့ချီ ၊
မျက်နှာကျက်အပေါ်တက်ပြီး တဖက်ခန်းရဲ့အပေါ်ဘက်မှာသွားထားတာပါ။ သုံးခုလောက်ရှိပါတယ်။
ယမ်း ၁၅ တောင့်လောက်ရှိတာပေါ့။ ကြိုး တစ်လက်မ မီးလောင်မဲ့ကြာချိန်ကိုစမ်းထားပြီး
ကျွန်တော်တို့ စလုပ်တဲ့အချိန်ကနေစာသင်တဲ့အထိကြာချိန်ကိုတွက်ပြီး အောက်မှာကြိုးအရှည်ကို
ချန်ထားပါတယ်။ မီးရှို့ပြီး မျှားတန်းမှာချိတ်ထားလိုက်တာပါ။
ကိုယ့်အခန်းဘက်မှာလုပ်တာမဟုတ်ပေမဲ့ အပေါ်မှာအသံတွေကဟိန်းပြီး အတန်းတိုင်းကကြားရပါတယ်။
ယမ်းနံ့တွေပြောက်သွားပြီးခဏအကြာမှာတော့ ညှော်နံ့တွေထွက်လာပါတယ်။ ကြက်မွှေးမီးရှို့ရင်နံတဲ့အနံ့ပါ။
ကွန်တော်တို့သဘောပေါက်လိုက်ပါတယ်။
ကျွန်တော်နဲ့အောင်ကြီး တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးမတိုင်ပင်ထားပဲလှေကားထိပ်ကို
ပြေးပါတယ်၊ ဆရာ/မ တွေနဲ့ ကျန်တဲ့သူတွေက ဘာဖြစ်မှန်းမသိပါဘူး။
လှေကားထိပ်သံဇကာ ကနေတဆင့်အပေါ်ကို တက်ပြီးတဖက်အဆောင်ကိုအမြန်ကူးလိုက်ပါတယ်။
တချို့ကျောင်းသားတွေလည်း ကျွန်တော်တို့နှစ်ယောက်နဲ့အတူတက်လိုက်လာပါတယ်။ ငှက်သိုက်တွေမှာ
မီးစွဲနေပါပြီ၊ မီးတောက်တော့မဟုတ်သေးပါဘူး၊ကျွန်တော်တို့လည်း ဝတ်ထားတဲ့ပဆိုးတျွေချွတ်ပြီး
ဝိုင်းရိုက်လိုက်တော့မှ မီးစတွေနေရာကွဲသွားပါတယ်၊မြက်ခြောက်တွေဆိုတော့ချက်ခြင့်ပြာဖြစ်ပြီး
မီးငြိမ်းသွားပါတယ်။မျက်နှာကျက်ကျောက်ပြားလေးငါးချပ်ကွဲသွားပါတယ်၊မျက်နှာကျက်တွေဟာ
ကျောက်ပြားတွေမို့ တော်တော်လေးကံကောင်းသွားပါတယ်၊
ဒီအကြောင်းရဲ့အကျိုးဆက်ကတော့၊ကျွန်တော်တို့နှစ်ယောက် ကျောင်းတစ်ပတ်
အထုတ်ခံလိုက်ရတာပါပဲဗျာ။ ။
6 comments
small cat
October 2, 2011 at 10:21 am
ငယ်ငယ်က တကယ် ရှုပ် ခဲ့တဲ့အကြောင်းတွေကို ရေးထားတာပါ၊
အဖြစ်မှန်တွေပါ။
ရွာထဲက သူအချို့နာမည်တွေကို
ရင်းရင်းနှီနှီးသဘောနဲ့ အစားထိုးရေးလိုက်တာ၊
ဘယ်လိုမှသဘောမထားပါနဲ့၊ အမှားပါရင်ခွင့်လွှတ်ဖို့
အနူးအညွတ်တောင်းပန်ပါတယ်။
လိုရင်းအကြောင်းအရာကို အစာသွပ်တာ နဲနဲများသွားပါတယ်။
ကဲ ခဲ့တဲ့အချို့အကြောင်းအရာကို စာဖတ်သူတွေငြီးငွေ့မှာဆိုးလို့ချန်လှပ်
ထားခဲ့တာအများကြီးရှိပါသေးတယ်။
Koyin Sithu
October 2, 2011 at 10:55 am
အမငီး.. ကိုကြောင်လေးရယ်… ကျောင်းသားဘဝတောင် အဲ့လောက် လက်ဆော့ခဲ့ရင်…. အင်း တက္ကသိုလ်ကျောင်းသား ဘဝဆို ဘယ်လောက်တောင် လက်ဆော့ခြေဆော့ ရှိလိုက်မလဲမသိဘူး..။ ဟီးး 😀
စကားပြောနဲ့ အကြောင်းအရာအရေးအသား နည်းနည်းလုံးနေတယ်… ဒါပေမဲ့ အားလုံးခြုံကြည့်ရင် ဖတ်ကောင်းတဲ့ ပို့စ်တစ်ခုပါ။ (ဆရာလုပ်တာမဟုတ်ပါ….. ဖတ်ပြီး ခံစားမိတာကို ဝေဖန်ပေးတာပါခင်ဗျာ..)
windtalker
October 2, 2011 at 11:07 am
ဒါဆို ကြောင်လေး က
ဖောက်ခွဲရေးသမား ( tanya ) ပေါ့
အခုလောလောဆယ်
အာဖဂန် မှာလား
အီရတ် မှာလား
ပါလက်စတိုင်း မှာလား
မှန်မှန်ပြောနော်
ညှင်းညှင်းညှင်းညှင်း
thit min
October 2, 2011 at 11:51 am
အရင်ကျနော့ပို့စ်မှာစိတ်ညစ်နေရပါတယ်ဆိုတဲ့ကိုစမောကက်က
ခုနောက်ကြောင်းတွေလှန်နေတယ်ဆိုတော့နောက်ပိုင်းမှာငယ်ရီးစားအကြောင်း
လေးတွေထိဦးတည်နေတာများလားလို့တွေးမိပါရဲ့။
“စိတ်ဖိစီးမှုများပပျောက်ရန်ငယ်ငယ်ကစော်ကြည်သည်များကို ၅ မိနစ်ခန့် ပြန်လည်တွေးရန်”
လို့ရေးပြီး “Reader’s Digest” ကိုပို့လိုက်ရမလားဗျို့။
ပေါက်ဖော်
October 3, 2011 at 2:34 pm
ပေါ့သေးသေးကြောင်လားလို ့..
ဘယ်ဟုတ်မတုန်း..ဂျာ..
တော်သေး..
အာဖဂန်မှာသွားမမွေးတာပဲ အာဖဂန်ကလူတွေကျေးဇူးတင်လိမ့်မယ်
small cat
October 4, 2011 at 4:41 am
ကိုရင်စည်သူ…….တက္ကသိုလ်မှာ စက်ဘီးတွေကို ဒုက္ခပေးတဲ့ အကြောင်း comment တစ်ခုမှာရေးထားပါတယ်။
ကိုလေအိုး…….. ကျွန်တော်မြန်မာပြည်ထဲမှာ ပဲရှိနေပါတယ်။
ကိုသစ်မင်း…….. ငယ်ရည်းစားမရှိပါ ၊ဒုတိယနှစ်ရောက်မှ ရည်းစားရတာပါ။
ပေါက်ဖော်……….လေး ကြီး ကြီး ကြောင်ပါ။