ဒီဇင်ဘာ
ပွဲတော်တွေကလည်း
အမဲလိုက်မလွတ်တဲ့ တောအုပ်လို
တစ်သက်လုံး ချာတိတ်ဟန်ဆောင်ကြမယ်
ဆိုတဲ့ ကတိနဲ့ . ..။
သူမနဲ့တွေ့ဖို့
ငါတို့ အိမ်ပြန်နောက်ကျခဲ့ရ
သူမဟာ မြောက်ပြန်လေယောင်ဆောင်လည်း
တို့ ဂရုမစိုက်ဘူး
လေတဟူးဟူး ဓါးသွားကို
ငါတို့
ဂစ်တာနဲ့
သံယောဇဉ် အတူတူ ဆုပ်တင်းလို့ . . .။
လွယ်အိတ်ထဲမှာ စံပါယ်ပွင့်တွေနဲ့
ရင်ဘတ်ထဲမှာ မီးစုန်းရင်ခုန် မှော်ဓါတ်နဲ့
ဘုရားကျောင်းထဲက ထွက်လာတဲ့ နှင်းဖတ်ကလေးဟာ
ပိုတင်ကင် သင်္ဘောပေါ်က အမြောက်သံကို
နားစွင့်နေသလား. . .။
ဆောင်းရှောင်ငှက်ကလေးတွေ
သင်တို့ ဘယ်မှာ သွားပုန်းနေကြသလဲ
သင်တို့ ကြောက်တဲ့ ရာသီကိုမှ ငါက ရှိုက်မက်လို့
နာတာလူးညမှာ
ညနဲ့ . .လနဲ့ . . သူမနဲ့ . .မခွဲခြားနိုင်တော့တဲ့အထိ
အခါခါ သူငယ်နာ ပြန်မိတယ် . . .။ ။
2 comments
windtalker
October 12, 2011 at 7:27 pm
အဲဒီညပေါ့
ငါတို ့ကျည်ဆန်တွေ
နှင်းစိုနေခဲ့တာ
အဲဒီညပေါ့
စံပါယ်ရဲ ့မွှေးရနံ ့
ထုံသင်း
thit min
October 13, 2011 at 8:17 am
သူငယ်နာ ပြန်
တကယ်သာ အမှန်ဆိုရင်
မလွယ်တာ အမှန်ဘဲ ဗျို့။