ကျွန်မနှင့် ခရီးသွားခြင်း အတတ်ပညာ
အခုတလော ခရီးသွားပို့စ်တွေ တော်တော်များများဖတ်ဖြစ်ပြီး ကျွန်မ သတိထားမိတာတစ်ခုက ကျွန်မက ခရီးစဉ်တော်တော်များများကို ရောက်ဖူးပြီးသားဖြစ်နေပြီး တစ်ချို့နေရာတွေကို ထပ်ခါထပ်ခါ သွားဖူးပြီးသားလဲဖြစ်နေပါတယ်။ ကွန်မန့်တွေကို ဖတ်ကြည့်ရသလောက် ခရီးသွားတဲ့အလုပ်ကို ရွာသူရွာသားတွေ အားနဲကြတာကို သတိပြုမိတာနဲ့ ခရီးသွားခြင်းအတတ်ပညာအကြောင်း တစေ့တစောင်း ရေးချင်စိတ်ပေါ်လာပါတော့တယ်။
ခရီးသွားတယ်ဆိုတာကလဲ ဝါသနာကို အရင်းခံတဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ တကူးတက သင်ယူလေ့လာထားတာမဟုတ်ပေမယ့် လူတိုင်းအလွယ်တကူလုပ်လို့မရနိုင်ပါဘူး။ လူတော်တော်များများက ခရီးသွားရမှာကို ကြောက်ကြတယ်။ ပိုက်ဆံကုန်မှာ၊ ပင်ပန်းမှာ၊ ကျန်းမာရေးအဆင်မပြေဖြစ်မှာ စသဖြင့်ပေါ့။ ကျွန်မကတော့ ခရီးသွားကံဇာတာပါလာသူဖြစ်မယ်ထင်ပါတယ်။ ၄ တန်းအရွယ်ကစပြီး နှစ်စဉ် နွေကျောင်းပိတ်ရက်တွေမှာ တစ်မိသားစုလုံး ခရီးထွက်တဲ့အလေ့အကျင့်ကို ဖေဖေက ဦးဆောင်စီစဉ်ပေးခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး ဈေးရောင်းရတဲ့ဖေဖေ၊ မီးဖိုချောင်ထဲက မထွက်ရတဲ့မေမေနဲ့ စာသင်ကျောင်းနဲ့အချိန်ကုန်နေရတဲ့ သားသမီးတွေကို ထွက်ပေါက်တစ်ခုဖြစ်စေတာက ခရီးထွက်ခြင်းပဲဖြစ်ပါတယ်။ ကျောင်းစာထဲမှာပါတဲ့ ပထဝီနဲ့ သမိုင်းကို အပြင်မှာလက်တွေ့လေ့လာပြီးသားဖြစ်ခဲ့ပါတယ်။ တစ်နှစ်နဲ့တစ်နှစ် စီးပွားရေးအခြေအနေပေါ်မူတည်ပြီး ခရီးထွက်ခြင်း ပုံသဏ္ဍာန်ကွဲတာတွေလဲ ရှိပါတယ်။ ကားငှားတဲ့ကားအမျိုးအစားကွာတယ်။ တည်းခိုတဲ့နေရာကွာတယ်။ အစားအသောက်စားရတာ နဲနဲကွာလေ့ရှိပါတယ်။ ဖေဖေကတော့ အလုပ်တာဝန်တစ်ခုလိုပဲ ကျွန်မတို့ကို မြန်မာပြည်အနှံ့စုံအောင် လိုက်ပို့ပေးမယ်လို့ ဆုံးဖြတ်ထားတယ်ထင်ပါတယ်။ မြောက်ဘက်ကို မြစ်ကြီးနားမြစ်ဆုံအထိ၊ တောင်ဘက်ကို ထားဝယ် မောင်းမကန်အထိ၊ အရှေ့ဘက် ရှမ်းပြည်တစ်ခွင်တရုတ်ပြည်နယ်စပ်အထိ၊ အနောက်ဘက် ရခိုင်ရိုးမ သံတွဲငပလီ၊ စစ်တွေ အားလုံးစုံအောင် လိုက်ပို့ပေးခဲ့ပြီးပါပြီ။
ကျွန်မတို့ မောင်နှမတွေလဲ ကျောင်းသားဘဝမှာ ခရီးထွက်ရတာ သိပ်ပျော်ပါတယ်။ ဖေဖေ့စိတ်ကူးက ခရီးထွက်မှ မိသားစု နီးနီးကပ်ကပ်နေရတယ်လို့ ယူဆလေ့ရှိပါတယ်။ အိမ်မှာ ကိုယ့်အလုပ်နဲ့ကိုယ် စကားတောင်မပြောဖြစ်တဲ့အခြေအနေမို့ ခရီးထွက်ပြီဆိုမှ စကားများများပြောဖြစ်ကြတယ်။ ထမင်းတစ်ဝိုင်းထဲစားဖြစ်ကြတယ်။ တည်းခိုခန်းမှာလဲ ဖြစ်နိုင်ရင် မိသားစုခန်းကိုပဲ ငှားလေ့ရှိပြီး တစ်ခန်းထဲ အိပ်ဖြစ်ကြပါတယ်။ တစ်နှစ်စာ မောပန်းခဲ့သမျှ အင်အားသစ်တစ်ဖန်ပြန်မွေးသလိုမျိုးခံစားခဲ့ရပါတယ်။ တစ်ရွာတစ်ပုဒ်ဆန်းတဲ့ တောတောင်ရေမြေသဘာဝတွေ၊ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေ၊ အစားအသောက်အဆန်းတွေ၊ ထူးခြားတဲ့ ဘုရားစေတီတွေက မရောက်ဖူးရင် မသိနိုင်ပါဘူး။ စာထဲမှာတွေ့တာနဲ့ လက်တွေ့နဲ့က အရမ်းကွာတယ်။ မျက်စိနဲ့မြင်တွေ့ရတဲ့ခံစားချက်မျိုးက စာထဲမှာ ရှာမတွေ့နိုင်တဲ့ အဖိုးတန်တဲ့ အသိပညာတစ်ခုဖြစ်ပါတယ်။ အဆုံးမရှိတဲ့ ပန်းချီကားတစ်ချပ်ကိုကြည့်ရသလို၊ ပုံပြင်ဆန်တဲ့ ရာဇဝင်တွေကိုလည်း တွေးတောခံစားရပါတယ်။
တက္ကသိုလ်ကျောင်းသူဘဝမှာ သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖြစ်ပါသေးတယ်။ ရထားတစ်တန် ကားတစ်တန်နဲ့ ခရီးထွက်တဲ့အချိန်မှာ ကျွန်မက အလိုလိုပဲ ခေါင်းဆောင်ဖြစ်လို့နေပါတယ်။ ရောက်ဖူးပြီးသားနေရာတွေဆိုတော့ ဦးဆောင်ရတာပေါ့။ လမ်းခရီးမှာ ဘာတွေလိုအပ်မယ်၊ ဘယ်လိုအဝတ်အစားမျိုးဝတ်သင့်တယ်၊ ဘာတွေစားသင့်တယ်ဆိုတာတွေကို သိနှင့်ပြီးသားဖြစ်နေတော့ ပေါ့ပေါ့ပါးပါး သွားလာနိုင်ပြီး ခရီးစဉ် အဆင်ပြေချောမွေ့လေ့ရှိပါတယ်။
အလုပ်ခွင်ထဲရောက်တော့ ခရီးသွားရတာ ကျဲလာပါတယ်။ နှစ်တိုင်းမသွားနိုင်တော့ဘူး။ ခွင့်ရက်ရှည်ယူရတာ ခက်လာပါတယ်။ ဒါပေမယ့် ထပ်ခါထပ်ခါ သွားခဲ့ပြီးသား နေရာတွေဆိုတော့ အလွတ်ရနေပြီးသားဖြစ်ပြီ။ တိုးတက်ပြောင်းလဲမှုကလဲ သိပ်နှေးကွေးလွန်းတယ်။ ၂ နှစ် ၃ နှစ်လောက် မရောက်လဲ အတူတူပါပဲ။ မောင်နှမတွေကလဲ အိမ်ထောင်ကျပြီး ကလေးတွေနဲ့ မအားမလပ်ဖြစ်လာတော့ ဖေဖေ့ရဲ့ မိသားစုခရီးစဉ်ကလေး ပျက်စီးသွားခဲ့ပါတယ်။ မိသားစုလိုက် ခရီးထွက်တာ ဝါသနာပါတဲ့ဖေဖေက ကျွန်မကို ဗုဒ္ဓဂါယာခရီးစဉ်မှာ အတူလိုက်ခဲ့ဖို့ စီစဉ်ပေးခဲ့ပါတယ်။ အလွန်စိတ်ချမ်းသာစရာကောင်းတဲ့ ဓမ္မခရီးစဉ်တစ်ခုဖြစ်ခဲ့ပြီး ကျွန်မသွားဖူးသမျှထဲမှာ အကောင်းဆုံးခရီးစဉ်တစ်ခုလဲဖြစ်ခဲ့ပါတယ်။ မိဘတွေနဲ့အတူ မြတ်စွာဘုရားပွင့်ရာနေရာတွေကို ဘုရားဖူးခွင့်ရတဲ့ ခံစားချက်က အနှိုင်းမဲ့ပါပဲ။
ကျွန်မ တရုတ်ပြည်မှာနေတဲ့အချိန်အတွင်းမှာ ဖေဖေနဲ့မေမေ လိုက်လာပြီး မိသားစု ၃ ယောက် ခရီးထွက်ကြပါသေးတယ်။ ကျွန်မရဲ့ဦးဆောင်မှုနဲ့ ခရီးထွက်ဖြစ်ခဲ့တဲ့ ပထမဆုံးမိသားစု ခရီးစဉ်ဆိုလဲ မမှားပါဘူး။ ခရီးသွားအတွေ့အကြုံများလွန်းတဲ့ဖေဖေက တရုတ်ပြည်က ခရီးစဉ်တွေကို အကောင်းဆုံးလို့ ပြောလေ့ရှိပါတယ်။ သက်တောင့်သက်သာအရှိဆုံးနဲ့ ရှုခင်းအလှဆုံးတွေကို မြင်တွေ့ခဲ့ရလို့ဖြစ်ပါတယ်။
ကျွန်မက သာမန်ဝန်ထမ်းတစ်ယောက်မို့လို့ မချမ်းသာပါဘူး။ ဒါပေမယ့် ပိုလျှံသမျှငွေနဲနဲရှိရင် နီးနီးနားနား၊ များများရှိရင် ခရီးဝေးဝေး သွားလေ့ရှိပါတယ်။ တစ်ယောက်ထဲလဲသွားတယ်။ အပေါင်းအသင်းနဲ့လဲသွားတယ်။ မိသားစုနဲ့လဲသွားပါတယ်။ စိတ်ဖိစီးမှုတွေကို ခရီးသွားခြင်းနဲ့ ဖြေဖျောက်လေ့ရှိပါတယ်။ မိတ်ဆွေတစ်ယောက်က ကျွန်မကို ခရီးသွားတဲ့အတတ်ပညာမှာ ပရော်ဖက်ဆာအဆင့်လောက်ရှိတယ်လို့ ကောက်ချက်ချခဲ့ဖူးတာကို သတိရလို့ ခရီးသွားခြင်းအတတ်ပညာကို ခေါင်းစဉ်တပ်လိုက်ရပေမယ့် ကျွန်မအတွက်တော့ ခရီးသွားခြင်းဟာ အနုပညာတစ်ခုလိုပါပဲ။
ကျွန်မတို့ လူ့သက်တမ်းက တိုတိုကလေးပါ။ အချိန်ရှိခိုက် မိသားစု စုံစုံလင်လင်ရှိခိုက်မှာ အမှတ်တရလေးတွေ များများရှိနေသင့်ပါတယ်။ အပြင်လောကကြီးကို လေ့လာသင့်ပါတယ်။ မင်္ဂလာတရားတော်ထဲမှာလဲ အကြားအမြင်များခြင်းသည် မြတ်သောမင်္ဂလာလို့ ဟောကြားထားပါတယ်။ စိတ်ရှုပ်စရာ ကျောင်းစာတွေ၊ အလုပ်ကိစ္စတွေကို ခဏမေ့ထားပြီး သိပ်အံ့ဩစရာကောင်းတဲ့ သဘာဝတရားကြီးကို ထွက်ကြည့်ကြပါလို့ တိုက်တွန်းရင်း …..
23 comments
weiwei
October 13, 2011 at 12:05 am
ပို့စ်တစ်ခု ၁၀ဝ ပေးတုန်း ခါတော်မှီ အမြန်ရေးတင်လိုက်ပါတယ် … နောက်ထပ် တစ်ပုဒ်လောက် ထပ်ရေးချင်သေးပေမယ့် အိုင်ဒီယာမရှိတော့ဘူး … 😛
kai
October 13, 2011 at 12:27 am
The Art of travel: ခရီသွားခြင်းအနုပညာလို့ပဲ.. ပြောချင်မိရဲ့..။
အောက်မှာ.. ခရီသွားခြင်းနဲ့ပါတ်သက်တဲ့.. အဆိုမိန့်ကောင်းလေးတွေ..။
အလှဆုံးဘာသာပြန်ပေးနိုင်သူရှိမလားမသိ..။ 😆
ကြောင်ကြီး
October 13, 2011 at 9:57 am
အန်တီဝေရယ်… သံသရာတလျောက် အထက်ဘဝဂ် အောက်အဝီစိအထိ နေရာအမျိုးမျိုးမှာ ဘဝအမျိုးမျိုးနဲ့ စုန်ချီဆန်ချီ သွားလာခဲ့တာတောင် မကျေနပ်နိုင်သေးဘူးလားဗျာ။ 😎
သဂျီးရေ တတ်မှီသလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ ပြန်သူတိုင်းကို တကြောင်းပွိုင့် တရာစီ ပေးမယ်ဆိုတာ မက်လို့မဟုတ်ဘူးနော်။ အသိသညာ ဝေမျှခြင်းပါ.. 😐
The journey of a thousand miles begins with only one step and is completed only one step at a time”- Lao Tzu.
မိုင်တထောင် ခရီးကို ခြေတလှမ်းနဲ့စပြီး လှမ်းလှမ်းခြင်းမှာ ပြီးဆုံးသွားတယ်။ (ခရီးစဉ်အစ ရုတ်တရက် ခေါက်ခနဲ သေသွားတာကို ပြောတဲ့သဘောပါ)
He who returns from a journey is not the same as he who left. Chinese proverb
ခရီးပြန်လာတဲ့အခါ ခရီးထွက်တုန်းက အခြေအနေနဲ့ မတူတော့ဘူးတဲ့။ (အစားသောင်းကျန်းလို့ ကိုယ်အလေးချိန် တက်လာတာကို ပြောတာပါ။ ဩဇီဦးဖော တရုတ်ပြည်က ပြန်လာတော့ ပေါင်အတော်တက်လာတယ်၊ အန်တီဝေလည်း ခရီးတခါထွက် အဲသလိုပဲလို့ မန်းထားတာ တွေ့ဖူးပါတယ်၊ သဂျီးကစာတွေ့၊ သူတို့က လက်တွေ့)
The use of travelling is to regulate imagination by reality, and instead of thinking how things may be, to see them as they are. Samuel Johnson, England
ခရီးဆန့်ခြင်းဆိုတာ စိတ်နဲ့သွားလို့မရဘဲ လက်တွေ့ထသွားရတာပါတဲ့။ (သဂျီးလို ရုပ်ဝါဒီသမားများ ဈာန်အဘိညာဉ်တန်ခိုးနဲ့ ငရဲ၊ နတ်ပြည် ၃၁ဘုံသွားဖူးသူများကို မယုံကြည် ပျက်ရယ်ပြုခြင်းပါ)။
Travel is fatal to prejudice, bigotry, narrow-mindeness, all foes of real understanding. Likewise tolerance, or broad wholesome, charitable views of men and things cannot be acquired by vegetating in one little corner of the earth all one’s lifetime. Mark Twain, USA
စိတ်မမှန်သူများ ခရီးထွက်ရင် သေတတ်ပါသတဲ့၊ ခုံအောက်မှ ရန်သူက ချောင်းပစ်နိုင်လို့ပါ။ ဒီလိုပါပဲ မြေကွက်သေးသေးလေးထဲမှာ ဘဝတလျောက်လုံး သီးနှံတွေ စိုက်ပျိုးနေမယ်ဆိုရင် လှူနိုင်တန်းနို်ငမှာ မဟုတ်ပါဘူးတဲ့။ (ယူအက်စ်ကလူများအမြဲ အရင်းရှင်တွေး တွေးပါတယ်)
For my part, I travel not to go anywhere, but to go. I travel for travel’s sake. The great affair is to move; to feel the needs and hitches of our life more clearly; to come down off this feather-bed of civilization… Robert Louis Stevenson, Scotland, Travels with a Donkey
သူခရီးထွက်တဲ့အခါ ဘယ်မှမသွား၊ ဂိုးဆီကိုပဲ သွားပါတယ် (သူ့ရည်းစား ဖြစ်မှာပါ)။ ခရီးသွားရင် တောင်အီအီမြောက်အီအီ မတွေးပါ၊ (တည်းခိုးခန်းမှာ ဇယားမရှာနဲ့လို့ ပြောချင်ပုံရပါတယ်)။ တွေ့တဲ့အခါမှာလည်း ပိုပြီးရသမြောက်အောင် ငှက်မွေးအိပ်ယာပေါ်မှာ စိတ်ရှိလက်ရှိ လှုပ်ရှားပါတယ်။ (ဒီလူက ကပ်စီးနဲပါတယ်။ ခရီးသွားတာတောင် မြည်းစီးပြီးသွားတာပါ၊)
GreeNSheeP
October 13, 2011 at 5:47 pm
ခရီးသွားဖို ့
၁=ကျန်းမာရေး
၂=ပိုက်ဆံ
၃=အားလပ်ချိန်
akswe
October 13, 2011 at 12:28 am
အတတ်ပညာလို့ပဲခေါ်ခေါ် အနုပညာလို့ ပဲ သမုတ် သမုတ် ခရီးသွားနေရင်ကို ပဲ ကျေနပ်နေမိတာ ပါ….
မြန်မာပြည်ရဲ့ နေရာ အတော် စုံအောင် ရောက်ဘူးတယ် လို့ကိုယ့် ကို ကိုယ် သတ်မှတ် ထားတာ မဝေ ရောက်ဘူးတဲ့ နေရာတွေ ပြောတော့ မှ ဪ ငါ ဘယ်မှ မရောက် ရ သေးပါလား လို့ ဝမ်းနဲမိတယ်…
မဝေ စာတွေ အများကြီးရေးနိုင်နေတာ ခရီးသွားခြင်းက ရတဲ့ ဗဟုသုတ တွေ များလို့ရှိမှာ ပဲ…
တစ်သက်မှာ တစ်ခါတော့ ဘယ်နားဖြစ်ဖြစ် ရောက်ဘူးချင်တယ် ကြုံဘူးချင်တယ် ခံစားကြည့်ချင်တယ်….
အထူးသဖြင့် တောတောင် ရေမြေ မြစ်ချောင်း ပင်လယ် စတဲ့သဘာဝနဲ့ ထိစပ်နေတဲ့ နေ ရာတွေ ကို တိုက်တာ မျှော်စင် လေယာဉ် ရထား ဟော်တယ် ကားတွေ မြင်ရ တွေ့ရတာထက် ပိုပြီး နှစ်သက်မိတယ်….
hmee
October 13, 2011 at 1:19 am
အရင်ကတော့ ခရီးသွားတိုင်း အမှုမဲ့ အမှတ်မဲ့ပဲ။ ရွာထဲရောက်ပြီးမှ ပိုစပ်စုလာသလို ဓါတ်ပုံလည်း ပိုရိုက်ဖြစ်လာတယ်။ အရင်ကတော့ အလှပုံတွေ ရိုက်ဖြစ်တာများတယ် အခုတော့ မှတ်တမ်းတွေပဲ အရမ်းကာရော ရိုက်နေလို့ အတူ ခရီးသွားတဲ့လူတွေက သိပ်မကြည်ချင်တော့ဘူး မဝေရေ။ ဓါတ်ပုံရိုက် ဝါသနာပါလာတာ လေးပေါက်ကြောင့်။ မှတ်တမ်းရေးချင်လာတာ မဝေကြောင့်။ သူဂျီးပြောသလို ခရီးသွားတာ ကောင်းပါတယ် ခရီးအကြောင်း လူအများသိအောင် စာရေးတာပိုကောင်းပါတယ် ဆိုတာလေးကို အမြဲသတိရလို့ အခုတလော ခရီးထွက်တိုင်း စာရေးဖို့ပဲ ခေါင်းထဲ ရောက်နေတာ မဝေရေ။ အရင်က ခရီးထွက်ဖို့ ပိုက်ဆံနှမျောတာနဲ့ ပင်ပန်းမှာ ကြောက်လို့ သိပ်မသွားချင်ခဲ့ဘူး။ အခုတော့ ရောက်တုန်းရောက်ခိုက် အခွင့်အရေးရခိုက် သွားမယ်ဟဲ့ ဆိုပြီး သွားလိုက်တာ သွားစရာ နေရာတောင် မကျန်တော့ဘူး။ 🙂
တညင်သား
October 13, 2011 at 7:48 am
အဘဆွေ ပြောသလိုပဲ နေရာစုံအောင် ရောက်ဘူးတယ်လို့ သတ်မှတ်ထားတာ ဒီရွာမှာ တွေ့မိတာတွေက ကိုယ်မရောက်ဘူးသေးတဲ့နေရာတွေလေ … ပြည်ပ ထွက်တာရော ခရီးသွားတာလို့ခေါ်မလား … အဲဒါဆိုရင်တော့ ခရီးမသွားရတဲ့
ဂါထာတွေ ရွတ်မှပဲ………ဟိုးးးးးးတလောကတောင် မိတ်ဆွေ တွေကို ပြောပြနေသေးတယ် ခရီးသွားချင်တဲ့အကြောင်း ပြန်တောင်မရောက်သေးဘူး နောက်တခု သွားဖို့ စီမံကိန်းဆွဲနေတာ……:P
ခရီးတခုသွားပြီး ပြန်လာလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ စိတ်တွေက ပေါ့ပါးလမ်းဆန်းနေတယ် …အဲ့ဒါတကယ်ဗျ
koyinmaung
October 13, 2011 at 8:29 am
(ကျွန်မတို့ လူ့သက်တမ်းက တိုတိုကလေးပါ။ အချိန်ရှိခိုက် မိသားစု စုံစုံလင်လင်ရှိခိုက်မှာ အမှတ်တရလေးတွေ များများရှိနေသင့်ပါတယ်။ အပြင်လောကကြီးကို လေ့လာသင့်ပါတယ်။ )
အကြိုက်ဆုံးစာပိုက်လေးပါ ဝေဝေရေ ကိုယ့်မိသားစုရဲ့အမှတ်တရဆိုတာခုမှသတိထားမိလို့ပါ…
ကျေးဇူးဘဲနော်…
blackchaw
October 13, 2011 at 8:56 am
ခရီးသွားခြင်းမှာ ကျွန်တော်ကတော့ အတတ်ပညာ ရော အနုပညာ ပါ
ပါဝင်တယ်လို့ ထင်ပါတယ်။ ကြိုတင်စီစဉ်တွက်ချက်တာတွေက အတတ်ပညာ ပေါ့ဗျာ။
ကုန်ကျနိုင်တဲ့ ဘတ်ဂျက်က အစ၊ ဘယ်မှာတည်းမယ်၊ ဘယ်လိုစားမယ်၊ ဘယ်လိုသွားမယ်၊
အချိန်ဘယ်လောက်ကြာကြာနေမယ် ဆိုတာတွေပေါ့။
ကျန်တဲ့ ဓါတ်ပုံရိုက်တာတို့၊ သဘာဝရှုခင်းအလှတွေကို ခံစားတာတို့ကျတော့ အနုပညာပေါ့။
အဲဒီလိုပဲ မြင်ပါတယ်။
thit min
October 13, 2011 at 9:19 am
မဝေဝေဆိုတော့ သွားနိုင်တာပေါ့ဗျာ၊
အမြဲ ဒေါ်လာ 6060 ရှိတာဆိုတော့၊ လောက်တာပေါ့နော့။
ဆူး
October 13, 2011 at 3:42 pm
အစပိုင်းတုန်းက ခရီးသွားတာကို ပင်ပန်းတယ်လို့ မြင်မိတယ်။ နောက်ကျတော့ ပျော်တယ်။ ကားတွေ ရထားတွေ စီးသွားရပေမဲ့ မတူညီတဲ့ ပတ်ဝန်းကျင် လူနေမှု စရိုက်အထွေထွေတွေကို လေ့လာ ဖို့ အတွက် စာအုပ်ဖတ်ရမှာ ပျင်းတဲ့ ဆူး အဖို့တော့ အသိပညာ ရစေတဲ့ စာသင်ခန်း တခုလိုပါပဲ။
ရာဇဝင်လူဆိုး
October 13, 2011 at 4:20 pm
ခရီးသွားတာ အားပေးပါတယ်။ ကျုပ်ဆို တစ်ယောက်တည်းသွားရတာတွေများတယ်။ ခရီးသွားခြင်းအာဖြင့်..
၁။ မိမိကိုယ်ကို ဘယ်နေရာရောက်ရောက် ယုံကြည်မှု ပိုရှိလာတယ်။
၂။ ဒေသန္တရ ဗဟုသုတ တိုးပွားစေတယ်။
၃။ လိုချင်မျက်စိရှိရင် စီးပွားရေးဈေးကွက်ကိုပါ ဒေသအလိုက် မြင်တတ်လာတယ်။
၄။ စိတ်ဖိစီးမှုကို ပြေပျောက်စေတယ်။
ဒါက ကျုပ်ခရီးထွက်ရင် ဖြစ်ပေါ်လာတဲ့စိတ်ကို ခံစားမိသလောက် ချရေးကြည့်တာပါ။ ဒါပေမယ် ဒီထက်ပိုတဲ. ကောင်းကျိုးတွေ အများကြီးရှိတယ်။
ခုနောက်ပိုင်းမြန်မာလူမျိုးတွေ အားလပ်ရက် ခရီးတွေထွက်လာကြတာတွေ.လာရပါပြီ။ တစ်ချို. ဆင်းရဲသာလူတန်းစားတွေ အဖို့တော. ခရီးထွက်ဖို. မပြောနဲ. မနက်အလုပ်မလုပ်ရင် ညထမင်းငတ်မယ့် ပုံစံမျိုးဆိုတော.။။
Diamond Key
October 13, 2011 at 4:27 pm
ခရီးတွေ သွားရတာတော့ တစ်ကယ့်ကို သဘောကျပါတယ်။
မဝေပြောသလို မိသားစု ခရီးလေးတွေ၊ မိတ်ကောင်းတွေနဲ့ ခရီးလေးဆို နှစ်သက်စရာပေ့ါ။
ဓါတ်ပုံရိုက်ရတာ (အရိုက်ခံတာမဟုတ်) လည်းဝါသနာပါတော့ ခုနောက်ပိုင်းမှာ ခရီးတွေ ထွက်ရင် ပြန်ကြည့်စရာ မှတ်တမ်းလေးတွေ ယူလာဖြစ်တယ်။ ကျွန်တော်အတွက်တော့
He who returns from a journey is not the same as he who left ပါပဲ။ (ဟဲဟဲ – သူကြီးရှာထားတာကို အတည်ပေါက် ယူသုံးလိုက်ပါတယ်)။
ဲ
MaMa
October 13, 2011 at 4:51 pm
ဝေဝေရေ- တို့တစ်တွေ မိသားစုလည်း ဝေဝေတို့လိုပဲ နှစ်တိုင်းသင်္ကြန်ဆို ထွက်လည်ဖြစ်တယ်။ပြက္ခဒိန်မှာ နီနီတွေ ၂ရက်- ၃ရက် တွေ့ရင် ခရီးစဉ်ဆွဲတော့တာပဲ။ ပြည်တွင်းမှာဆို နေရာတော်တော်စုံစုံ ရောက်ဖူးတယ်။ အရင်က မိသားစုအားလုံး အဖွဲ့လိုက် သွားနေကြဆိုတော့ ကိုယ်ကအသာလေး လိုက်သွားရုံပဲ။ (မိသားစုကို အားကိုးတာလေ။) ခုတစ်ခေါက်ကတော့ မိတ်ဆွေတွေနဲ့ သွားတာဖြစ်ပြီး မိသားစုတစ်ယောက်မှ မပါတော့ ကိုယ့်အရည်အချင်းကို မယုံကြည်ဘဲ ကြောက်နေတာ။ (အသက်ကြီးပြီး အချိန်မစီးတာလို့ပဲ ပြောရမယ်ထင်တယ်။)
ခရီးသွားတဲ့အကျိုးကတော့ ဝေဝေပြောသလိုပဲ။ နေ့စဉ် သွားနေကျ၊ လုပ်နေကျ၊ မြင်နေကျ ပုံစံခွက်ထဲကနေ လွတ်ထွက်သွားရပြီး လူသစ်စိတ်သစ်ဖြစ်စေတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
October 13, 2011 at 5:42 pm
ဘာ…………………ခရီးသွားဒါဒုန်း
အလကား
ရွာရိုးကိုးပေါက် အလေလိုက်တာကို
လူကြားကောင်းအောင်
ခရီးထွက်ဒယ်ဘာဒယ်နဲ့
ကိုပေါက်(မန္တလေး)
October 13, 2011 at 6:00 pm
ကျနော် 1995ကနေ 2003ထိ လုံးဝခရီးထွက်ခွင့်မကြုံခဲ့ဘူး။
နေ့ချင်းပြန်လောက်ဘဲသွားရတာ။
အဲတော့ အလုပ်ပိတ်ရက်မှာ မန်းလေး မြို့ပြင်ကိုထွက်လည်တယ်ဗျာ။
စစ်ကိုင်း အင်းဝ မေမြို့ အောင်ပင်လယ် ပေါ်တော်မူ မြွေဘုရား အကုန်လျှောက်သွားတယ်ဗျာ။
အခုကင်မရာလေး လက်ထဲရောက်တော့ အဲဒီနေရာတွေထပ်သွားတယ်ဗျာ။.
နေ့စဉ်မွန်းကျပ်နေတဲ့ နေရာကနေ လွတ်ထွက်ခွင့်ရတာ
ရွာရိုးကိုးပေါက်လျှောက်အလေလိုက်တယ်ဗျာ။
အလေလိုက်တာက တိုင်မှာချည်ထားခံရတဲ့နွားထက်စာရင်တော့ သာတယ်ဗျာ။
windtalker
October 13, 2011 at 7:25 pm
တတ်နိုင်ရင် တတ်နိုင်သလို ပေါ့ဗျာ
ဘယ်သူမဆို တော့ ကိုယ့်စိတ်ထဲရှိသလို အကုန်လုပ်ချင်ကြတာပါပဲ
weiwei
October 14, 2011 at 9:52 am
လူအမျိုးမျိုး စိတ်အထွေထွေ .. ဝါသနာလဲ အမျိုးမျိုးရှိကြမှာပါ …
ကျွန်မကတော့ စိတ်ထဲမွမ်းကြပ်လာတိုင်း မြို့ပြင်ကို ထွက်ကြည့်လေ့ရှိပါတယ် …
အခုတောင် အစိမ်းရောင်လယ်ကွင်းကြီးကို ကြည့်နေရင်း ဒီကွန်မန့်ကိုရေးလိုက်တာ … 🙂
AKKO
October 14, 2011 at 12:55 pm
ခရီးထွက်ခြင်းဟာ အနားယူ အပန်းဖြေမှုတစ်ခုပါပဲ ။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးသွားတာဆိုလျှင် ပိုကောင်းပါတယ် ။ အလုပ်တာဝန်ဲ့သွားတာမျိုး နောက်ဆံတင်းပြီး သွားတာမျိုးကတော့ ပျော်ရတာနဲ့ မကာမိပဲ စိတ်ရှုပ်စရာကောင်းတယ် ။
ရွှေအိမ်စည်
October 14, 2011 at 1:55 pm
ခရီးထွက်ခြင်းဟာလေ ့လာစူးစမ်းလေ ့လာခြင်းနဲ ့စိတ်အပန်းဖြေအနားယူခြင်းပါဘဲ။
ပြီးတော့ဘုရားဖူးဆိုကုသိုလ်လည်းရတယ်လေ..ငွေကတော့ကုန်တာပေါ့….
နှစ်တိုင်းခရီးထွက်ချင်ပါတယ်…
.ကျိုက်ထီးရိုးဆို….အမြဲသတိယမိတာ..ဦးဖိုးကျားလို ခရီးထွက်ချင်မိတယ်…။
မိတ်ဆွေ သူငယ်ချင်းနြ ့ထွက်ရတာလည်းကောင်းသလို …
.မိသားစုခရီးထွက်တာကလည်းနွေးထွေးမှာပါ..။
စိတ်ကူးနြ ့တောင်ပျော်ပါတယ်။…။။။။
လူတိုင်းတော့..နှစ်တိုင်းအနားယူသင့်တယ်..စိတ်ကူးသစ်အတွေ းသစ်ပိုလန်းဆန်းပါတယ်…။
ပျော်စရာကောင်းတဲ ့အတွေးရလို ့ကျေးဇူးပါ
etone
October 14, 2011 at 2:09 pm
ခရီးထွက်ရတာတော့ပျော်ပေမယ့် သင်္ကြန်မှာတော့ တစ်ခါမှ ခရီးမထွက်ဖူးဘူး .. စိုစွတ်စွတ်နေရမှာလည်း မကြိုက်တာကြောင့်ပါတယ် … ငယ်ငယ်ကတော့ ဟိုစပ်စပ်ဒီစပ်စပ် အဒေါ်တွေနဲ့ လျှောက်သွားဖူးပေမယ် ့… အခုလို အလုပ်ဝင်တဲ့အချိန် အားလပ်ချိန်ဆိုတာ ရှားပါးလာလို့ … သက်သက်ကြီးခရီးထွက်ဖို့က ခွင့်ရက်ရှည်ယူပြီး သွားမှ … ။
ခရီးထွက်လျှင် အဓိက ပြသနာ .. အိမ်သာပါပဲ … စိတ်ညစ်ဖို့ကောင်းတယ် 🙁
အလုပ်တွေပစ်ပြီး .. ဖြစ်ချင်တာဖြစ် … ခရီးထွက်လို့ ပေါ့ပါးသွားတဲ့ စိတ်ကတော့ ဘာနဲ့မ ှနှိုင်းမရအောင်ပဲ လန်းဆန်းတတ်ကြွလွန်းပါတယ် ။ 😛
နွယ်ပင်
October 14, 2011 at 3:42 pm
ီစိတ်လွတ်လပ်လွတ် ခရီးကတော့ ထွက်ချင်ပါရဲ့
ခရီးသွားမယ်ဆိုလဲ ဘာကိုမှ နောက်ဆံမတင်းပဲ သွားရတာက ကောင်းမယ်ထင်တယ်
အခုတော့ အလုပ်ကလဲ ခွင့်ရက်ရှည်မရတော့ ခရီးသွားဖြစ်ရင်လဲ ရက်ရှည်ဆိုတာမျိုးမဟုတ်ဘဲ
သွားသုတ်သုတ် လာသူတ်ဖြစ်နေရော သကြန်ကျပြန်တော့လဲ ပိတ်ရက်ရှည်တော့ ရပင်မယ့်
သင်္ကြန်ဖြစ်လို့ ခရီးမသွားချင်တာက တစ်ကြောင်း သင်္ကြန်တွင်းမို့ အမျိုးတွေက အိမ်ကိုလာလည်
ကြတာကတစ်ကြောင်းနဲ့ ခရီးရှည်မထွက်ဖြစ်တာ တော်တော်ကြာနေပြီ
ဒီနှစ် သင်္ကြန်တော့ ဖြစ်ချင်ရာဖြစ် ခရီးရှည်လေးထွက်လိုက်ဦးမယ်လို့ စိတ်ကူးထားတာပဲ …..
pooch
October 14, 2011 at 5:26 pm
မမဝေရေ ကျမလည်း ခရီးသွားရတာ ဝါသနာပါတယ်.. တနှစ်တခေါက်အမြဲတနေရာမဟုတ်တနေရာတော့ သွားလေ့ရှိတယ်.. အခုလည်း ဒီနေ့မှ ရွှေကျင် နှစ် ၁၆ဝ ပြည့် မီးမျှှောပွဲက ပြန်ရောက်တာ ..
လှလိုက်တာမှ .. ကိုယ်တိုင် လှေစီးပြီး မီးခွက်ကလေးတွေလည်း မျှောဖြစ်ခဲ့တယ် ..
ဒီနှစ်ကတော့ ခရီးတွေဆက်သလို .. အတွေ့အကြုံ အသစ်တွေရော မြင်ကွင်းသစ်တွေရော တွေ့ရလို့
မောတယ်ပန်းတယ်တောင် စိတ်ထဲမတွေးမိပါဘူး..