အိမ်အိုတော့ ကျားကန်…. လူအိုတော့ပန်းပန်
အိမ်အိုတော့ ကျားကန် လူအိုတော့ ပန်းပန် တဲ့…။ သိပ်ကြောက်ဖို့ကောင်းတဲ့ မြန်မာစကား…။ နေဝန်းနီတွေ့ဖူးတဲ့ အိမ်အကြောင်းပြောရဦးမယ်…။ နားထောင်မယ်မဟုတ်လား…။
မြို့တစ်မြို့မှာပေါ့ဗျာ…။နေရာကမြို့လယ်ခေါင်…။ခြံဝန်းကျယ်ကြီးရှိတယ်..။ခြံဝန်းကျယ်ကြီးလို့ပြောရအောင် တော်တော်ကိုကျယ်တာ…။ အရင်ကတော့ သပ်သပ်ရပ်ရပ် ခြံခတ်ထားဖူးမှာပေါ့….။ ခုတော့ တော်တော်ကို ဖရိုဖရဲ ခရိုခယိုင်ဖြစ်နေပြီ…။ ခြံစည်းရိုးကာထားတာက သုံးလက်မ တစ်လက်မကို တန်းပစ်ပြီး နှစ် -တစ်လက်မလေးတွေ ကာထားတာ..။ ခြံစည်းရိုးတိုင်တွေက လေးလက်မ ပတ်လည်လောက် ရှိတဲ့ တိုင်လုံးတွေနဲ့…။ တိုင် တစ်တိုင်ချင်းစီမှာလည်း အောက်က အုတ် ခုံလေးတွေပါတယ်…။ အသေအချာလုပ်ထားတာပါပဲ…။ ခုတော့ ကာရံထားတဲ့ ခြံစည်းရိုးက မြို့ ကလနားမှာနေတဲ့ စည်းကမ်းမရှိသူတစ်ချို့ရဲ့ ထင်းခွေ ခြင်းခံရသလို… အဲဒိအိမ်က ထမင်းဟင်းချက်တဲ့ ကောင်မလေးကလည်း လူကြီးတွေလစ်ရင်လစ် သလို မြို့ထဲလာလည်ရောင်းတဲ့ ထင်းသည်က ထင်းမဝယ်ပဲနဲ့ ခြံစည်းရိုးကို ထင်းလုပ်တတ်တယ်..။
ခြံက ကျယ်ပေမဲ့ သန့်ရှင်းရေးလုပ်မဲ့သူမရှိရှာဘူး…။ မိုးတွင်းဆိုရင် ခြံထဲမှာ ဗွက်ထတဲ့နေရာကထလို့…။ ပေါင်းမြက်တွေကလည်း ရှင်းမဲ့သူမရှိတော့ သူ့ထက်ငါ အပြိုင်းအရိုင်းတောထလို့…။ အဲဒိပေါင်းတောကြားထဲမှာပဲ… အမျိုးကောင်းတဲ့ နှင်းဆီပွင့်တွေ ပေါင်းပင်တွေနဲ့ မြေဩဇာ လုယက် သုံးစွဲပြီး သူတို့ရှိသေးတယ်ဆိုတာ သိအောင် လှလှပပ ပွင့်ပြနေလေရဲ့…။ ကိုင်းချိုးပြီးရောင်းစားလို့ရတဲ့ ခြံသပြေဆိုတာတွေလည်းရှိတယ်…။ ညနေဆို ပန်းရောင်းတဲ့ ဈေးသည်တွေ အပြေးအလွှား လာပြီးချိုးကြ ခူကြနဲ့…။ သီပင်စားပင် တော်တော်များများလည်းရှိတယ်..။ မပြုမပြင်တော့ အရိုင်းရှင် ရှင်နေရတာ…။ ခြံရှင်ကလည်း ခြံထွက်ပစ္စည်းတွေသာ ရောင်းစားတတ်တာ ဘာမှပြုပြင်မပေးဘူး..။ အုန်းပင်တွေဆို အုန်းလက်တွေဘာတွေ ရှင်းမပေးဘူး..။ အုန်းသီးခြောက် ခေါင်းပေါ်ပြုတ်ကျမှာစိုးလို့ အကြောင်းသိသူတွေက အုန်းပင်အောက်ဖြတ်မလျှောက်ကြဘူး..။ အုန်းလက်ခြောက်တွေကလည်း အပင်ပေါ်မှာ တိုးလို့ တွဲလောင်း နဲ့..။
ရေတွင်းက အဝီစိတွင်း ရေထွက်တော့ တော်တော်လေးကောင်းတယ်..။ အင်ဂျင်နဲ့တင်တာ..။ မြို့လယ်ခေါင်မှာသာရှိတာ လျှပ်စစ်မီးနဲ့ မော်တာမသုံးဘူး..။ အဲဒိအကြောင်းနောက်မှပြောမယ်..။ အိမ်က တောင်ဘက်ကိုလှည့်ဆောက်ထားတာဆိုတော့ ရေကန်ကြီးက ခြံရဲ့ အရှေ့ မြောက်ဘက်မှာ ..။ရေကန်ကြီးကတော်တော်ကြီးတာဆိုတော့ ရေကန်းကြီးပေါ့ ..။ ရေကန်လုပ်ထားတဲ့ အုတ်ခုံကလည်းမြင့်တယ်..။ ရေကန်ကြီးက တော်တော်ခန့်ထည်နေပေမဲ့… ကန်မလှယ်တာ မဆေးမကြောတာ ဘယ်လောက်ကြာပြီလည်းမပြောတတ်ဘူး..။ ရေညှိတွေ အနည်တွေနဲ့..။ ရေတွင်းက တင်လိုက်တဲ့ရေက ကန်ထဲကို ဒါရိုက်ထည့်တာ…။ ရေတင်ပြီးပြီးချင်း ကန်ကြီးထဲက ရေကို သုံးလို့ မရသေးဘူး..။ ကန်ထဲက အနည်တွေ ကျအောင်စောင့်ရသေးတယ်..။ မိုးတွင်း အပြင်ကနေပြန်လာလို့ ရေကန်သွားပြီး ဆေးကြေသန့်စင်မယ် မစဉ်းစားနဲ့..။ ပြန်လာတာနဲ့ ရေကန်နဲ့ အိမ်အကြားကွက်လပ်က ရွှံ့ဗွက်နဲ့ပြန်ပေသွားမယ်..။ အဲဒိတော့ အိမ်ကြီးရဲ့ လှေကားရင်းမှာ စဉ့်အိုးတစ်လုံးချထားပြီး အဲဒိစဉ့်အိုးထဲကရေနဲ့ ခြေဆေး …။ အိမ်ပေါ်တက်..။ အိမ်ထဲဝင်..။ အိုကေပဲ..။ အိမ်ကနှစ်ထပ်အိမ်ပါ…။
ခြံအကြောင်းပြောပြီးတော့ အိမ်သားတွေအကြောင်းဆက်ပြောဦးမှ…။ အဲဒိအိမ်မှာ အဘိုးကြီးနှစ်ယောက်နဲ့ အဘွားကြီးနှစ်ယောက် ရှိတယ်..။ အိမ်ရှင်လင်မယားရဲ့ နှစ်ဘက်မိဘများပေါ့နော့…။ အသက်တွေက တော်တော်ကြီးနေပါပြီ..။ ကျန်မာရေးကတော့ ဒေါင်ဒေါင်မြည်နေတာပဲ..။ ဘာမှတော့မလုပ်တော့ဘူး..။ အဲ တိတ်တိတ် လေး အပေါင်ခံတာတို့ အတိုးနဲ့ ငွေချေးစာတို့ တော့ လူရွေးပြီးလုပ်တာရှိတာပေါ့…။ အများအမြင်မှာတော့ ဘာမှမလုပ်ဘူးပဲ…။ လာပေါင်တိုင်းလက်မခံသလို လူတိုင်းကိုလည်း ငွေမချေးဘူး..။ အရင်ကတည်းက ဆက်ဆံလာကြတဲ့ လူရင်းတွေပဲ…။ လက်ခံတယ်..။ ပြီးတော့ အိမ်ရှင်လင်မယားနဲ့ သားသမီးက ဂှစ်ယောက်ရှိတယ်…။ အားလုံး 14ယောက်…။ သားနှစ်ယောက်က နိုင်ငံခြားမှာ…။ အဲဒိတော့ အမြဲနေနေတာက 12ယောက်ပေါ့…။ နေ့ခင်းဆိုရင် အဘိုးကြီးအဘွားကြီးလေးယောက်ရယ်…။ အိမ်မှာ ထမင်းဟင်းချက်တဲ့ သမီးအလတ် တစ်ယောက်ရယ်…။ အကြီးကောင် ငမူးရယ်…။ ဒါပဲရှိနေတတ်တယ်..။ ကျန်တဲ့သူတွေက အလုပ်သွားတဲ့သူရယ်…။ ကျောင်းသွားတဲ့သူရယ်..။ ကျောင်းသားက နှစ်ယောက်ပဲရှိတော့တာပါ…။ သုံးတန်းကျောင်းသူတစ်ယောက် ငါးတန်းကျောင်းသားတစ်ယောက်..။ ဒီတော့ လူ12 ယောက်နေတာ အလုပ်လုပ်တဲ့သူလေးယောက် ရှိတယ်လို့ပဲ ပြောရမှာပေါ့….။ ဟိုအဘိုးကြီးတွေ အဘွားကြီးတွေက သူ့တို့ရတဲ့ငွေ သူတို့ပဲ ကိုင်ထားတယ်…။ မိန်းမဘက်က မိဘတွေက သားတစ်ယောက်ကို မလေး ကို ကုန်ကျစရိတ်ကျခံပြီးပို့ပေးတော့ ယောက်ျား ဘက်က နောက်တစ်ယောက်ကို စလုံးပို့ပေးလိုက်တယ်…။ သူတို့ဆီကိုပဲ ငွေလွှဲရတယ်…။ အဲဒိငွေတွေကို အိမ်က မခံစားရဘူး…။
(အဲဒိမှာ …ဇာတ်လိုက်ဘယ်သူထားရမလဲ စဉ်းစားနေတာ …။ တစ်ပတ်လောက်ရှိမှ သွားတွေ့တယ်…။ ငမူးအကြောင်း အရင်စပြောရင် ဖတ်ကောင်းမလားလို့…..:P)
နေဝန်းနီ
14 comments
chitlay
October 20, 2011 at 3:27 pm
မြန်မာစကားတွေများ အပြောမတတ်တော့ ဆဲသလိုပါပဲ ရုံးက အပျိုကြီး မမတစ်ယောက် ပန်းပန်ထားတာကို ဘာရယ်မဟုတ် လူအိုတော့ ပန်းပန်လို့ နောက်လိုက်မိတာ အောင်မလေးတော် စိတ်ဆိုးသွားလို့ နောက်ကို အပြောအဆို တော်တော်လေး ဆင်ခြင်လိုက်ရတယ် 😀 (ဒီပို့စ်နဲ့တော့ ဘာမှမဆိုင်ပါဘူး ဆက်စပ်မိသွားလို့ပါ)
kai
October 20, 2011 at 4:14 pm
ဟာဝိုင်ရီမှာတော့.. အပျိုလေးတွေ.. ညာဖက်ခေါင်းမှာပန်းပန်ကြတယ်..။
လှမှလှ…။ 😆
ကျန်သေးတယ်..။
ဆန်ဖရန်စစ္စကို…
သီချင်းတောင်ရှိသေး..။
“San Francisco (Be Sure to Wear Flowers in Your Hair)” is a song, written by John Phillips of The Mamas & the Papas, and sung by Scott McKenzie.[1] It was written and released in 1967 to promote the Monterey Pop Festival.
ဘာရယ်မဟုတ်ပါဘူး..
ခေတ်မမှီတော့တဲ့..မြန်မာစကားကို..
“အိမ်အိုတော့..ပြန်ပြင်ဆောက်..။” “လူအိုတော့..ကျမ်းမာရေးအာမခံထား..” လို့ ပြန်ပြင်ပေးချင်လို့ပါ..။
ပေါက်ဖော်
October 20, 2011 at 3:38 pm
ဇာတ်လိုက်က ငမူး ဆိုပဲ..
စိတ်ဝင်စားလာဘီ..
စောင့်ရဦးမပေါ့..
😆
etone
October 20, 2011 at 4:08 pm
အပျိုဆိုတော့ အများကြံ
လိုချင်တော့ သွားဖန်
မကြည်သူဆို သွားပြန်
ကြည်သူဆို ယူဖို့ ကြံ 😀
အိမ်အိုတော့ ကျားကန်
လူအိုတော့ ပန်းပန်
လင်လိုတော့ များဟန်
ကြင်သူမဲ့တော့ ကျန်ပြန်
chitlay
October 20, 2011 at 4:16 pm
မကျန်ချင်တော့ ရှိူးပေး
ရှိူးများတော့ လူမလေး
လူမလေးတော့ ဂျောင်မှာဆွေး 😛
etone
October 20, 2011 at 4:23 pm
ဂျောင်မှာဆွေး
အမှောင်မှာလေး
စောင်ခြုံကွေး 🙄
naywoonni
October 20, 2011 at 4:41 pm
ရေချိုးပြီးစ===အောင်ချိမ့်(သစ်ရွက်အသေများပေါ်မှရက်စက်သောဂီတ ကဗျာစာအုပ်မှ)
ပြီးရင်……..
ခန်းစီးနားကွယ်လို့
ငယ်ရွယ်သူတို့ရဲ့ဘာဝ
ရင်ခုန်သံလွလွကိုမျှော်မယ်။
“ကြည့်စမ်းကွယ်
သူဒီနေ့…
မနေ ့ကထက်လှနေတယ်”
ဖြတ်သွားသူတွေပြောလိမ့်မယ်။။
အရောင်အသွေး
အမွှေးအထုံ
အလှဗေဒနဲ့မှုံသ
မှန်ခုံကသူထလိုက်ပါပြီ။။
ဟုတ်တယ်
ရေချိုးပြီးတယ်ဆိုရင်
ဘယ်လိုပဲဖြစ်ဖြစ်
ဒါဖြစ်သင့်တယ်။။
နုပျိုဆဲမှာ
အသက်သွေးပူနွေးဆဲမှာ
ရင်ခုန်သံသန်မာဆဲမှာ
ဒါ….ဖြစ်သင့်တယ်။။
ကျန်းမာရေးကောင်းသူတွေ
ရေချိုးကြပါတယ်။။
တစ်ခါရေးချိုးပြီး
တစ်ခါလှပါတယ်။
ဘယ်နှစ်ခါရေချိုးချိုး
ရိုးသွားမဲ့အလုပ်
ဘယ်ဟုတ်ပါ့မလဲ။။
သူတော်စင်တို့စကားတော့
နားမယောင်ကြလေနဲ့
နွေမှာ..မိုးမှာ
ဆောင်းမှာ
ရေချိုးကြပါလေ။။
တကယ်တော့သိလား
အမာရွတ်မျက်နှာ
သနပ်ခါးလူးလို့ကော
နာတာရှည်ရောဂါသည်ရေမွှေးဆွတ်
မုဆိုးမကမူပြစေ
အသေကောင်ရေချိုးရင်လဲ
အပိုပါပဲ….။။
ရိုးသားမှုနဲ့တတ်စွမ်းနိုင်တာပြုလုပ်
ကျွနုပ်တို့ရေချိုးကြရအောင်။။။
အောင်ချိမ့်
youngcat
October 20, 2011 at 5:01 pm
“”အိမ်အိုတော့ ကျားကန်
လူအိုတော့ ပန်းပန်
လင်လိုတော့ များဟန်
ကြင်သူမဲ့တော့ ကျန်ပြန်””
ဒေါ်အိတုန်ရေ ဘယ်သူလိုနေတာတုန်း!
etone
October 21, 2011 at 8:46 am
အဟီး .. ဘာရယ်မဟုတ်ပါဘူး ကိုကြောင်လေးရေ …ဒီလိုပဲ … ရည်ရွယ်ချက်မရှိရေးဖြစ်သွားတာပါ … ။ 🙂
thit min
October 20, 2011 at 5:22 pm
ကဗျာနဲ့ မန်းကြတာ တယ်လဲခေတ်စားလာပါပေါ့လား။
လူအိုတော့အချိုကြွေး၊ အိမ်အိုတော့ကျားကန်ပေးလို့လဲရှိတယ်
အချိုကြွေးမှ ဆီးချို ဖြစ်ပြီး မြန်မြန်ရှောအောင် လုပ်သလိုကြီး
windtalker
October 20, 2011 at 9:43 pm
အဲဒီ အဘိုးကြီး အဘွားကြီး တို ့ဆီကနေ
၅ကျပ်တိုးလောက်နဲ ့ငွေချေးလို ့ရမလား
မေးပေးစမ်းပါဗျာ
ကိုဘိုနီ ရာ
အတိုးတော့ ပုံမှန်ပေးမယ်လို ့
အရင်းကတော့
ခိုင်ခိုင့် ဆီက ပွိုင့်တွေ ရမှပေါ့
နော
pan pan
October 21, 2011 at 10:36 am
အမလေး လန့်သွားတာပဲ
လူအိုတော့ ပန်းပန် ဆိုတာကို
လူအိုတော့ ပန်ပန် ဆိုပြီး ရုတ်တရက် ဖတ်လိုက်မိလို့ 🙁
ကြောင်ကြီး
October 21, 2011 at 11:44 am
ပန်ပန်မအို
အစဉ်ပျို
ကြောင်ကြီး
သဝန်တို..
လူလစ်တုံးအခိုက်
ချောင်ဝင်နှိုက်
ပန်ပန်မရိုက်
သုစရိုက်..
အခုတော့
ချစ်သွား
ပန့်အပါး
ကြောင်ကြီးဝင်ခစား….။ 😳
Shwe Ei
October 21, 2011 at 1:26 pm
ဆိုတော့ ဒီပို့စ်က အခန်းဆက်ဝတ်တု ရှည်ကြီး ဖြစ်အုံးမှာပေါ့ ဟုတ်လား ကိုနီ။ အားပေးနေတယ်နော်။