ကြောင်တစ်ကောင်ရဲ့ခံစားချက်
အမတ်မင်းရဲ့ အတုံ့အလှည့်ရှိခဲ့ရင် ပို့စ်ထဲမှာ ကြောင်တစ်ကောင်ရဲ့ ဒုက္ခ (ကြောင်တစ်ကောင်မွေးရတဲ့ဒုက္ခ)ဆိုတာလေးတွေ့လို့ ကြောင်တစ်ကောင်ဘက်ကနေ ခံစားရေးဖွဲ့ကြည့်လိုက်တာပါ။
ဝူး…..တီတီ…..တီတီ …..
အိမ်ရှေ့မှာ ကားတစ်စီးထိုးရပ်သံနဲအတူစူးရှတဲ့ ဟွန်းသံကိုကြားတော့စပ်စပ်စုစုရှိတဲ့ကျွန်တော် အိမ်ရှေ့ဘက်ထွက်သွားပြီးပုံဏားကွယ်လေးမှာအသာလေးကပ်ပြီးချောင်းကြည့်လိုက်ပါတယ်။
ကားပေါ်ကဆင်းလာတဲ့မိသားစုငါးယောက်ဟာကျွန်တော့ကိုမြင်ပဲကျော်ပြီးအိမ်ထဲဝင်သွားပါတယ်။
“ညောင် …ညောင် ….ညောင်”
“ဟယ်ကြောင်လေးတွေ သုံးကောင်တောင်၊ ချစ်စရာလေးတွေတော့..ကြီးမေရေ မီးလေးတစ်ကောင်ယူမယ်၊ မီးလေးကိုတစ်ကောင်ပေးနော်”
အမေ့ရင်ခွင်ထဲတိုးဝှေ့ရင်း နို့ချိုသောက်နေကြတဲ့ ကျွန်တော့ရဲ့ညီတွေညီမတွေကတော့ ကိုတွေ့လိုက်တဲ့အခါ အဲဒီအထဲမှာပါလာတဲ့အသက် လေးနှစ်လောက်ရှိတဲ့ကလေးမလေးတစ်ယောက်ရဲ့အသံစာစာလေးကို စပြီးကြားလိုက်ရပါတယ်။ ဒီကလေးမလေးဟာ ကျွန်တော်တို့နေတဲ့အိမ်ရှင် မိန်းမကြီးရဲ့ ညီမငယ်ကမွေးတဲ့ တူမလေးဖြစ်ပါတယ်။ သူတို့တတွေက မြို့ထဲမှာနေကြတာပါ။ သူတို့မိသားစု ဟာသီတင်းကျွတ်မှာ အမကြီးကိုလာကန်တော့ကြတာပါ။
“မီးလေးရယ် ကြောင်လေးတွေက ငယ်ပါသေးတယ်၊နို့မခွဲသေးဘူးနောက်နို့ခွဲတော့မှယူနော်..”
“ဟင့်အင်း..ဟင့်အင်း မရဘူး အခုယူသွားမယ်၊ နို့မခွဲသေးရင် မီးလေးသောက်တဲ့ နွားနို့်တိုက်ပြီးမွေးမှာပေါ့”
အိမ်ရှင်မိန်းမကြီးက အကျိုးအကြောင်းရှင်းပြပေမဲ့ အိမ်မှာအငယ်ဆုံးဖြစ်ပြီး အလိုလိုက်ခံ ထားရဟန်တူတဲ့ ကလေးမလေးကတော့၊အတင်းပူဆာနေပါတယ်။
“အို….မီးလေးကလဲ ကြောင်ကိုဘာလို့ခေါ်သွားရမှာလဲ၊ကြောင်ချီးကြောင်သေးဆိုတာအရမ်းနံတာ။ ပျော့ပျော့နဲ့နံတဲ့ကြောင်ချီးဆိုတာ နင်မကြားဖူးဘူးလား”
အသက် ၁ဝ နှစ်လောက်ရှိတဲ့ မီးလေးရဲ့အကိုကပြောတာပါ။ သူ့ရဲ့အသံကြားတော့ အမေက ကျွန်တော်မောင်နှမကို သားတို့သမီးတို့ကြားရဲ့လားလူတွေက အမေတို့ကြောင်တွေရဲ့ချီးကို အရမ်းနံတယ်ဆိုပြီးတော်တော်ရွံကြတယ်၊ ဒါကြောင့်မို့ချီးယိုပြီးရင် သဲနဲ့သေချာလုံအောင်ပြန်ဖုံးခဲ့ကြ လို့ဆုံးမပါတယ်။ လူတွေကတော့အမေ့ရဲ့စကားကိုဘယ်သိပါ့မလဲ။
“အေးလေဟုတ်သားပဲ မီးလေးကလဲ ကြောင်ကိုနွားနို့တိုက်ပြီးမွေးမယ်တဲ့၊မြို့ထဲမှာက နွားနို့ဆိုတာအရမ်းဈေးကြီးတာ၊ ထမင်းလေးပဲကျွေးပြီးမွေးရင်လည်းရတာပဲဟာ”
အသက် ၁၅နှစ်လောက်ရှိတဲ့အပျိုပေါက်အရွယ်မီးလေးရဲ့အမကလည်း ဝင်ပြောပါတယ်။ တော်တော်ကိုယ်ချင်းမစာကြတာပါ၊ သူတို့လူတွေကိုအမေ့နို့မပြတ်သေးခင်ခွဲပြီးနို့မတိုက်ပဲထားရင် သူတို့ဘယ်လိုခံစားရမလဲ။
မရဘူးနို့တိုက်ပြီးတော့မွေးမှာပဲ တစ်ကောင်တော့ရအောင်ယူသွားမယ်၊ မယူရရင် တော့ အိမ်ကိုပြန်မလိုက်ဘူး၊ ဒါပဲ ဒါပဲ ”
“ဟုတ်ပါတယ်မမရယ် ကျွန်မတို့အိမ်မှာ နွားနို့တိုက်မွေးရင် ရှင်မှာပါ ၊ ကြောင်ဆိုတာနွားနို့ ကို အရမ်းကြိုက်တာ၊ အိမ်ရောက်လို့နွားနို့်သောက်ရရင် အရမ်းတောင်ပျော်နေဦးမယ်၊ မမတို့ဆီမှာနေရင်နွားနို့သောက်ရမှာတောင်မဟုတ်ဘူး”
ကလေးကိုအရမ်းအလိုလိုက်တဲ့မီးလေးရဲ့အမေကပြောတာပါ။ နွားနို့သောက်ရရင် အရမ်းကို ပျော်မှာတဲ့လား၊ အမေ့ရင်ခွင်ကနေခွဲသွားပြီး သောက်ရမဲ့နွားနို့က အမေ့ရဲ့နို့ချိုထက်များပိုကောင်းဦးမှာ တဲ့လား၊ နို့မခွဲခင်ကိုယ့်ရဲ့သားသမီးလေးကိုယူသွားတာခံရမဲ့အမေကကော ငါ့သားလေး ငါ့သမီးလေး နွားနို့သောက်ရတဲ့အိမ်မှာနေရတော့မယ်ဆိုပြီးဝမ်းသာနေမယ်ထင်သလား၊ သူမို့လို့အမေချင်းကိုယ်ချင်းမစာပြောရက်တယ်။
“ကဲကဲသမီးရယ်သမီးရယ် အခုကြီးမေကြီးတို့ကိုကန်တော့ကြရအောင်၊ ပြီးတော့မှ သမီးကြိုက်တဲ့ အကောင်လေးရွေးယူသိလား၊လာလာ ကန်တော့ကြမယ် မမနဲ့အကိုကြီးခေါင်းရင်းမှာထိုင်လိုက်လေ”
မီးလေးရဲ့အဖေကလာရင်းကိစ္စကို လုပ်ဖို့လောဆော်လိုက်ပါတယ်။ အနည်းငယ်နွမ်းပါးတဲ့ကျွန်တော်တို့ အိမ်ရှင်လင်မယားနှစ်ယောက်လည်းခေါင်းရင်းမှာဖျာခင်းပြီးထိုင်လိုက်ကြပါတယ်။ ချမ်းသာပုံရတဲ့ မီးလေးတို့မိသားစုကတော့ ပါလာတဲ့အဝတ်အထည်တွေနဲ့ စားစရာတွေတပုံကြီးကို ရှေ့မှာစုပုံပြီး ကန်တော့ဖို့လုပ်ကြပါတယ်။ ကျွန်တော့အမေလည်းသုတ်ကနည်းထပြီးနောက်ဖေးကိုထွက်သွားလို့ နို့စို့ရင်းတန်းလန်းနဲ့ကျွန်တော့ရဲ့ ညီတွေညီမတွေလည်းပက်လက်လန်တဲ့ကောင်ကလန်၊ ဂျွမ်းပြန်တဲ့ ကောင်ကပြန်ပြီး အမေ့ရဲ့နောက်ကိုပြေးလိုက်ကြပါတယ်။ ကျွန်တော်လည်းကန်တော့နေတဲ့လူတွေနောက်ကနေအသာလေးနောက်ဖေးကိုလိုက်သွားပါတယ်။ နောက်ဖေးရောက်တော့အမေက ကျွန်တော်တို့ အားလုံးကိုတစ်ကောင်ချင်းလိုက်ကြည့်နေပါတယ်။ အမေ့ရဲ့မျက်နှာဟာကြေကွဲ ဝမ်းနဲနေတဲ့ပုံဆိုတာကို အကြီးဆုံးဖြစ်တဲ့ကျွန်တော်ကတော့ နားလည်နေပါတယ်။ သားသမီးတွေထဲက ဘယ်ကောင်ကို နောက်ဆုံးမြင်ခြင်းနဲ့ မြင်ရမှာလဲဆိုတဲ့အတွေးနဲ့ လိုက်ကြည့်နေတဲ့ အမေ့ရဲ့မျက်ဝန်းမှာ မျက်ရည်တွေဝဲနေတာပေါ့။ ကျွန်တော်တို့ကို ဘာစကားတစ်ခွန်းမှလည်းမပြောနို်င်တော့ပဲလှဲအိပ်လိုက်ပါတယ်။ဘာမှမသိသေးတဲ့ အငယ်ကောင်တွေကတော့ အမေ့ရဲ့နို့ကို ထပ်ပြီးတော့စို့နေပါတယ်။
အမေ့ရဲ့ခံစားချက်ကိုသိနေတဲ့ ကျွန်တော်တစ်ကောင်သာ အမေနဲ့ထပ်တူဝမ်းနဲမှုတွေကိုခံစားနေရတာပါ၊ ဒါပေမဲ့ ဘာမှဖြေသိမ့်မပေးတတ်တဲ့ကျွန်တော်ဟာ အမေ့မျက်နှာကိုကြည့်လိုက်ရင်းနဲ့
“ညောင်…. (အမေ) လို့ခေါ်လိုက်ပါတယ်။အမေကလည်း ညောင်……(သား) ဆိုတဲ့တခွန်းတည်းပဲပြန်ထူးပါတယ်။
အမေရဲ့နှုတ်က ထွက်လာတဲ့ သား ဆိုတဲ့အသံဟာဆို့နင့်ကြေကွဲမှုတွေ နဲ့အတူ ရှိုက်သံတွေ ရောစွက်နေပါတော့တယ်။ ခဏအကြာကန်တော့လို့ပြီးတော့သူတို့တွေနောက်ဖေးကို ဝင်လာတဲ့အသံကြားလိုက်ရပါတယ်။ ကျွန်တော့အောက်တစ်ကောင်က ဝင်လာတဲ့သူတွေကို အထိတ်တလန့်နဲ့ မော့ကြည့်လိုက်ပါတယ်။
“ဟယ် ဟိုဘက်ဘေးမှာနို့မစို့ပဲနေတဲ့ရွှေဝါရောင်လေးတစ်ကောင် ကိုခုနကမတွေ့ပါဘူး၊ အခုဘယ်ကရောက်လာတာလဲမသိဘူး၊ဒီတစ်ကောင်နဲ့ဆို လေးကောင်တောင်တော့”
ခပ်လှမ်းလှမ်းဘေးဖက်မှာရပ်နေတဲ့ကျွန်တော့ကိုမြင်သွားတော့မီးလေးကအံ့ဩဟန်နဲ့ပြောလိုက်တာပါ။
“မီးလေးကလဲကွာအရမ်းဆိုးတာပဲ နို့မခွဲသေးပါဘူးဆိုတာပြောလို့မရဘူး၊ ကြောင်လေးတွေ သနားပါတယ်”
“အို အမကလည်း ဒီအရွယ်ဆိုနွားနို့တိုက်မွေးလို့ရနေပါပြီ။ ကဲသမီးဒီအထဲကကြိုက်တဲ့တစ်ကောင်ကို ရွေးပေတော့”
“ဟုတ်”
အိမ်ရှင်မိန်းမကြီးက ကျွန်တော်တို့ကိုသနားပြီး မပေးချင်သေးလို့ပြောနေပေမဲ့ သူ့ညီမကို လွန်ဆန်နိုင်ပုံမရပါဘူး။ သူတို့အထောက်အပံ့မှ မကင်းပဲကို။ အရမ်းအေးလွန်းတဲ့ အိမ်ရှင် ယောကျားကြီးကတော့ ဖြူသည် မဲသည် ဘာတခွန်းမှဝင်မပြောပါဘူး၊ ကျွန်တော်တို့ မောင်နှမတွေဟာ ဘယ်သူကံဆိုးသူမောင်ရှင်ဖြစ်မလဲလို့စောင့်မျှော်နေကြပါတယ်။
“ဟိုကောင်လေးက ရွှေဝါရောင်လေး အဲဒီအကောင်လေးက ကြီးလဲကြီးတယ် အဲဒီအကောင်လေးယူမယ် ရွှေဝါလေးရေ ရွှေဝါလေးရေ လာ လာ”
“ရွှေဝါရောင်မဟုတ်ပါဘူးမီးလေးရာ အနီဘက်ကိုနဲနဲပါ ပါတယ်ဟာ၊ နင်ကလဲသေချာကြည့်ပါဦး”
“ဘာပဲဖြစ်ဖြစ်ဟာ အဝါရောင်လေးက ဒီတစ်ကောင်တည်းပါတာ၊ ဒီကောင်လေးပဲယူမယ်”
“ဟုတ်တယ်မီးလေး၊ အဲဒီကောင်လေးကအရင်ဆုံးမွေးတာ အကြီးဆုံးလေးလေ၊ အထီးလဲအထီးလေး၊ အဲဒီကောင်လေးပဲယူသွားလိုက်ပါ”
မီးလေးတို့မောင်နှမ အချီအချပြောနေတုန်း အိမ်ရှင်အဒေါ်ကြီးကဝင်ပြီးပြောပြတာပါ။ ကံဆိုးသူမောင်ရှင်ကတော့ ကျွန်တော်ကိုယ်တိုင်ဖြစ်နေပါတော့တယ်။ဒါပေမဲ့ကျွန်တော်ကျေနပ်ပါတယ်။ကျွန်တော့ညီငယ်ညီမငယ်တွေကိုယ်စားကျွန်တော်ပဲအနစ်နာခံလိုက်ပါ့မယ်။အမေနဲ့ညီညီမလေးတွေကိုခွဲသွားရမဲ့အတွက်တော ့ကျွန်တော်တကယ်ကိုဝမ်းနဲနေမိပါတယ်။
“ညောင်…… (သား….)”
“ညောင်…..(အမေ…..) ”
ဒီတခါသား…လို့ခေါ်လိုက်တဲ့အမေ့ရဲ့အသံဟာ ငိုသံပါနေသလို အမေ…လို့ပြန်ထူးလိုက်တဲ့ ကျွန်တော့ရဲ့အသံဟာလဲ ငိုသံပါနေပါပြီ။ ဒါကို ကြောင်စကားနားမလည်ကြတဲ့လူတွေကတော့ ဘယ်လိုလုပ်ခံစားနိုင်ကြပါ့မလဲ။
သားလိုက်သွားရင်လိမ်လိမ်မာမာနေနော်၊အမေခုနကပြောတဲ့ချီးကိစ္စကိုလည်းမမေ့နဲ့
“ဟုတ်ကဲ့”
“အိမ်ရှင်တွေရဲ့အရိပ်အကဲကိုအမြဲကြည့်နေသိလားသား”
“ဟုတ်ကဲ့”
အမေဟာခွဲခွါသွားတော့မဲ့ကျွန်တော့အတွက်စိတ်မချနိုင်ပဲသွန်သင်ဆုံးမနေပါတယ်။
“ကြောင်လေးကိုဘယ်လိုသယ်သွားကြမလဲအမေ”
“ကားပါတာပဲသားရယ်၊ မှန်တင်ပြီးကားထဲထည့်ခေါ်သွားရင်ထွက်မပြေးနိုင်ပါဘူး”
“ထွက်တော့ မပြေးဘူးပေါ့အမေရဲ့ တော်ကြာကားမစီးဘူးတဲ့ကြောင်က ကားသံကြားလို့ လန့်ပြီးကုတ်ဖဲ့နေရင်ဘယ်လိုလုပ်မလဲ၊ နောက်ပြီးကြောင်တွေဟာ တော်ယုံတန်ယုံဆိုလမ်းကို မှတ်မိပြီးပြန်ပြေးတတ်တယ်လို့သမီးသူငယ်ချင်းတစ်ယောက်ပြောဖူးတယ်”
သားအမိတွေအပြန်အလှန်ပြောနေတဲ့စကားတွေက ကျွန်တော်တို့ကိုစော်ကားနေသလိုပါ၊ ကျွန်တော်တို့အိမ်ရှင်မှာကားမရှိပေမဲ့ လမ်းမကြီးမှာနေတာပါ၊ အိမ်ရှေ့မှာကားတွေတဝီဝီနဲ့ အမြဲသွားနေတာတော့ ကားဆိုတာကျွန်တော်တို့နဲ့မစိမ်းပါဘူး။ နောက်ပြီးကျွန်တော့ကို မညှာမတာဖမ်းသွားမဲ့ သူတို့က ပြန်ကုတ်မှာတော့ကြောက်ကြသား၊ကျွန်တော်ကဒီလောက် ရိုင်းစိုင်းတဲ့ကောင်မဟုတ်ပါဘူး။ အခွင့်အရေးရရင်ပြန်ပြေးဖို့အတွက် လမ်းကိုအသေအချာ မှတ်ပြီးလိုက်ဖို့စိတ်ကူးထားတာပါ။
“အေးဟုတ်တယ်၊ ကြောင်တွေက မှတ်ညာဏ်ကောင်းတယ်ပြန်ပြေးတတ်တယ်…. မမနင်တို့အိမ်မှာခေါင်းအုံးစွပ်အဟောင်းရှိလား၊ ခေါင်းအုံးစွက်ကိုအပေါက်နှစ်ပေါက်လောက် ဖောက်ပြီးအပေါ်ကကြိုးနဲ့စုချီထားလိုက်ရင်၊ပြန်လည်းမကုတ်နိုင်တော့ဘူး၊အပြင်ကိုမမြင်ရတော့ ပြန်လည်းမပြေးနို်င်တော့ဘူးပေါ့”
အကြံကောင်းတဲ့ မီးလေးအမေရဲ့စကားကြောင့် ကျွန်တော့ရဲ့စိတ်ကူးအကြံတွေဟာ သဲထဲရေသွန်သလိုဖြစ်ရပြီပေါ့။ မတတ်နိုင်ပါဘူးလေ၊ ကံစီမံရာပေါ့၊နောက်ဆုံးအနေနဲ့ အမေနဲ့ညီလေးတွေညီမလေးတွေက်ိုနှုတ်ဆက်လိုက်ဦးမယ်လေ။
ညောင်..ညောင်..ညောင်…ညောင်(အမေ..ညီလေးတွေ…ညီမလေးတွေ.အကိုကြီးသွားရတော့မယ်)
ညောင်……(သား………)
ဘာမှမသိတဲ့ညီတွေညီမတွေဆီက ဘာတုန့်ပြန်သံမှမကြားရပေမဲ့၊ ငိုသံရောစွက်နေတဲ့အမေ့ရဲ့ အသံတသံသာထွက်လာပါတယ်။
“ရွှေဝါရေလာ..လာ..လာ..”
မီးလေးအမေဟာကျွန်တော့ကိုအသာလေးပွေ့ပြီး ခေါင်းအုံးစွပ်ထဲကိုထည့်ဖို့လုပ်ပါတယ်။ ကျွန်တော်လည်း “အမေရေ အမေရေ “လို့အော်ရင်းတချက်ရုံးလိုက်တော့အပြင်ကိုကျသွားပါတယ်။
“သား သားကြီး သားကြီးရေ….” လို့အသဲအသန်အော်ငိုနေတဲ့အမေ့ကိုလှမ်းကြည့်လိုက်တော့ အမေ့ရဲ့မျက်လုံးမှာမျက်ရည်တွေဝေ့လည်လို့နေတာကိုနောက်ဆုံးမြင်လိုက်ရပြီးကျွန်တော်ဟာလည်း အမှောင်ထဲကိုရောက်သွားပါတယ်။
ညောင်း….ညောင်း….ညောင်း ညောင်း….ညောင်း… (“အမေ..အမေ…ညီလေး…ညီမလေး..အမေ….”)
ညောင်း ..ဝရောင်း.. ဝင်းရောင်း ..ဝင်းရောင်း…ဝင်းအောင်….ဝင်းအောင်….ဝင်းမောင်
(ကြောင်တွေ အလန့်တကြားနဲ့ ဒေါသတကြီးဝမ်းခေါင်းသံနဲ့ အာခေါင်ခြစ်ပြီးအော်ရင်အထက်ပါကဲ့သို့
အသံထွက်ပါသည်။စာရေးသူ)
ကျွန်တော်ဟာအမှောင်ထဲကနေ အသဲအသန်အော်ရင်းနဲ့သူတို့ပွေ့ပြီးခေါ်ဆောင်သွားရာ ကို ပါသွားပါတယ်။
“သား…သား…..သားကြီး သား…သားကြီးရေ ….သား…… ”
“အကိုကြီး….အကိုကြီးရေ ..အကိုကြီးးးးးးးးး”
ဒီတခါ အမေ့ရဲ့အဆက်မပြတ်အော်ဟစ်ငိုသံတွေကြောင့် ကျန်တဲ့ ညီငယ် ညီမငယ်တွေကလည်း လိုက်ပြီးငိုယိုအော်ဟစ်ကြပါတယ်။ ဒါပေမဲ့ ကားစက်နှိုးပြီးမောင်းထွက်သွားသံနဲ့အတူ အမေနဲ့ ညီငယ်ညီမငယ်တို့ရဲ့ငိုသံတွေဟာ တဖြည်းဖြည်း ဝေးဝေးပြီး ပျောက်ကွယ်သွားပါတော့တယ်။ ။
(ကျွန်တော့ကိုချစ်တဲ့သူရှိသလိုမုန်းတဲ့သူတွေရှိတဲ့အိမ်ကြီးက လူတွေရဲ့ကြားထဲမှာ နစ္စဓူဝ ဖြတ်သန်းရင်း တွေ့ကြုံရတဲ့ ကြောင်တစ်ကောင်ရဲ့ တကယ့် ခံစားချက်တွေကို ဆက်လက် ဖော်ပြပါ့မယ်။ နိဂုံး ကို စောင့်မျှော်နေကြပါ။)
20 comments
blackchaw
October 22, 2011 at 6:59 pm
အားပါးပါး။
ကြောင်လတ် ဆိုတာ
ကြောင် စစ်စစ် ကြီးပါလား အရပ်ကတို့။
ကြောင် တစ်ကောင်၏ ခံစားချက်ကို
စောင့်ပြီးဖတ်မယ်ဗျာ။
ပေါက်ဖော်
October 22, 2011 at 7:09 pm
ညောင်..ညောင်..ညောင်..(ဝမ်းမနည်းပါနဲ ့)
ညောင်..ညောင်..ညောင်.(ဒီရွာမှာ..အမျိုးတွေစုံနေပါဘီ)
ညောင်..ညောင်..ညောင်.(အဲ ဒီ အိတ်နဲ ့ သယ်လာရင် ငါတော့ အသက်ရှူကြပ်ပြီး အသက်ပျောက်တော့မှာဘဲ)
😯
ကြောင်လတ်
October 22, 2011 at 7:14 pm
ကျွန်တော်စာကိုအရင်ရေးထားတာပါ၊နောက်မှပုံလေးနဲ့တွဲတင်ဖို့လုပ်တော့ ပုံနဲ့ကိုက်အောင်စာသားတွေကိုပြောင်းရတယ်။စာသားအပို အလိုတွေ နဲ့ ဝါကျရှေ့နောက်မချောမွေ့ဖြစ်နေတာတွေ ကိုပြင်ဖတ်ပေးကြပါလို့တောင်းပန်ပါတယ်။
ကြောင်လတ်
October 22, 2011 at 7:21 pm
ကိုဘလက်ရေ ကြောင်လတ်ဆိုတာ ” ကြောင်စစ် ” ဖြစ်သလို “စစ်ကြောင်” လည်းဖြစ်ပါတယ်။
တပ်ချုပ်ကြောင်ကြီးရဲ့တပ်က ကိုယ်ရံတော်တပ်သားပါ။
ကိုပေါက်ဖော်ရေ ခေါင်းအုံးစွပ်ကိုအပေါက်နှစ်ပေါက် ဖောက်ထားတယ်လေ။
အပေါက်ကလူဖက်ကိုရောက်နေလို့မမြင်ရတာပါ။
windtalker
October 22, 2011 at 7:26 pm
ညောင်ဝေါင်ညောင်း…
မီးလေး တို ့အိမ်မှ အသည်းသန် ငယ်သံပါအောင် အော်ဟစ်နေသော ကြောင်တစ်ကောင်၏ အသံကို ကြားလိုက်ရသဖြင့် ၊ သွားစပ်စုမိတော့..
“ ရွှေဝါ့ကို သင်း လိုက်လို ့အော်တာလေ ၊ မဟုတ်ရင် အိမ်ကို မကပ်လို ့၊ အခုတော့ ညှင်းညှင်းညှင်း ”
“ ဘုရား၊ဘုရား၊ဘုရား…သွားရှာပေါ့ မောင်ရွှေဝါ ရယ် ၊ ကျွတ်ကျွတ်ကျွတ် ”
( ဟီးဟီး..ကိုကြောင်လတ် နောက်တင်မယ့် ဇါတ်လမ်းကို ကျွန်တော် က ခန် ့မှန်း ရေးကြည့်တာနော် )
padonmar
October 22, 2011 at 8:49 pm
ခံစားချက်နဲ့ သရုပ်ဖော်ပုံလေးတွေ လိုက်ပါတယ်။ကြောင်လတ်ရဲ့ ရွှေဝါက နဲနဲကြီးနေသလားလို့။ နို့မခွဲသေးတဲ့ အရွယ်နဲ့မတူဘူး။
ဒီစာဖတ်ရတော့ အန်တီမိုးရဲ့ စွာစိလေးအကြောင်း post ကိုသတိရမိတယ်။
antimoe
October 23, 2011 at 9:36 pm
ပဒုမ္မာရေ…..အခုတော့စွာစိလေး….အခါလည်ပြီး…အပျိုကြီးဖားဖားဖြစ်နေပြီ။
တလောက….အစားမှားပြီး ရောဂါဖြစ်တာ….သွားပြီ..မှတ်တာ။
အခုတော့..ယောက်ျားပေးစားမလို့….(တိုက်တိုက်ဆိုင်ဆိုင်ရွှေဝါလေးပါ။) ဝါလည်းကျွတ်ပြီမလား။
မြေးတွေရမှပဲ..ပိုစ့်တင်နိုင်တော့မယ်ထင်ပါတယ်။
နေ့စဉ်…ရွာ့သတင်းတွေ…ဖတ်နေပါတယ်။
မန့်ဖို့….အချိန်တွေ….ဖမ်းရခက်နေတယ်။
ကြောင်ကြီး
October 24, 2011 at 11:18 am
စွာစိနဲ့
ကြာအကြည့်
အခါခါစုံမိတဲ့
ကြောင်သာဂိ
ကမာ္ဘသိ
ကြေငြာတယ်
ချစ်ခြင်းကို မခွဲပါနဲ့
ချစ်ခြင်းကို မခွဲပါနဲ့
ချစ်ခြင်းကို မခွဲကြပါနဲ့…အိုဟိုးဟို….ယေ့..။ 😥
we R one
October 22, 2011 at 9:53 pm
ကြောင့် အဖြစ်နဲ ကြောင် သာ ရှိပါစေတော့ ကြောင်ရေ… ကြောင်ရယ် ကြောင်ရယ်…. 😀
amatmin
October 23, 2011 at 1:59 am
ဗျို့..ကိုကြောင်လတ်ရေ..
ကျွန်တော်က အတွေးတိမ်တော့ ကြောင်သားတွေလဲ ရွာသားတွေလိုခံစားတတ်မှန်းသိခဲ့ဘူးဗျ.
ကိုယ့်ရမယ့်ဒုက္ခ လောက်ပဲကိုယ်တွေးမိတာကိုး..အခုတော့.ကိုကြောင်လတ်ပြောမဲ့..
ကြောင်တကောင်ရဲ့ခံစားချက်.ရင်ဖွင့်သံကို.အလေးထားနားထောင်နေပါ့မယ်ဗျာ…
Mg Ni Tut
October 23, 2011 at 2:48 am
ခေါင်းအုံးစွပ် အဟောင်းဆိုပြီး ပုံထဲမှာ ခေါင်းအုံးစွပ်အသစ်ကြီး!!!
ကြောင်လတ်
October 23, 2011 at 9:57 am
ပဒုမ္မာရေ ကြောင်ကအခုတော့ကြီးနေပြီ၊ရတဲ့အနေအထားနဲ့ပဲသရုပ်ဖော်လိုက်ရတာပါ။
မောင်နီတွတ်ရေ ခေါင်းအုံးစွပ်က အဟောင်းမရှိလို့အသစ်ပဲပေးလိုက်တာပါ။
အမတ်မင်းရေ သတ္တဝါတိုင်းမှာခံစားချက်ကိုယ်စီရှိကြပါတယ်။
ကိုပေရေ ရွှေဝါလေးကအခုထိအသင်းမခံရသေးပါဘူး။ အိ်မ်တော့တော်တော်လည်တတ်နေပါပြီ။
ကျွန်တော်တို့ကတစ်ယောက်ထဲ ရေ မာမာအေးကိုတောင်သတိရလာပြီ။
ကြောင်ကြီး
October 23, 2011 at 11:27 am
တယ်ဟုတ်ပါလား… ဒါနဲ့ ကြောင်ဝါလေး ကြီးနေပြီဆိုတော့ ကိုကြောင်လတ် ညီမတွေကရော အရွယ်ရောက်နေရောပေါ့။ ခင်လို့မေးတာနော်.. ကြောင်ကြီးညီမလေးနဲ့ သူငယ်ချင်းဖြစ်စေချင်လို့..။ သူတို့ဂျီမေးလ်ရှိရင် ပေးပါလား။ ညီမလေးက အသံနဲနဲဩတယ်၊ အောင်ကြူးဆိုတဲ့ အကောင့်လာအပ်ရင် လက်ခံခိုင်းလိုက်။ ကြောင်ညီမလေးတွေ ပျော်ရွှင်စေဖို့ပါကွယ်…။ 😀
alinsett
October 23, 2011 at 4:42 pm
ကြောင် တစ်ကောင်ရဲ ့ ခံစားချက်ကို ဖတ်လိုက်တာ ကိုယ်တောင် ကြောင်တစ်ကောင် လို ဖြစ်သွားသလိုပါပဲ။
ကျေးဇူးပါပဲ..နော်။
thit min
October 23, 2011 at 8:11 pm
“ညောင်း ..ဝရောင်း.. ဝင်းရောင်း ..ဝင်းရောင်း…ဝင်းအောင်….ဝင်းအောင်….ဝင်းမောင်”
ဒါဟာ အမှုရဲ့ သဲလွန်စဘဲ အိုင်ပီရေ။
အဲဒီနာမည်တွေကို အော်ပြနေကတည်းက အမှုလမ်းကြောင်းလွဲအောင်လုပ်နေတဲ့ တရားခံရဲ့ ဉာဏ်ရည်ကိုပေါ့ပေါ့တွေးလို
မရပေဘူးဗျို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်ကိုရင်နင့်ပြီဘွယ်ဖြစ်အောင်ရေးနိုင်စွမ်းပါတယ်ဗျာ။
ခံစားရတဲ့သူတွေပေါ့ပါးသွားအောင် Joke လေးပါမန့်လိုက်တာ။စိတ်မရှိပါနဲ့လို့။
TTNU
October 23, 2011 at 10:12 pm
မောင်ကြောင်လတ်ရေ
ညောင်း ..ဝရောင်း.. ဝင်းရောင်း ..ဝင်းရောင်း…ဝင်းအောင်….ဝင်းအောင်….ဝင်းမောင်
(ကြောင်တွေ အလန့်တကြားနဲ့ ဒေါသတကြီးဝမ်းခေါင်းသံနဲ့
အာခေါင်ခြစ်ပြီးအော်ရင်အထက်ပါကဲ့သို့
အသံထွက်ပါသည်။စာရေးသူ)
ဒီနေရာမှာ ရယ်ရတာ မျက်ရည်ထွက်တယ်။
ဒီတခါသား…လို့ခေါ်လိုက်တဲ့အမေ့ရဲ့အသံဟာ ငိုသံပါနေသလို အမေ…လို့ပြန်ထူးလိုက်တဲ့ ကျွန်တော့ရဲ့အသံဟာလဲ ငိုသံပါနေပါပြီ။ ဒါကို ကြောင်စကားနားမလည်ကြတဲ့လူတွေကတော့ ဘယ်လိုလုပ်ခံစားနိုင်ကြပါ့မလဲ။
ဒီနေရာမှာငိုချင်တယ်။
ရသတွေပေးနိုင်တဲ့ ဆရာကြောင်လတ်ကို ချီးမွမ်းပါတယ်။
naywoonni
October 23, 2011 at 11:00 pm
ကျားဆရာကြောင်
ကြောင်ဆရာကြွက်
ရှိလျှက်စကား
ပြင်မှားမဆို
မပိုအမူ
အို…ဘာတဲ့တုန်း ကိုကြောင်လတ်ရေ………….
ရွှေအိမ်စည်
October 24, 2011 at 2:05 pm
ဟိုက်ရှဗား….
ကြောင်မှကြောင်ဘဲ…..
ကြောင်ဂေဇတ်လို ့ပြောင်းဖို ့သင့်ပြီ…..
ကြောင်တွေ စန်းထနေပါရော…..
ကြောင်တွေဘဲရှိတဲ ့ဂေဇတ်မလို ့…..
ကြောင်သင်တန်းဘဲဖွင့်ရင်ကောင်းမလား….
ကြောင်မျိုးနွယ်လို ့တော့…..ဖွင့်ထားပြီးပြိ…
ကြောင်.ကတော်တော်စုံပြီဘဲ….
ကြောင်တကယ်စစ်စစ်ရဲ ့ခံစားချက်..နိဂုံးစောင့်နေမည်
etone
October 24, 2011 at 4:56 pm
လူတွေ လူတွေ .. ကြောင်မို့ ခံစားချက်မရှိဘူး ထင်ပြီး .. လျှောက်လုပ်နေတယ် … ။
ကျွန်မကတော့ အိမ်မှာမွေးလျှင် ဘယ်သူ့ကိုမှ မပေးဘူး …။ကြောင်လာတောင်းတဲ့လူတွေကို ဓါးကြိမ်းကြိမ်းထားတယ် … ။ ဘယ့်နှယ့် သူများမိသားစုကို ရက်စက်ကြတယ် 🙁
ကြောင်လတ်
October 28, 2011 at 9:02 pm
ခံစားချက်နောက်တပိုင်းကိုချက်ခြင်းမရေးနိုင်တဲ့အတွက်နဲ့ အားပေးသူများကို အကြောင်းမပြန်နိုင်တဲ့အတွက် အားလုံးကိုတောင်ပန်ပါတယ်။ အချိန်လေးရတုန်း ဒုတိယပိုင်းကိုတင်နေပါတယ်။