ကျေးဇူးရှင်
ဝန်ခံချက်။ ။ (Uncle fatty) လေးလေးဖက် စာကိုဖတ်မိရင်းမှ ရေးဖွဲ့မိပါသည်။
အမေ
ညညအမေချောင်းခဏခဏဆိုးမိလို့ဒါမှမဟုတ်အိပ်မပျော်တိုင်းထထိုင်နေမိလို့
သားအိပ်ရေးပျက်မှာပူနေသလားအမေ။
~~သားငယ်ငယ်ကအသံဗြဲကြီးနဲ့အော်အော်ငိုလို့
အမေအိပ်ပျက်ရခဲ့တာတွေကပိုများမှာပါအမေရယ်။
အမေ
အစာစားတိုင်းပါးစပ်ကမသိမ်းနိုင်တော့လို့အမေတစုံတရာကိုစိုးရိမ်နေလားအမေ။
~~သားငယ်ငယ်ကအစာစားတိုင်းပါးစပ်တွေပေကျံနေတာကိုချော့မော့ပြီး
ယုယုယယအမေသုတ်ပေးခဲ့ပုံမျိုး အခုသားပြန်လုပ်ပေးမှာပေါ့။
အမေ
လမ်းရှောက်ရင်ဟိုယိုင်ဒီယိုင်ဒူးမခိုင်တော့ပေမဲ့ ဟိုသွားဒီသွား သွားချင်နေတယ်မဟုတ်လားအမေ။
~~သားမတ်တပ်ရပ်တတ်ခါစအမေလက်ကိုအားကိုးတကြီးဆွဲခဲ့တဲ့ဒီလက်တွေနဲ့
အခုသားအမေကိုပြန်တွဲမှာပေါ့အမေရယ်။
အမေ
ဘာမှတနေကုန်မလုပ်ဘဲအိပ်လိုက်၊စားလိုက်၊ဘုရားရှိခိုးလိုက်၊ပုတီးစိတ်၊တရားထိုင်လိုက်လုပ်နေရလို့
သားကိုအားမနာနဲ့အမေ။
~~သားငယ်ငယ်ကလဲဆော့လိုက်၊စားလိုက်၊အိပ်လိုက်လုပ်နေခဲ့တာတောင် အိပ်ရာနိုးရင်အမေက
ကောင်းနိုးရာရာမုန့်လေးတွေကြင်ကြင်နာနာကျွေးနေကျမဟုတ်လား။
အခုလဲအမေဘယ်လိုဘဲနေနေအမေ့ကိုဆီဥထောပတ် အမေစားချင်ရာကျွေးဘို့အသင့်ပေါ့အမေရဲ့။
အမေ
သားပြောတာအမေကောင်းကောင်း မကြားရင်လဲ နောက်တခါထပ်ပြောမှာပါ။အမေရဲ့ သွားတွေမစုံတော့တဲ့
အမေပါးစပ်ကပြောလာတဲ့မပီတဲ့စကားတွေကိုလဲ သားနားလည်နိုင်စွမ်းရှိပါတယ်အမေ။
~~သားငယ်ငယ်ကတခုခုမေးရင် ခဏခဏစိတ်ရှည်လက်ရှည် အမေပြောပြပေးခဲ့တယ်လေ။မပီကလာ၊
ပီကလာသားရဲ့စကားသံလေးတွေကိုအမေပြုံးပြီးနားထောင်ပေးခဲ့တယ်မဟုတ်လားအမေ။
အမေ
အမေစိတ်အလိုမကျလို့မြည်တွန်တောက်တီးတာ ရှိခဲ့ရင်လဲ ရတယ်နော်အမေ။
~~အမေ့သားဂျီကျလို့အမေအလိုလိုက်ရတာတွေ သားမှတ်မိတာပေါ့အမေရယ်။
အမေ
နောက်ဖေးနောက်ဖီကိစ္စတွေအားနာနေလို့လားအမေ။ ချောင်းဆိုးလို့ထွက်လာတဲ့ ချွဲ့သလိပ်တွေရဲ့ထွေးခံ
ကိုသားမကိုင်နဲ့ရွံစရာလို့မပြောပါနဲ့အမေ။
~~သားငယ်ငယ်ကအမေထမင်းစားနေတုန်း နောက်ဖေးသွားခဲ့တာ အမေ မရွံခဲ့ဘူးလေ။
အမေပေါင်ပေါ်သားအန်ချတာ ခဏခဏပါဘဲ၊ အမေဘဲသန့်ရှင်းပေးခဲ့ရတာမဟုတ်ဘူးလားအမေ။
အခုသားအလှဲ့ပေါ့အမေရယ်။
အမေ
အမေ့သားကို”ပေး”ခဲ့တဲ့ အရာတွေ သားအခုလောက်ပြန်လုပ်ပေးနိုင်ရုံနဲ့ ဘယ်လိုမှ မကျေနိုင်ပါဘူးအမေရယ်။
ဘာလို့လဲဆိုတော့ အမေရဲ့ ဝမ်းဗိုက်ထဲမှာသားကိုကိုးလကျော်လွယ်ထားပေးရတဲ့ ကျေးဇူးတရား။
အမေ့သွေးကဖြစ်တဲ့နို့ရည်ကိုအသက်ရှင်ဘို့သောက်စို့ခဲ့ရတဲ့ကျေးဇူးတရား။
အဲဒီကျေးဇူးတရားကအမေ သားအသက်ကို “ပြုလုပ်စောင့်ရှောက်”ပေးခဲ့သူလို့ဆိုရင်
လူလားမြောက်အောင်မွေး၊ပညာသင်ပေးခဲ့တာတွေက”ဘဝကိုဖန်တီး”ပေးခဲ့သူလို့ဆိုရမှာပေါ့နော်။
အမေ
ဘာကိုမှလဲ မစိုးရိမ်နဲ့တော့ ဘာကိုမှလဲမကြောင့်ကြနဲ့တော့ အမေ ဘာကိုမှ မလုပ်နိုင်တော့ဘူးသားရယ်လို့လဲ
မပြောနဲ့တော့အမေ။
ဘာလို့လဲသိလားအမေ?
အမေ
“သက်ရှိထင်ရှားရှိပေးနေခြင်း”က သားအတွက်ကြီးမားသော ဆုလာဘ်ကြီးမလို့ပါ အမေရယ်………။
_________________________________________
ကမာ္ဘပေါ်တွင်ရှိသော မိခင်အားလုံးအား ဦးခိုက်လျှက်
~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားပါသည်
မောင်သစ်မင်း
20 comments
fatty
October 24, 2011 at 10:47 am
ကျေးဇူးတင်ပါတယ် ကိုသစ်မင်း … အရေးအသားလဲတယ်ချောသကိုး …။
အမေအကြောင်းရေးရရင် ကုန်မယ်မထင်ဘူး …. နောက်ရေးသေးတာပ …..။
ပေါက်ဖော်
October 24, 2011 at 10:53 am
ဦးဖတ်နဲ ့..ကိုသစ် တို ့ရဲ့..ပို ့စ်နဲ ့..မွေးသမိခင်ကို ဦးခိုက်လိုက်ပါတယ်ဗျာ..
blackchaw
October 24, 2011 at 1:28 pm
“အမေ
“သက်ရှိထင်ရှားရှိပေးနေခြင်း”က သားအတွက်ကြီးမားသော ဆုလာဘ်ကြီးမလို့ပါ အမေရယ်………။”
ကောင်းတယ်ဗျာ။
အမေ အကြောင်းဖွဲ့ဆိုတာမှန်သမျှ လှပါတယ်။
amatmin
October 24, 2011 at 1:36 pm
ဆရာသစ်ရေ..
ဖတ်လဲပြီးရော..လူကငိုင်သွားတယ်ဗျာ..ဆရာသစ်ပေးတဲ့ရသကို.အပြည့်ကိုရလိုက်တယ်ဗျာ..
အမေ့ ကိုပိုလေးစားချစ်ခင်သွားစေဖို့ လမ်းပြမြေပုံ.စာစုအတွက် ကျေးဇူးတင်ပါတယ်..
ူဒီလိုစာမျိုးတွေကို ဖတ်ပြီး.ကိုယ့်စိတ်ကိုပြန်ဆန်းစစ်ဖို့ အသိတွေရသလို. ဒီရွာထဲမှာ..စာတွေ.ဖတ်မှတ်ပြီး..ကိုယ့်အတွေးကို.ပြန်မျှဝေပြီးဖော်ပြခွင့်ရတဲ့.အတွက်လည်း.
သူကြီးကိုလေးလေးနက်နက်ကြီးကျေးဇူးတင်လိုက်ပါတယ်ဗျာ…
သဂျီးမင်း ဆထက်တမ်းပိုး ပွိုင့်ဖိုးတွေ.တိုးရှာနိုင်ပါစေ….
Moe Z
October 24, 2011 at 1:47 pm
ရင်ထဲတော်တော်ထိတယ် .. ဒီတစ်ခါလုပ်အားပေးကို ဘိုးဘွားရိပ်သာတွေဖက်လှည့်ဦးမှပဲ
နွယ်ပင်
October 24, 2011 at 2:08 pm
တကယ့်ကိုုပဲ ရင်ကိုထိရှစေတဲ့ စာစုလေးပါပဲ ကိုသစ်မင်းရေ …………
ရွှေဘိုသား
October 24, 2011 at 2:12 pm
ကောင်းလိုက်တဲ့ စာသားတွေ တကယ်ကို ထိမိလှတယ်ဗျာ အခုတောင် နယ်ပြန်ပြီး အနီးကပ် လုပ်ကျွေးပြုစုချင်စိတ်ကို ပေါက်သွားတယ်
MOEPWINTPHYU
October 24, 2011 at 3:24 pm
သွားပဲသွားချင်သေးတာ မသွားနိုင်သေးဘူးမိုလား
စိတ်ထဲမှာတောပြုစုလုပ်ကျွေးရမယ်ဆိုတာသိပေမဲ
နယ်ပြန်ပြီးဘာလုပ်ကိုင်စားရမလဲမသိလိုမပြန်ဖြစ်သေးဘူး ရွေဘိုသားရေ
hmee
October 24, 2011 at 3:33 pm
မှန်လိုက်တာ ကိုသစ်မင်းရယ်။ ကိုယ်က သားသမီးလည်း ဖြစ်ဖူးတယ်။ အခု မိဘနေရာ ရောက်လာတော့ မိဘခံစားချက်ကိုလည်း သိတယ်။ သိရက်နဲ့ အခွင့်မသာလို့ မလုပ်ပေးရမှာတော့ တွေးကြောက်မိသေးတယ်။ အမေတယောက်ရဲ့ ခံစားချက်ကို ကျွန်မ ပို့စ် တင်ဖူးတယ်။ ရတနာ ဆိုပြီးလေ။ တကယ်ကို စိတ်ထဲက ခံစားရလို့ ရေးလိုက်မိတာ။ ဝေးနေတော့ ခံစားချက်က နီးနေသူတွေထက်ပိုတယ်။ ဘာပဲဖြစ်ဖြစ် မိဘတွေ အသက်ထင်ရှား ရှိနေသေးတယ် ဆိုတာကိုက ကိုယ့်အတွက် တကယ့် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ကြီးပါပဲ။
thit min
October 24, 2011 at 4:34 pm
ဒီပို့စ်က သစ်မင်း ထူးထူးထွေထွေ ပြန်ရှင်းပြစရာမလိုတဲ့ စာလေးတွေပေါ့ခင်ဗျာ။
အမေ့ ကိုရော အဖေ့ကိုပါ လေးလေးနက်နက်ကြီး စိတ်ထဲ(အကယ်၍) နဲနဲမေ့နေတဲ့
သူက ပြန်ရောက်သွားမယ်(သို့) သိပြီးနားလည်ပြီးသားသူကပိုပြီးအရင်ကထက်နားလည်ချစ်ခင်သွားမယ်
ဆိုရင် ဝမ်းသာကြေနပ်ပါတယ်လို့။
အားလုံးမိဘရဲ့အေးမြသောမေတ္တာကြောင့်စိတ်အေးချမ်းသာရှိကြပါစေနော်။ 😛
etone
October 24, 2011 at 4:44 pm
ကိုသစ်မင်းကဗျာလေးကို ဖတ်ပြီး ဟက်ထိသွားပါတယ် … အမေဆိုတာမျိုးက လူသားထဲမှာမှ မြင့်မြတ်တဲ့လူသားပါ … ။
အမေတစ်နေ့ အိုမင်းမစွမ်းဖြစ်လာတဲ့ အချိန် … ကိုယ့်ဘက်က ပြန်ပေးဆပ်ဖို့ …. အသင့်ပြင်ထားရဦးမယ် …။ လူအိုတစ်ယောက်ရဲ့ နေဝင်ချိန်မှာ တယောက်တည်း သိမ်ငယ် …အားငယ်နေတတ်တယ် … ။ အဲ့ဒီအချိန် အားပေးရင်း လိုတာဖြည့်ဆည်းပေးရမှာ သားသမီးတိုင်း တာဝန်ပါပဲ … ။
ကျွန်မလည်း သားသမီးကောင်းဖြစ်ဖို့ ကြိုးစားနေတယ် … ။ 🙂
windtalker
October 24, 2011 at 7:31 pm
ကစ်သို ရဲ ့သီကုံးဖွဲ ့ဆိုထားတဲ့ ကျေးဇူးတရားတော်များကို ဖတ်ရှုအပြီးမှာ
အိမ်က မာတာကို ယခင်ကထက် ပိုတိုးကျေးဇူးဆပ်ဖို ့အတွေးဝင်မိပါတယ်
ကျေးဇူးပါ ကစ်သို
Mg Ni Tut
October 24, 2011 at 10:03 pm
ဖတ်လို့ကောင်းပါတယ်။ ရေဘေးဒုက္ခသည်တွေပေါများနေတဲ့အချိန်မှာ ကွဲသွားတဲ့ မိသားစုတွေအတွက်လဲ ကိုယ်ချင်းစာမိပါတယ်။
koyinmaung
October 24, 2011 at 10:09 pm
လေးစားပါတယ် ကိုသစ်မင်းရေ
ကိုသစ်မင်းရဲ့ပို့စ်ကိုဖတ်ပြီးပြုစုယုရချင်ပေမဲ့
မျက်ကွယ်ပြုသွားပြီဖြစ်တဲ့မိဘနှစ်ပါးကို
အောင်းမေ့လွမ်းဆွတ်သတိရနေမိပါတော့တယ်…
TTNU
October 24, 2011 at 10:21 pm
ဆရာသစ်ရေ
ငိုချင်ရက်မောင်သစ်မင်းလက်လာလာတို့ပြန်ပြီ။
ကျမလေ ဒီလောက်အသက်ကြီးရောက်နေလည်း အမေ့ အကြောင်းတွေး
လိုက်ရင် လွမ်းတုန်းပဲ။မျက်ရည်ဝဲတုန်းပါပဲ။
ကျမကို အမေ အသက်(၃၀)မှာမွေးတာမို့ အခု အမေသာရှိရင်
အသက်(၉၀)ကျော်နေပြီ။
အဝေးရောက်ဝန်ထမ်းဘဝ မို့ ပြုစုခွင့် နည်းခဲ့တာပေါ့ ဆရာသစ်ရယ်။
အမေ့နှယ် အခုထိသာ ရှိဦးမယ်ဆိုရင် သမီးအလုပ်အားပြီလေ အမေရေ လို့
ပြောပြချင်လိုက်တာ။
အမေ“သက်ရှိထင်ရှားရှိပေးနေခြင်း”က သားအတွက်ကြီးမားသော ဆုလာဘ်ကြီးမလိုပါ အမေရယ်။ တဲ့။
ရှင် ကံကောင်းတယ် ဆရာသစ်ရယ်။
padonmar
October 24, 2011 at 10:32 pm
ဆရာကြီး ဦးသုခကတော့ အမေမရှိတော့မှ အမေ့တန်ဖိုးသိပြီး အမေနေ့လုပ်ဖြစ်ဖို့ဆော်ဩခဲ့ရပါတယ်။
အဖေ အမေအသက်ထင်ရှားရှိနေသေးတဲ့သူများ သတိတရားရဖို့ တန်ဖိုးရှိစာစုလေးပါဘဲ။
ကွယ်လွန်သွားကြပြီဖြစ်တဲ့ အဖေနဲ့အမေကိုလည်း သတိရမိပါတယ်။
ရှင်စဉ်ပြုစုခွင့်ရကြပါစေ။
ကြောင်ကြီး
October 25, 2011 at 11:39 am
သူတို့ ပြောတဲ့အတိုင်းပါ အမေ…။ သားပင်ပန်းပြီ အိပ်တော့မယ်။ ငါးပိကြော်နဲ့ လဖက်ချဉ်ငန်စပ် အမြန်ပို့ပေးပါအမေ….။
aungnng87
October 25, 2011 at 11:57 am
ရေးတတ်လိုက်တာကိုသစ်မင်းရယ်…။ ကျနော်တို့ိုမိဘတွေကိုဒီလိုပြုစုဘို့ အခွင့်အရေးရှိပါ့မလားလို့ တွေးပူမိတယ်….
nozomi
October 25, 2011 at 6:34 pm
အမေကို ချစ်တတ်တဲ့ သားပဲ
တူသော အကျိုး ပြန်ရမှာပါ
ကိုသစ်မင်းက ကိုယ်တိုင် အမေကို ချစ်သလို ကိုသစ်မင်းစာလေးကြောင့် အလုပ်တွေနဲ့ ချစ်ဘို့ မေ့နေတဲ့ သားတွေလဲ အမေ တွေကို သတိရကုန်ပြီ
အဝေးရောက် သားတွေကတော့ လောလောဆယ် ထူးအိမ်သင် ရဲ့ အမေ့အိမ် သီချင်းကို ခံစားချက် အပြည့်နဲ့ပဲ ဆိုနိုင် ဦးကြမှာပါ
thit min
October 25, 2011 at 9:48 pm
ကျနော်ဒီဖြေရှင်းချက်ကိုမရေးရပါစေနဲ့လို့ ဆုတောင်းခဲ့ပါတယ်။
ဒါပေမဲ့ ဆရာမကြီး တီတီနု ကိုယ်တိုင် “ရှင် ကံကောင်းတယ်ဆရာသစ်ရယ်” တဲ့။
ကိုနိုဇိုမိကလဲ “အမေကို ချစ်တတ်တဲ့ သားပဲတူသော အကျိုး ပြန်ရမှာပါ” တဲ့။
ကျနော် ဒီအတိုင်းနေလိုက်ရင် လိမ်ရာကြနေမလားလို့စဉ်းစားမိလာတယ်။
ဟုတ်ကဲ့ ဆရာမကြီးတီတီနုခင်ဗျား
ကံကောင်းတယ်ဆိုတဲ့စကားကိုပြောရမှာက ကျနော်မောင်သစ်မင်းပါ။
ကိုနိုဇိုမိရေ ချစ်တတ်တာတော့မပြောပါနဲ့ဗျာ။ဒါပေမဲ့ချစ်စရာအမေက မရှိခဲ့တာကြာခဲ့ပါပြီဗျာ။
ကျနော် တော်တော်ငယ်ငယ်ထဲက အမေဆုံးပါးသွားပါတယ်။
အဖွား(အမေ့ရဲ့အမေ) က ပြုစုစောင့်ရှောက်ခဲ့ပါတယ်။
အဲဒီအဖွားကိုဘဲကျနော်အမေအမှတ်နဲ့ပြုစုလုပ်ကြွေးခဲ့ပါတယ်။
အခုအဖွားလဲဆုံးတာ ၁၂ နှစ်ကျော်ပါပြီ။
ဆရာမကြီးတီတီနုရေ အမေကိုသတိရလို့မျက်ရေလည်ရင် “ငါကတော်သေးတာပေါ့”လို့စဉ်းစားပြီးဖြေသာအောင် ကျနော်ဒီကော်မန့်ကိုရေးပါသည်ခင်ဗျား။
အားလုံးသောမိခင်၊ဖခင်များအသက်ရှည်အနာမဲ့ကြပါစေ။