ကြောင်တစ်ကောင်ရဲ့ခံစားချက်

ကြောင်လတ်October 28, 20111min3479

 

 

မီးလေးတို့အိမ်ကိုရောက်တော့ အိတ်ကိုဖွင့်ပေးလိုက်တယ်ဆိုရင်ပဲ ကျွန်တော်လည်း ကြောက်ကြောက် လန့်လန့်နဲ့ ဆက်တီခုံအောက်ကိုပြေးဝင်ပြီးပုန်းနေလိုက်ပါတယ်။ အချိန်ကတော့  ည ရ နာရီလောက်ရှိမယ် ထင်ပါတယ်။       အိမ်ထဲမှာမီးထွန်းထားတာတွေ့ပါတယ်။

“ရွှေဝါရေ လာ လာ ထွက်လာခဲ့လေ”

မီးလေးကခုံအောက်ကိုငုံ့ကြည့်ရင်း ကျွန်တော့ကိုထွက်လာဖို့ ခေါ်ပါတယ်၊ ကျွန်တော်လည်း ခုံအောက်မှာပဲ ညိမ်နေတဲ့အတွက် မီးလေးက ထပ်ခေါ်ရင်းလှမ်းဆွဲဖို့လုပ်ပါတယ်။

 

 

“ရွှေဝါ လာလေ ထွက်လာခဲ့”

“နေပါစေဦးသမီးရယ်၊ ကြောင်လေးက လောလောဆယ်ကြောက်နေမှာပေါ့ ၊ထားလိုက်သမီး နောက်နေ့ကြရင် ယဉ်သွားလိမ့်မယ်၊ အဲဒီတော့မှသမီးလေးနဲ့အတူတူဆော့ပေါ့။”

မီးလေးအဖေက ဝင်ပြောလိုက်မှ မီးလေးလဲနောက်ဖေးကိုထွက်သွားကြပါတယ်။  သူတို့တွေလည်း အဝတ်လဲသူလဲ၊ရေချိုးသူချိုးနဲ့  အလုပ်ရှုပ်နေပြီး ကျွန်တော့်ကို ခဏတော့မေ့သွားပါတယ်။  သူတို့အလစ်မှာ ကျွန်တော်နောက်ဖေးဆောင်ဖက်ကို အသာလေးသွားပြီးချောင် တစ်ချောင်မှာသွား ခွေနေလိုက်ပါတယ်။ ရှေ့ဆက်ပြီးဘယ်လိုတွေကြုံတွေ့ရမယ်ဆိုတာ စိတ်ထဲမှာတွေးမိတော့အမေနဲ့ မောင်နှမတွေကို သတိရလာပါတယ်။ ဒီလိုနဲ့ ညအိပ်ချိန်ကိုရောက်သွားတော့အားလုံး တိတ်သွားကြ ပါတယ်။ ကျွန်တော့ကို အစာကျွေးဖို့ ဘယ်သူမှသတိရခဲ့ပုံမတူပါဘူး၊အိပ်နေကြပါပြီ။ ညနေက အမေ့နို့ ကို တဝ စို့ခဲ့လို့တော်သေးတာပေါ့။ ကျွန်တော်လည်း ရောက်တဲ့နေရာမှာပဲ အိပ်ပျော်အောင် အိပ်လိုက် ပါတော့တယ်။

ည ၁ဝ နာရီကျော်တဲ့အချိန်မှာ ပြဿနာစတွေ့တော့တာပါပဲ၊ လူတွေအိပ်မှ ဘယ်သူနဲ့ဘာပြဿနာ တွေ့ရတာလဲလို့မထင်ပါနဲ့၊   ဘယ်သူနဲ့မှမဟုတ်ပါဘူး။ ကျွန်တော်တစ်ကောင်ထဲဖြစ်တာပါ။ ဗိုက်ပြဿနာပါ၊ သတ္တဝါဟူသမျှ ရှောင်လွှဲလို့မရတဲ့ကိစ္စပါ၊ ညနေက တဝသောက်ထားတဲ့အမေ့ရဲ့ နို့တွေကိုစွန့်ချိန်တန်ပြီလေ၊ အဲဒီအချိန်မှာ  “သားတို့သမီးတို့ကြားရဲ့လားလူတွေက အမေတို့ လို ကြောင်တွေရဲ့ ချီးကို အရမ်းနံတယ်ဆိုပြီး တော်တော်ရွံကြတယ်၊ ဒါကြောင့်မို့ချီးယိုပြီးရင် သဲနဲ့သေချာလုံအောင်ပြန်ဖုံးခဲ့ကြ”       ဆိုတဲ့အမေ့ရဲ့ဆုံးမစကားကိုကြားရောင်လာပါတယ်။ ကျွန်တော်လည်းတံခါးပေါက်ရှိတဲ့ဘက်ကိုပြေးတာပေါ့၊ ဒါပေမဲ့တံခါးက အလုံပိတ်ထားတော့ အပြင်ကိုထွက်လို့မရပါဘူး၊ဟိုဟိုဒီဒီလှည့်ကြည့်တော့လည်း အပေါက်မတွေ့ပါဘူး၊ တခါ အိမ်ရှေ့ကိုပြေးတော့လည်းအိမ်ရှေ့တံခါးကလည်းအလုံပိတ်ပါ။ ပြူတင်းပေါက်အချို့ဖွင့်ထားပေမဲ့  သံစကာတွေတပ်ထားပါတယ်။ အန ္တရာယ်ကတော့အဝရောက်နေပါပြီ။                                                                                                                                                                               “အားကျွတ်ကျွတ် ဒုက္ခပါပဲ ဘယ်လိုလုပ်ရမလဲ”            တွေးရင်းအကြံတစ်ခုရလို့ နောက်ဖေးကိုပြန်ပြေးလာပါတယ်။ ဗိုက်ထဲကလည်းတော်တော်ဆန္ဒပြ နေပါပြီ၊အဝရောက်နေတဲ့ ဟာတွေကိုထွက်မကျအောင် အမီးကို ဗိုက်အောက်ရောက်အောင်ကုတ်ပြီးအဝကို ပိတ်ထားရပါတယ်။ နောက်ဖေးမှာတော့ အိမ်မှာ ထမင်းချက်  အဝတ်လျှော် အကူလုပ်ပေးတဲ့ကောင်မလေးအိပ်ပါတယ်။    သူ့ကိုသွားနှိုးပြီး တံခါးဖွင့်ခိုင်းဖို့ သူအိပ်တဲ့ခြင်ထောင်နားသွားပြီး

“ညောင် ညောင်  အမရယ် ကျွန်တော် ဗိုက်တအားအောင့်နေလို့တံခါးဖွင့်ပေးပါအမရယ်”

လို့သွားပြောပါတယ်၊ တုတ်တုတ်မှမလှုပ်ပါဘူး၊  တံခါးကိုသွားပြီးလက်နဲ့ တဂျစ်ဂျစ်မည်အောင် ကုတ်ပါတယ်၊လက်နဲ့ပုတ်ပါတယ်၊ နောက်ပြီးသူးနားသွားအော်ပြန်ပါတယ်။

“ညောင်း ညောင်း ညောင်း  အမရယ်။ မြန်မြန်ထပါ ၊ကျွန်တော့ကိုတံခါး မြန်မြန်ဖွင့်ပေးပါ၊ ကျွန်တော်မအောင့်နိုင်တော့ဘူး”

ဒီတခါအော်တာသူ့ခေါင်းရင်းကိုသွားပြီး နားရွက်နားကပ်အော်လိုက်တာပါ။ နဲနဲတော့လှုပ်လာပါတယ် ကျွန်တော်အားတက်သွားပါတယ်၊

“ညောင်ညောင် ထပါ တံခါးမြန်မြန်ဖွင့်ပေးပါ”                                                                                                                                                                              “ဟာ အိပ်ရေးပျက်ရတဲ့အထဲ ဒီကြောင်ကလည်း တမျိုး၊   မနက်ကျရင်အစောကြီးထရအုံးမှာ သွားစမ်းဟာ”

ဆိုပြီး ခြင်ထောင်ထဲကနေပြီး အပြင်က ကျွန်တော့ကိုလက်နဲ့ ရိုက်ထုတ်လိုက်ပါတယ်။ ရိုက်လိုက်တဲ့အရှိန်ကြောင့် ကျွန်တော်လည်းသုံးပတ်လောက်လိမ့်သွားပြီး ကုတ်ထားတဲ့အမီး နဲနဲပြေသွားတဲ့အတွက် အဝရောက်နေတဲ့ဟာနဲနဲထွက်သွားပါတယ်။ မဖြစ်တော့ဘူးဆိုပြီးနေရာတစ်ခုကိုအမြန်ရှာရပါတော့တယ်၊နောက်ဖေးစတိုခန်းလို့ထင်ရတဲ့ အခန်းထဲကိုဝင်လိုက်တော့ မီးသွေးအိတ်တွေနဲ့ပေပါတွေတွေ့ပါတယ်။ ဒီနေရာမှာပဲကျွန်တော့်ကိစ္စကို ရှင်းရပါတော့မယ်။ ကျွန်တော်လည်းလွယ်ထားရတဲ့ ဒုက္ခတွေကို ဖွင့်ချလိုက်ရတော့ ရင်ထဲမှာရှင်းလင်း သွားပြီး ပေါ့ပါးသွားတာဟာ ဘာနဲ့မှမတူတဲ့အရသာပါ။     ဒီအရသာကို ဘယ်လိုရေးပြရမယ်မသိပေမဲ့ စာဖတ်နေတဲ့ လူကြီးမင်းတို့အားလုံးခံစားဖူးကြမယ်ဆိုတာယုံကြည်တဲ့အတွက် ကြိုးစားပြီးရေးမပြတော့ပါဘူး။                                                           ကိစ္စပြီးလို့ အမေစကားကိုသတိရလို့ ဖုံးဖို့ သဲတွေလိုက်ရှာတော့မှ ကွန်ကရိအခင်းပေါ်မှာဆိုတော့အခက်တွေ့နေရပါပြီ။ ဒါနဲ့အနားမှာရှိတဲ့မီးသွေးမှုန့်တွေနဲ့မလုံမခြုံ ဖုံးခဲ့ရပါတယ်၊ခွင့်လွှတ်ပါအမေ၊ ကျွန်တော်ဘယ်လိုမှမတတ်နိုင်လို့      အမေ့စကားကို နားမထောင် သလိုဖြစ်ခဲ့ရပါတယ်။ ကျွန်တော်လည်း စားပွဲခုံဘေးက ပန်းကန်တွေထည့်ထားတယ်ထင်ရတဲ့ သေတ္တာပေါ်မှာဝင်ကွေးနေလိုက်ပြီးနှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားလိုက်တာ မနက်လင်းလို့စီကနဲအသံ တစ်ခုကြားလိုက်လို့လန့်နိုးသွားပါတယ်။

“ဟဲ့ပလုပ်တုတ် ဘာတွေလဲမသိဘူးပျော့စိစိနဲ့”

အိမ်အကူလုပ်တဲ့အမရဲ့အသံပါ ၊အသံကြားရာကိုကျွန်တော်ကြည့်လိုက်တော့ စတိုခန်းထဲမှာမီးသွေးသွားယူပုံရပါတယ်။မီးသွေးကိုလက်ကကိုင်ထားရင်းငုတ်တုတ်ထိုင်လိုက်ပြီးခြေထောက်ကိုသေချာငုံ့ကြည့်လိုက်ပါတယ်။

“ဟဲ့တော် ဒုက္ခပဲ ကြောင်ချီးတွေတက်နင်းမီပြီ အမလေးနံလိုက်တာ ထွီ”

လို့အော်ပြီးမီးဖိုခန်းထဲကိုထွက်လာပါတယ်။

“ဟဲ့  အဲဒီလိုလျှောက်မသွားနဲ့လေ နင် နင်းထားတဲ့ချီးတွေက တခန်းလုံးပြန့်ကုန်ပြီ၊ နင်အဲဒါတွေရေဖတ်ဝတ်နဲ့အကုန်ပြန်သုတ်၊ဟိုထဲကဟာတွေကိုလဲကျုံးပြီးလွှင့်ပစ်လိုက်”

နောက်ဖေးကိုရေသောက်ထွက်လာရင်းတွေ့သွားတဲ့မီးလေးအမေကပြောတာပါ။

“အို အန်တီကလဲ ရေဖတ်တိုက်ရင် လက်တွေအကုန်ပေကုန်မှာပေါ့၊ ရေဆေးချလို့မရဘူးလား”

“ရေဆေးရင် တခန်းလုံးရွှဲကုန်မှာပေါ့၊စကားမရှေနဲ့ ၊ငါပြောသလိုလုပ်”

လု့ိပြောရင်းမီးလေးအမေလဲအိမ်ရှေ့ကိုထွက်သွားပါတယ်။ ကျွန်တော်လည်းအမကို စားပွဲအောက်ကနေကြည့်နေတာတွေ့သွားတော့

“လာစမ်းကြောင်စုတ် အခုမှ မခုတ်တတ်တဲ့ကြောင်လို ကြည့်မနေနဲ့ ကောင်းကောင်းဆုံးမလိုက်မယ်”

ဆိုပြီးကျွန်တော့်ဂုတ်ကိုကိုင်ပြီး အနားမှာရှိတဲ့ တံမြက်စီးနဲ့ရိုက်ပါတော့တယ်

“ဖုံးဖုံး  ကဲမှတ်ပြီလား နင့်ချီးကိုငါဆေးလဲဆေးရမယ်၊ကျုးံလဲကျုံးရတော့မယ် ကဲဟယ် ဖုံးဖုံး”

“ညောင် ညောင်းညောင်း မလုပ်ပါနဲ့အမရယ် ကြောက်ပါပြီ၊ကွန်တော်အမကိုနှိုးပါတယ်၊အမ မနိုးလို့ ကျွန်တော်အဲဒီနေရာမှာပါလိုက်တာပါ၊မလုပ်ပါနဲ့ ကျွန်တော်နာလှပါပြီ”

“ကဲဟယ် ကဲဟယ် ငါ့ကိုဒုက္ခပေးအုံး ကဲဟယ် ဖုံးဖုံး”

ကျွန်တော်တောင်းပန်ပြီးရှင်းပြပေမဲ့ ကြောင်စကားနားမလယ်တော့ ကျွန်တော့ကိုဆက်ရိုက် နေပါတယ်။  ဒီအချိန်မှာ အားကိုးစရာမီးလေးတစ်ယောက်ကိုသတိရလိုက်ပါတယ်။ သူမနိုးသေးဘူးလားမသိဘူးဆိုပြီးသူနိုးအောင်အသံကိုမြှင့်ပြီးအော်လိုက်ပါတယ်။

“ညောင်း ဝေါင်း ညောင်းဝေါင်း မီးလေးရေငါ့ကို ကယ်ပါအုံး ငါ့ကိုရိုက်နေတာငါအရမ်းနာနေပြီ လာပါဦးမီးလေးရေ”

“ဟယ်အမ ရွှေဝါကိုဘာလု့ိရိုက်နေရတာလဲ လွှတ်လိုက် ဖေကြီးရေ ရွှေဝါလေးကိုရှိုက်နေတယ်လုပ်ပါဦး”

မီးလေးဟာ သူ့အဖေကိုအော်တိုင်ရင်းနောက်ဖေးကိုပြေးဆင်းလာပါတယ်။ ကျွန်တော်အားတက်သွားပေမဲ့ အိမ်ကူ အမရဲ့စကား နဲ့ မီးလေးပြောသွားတဲ့ စကားကြောင့်ကျွန်တော်ဝမ်းနဲသွားပါတယ်။

“မီးလေးဆင်းမလာနဲ့  ဒီမှာရွှေဝါယိုထားတဲ့ ကြောင်ချီးတွေ မွနေတာပဲ ၊ အရမ်းနံတယ်၊မီးလေးကိုပေကုန်လိမ့်မယ်”

“ဟယ် ဟုတ်လား ၊အမလေးဟုတ်တယ်တော့ ရွှေဝါရေငါကကြောင်ကိုချစ်ပေမဲ့ ကြောင်ချီးကိုတော့ရွံတယ်၊ စည်းကမ်းမရှိပါထားတဲ့အတွက်နင်ထိုက်နဲ့နင်ခံပေတော့”

“ညောင် ညောင်  မဟုတ်ဘူးကျွန်တော်စည်းကမ်းမရှိပါထားတာမဟုတ်ဘူး၊ သူတက်နင်းလို့ပွသွားတာ၊ပြီးတော့ ကျွန်တော့ကိုညကတံခါးဖွင့်မပေးလို့ကျွန်တော်ပါရတာ ကျွန်တော့အပစ်မဟုတ်ဘူး”

လု့ိ လှမ်းအော်ပေမဲ့ ကျွန်တော့စကားကိုနားမလည်တော့ အိမ်ရှေ့ကိုထွက်သွားပါတယ်။ အခုတော့ ကူကယ်ရာမဲ့တဲ့ဘဝကိုရောက်နေ ရပါပြီ။ အမေရယ် ကျွန်တော့အဖြစ်ကိုလာကြည့်လှည့်ပါဦး၊ ဘယ်ဘဝရဲ့ဝဋ်ကြွေးတွေကြောင့်များမိသားစုနဲ့ကွဲပြီး ဒီလိုဒုက္ခကိုခံစားနေရတာပါလိမ့်၊ ဝဋ်ကြွေးတွေရှိရင်လည်း ဒီမျှနဲ့ကျေပါစေလို့ကျွန်တော်ဆုတောင်းနေပါတယ်။

“ဟဲ့ကြောင်ကလေးကို ဘာလု့ိအရမ်းရိုက်နေရတာလဲ၊ ကြောင်ဆိုတာ မစင်စွန့်ဖို့နေရာကို သတ်မှတ်ပေးရတယ်၊ သွားခြေရင်းအိမ်မှာ ပြာသွားတောင်း၊ မရရင်လမ်းထိပ်မှာသဲများများ သွားကျုံးပြီး လင်ဗန်းအစုတ်ထဲမှာထည့်ပြီးနေရာပြထားလိုက်၊ နောက်နေ့အဲ့ဒီထဲမှာပါလိမ့်မယ်”

ကြင်နာတတ်တဲ့မီးလေးရဲ့အဖေက ပြောတော့မှကျွန်တော်သက်သာရာရသွားပါတယ်။ အမလည်းတခန်းလုံးပွနေတဲ့ မစင်တွေကိုလိုက်သုတ်၊ မီးသွေးခန်းထဲက ဟာတွေပါ ကျုံးလွှင့်ပစ်ပြီးမီးလေးအဖေပြောတဲ့အတိုင်း သဲတွေကျုံးလာပါတယ်၊ မီးသွေးခန်းရဲ့ ထောင့်တနေရာမှာဗန်းကိုထား၊ကျွန်တော့ကိုဖမ်းပြီးတော့

“ကြောင်စုတ်နောက်တခါ ဒီနေရာမှာ ချီးပါသိလား”

“ညောင်   ဟုတ်ကဲ့အမ ကျွန်တော်သိပါပြီ၊ ဒီလိုနေရာသိရင် ကျွန်တော်ကစည်းကမ်းရှိပါတယ်၊အခုကနေရာမရှိလို့ဖြစ်ရတာပါ”

လို့ကျွန်တော်ရှင်းပြပါတယ်။

“ဘာညောင် လဲ နောက်တစ်ခါ ဒီလိုဖြစ်လို့ကတော့ အသေသတ်ပြီး    အစဖျောက်ပစ်လိုက်မယ်သိလား။ ဒါတောင်နင်ပါထားတဲ့ချီးဗန်းကိုငါပဲရှင်းရမှာ  သွား ..”

ကျွန်တော်ပြန်ရှင်းပြတာနားမလည်တော့ ကျွန်တော့ကိုပြောရင်းတွန်းလွှတ်လိုက်ပါတယ်။ ဒီလောက်နဲ့ပြီးသွားတာတော်ပါသေးရဲ့လေ။ ခဏအကြာမှာမီးလေးနောက်ဖေးကိုဝင်လာပြီး

“အမရေ မီးလေးအတွက် နွားနို့် ထည့်ပေးပါ၊ ရွှေဝါလေးအတွက်လည်းထည့်ပေးအုံးနော်…

“ရွှေဝါရေ  မီမီမီ  လာလာ  နွားနို့သောက်ရအောင်”

ကျွန်တော်လည်းဗိုက်ထဲမှာဟာနေတာနဲ့မီးလေးအနားသွားပြီးသူတိုက်တဲ့နွားနို့ကို သောက်လိုက်ပါတယ်။ မီးလေးက ကျွန်တော့ခေါင်းကိုလက်ကလေးနဲ့ပွတ်ပြီး ပြောပါသေးတယ်။

“သောက်သောက်ရွှေဝါရေ ကောင်းတယ်မလား နင့်အိမ်မှာဆိုနွားနို့သောက်ရမှာမဟုတ်ဘူး၊        နင်က ကံကောင်းတယ် ၊ကျန်ခဲ့တဲ့ နင့်မောင်နှမတွေ နွားနို့သောက်ရမှာမဟုတ်ဘူး”

ကျွန်တော်က ကံကောင်းတယ်တဲ့လား၊ အမေ့ရင်ခွင်ထဲတို့ဝှေ့ပြီး မောင်နှမတွေနို့လုစို့ရမဲ့အချိန် မိသားစုနဲ့ခွဲခွာလာခဲ့ရပြီး နွားနို့်သောက်ရတာ ကံကောင်းတာလား၊ နွားနို့ဆိုတာကောင်းပါတယ်၊ အခုမှသောက်ဖူးတဲ့ကျွန်တော့အတွက် စိမ့်နေပေမဲ့ အမေ့ရဲ့နို့ချိုထက်တော့ပိုပြီးမမက်မောနိုင်ပါဘူး၊ အခုနေသာ အမေအနားကိုရောက်လာလို့ အမေ့နို့ကို သောက်ခွင့်ရမယ်ဆိုရင် ဟောဒီနွားနို့ခွက်ကို နှုတ်သီးနဲ့ထိုးမှောက်ပစ်ပြီး အမေ့ရဲ့ရင်ခွင်ထဲအတင်းပြေးပြီး နို့်ချိုကိုသောက်လိုက်မှာပါမီးလေးရယ်၊ နင့်စေတနာကိုငါစော်ကားတာမဟုတ်ပါဘူး၊  လို့စိတ်ထဲကပြောရင်း မီးလေးတိုက်တဲ့နွားနို့်ကို သောက်နေလိုက်ပါတယ်၊ ကျေးဇူးတင်ပါတယ်မီးလေးရယ်၊ငါ့အတွက်တော့နင်တစ်ယောက်ရှိနေလို့ တော်သေးတာပေါ့။

နှစ်ပတ်လောက်ကြာတော့မီးလေးတို့မိသားစုထဲမှာနေသားကျလာပြီး အိမ်ရှေ့အိမ်နောက် သွားရဲ လာရဲ ရှိလာပါပြီ၊တနေ့ မီးလေးရဲ့အကို စာကျက်နေတဲ့အနားမှာထိုင်နေတုန်း မီးလေးအကိုက သူ့ရဲ့လွယ်အိတ်ကိုဆွဲလိုက်တော့ လွယ်အိတ်အမွှေးလေး ကျွန်တော့ရှေ့မှာလှုပ်ကနဲဖြစ်သွားတယ်၊ သိကြတယ်မဟုတ်လား ကြောင်ဆိုတာ တကယ်ဆော့တဲ့သတ္တဝါလေ လွယ်အိတ်မွှေးလေးကို လက်နဲ့လှမ်းဖမ်းပြီးဆော့တာပေါ့

“ဟား ဒီကြောင်စုတ်ကလည်း အညိ်မ်မနေဘူး၊ ငါ့ရဲ့လွယ်အိတ်မွှေးလှလှလေးတွေပြတ်ကုန်တော့မှာပဲ”

ဆိုပြီးကျွန်တော့ကိုရိုက်လွှတ်လိုက်ပါတယ်။ ကျွန်တော်လည်းဆက်တီခုံအောက်ဝင်ပုနေရင်း အိမ်မှာ အမေ အမြီးလေးကိုလှုပ်ပေးတဲ့အချိန် မောင်နှမတွေ အမေ့အမြီးကိုအလုအယက် လိုက်ဖမ်းကြတာမြင်ယောင်သတိရနေရင်း တစ်ကောင်တည်းဝမ်းနေမိပါတယ်။

 

 

တခါတုန်းကလည်း မီးလေးရဲ့အကို ကော်ဘောလုံးလှိမ့်ကစားနေတာကျွန်တော့အနားရောက်လာတော့ အမှတ်မရှိ ပဲ ဘောလုံးကိုဖမ်းရင်းလှိမ့်ရင်းကျွမ်းထိုးကစားမိတာပေါ့။ ဒီအခါမီးလေးအကိုက

“ဟာ ဒီကြောင်စုတ် သူ့လက်သည်းတွေနဲ့ထိုးမိပြီး ငါ့ဘောလုံးပေါက်တော့မှာပဲ ကဲကွာသွားစမ်း”

ဆိုပြီးခြေထောက်နဲ့မညှာမတာကန်ထုတ်လိုက်ပါတယ် ၊နောက်ဖေးချောင်မှာသွားကုတ်နေရင်း  အိမ်မှာမောင်နှမတွေ တစ်ကောင်နဲ့တစ်ကောင် လိုက်ရင်း ပြေးရင်းကစားရင်း မိရင် နပမ်းလုံးရင်း ကျွမ်းထိုးကြတာကိုသတိရနေပါတယ်။ အခုတော့ တစ်ကောင်တည်းအထီးကျန်ပြီး ဆော့စရာ အဖော်မရှိတဲ့ဘဝကိုတွေးရင်း အားငယ်လာမိပါတယ်။ ဒီကြားထဲ မျောက်ထက်ကဲတဲ့ မီးလေးရဲ့အကို မျောက်မူးလဲနှိပ်စက်တာတွေလည်း ခံရပါတယ်၊ ကျွန်တော်ကိုလိုက်ဖမ်း ပြီး စာပွဲပေါ်တက် မတ်တပ်ရပ်လျှက်ကနေ

“ကြောင်ကျ ကျတာလှတယ်ကွ ကြည့်လို့ကောင်းတယ်ကွ ”

ဆိုပြီးခြေတွေလက်တွေကကိုင်ပြီးပက်လက်ပစ်ချတာပါ၊ ကျွန်တော်လည်းခါးကိုဆတ်ကနည်း လှည့်ချလိုက်ပြီးခြေတွေလက်တွေနဲ့ကျအောင်ကြိုးစားရတာပေါ့၊တစ်ကြိမ် မက အခါခါလုပ်တော့ ခါးတွေ၊ခြေတွေ လက်တွေနာလာပါတယ်။ တယ်လဲကြီးမားတဲ့ဝဋ်ကြွေးပါလာနော်၊တစ်ခါတုန်းကလည်း ဘာစိတ်ကူးပေါက်တယ်မသိပါဘူး၊ ရေခဲသေတ္တာအပေါ်ကန့်ထဲထည့်ပြီးတံခါးပိတ်ထားခဲ့ပါတယ်။ သိပ်မကြာလိုက်ပါဘူး၊ မီးလေးအမ ကရေသောက်ဖို့လာရင်းတွေ့လို့ ကံကောင်းသွားပါတယ်။ နာရီဝက်လောက်သာနေလိုက်ရရင် ကျွန်တော့ဘဝမတွေးရဲပါဘူး။ တနေ့တော့ ကျောင်းကပြန်လာပြီး ရေချိုးရင်း ကျွန်တော့်ကို ရေချိုးခန်းထဲကိုဖမ်းခေါ်သွားပြီး ရေလောင်းချိုးပါတယ်။ ကျွန်တော်လည်း ရုံးကန်နေရပေမဲ့ အခန်းပိတ်ထားတော့ ဘယ်မှထွက်ပြေးလို့မရပါဘူး။ ဒီတစ်ခါအိမ်အကူ ကောင်မလေး က ကြောင်အော်သံကြားလို့တခါးဖွင့်ကြည့်လို့ သက်သာရာရသွားပါတယ်။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ဘဝတွေကမလွယ်ပါဘူး။ ကျွန်တော်အကောင်နဲနဲကြီးလာတဲ့အခါကျတော့မီးလေးအမေက

“ရွှေဝါလေးနဲနဲကြီးလာပြီသမီးရေ နွားနို့မတိုက်နဲ့တော့ ထမင်းလေးကျင့်ပြီးကျွေးကြည့်ရမယ်” “အမေရယ် ရွှေဝါလေးကထမင်းစားတတ်ပါ့မလား၊ဘာဟင်းနဲ့စားမှာလဲ “ “အိမ်မှာချက်တဲ့ဟင်းနဲ့နယ်ကျွေးရင်စားပါတယ်သမီးရယ် ၊ငါးဟင်းတို့ ပုစွန်ဟင်းတို့ချက်ရင် စားတာပေါ့”

မီးလေးအမေ ပြောပြီးအိမ်ရှေ့ထွက်သွားတော့ မီးလေးက ကောင်မလေးကို

“အမ  ကြောင်လေးတွေက ငါးစားလို့လားအမ”

“စားတာပေါ့မီးလေးကလဲ   ငါးကြော်ဆိုသိပ်ကြိုက်တာ ငါးကြော်မကြိုက်ကြောင်မိုက်ဆိုတဲ့စကားတောင်ရှိတာပဲ”

“ဟုတ်လား ဒါဆိုဒီနေ့ ဘာဟင်းနဲ့ကျွေးမှာလဲ”

“ဒီနေ့မီးလေးစားဖို့ ငါးသေတ္တာချက်ထားတယ် အဲဒါနဲ့ကျွေးပေါ့”

အဲဒီနေ့က ငါးသေတ္တာဆိုတာကို စ စားရပြီးနောက်နေ့တွေမှာ ငါးဟင်း၊ ပုစွန်ဟင်းနဲ့အခြားအသားဟင်းတွေကို စားရပါတယ်။ ဒီလိုစားရတဲ့အခါတွေမှာ အမေနဲ့ ညီ၊ ညီမလေးတွေကိုသတိရပါတယ်၊ သူတို့တွေကောဘာတွေစားနေကြပါလိမ့်၊ ငါ့လိုနေ့တိုင်းဟင်းကောင်းမစားရတောင်မှ သူတို့တွေလဲ ဒီလိုဟင်းတွေစားရမှာပါလို့ တွေးရင်းဖြေသိမ့်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင်တခါတခါ ဟင်းမကျန်လို့ငါးပိနဲ့စခမ်းသွားခဲ့ရသေးတာပဲလေ။

 

 

ဟင်းမကျန်လို့ခံစားရတဲ့ဒုက္ခနဲ့ ကြွက်မဖမ်းတတ်တဲ့ဒုက္ခတွေကိုဆက်လက်ရေးပါဦးမယ်။

 

9 comments

  • windtalker

    October 28, 2011 at 9:17 pm

    ကိုကြောင်လတ် ရဲ ့စာကို ဖတ်ပြီးတော့ ချက်ချင်းဘဲဆိုသလို ငယ်ဘဝကို ပြန်သတိရမိသွားသဗျို ့
    မီးလေးအကို လိုဘဲ ကျုပ် လဲ မွေးထားတဲ့ ကြောင်တွေကို အပေါ်ခပ်နိမ့်နိမ့် မြှောက်ပစ်ခဲ့ဖူးသဗျ
    ဒါပေမယ့် ၊ ကျုပ်ပစ်ခဲ့တာက ကုတင်မွေ ့ယာပေါ်မှာဆိုတော့၊ အကျတော့ မနာလှဘူးပေါ့လေ ။
    ဆက်ဖတ်ဖို ့စောင့်နေပါတယ် ဗျို ့

  • ကြောင်ကြီး

    October 29, 2011 at 8:26 am

    တောင်တက်တဲ့
    ကြောင်လတ်
    အောင်မြတ်နဲ့
    ညီအကို..
    ကြောင်ဝါက
    ညောင်ရှာတယ်
    မှောင်လာမှ
    စောင်ခွာထွက်..
    မီးလေးနဲ့
    အရီးဒွေး
    မကြီးသေးလို့
    နှီးထွေးကြပါဗျာ…

  • thit min

    October 31, 2011 at 10:16 am

    ဟုတ်ပဗျာ
    ဖြစ်သလိုနေရ စားရ မြန်မာပြေကကြောင်ဘဝ။
    ကြွက်လဲခုတ်ရ မနိပ်လှ။
    ဒီမှာကတော့ စတိုင်ကျ၊ ကက်ဖုမဟုတ်ရင် မစားဘူးဗျ။
    ကြွက်လဲမခုတ် အမြဲငှုတ်တုတ် ဝတုတ်တုတ်တွေဖြစ်နေရ။

  • etone

    October 31, 2011 at 10:43 am

    သနားစရာကောင်းလိုက်တဲ့ ကြောင်လေး … ဝဋ်ကြွေးရှိလျှင် မြန်မြန်ကြေပါစေတော့ … ။
    လူဒွေလူဒွေ … အဲ့ဒါကြည့်မရတာ … ဘာလို့များ ကြောင်ခေါ်လာပြီး ကြွက်ခုတ်ခိုင်းရတာလဲ …. ။ ကြောင်ကိုကျတော့ အကုသိုလ်လုပ်ခိုင်းပြီး သူတို့ကျတော့ အေးအေးဆေးဆေးနေချင်တာတဲ့လား … ။
    နာသာ ကြောင်ဖြစ်လို့ကတော့ … အိမ်ကကြောင်မလုပ်ဘူး … ကြောင်လေလွင့်ပဲလုပ်မယ် … ရိုက်မယ့်နှက်မယ့်ကလေးတွေမရှိဘူး … ချက်စားမယ့်လူတွေတွေ့လျှင်တော့ ပြေးရမှာပေါ့ … 😀

  • etone

    October 31, 2011 at 10:46 am

    ကျွန်မတစ်သက်လုံး ဘယ်တုန်းကမှ သူများကြောင်တောင်းပြီး မမွေးခဲ့ဖူးဘူး … ။ သူများအိမ်ကကြောင် အစာကျွေးရင်း ကိုယ့်အိမ်မှာ လာပျော်နေရင်းက ကလေးတွေပေါက်လာပြီး … မျိုးပွားလာတာမျိုးပဲ ရှိတယ် … ကြောင်လည်း စကားမပြောတတ်လို့ပါ … အဖော်အပေါင်းသင်း၊ မိသားစုနဲ့ နေချင်ရှာမှာပေါ့လေ … ။
    အိမ်မှာကြောင်မွေးတော့ … ကျွန်မအမေက မြို့ထဲအိမ်မှာ ပျင်းလို့ ကြောင်တကောင်ခေါ်သွားမယ်လုပ်တာ … ကိုယ့်အိမ်ချင်း အတူတူပေမယ့်… မပေးခဲ့ဘူး …. ။ ဒီတော့ အမေကလည်း သူများလွင့်ပစ်တဲ့ကြောင်လေးကို ခေါ်မွေးထားရာက အခု အကောင်ကြီး ဖြစ်လာပြီ 😀 ကြောင်က တကောင်တည်းဆိုတော ့ ဆိုးတာတော့ ကမ်းကုန်ပဲ 😆

  • ပေါက်ဖော်

    October 31, 2011 at 11:07 am

    ညောင်..ဝေါင်..ဝေါင်..(ငါးကြော်တွေ ခိုးစားရင် အတီးခံရမယ်နော်)

  • ကြောင်လတ်

    October 31, 2011 at 6:07 pm

    ကိုပေါက်ဖော်ရယ် ခိုးစားတာမဟုတ်ရပါဘူးဗျာ၊
    ဒီခံစားချက်လေးလည်းကျွန်တော်ပြောပြမဲ့အထဲမှာပါ ပါတယ်။
    အိတုန်ရေ… လေလွင့်ငှက်ပဲကြားဖူးတယ် လေလွင့်ကြောင်တော့မလုပ်ပါနဲ့။

  • GreeNSheeP

    October 31, 2011 at 8:21 pm

    ကြောင်တစ်ကောင်လို ပေါ့ပါးပြီး ကျားတစ်ကောင်လို သန်မာသော ကြောင်လတ်

  • Shwe Ei

    October 31, 2011 at 8:33 pm

    အိမ်ကကြောင်မလေးတော့ မရိုက်ရက်ပါဘူးတော်။ သူက စည်းကမ်းလဲရှိပါတယ်။ ဆော့လွန်းအားကြီးလို့ စိတ်ညစ်ရတာဘဲရှိတယ်။ လူပေါ်တက်ေဆော့ရင် ကုတ်လိုက် ကိုက်လိုက်နဲ့ လက်တခုလုံးအစင်းရာချည်းဘဲ။
    ဒါပေမဲ့ ကြောင်ဆိုတော့လဲ ခွင့်လွှတ်ပေးရတာပေါ့။

Leave a Reply