မနုဿလူသား

poochNovember 6, 20111min44626

မြတ်စွာဘုရားက “မနုဿတ္တ ဘာဝေါ ဒုလ္လဘော “- လူ့အဖြစ်ကို ရခဲလှပါတယ်လို့ ဟောသွားပါတယ်။

ဗြဟ္မာ့ပြည်က ချလိုက်တဲ့ အပ်တစ်စင်းနဲ့ လူ့ပြည်မှာထောင်ထားတဲ့ အပ်တစ်စင်းရဲ့ ထိပ်ဖျားလေး ခြင်း ထိချင်ရင်သာထိဖို့လွယ်မယ် ၊ လူ့ပြည်မှာလူအဖြစ်ကိုရဖို့ကတော့ ခဲယဉ်းှပါတယ်လို့ဟောသွားပါတယ်။

အဲ့ဒီမှာ ဒီနေ့ခေတ်ရဲ့ လူဦးရေတိုးတက်နှုန်းကိုကြည့်ပြီး လက်တွေ့ကျသော ဘာသာခြားများက ဟုတ်ရဲ့လား၊ ဘယ်လိုလဲဆိုတဲ့မေးခွန်းတွေ ကျမတို့ဘာသာကိုမေးလာပါတော့တယ်။ မေးလည်းမေးချင်စရာပါ။ ဒီနေ့လူဦးရေ သန်းရထောင်ကျော်သွားပါပြီ။ အမှန်တိုင်း ဝန်ခံရရင် တချိန်တုန်းကတော့ ကိုယ်တိုင်လည်း ဇဝေဇဝါပါ။

ဘယ်နေရာသွားသွား ပေါလိုက်တဲ့လူတွေပါ။ ရင်ထဲမှာဆူးနေတဲ့ အဲ့ဒီဆူးကို စစ်ကိုင်းတိုင်း၊ ဝါးချက်ကျေးရွာ၊ ကျစွာချောင်၊ မဟာဝီဇယရံသီစာသင်တိုက်မှာ သီတင်းသုံးတော်မူတဲ့ အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဆရာတော် အရှင်လက္ခဏ ဟောကြားတော်မူတဲ့ “ မနုဿ လူသား တရားတော်” က နုတ်ပေးသွားပါတယ်။

ကျမတို့လို ဗုဒ္ဓဘာသာဝင်တွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတစ်ခုဖြစ်တာမို့ ပြန်လည်မျှဝေလိုက်ပါတယ်။ တချို့သောသူများလည်း သေချာပေါက်သိပြီးသား အကြောင်းအရာလည်းဖြစ်မှာပါ။

ဆရာတော်က ကျစွာချောင်မှာရှိတဲ့ မဟာအတုလရံသီ ဓမ္မရိပ်သာနဲ့ ရန်ကုန်မြို့ သီရီလက္ခဏာရာမ ဒဂုံသာသနာ့ရိပ်သာတို့ရဲ့ ပဓာန နာယက ဆရာတော်တပါးလည်းဖြစ်ပါတယ်။
မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ အမေရိကန် နိုင်ငံ ဟာဝိုင်ရီအထိ တရားစခန်းများဖွင့်လှစ်ကာ တရားပြပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာတော်က နိုင်ငံရပ်ခြားတိုင်းပြည်များမှာပါ တရားစခန်းများဖွင့်လှစ်ပြီး တရားပြ ဟောပြောပို့ချသူဖြစ်လေတော့ နိုင်ငံခြားသားများနဲ့ အတော်များများဆက်ဆံရပြီး ဒီမေးခွန်းကိုမကြာခဏဆိုသလို အမေးခံရပါတယ်တဲ့။ ဝေဖန်ပါတယ်တဲ့။ ဆန်းစစ်ပါတယ်တဲ့။
အဲ့ဒီလိုအမေးခံရတိုင်း ဆရာတော်က ဒီ ” မနုဿလူသား တရားတော် ” ကို ဟောကြား ပြီးဖြေပေးခဲ့ပါတယ်။ သူတို့တွေလည်း စိတ်ကျေနပ်မှုရသွားကြပါတယ်တဲ့။

ကျမ ကျစွာချောင်မှာ နှစ်တိုင်း သင်္ကြန်အတွင်း အခါကြီး ရက်ကြီးများမှာ (၁၀) ရက်တရားစခန်းဝင်ခဲ့တာ (၅ ) ကြိမ်တိုင်ခဲ့ ပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ကမှ ဒီတရားလေးကို ကျမသိခဲ့ပါတယ်။ မနှစ်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ရိပ်သာမဝင်ဖြစ်လိုက်ပါဘူး။ ပြောပြချင်ပေမယ့်လို့ ဘာသာရေးဆိုတော့ ကိုယ်ရေးတာ နားလည်မှုလွဲပြီးအမှားပါသွားခဲ့ရင် ဆိုတဲ့စိတ်နဲ့ ရေးဖို့ကို လက်တွန့်ပြီး အတော်လေးစဉ်းစားပြီးမှ ရေးလိုက်တာပါ။ ဘာသာရေးအကြောင်းအရာများ ဆွေးနွေးတဲ့စာများကို ကျမဖတ်ကြည့်ပေမယ့် လက်ရှောင်လေ့ရှိပါတယ်။ ကိုယ့်မှာပါဝင်ဆွေးနွေးနိုင်တဲ့ အသိမလုံလောက်လို့ပါ။

မျက်စိရှေ့မှာ ခုတလော မြင်မိကြားမိတာများကလည်း ရေဘေး ငလျင်ဘေးကစလို့ လူ့ပရောဂကြောင့်ဖြစ်ရတဲ့ ကပ်ဆိုးများသာဖြစ်လို့နေပါတယ်။ တိုင်းပြည်ဆင်းရဲတာကိုလည်း ဘာသာ တရားကို လက်ညှိုးထိုးပြတဲ့သဘောတွေကိုလည်း တွေ့မိလာပါတယ်။ ရခဲတယ်လည်း ဆိုသေး များလိုက်တဲ့လူတွေပါလားလို့ ပြောတာတွေကို တွေ့မိလို့ပါ။ အဲဒါကြောင့်ရေးဖြစ်သွားတာပါ။

တရားကိုတော့ ကျမနားလည်သလို အတိုဆုံးနဲ့ အလွယ်ဆုံးပဲ ရေးလိုက်ပါတယ်။

အဲ့ဒီလိုဖြေကြားရာမှာ ဆရာတော်က ” အာဂမယုတ္တိ” လို့ခေါ်တဲ့ ဘုရားဟော ဒေသနာတော် ကျမ်းလာ စကားတော်များနဲ့ရော၊ “သဘာဝယုတ္တိ” လို့ခေါ်တဲ့ လောကမျက်မြင်ဖြစ်တတ်တဲ့ သဘောနဲ့ရော ညီညွတ်အောင်ဖြေကြားပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ပါဠိစကား ၂ ခုဖြစ်တဲ့ “မန “လို့ ခေါ်တဲ့ “စိတ် “ နဲ့ “ ဥသ “ လို့ခေါ်တဲ့ “ မြင့်မြတ်တာရယ် “ ကို ပေါင်းစပ်ပြီး “မနုဿ လူသား “လို့ခေါ်တာပါ။ အဓိပ္ပာယ်ကတော့ “စိတ်ထားမြင့်မြတ်တဲ့လူသား” ပါ။

အဲ့ဒီစိတ်ထားမြင့်မြတ်တဲ့လူသားဖြစ်ဖို့ သူ့မှာ အရည်ချင်း ( ၃ ) မျိုးနဲ့ပြည့်စုံရပါတယ်။

၁။ သူရော – ရဲစွမ်းသတ္တိရှိခြင်း။

၂။ သတိမနော္တ – သတိတရားနှင့်ပြည့်စုံခြင်း။

၃။ဗြဟ္မစရိယာဝါယော – မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်း တို့ဖြစ်ပါတယ်။

နံပါတ် (၁) အချက်ဖြစ်တဲ့ – “ ရဲစွမ်းသတ္တိရှိခြင်း” ဆိုတာ သတ်ရဲ၊ ဖြတ်ရဲ၊ တိုက်ရဲ၊ ခိုက်ရဲ၊ ဆဲရဲ ဆိုရဲတဲ့ မိုက်မဲတဲ့သဘောကို မဆောင်ပါဘူး။

ဒါနကုသိုလ်၊ သီလကုသိုလ်နဲ့ ဘာဝနာတရား အားထုတ်တဲ့နေရာမှာ ကြောက်ရွံ့မှု နောက်တွန့်မှုမရှိတဲ့ စိတ်ထားမြင့်မြတ်တဲ့ ရဲစွမ်းသတ္တိလိုမျိုးကို ဆိုလိုတာပါ။

-ဒါနကုသိုလ်

ဒါနမှာလည်း “သာမည ဒါနပါရမီ “ လို့ ခေါ်တဲ့ကိုယ်ပိုင်တဲ့ ပစ္စည်းဥစ္စာကို စွန့်လွှတ်လှူဒါန်းနိုင်တာ၊

“ဒါနဥပပါရမီ” လို့ခေါ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို စွန့်လွှတ်ပြီး လှူဒါန်းနိုင်တာ၊

“ဒါနပရမတ္တ “ လို့ခေါ်တဲ့ အသက်ကိုစွန့်လွှတ်ပြီ်းလှူဒါန်းနိုင်တာ

စတဲ့ ဒါနကုသိုလ်တွေကို ပြုလုပ်ရာမှာ ကြောက်ရွံ့ မှု ၊ နောက်တွန့်မှုမရှိတဲ့ ၊ရဲစွမ်းသတ္တိ မျိုးကို ပြောတာပါ။

-သီလကုသိုလ်

သီလဆောက်တည်တဲ့နေရာမှာလည်း နေ့စဉ်ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံပြီး ဥပုသ်သီတင်းဆောက်တည်ရာမှာလည်း ရှစ်ပါးသီလကို လုံခြုံအောင်စောင့်ထိန်းဖို့ရာမှာ ကြောက်ရွံ့မှု နောက်တွန့်မှုမရှိတဲ့ စိတ်ထားမြင့်မြတ်တဲ့ ရဲစွမ်းသတ္တိရှိခြင်းမျိုး ကိုပြောတာပါ။

-ဘာဝနာတရား

ဘာဝနာတရားဆိုတာမှာလည်း နည်းမှန်လမ်းမှန်နဲ့ သတိပဌာန်တရား၊ ဝိပသနာတရားတွေကို ပွားများအားထုတ်ရာမှာ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာစတဲ့ ကိုယ်ဆင်းရဲခံပြီး စိတ်ကိုလည်းချုုပ်တည်းပြီး ကြောက်ရွံ့မှု၊ နောက်တွန့်မှုမရှိဘဲ ပွားများအားထုတ်နိုင်တဲ့ ရဲစွမ်းသတ္တိရှိခြင်းမျိုး ကိုပြောတာပါ။

နံပါတ် (၂ ) အချက်ဖြစ်တဲ့ “ သတိတရားနှင့်ပြည့်စုံခြင်း” ဆိုတာကတော့ “ကိုယ်၊ နှုတ်၊ စိတ် “သုံးပါးလုံးကို မကောင်းမှု ဒုစရိုက်များမှ မကျင့်ကြံ၊ မပြောဆို၊ မပြုလုပ်မိစေရန် ရှောင်ကြဉ်စေရန်အတွက် အမြဲတစေ သတိလေးကပ်ပြီး ရှောင်ကြဉ်နိုင်တဲ့ သတိတရားနှင့် ပြည့်စုံခြင်းကို ဆိုလိုတာပါ။

နံပါတ်( ၃ ) အချက်ဖြစ်တဲ့ “မြတ်သောအကျင့်ကိုကျင့်သုံးနိုင်ခြင်း” ဆိုတာကတော့ နိဗ္ဗာန်ရောက်ကြောင်းတရားတော်၊ သတိပဌာန်တရား၊ မဂ္ဂင်ရှစ်ပါး တရားတော် စတဲ့ သူတော်ကောင်းတရားများကိုကျင့်သုံးနိုင်တဲ့ အကျင့်ကို ဆိုလိုတာပါ။

ဘုရားဟောခဲ့တဲ့ “ မနုဿတ္တ ဘာဝေါ ဒုလ္လဘော “ – “ စိတ်ထားမြင့်မြတ်တဲ့လူသား” ဆိုတာ အထက်ပါ အချက်သုံးချက်နဲ့ပြည့်စုံရပါမယ်တဲ့။

ကမ္ဘာ့လူဦးရေ ဘယ်လောက်ပဲတိုးနေပါစေ ”မနုဿ လူသား “ အစစ် ဟုတ်မဟုတ်ကို ဒီအချက်သုံးချက်နဲ့ မှတ်ကျောက်တင်ပြီး စစ်ဆေးကြည့်ရပါတယ်တဲ့။

အဲ့ဒီမှာ ဒီလို မှတ်ကျောက်အတင်ခံနိုင်တဲ့ လူသားတွေ အလွန် အင်မတန်မှ နည်းပါးတာကို တွေ့ရပါတယ်တဲ့။
ဘာဖြစ်လို့လဲဆိုတော့ ကျင့်ကြံနေထိုင်ဖို့ ခက်လှလွန်းလို့ပါ။

ဘုရားရှင်ဟောခဲ့တဲ့ ရခဲလှတဲ့လူ့ဘဝဆိုတာက ဒီအချက် (၃)မျိုးနဲ့ မှတ်ကျောက်တင်ပြီး ဆိုလိုတာပါတဲ့။

ဒါဆိုအခုရှိနေတဲ့လူသားများကရော ဘယ်လိုလူသားတွေလည်းဆိုတဲ့မေးခွန်းထွက်လာပါတယ်။ ပုံပန်းသဏာန်တူလို့သာ လူလို့ခေါ်ရတာပါ။ လူအစစ်မဟုတ်ပါဘူး။

ပါဠိလို “ န “( မဟုတ် ) + “အမနုသော” (လူသားစင်စစ်) = “အမနုသော” (လူသားစင်စစ်မဟုတ်သော )သူများလို့ဆိုထားပါတယ်။
“အမနုသော လူသား “ တွေ လူအတုတွေ ဖြစ်ပါတယ်တဲ့။

နောက် အဲ့ဒီလို မနုဿလူသား ဘဝကို ပိုင်ဆိုင်တဲ့သူများဟာ အခုကျမတို့ နေထိုင်ရာတိုင်းပြည်အပါအဝင် ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာသာ နေထိုင်ပါတယ်တဲ့။

ဒီဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာ နေထိုင်တဲ့ ” မနုဿ လူသားများ ” ဟာ တခြားသော ကျွန်းကြီး ၃ ကျွန်းမှာ နေထိုင်တဲ့သူတွေ ထက်သာမက တာဝတိ ံသာ နတ်ပြည်မှာ နေထိုင်တဲ့ သူများထက်ကို ဒီဖော်ပြပါ အချက် ၃ ချက်ကြောင့် သာလွန်ပါတယ်၊ လွှမ်းမိုးနို်င်ပါတယ်လို့ ဟောသွားပါတယ်။

အဲ့ဒီ ဂုဏ်သုံးမျိုးနဲ့ ပြည့်စုံတဲ့ အတွက်ကြောင့်မို့ ဘုရားရှင်များသည် ဇဗ္ဗူဒိပ်ကျွန်းမှာ သာ ပွင့်တော်မူတယ်။ ပစ္စေကာဗုဒ္ဓါတွေ ၊ အဂ္ဂသာဝက ကြီးတွေ ၊ မဟာသာဝကကြီးတွေ၊ ပကတိ သာဝကကြီးတွေ၊ အရိယာသူတော်စင်တွေ ၊ စကြာမင်းတွေ၊ မန္ဓတ်မင်း များလည်း ဒီဇဗ္ဗူဒိပ်ကျွန်းမှာသာလျှင် ပေါ်ပေါက်ပါတယ်တဲ့။

ဒါဆိုရင်တော့ ရှင်းလောက်ပြီထင်ပါတယ်။ ဆရာတော်ရဲ့ တရားကတော့ အကျယ်ဟောထားတာပါ။ ကျမကတော့ နားလည်သလို အတတ်နိုင်ဆုံး အတိုချုံးထားတာပါ။

ဒါကြောင့်မို့လို့ ဒီနေ့ခေတ်မှာ တိုးပွားလာတဲ့လူဦးရေဟာ ဘယ်လိုလူသားတွေလည်းဆိုတာကို ထင်သာမြင်သာရှိပါတယ်။ ကိုယ်တိုင်အပါအဝင် လူမစစ်တဲ့လူများ နေထိုင်တာဖြစ်လေတော့ နွယ်မြက်သစ်ပင်တွေလည်း ဆေးဘက်မဝင်တော့သလို ၊ မှန်ရာပြောလည်း သစ္စာမမည် တော့ပါဘူး။ မကြုံဘူး မကြားဖူူးသော ဆိုးဝါးလှတဲ့ လူမဆန်တဲ့ အပြုအမူလုပ်ရပ်များကို မြင်ရကြားရပါတယ်။

ဒီနေ့ ခေတ်မှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရောင်းဝယ်ဖောက်ကားတဲ့ ဈေးကွက်ရှိပါတယ်။ လူလူချင်း တိရိ စာ္ဆန်လို ပြုမူဆက်ဆံပါတယ်။ ရောင်းဝယ်ဖောက်ကားပါတယ်။ ယုတ်ညံ့သောသူများ ကြီးစိုး အုပ်ချုပ်တတ်ပါတယ်။ မတရားမှုကို လူတွေ အားပေးပါတယ်။ ညှာတာစိတ်၊ ဂရုဏာစိတ်၊ မုဒိတာစိတ် ရှားပါးပါတယ်။ လူ့ကျင့်ဝတ် ၊ လူ့စည်းကမ်းကို နည်းမျိုးစုံ အကြောင်းအရာမျိုးစုံနဲ့ ဖောက်ဖျက်ကျူးလွန်ပါတယ်။

သဘာဝတရားကို မညှာမတာ ဖျက်ဆီးပါတယ်။ ရနိုင်တာထက် လောဘတက်ပြီး အကုန်ယူတဲ့အတွက် အခု လက်ရှိ သဘာဝတရားက ဒဏ်ခတ်တာကို ခံနေရပါပြီ။

အဆုံးမှာတော့ လူတွေကိုယ်တိုင်ဖန်တီးထားတဲ့ ကပ်ဆိုး၊ ဘေးဆိုး များရဲ့ ဒဏ်ကိုလည်း လည်စင်းပြီးခံနေရပါတယ်။ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာနေတာပါ။ ကံ ကံရဲ့ အကျိုးပါပဲ။

အဲ့ဒီကပ်ဆိုးများဟာ ပုံစံအမျိုးမျိုးနဲ့ အရှေ့အနောက်တောင်မြောက်မရွေး ဆင်းရဲချမ်းသာမရွေး အဖြူ အမည်း အဝါစတဲ့ အသားအရောင်မရွေးနေရာတကာမှာ ဖြစ်ပေါ်နေတာပါ။ ဘာသာလည်းမရွေးသလို နိုင်ငံ နေရာလည်းမရွေးပါဘူး။ အကြောင်းအရာလည်းမရွေးပါဘူး။

တိုင်းပြည်တွေ ဆင်းရဲတာလည်း ဘာသာကြောင့်မဟုတ်ပါဘူး။ လူတွေကြောင့်ပါ။ ဒါကြောင့် ကျမတို့နဲ့ တန်တဲ့ အုပ်ချုပ်သူကို ကျမတို့ ရခဲ့တာပါ။(ပိုကောင်းတာကို လိုချင်ရင် ကိုယ်တိုင်ပြောင်းလဲမှ ရမှာပါ။)

ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ပြောင်းပြန် အချိုးကျနေပါတယ်။

ဒါကြောင့်မို့ ကျမက လူသားတွေ ဟာ အကြောက်တရားကြောင့် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားအမျိုးမျိုးက နေ ဒီဘဝရဲ့ လွတ်မြောက်မှုကို နည်းအမျိုးမျိုးနဲ့ ရှာဖွေနေကြတာလို့ မြင်မိပါတယ်။

အယူလွဲလေ ခံရခက်လေ ပါဘဲ။ စေ့စေ့တွေးတော ့ ရေးရေးပေါ်ပါတယ်။

နည်းနည်းလေး အကောင်းဘက်က လှည့်တွေးရင်တော့ ကျမတို့ဗုဒ္ဓဘာသာဝင်တွေ အဖို့တော့ လူအတု ဘဝကနေ လူသား အစစ်ဘဝကို ကူးပြောင်းဖို့ အခွင့်အရေးလေးတော ့ ရှိနေပါတယ်။

ဒါလေးက ကိုယ်ယုံကြည်ရာ ဘာသာရေးရှုထောင့်ကနေ မြင်ကြည့်တာပါ။

စာဖတ်သူ မိတ်ဆွေများကိုလည်း ဘုရားဟောခဲ့တဲ့ ကာလာမသုတ်ကို လက်ကိုင်ထားပြီး ဆင်ခြင်တွေးတော ကြည့်စေချင်ပါတယ်။

( ထုံးစံအတိုင်း အားမနာတမ်း ဝေဖန်ထောက်ပြနိုင်သလို ၊ လွတ်လွတ်လပ်လပ်ကြီးလည်း သဘောကွဲလွဲနို်င်ပါတယ် )

26 comments

  • တညင်သား

    November 6, 2011 at 11:32 pm

    ဒီလိုလေး ရေးတဲ့သူလဲ ရှိအုံးမှ ဆိုတော့ ကောင်းပါတယ် ဆက်လက်ရေးသားနိင်ပါစေ…. စောင့်မျှော်လို့လဲ ဖတ်ပါအုံးမယ် ……

  • TTNU

    November 7, 2011 at 12:57 am

    ငါသည် အလွန်ဝမ်းမြောက်ပီတိဖြစ်မိသည်။ဝမ်းသာလျှင်လည်းငိုတတ်သောငါ။ ဝမ်းနည်းလျှင်လည်းငိုတတ်သောငါ ။အမေ့အကြောင်းရေးပြီးအခုလေးတင်ပဲ
    ရွှေမျက်ရည် သုတ်ထားခါစ ဖြစ်သည်။

    ပူးချ်သည်၎င်း၊ ဟူးဟူးသည်၎င်း၊ အဆိုပါ ချစ်တပည့်များအစွမ်းထက်လှသည်။
    ငါငိုနေ၍ မဖြစ်သေး။ တရားဟောတော်သော ဟူးဟူး၏ စာပေများကိုဖတ်။
    လက်စလက်နထက်သောပူးချ်ပြောတဲ့ မနုဿလူသားဖြစ်အောင်အားထုတ်။
    ကြိုးစားအားထုတ်ရပေတော့မည်။

    ကျေးဇူးပါကွယ်တို့ရေ။

  • မင်းပြည့်ရှိန်

    November 7, 2011 at 2:12 am

    ဪ.. အော်..ေဉာ်..
    တဂျီးကို ပြောပစ်လိုက် လူသားက သန်းပေါင်း ရ ထောင်…ရယ်လို့..
    ပိုးမွှားက သန်းပေါင်း..များစွာရယ်လို့….

    တစ်ကယ်တော့ လူဖြစ်ဖို့ခက်တယ်ဆိုတာ.. တိတိကျကျပြောရရင်..
    လူပြန်ဖြစ်ဖို့ ခက်တယ်ပြောတာပါ..
    သံသရာဆိုတာ ရှိပါတယ်.. လည်လည်း လည်ပါသတဲ့…
    ငါကောင် သူကောင်ရယ်လို့ မဟုတ်ပေမယ့်.. ကံကြောင့် နာမ်ရုပ်.. နာမ်ရုပ်ကြောင့် ကံ ဆိုပြီးတော့ ဖြစ်သတဲ့.. နာမ်ရုပ်ဆိုတာမှာ အမျိုးမျိုးဖြစ်နိုင်သတဲ့..
    ဥပမာ.. လူ…တိရစာ္ဆန်.. စသည်ဖြင့်ပေါ့ဗျာ..
    ပြုမူမိသော ကံ များ ကောင်းလျှင်ဖြင့်.. ကောင်းသော နာမ်ရုပ်များ ရနိုင်ပြီး.. မကောင်းလျှင်ဖြင့် မကောင်းသော နာမ်ရုပ်များ ရနိုင်သတဲ့.. ဒါကိုတော့ ကံ..ကံ၏ အကျိုး လို့ ဆိုသတဲ့..
    လူဖြစ်တယ်.. ကံတွေ ပြုတယ်.. အဲဒီကနေ… လူပြန်ဖြစ်နိုင်မယ့် ကံတရားမျိုးကဖြင့် နည်းသတဲ့လေ..
    အပါယ်လေးပါးဆိုသော.. အခြား အခြားသော နိမ့်ပါးရာကိုသာ ရောက်နိုင်သတဲ့..
    ဘာကြောင့်ဆို ပြုမိတဲ့ ကံများက နိမ့်ပါးသော နာမ်ရုပ်များ ဖြစ်စေဖို့ အထောက်အကူ ပြုနေလို့ပဲတဲ့..
    ဒီတော့ လူ့ဘဝကနေ သေရင် ဘာဖြစ်မယ်.. ဒီထက် နိမ့်တာကိုရမယ်.. အဲဒါကို ရပြီးတော့ ဘာရမယ်..
    အဲဒီထက် နိမ့်ပါးတဲ့ ဘဝကိုပြန်ရမယ်… အဲဒီကနေ တစ်ဆင့်ပြီး တစ်ဆင့်. သွားလိုက်တာ…
    နိမ့်ကျသည်ထက် နိမ့်ကျသွားလိုက်တာ.. နောက်ဆုံး လူပြန်ဖြစ်နိုင်မယ့် ကံတရားမျိုးကိုရဖို့.. မလွယ်တော့တဲ့ ဘဝကို ရောက်သွားလေရော..
    ဒါနဲ့ပဲ.. လူပြန်ဖြစ်ဖို့.. (လူဖြစ်ဖို့) ဆိုတာ… ဝေးးးးးးးးးးးးးးးးးးးး သည်ထက် ဝေးးးးးးး သွားတာပေါ့..
    ဒါကြောင့်. “မနုဿတ္တ ဘာဝေါ ဒုလ္လဘော” ရယ်လို့ ဖြစ်လာတာ…

  • whowho

    November 7, 2011 at 11:32 am

    မြင့်မြတ်သောလူသားအဖြစ် ရဖို့ ခဲယဉ်းလှတယ်ဆိုတာရယ်။ လူ့ဘဝပြန်ရဖို့ ရောက်ဖို့ ခဲယဉ်းလှတယ်ဆိုတဲ့ အချက်လေးတွေက အဓိက မှတ်သားဖို့ ကောင်းလှပါတယ်။ ဒါကြောင့် လူ့ဘဝရသခိုက်မှာ အသေမဦးခင် ဉာဏ်ဦးစေဖို့ အချိန်မှီ ဆော်ဩလိုက်ရပါတော့တယ်။

  • blackchaw

    November 7, 2011 at 12:15 pm

    pooch ရေ။
    ဖိုရမ်ထဲက ပေါက်ဖေါ်တင်ထားတာနဲ့
    တွဲဖတ်သွားတယ်။
    ထောက်ခံပါတယ်။

  • Sonny

    November 7, 2011 at 1:31 pm

    Pooch
    မနုဿ လူသားမှာသူတော်ကောင်းတရားခုနှစ်ပါးလည်းတွဲနေမှ အမနုဿနဲ့ကွဲမှာနော.
    သဒ္ဓါ၊ သီလ၊ ဟီရိ၊ ဩတ္တပ၊ သုတ၊ စာဂ၊ ပညာ တဲ့။
    ဒီ ရ ပါးပြည့်စုံ ရင် အသင်လူသားချမ်းသာပြီလို့ လူနုသူပ္ပဗုဒ္ဓ က သိကြားမင်းကို ပြောခဲ့တယ်တဲ့။
    အားပေးလျှက်….Sonny

  • Sonny

    November 7, 2011 at 1:33 pm

    Sorry, Pooch
    Typo: လူနူ သုပ္ပဗုဒ္ဓ

  • ကြောင်ကြီး

    November 7, 2011 at 1:42 pm

    ကျနော်လည်း အဲလို သဘောရှိတယ်။ ပုရှ်လို စာအထောက်အထား မပြနိုင်လို့။ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓသာသနာပြန့်ထွန်းကားအောင်လုပ်တဲ့ မင်းတပါး (နာမည်မေ့နေတယ်၊ စာထဲမှာတော့ အထင်အရှားရှိတယ်) သာသနာဖျက်ရန်သူတွေနဲ့ စစ်ပွဲဖြစ်ရတယ်။ လူပေါင်းများစွာသတ်ခဲ့ရတယ်။ ဘိသိက်ခံဖို့အလုပ်မှာ (သူယူမဲ့ဘွဲ့ကလည်း ဓမ္မရာဇာလို ဘွဲ့မျိုးဆိုတော့ ပါဏာတိပါတကံမှာ အမြင့်ဆုံးဖြစ်တဲ့ လူသတ်ခြင်း အပြစ်ကိုနောင်တာရတာ၊ တိရစာ္ဆန်လိုလူတွေသေလို့ အပြစ်မရှိဘူးလို တလွဲမယူနဲ့) အဲဒီအတွက် စိတ်မပြတ်ဖြစ်နေတော့ ကိုးကွယ်တဲ့ ဆရာတော်က အသင်မင်းကြီး သတ်ခဲ့တဲ့အထဲမှာ လူရယ်လို့ မည်တာ တယောက်နဲ့တပိုင်းသာပါတယ် မိန့်လိုက်တော့မှာ စိတ်လက်ချမ်းသာစွာနဲ့ ဘိသိက်ခံနိုင်ခဲ့တယ်။ အဲဒီအချက်က ဘယ်လိုမျိုးကို လူလို့ဆိုသလဲ အဓိပ္ပါယ်ကို ညွှန်းပါတယ်။ သဲအင်းဂူဆရာတော်ကြီးဆိုရင်လည်း သူတရားစကျင့်တဲ့ အချိန်ကို လူရယ်လို့ စဖြစ်တဲ့နှစ်လို့ တရားထဲမှာ သုံးတယ်။ အိပ်စားကာမ လုပ်တတ်ရုံနဲ့ လူမဟုတ်သေးတဲ့ သဘောပါ။ သို့ပေမဲ့ ဒီအကြောင်းပြချက်က ကိုယ့်ချင်းပဲ ကောင်းတယ်၊ ဘာသာခြား၊ မယုံသူတွေနဲ့ပြောရင် အတော်ဂွကျတယ်။ သဂျီးကိုတော့ ငရဲမကျအောင် ဆွဲတင်ရမဲ့တာဝန် ကျုပ်တို့မှာရှိလို့ ထားတော့၊ သူ့ကောင်းကျိုးအတွက် ပြောရမှာပဲ။။။

  • Shwe Ei

    November 7, 2011 at 4:35 pm

    လူအစစ်ဖြစ်ဖို့ ခက်လှပါလား pooch ရယ်။ တရားအသိ ဓမ္မ အသိမျှဝေပေးလို့ ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်မိပါကြောင်း။

  • thit min

    November 7, 2011 at 6:13 pm

    မ Pooh ရေ
    လွယ်မရောင်နဲ့ ခက်တိမ်မရောင်နဲ့ နက် ပါပေ့နော်။
    ကျနော်တို့ဘာသာရဲ့အားနဲချက်ကအဲဒါဘဲဗျ။
    အကောင်းဆုံးအကျင့်တရားတွေရှိပါရက်ကနဲ့ လိုက်မလုပ်နိုင်ကြဘူးဗျာ။

  • MaMa

    November 7, 2011 at 9:45 pm

    ဒီရွာထဲမှာနေရင်းနဲ့ပဲ အတွေးအခေါ်တွေ ပိုရင့်သန်လာရတယ်လို့ ကိုယ့်ကိုကိုယ်တောင် မြင်မိတယ်။ 🙂
    (သဂျီးရဲ့ တွန်းပို့မှုကြောင့်လည်း ပါမယ်ထင်တယ်။)
    အရင်ကတော့ ကိုယ့်ကိုကိုယ် ငါးပါးသီလမှာ နည်းနည်းပါးပါး (ပျက်စီးလောက်အောင် မဟုတ်ပဲ) လိမ်ညာပြောတာလေးလောက်ပဲ ရှိပါတယ်လို့ ဖော့တွေးလေး တွေးထားရာကနေ သေသေချာချာ တွေးကြည့်လိုက်တော့မှ (အဘဆွေ ပြောသလို) ဘယ်ကံမှ လောက်လောက်လားလား မစောင့်စည်းနိုင်ပါလားဆိုတာ သိလာရတယ်။ 🙁

  • Foreign Resident

    November 8, 2011 at 4:09 am

    pooch ရေ။
    အဘ လူ စစ် မစစ်တော့ သိပ်မသေချာပါဘူးကွယ် ။
    ဒါပေမယ့် အဘ နေတာ တောင်ကျွန်းကတော့ သေချာပါတယ်ကွယ် ။
    အဲဒီထက် တောင်တာဆိုလို့ လူမနေတဲ့ အန္တာတိကတိုက် ပဲရှိတော့တယ် ။
    😛

    • kai

      November 8, 2011 at 5:10 am

      အဘဖေါရေ..
      အဲဒီဒဿနတွေထုတ်တဲ့ခေတ်က.. မြောက်ကျွန်းသူ(စကင်န်ဒီနေးဗီးယန်းသူ)လောက်တွေ့ဖူးပြီး.. သူတို့က မြင့်မိုရ်တောင်ရဲ့.. တောင်ဖက်ပိုင်း.. တောင်ကျွန်းပေါ်တက်နေတယ်ထင်တာကိုး..
      ဟိုးးးး တောင်ဖက်မှာ.. လူနေလို့ရတဲ့ကျွန်းကြီးဒေဝါ(ဩစတေးလျှ) ရှိနေတာ သိမှမသိတာပဲ…။

      အဲဒါ.. မထည့်ဖြစ်လိုက်တာ.. ဆောရီးတဲ့..
      ကျုပ်ကို…အိပ်မက်လာပေးထားတယ်..။ 😆

    • Foreign Resident

      November 8, 2011 at 5:48 am

      သူကြီးရဲ့ သူတို့ပြောမယ်ဆိုလည်း ပြောလို့ ရနေတာရှိတယ်ဗျ ။

      ကမာ္ဘကြီး စပေါ်ခါစက မြောက်ကျွန်း ( လောရေးရှား ) နှင့်
      တောင်ကျွန်း ( ဂွန်ဒွာနာ ) နှစ်ကျွန်းပဲ ရှိခဲ့ချိန်က

      အိန္ဒိယတိုက်ကော ဩစတေလျှတိုက်ကော နှစ်ခုလုံးက
      တောင်ကျွန်း ( ဂွန်ဒွာနာ ) ထဲမှာပါခဲ့တာဗျ ။

      ဩစတေလျှတိုက် တတိုက်ထဲမှာပဲ သားပိုက်ကောင် ကိုအာလာ စတဲ့
      မာဆူပီယယ် မျိုးနွယ်စုတွေ ကျန်ရစ်ခဲ့ရခြင်း ။
      ဩစတေလျှ အာဖရိက နှင့် တောင်အမေရိက တိုက်တွေရဲ့
      Geological Composition & Flora & Fauna System တူနေခြင်းတို့က
      အဲဒီ သီအိုရီ မှန်ကန်ကြောင်း သက်သေ ပြနေတယ်ဗျ ။

      အင်းးးးးး တော်မှ တော်မှ ဆက်ရှင်းရင် Post ဆယ်ခုလောက် ထပ်ဖြစ်တော့မယ် ။
      ” မကြိုက်မှန်းမသိ ကြိုက်မှန်းမသိ ” Post ထဲမှာလည်း
      အဘတို့ ရေးလွန်းလို့ လူတွေ ခေါင်းစားကုန်တဲ့ အကြောင်း ပြောနေလို့
      အဘတောင် ဝင်တောင်းပန်ခဲ့ရသေးတယ် ။
      တော်ဘီ ။ တော်ဘီ ။

      • Koyin Sithu

        November 8, 2011 at 1:54 pm

        တောင်ကျွန်းမှာ စံစားနေတဲ့ အဘဖောခင်ညာ….
        ကမာ္ဘမြေပုံကို အဘသေချာစွာ ရှင်းရှင်းနားလည်တယ်ဆိုတာ
        ကျနော် သေချာစွာ သိပါတယ်…
        chart ဆွဲခဲ့တဲ့လက်ပဲမဟုတ်ပေလား…

  • kai

    November 8, 2011 at 4:56 am

    အပေါ်ကစာတွေကို.. အားမနာတမ်းဝေဖန်ရေးရရင်..(ခွင့်ပေးထားလို့နော) 🙂

    .. လူဆိုတာကြီးကို..(ငြင်းပယ်ခွင့်မရှိ.. မွေးလာကတည်းက) လူရယ်လို့ သတ်မှတ်လို့မရအောင်.. လူတွေကပဲ.. သတ်မှတ်လိုက်တာလို့ မြင်တယ်..။
    နေရင်းထု်ိင်ရင်း.. သတ်မှတ်သူနဲ့.. သတ်မှတ်ခံရသူရယ်လို့ ဖြစ်သွားပြီး..
    အဟမ်း..
    လူလူချင်း.. “ချ”လို့ရတော့တာပဲ..။
    နိုင်ငံရေးစကားနဲ့.. divide and rule ပေါ့..။

    လစ်ဘရယ်ကျကျ.. အစွန်းနင်းပြီး.. မတူအောင်.. အတွေးနက်နက်ပေါ်အောင် ရေးပေးလိုက်ပါကြောင်း..။:lol:

  • pooch

    November 8, 2011 at 11:39 am

    သူကြီးကို ကြည့်ရတာ လားရာကောင်းမယ့်ပုံမပေါ်ဘူး (ဦးကြောင်ပြောတာ နည်းနည်းမှ မမှားဘူး လုံးဝထောက်ခံတယ် 😛 )

    ဘုရားလက်ထက်ကတောင် ဘုရားကို စင်ပြိုင်တုပတဲ့သူတွေ အများကြီးပေါ်ပြီး အမေးအဖြေများနဲ့ ဟောခဲ့ ပြောခဲ့ရတာ။ ဒီခေတ်မှာ ယုံတာ ၊မယုံတာ ၊ တုပတာ၊ မေးခွန်းထုတ်တာ ကတော့ ထူးပြီး မဆန်းပါဘူး။

    ဒါပေမဲ့ မြတ်စွာဘုရားသာ သက်ရှိထင်ရှားရှိရင် သူကြီးလို လူမျိုးတွေကို ဘယ်လိုများ ပြောမလဲ ဟောမလဲဆိုတာတော့ သိချင်မိသား။

    သူကြီးပြောပြောနေတဲ့ ဒေသစွဲ တိုင်းပြည်စွဲ လူမျိုးစွဲ မထားရဘူး.. လူကို လူလို ပဲ ဆက်ဆံတတ်ရမယ်၊ လေးစားတတ်ရမယ်၊ ကမာ္ဘ သူ ကမာ္ဘသား စိတ်ထားရမယ်၊ အနောက်ကလူများ တိုးတက်တာ စနစ်ကောင်းလို့ လူတွေတော်လို့ အတွေးခေါ်တွေ ကောင်းလို့ ၊ သူများလို တိုးတက်ချင်ရင် သူများလို အမြင်ကျယ်ရမယ်ဆိုပြီး
    အနောက်ကို ခေါင်းပေါ်ရွက်ထားတဲ့ အတွေးအခေါ်များ ကို အတိုင်းအတာတခုထိ တော့ လက်ခံပါတယ်။
    မှန်တာတွေလည်း ပါနေတာကိုး။

    သို့သော် တချို့ အယူအဆများကတော့ ခုချိန်ထိ လက်ခံလို့ မရတာတွေ ရှိတယ် ။ စိတ်ထဲရှိတဲ့ အတိုင်းပြောတာပါနော်။

    ခေါင်းစဉ်လွဲသွားမှာ စိုးလို့ လိုရင်း ပြန်ကောက်အုန်းမယ်…

    ဘုရားဟောခဲ့တာလေးကိုပါ ပါဠိလိုရော အနက်လိုရော ဆရာတော်က ထည့်ဟောခဲ့ပါသေးတယ်
    အတိုချုံးလိုက်ရင်း တော်တော်များများ ဖြုတ်လိုက်လို့။

    “တီဟိ ဘိက္ခဝေ ဌာနေဟိ
    ဇမ္ဗူဒီပကာ မနုဿာ
    ဥတ္တရ ကုရုကေစ မနုသေ၁
    အဓိဂဏှ နိ္တ ဒေဝေစ တာဝတိ ံသေ။ ”

    အနက်က_

    ဘိက္ခဝေ _ ရဟန်းတို့

    တီဟိ ဌာနေဟိ _ အရာ သုံးမျိုးတို့ဖြင့် (ဝါ) အကြောင်းတရားသုံးပါးတို့ဖြင့်

    ဇမ္ဗူဒီပကာ _ ဇဗ္ဗူဒိပ်ကျွန်း ၌ နေကြကုန်သော

    မနုဿ _ ဇဗ္ဗူဒိပ် ကျွန်းသူ ကျွန်းသားတို့ သည်

    ဥတ္တရ ကုရုကေစ မနုသေ၁ _ ဥတ္တရကုရု တိုင်းသားတို့ကို လည်းကောင်း၊

    ဒေဝေ တာဝတိ ံသေစ _ တာဝတိ ံသာ နတ်သမီး နတ်သားတို့ကိုလည်းကောင်း ၊

    အဓိဂဏှ နိ္တ _ လွှမ်းမိုးနိုင်ကုန်ဧ။် လို့

    မြတ်စွာဘုရားက အမိန့် ရှိခဲ့တာပါ။

    အဘဖောပြောတဲ့…….နေတဲ့ တောင်ကျွန်းအကြောင်းက ဟုတ်လောက်ပါတယ်.။။
    ကျန်တဲ့ ကျွန်းများကိုလည်း အချိန်လေးများ ရှိရင် ရှာကြည့်ပါ့လား အဘဖောရယ်။။
    အကိုးအကားရတာပေါ့။

    လူစစ်မစစ်ကတော့ အဘဖော သေရင်သိပါလိမ့်မယ်။ ကိုယ်ပြုတဲ့ ကံအတိုင်းသွားရမှာလေ။
    ကျမကိုယ်တိုင်ကတော့ လူအစစ် မဟုတ်ပါဘူး။

    • Foreign Resident

      November 8, 2011 at 1:52 pm

      ” ကျန်တဲ့ ကျွန်းများကိုလည်း အချိန်လေးများ ရှိရင်
      ရှာကြည့်ပါ့လား အဘဖောရယ် အကိုးအကားရတာပေါ့ ”

      အောင်မငေး သမီး Pooch ရဲ့
      အဘဖောလည်း မျက်လုံးတွေတောင် အောင့်နေပါပြီကွယ် ။
      တောင်ကျွန်း ရှိတယ်ဆိုတာ သိရရင် တော်ရောပေါ့ကွယ် ။
      အောက်က Page တွေမှာသာ ကိုယ်တိုင် ဖတ်ကြည့်ပါတော့ကွယ် ။

      1st Entire Earth = Pangaea ( http://en.wikipedia.org/wiki/Pangaea )
      2nd Separated into 2 Super Continents.
      မြောက်ကျွန်း = Laurasia ( http://en.wikipedia.org/wiki/Laurasia )
      တောင်ကျွန်း = Gondwana ( http://en.wikipedia.org/wiki/Gondwana )

    • Foreign Resident

      November 9, 2011 at 2:46 am

      By the Way, အဘတို့ Australia တိုက်ကြီးဟာ
      မြောက်ဖက် ( South East Asia ဖက် ) ကို
      တဖြေးဖြေးချင်း ရွှေ့နေတာ
      နောက်ဆိုရင် ကုန်းမြေ တဆက်တစပ်ထဲ
      ဖြစ်သွားမယ်လို့ ဆိုထားပါတယ် ။

      အဲဒီအခါ Australia လာရင်
      Visa လျှောက်စရာ
      မလိုတော့ဘူးပေါ့ ။ 😛

  • pooch

    November 8, 2011 at 11:50 am

    တညင်သား ၊ တီချယ် ၊ ကိုမင်းပြည့်ရှိန်၊ ကိုဘလက်ချော ၊ ဟူးဟူး ၊ ကိုဆန်နီ ၊ ဦးကြောင် ၊ ရွှေအိ ၊ ကိုသစ်မင်း ၊ မမ ဝင်ရောက် မန်းပေးတဲ့ အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

    တီချယ်ရယ် တီချယ့် တပည့်အကျော်အမော်များကြားမှာ အနော်က အညတရပါ။

    • kai

      November 8, 2011 at 12:37 pm

      ဟင့်..
      ဝင်လည်းဖြေပေးရသေး..ခရက်ဒစ်လေးတောင်မပေးဘူး..။ 👿

      အမှန်တော့.. ပုရှ်မမစာကို ဖတ်ရာမှာ.. ဘုရားဟောတယ်ဆိုတဲ့.. အဖွင့်လောက်ကို လက်ခံပါတယ်..။
      နောက်က ..ထပ်ဖွင့်ရှင်းပြလိုက်တော့မှ.. ရှုပ်ထွေးပြီး မူရင်းရည်ရွယ်ချက်ပျောက်… ကုန်တယ်လို့ မြင်မိတာပါ..။
      ဒါကိုဖတ်ပြီး.. လူသားက..ငါက လူအစစ်မဟုတ်ဖူးဆိုတဲ့.. အပြစ်ရှိတယ်ထင်သွားစေတဲ့စိတ်ဖြစ်သွားစေရင်.. ဒီတရားဟာ..ဘုရားဟောတရားရဲ့ရည်ရွယ်ချက်က အကြီးအကျယ်လွဲသွားပြီ..။

      တရားမှာ ဂုဏ်တော်ရှိတယ်..။
      သွာက္ခာတော၊ ဘဂဝတာဓမ္မော၊ သိနိ္ဒဋ္ဌိကော၊ အကာလိကော၊
      ဧဟိပသိ၁ကော၊ ဩပါနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော၊ ဝိညူဟိ။

      တဲ့..။

      • Foreign Resident

        November 8, 2011 at 1:39 pm

        ” ဟင့်..ဝင်လည်းဖြေပေးရသေး..ခရက်ဒစ်လေးတောင်မပေးဘူး.. ”
        ဟုတ်ပါ့ သူကြီး သနားပါတယ် ။

        • pooch

          November 8, 2011 at 4:04 pm

          ပြောထားပြီးသားပါ သူကြီးရယ် ကာလမသုတ်ကို လက်ကိုင်ထားပြီး ၊ စဉ်စားဆင်ခြင်ပါလို့ နော်…

          သူ့ကို ခရက်ဒစ် မပေးတာနဲ့ လူကို လာပြီး အပြစ်ဖြစ်စေတယ်ဆိုပြီး အိပ်မက်ဆိုးကြီးလာပေးတယ်… 🙁
          အဲ့ဒါကြောင့် ဘာသာရေးစာဆို လက်ရှောင်တာ…

          သူကြီးလို လူတွေကို ကြောက်လို့ …
          ကဲကဲ အခုကစလို့ ခရက်ဒစ်ကို သူကြီးကို အကြီးကြီးပေးတယ်…

          စာဖတ်သူမိတ်ဆွေများရယ် ဟုတ်ပါတယ် သူကြီးပြောသလို ဘုရားဟောကိုပဲ ဖတ်သွားပါ…
          ကျမ အမြင်ကို မဖတ်ပါနဲ့။
          ဖတ်သူများ နားလည်မှုလွဲကုန်မှာ စိုးလို့ပါ။

          (ဟော့ဒီ သူကြီးက တော်တော် ကြောက်စရာကောင်းတယ်ဗျို့ ပညာစုံ စကားစုံတတ်တယ်
          သူ့ အပြစ်ကိုလည်း သူများအပြစ်ဖြစ်အောင်လုပ်တတ်ပါတယ်ဗျို့ လူကို ပြန်ပြီး ခြိမ်းခြောက်သွားတယ် မှတ်ကရောပဲ 🙁 )

      • မင်းပြည့်ရှိန်

        November 8, 2011 at 3:03 pm

        တဂျီး ပြောတာ ထောက်ခံတယ်..
        (လူပါလို့ human ပါလို့ ကိုယ့်ကိုယ်ကိုပြောပြောနေတဲ့) လူတွေက ဘာမှန်းမသိဘူး..
        သူတို့ စိတ်ကူး ရှိပြီဆို သူတို့ လက်ခံပြီဆို… အကိုးအကားတွေ အသားကုန်ယူယူပြီး ပြောပစ်တော့တာပဲ..
        (မှတ်ချက်။ ။ အဲသဟာမျိုး မကြာ မကြာ တဂျီးလည်း လုပ်တယ်)
        ပြောပြန်ရင်လည်း သူတို့ လိုချင်တဲ့ ဘက်ကို ဆွဲဆွဲပြီး မရောက်ရောက်အောင်ကို ပြောတော့တာ..
        သဘာဝတရားတွေက ကြားထဲမှာပျောက် ဘယ်ရောက်ကုန်မှန်းမသိဘူး….
        ခုလည်း ကြည့် တရုတ်ပြည်က စွယ်တော်မြတ် ဆိုပြီး.. ဦးတွေ ကုန်းချ. မဟားတရား…
        ဒါကြောင့်လည်း မကြာမကြာ ဗုဒ္ဓဘာသာဟာ ရုပ်တု ကိုးကွယ်တဲ့ဘာသာဆိုပြီး အပြောခံရတာ..

        လူဆိုတဲ့ လူတွေပဲ ဘုရားဟောပြခဲ့တဲ့ (နဂိုကတည်းက ရှိနေတဲ့ သဘာဝတရား) တရားတွေကို ဟိုပြောဒီပြောနဲ့…. ရည်ရွယ်ချက်တွေ အကြီးအကျယ်လွဲအောင်လုပ်ပစ်ကုန်ကြတာ..

        တရားဂုဏ်တော်ဆိုတာ သူ့ဘာသာ ရှိနေတာ…..
        ဘုရားက ပြောပြီးသား သစ္စားလေးပါးကို မသိသမျှ ငါဘုရားကို ဖူးတွေ့သည် မမည်တဲ့….
        ဒီတော့ စွယ်တော်ကို အကြိမ် တစ်သန်းဖူးတွေ့တာထက်…
        တရားဂုဏ်တော်ကို သိအောင် တရားဆိုတာဘာလဲ သိအောင် အားထုတ်တာ က ပိုလို့ ပိုလို့ အဖြစ်ရှိစေမယ်အမှန်ပဲ..
        အဲ.. ပြောမယ့်သာပြောတာ.. ကိုယ့်ကိုယ်ကိုယ်သာ အသက်ရှူပြီး လျှောက်သွားနေတာ… အနော်လဲ လူဆိုတာ ဘာမှန်းကို သေချာမသိသေးဘူးဗျာ..
        ဘာကြောင့်ဆို တဂျီး ပြောသလို ငြင်းပယ်ခွင့်မရှိ… မွေးလာပြီးကတည်းက…

  • etone

    November 8, 2011 at 4:23 pm

    အဟီး လူဖြစ်မလွယ်ဘူးဆိုတဲ့ စကား လှိုင်သာယာက ရှင်မွေးလွန်းတွေကြား သွားပြောမိလျှင်
    ညီမတော့ ချောင်းရိုက်ခံရမယ် ထင်ပါရဲ့ အမ poohရေ 😀

  • True Answer

    November 9, 2011 at 11:03 am

    Dr K.Sri Dhamma Nanda ကတော့
    က မန …. မနော (စိတ်)…ကနေ မနုဿ ဆိုတဲ့စကားလုံးဖြစ်ပါတယ်။
    ဆရာတော်ကတော့ အကျယ်ရှင်းပြထားပါတယ်။
    နားလည်သလောက် ပြန်ပြောရရင်…
    တိရစ္ဆာန် စိတ်တွေနဲ့ တူညီမှု မရှိတဲ့ (သာတဲ့) စိတ်အခြေအနေရှိတဲ့ သတ္တဝါပါ။

    (လူဖြစ်မဖြစ်ဆိုတာ…ဒီအချက် နဲ့ တိုင်းတာရင်ကို တော်တော်လေး ထိရောက်ပါတယ်။)

    တိရစ္ဆာန် နှင့် တူသောစိတ် အချို့

    – ကြီးနိုင်ငယ်ညှင်းစိတ်။
    – အိပ် – စား – ကာမ (ငါရဖို့ ငါခံစားဖို့) အတွက် ဆိုကာ ဘာမဆို လုပ်သော ….ဘယ်သူသေသေ ငတေမာစိတ်များ၊
    – မိမိ လောဘ-ဒေါသ များကို ချုပ်တည်း သီးခံစွန့်လွှတ်တတ်သော အတတ်ပညာမရှိ။ နားမလည်။
    – လောဘ-ဒေါသ စိတ်အလိုအတိုင်း ခံစား – ကျူးလွန်မှု – လုပ်ကိုင် တတ်မှု။
    – လောက ကလွန်မြောက်သော သစ္စာတရားနားလည်ဖို့ ကို အလိုမရှိ ..လက်ရှိလောက စား ဝတ် နေရေး (အိပ် – စား – ကာမ ) ကောင်းကောင်း ဖြစ်ရေး ….သာ အဓိက။
    – လောဘ-ဒေါသ စိတ်အလိုအတိုင်း မဖြစ်သောအခါ ဟိုဟာ အပြစ်တင်၊ ဒီဟာ အပြစ်တင်၊ ဟိုဘာသာကြောင့် ဒီဘာသာကြောင့် ဆိုပြီး မကျေမနပ်ဖြစ်ခြင်း။
    – ဒေါသ မကျေနပ်မှုနှင့်အတူ ဖျက်ဆီးပစ်ခြင်း၊ ပျက်စီးစေရန် အားထုတ်လုံ့လပြုနေခြင်း စသော စိတ်ဓါတ်များ ။

Leave a Reply