တောက်တဲ့ ရှာသူကြောင့် အမေ့အုတ်ဂူလေး ပဲ့ကြွေ
အမေ့ကို လွမ်းလို့ ကျမ ဒီမှာလာပြီး စာတွေရေးပါတယ်။
ကျမအမေ ၂၀၀၃ ခုနှစ်မှာ ကျမတို့ကို ချန်ထားခဲ့ပြီး ဟိုးအဝေးကြီး…. ကို……….။
အမေ နေမကောင်းဘူး၊ အခြေအနေ သိပ်မကောင်းဘူးလို့ အဝေးရောက်နေတဲ့
ကျမဆီကိုဖုန်းသတင်းရောက်လာတဲ့ အချိန် ကျမ ရပ်နေတဲ့ မြေကြီး ပြိုကျသွားပြီလို့
ကျမခံစားလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျမ ခင်ပွန်းရော သားရော ဆုံးပါးသွားကြပြီမို့လို့
ကျမ အတော်လေး ကြေကွဲ မိုးတိမ်ဖြစ်နေတဲ့ မျောလွင့်ကာလများပေါ့။ အမေ မမာဘူးဆိုတဲ့ သတင်း
ဟာ ကျမ အတွက် သိပ်ပြင်းထန်လွန်းတဲ့ ရိုက်ချက်ဖြစ်ခဲ့ရတာပါ။
ကျမလေတစ်ညလုံးကားပေါ်မှာ ကျမ အိပ်လို့လည်းမရ၊ တတွေတွေကျနေတဲ့
မျက်ရည်တွေနဲ့ ၊ အမေ ရေ ..လို့တမ်းတနေခဲ့မိပါတယ်။ ကျမတို့ မြို ့ ကို
ရောက်သွားတော့ အမေ့ ဈာပနချဖို့ ဘုန်းကြီးတွေ ရွတ်ဖတ် သရဏဂုံ
တင်နေပြီ။ ကျမ အမေ့ ခြေထောက်လေးတွေ ကိုင်ကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
အာကာသ ထဲ ဂြိုလ်သေ ဂြိုလ်မျောတစ်ခုလိုပါပဲ။ သတိမရှိ အာရုံမထိဘဲ ပေါလောကို
စီးမျောပါနေသလိုပါပဲ။ အသိစိတ်ကင်းမဲ့စွာနဲ့ အမေ့ကို လိုက်ရှာနေမိခဲ့တယ်။
မီးဖိုချောင်မှာ အမေမရှိတော့ဘူး။ အမေထိုင်နေကျ ပက်လက်ကုလားထိုင်ပေါ်မှာ အမေမရှိတော့ဘူး။
အိမ်ပေါ်ထပ်ဘုရားစင်ရှေ ့မှာ အမေမရှိတော့ဘူး။ ခြံထဲကပန်းပင်တွေကြားမှာ အမေမရှိတော့ဘူး။
ကျန်ရစ်သူတွေ တစ်သက်လွမ်းစေရော့ ဆိုပြီး ထားခဲ့ရက်သူအမေရယ်။ တစ်နေ့
လူတိုင်း မလွဲမသွေ သွားရမဲ့ ခရီးရှည်ကြီးကို အရင်ထွက်သွားနှင့်ပါတော့။သမီးတို့ မှာတော့…
မှာတော့…….
ရှာလည်းမတွေ့၊
ကြာလည်းမမေ့၊
ငါလည်းတစ်နေ့။
ဆိုစကားတွေနဲ့ ဖြေသိမ့်ပေမဲ့ ကျမတို့တစ်တွေ ရင်ထဲမှာ အမေ ရှိနေဆဲပဲ။ အမေ့ ကိုလွမ်းနေတုန်းပါ အမေ။
အမေမရှိတော့တာ အခု (၂၀၁၁ နိုဝင်ဘာလ) လဆိုတော့ (၈)နှစ်နဲ့ (၇)လ ရှိသွားပြီ။ ကျမလေ
အမေဆုံးတဲ့ ဧပြီ (၁၃)ရက်နေ့တိုင်း ရပ်ကွက်က လုပ်တဲ့ သက်ကြီးပူဇော်ပွဲမှာ အမေ့ကို ရည်စူး
ပြီး အလှူ လုပ်ပေးရင်း အမျှပေးဝေနေပါတယ်အမေ။
ဒါနဲ့ အရင်လက ညီမလေးဆီက ဖုန်းလာတယ်။
“ မမသနုရေ အမေ့အုတ်ဂူလေးတစ်ခြမ်းပြိုသွားတယ်။
တောက်တဲ့တွေ ဈေးကောင်းတော့ လူတွေ တောက်တဲ့ရှာကြတာတဲ့၊ သုသာန် ထဲက
ကုက္ကိုပင်အခေါင်းထဲကို မီးကျည်းခဲတစ်ညလုံးထည့်ထားကြတာ သစ်ကိုင်းကြီးမီးလောင်ပြီး
အမေတို့ အုတ်ဂူတွေပေါ်ပိကျသွားတာ တစ်ချို ့ဂူတွေတော့ အကုန်ပျက်စီးကြတယ်။
တို့များအမေ့ဂူလေးကတော့ တစ်ခြမ်းပဲ့သွားတယ်။ ဘာမှတော့ မပေါ်လာပါဘူး။
တစ်ချို ့ဆို အရိုးတွေဘာတွေ မြင်ရတယ်။ ညီမလေးဖြင့် စိတ်မကောင်းလိုက်တာ” တဲ့။
ကျမလည်း စိတ်မကောင်းဖြစ်မိပေမဲ့ ညီမလေးကို နှစ်သိမ့်အားပေးရပါတယ်။
တမလွန်ရောက်သွားသူတွေနားနေရာလေးကိုတောင်မှ လောဘမုဆိုးတွေ
ဖျက်ဆီးရက်ကြတယ်နော်။ စာနာမှုတရားတွေ ရှိကြသေးရဲ ့လား။ အမေ့ ဂူလေးကို
ကျမတို့ ပြန်ပြင်ကြမယ်ဆိုတော့လည်း ဒီသစ်ကိုင်းကြီးကို အင်နဲ့ အားနဲ့ စီမံဖယ်ရှားမှရမယ်။
သစ်ပင်ကြီးရဲ ့သက်တမ်း အတော်ကြာနေပြီဆိုတော့ ကျိုးကျတဲ့ သစ်ကိုင်းကိုက အတော်
ဝန်ပါတယ်တဲ့။ ပြီတော့ သုသာန်အသွားလမ်းခင်းဦးမယ်ဆိုလား။ စောင့်ရဦးမယ်တဲ့။
အမေရယ်…. ခဲယဉ်းလိုက်တာနော်။
ကျမရေးရင်းနဲ့ မျက်ရည်ကျလာပြီမို့ စာလုံးရေ နည်းသေးပေမဲ့ နိဂုံးချုပ်တော့မယ်နော်။
လွမ်းတတ်သူ အပူတွေနဲ့မို့ ကျမ အမေ့ ကို လွမ်းနေတုန်းပါ။
15 comments
koyinmaung
November 7, 2011 at 2:34 am
ချစ်ခင်ပွန်းသည် ချစ်သား ချစ်မေမေ တို့ကို စွန့်လွတ် လိုက်ရတဲ့
သူတယောက် ဘယ်လောက်ခံစားရမယ်ဆိုတာကို
တွေးမကြည့်ရဲလောက်ပါဘဲ…. TTNU ရေ
တကယ်တော့လဲ အရင်သွားတဲ့သူနဲ့ နောက်ကလိုက်တဲ့သူတွေပါဘဲမဟုတ်ပါလား….
MAUNG
November 7, 2011 at 7:58 am
အစ်မ TTNU ရေ.. ဒီပို့စ် ကိုဖတ်ရင်းနဲ့ အစ်မနဲ့ထပ်တူ ဝမ်းနဲမိပါတယ်။ ကွယ်လွန်သွား ရှာပြီဖြစ်တဲ့သူတွေကို လဲကောင်းရာဘုံဘဝ ရောက်ပါစေလို့ဆုတောင်းပေး ပါတယ် ။ မြတ်စွာဘုရား တောင်မလွန်ဆန် နိုင်တဲ့ လမ်း ဖြစ်လို့ ကောင်းမှူကုသိုလ် တွေလုပ်ပေးရင်း ၊ အမျှအတမ်း ဝေပေးရင်း အစ်မ ကြိုးစား ရင်း ဖြေသိမ့် နိုင်ပါစေ ဗျာ…..
ပေါက်ဖော်
November 7, 2011 at 9:36 am
တီချယ်ကြီးရေ..
ဘုရားဟောအရတော့..သေပြီသည်နှင့် တစ်ပြိုင်နက် စက္ကန် ့မခြားပဲ..
ဘုံတစ်ခုခုမှာ..အသက် တည်နေပါပြီဗျာ..
ရည်စူးပြီး ကုသိုလ် လုပ်ပေးနိုင်ပါတယ်….
အုတ်ဂူက အခုမဟုတ်လဲ တစ်ချိန် ပျက်ကောင်းနိုင်တာပဲမိုလို ့..ခွင့်လွှတ်လိုက်ပါ..
ပုံ/
ဘဒန္တဖော်ကြီး
😆
water-melon
November 7, 2011 at 10:06 am
တောက်တဲ့ဝယ်တဲ့လူတွေက သိန်းချီဈေးကောင်းပေးဝယ်နေတယ်.
ကြာရင် မြန်မာနိုင်ငံက animal တွေလဲ ပြတိုက်မှာသွားကြည့်ရတော့မယ်
ိစိတ်မကောင်းပါဘူး ဖတ်ပြီးတော့
စာနာမိပါတယ်.
aye.kk
November 7, 2011 at 10:14 am
မိုးတိမ်တစ်ခို ပြိုမလို တိမ်ညိုဘာကြောင့်မှိုင်းပါတယ်
မိုးရွာမလို့မှိုင်းပါတယ် မိုးမိုးဘာကြောင့်ရွာ ဖားအော်လို့ရွာ
ဖားဖား ဘာကြောင့် အော် မြွေကိုက်လို့ အော်ဆိုသလို မြွေမြွေဘာကြောင့် ကိုက် ငါ့ဝမ်းပူဆာမနေသာလို့ကိုက်
ဆိုတဲ့ကဗျာလေးလို ကိုယ့်ဝမ်းစာတစ်ဝမ်းတစ်ခါးအတွက် သူတစ်ပါးထိခိုက်မှာကို မစဉ်းစားနိုင်တော့ဘဲ
ဆင်ခြင်တုံအသိတစ်ရားနည်ပါးလာမှုကို တွေ့မြင်ရတာ ဟာ စိတ်မချမ်းမြေ့ဖွယ်ရာပါ
ပြည်သူတွေစိတ်ချမ်းမြေ့မှုရဖို့အတွက်ဆိုတာ နိုင်ငံရဲ ့အုပ်ချုပ်မှုစနစ်ကောင်းမွန်ဖို့ လိုအပ်
နေတယ်ဆိုတာကို ဖော်ညွှန်းပြနေသလိုပါဘဲ….
windtalker
November 7, 2011 at 11:09 am
အင်း..ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး ။ ဆရာမရေ
သွားတဲ့သူကလဲ သွားပါပြီ ။ သူ ့အတွက် လိုလေသေးမရှိအောင် ဆရာမတို ့မောင်နှမ မိသားစုတစ်တွေ
အစွမ်းကုန် ပြုစုပေးနိုင်လာတာဘဲလို ့ပဲ ပြောပါရစေဆရာမ ရေ
small cat
November 7, 2011 at 12:45 pm
ဆရာမကြီးရေ အမေတွေကိုချစ်တတ် သိတတ်ကြပါစေ ဆိုတဲ့ဆုတောင်းအပြင်
နောက်ဆုတောင်းတစ်ခုထပ်တိုးဖို့လိုပါတယ်။
အမေတွေကိုချစ်တတ် သိတတ်ကြ တဲ့ လင်သားတွေကို ဇနီးသည်တွေကလည်း နားလည်မှုပေးနိုင်ကြပါစေလို့။
တနေ့ကျရင် သူတို့လည်း အမေအို နေရာကိုရောက်လာကြဦးမှာပါ။
ကြောင်ကြီး
November 7, 2011 at 12:54 pm
နောက်ဆက်တွဲ မွမ်းမံထိန်းသိမ်းရတာ တခုထဲနဲ့ပဲ သေရင် မီးသင်္ဂြိုလ်တာ သဘောကျတယ်။ ကောင်းတာ တီချယ်ကြီးလည်း ရှိတုန်း၊ သွားလာနိုင်တုန်း ကိုယ့်အမေ အုတ်ဂူပြန်ဖော်ပြီး ကြွင်းကျန်ရုပ်အလောင်းကို မီးသင်းဂြိုလ်ပစ်လိုက်။ နောက်လူတွေက ကိုယ့်လို သတိရနေမှာ၊ တမ်းတနေကြမယ် မထင်ဘူး။ အမေ့ကို သတိရတိုင်း ဘာဝနာတခုခု အစားထိုးပွားလိုက်၊ ပြီးရင် ၃၁ဘုံသားအားလုံးအတွက် ရည်မှန်းအမျှဝေ။ (သဂျီးကို မထည့်နဲ့၊ သူ့ကိုမပေးရင် အခြားနောက်တယောက် ပိုရမယ်) 😀
ဆူး
November 7, 2011 at 1:08 pm
၃နှစ်လောက် အိမ်ထဲက အိမ်ပြင် မထွက် ပြုစုပေးခဲ့ပေမဲ့ အချိန်တန်တော့ သေမင်းရဲ့ အမိန့်ကို နာခံသွားတဲ့ ဖခင်ကြီး အတွက် စိတ်နှလုံး မအေးနိုင်ဖြစ်ပြီး လနဲ့ချီပြီး ငိုခဲ့ဖူးတယ်။ အမှန်တော့ စိတ်ထောင်းလို့ ကိုယ်ကြေ ဖြစ်တာပါ။ သေသူက ပြန်မရှင်ပေမဲ့ ရှင်သူတွေကတော့ ဆက်လက် အသက်ရှင်ရအုန်းမှာပါ။ သေသွားသူနောက် ချက်ချင်း လိုက်သွားလျှင်တောင်မှ နောက်ဆုံး စုတိစိတ်ကျတဲ့အချိန်မှာ ဖြစ်တဲ့ စိတ်ချင်း မတူနိုင်လျှင် လားရာ ဘဝ မတူနိုင်တဲ့ အတွက် ရောက်ချင်ရာ ရောက်ကြရအုန်းမှာပါ။
ဘဝ သံသရာ ရထားကြီးကို ဆင်းလိုက် တက်လိုက် စီးလာခဲ့ကြတဲ့ သံသရာ ခရီးသည်တွေ ဆင်းသွားတဲ့လူ နဲ့ ပြန်တက်လာတဲ့လူ ရှုပ်ရှက်ခပ်နေတာပါ။ အချိန်တန်လို့ ကိုယ်ဆင်းရမဲ့ ဘူတာ ရောက်ရင် မဖြစ်မနေ ဆင်းရအုန်းမှာပါ။ ကိုယ်တိုင်က ငိုကြွေးနေပြီး နမူနာပြထားခဲ့ရင် ကိုယ့်နောက်က လိုက်မဲ့ လူတွေ ကိုယ့်ကို နမူနာယူပြီး ငိုကြွေးမှုတွေနဲ့ ဘဝကို ခရီးမဆက်အောင် ကိုယ်တိုင်ယခုပင် တရားအသိနဲ့ ဖြေညှိပြီး အငိုတိတ်နို်င်အောင် ကြိုးစားပါ။
သူလည်း သေရအုန်းမည် ငါလည်း သေရပါအုန်းမည်။
အချိန်နည်းနည်းလေးသာ ရတဲ့ လူ့ဘဝ ကို ကံတရား လေပင့်လို့ အသက်ငယ်သူ ကြီးသူ တန်းတူချင်းတူပေမဲ့ သူများထက် ကိုယ်က ရက်ရှည်ရှည်ပို နေရခဲ့လျှင်တောင်မှ ငါလည်း သူ့လမ်းသွားရပါအုန်းမည် ဆိုတဲ့ အတွေးနဲ့ နှလုံးသွင်းနိုင်ဖို့သာ အကြံပေးချင်ပါတယ်။
ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်။
“ဘီလူးကြီး”ogre
November 7, 2011 at 2:36 pm
ဆရာမ TTNU ခင်ဗျား
တစ်ခုတောင်းဆိုပါရစေ
ယခုကော့မက်နှင့် အပေါ်က ကျွန်တော်များကော့မက် နှစ်ခုလုံးကို
ပယ်ဖျက်ပေးစေလိုပါတယ် စိတ်မဆိုးတောင် စိတ်မရှုပ်စေချင်လို့ပါခင်ဗျား
ကျေးဇူးတင်ပါတယ်..။။။
chityimhtoo
November 7, 2011 at 9:51 pm
ကိုယ်ချင်းစာမိပါတယ်ဗျာ။လူတိုင်းလူတိုင်းအချိန်တန်ရင်အားလုံးခုလိုမျိုးကြုံတွေ့ရမှာချည်းပါဘဲ။ကျွန်တော်တို့
တွေအားလုံးလည်းသံသရာမှာ မိသားစုပေါင်းမြောက်များစွာနဲ့ကြုံတွေ့ခဲ့ပြီးနောက်ဆုံးတော့လည်းအားလုံး
ကိုခွဲခွာခဲ့ရတာဘဲ။
pooch
November 7, 2011 at 10:07 pm
တီချယ့်လို လပိုင်းလေးပဲ ခြားပြီး ကိုယ့်ဘဝရဲ့ အရေးပါဆုံး သူတွေကို တယောက်ပြီး တယောက် စွန့်လွှတ်ရတဲ့ လောကဓံကိုများ ခံလိုက်ရရင် အနော့်ဘဝကြီး ဂျွမ်းပြန်ပြီး ရူးသွားလောက်ပါတယ်.
ခုချိန်ထိ လောကဓံကို ကြံကြံခံပြီး ရင်ဆိုင်ရဲတဲ့ သတိ္တကို အားကျလှပါတယ်…
TTNU
November 7, 2011 at 10:31 pm
Pooch ရေ..
အားလုံးအတွက် Reply ရေးနေတုန်းက သမီး မန်းတာ တက်လာတာ
မသိလိုက်လို့နော်။ တီချာလည်းဂျွမ်းပြန်ပြီးမှ ပြန်ထခဲ့ရတာပါကွယ်။
ပူးချ်ရေ…မနုဿလူသား မိုက်တယ်နော်။
TTNU
November 7, 2011 at 10:26 pm
ကိုရင်မောင်ရေ… အရင်သွားတဲ့သူနဲ့ နောက်ကလိုက်တဲ့သူတွေပါ ဆိုတာလက်ခံပါတယ်။နောက်ကလိုက်ရတာထက် ကျန်ရစ်ခဲ့ရတာ ကိုခံစားမိကြတာနော်။
——————————–
ကြိုးစား ရင်း ဖြေသိမ့် နိုင်ပါစေ ဗျာ…လို့ အားပေးသော မောင်ရေ… ကျေးဇူးပါ။
——————————–
ဘဒန ္တဖော်ကြီး… ဟောကြားသောတရားရေအေးသည် လှုပ်နေသော ပုလင်းထဲကအရည်အေးထက်ပိုကောင်းပါသည်။
——————————–
စာနာပေးသူ Water-melon ရေ… ဟိုတုန်းကထက် တောက်တဲ့တွေရှားသွားပြီ။
——————————–
aye.kk ရေ…( ပြည်သူတွေစိတ်ချမ်းမြေ့မှုရဖို ့အတွက်ဆိုတာ)… ကျေးဇူးနော်။
——————————–
ရူပါပွင့်လာတဲ့ ကိုဝင်းထော်လခါရေ…ဟုတ်တယ်၊ ဒီလိုပဲ အားတင်းခဲ့ပါတယ်။
——————————–
စိတ်ကူးကောင်းတဲ့ ကြောင်လေးရေ…ငယ်တုန်း နားလည်ပေးနိုင်တဲ့ ဇနီး သိပ်မများဘူး
ထင်တယ်။ သူတို့ အိုမှသိကြတာလေ။
———————————
ကိုကြီးကြောင်ပေးတဲ့ အကြံ တီချာလည်းကြိုက်တယ်။ အမေကို ဂူသွင်းတုန်းက ညီမလေး
သဘောကို လိုက်ခဲ့ကြတာ။
———————————
ဆူးရယ်…ကိုယ်တိုင်ယခုပင် တရားအသိနဲ့ ဖြေညှိပြီး အငိုတိတ်နို်င်အောင် ကြိုးစားပါ
ဆိုတာလေးအတွက် ကျေးဇူးတင်ပါတယ်ကွယ်။
———————————
ကိုဘီလူးကြီးရေ… မဖျက်ပါဘူး။ စိတ်မရှုပ်ပါဘူး ရပါတယ်။
———————————
ကိုယ်ချင်းစာတတ်သူ chityimhtoo ရေ… ခွဲခွာစတုန်းကတော့ မခွဲဖူးဘူးမို့ ရင်ထဲက
အပူ ဘယ်သူမှနားမလည်…
———————————
ရင်နှင့်ခံစားပေးကြတဲ့ ဂဇက်မိတ်ဆွေများ Comments တွေနဲ့တင် နေပျော်တတ်ခဲ့ပါပြီ။ကျေးဇူး။။။။
thit min
November 8, 2011 at 2:06 am
ဆရာမကြီး တီတီနုရေ
ကျနော်ဆိုအမေသေတာတောင်ပြတ်ပြတ်သားသားမသိခဲ့ရတာပါ။
ဆရာမကြီးကအများကြီးသာပါသေးတယ်ခင်ဗျ။
ဆရာမကြီးခုတလောအမေပို့စ်တွေရေးလို့ကျနော်လဲ အားကျပြီး”တန်ဖိုး” ဆိုပြီးရေးထားတာရှိပါတယ်။
“ခံစားကြည့်ပြီးဝေဖန်ပေးပါအုန်းခင်ဗျာ”။