စောဘွဲ့မှူး ပြောပြတဲ့ ပုံပြင်တစ်ပုဒ် (သို့) ရိုးမ ရဲ့ ညနေ

black chawNovember 4, 20111min1536

ပေါက်ဖေါ်ကြီးရေ။

ကိုယ်က သီချင်းတစ်ပုဒ်ကို နားထောင်ရင် အဲဒီသီချင်း ဘယ်သူရေးတာလဲ ဆိုတာ အရင်ကြည့်တတ်တာ ငယ်ငယ်လေး ကတည်းက အကျင့်ဖြစ်နေပါပြီ။ သီချင်းရေးဆရာတွေကို စိတ်ဝင်စားတတ်တယ်လို့ ပြောလို့ရပါတယ်။ အစ်ကိုတို့ ငယ်ငယ် တုန်းက ကိုင်ဇာ ခေတ်ကို တော်တော်ကြာကြာ ဖြတ်သန်းခဲ့ရပါတယ်။ ဒီဘက်ခေတ် အဆိုတော်လေးတွေလို တစ်ပုဒ် ကောင်းထပေါက်ကြတာမျိုးမဟုတ်ပဲ အခွေလိုက် မြို့ရောတောပါ ပေါက်ကြတဲ့ ခေတ်မျိုးပါ။ ကိုယ်တို့ ခတ်ငယ်ငယ်က ကိုင်ဇာ နဲ့ မေဆွိ စုံတွဲစီးရီးတစ်ခွေ ကြောက်စရာကောင်းလောက်အောင်ပေါက်ခဲ့ဘူးပါတယ်။ စီးရီးခေါင်းစဉ်က တူနှစ်ကိုယ် တိုင်းပြည် တဲ့။ အဲဒီအခွေထဲမှာ ကိုယ်က သူများနဲ့ မတူတဲ့ သီချင်းတစ်ပုဒ်ကို အခုထိ စိတ်ထဲမှာ စွဲနေမိတယ်။ သီချင်းနာမည်က ရိုးမရဲ့ညနေ တဲ့။ သီချင်းကိုရေးတဲ့သူက Iron Cross ဖခင်ကြီး စောဘွဲ့မှူးပါ။ သီချင်းလေးရဲ့ အကြောင်းအရာက ပဲခူးရိုးမ သစ်တောကြိုးဝိုင်းက သစ်ခုတ်လုပ်သားတွေရဲ့ ဘဝကို ရေးဖွဲ့ထားတာပါ။ အဲဒီသစ်ခုတ် လုပ်သားတွေနဲ့ ဆရာစောဘွဲ့မှူးနဲ့ က သူငယ်ချင်းတွေတဲ့လေ။ ပဲခူးရိုးမက သူ့သူငယ်ချင်းတွေဆီကို သွားလည်ရင်း တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးတွေကို ကိုယ်ချင်းစာစိတ်လေးနဲ့ ရေးဖွဲ့ခဲ့တာပါတဲ့။ အဲဒီသီချင်းရေးပြီး ရန်ကုန်ကို ပြန်ရောက် လာတော့ ကိုင်ဇာက တူနှစ်ကိုယ်တိုင်းပြည် စီးရီးကို အသံသွင်းနေတဲ့ အချိန်တဲ့။ ရောက်ရောက်ချင်း ကိုင်ဇာကို ဒီသီချင်း ဒီစီးရီးမှာ ပါအောင်ထည့်ဆိုပါ ဆိုပြီး သီချင်းကိုပေးပါတယ်တဲ့။ ကိုင်ဇာနဲ့ စောဘွဲ့မှူးက အရမ်းချစ်ကြတဲ့ သူငယ် ချင်းတွေလေ။ အဲဒါနဲ့ ကိုင်ဇာက ဒီသီချင်းလေးကို တူနှစ်ကိုယ်တိုင်းပြည် စီးရီးရဲ့ နောက်ဆုံးအပုဒ်လို့ထင်တယ် ထည့်ဆို ခဲ့တာပါတဲ့။ ကိုင်ဇာ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။ ဒီသီချင်းကိုရေးခဲ့တဲ့ စောဘွဲ့မှူးရဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်လေးကို ကိုယ်တကယ်လေးစားမိပါတယ်။ သီဆိုပေးခဲ့တဲ့ ကိုင်ဇာ ကိုလည်း လေးစားမှုနဲ့ ကျေးဇူးတင်မိပါတယ်။ ပဲခူးရိုးမ သစ်တောကြိုးဝိုင်းထဲမှာ ဆင်းဆင်းရဲရဲနဲ့ တိုင်းပြည်ကို ပေးစပ်နေတဲ့ သစ်ခုတ်လုပ်သားတွေရဲ့ဘဝကို ဒီသီချင်းလေးက ပြောပြပါလိမ့်မယ်။ သီချင်းစာသားကို ကဗျာလေးတစ်ပုဒ်လိုလည်း ခံစားကြည့်လို့ရပါတယ်။ စာသားကို ကြည့်ကြည့်ပါ။

 

ရိုးမရဲ့ ညနေ

မြူခြေတွေဝေ ဆင်စခန်းတစ်ဝိုက် ဒို့တစ်သိုက်

ဟင်းလည်းမပါ အတူတကွ စားသောက်ကာ

ရိုးမရဲ့ ညနေခင်းလေးကိုတောင် အလှကြည့်ဘို့မအားပါ ခင်ဗျာ။

တောင်ပေါ်ဘုရင် ဆင်တွေ ဦးခေါင်းထက်မှာ

စီးနင်းကာ အမိန့်ပေးရင်းနဲ့

ရိုးမရဲ့ ညနေခင်းလေးကိုတောင် အလှကြည့်ဘို့ မအားပါ ခင်ဗျာ။

တောင်ပေါ်မှာနေ တောင်ပေါ်မှာဝေ တောင်ပေါ်မှာကြွေ

သစ်ရွက်တွေလို ဒို့ ဘဝဟာလည်း

ရိုးမရဲ့ညနေခင်းလေးကိုတောင် အလှကြည့်ဘို့ မအားပါ ခင်ဗျာ။

အန္တရာယ်ဟေဝန် မြွေတွန်သံချို ဝံပုလွေသံလို

တောပရိယာယ်နဲ့ သားရဲတွေကြောင့်

ရိုးမရဲ့ ညနေခင်းလေးကိုတောင် အလှကြည့်ဘို့ မအားပါ ခင်ဗျာ။

ဆင်ဆိုတာဟာ တစ်ခါတစ်ရံ နူးညံ့တတ်သလောက်

ဒေါသထွက်ရင် လူကိုသတ်တတ်လို့

ရိုးမရဲ့ ညနေခင်းလေးကိုတောင် အလှကြည့်ဘို့မအားပါ ခင်ဗျာ။

ဒီဇင်ဘာလိုအချိန်မှာ သားမွေးအင်္ကျ ီ ဒို့မဝတ်နိုင် ချည်စောင်အနွမ်းလေးနဲ့

ရိုးမရဲ့ ညနေခင်းလေးကိုတောင် အလှကြည့်ဘို့မအားပါ ခင်ဗျာ။

ရွှေပင်တွေအလယ် ရတနာတွေအလယ်

လူတွေလူတွေ အသက်စွန့်ကာလေ ကြိုးပမ်းနေဆဲ

ရိုးမရဲ့ ညနေခင်းလေးကိုတောင် အလှကြည့်ဘို့မအားပါ ခင်ဗျာ။

တောင်ပေါ်မှာနေ တောင်ပေါ်မှာဝေ တောင်ပေါ်မှာကြွေ

သစ်ရွက်တွေလို ဒို့ ဘဝဟာလည်း

ရိုးမရဲ့ညနေခင်းလေးကိုတောင် အလှကြည့်ဘို့ မအားပါ ခင်ဗျာ။

ပြည်ဝင်ငွေတွေ တိုးသထက်တိုးအောင် ရွှေပင်တွေကိုဖေါင်ဖွဲ့နေ

ဖေါင်တွေပေါ်မှာ လွှားကနဲ လွှားကနဲ အဖေါ်တွေကို မြင်လာတော့

ရိုးမရဲ့ ညနေခင်းလေးကိုတောင် အလှကြည့်ဘို့ မအားပါခင်ဗျာ။

 

ပေါက်ဖေါ်ရေ၊ စောဘွဲ့မှူး ပြောချင်တာလေးကို ရလိုက်ပါရဲ့လား။ သီချင်းလေးကိုပါ တွဲနားထောင်လိုက်ရင်

သစ်ခုတ်လုပ်သားတွေရဲ့ ဘဝက ဘယ်လောက်သနားစရာကောင်းလဲ ဆိုတာ ညီ တွေ့ရမှာပါ။ သီချင်းလေပါ ပူးတွဲ တင်ပေး လိုက်ပါတယ်။

နားထောင်ကြည့်ပါ။ သီချင်းအကြောင်းတွေပြောချင်လို့ သီချင်းတစ်ပုဒ် စမ်းတင်ကြည့်တာပါ။ အဆင်မပြေရင် ခွင့်လွှတ်ကြပါ။

 

YomaYe’NgaNay

 

6 comments

  • ပေါက်ဖော်

    November 4, 2011 at 8:41 pm

    ဒေါင်လုဒ်ဆွဲ..
    စာသားလေးကြည့်ပြီး နားထောင်ပါ့မည်ခင်ဗျာ..
    ရွာသူားများလဲ သောတဆင်ကြည့်ပါဦး..
    😎

  • blackchaw

    November 4, 2011 at 8:45 pm

    ပေါက်ဖေါ်ရေ။
    ဒေါင်းလုဒ် ဆွဲလို့ရရဲ့လား။
    ပြန်ပြောပါဦး။ ပထမဆုံးဆိုတော့ မှားမှာစိုးပါတယ်။

  • windtalker

    November 4, 2011 at 8:53 pm

    ကိုဘလက်ကြီး ကျေးဇူးနဲ ့နားထောင်စရာ သီချင်းကောင်းတစ်ပုဒ်ကို စာသားနှင့် တကွ ရရှိသွားပါသည်။

  • ပေါက်ဖော်

    November 4, 2011 at 8:54 pm

    ရလို ့..နားပါ ထောင်နေပါဘီဦးချောရ..
    ကြိုက်ပါတယ်..ဦးချောရေ ့..အဆင်ပြေပါတယ်..မမှားပါဘူး..

    တိုက်ရိုက်ဒေါင်းချင်ရင်..
    http://myanmargazette.net/wp-content/uploads/2011/11/YomaYeNgaNay.mp3
    ဖြစ်ပါ၏..

    3.04 MB ရှိပါ၏ဗျာ..

    😆

  • ပေါက်ဖော်

    November 4, 2011 at 9:01 pm

    ဆရာစောဘွဲမှူးရဲ့…လက်စွမ်း.နဲ ့..ဦးကိုင်ဇာရဲ့..အသံ.ကြောင့်..
    ရိုးမလုပ်သားတွေအဖြစ် ကိုယ်ချင်းစာမိပါ၏ဗျာ..
    😥

  • naywoonni

    November 4, 2011 at 9:49 pm

    အဲဒါ တုနှစ်ကိုယ်တိုင်းပြည်မဟုတ်တော့ဘူးလေ… ဆင်ဆာမလွတ်လို့ ချစ်ယဉ်ကျေးမှုလို့ ခေါင်းစဉ်ပြောင်းလိုက်ရတယ်လေ………။ 😛 😛 😛

Leave a Reply