တန်ဖိုး
ဘာလဲတော့မသိဘူး။
တအိမ်လုံးခရီးထွက်သွားလို့ဝမ်းကွဲဒေါ်လေးတယောက်ရယ်။
တောကလာနေတဲ့အဒေါ်ကြီးတယောက်ရယ်ဘဲအိမ်မှာရှိတော့တယ်။
ဖွားဖွားကပြောတယ်၊မသွားခင်မနေ့ကပေါ့နော်။သားလေးရေမင်းမေမေနေမကောင်းလို့
သူတာဝန်ကျနေတဲ့မြို့ကိုဖွားဖွားလိုက်သွားမလို့တဲ့။
ခုမနက်ကြည့်လိုက်တော့လူ၁ဝယောက်လောက်နေတဲ့အိမ်မှာအကုန်နီးပါးထွက်သွားတာ။
ဘာမှန်းကိုမသိဘူး။
တော်ပြီ ကျောင်းသွားတော့မယ်။
ဒေါ်လေးဝယ်ပေးထားတဲ့မုန့်ဟင်းခါးကိုစားပြီး၊ယူနေကျ ရေကျက်အေး ရေဘူးလေးကိုယူတယ်။
လွယ်အိပ်လွယ်ပြီး ဒေါ်လေးရေသားသွားပြီလို့ နှုတ်ဆက် ထွက်လာပြီ။
ကျောင်းကအိမ်နဲ့ ၁၅ မိနစ်လောက် လျှောက်ရတဲ့နေရာမို့လမ်းလျှောက်သွားတယ်။
ကျောင်းနားရောက်ပြီဆိုတော့ဝယ်နေကျကျောင်းနားကစတိုးဆိုင်လေးကိုဝင်ပြီး၊မုန့်စားဆင်းချိန်စားဖို့မုန့်
ဝယ်တယ်။
အဲဒီမုန့်ဆိုင်ပိုင်ရှင်အဒေါ်ကြီးက အိမ်ကလူတွေနဲ့ခင်တယ်။ရင်းနှီးတယ်။
မုန့်ဝယ်ပြီးထွက်မလို့လုပ်တုန်းဘေးကသူ့နဲ့ရွယ်တူမိန်းမတယောက်နဲ့အတင်းပြောနေတဲ့အဲဒီဒေါ်ကြီးကလှမ်းပြီး
“ဟဲ့ သားလေးနင်လိုက်မသွားဘူးလား၊ နင့်အမေဆုံးတာ”
လို့လှမ်းပြောလိုက်တယ်။
ရုတ်တရက်ကြောင်သွားပြီးမှ နောက်မှ ပြန်ပြောလိုက်တယ်။
“ဘယ် ကလာ၊မေမေနေမကောင်းလို့၊ ဖွားဖွားတို့လိုက်သွားတာပါ၊ဘာလို့သေရမှာလဲ၊မသေပါဘူး”လို့
အလန့်တကြားပြောလိုက်တော့……………..
“ဟာ အေးအေး ဟုတ်တယ် မသေဘူး၊ဟုတ်တယ်..မှားပြောမိတာဟေ့လို့” အဲဒီဒေါ်ကြီးကပြန်ပြောတယ်။
ဘာမှမတုန့်ပြန်တော့ဘဲ ထွက်လာလိုက်ပြီ။
လမ်းပေါ်ရောက်တော့ ခြေထောက်ကဆက်သွားလို့မရတော့ဘူး။
ငါ့အမေတကယ် သေသွားတာဆိုရင်?
ဆိုတဲ့ မေးခွန်းက ရင်မှာရော၊ စိတ်မှာရော ပဲ့တင်ထပ်လာတယ်။
အဲဒီဟာကိုတွေးပြီး လူကလှုပ်လို့မရတော့ဘူး။
မထင်မှတ်တဲ့ စကားတခွန်းက ဆောက်တည်ရာမဲ့သလိုရင်ထဲမှာဗျောင်းဆန်နေပြီ။
ကျောင်းချိန်အရမ်းနီးနေပြီလို့ သတိဝင်လာတယ်။
လေးကန်တဲ့ ခြေလှမ်းတွေနဲ့ ဆက်လျှောက်တယ်၊ဒီနေ့ကျောင်းတက်ရအုန်းမယ်လေ။
စာသင်ခန်းထဲဘာတွေသင်နေမှန်းမသိဘူး၊လိုက်တော့ရေးနေတာဘဲ။စိတ်နဲ့လူနဲ့မကပ်ဘူး။
ကျောင်းဆင်းလို့အိမ်ပြန်၊အိမ်ရောက်တော့ဒေါ်လေးကိုမေးတယ်။
“ဒေါ်လေးမေမေ ဘာဖြစ်လဲ သားကိုပြောပြ”
ဒေါ်လေးက “နေမကောင်းလို့လေသားရဲ့ ဖွားဖွားတို့ပြန်လာရင်ပြန်ခေါ်လာမှာ””
အင်း………….. စိတ်အေးသလိုလို ဖြစ်သွားတယ်။
နောက်ရက်တွေ ကျောင်းသွားတော့ ဒေါ်လေးကိုအိမ်မှာရှိတဲ့မုန့်နဲနဲထဲ့ပေးပါလို့ပြောလိုက်တယ်။
ဟုတ်တယ်လေ။ မေမေကိုသေပြီလို့ပြောတဲ့ ဟိုမိန်းမကြီးဆိုင် ဘယ်တော့မှ ဝယ်မစားတော့ဘူး။တော်ပြီ။
ဒီလိုနဲ့ နောက်၂ ရက်လောက်နေတော့ ဖွားဖွားတို့ပြန်လာကြပြီ။
ပြန်လာတဲ့လူတွေကိုနှုတ်ဆက်စကား မပြောဘဲ “မေမေရော၊ ဟင် မေမေရော၊မေမေ ဘယ်မှာလဲ?”
ဆိုတဲ့တခွန်းထဲသောမေးခွန်းကိုဘဲထပ်ခါ ထပ်ခါမေးရင်း မျက်စိကလဲရှာတယ်။
ဘယ်သူဖြေလိုက်မှန်းမသိဘူး၊ “သားမေမေအလုပ်ရှုပ်နေလို့ နောက်မှလိုက်လာမယ်”
နားထဲကိုရောက်လာတဲ့ အဲဒီ စကား ကို ၁ဝနှစ်သားလေးရဲ့ စိတ်ထဲ လက်မခံဘူး။
ငယ်ငယ်လေးထဲက ကိုယ့်ကိုထိန်းခဲ့တဲ့အန်တီလေး ဆီသွားတယ်။မျက်နှာကိုစေ့စေ့ကြည့်ပြီးမေးတယ်။
“အန်တီလေး၊သားမေမေရောဟင်”
အန်တီလေးကမဖြေဘူး။
ခေါင်းကိုလက်နဲ့ပွတ်တယ်။ပြီးတော့ အသာလေးဖက်တယ်။
“သား… အန်တီလေး သားအနားမှာရှိမယ်၊သားနဲ့တသက်လုံးတူတူနေမယ်လေ” လို့ပြောတယ်။
သူ့မျက်နှာကိုကြည့်လိုက်တော့ မျက်ရည်တွေကျလာတာတွေ့လိုက်ရတယ်။
ဘာ ဆိုတာသိလိုက်ပေမဲ့၊လက်မခံနိုင်ဘူး၊ထပ်မေးတယ်။
အန်တီလေး၊သားမေမေရော၊ဘယ်မှာလဲ?
အန်တီလေး ဒီတခါတော့ တအားငိုချလိုက်ပြီ။
ငိုသံပါကြီးနှင့် “သားမေမေဆုံးပြီသားလေးရယ်” ဆိုတဲ့ စကားကနားထဲကိုဝင်လာပြီး
ရင်အစုံကို ဓားနဲ့ မွှန်းလိုက်သလိုခံစားလိုက်ရသလို၊တကိုယ်လုံးအရုပ်ကြိုးပြတ်အန်တီလေးရင်ခွင်ထဲမှာ
ပြော့ခွေသွားသည်။
ရင်ထဲကတစစ်စစ်နဲ့နာကျင်လာသောနာကျင်မှု၊အသိတရားတခုအတွက်အဖြူအမဲကွဲပြားသွားပြီး
အမဲရောင်ရလာဒ်ကဦးနှောက်ရဲ့သွေးကိုဒုန်းကနဲ့ဆောင့်လိုက်၍ဦးခေါင်းကိုတင်းကနဲနေအောင်ညှစ်လိုက်မှု
၂ခုပေါင်းပြီး၊ငို၍မရ၊မျက်ရည်မကျဘဲရင်ဝကဆို့တက်နေသည်။
ပထမဆုံး သတိပြန်ရလိုက်တဲ့အချိန်ရဲ့အတွေးက…”ငါအားကိုးရာမဲ့ပြီ”…..ဟူ၏။
၃-၄လတခေါက်ပြန်လာတတ်သော မေမေနှင့်တွေ့။မေမေဝယ်လာပေးသောအင်းကျီ၊
ဘောင်းဘီလေးများရပြီးပျော်။
မေမေ့လက်ကိုဆွဲပြီး စာအုပ်ဆိုင်သွား၊လိုချင်သောကာတွန်းများဝယ်ပေးတတ်သောမေမေ။
ထမင်းစားလျှင်သူကိုယ်တိုင်ကမစားဘဲ သားစားသည်ကိုအနားကထိုင်ကြည့်ပြီးပြုံးနေတတ်သောမေမေ။
တံခါးပိတ်၍အသံအရမ်းကျယ်သွားလျှင် သားကို လောကနီတီတွေသင်ပေးထားတယ်နော်။
ကိုယ်ကြောင့်သူတပါးစိတ်အနှောက်အယှက်မဖြစ်စေနဲ့လို့ပြောတတ်သောမေမေ။
အလိုမကျရင်ငိုတတ်သောအခါ…..
ယောက်ျားဆိုတာကိုယ်ကိုယ့်ကိုယ်အားကိုးရတာ…ငါ့သားအားကိုးရမဲ့သူက ငိုနေပြီ။ဘယ်လိုလုပ်မလဲ..?
ဟူ၍လည်းကောင်း။
စာကျက်လို့မရရင်စိတ်တိုတတ်သောအခါ……
စိတ်တိုလို့ လိုချင်တာရသွားတာမှမဟုတ်တာအခက်အခဲတွေတိုင်းဖြေရှင်းတဲ့နည်းလမ်းကိုတခါတည်းစဉ်းစားရတယ်။
ဒါမှအခက်အခဲကိုကျော်လွှားပြီး တိုးတက်အောင်မြင်မှာ။
စိတ်တိုနေရုံသက်သက်တော့ဘာမှဖြစ်မလာဘူး..ဟူ၍လည်းကောင်း။
တယောက်ယောက်ကိုဒေါသကြီးပြီးအော်ဟစ်သောအခါ………
ဒေါသကြီးတယ်ဆိုတာ မီးခဲကိုကိုင်ပြီးပစ်တာနဲ့တူတယ်။
တဖက်လူကို ပူစေချင်လို့ ပစ်တာပေမဲ့ကိုယ့်လက်ကအရင်ပူရတယ်။
ပြီးတော့အဲဒီအပူကလဲတော်တော်နဲ့မပျောက်ဘူး။
…ဟူ၍လည်းကောင်းလေအေးလေးနှင့်ဆုံးမတတ်သောမေမေ။
သားလိမ်လိမ်မာမာနေနော်။လူကြီးတွေစကားနားထောင် ဟု ပြောပြီး နှုတ်ဆက်ထွက်ခွါသွားတတ်သောမေမေ။
သည်ကမာ္ဘ၏ဘယ်နေရာမှာမှ လိုက်ရှာခြင်းငှါမစွမ်းတော့ပြီ။
လူတွေအများကြီးတွေ့မည်။အမေကားဤသူတို့အထဲတွင်မပါဝင်တော့.. ဟုသေခြင်းတရားကိုဤသို့
စဉ်းစားမိသည်။
ဆက်ပြီးစဉ်းစားမိသည်က ဒါဆို ဘယ်သူ့ကိုအားကိုးရမလဲ။အန်တီလေးဆိုတာသူ့
မှာအိမ်ကသဘောတူထားသောသူ့ချစ်သူရှိသည်။အချိန်တန် အိမ်ထောင်ပြုမှာမဟုတ်လား။
ကျန်သောဦးလေး ၃ ယောက်ကလဲ တယောက်တမျိုးဆိုးကြသည်။ကိုယ့်ကိုတော့ချစ်ကြပါရဲ့အားကိုးလို့
ရသည်တော့မဟုတ်။
ဘဘနဲ့ဖွားဖွားတို့ကအသက်ကြီးပြီဖြစ်လို့ကတကြောင်း၊သူတို့လုပ်ငန်းတွေကအခြေအနေအရပ်ရပ်ကြောင့်
အရင်ကလောက်အလုပ်မဖြစ်တော့။
လောက်လောက်လားလားအားကိုးစရာမမြင်ပါလား။
ဆက်တိုက်စဉ်းစားရင်း အမေ့ကိုပြန်သတိယ၊”မေမေ”ဟုတခွန်းပါးစပ်ကထွက်သွားပြီး၊မျက်ရေတွေကျလာပြီ။
တလိမ့်လိမ့်ဆင်းလာသောမျက်ရည်တွေက သူ့အလိုလိုကျလာသည်။
ဒါငိုကြွေးခြင်းမဟုတ်။ ကျေကွဲခြင်းဖြစ်သည်။
နှလုံးသားတွေအညှစ်ခံရလို့ နဲနဲခြင်းတစစီ တဖဲ့စီကြေခြင်းသာ။
မျက်ရည်ကျနေရင်းကစဉ်းစားမိသည်က မေမေ့စကား။
သားစိတ်မှာလိုချင်တာမဖြစ်တိုင်း၊လုပ်ချင်တာမဖြစ်တိုင်းကိုအခက်အခဲတွေ့တယ်လို့ခေါ်တယ်။
ဒါဆိုဘာလုပ်ရမလဲသား?
အဖြေက အခက်အခဲတွေ့တိုင်းဖြေရှင်းတဲ့နည်းလမ်းကို တခါတည်းစဉ်းစားရမယ်.။
မျက်ရည်ကျရင်းအဲဒီလိုတွေစဉ်းစားမိသည်။
မေမေမရှိတော့ပြီ။လုံးဝသေချာသွားပြီ။
ဆောင်းဦးနံနက်ခင်းတခုတွင်နှုတ်ဆက်ထွက်ခွါသွားသောဖေဖေသည်လည်းဘယ်အရပ်သို့ရောက်သည်မသိ။
မေမေ့ကိုမေးတော့တနေ့ပြန်လာမှာပေါ့သားရယ်ဟုသာပြောပြီး၊ပြန်မတွေ့ရသည်မှာ ၅နှစ်ရှိပြီ
ဖြစ်၍စဉ်းစားလို့မရ.။
မေမေကလဲတာဝန်ကျရာမြို့ရွာများသို့သွားရ၍ဖွားဖွားတို့နှင့်နေသားကျသည်ဆိုသော်လည်း
ကိုယ့်မိသားစု၊ကိုယ့်အမေမဟုတ်လို့ လိုချင်တာကိုမပူစာချင်။
မေမေခွင့်ပြန်လာတဲ့ရက်က အရာရာပြည့်စုံစေသောရက်စွဲများ။
ခုဤသည်တို့မရှိတော့ပြီ။
ကဲ အခက်အခဲ၊ ဘယ်လိုဖြေရှင်းမလဲ?
ခုနကအတိုင်းလူတွေစီပြီး စဉ်းစားတာ တယောက်မှအားကိုးရာမတွေ့။ဒါဆိုရင်
တယောက်ဘဲ ကျန်တော့တာပေါ့ …….. အဲဒါ
“ငါ”
ဟုတ်တယ်ငါကိုယ်ငါအားကိုးနိုင်အောင်လုပ်ရမယ်၊သူတို့သူတို့တွေရဲ့အားတွေကိုရသလောက်ယူပြီး
ငါကိုယ်ငါအားကိုးတဲ့စိတ်နဲ့ ဆက်လျှောက်ရမယ်လို့အဖြေရသွားသည်။
မျက်ရည်တွေကျနေရင်း သားကိုလမ်းညွန်ပေးတဲ့အမေကိုကျေးဇူးတင်မိနေသည်။
ငါကိုငါအားကိုးရမယ်ဆိုရင် ငါက ကောင်းအောင်နေမှဖြစ်မှာပေါ့။
ငါမကောင်းရင်ငါကိုယ်ငါဘယ်လိုလုပ်အားကိုးလို့ယုံကြည်လို့ရမှာလဲ။
ငါလိမ်လိမ်မာမာနေမှဖြစ်မယ်။အနဲဆုံးငါလုပ်နိုင်တာစာကြိုးစားတာဘဲလို့အဖြေရသည်။
၁ဝ နှစ်သားကလေး တယောက်ရဲ့ တကယ်စဉ်းစားခဲ့သည်များပါ။
သည်လိုနဲ့ဘဝကိုဖြတ်သန်းလာခဲ့သည်။အခက်အခဲတွေကိုကျော်လွှားပြီ။
ကျော်သည်ဆိုမှတော့ရှေ့ရောက်လာတာဘာဆန်းမည်နည်း။
ရောက်နေသော နေရာမှပြန်ကြည့်သောအခါအခုလိုတွေ့ရသည်။
သင်တို့ကော??????
အမေမရှိပေမဲ့..
အမေ့စကားတွေရှိနေတယ်အမေ၊ သားကြားနေတယ်။
အမေမရှိပေမဲ့..
အမေ့အပြုံးတွေရှိနေတယ်အမေ၊သားမြင်နေရတယ်။
အမေမရှိပေမဲ့..
အမေ့အချစ်တွေရှိနေတယ်အမေရဲ့၊သားနွေးထွေးနေတယ်။
အမေမရှိပေမဲ့..
အမေ့ဆုံးမမှုတွေရှိနေတယ်အမေ၊သားနာခံပါ့မယ်။
အမေမရှိပေမဲ့..
အမေ့လမ်းညွန်မှုတွေရှိနေတယ်အမေ၊သားလိုက်နာကျင့်သုံးပါ့မယ်။
အမေမရှိပေမဲ့..
အမေ့မျှော်လင့်ချက်တွေရှိနေတယ်မဟုတ်လား၊သားကြိုးစားရမှာပေါ့အမေ။
အမေမရှိပေမဲ့..
သားကျရှုံးရင်အမေ့အားပေးမှုတွေရှိနေလို့သားစိတ်အေးချမ်းရတယ်အမေ။
အမေမရှိပေမဲ့..
သားစိတ်ဓာတ်တွေအဆုံးစွန်ထိကျနေရင်အမေ့နှစ်သိမ့်မှုတွေရှိနေတယ်အမေ၊သားအားပြန်တက်ပြီ။
အမေမရှိပေမဲ့..
သားအောင်မြင်ရင်အမေ့ရဲ့ဂုဏ်ယူဝမ်းသာမှုတွေရှိနေတာဘဲ၊သားနှစ်ဆပျော်တယ်အမေရယ်။
အမေမရှိပေမဲ့..
အကြိမ်ကြိမ်လဲကျခဲ့တဲ့သားကိုဖေးထူပေးခဲ့တဲ့အမေ့မေတ္တာတွေရှိနေပြီဆိုတော့သားလဲကျပြီးတိုင်းမှာပြန်ထနိုင်ခဲ့ပြီအမေရယ်။
အမေမရှိပေမဲ့..
အခက်အခဲတွေတိုင်းဖြေရှင်းနည်းကိုပေးခဲ့တဲ့အမေ့နှလုံးသား”သား”ရင်ထဲမှာရှိနေလိုသားဘာကိုမှမကြောက်တော့ဘူးအမေရေ။
…………….အမေမရှိဘူးဆိုတာသားလက်မခံတော့ဘူးအမေ။
အမေနဲ့ပတ်သက်သမျှအရာအားလုံးသားဆီမှာရှိနေတာဆိုတော့
လူ့လောကမှာအမေမရှိတော့ဘူးလို့ သားမထင်တော့ဘူးအမေ…………။
အမေ့အရိပ်တကယ်ကြီးမားလှပါတယ်အမေရယ်။
“အမေသားအနားမှာအမြဲရှိနေတာဘဲနော်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တန်ဖိုးထား ချစ်ခင် မြတ်နိုး တတ်ကြပါစေ လို့ရည်ရွယ်ရင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားစွာဖြင့်
မောင်သစ်မင်း
25 comments
koyinmaung
November 6, 2011 at 9:22 am
ကောင်းလိုက်တာကိုသစ်မင်းရယ်…
ကျနော်ခလေးတွေကိုဖတ်ခိုင်းရမယ်….
အော်….ခလေးတွေရဲ့အားဆေးပါဘဲလေ…
koyinmaung
November 6, 2011 at 9:28 am
ကိုသစ်မင်းရေ ဖတ်နေရင်းကို ရင်ထဲမှာတစိမ့်စိမ့်ခံစာရပါတယ်
အရွယ်မတိုင်မှီမိဘတွေစွန့်ခွါခြင်းကိုကြုံရတဲ့ခလေးငယ်တွေရဲ့
ခံစားချက်ကတော့ကျေကွဲစရာပါဘဲလေ….
windtalker
November 6, 2011 at 10:44 am
အကိုသစ် ရေ
စိုင်းစိုင်းခမ်းလှိုင် နဲ ့ဖြိုးကြီး ဆိုထားတဲ့ အမေသီချင်းလေးကို သတိရမိတယ်ဗျာ
ခံစားရတယ်ဗျို ့
ပေါက်ဖော်
November 6, 2011 at 10:46 am
ကိုသစ်ရေ..
ထိတယ်ဗျာ..ရေလည်..
ပြောမပြတတ်အောင်ပဲ..ထိတယ်..
blackchaw
November 6, 2011 at 11:46 am
သေသေချာချာ ဖတ်ပြီး ကွန်းမန့်ရေးတာပါဗျာ။
အပိုအလိုမရှိ ကွက်တိ။
ရင်ထဲကိုရောက်သွားပါ၏။
အဲဒါ ကိုသစ်မင်း အစစ်ပါ။
thit min
November 6, 2011 at 6:20 pm
ကိုရင်မောင်
ညီမောင်ပေ
ညီပေါက်ဖော်
ကိုဘလက်ရေ
အားလုံးကိုကျေးဇူးပါ။ မိခင်တင်မက “မိသားစုဘဝ” ကိုပါတန်ဘိုးထားရမှာမဟုတ်ပါလားခင်ဗျာ။
ခုခေတ်ခုခါကြီးရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကနေ ကလေးတွေရဲ့အနာဂက်ကို အရောင်မမှိန်စေလိုသောစေတနာပါ။
အားဆေးပေါ့ဗျာ။
MaMa
November 6, 2011 at 1:48 pm
စာဖတ်ပြီး ဘာပြောရမှန်းကို မသိတော့ဘူး ပေ့ါစတစ်သင်းကင်း သစ်မင်းရေ။
(မှတ် – ကဗျာကို ရေးတုန်းက အပြစ်မကင်း ဘလိုင်းကစ်ခြင်း သစ်မင်းလို့သာ မှတ် လို့ စနောက်ပြီး ရေးခဲ့မိတာကိုတောင် တောင်းပန်ပါတယ်။)
pooch
November 6, 2011 at 4:21 pm
ကိုသစ်မင်းရေ ကျမလည်း အဘိုးအဘွားနဲ့ ဦးလေး အဒေါ်တွေနဲ့ ကြီးပြင်းခဲ့ရတာပါ.. ကျမ က ၈ နှစ်လောက်က စလို့ မိဘရင်ငွေ့နဲ့ လွတ်ခဲ့ပြီး ဘိုးဘွားအရိပ်ကို ခိုလှုံခဲ့ရတာပါ…
ကျမ ၁၂ နှစ်လောက်မှာ အဖေ ဆုံးပါတယ်…..
အဖေဆုံးပြီးမှ အမေနဲ့ အတူတူနေခဲ့ရပါတယ်.. … နည်းနည်းလေးဖြေသာတာကတော့ ခုထိ အမေက ကျမ ဘေးမှာ မားမားမတ်မတ်နဲ့ မုဆိုးမ ဘဝကို လူရိုသေ ရှင်ရိုသေနဲ့ ရပ်တည်ပေးနေဆဲပါ… .. အားတွေပေးပြီး လမ်းတွေ ညွှန်နေတုန်းပါ..
ကိုသစ်မင်းရေးထားတဲ့ ခံစားချက်က ကျမနဲ့ ကွက်တိပဲ….ဖတ်ရင်းနဲ့တောင် ကိုယ့်ကိုယ်ကို ပြန်မြင်ပြီး မျက်ရည်တောင်လည်မိပါတယ်
thit min
November 6, 2011 at 6:28 pm
မမရေ
တောင်းပန်စရာမလိုပါဘူးခင်ဗျာ၊သစ်မင်းကခင်လို့ စတာဘဲလို့ ယူဆထားပြီးသားပါ။
ရွှင်လန်းချမ်းမြေ့ပါစေလို့။
~~~~~~~~~~~~~~~~
မပူးချ်ရေ
စိတ်အားငယ်တာတွေ၊ ဘဝပေးအခြေအနေ ဆိုးတယ် ဆိုတာတွေ ဟာစိန်ခေါ်မှုတွေပါ ၊
အဲဒီ (Challenges) စိန်ခေါ်မှုတွေဆိုတာကလဲ..
ကိုယ်ကျော်လွှားနိုင်ရင် အခွင့်အရေး (Opportunities) တွေဖြစ်သွားတာပါဘဲဗျာ။
English လိုတော့ “Blessing in disguise”… လို့ပြောရမှာပေါ့နော်။
alinsett
November 6, 2011 at 7:00 pm
ဒေါသကြီးတယ်..ဆိုတာ မီးခဲက်ို ကိုင်ပြီး ပစ်တာနဲ ့ တူတယ်..ဆိုတဲ ့ ဥပမာလေးက်ို
သဘောတူပါတယ် ။ရေးနိုင်စွမ်းရှိသော..ကိုသစ်မင်းကို အားကျ လေးစားပါတယ် ။
ကိုသစ်မင်း ဘာသာပြန်တာလည်း တော်တယ် ။ရသ ရေးတာလည်း တော်တယ် ။
တကယ်ပြောတာပါ ။
အချင်းချင်း ကပ် မြှောက်နေတယ်..လို ့မထင်စေချင်ပါ။
အားပေးနေလျက်…
Koyin Sithu
November 6, 2011 at 8:31 pm
အဘသစ်ရေ.. ဖတ်ပြီး ဘာရေးရမှန်းမသိအောင် ရင်ထဲဆို့နစ်သွားတယ်…
မြင့်မိုရ်တောင်ဦး မကကျူးသာ ကျေးဇူးအရှင် မွေးသမိခင်ကို…
လွမ်းမိပြီး မျက်ရည်ကျသွားကြောင်းပါ… :'(
အားပေးလျက်ပါဗျာ..
ခင်တဲ့
ကိုရင်စည်
nature
November 6, 2011 at 9:12 pm
သုတရသစွယ်စုံရသော သစ်မင်းပါပေတကား။ အရေးအသားကောင်း idea ကောင်းလို့ မလွတ်တမ်းအားပေးလျှက်ပါ။
ကိုယ်တွေ့ဘူးတာ -အလုပ်သမားမိသားစုတခုမှာ မိခင်သေသွားတော့ ခလေး၃ယောက်ကျန်ခဲ့တယ်။ အကြီးဆုံးက မိန်းခလေး ၆ နှစ်၊ အငယ်ဆုံးက ၃နှစ် ။အဖေက နံနက်၅နာရီ အလုပ်ဆင်းရတယ်။ အလုပ်မသွားခင်စောစော ထမင်းဟင်း ချက်ပေးခဲ့တယ်။ ခလေးက သိပ်ငယ်ပြီး မလုပ်တတ်တော့ တခါတလေ ထမင်းတွေသိုးကုန်တယ်။ ဖခင် အလုပ်သွားရင် အိမ်မှာ ခလေး၃ယောက်ပဲကျန်တယ်။ အကြီးဆုံး ၆နှစ်ကလေးက ၃နှစ်သားလေးကိုထိမ်းရတယ်။ ပညာလည်းမသင်နိုင် သွန်သင်ဆုံးမမဲ့လူကြီးကလဲမရှိ ။ သူတို့ရှေ့ရေးရင်လေးမိတယ်။ ဒါပေမဲ့ ကံကောင်းထောက်မလို့ ရွှေပြည်သာက အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းက မိဘမဲ့ ခလေးတွေလက်ခံတယ်ဆိုလို့ သွားပို့တော့ ဘုန်းကြီးက အေးအေးဆေးဆေးပဲ လက်ခံတယ်။ စာလည်းသင်ပေးတယ်။
လူအိုရုံတွေမှာ လှုတုန်းက လက်ခံတယ်ဆိုလို့သွားပို့တာ တော်တော်ခက်တယ်။ပို့မရဘူး။ သူတို့ ကိုလည်း အပြစ်မတင်ပါဘူး။ လူတယောက်ကို လက်ခံတယ်ဆိုတာ လွယ်တာမှမဟုတ်တာ။
မင်းပြည့်ရှိန်
November 7, 2011 at 3:45 am
အမေ့ကို တန်ဖိုးထားရမယ်…
ဒါပေမယ့် အမေ့စကားတိုင်းတော့ နားထောင်ဖို့မလိုပါဘူး… သူက အမြဲမှန်နေမှာမှ မဟုတ်တာ..
အမေ့ကို ချစ်ခင်တတ်ရမယ်..
ဒါပေမယ့် သူမှားနေရင်လည်း အပြစ်မြင်ပေး.. ပြုပြင်ပေးနိုင်ရမယ်….
အမေ့ကို မြတ်နိုးရမယ်..
ဒါ တန်ဖိုး အကြီးဆုံးလေ. ဘယ်မှာမှ ပြန်အစားမရနိုင်တာ..
ဒါကြောင့်အမေရယ် သားအပေါ်မေတ္တာတွေ သိပ်မထားပါနဲ့ အမေ စိုးရိမ်စိတ်တွေနဲ့..ပူလောင်နေပါ့မယ်…
မိဘမေတ္တာ စမ်းရေပမာ.. ဆိုတော့
အမြင်အားဖြင့် လှပါတယ်..
ဒါပေမယ့်.. သူတို့ (မိဘတို့) ခင်ဗျာ… သံယောဇဉ်တွေနဲ့.. ပူလောင်ရပါတယ်.
အဲဒီ သားသမီးသံယောဇဉ်တွေနဲ့ပဲ.. ဘဝတစ်ခုလုံးကို နေထိုင်သွား ရုန်းကန်သွားကြရှာတာ..
ဘယ်သူ့အတွက်လဲ မိသားစု အတွက်
ဘာလုပ်နေလဲ.. အလုပ်လုပ်နေတယ် (အဓိက က သားသမီးအတွက်ပဲလေ)
ဒါကြောင့်…ဒါကြောင့်..
အမေ့ကို တန်ဖိုးထား ချစ်ခင် မြတ်နိုး တတ်ကြပါစေ
အမေက သားသမီးအပေါ်ထားတဲ့ သံယောဇဉ်တွေနဲ့ချည်းတော့ ဘဝကို လုံးပါး မပါးပါစေနဲ့..
small cat
November 7, 2011 at 2:23 pm
အမေရှိနေသေးသူတွေ အမေကို သတိရနေရုံနဲ့ ကျေနပ်မနေကြပါနဲ့၊
တတ်နိုင်လောက်လေးကျေးဇူးဆပ်ကြပါ၊မိဘကကိုယ့်ထက်ပြည့်စုံနေရင်တောင်မှ၊
ကိုယ်ကန်တော့လိုက်တဲ့ အနည်းငယ်သော တစ်စုံတစ်ရာလေးကြောင့် မိဘမှာများစွာသော
ဝမ်းသာကြည်နူးမှု၊ စိတ်ချမ်းသာပျော်ရွှင်မှု ဖြစ်သွားစေတာဟာလည်း တန်ဘိုးကြီးမားတဲ့ ကန်တော့ခြင်းတစ်ခုဖြစ်ပါတယ်။
Shwe Ei
November 7, 2011 at 2:32 pm
လောကနီတိ အကြောင်း ပြန်လေ့လာရတော့မလို ဖြစ်နေဘီ ဆရာသစ်ရယ်။ အကြောင်းအရာ တော်တော်များများက ထပ်ခါ ထပ်ခါ စဉ်းစားပြီး ဆင်ခြင်သင့်တာတွေ ဖြစ်နေလို့။
nozomi
November 8, 2011 at 12:53 pm
အနု၊ အကြမ်း အစုံ ရသော ဆရာသစ်ပါ ပဲ ၊ ဝမ်းစာတော်တော်ပြည့်တာပဲလို့ အားကျ၊နှစ်ခြိုက်မိပါတယ်
ငါ့မိဘတွေ မရှိတော့ရင် ငါတော့ ဒုက္ခရောက်ချည်ရဲ့ ဆိုတဲ့ အရွယ်ကိုကျော်သွားတော့
အခုတစ်ခါတစ်လေ တွေးပူမိတာက ငါတို့ တစ်စုံတစ်ခု ဖြစ်သွားပြီး ကလေးတွေ မျက်နှာငယ်ကျန်ခဲ့မှာ ကိုပဲ
သေခြင်း တရားဆိုတာ လူတိုင်း မဖြစ်မနေ ကြုံရမယ်ဆိုတာ သိပေမဲ့ ၊ အတ္တကြီးစွာ တရားမရှိစွာနဲ့ ပြောရရင် ( လောလောဆယ်) ကိုယ်မကြုံချင်သေးဘူး ကိုယ့်သားသမီး ကိုယ့်မိဘ ကိုယ့်ဆွေမျိုး မကြုံစေချင်သေးဘူး
thit min
November 8, 2011 at 4:34 pm
ကိုအလင်းဆက်ရေ
ဝမ်းသာကျေးဇူးတင်ရပါသည်ခင်ဗျာ။
~~~~~~~~~~~
ကိုရင်လေးစည်သူရေ
ဟုတ်တာပေါ့ညီရေ။လူတယောက်စီအတွက်သူ့အမေတွေဟာတန်ဖိုးအရှိဆုံးလို့ကိုပြောရမှာပါ။
~~~~~~~~~~~
ကိုနေးချားခင်ဗျား
ဘဝဆိုတာအခက်အခဲတွေနဲ့ရောပြွန်းနေရတဲ့အထဲကိုယ့်ထက်ဆိုးတဲ့သူတွေလဲတွေ့ရတတ်တော့နေသာဖြေသာ
(တတ်နိုင်ရင်ကိုယ်ကတောင်)ဖေးမချင်စိတ်တွေဖြစ်ခဲ့ရပါပြီ။ဖြစ်အောင်လဲသစ်မင်းကြိုးစားနေပါတယ်။”သဲ”လေး
တပွင့်ဘဲဖြစ်ဖြစ်ပေါ့ခင်ဗျာ။
~~~~~~~~~~~
ကိုမင်းပြည့်ရှိန်
ထိန်းညှိတဲ့သဘောတရားနဲ့ပြောသွားတာလေးကအင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။
လေးစားကျေးဇူးတင်ပါကြောင်း။
~~~~~~~~~~~
ကိုစမောကက်ရေ
ဟုတ်လိုက်တာဗျာ။ပိုက်ဆံနဲ့မှမဟုတ်ပါဘူး။လုပ်ပေးလို့ရတာတွေအများကြီးရှိပါတယ်နော်။ကျေးဇူးပါခင်ဗျ။
~~~~~~~~~~~~
မရွှေအိရေ
လောကနီတိစာလုံးတွေကိုသိဖို့ထက်တတ်နိုင်တာလေးကူညီပေး၊ကိုယ့်ကြောင့်သူတပါးအနှောက်အယှက်မဖြစ်
အောင်နေနိုင်ဖို့လို့ကျနော်ယူဆပါကြောင်း။လေးစားစွာ။
~~~~~~~~~~~~~~
ကိုနိုဇိုးမိရေ
ကျနော်လဲခင်ဗျားနဲ့ ရာသီခွင်တူတယ်မိတ်ဆွေကြီးရေ။ကိုဘလက်ရောပေါ့နော်။
စိတ်တွေတူကြတယ်ထင်ပါရဲ့။
ကျနော်တို့”ပူ”ပေးတတ်ကြပါပေရဲ့လို့။
ကျေးဇူးဗျို့။
etone
November 8, 2011 at 4:50 pm
ဖတ်ပြီး မျက်ရည်ဝဲမိတယ် ကိုသစ်မင်းရေ … ။
ကျွန်မတို့ အမေ သက်ရှိထင်ရှားရှိနေချိန်မှာ ကျေးဇူးမဆပ်နိုင်သေးလျှင်တောင် ၊ ကျေးဇူးကန်းတဲ့ လူမဖြစ်အောင်နေရမယ် … ။ အသိတရား လှုံ့ဆော်ပေးတဲ့ ပို့စ်လေးမို့ …. အရမ်းကြိုက်ပါတယ်နော် … ။ ကလေးမိဘဆုံးသည့်တိုင်အောင် ကလေးဘယ်လောက်ငယ်ငယ်နောက်ဆုံး သူ့မိဘကို တွေ့ခွင့်ပေးသင့်တယ်လို့တော့ ထင်ပါတယ် … ။ မမြင်လိုက်ရဘူး ဆုံးရှုံးလိုက်ရလျှင် ပို ယူကြုံးမရ ကြေကွဲမယ်လေ … ။
တစ်ခါတစ်လေ ပါးစပ်က မရည်ရွယ်ပဲ နှုတ်လှန်ထိုးတာလေးတွေကိုတော့ အတတ်နိုင်ဆုံး ပြင်နေတယ် … မနေ့ကတောင် အမေနဲ့ ဈေးသွားဝယ်ရင်း … အသံမာမာတစ်ချက်ပြောမိသွားလို့ စိတ်မကောင်းဖြစ်ရသေးတယ် … ။ ရင်ထဲ တနှုတ်နှုတ်နဲ့ ဒီပို့စ်ဖတ်မိမှ မျက်ရည်ဝဲမိတယ် … ။ 😥
thit min
November 8, 2011 at 5:13 pm
အဖေနဲ့မတွေ့ရတော့တဲ့နောက်ပိုင်း ကလေးကအမေကို ပိုချစ်ခဲ့တာလေ။
ကလေးကငယ်ငယ်ကနှလုံးအားနဲတာလဲပါတာပေါ့နော်။
အဲဒါကြောင့် ပေးမတွေ့ရဲကြဘူးပေါ့။
ပြီးတော့သွားရတဲ့နေရာကလဲရေလမ်းခရီးတွေလဲပါလို့ပေါ့နော်။
မိုးတွင်းကြီးလဲဖြစ်နေပြီး၊
မပြောကောင်းပြောကောင်းသွေးသားအရင်း(သားအမိ)ဆိုတော့ကလေး”ကံ”ကိုလည်းစိုးရိမ်မိလို့တဲ့။
TTNU
November 15, 2011 at 11:36 pm
ဆရာသစ်ရေ
ဆရာ့ရဲ ့ ၆.၁၁.၁၁ ကတင်ထားတဲ့ ဒီ postကို ၁၅.၁၁.၁၁ မှ ပြန်ရှာဖတ်ရပါတယ်။
အမေမရှိတော့ပေမဲ့ အမေရှိနေဆဲထင်ရတဲ့ ခံစားချက်ကလေး ဖော်သွားတာများ
စံနစ်ကျလိုက်တာ။
ဆရာသစ်ပေးချင်တဲ့ Message ကို ကျမ တစိမ့်စိမ့်လေး အရယူရင်း
ကျေးဇူးတင်ပါတယ်။ အမေဆုုံးမသွားခဲ့တာတွေကို သားလေး နားလည်ပြီး (သားလဲကျပြီးတိုင်းမှာပြန်ထနိုင်ခဲ့ပြီအမေရယ်) ဆိုတဲ့နေရာလေးမှာ ရင်ဝယ်တလှပ်လှပ်
ခံစားမိပါတယ်။
မှော်ဆရာ
November 15, 2011 at 11:49 pm
တန်ဖိုးဆိုလို့ ဝင်ဖတ်ကြည့်တယ် ဖတ်ရင်းဖတ်ရင်း ဇတ်ထဲမြောသွားတယ်.. ရင်ထဲထိလာတယ် ..
အောက်ဆုံးကျမှ ရေးသူအမည်တွေ့တယ် …. ကိုသစ်မင်းတဲ့ ..
—– အော့်ဟော်…..ဒါကြောင့်ကိုး….
inz@ghi
November 15, 2011 at 11:57 pm
မိုက်မဲတဲ့ သားတယောက်အနေနဲ့ မျက်ရည်လည်ရတဲ့ ပို့စ်ပါခင်ဗျာ…
လေးစားပါသည်ဆြာသစ်ရေ့ …
အင်ဇာဂီတယောက် ၁ဝနှစ်သားထက်မှ အမြှော်အမြင်နည်းခဲ့သည်ကိုး…
thit min
November 16, 2011 at 9:15 am
ဆရာမကြီးတီတီနု
ကိုမှော်ဆရာ
ကိုအင်ဇာရေ
မိခင်တို့ရဲ့ချစ်ခြင်းဆိုတာရေးဖွဲ့လို့တောင်မကုန်ဘူးဆိုတော့ ကျနော်တို့တွေအတွက် အလွန် “တန်ဖိုး” ရှိ
တယ်ဆိုတာ ကျနော်အထူးပြောစရာမလိုဘူးပေါ့ဗျာ။အဲဒီတန်ဖိုးကို အားလုံးကိုလဲရေးစေချင်ပါတယ်နော်။
ပြီးတော့ အားလုံးအတွက် ကျနော်ခံစားချက်လေးအပေါ် အားပေးဖတ်ရှုပေးကြလို့ ကျေးဇူးပါလို့
ခင်မင်စွာဖြင့်။
Moe Z
November 16, 2011 at 9:55 am
ဆရာသစ်မင်းရေ
ဖတ်ပြီးတော့ မျက်ရည်ဝဲရပါတယ်
အမေတစ်ယောက်ရဲ့တန်ဖိုးကိုနားလည်တဲ့သူတွေအတွက်
အဲဒီတန်ဖိုးကို စာဖွဲ့ရင်ကုန်မှာမဟုတ်ပါဘူး
ဒီတော့ သက်ရှိထင်ရှားရှိတုန်းမှာ အစွမ်းကုန်ဂရုစိုက်ဖို့ ကတိပေးပါတယ်
Celine Dion ရဲ့သီချင်းလေးနဲ့
when you need me
I’ll be there for you always
I’ll be there your whole life through
I’ll be there this I promise you, Mamma
I’ll be your beacon through the darkest nights
I’ll be the wings that guide your broken flight
I’ll be your shelter through the raging storm
And I will love you ’till forever comes ….
inz@ghi
November 16, 2011 at 9:57 am
အောင်မာ တီချင်းတွေဘာတွေတောင် ကျူးရင့်ကုန်ပါ့လား….
မိုးဇိက ဒါမိုးလည်း ရတယ်ဟ …
ခေသူမဟုတ်..