သော့ခတ်ထားတဲ့ အရိပ်
စနစ်တကျမစီထားမိတဲ့
အတွေးစတွေက
မြိုချတာခံလိုက်ရလို့
ညအမှောင်နဲ့ နံနက်ခင်းဟာ
လက်ခြင်းတွဲပြီး
ငါ့မျက်စိထဲဝင်လာတယ်……..။
နေ့တနေ့ရဲ့တာဝန်ဟာ
ဂေါ့ဒ်ဖားသားယောင်ဆောင်ပြီး
ဦးနှောက်ကိုဓားနဲ့ထောက်
နှလုံးသားကိုပြန်ပေးဆွဲသွားပြီ…….။
“တရက်”တကျွန်းကျ တရားခံတယောက်ရဲ့
ဆည်းဆာချိန် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ
ဝပ်ကျင်းထဲကကြက်ဥတလုံးလိုပါဘဲ…….။
အစီအစဉ်ကြေညာတဲ့စာရွက်ကို
ဆုတ်ဖြဲထားတဲ့ဒီနေ့ဟာလဲ
မနေ့တွေကလိုဘဲ
ဒိုရေမီဖာနဲ့ညှိလို့မရအောင်
ကီးကြောင်နေပြန်တယ်…….။
ဖန်လုံအိမ်နိယာမဟာ
ဆေးပေါ့လိပ်တွေဈေးသက်သာလို့ဆိုတဲ့
ညီမျှသလို မညီမျှသလို ညီမျှချင်းကိစ္စတွေကို
ဇွတ်အတင်းစေ့စပ်ကြောင်းလမ်းပြုအပြီးမှာ…….
အမိန့်ကိုမနာခံတော့တဲ့
ငါ့ခြေထောက်ပေါ်ငါရပ်မိရက်သားဖြစ်နေပေါ့……။
နွမ်းလျှအိမ်ပြန်ဆိုတဲ့စကားလုံးက
ဆိုင်ယာနိုက်ဆိုတဲ့အဆိပ်လိုဘဲ
အမည်လှသလောက်
အသေမြန်မယ်ထင်ပါရဲ့……။
ဘဝအကြောင်းနားမလည်ဘဲနဲ့
နားလည်ချင်ယောင်ဆောင်မိတဲ့ပြစ်မှုနဲ့
မနက်မနက်ဖြန်တွေမှာလဲ
တောင်စဉ်ခွန်နှစ်ထပ်မှာ
မြင်းမြီးဆွဲပြီး
အကြွေးဆပ်ရအုန်းမယ်ထင်ပါရဲ့လေ…..။
သော့ခတ်ထားတဲ့ရက်စွဲတခုမှာ
အရိပ်ခိုစရာရှာနိုင်ဘို့နဲ့
ဝင်ရိုးစွန်းကရေခဲတွေလို
အေးအေးလူလူမြောချင်ရာမြောနိုင်ဘို့
ဒီနေ့တွေမှာတော့ခရမ်းလွန်ရောင်ချည်တန်းကိုဘဲ
ငါးကင်စားဘို့သုံးနေရအုန်းမှာပေါ့…….။
~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားပါသည်
မောင်သစ်မင်း
~~~~~~~~~~~~~~~~~~
ကိုအလင်းဆက်ရေ ရေးကြည့်လိုက်တာပါ၊ဘာရယ်မဟုတ်ဘူး။ဖတ်ကြည့်ပေးပါအုန်းနော်။
~~~~~~~~~~~~~~~~~~
17 comments
blackchaw
November 7, 2011 at 10:22 am
“တရက်”တကျွန်းကျ တရားခံတယောက်ရဲ့
ဆည်းဆာချိန် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ
ဝပ်ကျင်းထဲကကြက်ဥတလုံးလိုပါဘဲ…….။”
အလင်းဆက် မဖတ်ခင် ကျွန်တော် ဖတ်ပါတယ်။
ကျွန်တော့် ရင်ထဲကိုတော့ တန်းတန်းကြီး ရောက်ရှိသွားပါတယ်။
ကိုရင်စည်သူ တို့၊ comegyi တို့လည်း ကြိုက်ကြမယ့် ကဗျာမျိုးပါ။
ဒါက မော်ဒန် ကိုသစ်မင်း ပေါ့။
koyinmaung
November 7, 2011 at 10:27 am
ဆရာသစ်ရေဉာဏ်တော့မမှီဘူးဗျာ
အားပေးသွားပါတယ်…..
ပေါက်ဖော်
November 7, 2011 at 10:41 am
ကြိုက်တယ်..ကိုသစ်…
ရွာထဲက မော်ဒန်ဆာတွေလဲ ကြိုက်မယ်လို ့ထင်ပါတယ်..
၄ စားပါ၏..စွယ်စုံ ဆာသစ်ရေ..
windtalker
November 7, 2011 at 11:06 am
“အမိန့်ကိုမနာခံတော့တဲ့
ငါ့ခြေထောက်ပေါ်ငါရပ်မိရက်သားဖြစ်နေပေါ့……။” ဆိုတာ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တာကို များ ဆိုထားတာလား ကိုသစ်
thit min
November 7, 2011 at 11:29 am
အချိန်သတ်မှတ်ချက်နဲ့အမျိုးမျိုးဖွင့်ဆိုနိုင်တယ်လို့ထင်ပါရဲ့ ညီရေ။
1.(တရက်လို့စဉ်းစားရင်)
တရက်တာအလုပ်ပြီးလို့ပင်ပန်းနွမ်းနယ်ပြီး၊ လူကသွားချင်ပေမဲ့ ခြေထောက်တွေကောင်းကောင်းမလှမ်းနိုင်တာလို့
စိတ်ရောလူပါပင်ပန်းမှုအမြင့်ဆုံးအချိန်လို့ရိုးရိုးလေးတခုပြောလို့ရတယ်။
2.(ဘဝတကွေ့လို့စဉ်းစားရင်)
ကိုယ်ခြေထောက်ပေါ်ကိုရပ်တာဆိုတာ
ကိုယ့်ဘဝကို ကိုယ်ထူထောင်နိုင်တာမလား။(ဒီတကွေ့မှာစိတ်ဓာတ်တွေကျပင်ပန်းခဲ့ရလို့)
ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်စွမ်း၊ချယ်လှယ်အမိန့်ပေးနိုင်စွမ်းမရှိတဲ့အနေအထားပါလားလို့
ညီးညူလိုက်တာလို့ပြောရင်လဲရမယ်။
3.(ဘဝတခုလုံးကိုပြောလိုတာဆိုရင်တော့)
ကိုယ့်စိတ်နဲ့သူများကိုယ်ဆိုတာမျိုး ဖြစ်နေလို့ (ကိုယ့်စိတ်ကလုပ်ချင်တာ၊အမိန့်ပေးလဲ)
တစုံတရာရဲ့ထိန်းချုပ်မှုနဲ့ပေါ့နော် လုပ်လို့မရတော့ဘဲ
(သွားလိုရာသယ်ပေးနေကျခြေထောက်ကသစ္စာဖောက်သလို)
ဦးတည်ရာလွဲတဲ့သဘောလို့ပြောချင်လဲပြောပေါ့။
4.(ဒါမှမဟုတ်သေးရင်)
“ပြထားတဲ့ နိမိတ်ပုံ” အရပေါ့နော်။တခြားသင့်တော်တာ၊ဆီလျှော်ရာတခုကိုလဲစဉ်းစားနိုင်ပါတယ်။
ဘောင်မရှိဘူး၊အကန့်အသတ်မရှိဘူး၊လွတ်လပ်စွာတွေးယူလို့ရအောင်ရေးထားတယ်ပေါ့ ညီရေ။
blackchaw
November 7, 2011 at 11:36 am
ကိုသစ်ရေ။
အဲလိုပြောပြရင် ဘောင်ခတ်လိုက်သလို ဖြစ်မသွားဘူးလားဗျာ။
အရိပ်ကို သော့ခတ်ထားပေမယ့်
ခံစားမှုကိုတော့ ဘောင်ခတ်လိုက်သလို ဖြစ်ပြီး
ကဗျာအလှလေး ပွန်းပဲ့သွားမှာ စိုးလို့ပါဗျာ။
thit min
November 7, 2011 at 11:43 am
ဟုတ်တယ် အဲဒါ ကြောင့် ဘာတွေးတွေးရတယ်လို့အောက်ဆုံး(4)မှာပြောထားပါတယ်။
အပေါ်ကဟာတွေက ကိုပေ ကိုစဉ်းစားနည်းပြောပြတယ်လို့ မှတ်ပေးပါနော်။
Sonny
November 7, 2011 at 1:20 pm
ကို(ဦး)သစ်မင်းခင်ဗျား
ဆက်၍ ဆက်၍ ရေးစေချင်ပါသည် အာရုံရသ၍ပေါ့။ အကြိုက်ဆုံး အပိုင်းလေးကို English လိုပြန်ရင်းနဲ့ ဂုဏ်ပြုလု်ိက်ပါတယ်။ ဒီအပိုင်းလေးက လောကသံသရာရဲ့မပြီးဆုံးနိုင်တဲ့ ဒုက္ခတွေကိုဖော်ကြူးတယ်လိုထင်ပါတယ်။
“မနက်မနက်ဖြန်တွေမှာလဲ
တောင်စဉ်ခွန်နှစ်ထပ်မှာ
မြင်းမြီးဆွဲပြီး
အကြွေးဆပ်ရအုန်းမယ်ထင်ပါရဲ့လေ…..”
On forthcoming repeated tomorrows
Reaching the seven peaks of mountain ranges
With a grip to the strand of Horse’s tail
To settle the debt of vicious circle of stay….
မှားသွားရင် ကဗျာအလှပျက်သွားရင်လည်း တောင်းပန်ပါတယ်နော်
thit min
November 7, 2011 at 3:59 pm
ကိုဆန်နီရေ…
လွန်စွာတန်ဖိုးထားကျေဇူးတင်ပါသည်။
ကဗျာကိုဘာသာပြန်ရေးပေးတဲ့အတွက်ပါ။
vicious circle ဆိုတဲ့စကားလုံးလေးကိုသုံးထားတာတွေ့လိုက်ရ၍ (ယခုမြန်မာနိုင်ငံအတွင်းကများဖြစ်ခဲ့ရင်)
မြန်မာ့စီပွါးရေးလက်ရှိအနေအထားရဲ့ vicious circle = ဆိုးသွမ်းသံသရာ လေး
ဆောင်းပါရေးပေးဘို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
သစ်မင်း
TTNU
November 7, 2011 at 9:25 pm
ဆရာသစ်ရေ
ဆန်နီပါကွဲ့။
ဆိုနီဆိုရင် Sony ပေါင်းမှာနော။
တီချာကတော့ ဒီနားလေးကကြိုက်တယ် (ညီမျှသလို မညီမျှသလို ညီမျှချင်းကိစ္စတွေကို
ဇွတ်အတင်းစေ့စပ်ကြောင်းလမ်းပြုအပြီးမှာ…….)။
thit min
November 8, 2011 at 2:08 am
ဟုတ်ကဲ့ ပြင်လိုက်ပါပြီခင်ဗျာ
ကျေးဇူးပါ။
ကြောင်လတ်
November 8, 2011 at 7:55 pm
ဆရာသစ်ရေ ဘယ်လိုပြင်ရသလဲ နည်းလေးရေးပေးပါ၊ကျွန်တော်ကျိုုးစားကြည့်တာမရလို့ပါ။
small cat
November 7, 2011 at 2:06 pm
ဝင်ရိုးစွန်းကရေခဲတွေလို
အေးအေးလူလူမြောချင်ရာမြောနိုင်ဘို့
ဒီနေ့တွေမှာတော့ခရမ်းလွန်ရောင်ချည်တန်းကိုဘဲ
ငါးကင်စားဘို့သုံးနေရအုန်းမှာပေါ့…….။
အေးအေးလူလူမြောချင်ရာမြောရင်း၊ခရမ်းလွန်ရောင်ခြည်နဲ့ ငါးကင်စားတဲ့အပူရှိန်တွေကြောင့်
တဖြေးဖြေးနဲ့ အငွေ့ပျံပျောက်ရတဲ့ရေခဲတုံးလေးတွေလို ကျွန်တော်တိုဘဝတွေလည်းပျောက်ကွယ်
သွားကြရမှာပါ။
ba gyi
November 8, 2011 at 2:36 pm
ဘဝအကြောင်းနားလည်ဖို့ထက်၊ဘဝထဲရပ်တည်ဖို့ကို၊ချာလည်ရမ်းနေရတော့ကိုသစ်ပြောတဲ့ – ဘဝဆိုတာနားလည်အောင်တွေးဘို့ထက်၊အကြွေးက၊တစ်နေ့တစ်ထပ်၊တစ်နေ့တစ်ထပ်၊တောင်စဉ်ခုနှစ်ထပ် ်မကပဲ၊ မြင့်မိုရ် တောင်ထက်ကိုမြင့်နေကြတာပါ။
ခုဆို ကြံ့ဖွံ့ရုံခန်းတွေမှာ – အကြွေးယူချင်လို့၊ တန်းစီနေကြတာ၊တစ်နေ့တစ်နေ့ နဲ့ အဲသည် အကြွေက ပေး ဆပ်မကုန်နိုင်ဘွယ်ဖြစ်တော့မှာပါပဲ။
သည်လိုနဲ့ နိုင်ငံတိုင်းမှာ၊လူတိုင်းမှာဆိုင်ရာဆိုင်ရာအကြွေးတွေဟာတစ်ခါတစ်ရံမှာ လောကသဘာဝ နိယာမ
ကြီးလား၊ ဒါတွေအကုန်ပျောက်ပျက်သွားဘို့၊ ဝင်ရိုးစွန်းကအရည်ပျော်စီးလာမည့်ရေတွေကိုပဲသတ္တိ ရှိရှိ စောင့် နေချင်တော့တယ်။အားလုံးအပြစ်တွေဆေးကြော၊ပြန်လည်ရှင်သန်မည့်နေ့သစ်ကိုပေါ့၊အားပါးတယမျှော်မိ ိတော့ တယ်။ အဲ ဒါမှမဟုတ်- နိဗ္ဗာန် ရောက်ရင်တော့ အားလုံနဲ့ အဝေးဆုံးပဲပေါ့။
alinsett
November 8, 2011 at 6:47 pm
အိုး..သိပ်ကောင်းပါတယ် ။ အခုမှ ပဲ…ကိုယ့်အကြိုက် ကဗျာလေးကို အားရပါးရ ဖတ်ရပြီ။ ကိုသစ်မင်းရေ…
ည အမှောင်..နဲ ့ နံနက်ခင်းဟာ..လက်ချင်းတွဲ.ပြီး..အဲဒီ စာသားဟာ သိပ်ထူးခြားပါတယ် ။ မော်ဒန် အယူအဆအရ..သိပ် အင်အားပြင်းတဲ ့ စာသားပေါ့။
ခရမ်းလွန်..ရောင်ခြည်တန်းကို ကင်စားဖို ့….
ကိုသစ်မင်းက ဘာကို ဦးတည်ပြီး.ရေးတာမှန်း..မခန့်မှန်းတတ်ပေမယ်….
တိတိကျကျ အချိုးဖက်ထားလို ့…ကျကျနန စံသွေ..ထားလို ့ ကျွန်တော်..အားရကျေနပ်တဲ ့စာသားပါ။
ကိုသစ်မင်းက အဘက်ဘက်က ေ တာ်နေပါလားဗျ။
ကဗျာ ဇ….မသေးဘူး..လို ့ဆိုပါရစေ..။
နောက်လည်း..ကျွန်တော့်လို…မော်ဒန် အနုပညာ(ကဗျာ) ချစ်တဲ ့သူများအတွက်..ရေးပါဦး။
ကျွန်တော့်အတွက် ရည်ရွယ်ပြီးရေးလိုက်တဲ ့ကဗျာကို ကျွန်တော်..ပရင့်ထုတ်သွားပါတယ်..။
အခုတော့ ဒီလောက်ပဲ…မန်းမယ်…။နောက်မှ ကိုသစ်မင်းဆီကို စာရှည်ရှည်ရေးပါဦးမယ်။
လေးစား ခင်မင်စွာ…..
အလင်းဆက်
comegyi
November 9, 2011 at 12:20 am
ကိုသစ်ကြီးခင်ဗျား…….
ကျွန်တော်လည်း ဝင်ရိုးစွန်းက ရေခဲလို အေးအေးလူလူနေချင်စမ်းပ…
ခရမ်းလွန်ရောင်ခြည်နဲ့ ကင်စားရမယ်ဆိုလည်း ကင်စားမည်ပ…
နောင်တော်စွယ်စုံရခင်ဗျား……..လေးစားပါတယ်…………………….
အစုံရေးပေးတဲ့အတွက်
ကျေးဇူးလည်း တင်လှပါကြောင်း…….
thit min
November 10, 2011 at 9:02 am
ကိုစမောကက်ရေ
ဘဝတော့ မပျောက်ပါဘူးဗျာ။
ကျနော်တို့ကြိုးစားရအောင်ဗျာ။
~~~~~~~~~~~~~~~~~~~~
ကိုဘကြီးရေ
ဆပ်စရာအကြွေးတွေထဲမှာ၊စိတ်အကြွေးကဆပ်လို့မလွယ်ဘူးဗျာ။
အဲဒါလေး မရှိမှ။နေသာတယ်။
~~~~~~~~~~~~~~~~~~~~
ကိုအလင်းဆက်ရေ
ကျေးဇူးရင်ဝမ်းသာပါတယ်။
နိမိတ်ပုံအနေနဲ့ပေါ့နော်
ကျနော် အဆိုးတွေထဲကအကောင်းကိုလုပ်ဘို့၊
ဖြစ်နိုင်ရင်အဆိုးကိုဘဲအကောင်းဖြစ်အောင်သုံးတတ်ဘို့၊ဘဝမှာလိုတယ်လို့ထင်မိပါ၍။
~~~~~~~~~~~~~~~~~~~~
ကိုခမ်းကြီးရေ
ဇွဲမလျှော့ဘဲ၊စိတ်မပျက်ဘဲ၊စိတ်ဓာတ်မကျဘဲ ဆက်လက် ဆက်လက် အဲဒီနေ့ရက်တွေကို
လက်ထဲ မှာ ကိုင် ပိုင်တဲ့အထိ သွားရအောင်ဗျာ။