ဒွါရာဝတီ မော်ကွန်း
ဒွါရာဝတီ၊ မြို့ဋ္ဌာနီကား၊ ဂုဏ်ရည်လျှံပျို့၊ မင်းနေမြို့တည့်၊ သည်မြို့ပင်ရင်း၊ အတိတ်ခင်းက၊
မင်းစောတေဇာ၊ ဘုန်းသမ ္ဘာကြောင့်၊အာကာတိမ်ယံ၊ ကွန့်မြူးစံသည့်၊ မိုးပျံမြို့လှ၊ အံ့ထူးစွရှင့်၊
ဋ္ဌာနတင့်ဆန်း၊ ဤမြေနန်းကို၊ မော်ကွန်းကဗျာ၊ ရေးဖွဲ့ပါအံ့၊
ကမ ္ဘာအစ၊ တည်ဦးကလျှင်၊ စ၍ဆက်လာ၊ မင်းရာဇာကား၊ မဟာသမ္မတ၊ ဘွဲ့မည်ရ၏၊
ကဿပမြတ်စွာ၊ သာသနာသို့၊ ကောင်းစွာသတ်မှတ်၊ ရောက်တုံလတ်က၊ ကောရပ္ပမင်းဆွေ၊
ဆယ့်နှစ်ထွေတို့၊ တည်လေဆောက်ကြ၊ မြို့ဋ္ဌာနကား၊ “မေဃဝတီ” မင်းနေပြည်တည့်၊
ထိုသည်မင်းစဉ်၊ နောက်ဆုံးဝင်သည့်၊ ဘုရင်မင်းစော၊ စိုးစံသောခါ၊ ဒေါသကြီးမား၊
မာန်ဟုန်ကြွားသည့်၊ နဂါးညီနောင်၊ အမျက်စောင်၍၊ ရန်ထောင်ဖြိုဖျက်၊ ရေလွှမ်းချက်ကြောင့်၊
ဘုန်းဆက်မှန်ရာ၊ စောရာဇာလည်း၊ ဒွါရာဝတီ၊ ဋ္ဌာနေဆီသို့၊ ကြွချီပြီးကာ၊ မြေမှန်ရာ၌၊
“ဒွါရာဝတီ” မြို့နာမည်ဖြင့်၊ သိင်္ဂ ီကြငှန်း၊ အဆန်းဆန်းဖြင့်၊ ထီးနန်းတည်ဆောက်၊
စိုးစံရောက်ခဲ့၊ ထွန်းတောက်ရှိန်ဝါ၊ ဘုန်းသမ ္ဘာနှင့်၊ တေဇာရှိန်စက်၊ သားစဉ်ဆက်၍၊
နန်းတက်လေရာ၊ မင်းဆက်မှာကား၊ ကိုးဖြာစဉ်ဆက်၊ စိုးစံတက်ခဲ့၊ ကိုးဆက်နောက်ဆုံး၊
မင်းစောဘုန်းကား၊ စွယ်လုံးခေါခေါ၊ ထူးဆန်းသောကြောင့်၊ မြတ်သောဘုန်းဟုန်၊
သိမ့်သိမ့်ကုန်ရှင့်၊ ထူးပုံသေချာ၊ ထိုစဉ်ခါက၊ ဒွါရာဝတီ၊ မြို့ဋ္ဌာနီကို၊ စစ်ချီဦးတိုက်၊
ရန်သူမိုက်တို့၊ တိုုက်ခိုက်ဖို့ရာ၊ ရောက်ရှိလာက၊ မြို့ရာဋ္ဌာနေ၊ စောင့်ရှောက်ပေသည့်၊
အဆွေဘီလူး၊ မြည်ပုံထူးဖြင့်၊ ရွှင်မြူးပျော်ပြီး၊ သံကြော်ဟီးသော်၊ ထိုမြည်ဟီးညံ၊
ချက်ပေးသံကြောင့်၊ မိုးယံအထက်၊ မြို့ပျံတက်၍၊ ထူးချက်ဆန်းကြယ်၊ ပျောက်၍ကွယ်၏၊
ထိုဝယ်ကာလ၊ သမယ၌၊ ဒသဘာတိကညီနောင်၊ တစ်ကျိပ်မောင်တို့၊ ကြံဆောင်ပြီးကာ၊
တိုက်ခိုက်လာလည်း၊ ပမာရှေးတူ၊ ကွယ်မြဲဟူ၏၊
ဉာဏ်တူနှိုင်းဆ၊ ဆင်ခြင်ကြလျှက်၊ ကဏှဒီပါယန၊ နာမတွင်ပေ့၊ ရှင်ရသေ့၏၊ ထူးပေ့အကြံ၊
တောင်းကြပြန်က၊ “အမှန်မြို့ရှင်၊ ကျုံးထဲတွင်၌၊ မြည်းလျှင်တစ်ထွေ၊ ရှိပါလေ၏၊
အဆွေမြည်းက၊ ဟီသံပြသော်၊ ဋ္ဌာနေမြို့စုံ၊ ပျံသောပုံတည့်၊ ကြည်ယုံမသွေ၊ မြည်း၏ခြေကို၊
ကိုင်လေပြီးကာ၊ တောင်းပန်ပါ” ဟု မိန့်မှာပြုသော်၊ ဆိုမူအတိုင်း၊ မဆုတ်ဆိုင်းပဲ၊မဆိုင်းမတွ၊
မြည်းခြေစကို၊ ကိုင်ကြပြီးကား၊ တောင်းပန်ပါ၏၊ ထိုခါမြည်းက၊ ပြန်မြွက်ဟသည်၊ ငါ့မှာမဟီ၊
မအော်မြည်ပဲ၊ သွေဖည်တိမ်းစောင်း၊ မတတ်ကောင်းဘူး၊ နည်းကောင်းသေချာ၊ မှာလိုက်ပါမည်၊
မျက်နှာလေးပါး၊ မြို့တံခါး၌၊ မှတ်သားသံတံသင်း၊ မြေစိုုက်သွင်းပြီး၊ သံကွင်းလုပ်ကာ၊
ထပ်ရိုက်ပါ၍၊ ကောင်းစွာနံနှိပ်၊ သံကွင်းချိတ်ဖြင့်၊ တွဲချိတ်ကြလေ၊ ပြုကြပေလော့၊
မင်းဆွေနွယ်ဖွား၊ ညီနောင်များလည်း၊ ပျံထခြင်းငှာ၊ မစွမ်းသာပြီ၊ လျင်စွာစစ်ခင်း၊ညီနောင်မင်းတို့၊
မြို့တွင်းဝင်လတ်၊ မင်းကိုသတ်၍၊ အမြတ်ကြငှန်း၊ ထီးနှင့်နန်းကို၊ သိမ်းမြန်းကြပေ၊အုပ်စိုးလေ၏၊
ဆယ်ထွေသွေးရင်း၊ ညီနောင်မင်းတို့၊ သံကွင်းတွဲကာ၊ အောင်ခဲ့ပါ၍၊ ထိုခါကစ၊ မြို့နာမကို၊
ကာလအရှည်၊ ဆက်ဆက်တည်လျှက်၊ နာမည်ပြောင်းလဲ၊ “မြို့သံတွဲ” ဟု၊ မြို့စွဲစဉ်လာ၊
တွင်ခဲ့ပါသည်၊ ရာဇာဘူမိနက်သန်တည်း။ ။
ဤကား——-
ဒွါရာဝတီ – အရှင်ကုသလ စပ်ဆိုသီကုံးပါသော
ဒွါရာဝတီ မြည်သည့် သံတွဲမြို့၏ သမိုင်းကြောင်းအစစ်မှန်တည်း ။ ။
9 comments
Gipsy
November 8, 2011 at 5:06 pm
အာကာပျံဝဲ မြို့သံတွဲ သမိုင်း အကြောင်း ရွာသူရွာသားများ သိပါစေရန် အလို့ငှါ
တစ်ဆင့်ရေးသား တင်ပြ လိုက်ရပါကြောင်းပါခင်ဗျာ….။
koyinmaung
November 8, 2011 at 5:33 pm
အားပေးသွားပါတယ်ခင်ဗျာ…..
ကြောင်လတ်
November 8, 2011 at 7:34 pm
မြို့သမိုင်းကြောင်းလေးကို ကဗျာထဲမှာသိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Gipsy
November 8, 2011 at 8:08 pm
koyinmaung ရယ် ကြောင်လတ်ရယ် ကိုပါ အားပေးဖေါ်အဖြစ် ဂုဏ်ယူပါတယ်ဗျာ…။
မောင်သန်းထွဋ် ဦး
November 8, 2011 at 10:12 pm
ကို Gipsy ကဆရာတော်ကို ပူဆာပြီးများရေးခိုင်းလိုက်တာလား။အားပေးဖတ်သွားပါတယ်။
waymg
November 8, 2011 at 10:24 pm
အာကာပျံဝဲ မြို့သံတွဲ အကြောင်း ဒီထက်မက ပိုသိချင်ပါတယ်. . .
သမိုင်းဝင် အထွဋ် အမြတ် လေးတွေကိုလဲ ဖတ်ပါရစေ. . .
အားပေးနေပါ့မယ် . . .
Shwe Tike Soe
November 9, 2011 at 9:24 am
အင်းကြားတော့ကြားဘူးပါတယ်… ဒီလိုကဗျာလေးနဲ. တော့ မဖတ်ဘူးသေးဘူး ဗျ အားပေးသွားပါတယ်
mummymoon
November 12, 2011 at 12:18 pm
ဒီလေးချိုးက ဘယ်သူရေးတာပါလိမ့်– ရခိုင်မင်းသမီးဧချင်းထဲကတော့ မဟုတ်လောက်ဘူးနဲ့ တူတယ်
myaphay
November 12, 2011 at 1:01 pm
ဒွါရာဝတီ – အရှင်ကုသလ စပ်ဆိုသီကုံးပါသော
ဒွါရာဝတီ မြည်သည့် သံတွဲမြို့၏ သမိုင်းကြောင်းအစစ်မှန်တည်း ။ ။
ဆရာတော်ကိုတော့လေးစားအားကျမိပါတယ်။