ကျေးညီအမ
တနေ့သနှိုက် ကျွန်ုပ် ကြောင်လေးသည် ကိုဖြူပြာ ရှေ့တွင် မအိန္ဒြာနန့် နှင့်စကားလက်ဆုံ ကြနေစဉ် သားတော်မောင် ဘေဘီကြောင်လေးရောက်လာပြီး
“ဖေကြီး သားစာပြန်မလို့ သားကိုစာလိုက်ကြည့်ပေး ” ဆိုပြီး သူ့ရဲ့ဖတ်စာအုပ်ကိုထိုးပေးလာပါတယ်။
ကြောင်လေးလဲစိတ်မပါတစ်ပါနှင့်စာအုပ်ယူလိုက်ပြီး
“ကဲ ဆို ဆို သားလေး”
လို့ပြောလိုက်တယ်ဆိုရင်ပဲသားတော်မောင်နှုတ်ဖျားမှ စာများ အပြေးအလွှားခုန်ထွက်ကျလာပါတော့တယ်။
ရှေးသရောအခါ (ရှေးဆိုတာကိုတော့သဘောပေါက်ပါတယ်၊ သရောအခါဆိုတာကိုတော့သိပ်သဘောမပေါက်ပါ၊ ရှေးသရောအခါရှိပုံထောက်တော့ နောက်မယ်ဒလင်အခါဆိုတာလည်းရှိပုံရပါတယ်။ အခုကတော့ဂစ်တာအခါဖြစ်မှာပေါ့။)
လက်ပံပင်ကြီးတစ်ပင်၌ကျေးညီနောင်တို့နေကြလေ၏၊သူတို့သည် အတောင်မစုံကြသေးသဖြင့်ကောင်းစွာ မပြန်နိုင်ကြချေ။
တနေ့သ၌ လေပြင်မုန်တိုင်း…………..
သားတော်မောင်ဆိုနေသောစာမှာ ကြောင်လေးတို့ငယ်ငယ်ကသင်ခဲ့ရသည့် စာအတိုင်းပင်ဖြစ်သည်။ ဘေဘီကြောင်လေးဆိုနေသောစာမှာ ကျွန်တော်၏ ခေါင်းထဲသို့မရောက်တော့ပဲ၊ တစုံတရာကိုစဉ်းစားမိသွားလေသည်။ ကြောင်လေးတို့ငယ်ငယ်က
က- ကညစ်ပေမှာခြစ်
ခ- ခရာအသံသာ ………..
အ- အလံ အောင်ပွဲခံ ကိုယခုအခါ
က-ကလေးငယ်ချစ်စဖွယ်
ခ-ခရေကုံးမလေးပြုံး…………
အ- အမေ တို့တိုင်းပြေ ငါတို့ချစ်တဲ့မြေ ၊ ဟုပြောင်းလဲခဲ့သော်လည်း၊ အထက်ပါစာပိုဒ်ကိုသော်ကားမပြောင်းလဲသေးပေ၊
ယခုအခါတွင် ကျေးခေါ် ကြက်တူရွေးများရှားပါးပြီးဘေဘီကြောင်လေးတို့မသိတော့ပါ၊လက်ပံပင်ကိုလည်း မသိတော့ပါ။ သချင်္ာဘာသာတွင်လည်းအပေါင်းအနှုတ်သင်ခန်းစာတွင် ငွေအကြွေ ငါးပြား၊ဆယ်ပြား၊နှစ်ဆယ့်ငါးပြား၊ငါးဆယ်ပြား တို့ဖြင့်သရုပ်ပြကြသည်ကို ကလေးများမသိတော့ပါ။ထို့ကြောင့် ထိုစာပိုဒ်များကို မြန်မာစာ ပေါင်မုန့်ခနှင့် သင်္ချာပေါင်မုန့်ခ များမှ သင့်တော်သလိုပြုပြင်သင့်သည်ဟုတွေးဆမိရကား ၎င်းပညာရှင်များကိုစား ကြောင်လေးမှအောက်ပါအတိုင်းပြုပြင်ရေးသား ပေးလိုက်ရပါသည်။
+++++++++++++++++++++++++++++
ကျေးညီအမ
ရှေးသရောအခါ
ဒီနေရာမှာ ရှေးသရောအခါဆိုတာကိုမသုံးပဲ ခေတ်အခြေအနေနဲ့ကောအဖြစ်အပျက်နဲ့ပါ ကိုက်ညီမဲ့စာသားကိုပြောင်းလဲပါမယ်။
မကြာသေးခင်အခါက..
လက်ပံပင်ပင်ကြီးတစ်ပင်၌် ဆိုသောစာကိုလည်း ရွာကြီးတစ်ရွာ၌ လို့ပြောင်းလဲပါမယ်။ ကျေးညီနောင်တို့နေထိုင်ကြလေ၏၊ ဆိုတာကိုလည်းကျေးညီအမ တို့နေထိုင်ကြလေ၏ လို့ပြောင်းပါမယ်၊
ထိုကျေးညီအမတို့မှာ အဟိတ်တိရစ ္ဆာန်ကျေးညီအမများမဟုတ်ကြပဲ ကျေးဥနှင့်ကျေးနု ဟူသောလူသားစင်စစ် အမွှာညီအမများဖြစ်ကြသည်။
(နောက်ပိုင်းစာများကိုခေတ်ဟောင်းစာများနှင့် နှိုင်းယှဉ်မပြတော့ပဲ ခေတ်သစ်စာများဖြင့်သာဖော်ပြပါမည်။)
သူတို့သည် အမွှေးအတောင်များစုံ ကြ၍ (ကြောင်လေးသွားကြည့်တာမဟုတ်ပါ၊ သူတို့ဆွေမျိုးအသိုင်းအဝိုင်းဒေါ်ကြီးဒေါ်လေး များပြောစကားအရသိရပါသည်။) အခြေခံပညာအထက်တန်းပင်အောင်မြင်ပြီးကြ ပြီဖြစ်သည်။
တနေ့သ၌ နာဂစ်မုန်တိုင်းတိုက်ခတ်၍ ရွာလုံးကျွတ် အိမ်တိုင်ပါပျောက်ကြပြီး လူအများသေကြေကြရာ ကျေးညီအမတို့၏ အဖေအမေ ဒေါ်ကြီးဒေါ်လေးတို့ အကုန် အနိစ္စသဘောဖြင့် ကိစ္စချောကြလေ၏။ သူတို့နှစ်ဦးမှာမူ ဘောတစ်လုံးအားဖက်တွယ်ထားမိ၍ အသက်ချမ်းသာရာ ရကြ၏။ သူတို့နှစ်ဦးအား လူကယ်ပြန် ကျောင်းမှခေါ်ယူစောင့်ရှောက်ထားပြီးသူနာပြု ကျောင်းသို့ ပို့လိုက်လေသည်။
သူနာပြုကျောင်းမှဆင်းသောအခါ ကျေးဥ မှာအစိုးရ အထွေထွေရောဂါကုဆေးရုံကြီးတွင်အလုပ်ရပြီးကျေးနု မှာ ပုဂ္ဂလိက အထူးကုဆေးရုံကြီးတစ်ခုတွင်အသီးသီးအလုပ်လုပ်ကြလေသည်။ တရက်တွင် လူကြီးတစ်ဦးသည် ပေါင်တွင်အနာစိမ်းပေါက်သဖြင့် အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်ပြသလေ၏။ ကျေးဥ ဆိုသော သူနာပြုနှင့်တွေ့လေသော်
“လှန် ပုဆိုး”
“ထည့်မယ် ဆေး ”
ဟုဆိုကာ ဂွမ်းကိုဇာဂနာနှင့်ညှပ်လျှက် ဆေးအနည်းငယ်တို့ကာ အနာကိုဒလကြမ်းမွှေတော့၏။
လူကြီးလဲမခံရပ်နို်င်သောကြောင့် “အား” ဟု ဝမ်းခေါင်းသံကြီးဖြင့် အော်လေရာ
“ဘာလို့အရမ်းအော်နေရတာလဲ…
“ဟိုဘက်လှည့်…..
“လျှော့ ပုဆိုး…
“ထိုးမယ် ဆေး ”
ဟုဆိုကာ လူကို တဖက်သို့ခပ်ဆပ်ဆပ်တွန်းလှည့်လျှက် အပ်တုန်းတုန်းဖြင့်တင်ပါးကိုအသားကုန်ထိုးစိုက်ချလိုက်လေသည်။ပြီးသော်
“ဆေးထိုးခပေး ….
ဘာမှအလကားမရဘူး..”
စသည်ဖြင့် ခပ်ကြမ်းကြမ်း ငေါက်ငမ်းပြောဆိုလေ၏။
လူကြီးလည်းအခြေအနေမဟန်သဖြင့် နောက်တနေ့တွင် ပုဂ္ဂလိက အထူးကုဆေးရုံသို့ ပြောင်း၍ ပြသလေ၏။
ကျေးနုဆိုသော သူနာပြုမလေးနှင့်တွေ့သော်
“ဦးလေး ဆေးထည့်မယ်နော်….
“ပုဆိုးလေးနဲနဲမပေးပါ….
“ဟိုဘက်နဲနဲလှည့်ပါနော်…..
“ရရဲ့လား၊ သမီးကူပေးရမလား……
(နူးညံ့သော လက်ကလေးဖြင့် ညင်သာစွာဖေးကူလျှက်)
“ဆေးထည့်လို့နာရင်ပြောနော် သမီးဖြေးဖြေးလုပ်ပေးမယ်……
“ဆေးထိုးဖို့ ပုဆိုးနဲနဲ လျှော့ပါ”
ဟုပြောကာ တင်ပါးကိုလက်နုနုလေးဖြင့် သုံးချက်ခန့် ပုတ်လိုက်ပြီးဘယ်အချိန်အပ်စိုက်လိုက်မှန်းမသိရပဲဆေးကိုထိုးလေ၏။ပြီးသော်
“ကောင်တာမှာဆေးဖိုးလေးရှင်းလိုက်ပါနော်”
ဟုပြောလျှက် စာအုပ်လေးကိုင်ကာ ကောင်တာသို့တွဲ၍ခေါ်သွားလေ၏။
လူကြီးက
“သမီး.. ဦးလေးမနေ့က အစိုးရ ဆေးရုံကြီးတွင်တွေ့ခဲ့သော သူနာပြုမလေးသည် သမီးနှင့် တရွယ်တည်း ၊ ရုပ်လည်းတပုံစံတည်းတူ၏။ ဒါပေမဲ့ အပြောအဆိုကားကြမ်းတမ်းလှ၏၊ သမီးကတော့ နူးညံ့ သိမ်မွေ့လှပါပေသည်” ဟု ချီးမွမ်း၏။
ကျေးနု က
” ဦးလေး သူသည် သမီးနှင့်အမွှာညီအမဖြစ်၏။ သူသည် လစာအလွန်နည်းသည့်အပြင် ဝန်ထမ်းမလုံလောက်သောကြောင့် အထက် အရာရှိကအတင်းခိုင်းလျှင် မဖြစ်မနေ ဂျူတီဆက်တိုက်ဆင်းရသော အစိုးရဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်မိသောကြောင့် စိတ်အစာမကြေဖြစ်ကာ မယဉ်မကျေး ဖြစ်ရ၏……….
“ကျွန်မ ကတော့ လစာအသင့်အတင့်ကောင်းမွန်သည့်အပြင် အလှည့်ကျဂျူတီထမ်းဆောင်ရပြီးဝန်ထမ်းအခွင့်အရေးကောင်းစွာရသော ပုဂ္ဂလိကဆေးရုံတွင်အလုပ်ရ၏။ အပြောအဆိုမပြေပြစ်ပါက ချက်ခြင်းအလုပ်ပြုတ်နိုင်သည့်အတွက် ယဉ်ကျေးရပါသည်” ဟု ပြောလိုက်လေသည်။
*********************************
ထိုကျေးညီအမ စာပိုဒ်အား နောင်လာမည့် စာသင်နှစ်တွင် ဒုတိယတန်းမြန်မာဖတ်စာ စာအုပ်မှ ကျေးညီနောင်စာပိုဒ်အစား ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။
ပုံ
မြန်မာစာ ကိတ်မုန့်ခ ကြောင်လေး။
16 comments
windtalker
November 14, 2011 at 10:23 am
တယ်ကောင်းတဲ့ အတွေးအခေါ် ပါကလား ကို ကြေးလောင် ရေ
ကျုပ်သာ Pay University ဖွင့်ခဲ့လို ့ကတော့ ခင်ဗျားကို ဗမာပါမောက္ခ ခန် ့ပီးသားဘဲ
ပေါက်ဖော်
November 14, 2011 at 10:38 am
ကကြောင်လေး..ဖဲ့သဟ..
ရေလည်ထိတဲ့ ဖဲ့ချက်ပဲ….
ဝါး.ဟား…ဟား….ဝါးဟား.ဟား..ဝါ့ဟာဟား..
ဂွတ်အိုင်ဒီယာ..ပါပဲ…ပါမုန် ့ခ ကကြောင်လေး
😆
Shwe Tike Soe
November 14, 2011 at 11:27 am
ဝါးဟားဟား ကောင်းလိုက်တဲ့ သင်ရိုးပါလားဗျာ… ဟုတ်ပ ဟုတ်ပ.. ပြည်သူ.ဆေးရုံက တံခါးပေါက်စောင့်တဲ့ ကုလား ပိုက်ဆံတောင်းတာလေး လဲ ထည့်ပေးပါလား ဗျာ… ဆေးရုံသွားရင် အကြောက်ရဆုံးက ဆရာဝန်အုပ်ကြီးမဟုတ်ဘူး အဲဒီ ပေါက်စောင့် သူဖွင့်ပေးမှ လူနာတွေ.ရတာလေ…
အထူးကုတွေကတော့ ချိုနေတာပဲ Cashier ရောက်မှ ခါးတာ ဟေဟေ
koyinmaung
November 14, 2011 at 11:33 am
တတ်လဲတတ်နိုင်တဲ့ပေါင်မုန့်ခကြောင်လေးပါဘဲ
ကြောင်လေးရေအားပေးနေပါတယ်….
ကြောင်ကြီး
November 14, 2011 at 12:37 pm
မြန်မာစာ ဘိန်းမုန့်ခ ဟုတ်ဖူးလား။။။။။။။ ခေတ်မှီချင်ရင် ထောပတ်ထည့်ဗျာ။။။။။
ကိုရင်စည်သူ
November 14, 2011 at 1:21 pm
ကကြောင်လေးရေ…
ရေးသွားပြတဲ့ ဥပမာပေးလေးကောင်းတယ်ဗျ….
ကျေးနုဖြစ်ချင်ရင်..
ကြောင်အုပ်စုနဲ့ပေါင်းဗျ….
small cat
November 14, 2011 at 1:58 pm
ကိုကြောင်ကြီးရေ ကျွန်တော့ရဲ့လစ်ဟာချက်ကလေးကိုထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊မြင်လဲမြင်တတ်ပါ့။
ကိုပေါက်ဖော် ရေ ဖဲ့တာတော့မဟုတ်ပါဘူး၊ မိတ်ဆွေတစ်ယောက်က ဆေးရုံကနပ်စမတွေအပေါက်ဆိုးတယ်လို့ပြောလို့ ၊နပ်စမတွေဘက်က ခံစားကြည့်ပြီးရေးတာပါ၊ကျေးနုပြန်ရှင်းပြတဲ့နေရာကိုသေချာဖတ်စေချင်ပါတယ်။
ကိုရင်ရေ ကြောင်အုပ်စုနဲ့ပေါင်းရင် အကိုကြောင်ကြီးဆီအရင်မသွားပဲ အငယ်ဆုံးကြောင်လေးဆီအရင်သွားဖို့လဲမှာလိုက်ပါဦး။
etone
November 14, 2011 at 2:18 pm
ကျေးညီမနဲ့ ဥပမာ မပေးရဘူး ကြောင်ညီမနဲ့ ဥပမာ ပေးရမှာ … ဒါမှ အံဝင်ခွင်ကျဖြစ်မှာ 😆
သူနာပြုတွေများ ခြင်္သေ့လေး ဆင်လေး မွေးပေးထားလျှင်
ရေချိုးပေး ၊ ထမင်းကျွေးပြီး
နင်းတောင် ပေးဦးမယ် မှတ် 😉
small cat
November 14, 2011 at 2:36 pm
အိတုန်ရေ ကြောင်လေး အနင်းမခံနိုင်ဘူး မာဆတ်သွားရင်တောင် မနင်းပါနဲ့ နှိပ်ပဲနှိပ်ပေးပါလို့ပြောရတယ်။
ကိုပေတက္ကသိုလ်မြန်မြန်ဖွင့်ပါ၊ ကြောင်လေးဒီအလုပ်က ပြုတ်ဆော်နံနေပါပြီ။
ရွှေတိုက်စိုးရေ… ရေနံမန်နေဂျာသာခေတ်ကုန်သွားတယ်၊ တံခါးစောင့်က ခေတ်မကုန်သေးပါဘူး၊
ကိုရင်မောင်..ခပ်ကြောင်ကြောင် အကောင်ကြောင်လေးကိုအားပေးနေတဲ့အတွက်ကျေးဇူးပါ။
ရာဇဝင်လူဆိုး
November 14, 2011 at 2:40 pm
ကြောင်လေးရေ…ခေတ် နဲ့ စနစ်ကိုပုံဖော်ရေးသွားတာ သိပ်ကောင်းပါတယ်….။ သရော်စာပေါ့ဗျာ……
MaMa
November 14, 2011 at 3:48 pm
မြန်မာစာ ကိတ်မုန့်ခ ကြောင်လေးရေ- ဒီပုံစံနဲ့ဆို ကိတ်မုန့် မ `ခ´ ပေါင်မုန့် မ `ခ´ ပဲ တုတ်ချောင်း `ခ´ နေဦးမယ်။ 😀
susunosuki
November 14, 2011 at 4:30 pm
မတူတဲ့ ရှု့ထောင့်က မြင်တတ်တယ်။ အများအမြင်ကပ်ကြတဲ့ နပ်စ် များဖက်မှ ကြည့်တတ်တယ်။ စိတ်မချမ်းသာစရာ ကိစ္စကို ဟာသအမြင်နဲ့ တင်ဆက်တတ်တယ်။
ကြောင်လတ်
November 14, 2011 at 6:09 pm
ကြောင်လေး
အကောင်သေး ပြီး
တောင်ရေးမြောက်ရေး
ရေးတတ်တယ်။ ။
နောင်ရေးမှာ
အောင်မလေး အော်စရာကြုံရင်
အမောင်ကလေး
ရှောင်ပြေးဖို့ခက်လိမ့်မယ်။ ။
naywoonni
November 14, 2011 at 10:45 pm
နီ့ကို ပေါင်မုန့်ခ ခန့်မယ်…။
Shanma TUmdy
November 14, 2011 at 10:45 pm
ပြောင်မြောက်လိုက်တဲ့စာ .. 😀 😀 😀 😀
aye.kk
November 15, 2011 at 12:16 am
ကျေးညီမထုံး
နှလုံးမူသည်..
လူတွင်ပါမှ နွားကျားကိုက်….
လူကိုလူလိုမြင်ဖို ့လိုသေးသည်..