ဖားအောက်တောရမှာ ၉ ရက်တာ (၃)

weiweiNovember 15, 20111min1949

ဖားအောက်တောရမှာ ၉ ရက်တာ (၃)

သူငယ်ချင်းရေ …
ပထမဆုံးနေ့မှာ ည ၈ နာရီခွဲ တရားနာပြီးတော့ တစ်နေ့တာအလုပ်တွေရပ်ပြီး တရားအမှတ်နဲ့ အိပ်လို့ရပြီ။ ဒါပေမယ့် ငါက ညသန်းခေါင်မကျော်မချင်းမအိပ်တတ်တဲ့သူဆိုတော့ ဒုက္ခရောက်နေတယ်။ မနက် ၃ နာရီခွဲ တုံးခေါက်ရင်လဲ ပြန်ထရမယ်ဆိုတော့ အတင်းကြီးဇွတ်အိပ်ရတော့တာပေါ့။ ပင်ပန်းနေလို့ပဲလား တရားအမှတ်ကြောင့်ပဲလားတော့မသိဘူး ၁ဝ နာရီလောက်မှ အိပ်လို့ရသွားတယ်။ မနက်မနိုးမှာကို စိုးရိမ်တဲ့စိတ်ကြောင့် ခဏခဏနိုးပြီး နာရီကြည့်နေတာကြောင့် အိပ်ရေးတော့မဝဘူး။ တုံးခေါက်တာက မထမချင်းခေါက်နေသလိုပဲ။ မထချင်ထချင်နဲ့ထပြီး ၄ နာရီမတ်တင်းမှာ ဓမ္မာရုံထဲသွားပြီး တရားစထိုင်ရတယ်။ အချိန်စာရင်းထဲမှာကြည့်ထားတုန်းက ၄ နာရီကနေ ၅ နာရီခွဲအထိ တရားထိုင်လို့ပါလို့ ငါလဲ စိတ်လျော့ပြီး ထိုင်နေတာ။ အိပ်ပျော်ချင်လဲ အိပ်ပျော်ပါစေလို့ စိတ်ကိုလွှတ်ထားလိုက်တာ ထိုင်ရင်း အိပ်ပျော်သွားပါလေရော။ ဘယ်လောက်တောင် အိပ်ပျော်သွားလဲမသိဘူး။ ဘေးက ယောဂီက လက်တို့ပြီးနှိုးလိုက်မှ နိုးတော့တယ်။ ၅ နာရီမတ်တင်းမှာ အားလုံးညီညီညာညာ ဘုရားရှိခိုးတဲ့အစီအစဉ်လေ … အဲဒီအချိန်မှာ ကြေးစည်မတီးဘူး … ငါက အဲဒါကိုမသိပဲ စိတ်ချလက်ချအိပ်ပျော်နေတာ … ရှက်လိုက်တာ … 😛 ဘုရားရှိခိုးစာအုပ်လဲ မယူလာမိလို့ ဒီအတိုင်းသူများဆိုတာ လိုက်ဝါးချနေလိုက်ရတယ် …

၅ နာရီ ၁၅ မှာ ဘုရားရှိခိုးပြီးတော့ အဆောင်ပြန်ပြီး ပန်းကန်ယူပြီး အာရုံဆွမ်းအတွက် တန်းစီကြရတယ်။ အလှူရှင်တွေက အစောကြီးလာပြီး ဆွမ်းလောင်းကြတဲ့ နံနက်အာရုံတက်မြင်ကွင်းက မင်္ဂလာရှိတယ်။ ဒီတစ်ခါမှာတော့ ငါက တရားအမှတ်နဲ့နေလိုက်ပြီး မုန့်လှူတာကို ခံယူလိုက်တယ်။ အဲဒီအချိန်မှာ အသိစိတ်ထဲဝင်မိတာက သူများအလှူကိုလက်ခံပြီး စားသုံးရတာ အတော်မလွယ်ဘူးဆိုတဲ့အသိပဲ။ အကြွေးမတင်အောင်၊ လှူတဲ့သူအကျိုးရှိအောင် ပြန်လုပ်ပေးရမယ့် တာဝန်က မသေးဘူးနော်။ ငါလို ဘာမှမဟုတ်တဲ့လူတောင်မှ အဲဒီလိုတွေးပြီး တရားအမှတ်နဲ့စားမိအောင်၊ အလှူရှင်တွေကို မေတ္တာပို့ဖြစ်အောင် သတိကြီးကြီးနဲ့ စားဖြစ်ရင် သံဃာတွေဆို ပိုလို့တောင် ဆင်ခြင်ပြီးစားရမှာပဲလေဆိုပြီး သံဃာတွေဆွမ်းဖုန်းပေးတဲ့နေရာကနေ ကိုယ်ချင်းစာစိတ်ဖြစ်မိပါတယ်။ သတ်သတ်လွတ် ဆွမ်းဟင်းတွေနဲ့ စားရတာ အဆင်ပြေပါတယ်။ စိတ်ထဲမှာလဲ အရသာခံပြီးမစားခဲ့ဘူး။ ငါကလဲ အသားငါးမကြိုက်တဲ့သူဆိုတော့ ပိုပြီးအဆင်ပြေတာဖြစ်မယ်ထင်ပါတယ်။ နဲနဲအံ့ဩစရာတွေ့မိတာက တစ်ချို့တွေက သတ်သတ်လွတ်မစားနိုင်ကြဘူး။ သူတို့ပန်းကန်ထဲမှာ ငါးပိရည်ဗူးလေးတွေ၊ ငါးပိချက်ဗူးလေးတွေထည့်လာပြီး မသိမသာထုတ်စားကြတယ်။ ဟင်းအမည် အနဲဆုံး ၄ မျိုးကျွေးတာသတိထားမိပေမယ့် ဟင်းတွေကို သေချာတောင် မမှတ်မိတော့ဘူး။ အားလုံးစားလို့အဆင်ပြေတယ်လို့ပဲ သတိရတော့တယ်။

ဥပုသ်နေ့ကလွဲပြီး နေ့စဉ်မနက် ၆ နာရီခွဲမှာ ကိုးပါးသီလပေးပါတယ်။ သီလခံယူပြီးမှ တရားမှတ်ကြရတယ်။ ၈ နာရီမှာ တရားဖြုတ်ပြီး ဆရာတော်ကြီးဆီကနေ ဩဝါဒခံကြရတယ်။ ၁၅ မိနစ်လောက် ဆုံးမစကားပြောပြီး တရားထိုင်တာနဲ့ပတ်သက်လို့ ထူးခြားတာတွေလျှောက်လို့ရတယ်။ ရေဦးဆရာတော်ကြီးနဲ့ကြုံရပြီး ဩဝါဒစကားတွေက အလွန်မှတ်သားစရာကောင်းပါတယ်။ ယောဂီတွေ ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာတွေ၊ တရားတက်အောင် ဘယ်လိုတရားမှတ်ရမယ်ဆိုတာတွေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ဩဝါဒပေးပါတယ်။ ငါအံ့ဩတာတစ်ခုက ယောဂီတွေ ဘာမှမလျှောက်ကြဘူး။ သူတို့တွေ လနဲ့ချီပြီးတရားထိုင်နေကြတာ ဘာလို့ ဘာမှပြောစရာမရှိဖြစ်နေတာလဲလို့ အံ့ဩမိပါတယ်။ ငါကတော့ အစပိုင်းမှာ ဘာမှလျှောက်စရာမရှိဘူးဆိုတော့ နားထောင်ရုံပါပဲ။ ၄ ရက်မြောက်နေ့ကျတော့ ငါကတရားထလျှောက်လိုက်တယ်။ တော်တော်အရဲစွန့်ပြီးတော့ ပြောရတာ။ အဲဒီအကြောင်းတွေကိုတော့ နင်နဲ့လူချင်းတွေ့တော့မှ ပြောပြတော့မယ်။

အဲဒါပြီးတော့ မနက် ၉ နာရီကနေ ၁ဝ နာရီအထိ တစ်ကြိမ် တရားထိုင်ရတယ်။ တစ်နာရီပဲထိုင်ရလို့ အဲဒီအချိန်ကို ငါတော့သဘောကျတယ်။ ပြီးတာနဲ့ ခဏနားပြီး ဆွမ်းစားရမှာလေ။ ဆွမ်းစားပြီးရင်လဲ ခဏနားဖို့အချိန်ရတယ်။ အိပ်တတ်ရင် နာရီဝက်လောက်အိပ်ချိန်ရပေမယ့် ငါတော့ မအိပ်တတ်ဘူး။ အိပ်ယာထဲမှာပဲ ခဏလှဲရင်း နားနေလိုက်တယ်။ တစ်ယောက်ထဲနေရတာ အရမ်းကောင်းတယ်။ နို့မို့ဆို စကားပြောမိနေတာနဲ့ သီလလဲပျက်မယ်။ နားချိန်လဲလျော့သွားမယ်လေ။ ဆရာတော်ကြီးက သီလပျက်ရင် တရားမတက်နိုင်ဘူးလို့ပြောတယ်။ သီလဆိုတာ ကာယကံ၊ ဝစီကံကို ထိန်းရတာမို့လို့ ရိပ်သာမှာ ကာယကံကိုထိန်းဖို့ လွယ်ပေမယ့် စကားပြောမိရင် ဝစီကံက ကျိုးဖို့သိပ်လွယ်တယ်တဲ့။ လိမ်ပြောနေမှ မုသားမဟုတ်ဘူးနော်။ ဖရုသဝါစာ ရုန့်ရင်းကြမ်းတမ်းတဲ့စကား၊ ကုန်းတိုက်တဲ့စကား၊ မနာလိုဖြစ်စေတဲ့စကား စတာတွေလဲ သီလပျက်တာပဲ။ စကားတွေကြောင့် စိတ်ကလဲ ဝိတက်တွေများလာလို့ တရားမှာ အနှောင့်အယှက်သိပ်ဖြစ်တယ်။ ငါကတော့ အခန်းတံခါးကို ဂျက်ချပြီးတော့နေတယ်။ ဘယ်သူတွေဘယ်လိုထင်ထင် ဂရုမစိုက်ဘူး။ နားချိန်မှာ စင်္ကြန်လျှောက်တာကောင်းပေမယ့် ထွက်မလျှောက်ဘူး။ အခန်းထဲတင် လျှောက်နေလိုက်တယ်။ အပြင်မှာ လူတွေများလို့ စကားပြောမိမှာစိုးရိမ်လို့။ ညနေပိုင်းခဏလောက်ပဲ ဂေါတမကစေတီဘက်ကို ခဏလျှောက်ပြီး ဘုရားသွားဖူးတယ်။ သစ်ပင်၊ ပန်းပင်တွေကြည့်တယ်။ ကောနာဂမနစေတီလေးကိုလဲ အဆောင်ထဲကနေ မြင်နေရတာ ကြည်ညိုစရာတော်တော်ကောင်းတယ်။ အဆောင်ရဲ့အနောက်ဘက်မှာ ကျိုက်ဒေးဝစေတီကိုလဲ တစ်ဝက်လောက် မြင်နေရတယ်။ အရမ်းတိတ်နေရင် ဆည်းလည်းသံလေးတွေကြားနေရတယ်။

တန်ဆောင်မုန်းလပြည့်မတိုင်ခင်နေ့တွေမှာ ပတ်ဝန်းကျင်က သိပ်ဆူညံတယ်။ ကျိုက်ခေါက်စေတီဘက်က အသံတွေကို အတိုင်းသားကြားနေရတယ်။ လော်စပီကာအသံတွေနဲ့ တောသီချင်းသံတွေက တရားထိုင်တာကို အနှောင့်အယှက်ဖြစ်လောက်အောင် ကျယ်လောင်လွန်းတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ကျော်လွန်အောင်ပဲ သတိနဲ့ထိန်းရတာပေါ့။ ငါ့အတွက်ကတော့ အဆင်ပြေတယ်ဟ။ သိပ်ပြီးတိတ်ဆိတ်နေရင် အိပ်ပျော်သွားတတ်လို့။ ဆူဆူညံညံလေးဆိုတော့ အိပ်မပျော်သွားပဲနဲ့ တရားကို ဇွတ်မှတ်နေလို့ရတာပေါ့ … တရားထိုင်ချိန်တွေမှာ ရောဂါဟောင်းဖြစ်တဲ့ ခါးနာဝေဒနာက ဒုက©ပေးတယ်။ ငါသိပ်မုန်းတဲ့ဒါဏ်ကြေဆေးကို ခါးမှာအမြဲတမ်းလိမ်းထားရတယ်။ အဲဒီဆေးအနံ့တွေကို ငါက အဖွားကြီးနံ့လို့ သတ်မှတ်ထားပြီး အိမ်မှာနေလို့ကတော့ ဘယ်တော့မှ မလူးဘူး။ တရားထိုင်ချိန်မှာ သက်သာအောင်သာ ကြိတ်မှိတ်ပြီး လူးထားရတာ။

နေ့တိုင်းတော့မဟုတ်ပေမယ့် ၉ ရက်မှာ ၃ ရက် ညနေပိုင်း ကြံရည်တိုက်တယ်။ ကြံတွေကို အဲဒီမှာတင်စက်နဲ့ကြိတ်တာလေ။ ကြံရည်တစ်ခွက်လောက်သောက်လိုက်ရတာ အားအင်ပြည့်သွားသလို ခံစားရလို့ ငါတော့ကြိုက်တယ်။ နေ့တိုင်းတိုက်စေချင်ပေမယ့် နွှာရတာ၊ ကြိတ်ရတာ မလွယ်လို့ နေ့တိုင်းမတိုက်နိုင်တာလို့ ထင်တာပဲနော်။

ဖတ်ရတာ ရှည်ပြန်ပြီထင်တယ် … နောက်တစ်ခါရေးပြီးရင်တော့ အပြီးသတ်လိုက်တော့မယ် …

9 comments

  • blackchaw

    November 15, 2011 at 12:24 pm

    မရှည်ပါဘူးဗျ။ ကိုယ်တွေ့လေးတွေရေးတာပဲ။
    တန်ဘိုးရှိပါတယ်။ စိတ်ရှည်လက်ရှည်ရေးမှ ဖတ်တဲ့
    ကျွန်တော်တို့လည်းနားလည်မှာပေါ့ နော။
    အတိုမချုပ်ပါနဲ့ ဗျာ။ ရေးလို့ကောင်းတယ်
    လက်တွေ့တယ်ဆိုရင် လက်ကိုလွှတ်ရေးပါဗျာ။
    ကျွန်တော်တို့ကလည်း စိတ်ကို လွှတ်ဖတ်ပါမယ်။

    • weiwei

      November 15, 2011 at 12:32 pm

      ရေးစရာတွေက နာကြားခဲ့ရတဲ့ တရားတွေနဲ့ စိတ်ထဲမှာခံယူမိတဲ့အသိတွေပဲ ကျန်တော့တာမို့ အဲဒါတွေသာရေးရင် ဆုံးမှာမဟုတ်တော့ဘူး …
      တရားနာရတာလဲ နေရာနဲ့အချိန်ပေါ်မူတည်ပြီး ခံယူနိုင်အားကွာခြားပါတယ် … အဲဒီအချိန်တုန်းက ကျွန်မစိတ်က ကြည်လင်ပြီး ကုသိုလ်စိတ်နဲ့နာကြားတော့ ကြားဖူးပြီးသားတရားတွေဖြစ်ပေမယ့် ရင်ထဲကို လေးလေးနက်နက်ဝင်ပါတယ် … မှတ်လဲမှတ်မိပါတယ် … ဒါပေမယ့် သာမန်အချိန်မှာဆိုရင် အဲဒီလိုဖြစ်မှာမဟုတ်ပါဘူး … အဲဒါကြောင့် အဲဒီအပိုင်းတွေကိုတော့ ကျော်လိုက်ပါတော့မယ် ….

  • ဆူး

    November 15, 2011 at 1:04 pm

    အထိုင်ကြာရင်တော့ ဝေဒနာကတော့ တက်တာပဲ.. ဆူးတော့ ဝေဒနာကို အမှတ်နဲ့ မကျော်နိုင်သေးဘူး။
    ပြောရရင် လိုအပ်ချက်တွေ အများကြီး ကျန်နေသေးတယ်။

  • MaMa

    November 15, 2011 at 2:59 pm

    ကိုယ်နေထိုင်တဲ့ အကျင့်စရိုက်နဲ့ မတူတော့ ရိပ်သာမှာ နေထိုင်စားသောက်ရတာ အဆင်ပြေလား။ ပြန်ရောက်တော့ရော နေထိုင်စားသောက်တဲ့ ကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်မသွားဘူးလား။
    တို့ကတော့ သတ်သတ်လွတ်ဟင်းကို ကြိုက်တယ်။ သံလျှင်ဖားအောက်ကို တစ်ခေါက်ရောက်တုန်းက စားခဲ့ရတဲ့ သတ်သတ်လွတ်ဟင်းတွေကို သတိရတယ်။
    ဝေဝေရေးတဲ့စာကိုဖတ်ပြီး အဲဒီက ရှု့ခင်းလေးတွေ အသံတွေကိုတောင် မြင်ယောင်ကြားယောင်လာတယ်။

  • fatty

    November 15, 2011 at 3:58 pm

    နေမကောင်းတော့ ဂေဇက်ကို ခဏဘဲဝင်ကြည့်ဖြစ်တယ်။
    ခဏထဲမှာမှ kai တင်တဲ့ post နဲ့ ဒီ post နှစ်ခုကိုဘဲရွေးဖတ်ဖြစ်ပါတယ်။
    ရိပ်သာဝင်တဲ့တရားအတွေ့အကြုံများကို မကြာမကြာပြန်ပြီး စိတ်နဲ့သတိရတဲ့ အကျင့်လေးလုပ်ပေးပါ။
    အထူးသဖြင့် အိပ်ရာဝင်တဲ့အခါ အိပ်ရာထဲမှာပေါ့ ….။ အကျိုးများတာတွေ့ရမှာပါ။

    • ကြောင်ကြီး

      November 16, 2011 at 12:10 pm

      ဦးဖက်ရေ… ဆေးလည်းသောက်၊ ကိုယ်လက်လေ့ကျင့်ခန်း တခုခုလည်း စွဲစွဲမြဲမြဲလုပ်ပေးဗျ။ ဥပမာ – မနက်စောစော လမ်းလျောက်တာမျိုးပေါ့။
      အန်တီဝေပြောတာ သမထဘာဝနာ ကိုးရက်လို့ ပါတယ်နော်။ ရိပ်သာက တမင် သမထစခန်းဖွင့်ပေးတာလား ဒါမှမဟုတ် အန်တီဝေက ရက်အပြည့် မဝင်နိုင်လို့ ရှေ့ပိုင်းလေးတင် ဖြတ်ဝင်တာလား။။။။

      • weiwei

        November 16, 2011 at 9:11 pm

        ဖားအောက်ရိပ်သာက တစ်နှစ်ပတ်လုံး အမြဲတမ်းရိပ်သာပါ … ဘယ်အချိန်ဝင်ဝင် တရားထိုင်နေရုံပဲ .. သမထဘာဝနာကို စတုတ္ထဈာန်အထိရပြီးမှ ဝိပသနာကို ကူးတာဆိုတော့ တော်ရုံယောဂီက ဘယ်ရမလဲ … လပေါင်းများစွာ ဆက်တိုက်နေနိုင်မှသာ သောတာပတ္တိမဂ်ကို ရနိုင်မှာဖြစ်ပါတယ် … ကျွန်မက သမာဓိရရုံ .. ကုသိုလ်ရရုံလေးပဲ လုပ်နိုင်ခဲ့ပါတယ် …

        • ကြောင်ကြီး

          November 17, 2011 at 12:35 pm

          အဲဒါတော့ သဘောမတူဘူး အန်တီဝေ။ တရားအဆင့်ကို အချိန်ကာလနဲ့ ဆုံးဖြတ်လို့မရဘူး။ တရားအလုပ်ကိုတော့ အချိန်ကာလနဲ့ ပြေလို့ရနိုင်တယ်။ အန်တီဝေပြောနေတဲ့ ဘယ်လောက်ကြာရင် ဘယ်ဈာန်၊ ဘယ်ညဏ်ဆိုတာ ပါရမီပေါ် အများကြီး မူတည်တယ်။ မဖြစ်တာကို အချိန်ကာလနဲ့ ပြောလို့ရတယ်။ ဖြစ်လာမှာကိုတော့ အချိန်နဲ့ကြည့် ပြောလို့မရဘူး။ ထပ်ပြောချင်တာ ဈာန်တို့၊ ညဏ်တို့ဆိုတာ အဲသလောက် မလွယ်ဘူး။ သမာဓိဖြစ်ကောင်းတယ်၊ ဝိပဿနာညဏ် ဖြစ်ကောင်းပါမယ်။။။။။

        • weiwei

          November 17, 2011 at 2:56 pm

          အချိန်ကာလကို သတ်မှတ်ပြီးပြောချင်လို့မဟုတ်ပါဘူး … သူ့ဉာဏ်နဲ့သူ သူ့ကံနဲ့သူ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး … အဲဒီမှာကြုံခဲ့မြင်ခဲ့ရတဲ့ အတွေ့အကြုံအရ (သူများပြောတာလဲပါတာပေါ့) … အချိန်နဲနဲလေးနဲ့တော့ သမထဈာန်တွေ မရနိုင်တာကို သိခဲ့ရလို့ပါ … ဉာဏ်ဆိုတာကတော့ ဉာဏ်ကောင်းရင်ကောင်းသလို အတိတ်ကပါရမီပါရင် ပါသလို အချိန်သတ်မှတ်လို့မရနိုင်ဘူးပေါ့ …
          ဖားအောက်ရိပ်သာက တရားနဲ့ပတ်သက်ရင်တော့ ကျွန်မကိုယ်တွေ့အလွန်နဲလို့ မဆွေးနွေးနိုင်သေးပါဘူး …

Leave a Reply