ကြောင်ကြောင်တွေး၊ကြောင်ကြောင်ရေး

ကြောင်လေးNovember 26, 20111min34413

မင်းညီနောင်ဝပ်ရှော့ပိ်တ်ချင်ပြီ ။

 

ဗိုလ်ကြောင်ဒင်ပြန်လာပြီ ရေးတုန်းက ကျနော် ကျေးညီအမရယ် ဒီခေါင်းစဉ်ရယ်ရေးဖို့ရှိတယ်လို့ပြောခဲ့ပါတယ် ။ကျေးညီအမ ကတော့ရေးပြီးသွားလို့ အခုဒီခေါင်းစဉ်လေးရေးလိုက်တာပါ။ ဒီအကြောင်းဟာ ရွာထဲမှာဖတ်လိုက်ရတဲ့ လိုင်းကားတွေ  ရောက်ချိန်မမေးရတဲ့ အကြောင်းလေးနဲ့ဆက်စပ်ပါတယ်။​ သရဲလိုက်ခံရတဲ့ကြောင်လေးထဲက ဝက်အူချောင်းနဲ့လဲပတ်သက်နေပါတယ်။

++++++++++++++++++

ငယ်ငယ်က ကက်ဆက်ခွေဇာတ်လမ်းထဲမှာနားထောင်ခဲ့ဘူးတာ……………

ရှေးအခါက ပင်လယ်ထဲမှာနိုင်ငံခြားတိုင်းပြည်က သင်္ဘောတစ်စီးပျက်ပြီးတော့ လူငယ်နှစ်ယောက်ကမ်းခြေကိုမျောလာတယ်၊ရခိုင်ကမ်းခြေဘက်ကိုရောက်လာတဲ့ ဘင်္ဂါလီ ညီအကိုဖြစ်မှာပါ။ရသေ့တစ်ပါးတွေ့ ုလို့ ကယ်ထားလိုက်တယ်။ဗျတ်ဝိ နဲ့ ဗျတ္တ လို့အမည်ပေးလိုက်တယ်။   တနေ့ ရသေ့ကြီးခရီးသွားတော့ ညီနောင်နှစ်ယောက်ဟာ ရသေ့ကြီး သိမ်းထားတဲ့ ဇော်ဂျီဖိုဝင်သား(ဘယ်လိုဟာလည်းတော့မသိ) ဆိုတဲ့ ဟာကြီးကိုစားမိသွားပြီးအစွမ်းတွေ ထက်လာတယ်။ ဗျတ်ဝိဟာ သဂျီး(ဂေဇက်က သဂျီးမဟုတ်ပါ) သမီး မယ်အိုဇာဆိုတာနဲ့ကြိုက်တယ်၊ သဂျီးကသဘောမတူ၊ သူ့လူတွေနဲ့ဝိုင်းဖမ်း ကြိုးစင်မှာ ချီပြီးသတ်တယ်၊သတ်လို့မရ၊ မယ်အိုဇာလာကျွေးတဲ့ ကွမ်းတစ်ယာနဲ့ ရေတမှုတ်ကိုသောက်ရရင် ဖြင့်သေပျော်ပါပြီလို့ ပြောတာကို ကြားတဲ့သဂျီးတပည့်က ပြန်ပြောတော့ သဂျီးက သူ့သမီးကိုတဖက်လှည့်နဲ့ ခိုင်းလိုက်တော့မှ ဗျတ်ဝိလည်းမာန်လျော့လိုက်လို့သတ်လို့ရသွားပါတယ်။(အဆိတ် ခပ်သတ်လိုက်တာများလားမသိ။) ဗျတ္တကတော့ ပုဂံနေပြည်တော်ကိုရောက်သွားပြီး ပန်းဆက်သမားအလုပ်ရသွားတယ်။ ပုပ္ပါးတောင်ပေါ်က ပန်းတွေသွားခူးရင်း မယ်ဝဏ္ဏဆိုတဲ့ ဘီလူးမနဲ့ညားတယ်။ (အရုပ်ဆိုးလွန်းအားကြီးလို့ ဘီလူးမဆိုပြီး ဇာတ်ဆရာတွေ ကွန့်တာဖြစ်မှာပါ။ သူတို့ညီအကိုတော်တော်ကံဆိုးရှာပါတယ်၊ တစ်ယောက်က ကြိုက်လိုက်တာ နာမည်ကိုက မအိုဇာ ရုပ်ကဘယ်လိုနေမယ်မသိ။   နောက်တစ်ယောက်ကြိုက်တော့လည်းဘီလူးမတဲ့။)  ဗျတ္တနဲ့ မယ်ဝဏ္ဏညားပြီး သားနှစ်ယောက်မွေးပါတယ်။ ရွှေဖျင်းညီနောင်လို့အမည်တွင်ပါတယ်။ သူ့ အဖေ လိုပဲအစွမ်းတော်တော်ထက်တယ်လို့ဆိုပါတယ်။(သူ့အဖေအစွမ်းတွေပါလာသလား၊ သူ့အဖေဖွက်ပြီးချန်ထားတဲ့ ဟိုအသားကိုသားနှစ်ယောက်ကိုကျွေးလိုက်သလားမသိပါ) အနော်ရထာဘုရင် ထံမှာ အမှုတော်ထမ်းပါတယ်။ ဘုရင်ကမြှောက်စားပါတယ်။ မှူးကြီးမတ်ရာ မင်းညီမင်းသားတွေက မနာလိုပါဘူး။ ဘုရင်ကြီး ဘုရားတည်ပါတယ်။ မင်းညီမင်းသား အမှုတော်ထမ်းအားလုံးအုပ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ကုသိုလ်ယူရမယ်လို့ အမိန့်တော်မှတ်ခွဲတမ်းချပါတယ်။ ညီနောင်နှစ်ပါး တာဝန်မကျေပါ၊အုပ်နှစ်ချပ်လွတ်နေပါတယ်။ (သူတို့ ကိုမကျေနပ်ကြတော့ ဒီအုပ်နှစ်ချပ်လောက်ကိုဘယ်သူမှဝင်မဖြည့်ပဲ ဘုရင်ကိုတိုင်ပြီး   ချောက်တွန်းလိုက်တယ်)။ ဘုရင်က ဒီကလေးတွေ ကိုချစ်တော့ အပစ်ပေါ့ပေါ့ပေးလိုက်တယ်။ ရွှေဖော့ရိုးနဲ့ ရိုက်ပြီးဆုံးမစေဆိုတဲ့အမိန့်ပါ။ အဲဒီအမိန့်က ဘယ်လိုကနေဘယ်လိုပြောင်းသွားသလဲမသိ၊ လယ်မျို ကိုတုတ်တိုနဲ့ ရိုက်သတ်စေဖြစ်သွားပြီး ညီနောင်နှစ်ပါးလည်း မာလကီးယားသွားပါတယ်။

တနေ့ အနော်ရထာဘုရင်ကြီးဖောင်စင်္ကြာနဲ့ တိုင်းခန်းလှည့်လည်ရာမှာ   ဖောင်ကသစ်ငုတ်နဲ့ညိနေသလားမသိထွက်လို့မရပါဘူး။ အမတ်တွေ ကရွာသူနှောက်ယှက်တယ်၊ဘာဖြစ်တယ်၊ညာဖြစ်တယ် ဝိုင်းပြီးလျှောက်တင်ကြတယ်။ အနော်ရထာဆိုတာ နှယ်နှယ်ရရ ဘုရင်မှ မဟုတ်ပဲ။ ဖောင်စင်္ကြာတို့၊ ကြိမ်စင်္ကြာတို့ဆိုတာကိုပိုင်ဆိုင်ထားတာပဲ။ အဲဒီတော့  ငါလိုဘုရင်တစ်ပါးကို ဘယ်သဘောက်မသားကနှေက်ရှက် ဝံ့သလဲဆိုပြီး ဖောင်တော်ဦးကို ကြိမ်စင်္ကြာနဲ့ သမပါတော့တယ်။

ဒီနေရာမှာ လူရွှင်တော်တွေရဲ့ပျက်လုံးလေးသတိရတယ်။ တယာက်က ပုံပြင်ပြော၊ တယောက် က အင်္ဂလိပ်လိုဘာသာပြန်ပေးရတာ။ အနော်ရထာဘုရင်ကြီးဟာ ပုဂံပြည်ကြီးကိုဖောင်စင်္ကြာနဲ့ တိုင်းခမ်းလှည့်လာပါတယ်ဆိုတာကို ဘာသာပြန်သူက  King အနော်ရထာ   In ပုဂံပြည်ကို၊ လှည့် by the ဖောင်စင်္ကြာ။ ဘုရင်ကြီးက ကြိမ်စင်္ကြာနဲ့ ရိုက်လိုက်ပါတယ် ဆိုတာကို  ရိုက် King the   ကြိမ်လုံး။ ရွှေဖျင်းညီနောင်ဟာ ဖောင်တော်ဦးမှာ ဒူးတုတ်လျှက်ပေါ်လာပါတယ် ဆိုတာကိုတော့   and the……..   ရွှေဖျင်းညီနောင် and the………    ဖောင်တော်ဦးမှာ  and the…………..     ဒူးတုတ်လျှက်ပေါ်  ဆိုပြီးပြောတော့ တခြားလူရွှင်တော်တွေက စက္ကူလိပ်နဲ့ ဝိုင်းရိုက်ကြပါတော့တယ်။

ရွှေဖျင်းညီနောင်ဖောင်တော်ဦးမှာပေါ်တော့မှ နတ်စိမ်းဖြစ်မှန်းသိ၊ ညီနောင်ကိုချစ်ကြတဲ့   ပြည်သူတွေက ဘုရင်ကြီးကိုသတ်မိန့်ပေးတယ်ဆိုပြီးမကျေနပ်ဖြစ်၊ တိုင်းပြည်ထဲမှာ ဆူညံပူညံ တွေဖြစ်တော့မှ ဘုရင်ကြီးက ညီနောင်နှစ်ပါးကို နယ်မြေအပိုင်စားပေးပြီး တိုင်းသူပြည်သားတွေက နတ်အဖြစ် ကိုးကွယ်ခွင့်ပေးလိုက်တယ်လို့ဆိုပါတယ်။ ညီနောင်နှစ်ပါးလည်းကိုးကွယ်ခံနတ်စိမ်းဖြစ်လာပါတော့တယ်။   (ဒါက ဇာတ်အဖြစ်ဖန်တီးထားတာပါ။)

××××××××××××××××××××××××××××××××

ကျနော် ခရိုင်မြို့ကို သွားပါတယ်၊ စက်ပစ္စည်းတွေသွားသယ်တာပါ၊ ပစ္စည်းတွေပါတော့ ဆိုင်ကယ်ယူမသွားပဲလိုင်းကားနဲ့ပဲသွားလိုက်ပါတယ်။ ပြန်ကာနီးကားပေါ်မှာ ထိုင်နေချိန်မှာ သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး လက်ဆောင် တွေ လိုက်ပေးပါတယ်။ အိတ်ကိုမြင်ကတည်းက ဝက်အူချောင်းမှန်းသိပါလျှက်နဲ့ ကျနော်ကလည်း မူပြီးတော့ ဟာဟေ့ကောင်၊ လက်ဆောင်တွေဘာတွေလုပ်မနေပါနဲ့ မယူပါဘူး၊ မင်းဟာကဘာတွေလည်း လို့မေးလိုက်တော့၊သူငယ်ချင်းက တို့မြို့ ကထွက်တဲ့ ဝက်အူချောင်းကွ စားကြည့်လိုက်ဦး အရမ်းကောင်းတာလို့ပြောပြီးထိုးပေးလို့ မင်းကလည်းကွာအားနာစရာကြီးလို့ပါးစပ်ကလည်းပြော လက်ကလည်း ကျွတ်ကျွတ်အိတ်ကိုလှမ်းယူလိုက်ပါတယ်။ စိတ်ထဲကတော့ အိမ်ပြန်ရောက်ရင် ချီတို လေးနဲ့ တို့တို့ပြီး ဝီလေးနဲ့ မြည်းလိုက်မယ်လို့ တွေးပြီးပျော်နေတာပေါ့။ အပျော်မဆုံးလိုက်ပါဘူး၊ ကားစပယ်ယာ ကပြေးလာပြီး။ အကိုအကို ကျနော်တို့ ကားက ဝက်သားမတင်ရဘူး၊ လို့ပြောပါတယ်။  ဘာဖြစ်လို့လဲ မင်းတို့အုန်နာငါသိသားပဲ၊ ကုလားမှ မဟုတ်တာ။  ဆိုတော့ ကုလားမဟုတ်ပေမဲ့ စက်ပစ္စည်းနဲ့ပတ်သက်တဲ့ ယာဉ်တော်တော်များများ ဝက်သားကိုရှောင်ကြတယ်၊ကျနော်တို့ပိုုင်ရှင်တောင် ကားလုပ်မှ ဝက်သားမစားတော့ဘူး ဆိုပြီးသူသိသလောက်ပြောပါတယ်။  ကျနော်ကလည်း လက်ထဲရောက်နေတဲ့ ဝက်အူချောင်ထုပ်ကိုပြန်မပေးချင်တာနဲ့  ဟ ဒါဆို ဝက်တင်တဲ့ ကားတွေ ဘယ်လိုလုပ်မလဲ၊ ကားလုပ်လို့ ဝက်သားမစားရကြေးဆို တရုပ်ကြီးတွေ ကားပိုင်တာဘယ့်နှယ်လုပ်မလဲဆိုတော့။

အဲဒါတော့မသိဘူးဆရာ ၊ လမ်းမှာကားတခုခုဖြစ်လို့ ဝက်အူချောင်းပါလာတာသိရင် ဒရိုင်ဘာနဲ့ အုံနာ ကျနော့ကိုအလုပ်ထုတ်ပစ်လိမ့်မယ်။ ဘေးကလူတွေလဲ အကိုမှာဝက်အူချောင်းပါလာတာသိနေကြတယ်ဆိုပြီးပြောလို့ ဘေးဘီကို   ဝေ့ကြည့်လိုက်တော့ ကျနောကို မကြည် ကြည့်နဲ့ ကြည့်နေကြတဲ့သူတွေအများကြီး။ အဒေါ်ကြီးတစ်ယောက်က ဟုတ်သားပဲသားရယ် သားတစ်ယောက်အတွက်နဲ့ ကားတစ်စီးလုံ ဒုက္ခရောက်ရင် မကောင်းပါဘူး၊ လို့ ကျနော်ကိုပြောပြီး ကားအောက်က သူငယ်ချင်းကိုလည်း  သားကလည်းပေးချင်ရင်နောင်မှ သင်္ဘေားစီးမဲ့ လူကြုံနဲ့ ထည့်ပေးလိုက် ဟုတ်ပလား အခုတော့ ပြန်ယူသွားလိုက် လို့ပြောပြီး ကျနော့ဘက် တခါလှည့်ပြီး ကဲသားပြန်ပေးလိုက် ပြန်ပေးလိုက် လို့ ပြောတော့ ယောင်နန ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပေးလိုက်ရပါတယ်။ ညကျရင် အမြည်းလုပ်မယ်လို့ စဉ်းစားထားတာ  ပြန်ပေးရမယ်ဆိုတော့ စိတ်ထဲကတော့တော်တော် တင်းနေပါတယ်။

မြို့ပြန်ရောက်တော့ ပစ္စည်းတွေကိုဆိုက္ကားနဲ့ ရုံးကိုပို့ခိုင်းပြီး လဘက်ရည်ဆိုင်ထိုင်ရင်း အပေါင်းအသင်းတွေကို ဒီအကြောင်းပြောမိပါတယ်။ အပေါင်းအသင်းထဲမှာ ကုန်ကားလုပ်တဲ့သူတွေပါတော့၊ သူတို့ကလည်း အဲဒါဟုတ်တဲ့အကြောင်း၊ သူလဲ ကားလုပ်မှ အိမ်မှာဝက်သားမစားတော့တဲ့အကြောင်း၊ သူစားချင်ရင် အပြင်ဆိုင်မှာ စားကြောင်း ၊ ဒါပေမဲ့ ဝက်သားစားရင်တခုခုဖြစ်တယ်ထင်လို့ အခုသူဝက်သား မစားတော့ကြောင်းပြောပါတယ်။ ကျနော်လည်း စပယ်ယာလေးကိုပြောတဲ့အတိုင်း ဝက်တင်ကားနဲ့ တရုပ်ကြီးကားဘယ့်နှယ်လုပ်မလဲ၊ ကားလုပ်ငန်းမလုပ်ခင်က ခင်ဗျားတို့မိသားစုဝက်သားစားတယ်မလားလို့ မေးတော့ ။ ဟုတ်တယ်ကျနော်ကားလုပ်တော့အမေက စက်နဲ့ ပတ်သက်တဲ့ယာဉ် တွေကို မင်းကြီးမင်းလေးကို အပ်ရတယ်ဆိုပြီးအပ်ထားကြောင်း၊ မင်းကြီးမင်းလေးကိုလဲ အိမ်မှာကိုးကွယ်ထားရကြောင်း၊  ဒါကြောင့် ဝက်သားမစားတော့တာဖြစ်ကြောင်း၊ တရုပ်တွေကတော့မသိဘူး၊ကျနော်တို့ ဗမာတွေ တော်တော်များများကတော့ ကားကိုမင်းညီနောင်အားအပ်ကြကြောင်း ပြောပါတယ်။အခြားကားသမားတွေကလည်း ဟုတ်ကြောင်းထောက်ခံကြတယ်။

ညရောက်တော့ မိတ်ဆွေနှစ်ယောက်နဲ့ ဆိုင်သွားထိုင်ရင်း ဒီအကြောင်းဆွေးနွေးပါတယ်။ ဒီမင်းညီနောင်နဲ့ စက်ယန္တရားတပ်တဲ့ ယာဉ်နဲ့ ဘယ်လိုပတ်သက်သွားသလဲ၊ အနော်ရထာစီးတဲ့ဖောင်ကို သွားတားထား တာနဲ့ ပတ်သက်နေမလား၊ အနော်ရထာ ခေတ်တုန်းကမြန်မာပြည်က ဖောင်မှာ စက်တွေတပ်ထားပြီလား၊ အနော်ရထာရဲ့ဖောင်ကို မင်းညီနောင်က တကယ်နှောက်ရှက်တာ ဟုတ်ပါ့မလား၊ နတ်ကိုးကွယ်မှုကိုလိုက်နှိန်နင်းပါတယ်ဆိုတဲ့ အနော်ရထာက ကော၊ ဒီမင်းညီနောင်ကို ကျမှနတ်အဖြစ်ကိုးကွယ်ကြလို့ဆိုပြီးပြောတယ်ဆိုတာ   ဖြစ်နိုင်ပါ့မလား၊ ကားတွေဟာ မင်းညီနောင်ကို ကိုးကွယ်ရင် တကယ်ပဲအန္တရာယ်ကင်းသလား၊ ဝက်သားတင်ရင် တကယ်အန္တရာယ်နဲ့တွေ့ သလား စတာတွေကို အာဘောင်အာရင်းသန်သန်နဲ့   ဆွေးနွေးငြင်းခုန်ကြရင်း အတော်များသွားပါတယ်။   ၁ဝ နာရီကျော်တော့ ဆိုင်ကကောင်လေးက ဆိုင်ပိတ်တော့မှာဖြစ်ကြောင်းလောပြောတော့မှ   ဆွေးနွေးခန်းကိုရပ်လိုက်ကြပါတယ်။ အဖြေကတော့ တိတိကျကျထွက်မလာပါဘူး။ အိမ်ပြန်ရောက်တော့ ထမင်းစားပြီး ကွန်ပျူတာရှေ့ထိုင်ပါတယ်။လူကတော့ သိပ်မဟန်တော့ပါဘူး၊မျက်လုံးကိုမနဲဖွင့်ကြည့်နေရပါတယ်။ ဒီလိုနဲ့ အိမ်ရှေ့ ကတံခါးခေါက်သံကြားလို့ ညကြီးအချိန်မတော် ဘယ်သူများလဲလို့ တံခါးသွားဖွင့်ပေးလိုက်တော့ အိမ်ရှေ့မှာ အသက်တော်တော်ကြီးကြီး လူကြီးနှစ်ယောက်ရောက်နေပါတယ်။ သူတို့စီးလာတဲ့ယာဉ်ကိုကြည့်လိုက်တော့   ရှေ့က သုံးဘီးဆိုင်ကယ်လို မျိုးဖြစ်ပြီးနောက်ကတော့ တရုပ်ကားတွေမှာေ တွ့ရတဲ့မြင်းလှည်းလိုမျိုးပါ၊ အဆင်တံဆာတွေကလည်းထူးဆန်းနေပါတယ်။ ဘာကိစ္စများရှိလို့လည်းလို့မေးတော့ တစ်ယောက်က ပြန်ပြောပါတယ်၊                    သူ့အသံ က တမျိုးပါ၊ ဂြိုလ်သာတွေပြောသံလိုလို စက်ရုပ်ပြောသံလိုလို၊ တီတီတီ၊တစ်တစ်တစ်လိုလို  တွီတွီ၊တွစ်တွစ်လိုလိုနဲ့ပါ။  ဒါပေမဲ့ဒီစကားကို ကျနော်နားလည်နေပါတယ်။ သူပြောတာကတော့ သူတို့တွေဟာ   ရွှေဖျင်းကြီးရွှေဖျင်လေးခေါ်တဲ့မင်းညီနောင်ပါတဲ့၊ လူတွေက သူတို့ ကို ကားတွေအတင်းအပ်လို့ သူတို့မှာ မိုဘိုင်းဝပ်ရှော့ဆရာတွေဖြစ်နေပါတယ်တဲ့။ သူတို့ကားတွေလမ်းမှာတစ်ခုခုဖြစ်ရင် ပင့်လို့လိုက်ပြီးဆောင်ရွက်ပေးနေရတာပါတဲ့၊ ကားပညာကိုလည်းဒီလောက်မတတ်ပါဘူးတဲ့။ သူတို့လာပင့်လို့ လိုက်သွား ပြီးတော့ သူတို့ ပြင်နေတာ ၊ပြောနေတာ ဘေးကကြည့်ရင်းနားထောင်ရင်းနဲ့ မျက်စေ့ရည်နားရည် ဝလာတာပါတဲ့။ အခုတော့ သူတို့ညီနောင်လဲ အသက်တွေ တအားကြီးလာလို့   နေရာတကာမလိုက်နိုင်တော့ကြောင်း၊ အခု ကားအသစ်တွေ တင်သွင်းခွင့်ပြုလိုက်တော့ နောက်သွင်းလာတဲ့ကားတွေဟာ နည်းပညာအရမ်းမြင့်လာတော့ သူတို့နားမလည်တော့ကြောင်း၊ ဒါကြောင့် သူတို့ လည်းအနားယူချင်ပြီဖြစ်ကြောင်း၊ လူတွေကိုပြောပြလိုက်ပါဆိုပြီး ပြောပါတယ်၊ ကျနော်လည်းသူတို့ပြောတာ ကိုကြောင်ပြီး နားထောင်နေမိပါတယ်။  အဲသလို ပြောပြီးသူတို့ရဲ့ယာဉ်ပေါ်ကိုတက်ပြီးစက်နှိုးလိုက်ပါတယ်။ သူတို့စက်ရဲ့ သံ က ခပ်စူးစူး တီ တီ လို့ တချက်ခြင်း မြည်နေရာကနေ တ ီတီ တီ တီ ဆိုပြီးဆက်တိုက်မြည်လာတဲ့အတွက် ကျနော်သတိရပြီး ကြည့်မိလိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေပြီး ကွန်ပျူတာကထွက်တဲ့အလင်းရောင်သာရှိပါတယ်။

ကျနော်ကတော့ ကွန်ပျူတာကီးဘုတ်ပေါ်မှာမှောက်ရက်သားကြီးဖြစ်နေပါတော့တယ်။

 

လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။(ရွာသူားများလေသံ)

လေးစားစွာဖြင့်

ကြောင်လေး။

 

 

13 comments

  • windtalker

    November 26, 2011 at 9:42 pm

    အင်း..စမောကတ် ဆီကို
    အရှေ ့ကျွန်း ဇာဇာ့ ဆီကနေ
    ကား ယူဆာမန်နျူရယ် တွေ ၊ အင်ဂျင် ကတ်တလောက်တွေ
    ပို ့ခိုင်းဖို ့ပြောဦးမှ
    ဒါမှ…
    မင်းနှစ်ပါး ဆက်လက် တာဝန်ထမ်းဆောင်နိုင်ဖို ့
    စမောကတ် က ကူညီပေးနိုင်မှာ
    နော…
    🙂

  • koyinmaung

    November 26, 2011 at 10:18 pm

    အမယ်..တို့နိုင်ငံက ကားတွေကို မင်းကြီးမင်းလေးအပ်တယ်….
    တရုတ်ပြည်မှာလဲဘာကိုအပ်လဲတော့မသိ ကားအသစ်ဝယ်လာယင်
    ကားခေါင်းမှာအလံတွေတပ်အမွှေးတိုင်ထွန်းရွှေစက္ကူမီးရှို့ ဗျောက်အိုး
    အတွဲလိုက်ဖေါက်တော့တာပါဘဲ…..စက်ရုံထဲမလဲနတ်စင်လေးနဲ့
    (ထေားလီကုန်း)နတ် လို့ခေါ်ပါတယ်ထင်ပါတယ် လစဉ်မုန့်ပဲသရေစာ
    နဲ့ကန်တော့တာတွေ့နေရတယ်….
    ယုံကြည်လို့ကိုးကွယ်ယင် ထမ်းလက်တောင်အသက်ရှိတယ်လို့
    ပြောကြတယ်မဟုတ်လားကိုကြောင်လေးရေ….

  • ကိုရင်စည်သူ

    November 26, 2011 at 10:26 pm

    အမလေး.. ကကြောင်လေးရယ်..
    ကွန်ပျူတာကီးဘုတ်ပေါ်မှာ မှောက်လျက်သားကြီး
    ဖြစ်နေလို့ တော်သေးရဲ့…
    အဟွင်း … အဟွင်း… 😛 😛

  • naywoonni

    November 26, 2011 at 10:36 pm

    ကားပေါ် ဝက်သားမတင်ရဘူး ဘာဖြစ်လိမ့်မယ် ညာဖြစ်လိမ့်မယ်ဆိုလို့ကတော့ ဝက်တွေ အကောင်လိုက်တင်လာတဲ့ကားတွေကြ ဘာမှမဖြစ်ပါလား…။ ဘာဖြစ်သွားတယ်လို့လည်းမကြားဖူးပါဘူးနော်…။ ရှမ်းပြည်တောင်ပေါ်လမ်းတွေ ဒီအတိုင်းသွားလာနေကြတာ…။ နော့ အယူသည်းတယ်ဆိုလည်း ကြည့်ကျက်သည်းကြပေါ့…။
    တစ်ခုတော့ရှိတာပေါ့…။ လူတော်တော်များများက ပိုက်ဆံပုံမှန်ရင် အယူသည်းတတ်တယ်…။ ပိုက်ဆံပုံပေးမဲ့သူနဲ့တွေ့ရင်တော့ ဘာမှအယူမသည်းတတ်တော့ဘူး..။ လောဘဇော တိုက်တော့တာပဲ…။

  • small cat

    November 26, 2011 at 10:47 pm

    ကိုနေပြောသလိုဆို အဲဒီဝက်တင်တဲ့ကားပိုင်ရှင်က မင်းညီနောင်ကိုလတ်ထိုးထားလို့ မင်းညီနောင်က ဘာမှ မလုပ်ပဲ ခွင့်ပြုထားတာထင်တယ်။ အယူသည်းတဲ့အကြောင်းအခုပဲ ဟိုဘက်ကမဝေရဲ့ ပို့စ် မှာ ဝန်မန့်ခဲ့သေးတယ်။

  • TTNU

    November 26, 2011 at 10:49 pm

    ကြောင်လေးရေ…
    တီချာ့ယောင်းမတစ်ယောက်ရှိတယ်။နတ်အကုန်ယုံတယ်။ မန ္တလေးခရီးသွားရင်း
    ဝင်လာတော့ တီချာ့မောင်လေးတို့ အိမ်က အပြန်ထမင်းချိုင့်ထည့်ပေးတာ
    ဝက်သားပါလို့ဆိုပြီး ဂွီဂွမ်လုပ်နေတာ။ တီချာက “အေးအေး ယောင်းမတို့ထည့်မသွားချင်ရင်
    အိမ်ထားခဲ့၊ ထည့်ပေးတဲ့ သူတွေ စိတ်မကောင်းဖြစ်နေမယ်” ဝင်ပြောရတယ်။ ကိုယ်လည်းဟင်း
    စားလိုက်ရတာပေါ့အေ။

    ယုံကြည်လို့ ကိုးကွယ်တာပေမဲ့… ဘာကိုယုံတာမှန်းသူတို့ကိုယ်သူတို့မသိတာ…
    ကြောက်လို့ နတ်ကိုင်မှာစိုးလို့ ဆိုတာကပိုများနေတာလေ။
    ငယ်ငယ်တုန်းက ကြီးဒေါ်တွေက ” ဟဲ့ နတ်ကိုင်လိမ့်မယ်” လို့ပြောရင် တီချာက
    ” လက်စွပ်ဆွဲချွတ်ယူလိုက်မှာပေါ့” လို့ ပြန်ပြောလို့ အရိုက်ခံရဖူးတယ်။

    ကြောင်လေးရေ.. အရှင်ဇနက္ကာဘိဝံသ မိန့်ကြားဖူးသလိုပေါ့..
    “လူတွေက ဘုရားပန်းညှိုးမှာထက် နတ်စင်ကနတ်ပန်းညှိုးမှာစိတ်ပူနေကြတာ” တဲ့။

  • thit min

    November 26, 2011 at 11:40 pm

    ကားနဲ့ ပတ်သက်ရင်တော့ နတ် က လိုကိုလိုတယ်။
    အရေအတွက်တော်တော်များများကိုလိုတာ။
    အမှန်အကန်စာရင်းအရ ဆိုရင် အဲဒီ နတ်ဖိုးကြီးဘဲ တော်တော်ကုန်တယ်။
    တချို့ နတ်တွေဆို ကြာကြာသုံးလို့မရဘူး။
    ခနလေးနဲ့အရစ်ပြုံးတယ်။
    ဘာဘဲ ဖြစ်ဖြစ် နတ်ကိုင်ရင်တော့ သတိထားဗျ။ ဆီချေးပေတတ်တယ်။

  • aye.kk

    November 27, 2011 at 12:14 am

    အကျင့်လွန်ကဲ
    စွဲတဲ့စရိုက်
    လိုက်ကြပါဝယ်
    ရှက်ဖွယ်မြင်သည်
    ှုွှဤတွင်ကြောင်လေး
    တွေးမြင်ရေးမှု
    ဖတ်ရှူ ့ကာလျှင်
    ဆင်ခြင်တွေးဆ
    အယူသီးတာ ပယ်ကြချင်..။

  • small cat

    November 27, 2011 at 12:25 am

    ဆရာမကြီးခင်ဗျာ၊လက်စွပ်တင်မဟုတ် အကုန်ချွတ်ယူလိုက်ရမှာပါ၊ လက်ကောက်တို့ နာရီတို့ပါ။
    ဆရာသစ်ပြောမှ ကားသမားတွေ အလေးထားရမဲ့ နတ်ကို သိတော့တယ်။
    အေးကေကေရေ ပြင်စရာတွေက ပြောမဆုံးပေါင် တောသုံးတောင်ပါ။ကိုယ်လဲပြင်ရမဲ့အထဲပါနေပါသေးတယ်
    ကိုရင်…ကီးဘုတ်ပေါ်မှောက်နေလို့တော်သေးတယ်ဆိုတော့ ဘာကမတော်တာလဲ၊အဓိပ္ပါယ်တမျိုးကြီးပဲ
    ကိုရင်မောင်ပြောမှ တရုပ်တွေလည်းနတ်တင်တာသိရတယ်။
    ကိုပေရေ ဂီဂီ့ဆီက အမြန်တောင်းပြီးပို့လိုက်၊နောက်တစ်ခါအိပ်မက်ထဲ တွေ့ရင်ပေးလိုက်မယ်။ အဘိုးကြီးနှစ်ယောက် ပင်စင်ယူချင်တာ ယူလို့ မရသေးဖို့က များပါတယ်။

  • Moe Z

    November 27, 2011 at 9:38 am

    လျှောက်ပြောရရင်တော့ဆုံးမှာ မဟုတ်ဘူးဦးကြောင်လေးရဲ့
    မေမြို့ဆိုရင် လူကိုးယောက်မတက်ရဘူးတဲ့
    ကားငှားသွားရင်ပြောပါတယ်
    ကိုယ့်ကားနဲ့ကိုယ်တက်ရင် ဘာမှမဖြစ်ဘူး 🙂

    ဦးကြောင်လေးလည်း ဝက်အူချောင်းသိပ်မစားနဲ့
    ကျန်းမာရေးအတွက်မကောင်းဘူး 🙂

  • Yin Nyine Nway

    November 27, 2011 at 9:53 am

    အူကြောင်ကြောင်နဲ့ ဖတ်လိုက်တယ် တော်တေ်ာလေး ကြောင်တောင်တောင်နိုင်တယ်လို့ပြောရမယ်
    ကာပေါ် ဝက်သားတင်ဖို့ ရယ် ကားပေါ် ဝက်တင်ဖို့ရယ်
    ကိုကိုရဲလေးကို ရေဖြည့်ပေးလိုက်
    ဝက်သာမက ဘိန်းပါတင်လို့ရမပေါ့

  • ကြောင်ကြီး

    November 27, 2011 at 10:52 am

    ရေများရေနိုင် မီးများမီးနိုင် ဆိုသလိုပါပဲကွယ်။ နတ်ယုံကြည်မှု အားကောင်းတဲ့ခေတ်မှာ ရေပန်းစားသလို မယုံကြည်သူများလာတဲ့အခါကြတော့လည်း မှေးမှိန်သွားရတာပေါ့။ လူတွေနဲ့ စိတ်ဆန္ဒတန်ခိုး၊ စွဲလန်းမှု ဥပါဒန်တရားတွေကြောင့် ဖြစ်တာကို မိမိယုံကြည်ရာ တခုခုအစွဲတပ်လိုက်တာများတယ်။ မရှိဘူး မဟုတ်ဘူးလို့ ယတိပြတ်ပြောဖို့တော့လည်း ခက်တယ်။ ဥပမာ – ရှေးဘဝ နောက်ဘဝ ရှိတယ်လို့ သိပ္ပံနည်းကျ မပြနိုင်ပေမဲ့ လူဝင်စားလို လက်တွေ့ဆန်ဆန် ဖြစ်ရပ်မျိုးတွေလည်း ရှားမှမရှားပဲ။

  • small cat

    November 27, 2011 at 11:36 am

    မိုးဇက်………..အယူအဆတွေကတော့ တကြောင်းတဂါထာတရွာတပုဒ်ဆန်းပါပဲကွယ်။ ဦးကြောင်လေး ဝက်အူချောင်းကိုအမြဲမစားပါဘူး။အသင့်ဆောင်ထားတာပါ၊အမေကလည်းလူကြုံရှိရင်ပို့ပေးပါတယ်။ လိုအပ်မှ အမြည်းနဲနဲလုပ်ပါတယ်၊

    ရင်ငြိမ်းနွေ…..ကြောင်လေးကကြောင်ကြောင်တွေးပြီးကြောင်ကြောင်ရေးထားတော့ ကြောင်မှာပေါ့ကွယ်။ လွဲမှားတဲ့အယူအဆတွေအကြောင်းပြောချင်တာပါ။ ကိုကိုရဲလေးက ဘယ်ကပါလာတာလဲ ၊အတင်မခံ တာက စပါယ်ယာလေးပါ။

    အကိုကြောင်….ပရလောက ရှိတယ်ဆိုတာကို လက်ခံပါတယ်။ဒေါက်တာမင်းတင်မွန်ရဲ့စာအုပ်ထဲမှာ အနောက်နိုင်ငံ ကလူတွေ တောင်လက်ခံထားတဲ့အကြောင်းဖတ်ရပါတယ်။ ဒါပေမဲ့ ပရလောက ကို ခုတုန်းလုပ်ပြီး လုပ်စားသူတွေနဲ့ ၊ အယူအဆတစ်ခုကို ဘာအခြေခံမှန်းမသိ စွတ်ယုံကြည်နေကြတဲ့ တလွဲအတွေးအခေါ်တွေကိုသာ ထင်သာအောင်တင်ပြလိုခြင်းဖြစ်ပါတယ်

Leave a Reply