ဝင်ငွေ (Income)

asiamastersNovember 28, 20111min2798

 

၁။         ဝင်ငွေဆိုတဲ့ အဓိပ္ပ္ပာယ်က မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် အလုပ်တစ်ခုလုပ်ပြီးရရှိတဲ့ လုပ်အားခဖြစ်တယ်။ ဒီနေ့ ခေတ်မှာ ရှင်သန်နေတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ မနက်မိုးလင်းတာနဲ့ စဉ်းစားရမှာက ဝင်ငွေ ဖြစ်တယ်။ နေ့လည်ပိုင်းစဉ်းစားရမှာကလည်း ဝင်ငွေပါပဲ။ ညအိ်ပ်ယာဝင်ခါနီးစဉ်းစားရမှာကလည်း ဝင်ငွေဖြစ်တယ်။  ဝင်ငွေလမ်း ကြောင်းတစ်ခုမရှိတဲ့ လူသားတစ်ဦးဟာ မကြာခင်မှာ အခက်အခဲများတွေကြုံရမယ်၊ စိတ်ပင်ပန်းဆင်းရဲမှုများကြုံရမယ်၊ သူတစ်ပါးရဲ့ အထင်အမြင်သေးခြင်းခံရမယ်၊ အဆင့်အတန်းခွဲခြားခံရမယ်၊ ယုံကြည်မှုတွေပျောက်ကွယ်သွားမယ်၊ မိမိချစ်ခင်မြတ်နိုးသူများရဲ့ စွန့်ပယ်ခြင်းကအစ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာကလည်း ဒီနိုင်ငံမှာနေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်တယ်။ ဒီလူသားတွေကိုယ်တိုင်က ဝင်ငွေကို အရေးမထားကြရင် ဒီနိုင်ငံ ဟာလည်း ဝင်ငွေကင်းမဲ့တဲ့နိုင်ငံဖြစ်လာမယ်။ ဝင်ငွေမရှိတဲ့ နိုင်ငံဟာ ဆင်းရဲပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေပါကင်းမဲ့သွားမယ်။ ဒီလို နိုင်ငံမျိုးက လူတွေကိုလည်း တစ်ခြားနိုင်ငံသားတိုင်းက အထင်အမြင်အလွန်သေးကြတယ်။ ဒါကြောင့် လူသားတစ်ဦးအရွယ်ရောက် လာပြီဆိုရင် အသက်အရွယ်မရွေး၊ ကျား/မ မရွေး အားလုံးဟာ ဝင်ငွေကို မဖြစ်မနေရှာဖွေကြရမယ်။ ဝင်ငွေကို အရေးမထားသူ၊ ဝင်ငွေမရှိသေးသူတို့သည် ဘဝ၏လမ်းကြောင်းမှန်ပေါ်သို့ မည့်သည့်အခါမျှရောက်မလာပါ။

 

၂။         ဝင်ငွေနဲ့ ငွေဟာ မတူပါဘူး။ ငွေဆိုတာက ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ရောင်းကြ၊ ဝယ်ကြတဲ့နေရာမှာ အသုံးပြု တဲ့ ကြားခံပစ္စည်းတစ်ခုဖြစ်ပါတယ်။ လူသားတွေဟာ ဝင်ငွေနဲ့ ငွေရဲ့ကွာခြားမှုကို သိပ်သတိမထားကြပါဘူး။ လူ့ဘဝမှာ အရေးကြီး ဆုံးဟာ ငွေဖြစ်တယ်လို့ အတော်များများက ယူဆထားကြတယ်။ ဒီလိုယူဆတဲ့လူတွေဟာ ဗိုက်ဆာနေတဲ့ ခွေးတွေနဲ့တူတယ်။ သူတို့ဟာ စားဖို့တစ်ခုကလွဲလို့ ကျန်တာဘာမှနားမလည်ကြဘူး။ ငွေရှိရင် အေးအေးချမ်းချမ်းနေရပြီ၊ မတောင့်မတ မကြောင့်မကြ နေရပြီ၊ နောင်ရေးစိတ်အေးရပြီ၊ မတောင့်မတ မကြောင့်မကြနေရပြီလို့ ယူဆကြတယ်။ ဒါကြောင့် အမြန်ချမ်းသာအောင် နည်းမျိုးစုံ နဲ့ ကြိုးစားကြတယ်။ ဒီလိုမျိုး အမြန်လမ်းက ငွေကြေးချမ်းသာအောင်ကျိုးစားတာမျိုးကို (Rat Race) လို့ခေါ်တယ်။ Money is a good servant but a bad master လို့ခေါ်တဲ့ အင်္ဂလိပ် စကားပုံလေး တစ်ခုရှိတယ်။ ငွေဆိုတာ ကိုယ်က ခိုင်းတတ်ရင်တော့ ဝန်ထမ်းကောင်းပါပဲ။ သူ့ကိုဆရာတင်မယ်ဆိုရင်တော့ အလွန်ဆိုးတဲ့ ဆရာ ဖြစ်တယ်။ သူဟာ လူတွေကို အမျိုးမျိုးသော ရာဇဝတ်မှု တွေကျူးလွန်ခိုင်းတော့တာပါပဲ။ ကတိသစ္စာတွေပျက်ကြတယ်။ အယောင်ဆောင်ကြရတယ်။ လိမ်လည်ကြရတယ်။ ယုံကြည်မှုတွေ ပျောက်ကွယ်သွားချိန်မှာတော့ အရာရာဟာ တန်ဖိုးမဲ့သွားတယ်။ လိမ်လည်သူတွေ၊ အရောင်ဆောင်နေရသူတွေဟာ အမြဲတစေ ကြောက်ရွံ့နေရတယ်။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ နောက်မှာတော့ ထောင်တွေ၊ အပြစ်ဒါဏ်တွေ လိုက်ပါလာကြတာပါပဲ။ လူသားအားလုံးကို ရေရှည် စိတ်ချမ်းချမ်းသာသာနဲ့ တည်ငြိမ်မှုကိုပေးနိုင်တာက ဝင်ငွေသာလျှင်ဖြစ်ပါတယ်။

 

၃။         ဝင်ငွေကိုရှာဖွေရာမှာ အကြမ်းဖျဉ်းအားဖြင့် (၂) မျိုးရှိပါတယ်။ ပထမအမျိုးအစားအနေနဲ့ကတော့ အရင်းအနှီး လုံးဝ မရှိသေး သူတွေဟာ ဝင်ငွေရအလုပ်တစ်ခုကိုရှာဖွေရမှာဖြစ်တယ်။ ဒုတိယတစ်မျိုးကတော့ ဝင်ငွေအတိုင်းအတာ တစ်ခုထိရှိလာပြီ ဆိုရင် ကိုယ်ပိုင်အရောင်းအဝယ်လုပ်ငန်းငယ်များကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဝင်ငွေရတဲ့အလုပ်ဆိုတဲ့နေရာမှာတော့ပုံသဏ္ဍာန် အမျိုးမျိုးရှိနိုင်တယ်။ ကျွမ်းကျင်မှုလုံးဝမလိုတဲ့အလုပ်မျိုးရှိတယ်။ အနဲအကျဉ်းကျွမ်းကျင်ဖို့လိုတဲ့ အလုပ်ရှိတယ်။ ကျွမ်းကျင်ပညာရှင် မှ လုပ်လို့ရတဲ့ အလုပ်လဲဖြစ်ရင်ဖြစ်မယ်။ အလုပ်အမျိုးအစားအနေနဲ့ကတော့ အစိုးရဝန်ထမ်းအလုပ်တွေရှိတယ်။ ပြည်တွင်း အလုပ်တွေရှိတယ်၊ ပြည်ပအလုပ်တွေရှိပါတယ်။ ကျွမ်းကျင်ဖို့လုံးဝမလိုတဲ့အလုပ်မျိုးတွေကတော့ အလုပ်ကြမ်းတွေပဲဖြစ်ပါတယ်။ အများအားဖြင့်ပြည်ပနိုင်ငံများမှ ခေါ်ယူလိုတဲ့အလုပ်အကိုင်အများစုကတော့ ဒီအလုပ်ကြမ်းတွေပဲဖြစ်ပါတယ်။ နဲနဲကျွမ်းကျင်ဖို့လိုတဲ့ အလုပ်နဲ့ ကျွမ်းကျင်ပညာရှင်တွေအတွက်ဆိုရင်တော့ ကြိုတင်ပြင်ဆင်ကြရမှာဖြစ်တယ်။ သင်ယူထားကြရမှာဖြစ်တယ်။

 

၄။         လူ့ဘဝရဲ့မှန်ကန်တဲ့လမ်းကြောင်းဆိုတာက ဝင်ငွေရအောင်ရှာဖွေရမယ်။ စုဆောင်းရမယ်။ တိုးပွားအောင် အရောင်း အဝယ် လုပ်ငန်းလေးတွေလုပ်ကိုင်ရမယ်။ အရင်းအနှီးပို်များလာရင် ပိုပြီးကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်ရမယ်။ လူ့ဘဝရဲ့ နောက်ဆုံး ထွက်သက်အထိ ဒီလိုပဲလုပ်ဆောင်သွားကြရမှာဖြစ်တယ်။ ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်သူတွေဟာ ပျော်ရွှင်စရာ ကောင်းတဲ့လူ့ဘဝတစ်ခုကို မရနိုင်ဘူး။ လူ့ဘဝထဲကလည်း ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားရဖို့ မဖြစ်နိုင်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ရောင်းတတ်ရမယ်။ ဝယ်တတ်ရမယ်။ ရောင်းလဲမရောင်းတတ်သူ၊ ဝယ်လဲမဝယ်တတ်သူတွေဟာ ထာဝရဆင်းရဲခြင်းနဲ့သာနေရမယ်။ ရောင်းတတ်၊ ဝယ်တတ်သူတွေဟာ ဘယ်နေရာမှမဆိုရှင်သန်နိုင်တယ်။ ကို်ယ်ပိုင် အရောင်းအဝယ်လုပ်ငန်းလေးတွေထူထောင်မဲ့လူတွေဟာ လူတွေနဲ့နီးရာမှာသာ နေထိုင်ကြရတယ်။ လူတွေနဲ့ ဝေးရာကို သွားလေလေ ရောင်းဝယ်ရတာခက်ခဲလေလေပဲဖြစ်တယ်။ ဒီအရောင်းအဝယ် လုပ်ငန်းတွေ အပေါ်မူတည်ပြီး မြို့ပြတွေပေါ်ပေါက်လာတယ်။ အရောင်းအဝယ်မှ မလုပ်တတ်သေးသူတွေဟာ ဘယ်လိုနည်းနဲ့မှ ကောင်းမွန်တဲ့ မြို့တွေကို မတည်ဆောက်နိုင်ပါ။ ကောင်းမွန်တဲ့မြို့မရှိရင် ကောင်းမွန်တဲ့နိုင်ငံဆိုတာမရှိနိုင်ပါ။

 

၅။         ချမ်းသာခြင်း (Rich) နဲ့ ပိုမိုကောင်းမွန်သောဘဝ (Better life) ဆိုတာ မတူပါဘူး။ ချမ်းသာခြင်းဆိုတာက လိုအပ်တာ ထက်ပိုရှိနေခြင်းမျိုးကို ခေါ်ပါတယ်။ ဥပမာ လူတစ်ဦးဟာ သူနေထိုင်ဖို့အိမ်တစ်လုံးလိုမယ်။ ဒါပေမဲ့သူ့မှာက အိမ်အလုံးပေါင်း များစွာရှိနေမယ်ဆိုရင် သူဟာချမ်းသာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ငွေကြေးဆိုရင်လည်း ဒီအတိုင်းပါပဲ သူ့မှာ လိုအပ်တာထက် အများကြီးပိုရှိနေတယ်ဆိုရင် ချမ်းသာခြင်းလို့ခေါ်ပါတယ်။ လူသားတွေဟာ ချမ်းသာလိုကြတယ်။ ဘဝမှာ ပြည့်ပြည့်စုံစုံနဲ့ သူတစ်ပါး တွေလေးစားမှုကို လိုလားလေ့ရှိကြတယ်။ တကယ်တမ်းအားဖြင့် ချမ်းသာမှုကို လူသားတွေ မလုပ်ဆောင်နို်င်ပါဘူး။

 

၆။         လူသားတွေ ကိုယ်တိုင်ကို်ယ်ကျ လုပ်ဆောင်နိုင်တာက ပိုမိုကောင်းမွန်တဲ့ဘဝ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ဘဝ ဆိုတာက လိုတာထက်ပိုလျှံနေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အိမ်က ယိုင်နဲ့နဲ့ တဲစုတ်လေးဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကို ပိုကောင်းလာအောင် လုပ်လိုတဲ့ ဆန္ဒရှိရမယ်။ ယိုင်နေရင်ပြန်တည့်မယ်။ ဆေးတွေကွာနေရင်ဆေးသုတ်မယ်။ ညစ်ပတ်နေရင်သန့်ရှင်းမယ်။ ဒီလို တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာလိုတဲ့ဆန္ဒဟာ လူသားတွေကို ကောင်းမွန်တဲ့ဘက် ကိုပြောင်းသွားစေတယ်။ ဒါကြောင့် ဒီဘဝတော့ ဒီမျှပါပဲ၊ တော်ပါပြီ အစရှိသည်ဖြင့် ပြောနေသူတွေအားလုံးဟာ လူပျင်းများ ဖြစ်ပါတယ်။ တကယ်တမ်း လူသားတွေထားရမဲ့ စိတ်ဓါတ်က ဒီနေ့ဟာ မနေ့ကထက်ပိုကောင်းလာရမယ်။ မနက်ဖန်ဟာ ဒီနေ့ထက်ပိုကောင်းလာရမယ် လို့ ခိုင်ခိုင်မာမာယုံကြည်မှဖြစ်ပါမယ်။

 

8 comments

  • thit min

    November 28, 2011 at 8:30 pm

    ဗိုလ်ချုပ်အကြောင်း အရေးကောင်းသော ဆရာအေရှန်မာစတာ ပြန်ပေါ်လာလို့ ဝမ်းသာရပါတယ်။

    စာကို အားပါပြီး၊ရှင်းအောင်ရေးတတ်တဲ့ဆရာရဲ့ ပညာကိုလည်းလေးစားလျှက်ပါ။

    ဆရာ့စာများ ဟာ ဒီဂေဇက်ရဲ့ မှတ်တမ်းကောင်းများပါ။

    ခုလိုပြန်လာရေးပေးလို့လည်းအားလုံးရဲ့ကိုယ်စား ဆရာကိုကျေးဇူးတင်ကြောင်းပြောပါရစေ။

    လေးစားစွာဖြင့်
    မောင် သစ် မင်း

  • blackchaw

    November 28, 2011 at 8:57 pm

    ထောက်ခံပါတယ်ဗျို့။
    ကျွန်တော့် ကို ဆုံးမနေသလို ခံစားရပါတယ် ဗျာ။
    ကျွန်တော် လေးလေးစားစား ထောက်ခံပါတယ်ဗျာ။

  • KoNyeinChan

    November 28, 2011 at 9:37 pm

    ဖတ်သွားပါတယ် ကိုခင်မောင်လွင်ရေ… တန်ဖိုးရှိတဲ့ စာစုတစ်ခုပါဘဲ..

  • unclegyi1974

    November 28, 2011 at 9:53 pm

    အာရှကြီးရဲ့ကြီးပွားတိုးတက်စိတ်အကြောင်းကလူတိ်ုင်းအတွက်တော့မမှန်ဖူးနဲ့တူတယ်
    ဝင်ငွေအကြောင်းပြောရင်အချို့အချို့သောကံကောင်းသူများအဖို့ငွေဝင်ဖို့ဘာမှ
    မစဉ်းစားမလုပ်ဆောင်ပဲငွေတွေမလိုချင်အောင်ရနေတာဘာကြောင့်လို့ပြောမလဲ

  • blackchaw

    November 28, 2011 at 9:56 pm

    အဲဒါလဲ ဟုတ်တာပဲဗျို့။
    ဒါပေမယ့် ဒါက လူနည်းစုကွက်ကွက်လေးပါ အန်ကယ်ကြီးရေ။

  • E.T

    November 28, 2011 at 10:08 pm

    မိသားစု ကျန်းမာရေးသည် ပထမ။ အလုပ်နှင့်ဝင်ငွေကောင်းဖို ့သည် ဒုတိယ။ ကျန်းမာရေး မကောင်းရင် ဘာမှလုပ်မရ။ တခြားအလုပ်တော့မသိဘူး သင်္ဘောသားဆိုရင်တော့ သင်္ဘောမလိုက်ခင် အေ၊ ဘီ၊ စီ၊ မျက်စိ၊ အဆုတ်၊ သွားကအစ တကိုယ်လုံးနီးပါးစစ်ရပါတယ်။ အားလုံး အိုကေမှ သင်္ဘောလိုက်လို ့ရပါတယ်။

    လူတော်တော်များများက ချမ်းသာချင်ကြပါတယ်။ စွန် ့တော့မစွန် ့စားရဲကြ ပါဘူး။ အရှုံးနဲ ့ ရင်ဆိုင်ရမှာကြောက်ကြ ပါတယ်။ တကယ်တော့ အရှုံးကပေးတဲ့ သင်ခန်းစာကလည်း ချမ်းသာခြင်းကို တက်လှမ်းဖို ့ တော်တော်အထောက်အကူ ပြုပါတယ်။ သင်ခန်းစာ ကောင်းလေးတွေ ယူတတ်ဖို ့က အဓိကပါ။ ညအိပ်ခါနီး ငါဒီနေ ့ဘာတွေ လုပ်မိလည်း ပြန်စဉ်းစားကြည့်ပါ။ ကောင်းတာလေးတွေ စာအုပ်ထဲမှာ မှတ်ထားပါ။ လူမှုရေး၊ စီးပွားရေးလေးတွေပေါ့။ ၁ ပါတ်ကို ၁ခါ လောက် အနည်းဆုံးပြန်ဖတ်ပြီး လိုက်နာကြည့်ပါ။ အဲဒီအချက်လေးတွေက ညီ၊ အကို၊ မောင်၊ နှမများကို အများကြီး အထောက်အကူပြုပါလိမ့်မယ်။

  • small cat

    November 29, 2011 at 8:37 am

    ဝင်ငွေနဲ့ ငွေဟာမတူပါဘူး
    ထောက်ပြသွားတာလေးတွေ သဘောကျပါတယ်။
    မှတ်သားလိုက်နာသင့်တဲ့ အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။
    ယောင်ဝါးဝါးဖြစ်နေတဲ့ လူငယ်တွေအတွက် ထောင့်လေးတစ်ခုကနေ အကျိုးပြုနိုင်ပါတယ်။

  • ဦးဖွတ်ကျား

    November 29, 2011 at 10:37 am

    လေးစားစွာ ဖတ်ရှုသွားပါသည်ဆြာ

Leave a Reply