နှလုံးသားတွင် ဘုရားတည်ကြမည်။

who whoNovember 30, 20111min1309

“ မိခင်သည် သားသမီးများကို ဝမ်းနဲ့လွယ်လို့ ယောနိက မွေးပေးသည် ”
“ဆရာ/မများသည်တပည့်များကို နှလုံးသားနဲ့လွယ်လို့ပါးစပ်က မွေးပေးသည်”
တဲ့။ ကြားခဲ့ဖူးတဲ့စကားလေးတစ်ခွန်း။
သိပ်အဖိုးတန်တဲ့ စကားလေးနော်။
သေချာစဉ်းစားကြည့်တော့ ဟုတ်လိုက်တာ၊ မှန်လိုက်တာလို့ ပိုပြီးမြင်တတ်လာတယ်။
မိဘက သားသမီးတွေကို မွေးထုတ်ပေးလို့ အရွယ်လေးရောက်တော့ (၃)နှစ်၊ (၄)နှစ်လောက်လည်းရောက်ရော မူကြိုကစပြီး သက်ဆိုင်ရာ ကျောင်း အသီးသီးကို အပ်နှံကြရတယ်။ အဲဒီကစလို့ ဆရာ/မများရဲ့ လက်ထဲမှာပဲ ဒီကလေးလေးတွေရဲ့ လိမ္မာယဉ်ကျေးမှု့ကစလို့ ပညာပိုင်းဆိုင်ရာ အားလုံးကို အပ်ထားရပါပြီ။ ဆရာ/မများကလည်း မိမိတို့ထံ အပ်နှံထားသော တပည့်များကို နှလုံးသားနဲ့လွယ်လို့ နှုတ်ဖျားကနေ လိမ္မာ စေမယ့် စကားလုံးလေးတွေ နေ့စဉ်မွေးထုတ်ပေးနေရတယ်လေ။
အသိဉာဏ်ကြွယ်စေဖို့အတွက် စကားလုံးမျိုးစုံသုံးလို့ နေ့စဉ်နေ့တိုင်း မွေးထုတ်ပေးနေရတာမို့ ဒီဆရာ/မ တွေရဲ့ ကဏ္ဍဟာ အရေးကြီးဆုံးလို့တောင် ပြောလို့ရနေပါပြီ။
ဒီအရေးအကြီးဆုံးတာဝန်ကို ကျနော်တော့ နေ့စဉ်ထမ်းနေရတာမို့ ကိုယ် သင်ကြားရတဲ့ ကလေးလေးတွေရဲ့ စရိုက်အမျိုးမျိုးနဲ့ လိုက်ပြီး သင့်တော်စေမယ့် အဆုံးအမလေးတွေ နေ့စဉ်မွေးထုတ်ပေးနေရပြီလေ။
ဪ.. သူတို့တွေကို နေ့စဉ် အသိဉာဏ်တွေ ပေးလှူနေရတယ်။ အဆုံးအမတရားတွေ နေ့စဉ်လှူနေရတာမို့ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ ဘဝကို ရနေပါပေါ့လားလို့လည်း ခံယူထားပါတယ်။
ဆရာတော်ကြီးတွေ မိန့်ဖူးတာလေး တစ်ခု။
သူတို့က တရားပွဲလေးရှိတုန်း အခိုက်မှာသာ အသိဉာဏ်တွေ လှူခွင့်ရတာ။
အဆုံးအမတွေ လှူခွင့်ရတာ။
ဒီ ဆရာ/မ တွေကတော့ နေ့စဉ်ကိုပဲ တစ်နှစ်ပြီး တစ်နှစ် မနက်၊ နေ့၊ ည မပြတ်အောင် အတတ်ပညာတွေ စွန့်လှူနေရတယ်၊ အသိဉာဏ်တွေ လှူနေရတယ်။
အတွေးအခေါ်တွေ သင်ကြား လှူဒါန်းနေရတာမို့ ကုသိုလ်စိတ်ကလေးထားနိုင်ရင် ထားနိုင်သလောက် အကျိုးရှိနေပါမယ်နော်။
ဒါကြောင့် ကျနော့်အတွက် ဒါသည်ပင် အခွင့်အရေးကောင်းကြီးတစ်ခု ရထားသလို ဖြစ်နေပြီပေါ့။ ဒီတော့ ကျနော် ရထားတဲ့အခွင့်အရေးကို ဘယ်လို အသုံးချနေသလဲဆိုတာလေး ပြန်မျှပါ့မယ်။ ကျနော့အရိပ်အောက် ဝင်လာသမျှ ကလေး များအား ကျောင်းသင်ခန်းစာအပြင် ဘဝအတွက် အရေးကြီးဆုံး သင်ကြားသင့်တဲ့ မိမိစိတ်ကလေးကို မိမိကိုယ်တိုင် ကောင်းအောင်လေ့ကျင့်ပေးတဲ့ သင်ခန်းစာလေးပါတွဲလို့ ပို့ချပေးနေနိုင်ပြီလေ။
“ မျိုးစေ့မှန်မှ အပင်သန်လာမှာပါ ”။
သစ်ပင်တစ်ပင်ဟာ စိုက်ပျိုးစ၊ ပေါက်ခါစအချိန်မှာ ပတ်ဝန်းကျင် လေဒဏ်၊ ရေဒဏ်၊ ပိုးဒဏ်တွေကို ခံနိုင်ရည် မရှိသေးပါဘူး။ ဒါကြောင့် လေတိုက်ရာအပေါ်လိုက်လို့ ယိုင်နေရပါတယ်။ တောင်က တိုက်ရင် မြောက်ကိုယိုင် ရတယ်၊ မြောက်ကတိုက်ရင် တောင်ကိုယိုင်ရတယ်နော်။
အဲလို ယိုင်နေတာကိုက ကိုယ့်ကိုကိုယ် မထိန်းထားနိုင်လို့ပေါ့။ အဲလို ယိုင်တဲ့အချိန်မှာ ဘေးကနေ ဒေါက်ကလေးနဲ့ ထိန်းလို့၊ ပြုပြင်လို့ လုပ်ပေးနေရပါမယ်။ ဒါမှသာ သူဟာ မားမားမတ်မတ် ရပ်တည်နိုင်လို့ ငွါးငွါးစွင့်စွင့် ပွင့်လန်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမှ ပြုပြင်ခြင်းမခံရဘူးဆိုရင် ဒီအပင်ကြီးဟာ အယိုင်ကြီးအတိုင်း ကြီးထွားလာမှာပါပဲ။ အဲလို ကြီးလာတဲ့အခါမှ ယိုင်နေတာကြီးကို ပြုပြင်မယ်ဆိုရင် မလွယ်နိုင်တော့ပါ ဘူးနော်။
ဒါကြောင့် တစ်ခါတစ်ခါ လမ်းသွားရင်းမြင်ရတဲ့ အပင်ကြီးတွေ အယိုင်ကြီးအတိုင်း ကြီးထွားနေတာ မြင်ရတော့ ဪ.. ပင်စည်လုံးပတ်ကြီးကလည်း အကြီးကြီးပဲ၊ အမြစ်တွေကလည်း အခိုင်ဖြစ်နေပြီ။ ဒီအပင်ကြီးကို ဘယ်လိုလုပ် မတ်အောင်လုပ်လို့ ရဦးမှာလဲနော်။
ကရိန်းနဲ့ အမြစ်ကဆွဲနုတ်ပြီး ဖြောင့်အောင် မတ်အောင် လုပ်မယ် ဆိုရင်တောင် မဖြစ်နိုင်တော့ပါဘူး။
ဒါကြောင့် အပင်တစ်ပင်ရဲ့ဘဝလှလှပပဖြစ်ဖို့အတွက် နုစဉ်ကတည်းက ရေလောင်းပေါင်းသင် ပြုပြင်ရပါမယ်နော်။ ဒါဆို လူတွေလည်း ထိုနည်း၎င်းပင် မဟုတ်ပါလား။
ငယ်ရွယ်နုနယ်စဉ်ကမှ ကိုယ့်စိတ်ကလေးကို ထိန်းသိမ်း စောင့်ရှောက်နိုင်တဲ့ ပညာလေး သင်မထားဘူးဆိုရင် ကြီးတဲ့အခါ ရမ်းကားရိုင်းစိုင်းနေမှ ပြုပြင်ပေးဖို့ဆိုတာ တော်တော်ခက် သွားပြီနော်။ ပျက်စီးချင်တိုင်း ပျက်စီးနေတဲ့ စိတ်ဓာတ်တွေ၊ အကျင့်စာရိတ္တတွေက အနိုင်နေရာယူထားပြီးသွားလို့ ဒီလိုလူမျိုးအတွက် ပြုပြင်ဖို့ကျ သူ့မှာ ပါရမီထူးတွေပါလာမှ ကျွတ်ချိန်တန်လို့ချွတ်မယ့် ပုဂ္ဂိုလ်ထူးနဲ့ တွေ့မှပဲ သူ့ဘဝကြီး ဟာ အဖတ်ဆယ်နိုင်တော့မှာပေါ့။
ဒီလို အချက်တွေရှိ ဖို့ကျတော့ အခက်သားနော်။
ဒါကြောင့် ကျနော်ကတော့ အခုဆို ငယ်ရွယ်နုနယ်နေတဲ့ အရွယ် ကလေးလေးတွေကို သူတို့လေးတွေအတွက် အရေးအကြီးဆုံး မိမိစိတ်ကလေးကို ဘယ်လိုစောင့်ရှောက်ထိန်းသိမ်းရမလဲဆိုတဲ့ သင်ခန်းစာတွေကို ပို့ချခွင့်တွေ ရနေပါပြီ။
ဒီသင်ခန်းစာလေးတွေအပေါ် ကလေးတိုင်း အခြေခံကောင်းလေးတွေသာ ဆုပ်ကိုင်မိသွားမယ်ဆိုရင် လူတော် လူကောင်း ဖြစ်ဖို့ဆိုတာ မခဲယဉ်းတော့ပါဘူး။ နှလုံးသားကလာတဲ့ မေတ္တာဓါတ်လေး လွှမ်းခြုံလို့ နှုတ်ဖျားကနေ စကားလုံးပေါင်းများစွာ ဆုံးမပေးနေရတာသည် အနာဂတ်အတွက် အကျိုးများစေမယ့် ကလေးငယ်များ မွေးထုတ် ပေးနေတယ်လို့ပဲ သဘောထား ပါတယ်။
ဒီတော့ ကျနော် ဘာတွေပို့ချပေးသလဲဆိုတော့ နှစ်စဉ် ဝါတွင်းကာလတွေမှာ သူတို့ရဲ့ စိတ်ကလေးကို ဘယ်လို သတိနဲ့ ထိန်းကြမလဲဆိုတဲ့ သင်ခန်းစာလေးကို စနစ်တကျ သင်ကြားပေးနေပါပြီ။ အဓိက ရည်ရွယ်ချက် ကတော့ သူတို့လေးတွေအားလုံး သမာဓိအားလေးတွေရလို့ အာရုံစူးစိုက်အားကောင်းစေဖို့ကတော့ အခြေခံ foundation လေး ပေါ့နော်။
ဒီလို သမာဓိကစလို့ ဝိပဿနာထိ တက်လှမ်းနိုင်ဖို့ နည်းစနစ်တကျ သင်ယူဖို့လိုတယ်လေ။ ဘာလို့လဲဆိုတော့ သူတို့လေးတွေဟာ တစ်ကြိမ်တခါမှ တရားမထိုင်ဖူးသေးတဲ့ အရိုင်းတုံးလေးတွေမို့ပေါ့။ ဒါကြောင့် ကျနော်က အစ ကောင်းမှ အနှောင်းသေချာစေဖို့ သူတို့ စတင်ထိတွေ့ရမယ့် တရားအားထုတ်ခြင်းဆိုတာ ဘာလဲဆိုတာကစပြီး ဘယ်လို ထိုင်ရမယ် ဆိုတာ အပါအဝင် အစစ ပြည့်စုံစေချင်တာကြောင့် အိမ်မှာ အပတ်စဉ်တိုင်း တရားပြပေးမယ့် ဆရာတော်ကို ပင့်ပြီး သင်တန်းပေး နေရတာပေ့ါ။
တစ်ဖက်ကလည်း ကျနော်က Guide သဘောမျိုး လေ့ကျင့် ပေးနေတယ်။
တစ်ပတ်တစ်ပတ် ဆရာတော်ဘုရား ပို့ချ သင်ပြသွားတာတွေကို ကျနော်က နေ့စဉ်တိုင်း စာမသင်မီ ၁၅မိနစ်(သို့) ၃ဝမိနစ်စောခေါ်တယ်။
အရင်ဆုံး ဘုရား ရှိခိုးကြတယ်။
ငါးပါးသီလ ခံယူဆောက်တည်ကြတယ်။
ဒီငါးပါးသီလနဲ့ ပတ်သက်လို့လည်း ငါတို့ ဒီနေ့ တစ်နေ့တာတော့ ငါးပါးလုံး လုံအောင် စောင့်ထိန်းကြမယ်လို့ သံဓိဌါန်ပြုလို့ တစ်ရက်စီ အဓိဌါန်ကုသိုလ်ယူပြီး ဆောက်တည်ကြတယ်။
ပြီးရင် ပန်း၊ ရေချမ်း၊ ဆွမ်းတော်တွေ ကပ်ကြတယ်။
ပြီးတာနဲ့ အရပ်(၁၀)မျက်နှာကို မှန်းပြီး မေတ္တာပို့ကြတယ်။
အဲဒီနောက် ဘုရားဂုဏ်တော် တစ်ပါးပါး ပွားကြတယ်။
ပြီးမှတရားထိုင်ခိုင်းတယ်လေ။
သူတို့ သင်တန်းချိန်က မနက် ၆နာရီ စရင် ကျနော်က ၅:၃ဝ ကျော်လောက်က စပြီး တရားထိုင်ခြင်းစပါတယ်။ အဲဒီလိုထိုင်ခိုင်းတဲ့ အချိန်မှာတော့ ကိုယ်က ဦးဆောင်လို့ သူတို့လေးတွေ မမှတ်တတ်သေးရင် မှတ်တတ်အောင် ဘေးကနေ အသံနဲ့ တရစပ် သူတို့ကို ကြပ်မတ်ပေးနေတော့ သူတို့အတွက် စိတ်လွတ်တဲ့ အချိန်နည်း သွားတာပေါ့။
ဒီတော့ ၁၅ မိနစ် ထိုင်ရင် ၁ဝ မိနစ်လောက်တော့မိကြတယ်။
၅ မိနစ်ကတော့ လွတ်တဲ့ အချိန်ရှိတာပေါ့နော်။
ပြီးတော့ ကျနော်က နေ့စဉ် လာထိုင်ကြတဲ့ ကလေးတွေကို စာရင်းမှတ်ထားတယ်။
ပြီးရင် တစ်ပတ်အတွင်း ၅ ချိန် ထိုင်နိုင်သော ကလေးတိုင်းကို ဗလာမပါ ကံစမ်းမဲဖောက်ပေးတယ်လေ။ ဒီတော့ သူတို့ အားလုံး ပျော်ကြတာပေါ့။ ဒါသည်ပင် အိမ်တွင်း တရားစခန်းပွဲလေးပဲပေါ့။ ဒီလိုကုသိုလ်အမှုတွေကို အိမ်တွင်းမှာ နေ့စဉ်လုပ်ဆောင်နေရတာကိုပဲ ငါတော့ နေ့စဉ် ဘုရားတွေတည်နေရပြီ လို့ ဝမ်းမြောက်မိပါရဲ့။
ဘာကြောင့်လည်းဆိုတော့ ကျနော်နေ့စဉ်တည်နေတဲ့ ဘုရားက ကလေးတွေရဲ့ နှလုံးသားမှာလေ။ ကလေးတွေ သားစဉ် မြေးဆက်ထိ ဒီ ဘာသာရေး အမွေအနှစ်လေးတွေ တစ်ခါတည်း ပေးသွားတော့မှာကိုး။
ဒါကြောင့် ကျနော်ကတော့ အခုလုပ်နေတဲ့ တရားအလုပ်အပေါ်မှာ ဘယ်လို သဘောထားလဲဆိုတော့ “နှလုံးသားမှာ ဘုရားတည်တဲ့ အလုပ်” ကိုလုပ်နေရတယ်လို့ပဲ သဘောထားပါတယ်။
တကယ်တော့ ကျနော်တို့တွေ တရားအားထုတ်ဖို့ တိုက်တွန်းရတယ်ဆိုတာကိုက အဓိကက စိတ်ထားလေးတွေ ဖြူစင်သည်ထက် ဖြူစင်လာစေဖို့သာ ရည်ရွယ်ပါတယ်။
လူသားတိုင်းမှာရှိတဲ့ စိတ်ကလေးကို အမြဲအကုသိုလ်တရားတွေ အတင်မခံပဲ ဖြူစင်နေစေဖို့ ဒီစိတ်ကို သတိ၊ ဝီရိယ၊ ပညာနဲ့ ထိန်းသိမ်း စောင့်ရှောက်တတ်စေဖို့အတွက် ရည်ရွယ်ပြီး တိုက်တွန်းရခြင်း ဖြစ်ပါတယ်နော်။ အင်း ကျနော်တော့ဖြင့် လူမမြင်နိုင်တဲ့ “နှလုံးသားမှာ ဘုရားတည်ခြင်း”အလုပ်ကို အားရပါးရကို အစွမ်းကုန် ကြိုးစား လုပ်ဆောင်နေပါပြီ။
အင်း.. ခုလို အကျင့်လေးတွေ နေ့စဉ် လေ့ကျင့် သင်ကြားပေးနေခြင်းပင်သည်လျှင် မရှိမဖြစ် သင်ခန်းစာလေး တွေ ပို့ချပေးနေရခြင်းပင် မဟုတ်ပါလော။
အဲလို အကျင့်ကောင်းလေးတွေကို ငယ်စဉ် ကလေးအရွယ် ကတည်းက လက်တွေ့ ပို့ချသင်ယူခွင့်ရနေသော ကလေးတွေအဖို့ မိမိစိတ်ကလေးတွေကို ကိုယ်စီကိုယ်စီ ထိန်းနိုင်သွားတဲ့ ပညာလေး တွေ ရသွားနိုင်မှာမို့ မကောင်းတဲ့ ကာယကံမှု့၊ ဝစီကံမှု့၊ မနောကံမှု့တွေကို မိမိ အသိဉာဏ်နဲ့ ရှောင်တတ်သွား ဖြစ်တာကြောင့် နေရာတကာ လိုက်ပြီး ဆုံးမစရာ မလိုသလို ကြိုက်တဲ့နေရာမှာ ကိုယ်ပိုင်ဉာဏ် အထိန်းလေးနဲ့ နေတတ် သွားမှာပါ။
မကောင်းတဲ့အလုပ်၊ အကုသိုလ်ဖြစ်စေမယ့် အလုပ်တွေကို မလုပ်တတ်လို့ မလုပ်တာထက် လုပ်တတ်ပြီး မလုပ် တာ/ရှောင်တတ်တာမျိုး အကျင့်ကောင်းလေးတွေ ရသွားကြမှာပါ။
ကံသုံးပါးမှာ မနောကံက အရေးကြီးဆုံးမို့ ဒီစိတ်ကလေး မှာ ဝင်လာမယ့် အကုသိုလ်တွေကို brakeလေးအုပ်ပြီး ကွေ့နိုင်၊ ရှောင်နိုင်၊ ဖယ်ရှားနိုင်၊ ကျော်လွှားနိုင်မယ့် ပညာလေးသာ လူတိုင်း သင်ယူ တတ်မြောက်ထားဖို့က essential ပညာရပ်တစ်ခုမို့ မသင်ရသေးရင်လည်း သင်ယူကြဖို့၊ သင်ယူပြီးရင် လည်း ကျေညက်အောင် လေ့ကျင့်ကြဖို့ပါ တိုက်တွန်းရင်းနဲ့ ကျနော်ပြုနေတဲ့ နေ့စဉ် ကုသိုလ်လေးတွေကို ပြန်လည် မျှဝေလိုက်ရပါတော့သည်။

9 comments

  • TTNU

    November 30, 2011 at 11:13 pm

    နှလုံးသားကို အလှဆင်ကြရာမှာ…
    ဆရာ/ဆရာမ တစ်ယောက်တစ်ပုံစံစီ ဆိုကြပေမဲ့…
    Whowho ရဲ ့ ဆောင်ရွက်ချက်တွေကို တီချာ တကယ်ချီးမွမ်းမိတယ်။
    ဆရာ/မတိုင်းဆောင်ရွက်ဖို့ မလွယ်တဲ့ ခဲယဉ်းတဲ့ အလုပ်ကို လုပ်ပြနှိုင်တာ လေးစားတယ်။
    ကလေးတွေအတွက် ဒီလိုဆရာ/မ မျိုး ရှိနေသေးတာ ဝမ်းမြောက်မိတယ်။
    ဒီမွန်မြတ်လှတဲ့ ဆောင်ရွက်ချက်တွေ ဘယ်တော့မှ ဘယ်တော့မှ ရပ်တန့်မသွားပါနဲ့နော်။
    တီချာ မလုပ်နှိုင်ခဲ့၊ မအောင်မြင်ခဲ့တဲ့ အလုပ်တွေကို စေတနာအားသဒ္ဓါအားတွေနဲ့
    သွန်မှောက်ပေးနှိုင် တဲ့ Whowho ကိုကျောင်းသားတွေ၊ သူတို့မိဘတွေ ကိုယ်စား
    ကျေးဇူးတင်လိုက်တာ။

    • whowho

      December 1, 2011 at 11:51 am

      ရှေ့ဆောင်ကောင်းဆရာကောင်းတွေ ရှိလို့သာ သူတို့အဆုံးအမတွေကို နာယူနိုင်လို့သာ အတုယူနိုင်လို့သာ သူတို့ရဲ့ မေတ္တာတွေ စေတနာတွေကို ခံယူရရှိနိုင်လို့သာ နည်းယူနိုင်လို့သာ အကောင်အထည်ဖော်နိုင်ခဲ့တာမို့ ခုလို လုပ်နိုင်ခြင်းသည်ပင် ဆရာ/မကောင်းတို့ရဲ့ ကျေးဇူးကြောင့်လို့ ခံယူထားပါကြောင်း…

  • pooch

    November 30, 2011 at 11:51 pm

    စိတ်ပိုင်းဆိုင်ရာကိုပါ ပျိုးထောင်ပေးတာဆိုတော့ အတော်လေး စိတ်ပါမှ လုပ်နိုင်တာမျိုးပါ
    ချီးကျုးပါတယ်

    • whowho

      December 1, 2011 at 11:53 am

      ဟုတ်ကဲ့။ နေရာတိုင်းမှာ လက်တွေ့ကျစွာ လုပ်ဆောင်နိုင်ကြဖို့ ရည်ရွယ်လို့ တင်ဖြစ်ခဲ့ခြင်းပါပဲ။

  • ကြောင်လတ်

    December 1, 2011 at 9:56 am

    ဆရာ့လုပ်ဆောင်ချက်လေးတွေကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။
    ရေးတဲ့စာတွေအရ ဆရာဟာသက်တမ်း (၅၀) အထက်လောက်ဖြစ်မယ်ထင်ပါတယ်။

    ဆရာမကြီးမန်းထားတဲ့အထဲက “ကလေးတွေအတွက် ဒီလိုဆရာ/မ မျိုး ရှိနေသေးတာ ဝမ်းမြောက်မိတယ်။”
    ဆိုတဲ့ စကားအရ ဒီလို ဆရာ/မ မျိုးရှားပါးလာပါပြီ၊ ဘာကြောင့်ပါလဲ။ ကျွန်တော် ပို့စ် လေးတစ်ပုဒ် ရေးတင်ပါဦးမယ်။

    • whowho

      December 1, 2011 at 11:46 am

      ဟုတ်ကဲ့။ စောင့်မျှော်ဖတ်ရှုအားပေးပါဦးမည်။

  • ကြောင်ကြီး

    December 1, 2011 at 11:02 am

    နှလုံးသားမှာ
    ဘုရားတည်
    ကြည်တဲ့ဘုရား
    စိတ်မှာထား
    ရုပ်နာမ်တရား
    ဖြစ်ပျက်ပွား
    တက်သွား
    ညဏ်စဉ်များ။။။

    • whowho

      December 1, 2011 at 11:55 am

      ဟုတ်ကဲ့။ ရင်ထဲက ဘုရားကို ကိုယ်တိုင်ဖူးနိုင်မှ ဘဝအရေးစိတ်အေးရမှာမို့ နှလုံးသားမှာ ဘုရားမြန်မြန်တည်ကြပါစို့။

  • Shwe Tike Soe

    December 1, 2011 at 1:02 pm

    အရမ်းအဓိပ္ပာယ်ရှိတဲ့ စာတွေပါ.. အခုလို ရေးပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်..
    နှလုံးသားမှာ ဘုရားတည်ဖို. ကြိုးစားနေပါမယ်ဗျာ…
    နောက် ပို.စ်တွေလဲ စောင့်မျှော်ဖတ်ရှူနေပါမယ်နော်..

Leave a Reply