ခရမ်းလွန်ထုထည်များနှင့် နှစ်ဆယ့်လေးနာရီ – ညိုခက်ကျော်
ခရမ်းလွန်ထုထည်များနှင့် နှစ်ဆယ့်လေးနာရီ
(ညိုခက်ကျော်)
(၁၉၉၈ ခုနှစ် စက်တင်ဘာလထုတ် မဟေသီမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သည့် ဝတ္ထုတို)
(၁)
သက်ရှိသက်မဲ့ အရာဝတ္ထုမျိုးစုံတို့ ဖုံးလွှမ်းတိုးဝှေ့မှုကြောင့် မျက်စိအောက်မှ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေကြ မြေပြင်ကို ကြည့်လိုက်တိုင်း ကျွန်မဦးနှောက်ခန်းတွေမှာ မေးခွန်းတစ်ခုတည်းဖြင့် ကျပ်ညပ်ပြည့်လျှံသွားမြဲဖြစ်သည်။ ကောင်းကင်နှင့် မြေပြင် ဘယ်သူကပိုပြီး ဧရိယာကျယ်ပြန့်မလဲလို့။ ချုပ်ရိုးရာနဲ့ အနာဖေးတွေကတော့ ဆတူလောက်ပဲရှိလိမ့်မည်မို့ ကျွန်မ ဘာမှထပ်ပြီး သံသယမထားချင်တော့။ ကျွန်မကတော့ ကမ္ဘာမြေပြင်ဟာ ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ အခြားအခြားသော သဘာဝအန္တရာယ်ဆိုးတွေကြောင့် ကျဉ်းကျပ်လာတာလား။ ဒါမှမဟုတ် သက်မဲ့တွေနဲ့ ကျွန်မတို့လို သက်ရှိတွေရဲ့ ခြေ ထောက် ဧရိယာတွေက ဘဲခြေတွေလို ကျယ်ပြန့်လာကြလို့လား။ မြေကြီးပေါ် ခြေနှစ်ချောင်းထောက် မရပ်ချင်ဘဲ အလျားလိုက် ပက်လက်အိပ်ချင်သူတွေ နှုန်းပိုများလာသလား မကြာခဏတွေးကြည့်မိဘူးပါတယ်။ အင်း…ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာတွေ တဖြည်းဖြည်း ကျုံ့ဝင်ထားရတာကတော့ သေချာတယ်။
ခုချိန်မှာ မီးခွက်စောင့် အာလာဒင်လို တန်ခိုးရှင် တစ်စုံတစ်ရာများ ရှိခဲ့ရင် ကျွန်မအတောင်းဆိုချင်ဆုံး ပစ္စည်းတစ်ခု ကတော့ လောကတစ်ပြင်လုံးကို တိုင်းတာလို့ ဆန့်နိုင်မယ့် ပေကြိုးကောင်းကောင်းတစ်ချောင်းပဲ ဖြစ်သည်။ ထိုပေကြိုးသည် ကမ္ဘာမြေပြင်ဧရိယာ နယ်နိမိတ်ကို တိုင်းတာဖို့ ဆံ့ရုံမျှမဟုတ်။ ကမ္ဘာ့ဆွဲအားကြောင့် ဤကမ္ဘာမြေပေါ် ရပ်တည်မှီခိုနေသမျှ အရာဝတ္ထုအားလုံးနှင့် မြေပြင်ကြားထိစပ်မှု အကျယ်အဝန်းပမာဏကိုပါ တိကျသေချာစွာ ဖြေရှင်းနိုင်ရ မည်။ လက်တွေ့တွင် ထိုပေကြိုးမျိုး တစ်ချောင်းလောက်ရှိလျှင် ကျွန်မကို အချိန်တိုင်းလိုလို လှောင်ပြောင်နှိပ်စက်နေကျ မေးခွန်းမျိုးက မလိုအပ်ပြီ။
(၂)
အနော်ရထာလမ်းမကြီးပေါ်လျှောက်တိုင်း မြင်တွေ့ရသော ဆိုင်းဘုတ်ပေါင်းစုံကို ကျွန်မကငေးမောမြဲဖြစ်သည်။ နေ့တိုင်းနေ့တိုင်း မြင်တွေ့နေကျ ဖြစ်သော်လည်း ဘာရယ်မဟုတ် တစ်နေ့တစ်ခေါက်လောက်တော့ ဖတ်ဖြစ်မိသည်။ ကျောင်းသွားကျောင်းပြန် ဘတ်စ်ကားတွေပေါ်မှာ ဖြစ်စေ၊ ညနေ ကျောင်းပြန်ချိန် ကားစောင့်ရင်းဖြစ်စေ၊ စိတ်ကြည်လင်လန်းဆန်းသည့် အခါမျိုးမှာတော့ စိတ်ဝင်တစားဖတ်ရှုမိသည်။ တေးသံသွင်းဆိုင်များ၊ စတိုးဆိုင်များ၊ အလှပြင်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ နာမည်ဆန်းဆန်းလှလှ ဖက်ရှင်အဝတ်အထည်အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ နောက်ပြီး အစဉ်နုပျိုသစ်လွင်နေသော စာလုံးခပ်ကြီးကြီးတွေနှင့် ကုမ္ပဏီဆိုင်းဘုတ် ဧရာမကြီးတွေ…။ ကဲ ဘယ်လောက်စိတ်ဝင်စားစရာကောင်းလဲ။
ပစ္စုပ္ပန်နဲ့ အန်ချော်မှုတွေများပြီး လောကထဲက ထွက်ပြေးချင်စိတ်ပေါက်လောက်အောင် မွန်းကျပ်ပိတ်လှောင်တဲ့ အခါမျိုးကျတော့လည်း အနော်ရထာလမ်းမက ဆိုင်းဘုတ်မျိုးစုံဟာ ကိုယ့်ရင်ဘတ်ပေါ်စုပြုံလာချိတ်ထားသလားလို့ တောင် စိတ်ပျက်လက်ပျက်နဲ့ သံသယဝင်မိပါတယ်။ တချို့ဆိုင်းဘုတ်တွေများဆို နာမည်တစ်မျိုးကို နှစ်ခုထပ်ချိတ်လို့။ အဲဒီအခါမျိုးမှာ အနော်ရထာလမ်းမကြီးဟာ ဆာဟာရအိုအိုထဲမှာ မနိုင်ဝန်တွေ နုံးချည့်နေအောင်ထမ်းပြီး ချည့်နဲ့နဲ့လမ်းလျှောက်လာတဲ့ ကုလားအုတ်အိုကြီးနဲ့ တူနေပါတယ်။ သူ့ရင်ခွင်မှာလည်း လူတန်းစားအမျိုးမျိုးရဲ့ ချွေးစက်တွေ၊ တံတွေးစက်တွေ၊ အာငွေ့တွေနဲ့ ရွှဲရွှဲစိုလို့။
ခုလို ညနေဘက်ကျောင်းဆင်းချိန်၊ ရုံးပြန်ချိန်ဆိုရင် အနော်ရထာလမ်းမကြီးနဲ့ မဟာဗန္ဓုလပန်းခြံလမ်းထိပ်က ကားမှတ်တိုင်ကလေးမှာ စုရုံးစောင့်နေတဲ့လူစုဟာ လမ်းမကြီးဘေး တစ်ဖက်တစ်ချက်စီက ဆိုင်းဘုတ်အရေအတွက်တွေ ကို ပြိုင်ဆိုင်အန်တုလို့။ ပျင်းရိပျင်းတွဲ မြွေတစ်ကောင်လို အိပ်ငိုက်နေတဲ့ ကတ္တရာလမ်းမကြီးရဲ့ ကျောပြင်ပေါ်မှာတော့ ကိုယ်ပိုင်ကားလှလှလေးတွေ၊ လိုင်းကားမျိုးစုံတွေရဲ့ တဝေါဝေါ လုယက်ပြိုင်ဆိုင်မောင်းနှင်သံ၊ ဘရိတ်ဆောင့်အုပ်သံ၊ ဟွန်း တီးသံတွေက စိတ်ရှိလက်ရှိ ဆူညံပေါက်ကွဲလို့။ ကျွန်မတို့ ခရီးသည်တွေ ခေတ္တခဏနားခိုနေရတဲ့ (နိုင်ငံခြားစီးကရက်ကုမ္ပဏီတစ်ခုက ကြော်ငြာလှူဒါန်းထားတဲ့) ကားမှတ်တိုင်လှလှကလေးကတော့ သူနဲ့ ဘာမှမဆိုင်သလို ခေါင်းကလေးကိုမော့၊ မျက်နှာကလေးချီလို့။ အင်းလေ သူ့ခေါင်မိုးလေးနဲ့ မဆံ့အောင် တိုးဝှေ့နားခိုနေကြတဲ့ လူအရေအတွက်ကို ကြည့်ပြီး သူလည်း ငြီးငွေ့ငြူစူလာရှာပြီ ထင်ပါရဲ့။ လိုင်းကားမျိုးစုံကတော့ ကျွန်မတို့ ရပ်နေတဲ့ မှတ်တိုင်ကလေးဆီ အပြေးအလွှားထိုးဆိုက်လာရှာပါတယ်။ ဒါပေမယ့် နဂိုမူလက သယ်ဆောင်လာရတဲ့ ခရီးသည်ပမာဏနဲ့ ထပ်ပြီးသယ်ဆောင်ပေးရမယ့် ခရီးသည်ပမာဏတို့ ဘယ်လိုမှ သဟဇာတမဖြစ်တာကြောင့် မှတ်တိုင်မှာကျန်ရစ်တဲ့ လူအရေအတွက်ဟာ ဘယ်လောက်မှ ထူးပြီး လျော့ပါးမသွားပါဘူး။ ညနေလေးနာရီလောက်ကနေ ညဉ့်ဦးပိုင်း လွန်ချိန်တွေအထိ မှတ်တိုင်ကလူတွေ အရေအတွက်ပမာဏဟာ အပေါင်းလက္ခဏာဘက်ကို တက်ကြွစွာ ဦးတည် ညွှန်ပြမြဲ ဖြစ်ပါတယ်။ နာရီလက်တံက မိနစ်ကွက်တစ်ကွက် ရွှေ့သွားတာနဲ့ ခရီးသည်တွေဟာ တစ်ဦးနဲ့ တစ်ဦး ပိုမိုနီးကပ်လာသလိုခံစားရပြီး ထုထည်ဟာလည်း ပိုမိုသိပ်သည်းလာပါတယ်။ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းသားကျောင်းသူ လေးတွေ၊ ကြိမ်ခြင်းလေးနဲ့ ကျောင်းစိမ်းဝတ်စုံဆင်မြန်းထားတဲ့ ဆရာမတွေ၊ သားရေအိတ်ခပ်နွမ်းနွမ်းနဲ့ ရုံးဝန်ထမ်းတွေ၊ ပါးစပ်မှာ ကွမ်းပလုတ်ပလောင်းနဲ့ အလုပ်ကြမ်းသမားတွေ… စုံလို့ပါပဲ။ တစ်နေ့တာကုန်ခန်းသွားတဲ့ စွမ်းအင်တွေ အရည်ပျော်ပြီးကျလာတဲ့ မျက်နှာပေါ်က ချွေးစီးကြောင်းတွေကို လက်ခုံနဲ့ သုတ်ရင်း၊ အရောက်နှေးလွန်းလှတဲ့ လဆန်း ရက်တွေကို လက်ချိုးရေတွက်ရင်း၊ ကားလှလှလေးရဲ့ မှန်တံခါးကိုတစ်ဝက်ဖွင့်၊ ကက်ဆက်သံတငြိမ့်ငြိမ့်နဲ့ ဟန်ပါပါဆယ်လူလာပြောရင်း ကားမောင်းသွားတဲ့ အန်ကယ်ကြီးတွေကို ကြောင်ကြောင်တောင်တောင် ငေးမောရင်း၊ အလိုက် ကန်းဆိုးမသိတတ်စွာ ခုန်ပေါက်မြူးတူးနေတဲ့ နာရီလက်တံတွေကို ကျိန်ဆဲရင်း။
ပန်းဆိုးတန်းမီးပွိုင့်က မီးစိမ်းပြလိုက်တယ်ဆိုရင်ပဲ ကျွန်မတို့အားလုံး ရဲ့ မျက်လုံးတွေမှာ တစ်ဦးနဲ့ တစ်ဦး ကြိုတင်ညှိနှိုင်းမထားကြဘဲနဲ့ထပ်တူကျတဲ့အရောင်တွေ တစ်သားတည်းရောယှက်ပြီး တောက်ပလာတတ်ကြပါတယ်။ ဒါပေမယ့် မြင်တွေ့ရသမျှကားတိုင်းမှာခရီးသည်တွေဟာ ထင်းချောင်းတွေ တစ်ချောင်းနဲ့တစ်ချောင်း ထပ်ညပ်ထားသလို အဝတ်စတွေ ဝါဂွမ်းတွေ၊ စုပုံထိုးသိပ်ထားသလို ပြည့်ကျပ်နေပါတယ်။ ဟိုင်လက်ကားသေးသေးလေးတွေဆို ဘေးလိုင်း နှစ်ဖက်ရော အလယ်ခုံသေးသေးလေးတွေမှာပါ လူတွေကျပ်ညပ်နေတဲ့အပြင် ကားနောက်မြီးမှာ သက်စွန့်ဆံဖျား ခိုတွယ် စီးကြတဲ့ သူတွေကလည်း မနည်းလှတာမို့ ဘယ်တော့များ ဖိတ်လျှံကျသွားမလည်းလို့ ကြည့်နေမြင်နေရသူတိုင်း အသည်း တယားယား ရင်တမမ ဖြစ်စရာပါပဲ။ လူပြည့်ရင် မှတ်တိုင်တော်တော်များများမှာ ရပ်လေ့ရပ်ထမရှိတာမို့ ကားလေးတွေ ခဗျာ ခရီးသည်ပမာဏ မဆံ့မပြဲ ကို သယ်ဆောင်လာရရှာပေမယ့်လည်း လေးကိုင်းက အရှိန်ပြင်းပြင်းပစ်လွှတ်လိုက်တဲ့ မြားလေးတွေလို ဖျတ်လတ်လို့၊ သွက်လက်လို့။ မျက်စိရှေ့မှာတင် ရိပ်ကနဲမြင်လိုက် ပျောက်သွားလိုက်။ မြို့သစ်ပြန် ရမယ့် သူတွေ၊ ကြားကားနဲ့ တိုးမှာစိုးတဲ့လူတွေ ခဗျာမှာတော့ ခြေထောက်တစ်နေရာစာလေးနဲ့ လက်တစ်ဖက်စာလေး တွယ်ဖို့ ရရုံ ကိုတောင် ခဲခဲယဉ်းယဉ်း ဆုတောင်းရပါတယ်။
ကားမျိုးစုံတော့ ဆိုက်ပါရဲ့။ ကားထဲရှောရှောရှူရှူဝင်ဖို့ မပြောနဲ့ ခြေနင်းခုံပေါ် ခြေတစ်ဖက်လှမ်းတက်ဖို့တင် အလု အယက် တိုးကြိတ်ဖို့ မလွယ်ကူတာကြောင့် ကျွန်မပေကပ်ပြီး မှတ်တိုင်မှာ ရပ်နေမိပါတယ်။ ယောင်္ကျားလေးဆိုရင်လည်း အကောင်းသား။ လေကလေးတဖြူးဖြူးအရသာခံရင်း ဟိုင်းလက်ကားခြေနင်းခုံမှာ တွယ်စီးပစ်လိုက်ချင်သား။ အချိန်ကုန်လည်းသက်သာ။ ခုလို တူသားပေသားကျနေတဲ့ ညနေခင်းမျိုးတွေ ကျွန်မနဲ့ ကာရန်ညီခဲ့တာ ကြာခဲ့ပါပြီ။ ကျွန်မဘေးက ရုံးဝန်ထမ်းအမျိုးသမီး ကြီးတွေကတော့ နောက်ကားလာပုံမပေါ်သေးတာမို့ ခပ်လှမ်းလှမ်းက စတိုးဆိုင်ထဲ ဝင်သွားပါတယ်။ ကားစောင့်လို့ အချိန်ဖြုန်းဖို့ အဆင်ပြေဆုံးနည်းကတော့ နီးစပ်ရာဆိုင်တစ်ဆိုင်ထဲ စိတ်ပါပါ မပါပါ ခဏတစ်ဖြုတ်တော့ လျှောက်ကြည့်နေလိုက်။ ဒီလိုပါပဲ အချိန်ကလူကို မစောင့်ပေမယ့် လူကတော့ အချိန်ကို အခြေအနေ မျိုးစုံမှာ အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် စောင့်ကြရပါတယ်။ ခြေထောက်တွေက စတိုးဆိုင်ထဲ လမ်းသလား နေပေမယ့် ကျွန်မတို့ မျက်လုံးအားလုံးရဲ့ ဗဟိုဆုံချက်ကတော့ ကားမှတ်တိုင်ဆီက တစ်ရွေးသားမှ ရွေ့မသွားပါဘူး။
ကျွန်မကတော့ ကိုယ်လက်လှမ်းဖို့ ခြားနားဝေးကွာလွန်းလှတဲ့ အရာတွေ ငေးမောကြည့်ရတာ မျက်စိညောင်းပြီး ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့အတွက် မှတ်တိုင်မှာပဲ ဆက်ရပ်နေမိပါတယ်။ ကျွန်မလက်ထဲက ချွေးစေးတွေ စိုစွတ်နေတဲ့ မြန်မာကျပ်ငွေ ကားခကလေးကို ငုံ့ကြည့်ပြီး စတိုးဆိုင်ထဲက ပစ္စည်းတွေရဲ့ ဈေးနှုန်းကို နောက်တစ်ခါထပ်ဖတ်ဖို့ မျက်နှာ ပူမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆိုင်ထဲမှာတော့ ရောင်းသူ၊ ဝယ်သူ၊ ကြည့်ရှုသူတွေက ကြိတ်ကြိတ်တိုးဆဲ။
လမ်းမပေါ်မျှော်ကြည့်ပြန်လို့ မြင်နေရတဲ့ မာစီးဒီး၊ ဆာ့ဖ်၊ ပါဂျရိုး၊ ပရာဒို၊ မာ့တူး….အမည်စုံ၊ မော်ဒယ်စုံကားတွေရဲ့ တဝှီးဝှီးဘီးလည်သံနဲ့ ဟွန်းသံမျိုးစုံဟာ နောက်ထပ်ကားတစ်စီးအလာကို လည် တဆန့်ဆန့် မျှော်စောင့်နေတဲ့ ကျွန်မတို့ အတွက် “အဆင်းကိုဦးစားပေးပါ”၊ “အတင်းတိုးမတက်ပါနဲ့” “ ဟိုရှေ့ကပုဂ္ဂိုလ် အဝမပိတ်ပါနဲ့” “ အထဲမှာ ဝင်ကလို့ ရပါသေးတယ်”။ နေ့တိုင်းမနက်တစ်ခေါက် ညတစ်ခေါက်ကြားနေကျ စပယ်ယာရဲ့ အသံစူးစူးလောက်တောင် ဟာမိုနီ မဖြစ်ပါဘူး။ မီးညွန့်မီးလျှံလိုလောင်ကျွမ်းလုမတတ် အလျှံတညီးညီး တောက်လောင်နေတဲ့ နေပူဒဏ်အောက်က အရည်ပျော်ကျလုဆဲဆဲ လမ်းမကြီးပေါ်ကို ဆိုင်ခန်းပေါင်းစုံမှ လွင့်ပျံ့လာတဲ့ တေးသံမျိုးစုံဟာ မညီမညာနဲ့ ရောထွေးစီးမျော လာပါတယ်။ ပျံကျဈေးသည်တွေရဲ့ အော်ဟစ်ဈေးခေါ်သံ၊ ဝီစီသံ၊ ဘရိတ်ဆောင့်အုပ်သံ၊ စက်အင်ဂျင်သံတွေကပါ ထပ်ပြီး ပဲ့တင်ဟပ်လာပြန်တာမို့ မြို့ပြရဲ့မွတ်သိပ်မှုဟာ တစ်စထက်တစ်စ ရုပ်လုံးပိုကြွလာပါတယ်။
ကျပ်တည်းလွန်းတဲ့ဘဝတွေထဲ မနားတမ်းရုန်းကန်နေရတဲ့ ခြေထောက်တွေပေါ် အတောင့်သားရပ်နေရရှာတဲ့ လူတိုင်းလူတိုင်းဟာ ထွက်ပြေးလို့မရတဲ့ နောက်ထပ်ကျပ်တည်းမှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ရင်ဆိုင်နေရတဲ့အခါ ကြိုတင်ချိန်ကိုက်မထားကြတဲ့ အခိုးအငွေ့တစ်ခုကို မျက်နှာတိုင်းကနေ တစ်ပြိုင်နက်တည်း လွှင့်ထုတ်နေကြပါတယ်။ ကျွန်မမျက်နှာပေါ်က အခိုးအငွေ့ကိုလည်း ကျွန်မကိုယ်တိုင်ပြန်မြင်နေရတယ်။ ကားမှတ်တိုင်တစ်ခုလုံးကိုလည်း အဲဒီအခိုးအငွေ့ကပဲ ထူထူထဲထဲလွှမ်းခြုံထားပါတယ်။ ကျွန်မထပ်မြင်လိုက်ရတာက အဲဒီအခိုးအငွေ့တွေဟာ ကျွန်မတို့ မှတ်တိုင်က ခရီးသည်တွေမှာတင်မဟုတ်ပါဘူး။ ကားနောက်လိုက် စပယ်ယာတွေမှာရော၊ ယဉ်မောင်းတွေမှာရော လမ်းဘေးဈေးသည်တွေမှာရော…။ အင်း…အနော်ရထာတော့ သက်ပြင်းချ စိတ်ပျက်နေလောက်ပြီ ထင်ပါရဲ့။
(၃)
ခြေထောက်တစ်နေရာစာလေးအတွက်တောင် နေရာပေးဖို့ ခဲယဉ်းတဲ့ ကမ္ဘာမြေကြီးကိုလည်း ကျွန်မသံသယ ရှိခဲ့တာ ကြာပါပြီ။ ဘယ်လိုအရပ်ဒေသမှာမဆို ကျွန်မတို့ရဲ့ ခြေထောက်တွေ၊ ဦးနှောက်တွေ၊ မျက်လုံးတွေဟာ စဉ်ဆက်မပြတ်အောင် ပြေးလွှားရုန်းကန်နေရပေမယ့် ပြည့်ပြည့်စုံစုံ အလျင်မီတယ်လို့ကို မရှိခဲ့ပါဘူး။ အကြိမ်ပေါင်း မရေတွက်နိုင်တော့သောအခါ ဝီရိယကောင်းလွန်းသော ကိုယ့်ခြေထောက်တွေကို ပြန်အားနာနေမိသည်။
မနက် ၉ နာရီ စမည့် စာသင်ခန်းကို မနက် ၆ နာရီ အိမ်မှထွက် ကျောင်းသို့ ရ နာရီ အရောက်သွားပေမယ့် ကျွန်မကို ထပ်ကြိုးစားလိုက်ပါဦးဟု နှုတ်ဆက်သရော်နေကြသူများက သီရေတာရှေ့ တစ်ဝက်နီးပါး စားပွဲခုံတွေပေါ် ဖြန့် ခင်းနေကြသည့် ဗလာစာအုပ်များဖြစ်သည်။ နာရီများမှားသလားဟု ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့ နာရီလက်တံနှစ်ခုက ရ ဂဏန်းမှာ ခပ်တည်တည်။ လူပေါင်း ၂၀ဝ နီးပါး စုပြုံသင်ယူရသည့် စာသင်ခန်းမှာ လူပေါင်း ၂၀ဝ မက ဆံ့သော်လည်း သီရေတာရှေ့ တစ်ဝက်ကျော်ကျော်လောက်သာ အသက်ရှူချောင်ချောင် စာသင်ယူနိုင်သည်။ သီရေတာအနောက်ဖက် ရောက်လာသည်နှင့် အမျှ ရှေ့ကဆရာ သင်သမျှက နားထဲမှာ မှုန်တိမှုန်ဝါး၊ ကျောက်သင်ပုန်းမှာ နာရီစက္ကန့်တန်၏ ရွေ့လျားမှုနှင့် အပြိုင် ရေးပြသွားသော စာလုံးတွေက ပြောက်တိပြောက်ကျား၊ အစဉ်အသုံးပြုနေကျ ပရိုဂျက်တာမှ ပုံရိပ်များက ဝိုးတိုးဝါးတား။
“မလွယ်ဘူး ခိုင်ရေ။ မနက်ငါးနာရီလောက်ကတည်းကလာပြီး စာအုပ်လာချမှ ဖြစ်မယ်ထင်တယ်။ ပြီးမှ အိမ်ပြန်စာကျက်ပေါ့။ နောက် ကိုးနာရီထိုးမှ ကျောင်းပြန်လာဆို အိုကေပဲ။ ရောမရောက်ရင်တော့ ရောမလို ကျင့်ရမှာပဲ”
ကျွန်မသူငယ်ချင်း၏ စကားကြောင့် ကျွန်မ၏ခြေထောက်တွေကို ငုံ့ကြည့်ဖို့ အချိန်အတော်ကြာ မျက်နှာပူသွားမိ သည်။ ကိုယ်ပိုင်ကားနှင့် ကျောင်းမလာနိုင်သော ကျွန်မတို့ အားကိုးရာ လိုင်းကားတွေက မနက်ဝေလီဝေလင်းအချိန်တွေဆို ရှားမှ ရှား။ ကိုယ့်အုပ်စုနှင့် ကိုယ် ရင်းနှီးနွေးထွေးနေကြသော စာသင်ခန်းအတွင်းဝယ် တစ်အုပ်စုအတွက် တစ်ဦးက ကြိုတင် နေရာယူလိုက်ရုံဖြင့် လိုင်းနှစ်လိုင်းစာလောက် အဆင်ပြေသွားမြဲဖြစ်သည်မို့ ကျွန်မတို့ သူငယ်ချင်းတွေ တစ်ယောက်တစ်လှည့်စီ ခွဲတမ်းချ နေရာယူဖြစ်ကြသည်။ သို့သော် စာသင်နှစ်ဝက်ကျိုးသည့်တိုင် နေရာယူညံ့ဖျင်းလှသော ကျွန်မတို့နှင့် အရှေ့လိုင်း၊ အလယ်လိုင်းတွေက ဘယ်တော့မှ နီးစပ်မှု မရှိခဲ့။ လုံ့လဝီရိယထက်သန်လွန်းသော ကျွန်မတို့ အတန်းသားတွေက ရှေ့မှ ဆရာသင်ကြားသမျှအသံကိုလည်း မလွတ်တမ်း ဖမ်းယူလေ့ရှိကြသည်။ သူတို့၏ ကက်ဆက်သေးသေးလေးတွေကို ကျွန်မက အားကျစွာ ငေးမောမိသော်လည်း တစ်နေ့တစ်နေ့ လေးငါးနာရီစာ အခွေလွတ်ဖိုး တွက်ကြည့်လျှင် ကျွန်မ၏တစ်နေ့မုန့်ဖိုးတွင် ကားခပေးစရာမကျန်အောင် မွဲသွားနိုင်သည်။ ကျွန်မဝယ်ယူ စုဆောင်းထားသော သီချင်းခွေတွေ ဖျက်သွင်းဖို့ကလည်း အင်း… မဖြစ်သေး။ ဒီကိစ္စက တစ်နေ့တည်းပြီးသည့် ကိစ္စမဟုတ်။ နောက်ဆုံးတော့ သီရေတာနောက်ဆုံးခုံတန်းတွေမှာ ခြေပစ်လက်ပစ်ထိုင်ကြရင်း –
“တော်ပါပြီဟာ။ ရှေ့နေလုပ်ဖို့ကို လက်လျှော့လိုက်ပါပြီ။ ငါတို့ထက်မြင့်တာ ပန်ကာခလုတ်တွေပဲ ရှိတော့တယ်။ စာသင်ခန်းတစ်ခုလုံးကို အပေါ်စီးက မြင်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ကြစမ်းပါ”
ဟုသာ ပြောဆိုရယ်မောဖြစ်ကြသည်။ လောကကြီး၏ အမြီးအမောက်မတည့်မှု၊ ကျွန်မတို့၏ ပြေးလမ်းနှင့် ဦးတည်ရာလွဲချော်နေမှု၊ အဆုံးမသတ်နိုင်သောချို့တဲ့မှု…အားလုံးကို မသိချင်ယောင်ဆောင်ပြီး ရယ်မောခြင်းတွေထဲမှာ မျှောချပစ်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။
လက်ချာချိန်ပြီးလို့ လက်တွေ့ခန်းတွေ၊ ကျူတိုရီယယ်ခန်းတွေမှာရော။ ပိုပြီးတောင်ရင်မောဖို့ကောင်းပါတယ်။ မနှစ်က ရူပဗေဒလက်တွေ့ခန်းမှာဆို လက်ချာလွှတ်တာနဲ့ L.C.R (အမျိုးသမီးနားနေခန်းတောင် မသွားနိုင်သေးဘဲ) ပစ္စည်း ကိရိယာ ရှိတဲ့ဆီ လွယ်အိတ်တွေသွားချဖို့ ပြေးလွှားကြရ။ သာမန်အချိန်တွေမှာဆို ရွံကြကြောက်ကြသော ပိုးဟတ်တွေ၊ ဖားတွေ၊ သတ္တဗေဒလက်တွေ့ဘာသာအတွက် အိမ်မှာလေ့ကျင့်ပြင်ဆင်ဖို့ ဝယ်ကြရတော့လည်း ဓါတ်ခွဲခန်းအလုပ်သမားရဲ့ အခန်းမှာ ကျောင်းသားကျောင်းသူတွေ တန်းစီလို့။ အို…နေရာတိုင်းမှာ ကျယ်ပြန့်မှုတွေ ခန်းခြောက်လို့။ အခြေအနေနှင့် အချိန်အခါကိုယ်တိုင်က ဖန်တီးစီရင်ပေးသည့် အနေအထားမျိုးမို့ မည်သူကမျှ မည်သူ့ကို အပြစ်ပုံချစရာမလိုချေ။ ကျွန်မတို့ကိုယ်တိုင်လည်း အများနည်းတူ ပြေးခဲ့လွှားခဲ့ တိုးခဲ့ဝှေ့ခဲ့သည်ပဲ။ နောက်ဆုံးတော့လည်း ဘက်လိုက်တတ်သော ကံကြမ္မာကိုသာ ကြိတ်၍ ကျိန်ဆဲရင်း ကျွန်မသံသယတွေက ပိုမိုခိုင်မာလာခဲ့သည်။
ကဲန်တင်းမှာရော။ အစားအသောက်ရှားပါးပြီး စားပွဲခုံမလောက်သော၊ တစ်ခုတည်းသောကဲန်တင်းကလေးထဲမှာ ပထမနှစ်ကျောင်းသားတွေရော၊ ဒုတိယနှစ်ကျောင်းသားတွေရော ရှုပ်ထွေးကျပ်တည်းလို့။ Break Time (အားလပ်ချိန်) စတာနဲ့ တစ်ယောက်ကပြေး ကဲန်တင်းထဲဝင် ထိုင်ခုံလေးငါးခုံ အရင်ဦးထား၊ တခြားလူ ခုံလာဆွဲရင် “လူရှိတယ်” ဟု ချိုချိုသာသာလေးပြော။ လူတွေနေရာရဖို့ ခဲယဉ်းရတဲ့အထဲ ကျောင်းဝင်းထဲရှိ ခွေးလေခွေးလွင့်တစ်ကောင်စ၊ နှစ်ကောင်စက စားပွဲပေါ်မှာ အသာမှိန်းလို့။ အအေးဆိုင်၊ ဆီချက်ဆိုင်၊ လက်ဖက်ရည်ဆိုင်မှာ ခြေထောက်တွေ ခြေထောက်တွေ လိမ်ယှက်လုနီးပါး။ လုယက်တွန်းထိုးရမှာ အင်မတန်စိတ်ပျက်တဲ့ကျွန်မ အစောကြီးနေရာလာဦးရလို့ ထမင်းချိုင့်မမီတဲ့နေ့ဆို ဝေဖာတစ်ခုလောက်နဲ့ မနက်စာပြီးသွားတာ များပါတယ်။ ကျွန်မရှေ့မှာ စုပြုံလှုပ်ရှားနေတဲ့ လူတွေဟာ တဖြည်းဖြည်းနဲ့ မီးခိုးငွေ့ မီးခိုးမျှင်တွေလည်း ဖြစ်သွားတတ်ပါတယ်။ လူဆိုတာ ထုထည်ဆံ့သမျှ နေရာယူ ဖြည့်နိုင်စွမ်း ရှိသော ဓါတ်ငွေ့တွေနှင့် ဂုဏ်သတ္တိချင်း အတူတူပါပဲလား။
အမျိုးသမီးနားနေခန်းမှာလည်း မနက်ကျောင်းမတက်မီ အချိန်တွေ၊ အတန်းမတက်ဖြစ်တဲ့အချိန်တွေ၊ ဆရာလက်ချာမယူဖြစ်ချိန်တွေမှာ စာသွားဖတ်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ရဲ။ ရှိစုမယ့်စု စားပွဲလေးငါးခုံမှာ ကိုယ့်အုပ်စုနှင့် ကိုယ် နေရာယူပြီးသားချည်း။ (လေဝင်လေထွက်ဆင်းရဲသော အမျိုးသမီးနားနေခန်းမှာ စာမကျက်တတ်ခြင်းက ကျွန်မအတွက် ရှားရှားပါးပါးကံကောင်းသေး၏။) ပထမနှစ်၊ ဒုတိယနှစ် နှစ်တန်းလုံးအတွက် နှစ်ခုတည်းမျှသော အမျိုးသမီးအိမ်သာက အားလပ်ချိန်ဟူ၍ ရှားပါးလွန်း၏။ ဘယ်အချိန်ကြည့်ကြည့် တန်းစီတိုးဝှေ့မြဲ။ အို…ကျွန်မတို့အတွက် တစ်နေရာစာလေးဆိုတာရဖို့ နေရာတကာမှာ ဘာလို့ဆင်းရဲလွန်းရတာပါလိမ့်။
အရေးတကြီးဖုန်းခေါ်စရာပေါ်လာပြန်လျှင်လည်း အားကိုးစရာ ကျပ်စေ့ဖုန်းနှစ်လုံးက ကျွန်မတို့ကို နှုတ်ဆက် လက်ပြသွားပြီ။ ခေတ်မီကတ်လှလှလေးတွေ ထည့်ဆက်ရသော တစ်ခုတည်းသောဖုန်းခန်းကလေးက ကိုယ်အားတဲ့ အချိန် သူကမအား။ သူအားတဲ့အချိန် ကိုယ်ကမအားနဲ့ လုံးချာလိုက်လျက်။ ဖုန်းကတ်ကလေးက ကျပ်စေ့ထက်ဝယ်ရရှာရလွယ်သော်လည်း ဖုန်းဆက်ဖို့ကျပြန်တော့ စောင့်ဆိုင်းတန်းစီရပြန်သည်။ တစ်ခါတစ်ခါတော့ ဆယ်လူလာလေးခါးကြားထိုးပြီး ကဲန်တင်းမှာထိုင်ကြသော ပထမနှစ်ကောင်လေးတွေကို မျက်စိနောက်ဖို့မေ့သွားမိပြန် သည်။ ကျွန်မတက္ကသိုလ်တက်ပြီး နှစ်နှစ်ကြာလာသောအခါ ဇော်ဝင်းထွတ်၏ နေရာသစ် နှင့် ဗဒင်၏ နေရာသီချင်းတို့ကို ခဏခဏဟစ်အော်ဆိုမိသည်။
(၄)
ကျွန်မ၏အတွေးတွေ မဆုံးခင် မလှမ်းမကမ်းမှ ထိုးဆိုက်လာသော ၃၃ အထူးယဉ်ပေါ်သို့ ကျွန်မ မတက်၍ မဖြစ်တော့။ ကျွန်မ ဒီနေ့ ငါးနာရီမခွဲမီ အိမ်ပြန်မရောက်၍ မဖြစ်။ မနက်ဖြန် စာမေးပွဲငယ်တစ်ခုက ရှိသေး၏။ ခုတောင် လေးနာရီ မိနစ်လေးဆယ် ရှိနေပြီ။ ညနေ ခြောက်နာရီခွဲတိတိမှ အချိန်အကန့်အသတ်မရှိ ပုံမှန်ပြတ်တောက်မြဲဖြစ်သော လျှပ်စစ်မီးက ကျွန်မခြေထောက်တွေကို အတင်းတွန်းထုတ်နေသည်။ အိမ်မှာ ဖယောင်းတိုင်ကုန်နေ၍ လမ်းထိပ်မှ ဖယောင်းတိုင်တစ်ထုပ်လောက် ဝင်ဝယ်ရဦးမယ်။ စိတ်ကောင်းဝင်၍ တစ်နှစ်နီးပါး ခိုင်မြဲလာသည့်ဖိနပ်က သဲကြိုးလျော့ရဲရဲ ဖြစ်လာပြီ။ မုန့်ဖိုး၊ ကားခ၊ ကျောင်းစာအုပ်ဖိုးတွေအပြင် အခြားသော အပိုစရိတ်စကတွေကို အသက်နှစ်ဆယ်ပြည့်ပြီးသည့် တိုင် မိသားစုထံ လက်ဝါးဖြန့်တောင်းနေရသောဘဝကို ရှက်ရွံ့ခါးသီးလှပြီ။ အဆုံးဟူ၍ မရှိနိုင်ဘဲ အဖန်တလဲလဲလည်ပတ် နေသော စာမေးပွဲများ၊ ငါးဖမ်းကွန်ယက်တွေလို တစ်ခုနှင့်တစ်ခု ရှည်ရှည်လျားလျားဆက်စပ်ရှုပ်ထွေးနေသော သင်ခန်းစာများ၊ မိသားစုတစ်ခုလုံးအတွက် လောက်ငရုံ ဝင်ငွေနှင့် ကျွန်မ၏ ကျောင်းစရိတ်ပမာဏ ဟန်ချက်မညီမျှမှုများ သည် ကျွန်မ၏ထွက်သက်ဝင်သက်တိုင်းကို အစဉ်ခွစီးထားကြသည်။ မလောက်မင နာရီလက်တံတွေပေါ် မွန်းကျပ်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့်ထမ်းပိုးရင်း ယိုင်နဲ့နဲ့ကျားကန်ထားရသော ကျွန်မ၏ခြေထောက်တွေ ရှေ့လျှောက် ခိုင်မြဲပါဦးမလား။
ကားပေါ်တက်တက်ခြင်းမြင်တွေ့လိုက်ရသော ညစ်နွမ်းနွမ်းခြေထောက်များသည် ကျွန်မထက်အဆပေါင်းများစွာ ပို၍ ကျားကုပ်ကျားခဲနေကြမှန်း သိသာလှသည်။ များပြားရှုပ်ထွေးလှသော ခြေထောက်များသည် ကားခြေနင်းကြမ်းပြင်ကို မမြင်ရလောက်အောင် ဖုံးလွှမ်းထားသည်။ ပြည်သူပိုင် ဘတ်စ်ကားတို့သည် တိုးတက်မှု၏ပြယုဂ်တစ်ခုအဖြစ် သိသာထင်ရှားလှ၏။ လူတစ်ဦးနှင့်တစ်ဦးအကြား ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံထားသော လေထုသည်ပင် စိမ့်ဝင်တိုးပေါက်စရာ နေရာမရှိအောင် ကျပ်ညပ်နေ၏။ တံခါးပိတ်ဖို့ ခဲယဉ်းအောင် ပြည့်လျှံကျလုနီးပါး ခရီးသည်တွေကို သယ်ဆောင်ထားသော ကားသည် မှတ်တိုင်တွင် ကျောက်ချရပ်နေ၏။
“အို မထွက်နိုင်တော့ဘူးလား။ ဘယ်အချိန်ရှိပြီလဲ” ။ “ခရီးသည်တွေကို ညှာဦးမှပေါ့” ။ “နောက်ကားမလာမချင်းတော့ စောင့်ပေဦးတော့။ နောက်ကားလာပြီဆိုရင်ပဲ ဂျက်လေယဉ်နှုန်းနဲ့မောင်း၊ မှတ်တိုင်တိုင်းမရပ်ချင်ပဲ ခရီးသည်တွေကို အတင်းတွန်းချ” ။ အိုက်စပ်ပူလောင်မှု၊ ကြန့်ကြာမှု၊ ကျပ်တည်းမှုတွေဖြင့် စည်းနှောင်ခံလိုက်ရသောအခါ ကျွန်မတို့အားလုံး၏ နွမ်းလျလျမျက်လုံးများသည် မြက်ခြောက်ပင်အိုအိုတွေလို ထပ်မံ၍ ခြောက်ကပ်သွားရပြန်သည်။ ထိုင်ခုံတွေမှာ ထိုင်နေသူတွေအဖို့ တိုးကြိတ်မှုဒဏ်က မသိသာသော်လည်း မတ်တပ်ရပ်တိုးဝှေ့နေရသူတွေအဖို့ တော့ မသက်သာလှ။ တစ်ဦးဖိနပ်ကို တစ်ဦးတက်နင်းမိကြ။ ရန်ဖြစ်ဆဲဆိုမိကြ။ ကွန်ယက် ကျဉ်းကျဉ်းထဲမှာ မိထားသောငှက်အုပ်လို တစ်ဦးနှင့်တစ်ဦး တွန်းထိုးနေရာယူကြ။ ခေါင်မိုးမှ တန်းကို ကိုင်၍မမီ သူများဆိုလျှင် သာ၍ဆိုးသေး၏။ ဘရိတ်တစ်ချက်အဆောင့် ခြေကားယားလက်ကားယား။ ကားစပယ်ယာက ဖြစ်နိုင်လျှင် ကားခေါင်မိုးပေါ်အထိ လူတင်ခေါ်ချင်ပုံရ၏။ “အပေါ်လမ်းအတိုင်းသွားမယ်၊ ကြည့်မြင်တိုင်ကို” ဟူသောစကားကိုချည်း ထပ်တလဲလဲ အော်ဆိုနေ၏။ ကျွန်မတို့ တစ်နေ့ပြီးတစ်နေ့ ဖောဖောသီသီကြီး ဖြုန်းတီးပြစ်ကြရသော အရာများထဲတွင် အချိန်လည်းပါဝင်သည်။ ကားဂိတ်တွေမှာ၊ မီးပွိုင့်တွေမှာ၊ ကျောင်းလခ သွင်းတဲ့ နေရာမှာ၊ မီတာခတန်းစီတဲ့ အခါမှာ။ ရှောင်လွှဲ၍ မရဖန်များလာသောအခါ အချိန် ဟူသည် ကျွန်မတို့အတွက် သည်းခံပြီး ရင်း သည်းခံစရာ အရာဝတ္ထုတစ်ခု အဖြစ် နောက်ထပ်စာရင်း တိုးလာခဲ့သည်။
“နှစ်လိုင်းပြည့်အောင် စီပါ။ ကျောခြင်းကပ်ရပ်ပေးကြပါ။ အဝမပိတ်ပါနဲ့ဗျာ။ အထဲကိုဝင်ပေးကြပါ။ အလယ်မှာ အချောင်ကြီး။ ဆင်းမယ့်မှတ်တိုင် ရပ်ပေးပါ့မယ်”
စပယ်ယာ၏ လည်ချောင်းကွဲသံ စူးစူးနှင့် ကားသည် မှတ်တိုင်မှ လှုပ်လီလှုပ်လဲ့ထွက်လာ၏။ ရှေ့မှတ်တိုင်တွေ မှာ နောက်ထပ်ခရီးသည်တွေ မဆံ့မပြဲ တွန်းတင်မည့်အခါ ထွက်ပေါ်နေကျ ထိုအသံကို အားလုံးက ဥပေက္ခာတရား လက်ကိုင် ထား၍ မဖြုံနိုင်ဘဲ ရှိသည်။ ဒီဘက်နားကဝင် ဟိုဘက်နားကထွက်။ ကမ္ဘာ့ဆွဲအားကို အစဉ်သွေဖယ်နေကျ ကုန်ဈေးနှုန်းအကြောင်း၊ ရှေ့ဆက်ရမယ့် မနက်ဖြန်တွေ အကြောင်း၊ အတိတ်နှင့်ပစ္စုပ္ပန်တို့၏ အနာတရတွေ အကြောင်း…။ အားလုံးကိုယ့်အပူနှင့်ကိုယ်။ ကြားပင်ကြားနိုင်မည်မထင်။ ထပ်တိုးပေးစရာနေရာဟူ၍ နတ္တိဗလာ။ မှတ်တိုင်တိုင်းမှာလည်း တက်မည့်ခရီးသည်တွေက ပုရွက်ဆိတ်တွေလိုခဲလို့။ အဆင်းရော မရှိကြတော့ဘူးလား။ အတက်တွေချည်း…။
ငါးနာရီထိုးခါနီးထိ မငြိမ်းသတ်နိုင်သေးသော နေပူရှိန်နှင့် တစ်ဦးကိုယ်မှတစ်ဦး လျင်မြန်စွာကူးစက်သော ကိုယ်ပူ ငွေ့တွေ ပေါင်းဆုံပြီး ကျွန်မတို့အားလုံး အငွေ့ပျံလုနီးပါး ချွေးတွေပြိုက်ပြိုက်ကျနေသည်။ အငွေ့ပျံသွားလည်း ကောင်းသားပဲ။ ခြေထောက်တစ်နေရာဆံ့ဖို့ ခဲယဉ်းတဲ့ မြေပြင်ထက်စာရင် လေထုထဲမှာ လွင့်မျောဖို့ တစ်နေရာရာတော့ ရှိမှာပဲ။ အိုလေထုထဲမှာလည်း သူ့ဓါတ်ငွေ့တွေနဲ့သူ ပြည့်လို့။ အောက်စီဂျင်၊ နိုက်ထရိုဂျင်၊ အင်နာ့ဂက်စ်တွေနဲ့။ ကျွန်မတို့ ခြေထောက်တွေ ဘယ်လိုလုပ် ဝင်ဆန့်လိမ့်မတုံး။ မဖြစ်သေးပါဘူး။
မတ်တတ်ရပ်နေကြသူအားလုံးကလည်း နီးစပ်ရာထိုင်ခုံတွေဆီ တစ်ချိန်လုံးမသိမသာ အကဲခတ်နေကြသည်။ ထိုင်ခုံတွေဆီမှ ချွတ်ချွတ်ချွတ်ချွတ်အသံ တစ်နေရာကကြားလျှင် ဦးအောင်ဝင်ထိုင်နိုင်ဖို့ မျက်လုံးတွေ၊ ခြေထောက်တွေကို အသင့်ပြင်လို့။ အင်းလေ ဘတ်စ်ကားစီးတယ်ဆိုတာကလည်း ဟိုသီချင်းထဲကလို ရှေ့ကြည့် နောက်ကြည့် ဘေးကြည့်စီးရ သည်မို့ အထူးတလည် ကြိုးစားစရာမလိုဘဲ ကျွန်မတို့အားလုံး ကျင့်သားရနေပြီးသားကို။
ကျွန်မ မျက်စောင်းထိုးခုံမှ အမျိုးသားကြီးက မတ်တတ်ရပ်နေတာ အမြင်မတော်သော သံဃာတော်တစ်ပါးကို ထ၍ နေရာပေး၏။ သို့သော် ပတ်ဝန်းကျင်အခြေအနေကို လေ့လာစူးစမ်းမှုနည်းသော ကျွန်မဘေးမှ ရုံးဝန်ထမ်း အမျိုးသမီး ငယ်က ဖျတ်ကနဲဝင်ထိုင်၏။ လူအများစုကတော့ မသိလိုက်။ ထိုအမျိုးသမီးကိုယ်တိုင်လည်း သူ့ကိုယ်သူသိဟန်မတူ။ သူ့စိတ်ထဲမှာတော့ ရှေ့ကအမျိုးသားက သူ့ဟာသူ မှတ်တိုင်မှာ ဆင်းမှာမို့ အချိန်တန်၍ထသွားသည်ဟု ထင်နေမည်။ ပြီးတော့ တံခါးပေါက်မှ အဝေးဆီ ငေးရီနေ၏။ အို သူ့ကိုလည်း အပြစ်တင်လို့ မဖြစ်ပါဘူး။ သူ့စိတ်ထဲမှာလည်း တခြားကိစ္စပေါင်းစုံတွေနဲ့ ရှုပ်ရှက်ခတ်နေလိမ့်မပေါ့။ ရုံးဝန်ထမ်းဆိုတော့လည်း အလုပ်ကအများသား မဟုတ်လား။ နေရာ ထပေးသည့်ပုဂ္ဂိုလ်ကလည်း တစ်ခုခုပြောဟန်ပြင်ပြီးမှ ရိုးသားစွာ မှားယွင်းမှု ဖြစ်နေသဖြင့် ဘာမှမပြောတော့။
“တံခါးတွေပိတ်မယ်။ ရှေ့မှာ….”
ကျယ်လောင်သော အလန့်တကြားအော်သံမဆုံးမီမှာတင် ကားက ၁၅ လမ်းမှတ်တိုင်အနီးတွင် တုန့်ခနဲ ရပ်သွား၏။ ကားပေါ် မှ ခရီးသည်တွေ၏ ပွစိပွစိ မြည်တွန်တောက်တီးသံက ညံခနဲ ထွက်လာ၏။
“လုပ်ပြီအမြဲ။ ဒီနေရာနဲ့ တစ်ခါမဟုတ် တစ်ခါ ကြုံရတာချည်းပဲ။ ရှေ့မှာ မီးပွိုင့်ကလည်း ရှိသေးတယ်”
အဆင်မပြေမှုတွေနှင့်သာ နာရီတိုင်းလိုလို အထုပ်အပိုးခံနေရသော ကျွန်မတို့ ခရီးသည်အားလုံး တစ်နေ့တာ သည်းခံ ချုပ်တီးခဲ့ရသမျှတွေအားလုံး စုပုံသိမ်းကျုံးပြီး (မည်သူ့ကိုမှန်းမသိ) ပျစ်ပျစ်နှစ်နှစ်ဆဲဆိုနေကြသည်။ ဆယ့်ငါးမိနစ်ခန့် လေးလံငြီးငွေ့စွာရပ်စောင့်ပြီးသည့်နောက် စပယ်ယာနှစ်ယောက် တဗျစ်တောက်တောက်ဖြင့် ပြန်တက်လာသည်။
“ဒီနေ့လည်း တစ်နေ့စာ သွားပြန်ပြီကွာ။ ဘာလုပ်စားရမှန်းကို မသိတော့ဘူး… မောင်း”
ဒရိုင်ဘာ၏ ဒေါသတွေက ကားစတီယာတိုင်ပေါ် ထိုးကျလာသောအခါ ကားသည် ဘယ်ညာလှုပ်ခါသွား၏။ ပြောပေါက်ဆိုပေါက် ဆိုးသော်လည်း တစ်နေ့လုပ်တစ်နေ့စားရသော သူတို့ ဘဝတွေကို ကျွန်မတကယ်ကိုယ်ချင်းစာမိပါ သည်။ မိအိုဖအို လုပ်ကျွေးရသူတွေလည်း ရှိသည်။ မိသားစု တပြုံတမဝန် ထမ်းထားသူတွေလည်းရှိသည်။ အကြွေးတွေ လည်ပင်းရစ်ပတ်ခံ ရသည့်လူတွေလည်း ရှိဦးမည်။ သူတို့နှင့် ကျွန်မတို့သည် အခြေတူသော အပိုင်းကိန်းတွေ ဖြစ်သည်။
၁၅ လမ်း မှတ်တိုင်တွင် အင်္ကျ ီ ခပ်နွမ်းနွမ်းဝတ်ထားသော အသက်ရှစ်နှစ်ကိုးနှစ်အရွယ်ကလေးသည် ခြေတစ်ဖက် ပြတ်နေသဖြင့် ချိုင်းထောက်ကလေးကို အားပြုပြီး ကားပေါ်တက်လာ၏။ သူသည်ကျွန်မနှင့် မလှမ်းမကမ်းမှာ ရပ်နေပြီး အပေါ်တန်းကိုကိုင်ဖို့လည်း လက်ကမမီ။ လက်တစ်ဖက်ကလည်း ချိုင်းထောက်ကိုကိုင်ထားရ သဖြင့် ကျန် လက်တစ်ဖက်တည်းဖြင့်သာ နီးရာခုံကို ကိုင်ထားရ၏။ ခြေတစ်ဖက်လက်တစ်ဖက်ဖြင့်သာ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းနိုင်သောကလေးသည် တစ်ချက်တစ်ချက် ဘရိတ်ဆောင့်အအုပ်တွင် ဖရိုဖရဲပြိုယိုင်လဲကျသွားသဖြင့် ဘေးမှလူများက ဝိုင်းဝန်းထိန်းမပေးနေရ၏။
ကီလီမှတ်တိုင်ရောက်သောအခါ အမျိုးသမီးတစ်ဦးက – “ လာကလေး၊ ဒီမှာထိုင် “ ဟုနေရာဖယ်ပေးပြီး ဆင်းသွား၏။ သို့သော် ဘယ်လိုမှ မထင်မှတ်သောမြင်ကွင်းတစ်ခု။ ကျွန်မညာဘက်၌ ရပ်နေသော ပုဂ္ဂိုလ်က ကလေးကို ဝုန်းကနဲတွန်းကာ စွေ့ကနဲ ဝင်ထိုင်ပစ်လိုက်၏။ ကျွန်မသေသေချာချာကြည့်လိုက်တော့ ခေါက်ရိုးရာအကျအနနှင့် မီးပူသေချာတိုက်ထားသော ဖြူလွလွအင်္ကျ ီ၊ ရခိုင်ပုဆိုးတောက်တောက်ဝတ်ထားသော အကောင်းစားနာရီ၏ မှန်ချပ်မှ တစ်ချက်တစ်ချက် အလင်းပြန်လျှင် ကျွန်မတို့မျက်လုံးတွေစူးလို့။ အားလုံးက သူ့ကို တအံ့တဩကြည့်ကြတော့ လက်ထဲမှ နိုင်ငံခြားဖြစ် စီးကရက်ကို အငွေ့တထောင်းထောင်းထအောင်ဖွရှိုက်လို့။ သူ့ကိုယ်မှ မညှာမတာပျံ့လွင့်လာသော ရေမွှေးနံ့စူးစူးနှင့် စီးကရက်နံ့တို့သည် ကျန်ခရီးသည်အားလုံးကို စိတ်ရှိလက်ရှိနှိပ်စက်လေ၏။
သူ့ရှေ့တွင် ရပ်နေသော မနေနိုင်သည့်အမျိုးသမီးက “ ယောင်္ကျားကြီးတန်မဲ့ အရှက်နည်းလိုက်တာ ကမ်းကုန်ရော။ နေရာလေးတစ်နေရာများအေ။ မိန်းကလေးတန်မယ့် ဒုက္ခိတလေးကို ကိုယ်ချင်းစာလို့ ဖယ်ပေးတဲ့သူက ဖယ်ပေးတာတောင် သူက ကြောင်တောင်နှိုက်သေး “
“ဝှူး နံလိုက်တဲ့ အနံ့”
“စိတ်မှ နှံ့ရဲ့လား”
“စိတ်မနှံ့တဲ့လူက ကပ်သီးကပ်သတ် နေရာအတင်းဝင်လုရမှန်း သိပါ့မလား”
သူကတော့ သူ့အကြောင်း ဘာသံကိုမှ ဂရုမပြုသလို ပြတင်းပေါက်ပေါ် ခပ်တည်တည်လက်တင်လို့။ သူ့ကိုယ်ပိုင်ကား သူတက်စီးနေတဲ့ အချိုးမျိုး။ အစောပိုင်းက ဘာမှန်းညာမှန်းမသိ ဝင်ထိုင်မိတဲ့ အမျိုးသမီးလိုလည်း ပြတင်းပေါက်ကို ငေးကြည့်မနေပါဘူး။ စီးကရက်လက်ကြားညပ်ရင်း မျက်မှန်ကလေးပင့်လို့ ဝံ့ဝံ့ကြွားကြွား။ (မျက်မှန်ကွယ်နေတော့ သူ့မျက်လုံးတွေ ဘယ်လိုရှိမယ်ဆိုတာ ကျွန်မတို့ မမြင်ရပါဘူး)။ ဒုက္ခိတကလေးငယ်ကတော့ မျက်လုံးလေး အကြောင် သားနှင့် သူ့ချိုင်းထောက်ကလေးကို မခိုင်မခန့်အားပြုရပ်လို့။
“ခုနက လေးကျပ်ခရီးကို နှစ်ရာတန်ပေးစီးတဲ့ ပုဂ္ဂိုလ်။ ရော့ဒီမှာ ၁၉၆ ကျပ်တိတိ၊ ဟုတ်ပြီလား”
လူမမြင်ရခင် ကြိုရောက်နှင့်နေသော စပယ်ယာ အသံကြောင့် ဝိုင်းကြည့်လိုက်တော့ စောစောကပုဂ္ဂိုလ်က ကားစပယ်ယာဆီက ၁ဝကျပ်တန်၊ ၂ဝတန်၊ ၅ဝကျပ်တန် ခပ်နွမ်းနွမ်းတွေကို တစ်ရွက်ချင်းစီရေရင်း သူ့ရဲ့သားရေ ပိုက်ဆံအိတ်အပြားလေးထဲ ထည့်လိုက်ပြီး လောကကြီးမှာ သူ့တစ်ယောက်တည်းပဲ အသက်ရှင်နေထိုင်တဲ့ ပုံစံမျိုးနဲ့ သူ့ပါးစပ်က စီးကရက်မီးခိုးငွေ့တွေကတော့ ကားတစ်စီးလုံးကို လွင့်မျောလို့။ လွင့်မျောလို့…။
ကျွန်မသူ့ကိုကြည့်လိုက်တော့ သူ့ထိုင်ခုံက သက်သောင့်သက်သာရှိတဲ့နေရာမျိုးလည်း မဟုတ်ပါဘူး။ နေပူတဲ့ဘက်ခြမ်းဆိုတော့ မျက်စိတွေကျိန်းပြီး ခေါင်းတွေတဒိန်းဒိန်းကိုက်လိုက်မယ့် ဖြစ်ခြင်း။ ခြေထောက်ကလည်း ရှေ့ကသံပြားအခုံးရှိတာမို့ ချောင်ချောင်ချိချိချလို့ မရဘဲ ဒူးကိုအရမ်းကွေးထားရပါတယ်။ ဒီကြားထဲ ထိုင်ခုံအောက်ခြေက မခိုင်မခန့်နဲ့မို့ ကားဆောင့်ထွက်လိုက်ရင် ရှေ့တိုးနောက်ငင် ယိုင်တတ်ပါသေးတယ်။ သူ့ဘေးက ပြတင်းပေါက်ကလည်း ဖွင့်လို့မရတာကြောင့် ပူပြင်းလောင်မြိုက်လိုက်မယ့်ဖြစ်ခြင်း။ သူ့မျက်နှာတစ်ပြင်လုံးမှာလည်း ချွေးသီးချွေးပေါက်တွေ မြင်လို့မကောင်းအောင် ဖုံးလွှမ်းလို့။ ဒီကြားထဲ ခရီးသည်တွေရင်ထဲ မျိုသိပ်ထားရတဲ့ စကားလုံးတွေက မျက်စောင်းတွေ အဖြစ် အသွင်ပြောင်းပြီး သူ့ကိုယ်ပေါ်ဆီ ဒိုင်းခနဲ ဒိုင်းခနဲ။
ခြေတစ်ချောင်းနဲ့ ဒုက္ခိတလေးအတွက် ဒီတစ်နေရာစာလေးဟာ တော်တော့်ကို အဆင်ပြေသွားမယ့် နေရာဖြစ် ပေမယ့် သူ့အတွက် ဒီလောက်ပင်ပန်းဆင်းရဲလှတဲ့နေရာကို ဘာလို့များ ကုပ်ကပ်ဖက်တွယ်ထားချင်ရတာလဲ။ ပြီးတော့ လူအများရဲ့ မေးငေါ့ချင်စရာ စကားလုံးဒဏ်တွေ၊ ရွံရှာစက်ဆုပ်တဲ့ အကြည့်တွေကို ပေပေတေတေခံယူပြီးများ ဘာလို့ ဆက်ထိုင်နေရတာပါလိမ့်။ သူနှင့် နှိုင်းစာရင် ကိုယ့်အရိပ် ကိုယ်ပြန်ကြည့်ရဲတဲ့အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေကြတဲ့ ကျွန်မတို့တတွေ အသက်ဝဝ ရှူရဲလာပါတယ်။ (နေရာမရတာ တစ်ခုကလွဲရင်ပေါ့ လေ)
တစ်မှတ်တိုင်ထက် တစ်မှတ်တိုင် ပိုမိုကျဉ်းကျုံ့လာတဲ့ ဘတ်စ်ကားပေါ်မှာ ဘုမသိဘမသိအူကြောင်ကြောင်နဲ့ နေရာမှားယူမိတဲ့လူတွေ အများအပြားရှိတယ်။ မသိသလိုသိသလိုနဲ့ အခြေအနေကြည့်ပြီး ချော်လဲရောထိုင်ချလိုက်တဲ့လူ တွေလည်း ရှိတာပဲ။ သိသိကြီးနဲ့ ခပ်တည်တည်မျက်နှာပြောင်တိုက်ပြီး တွန်းတွန်းတိုက်တိုက် ဝင်ထိုင်လိုက်တဲ့ လူတွေက လည်း အများသား။ ခရီးမဆုံးမချင်း အခွင့်အရေးလေးများကြုံရင် အချောင်နှိုက်ဖို့ မျှော်လင့်နေတဲ့လူတွေကလည်း ရှိဦးမှာပါ ပဲ။
သူ့နေရာမှာ ကျွန်မဆိုရင်ရော။ အင်းဆက်စီးရမယ့် ခရီးကလည်းအရှည်ကြီးမဟုတ်လား။ ကီလီ၊ ပန်းခြံ၊ ဆေးရုံ၊ စာတိုက်၊ ချန်ပါပီ၊ ဆင်မင်းဈေး၊ ဝှိုက်တော၊ ဟုမ်းလမ်း၊ ကျောင်းရှေ့၊ ဘူတာ၊ ညဈေး၊ နတ်စင်လမ်း။ ဘယ်သူမဆို ကိုယ့်လက်ထဲမိပြီးသား ငါးတစ်ကောင်ကို ပြန်လွှတ်ချင်စိတ် ထားနိုင်ပါသေးရဲ့လား။ နေပူပူ၊ ဘာပူပူ၊ ဘယ်သူတွေဘာပဲပြောပြော ထိုင်ခုံဆိုတာ ခြေထောက်အညောင်းတော့ သက်သာကြတာချည်းကိုး။ ဘာပဲဖြစ်ဖြစ် လောကကြီးကို အကောင်းဘက်ကချည်း မြင်တတ်ရင် စိတ်ချမ်းသာရတယ်တဲ့။ အဲဒီတော့ သူ့မှာလည်း အပြစ်ရှိချင်မှ ရှိမှာပေါ့လေ။
ဒီလိုပါပဲ။ ကျွန်မတို့ သင်ဖူးတဲ့ ရူပဗေဒသဘောအရ ကမ္ဘာပေါ်မှာ ရွေ့လျားနေတဲ့ အရာက အစဉ်ရွေ့လျားချင်နေ တဲ့ သဘောမှာရှိပြီး ရပ်နေတဲ့အရာဟာ ဆက်လက်ရပ်တန့်နေချင်တဲ့ သဘောမှာ ရှိတယ်တဲ့။ အရာဝတ္ထုတိုင်းဟာ ဘယ်လို အချိန်မျိုးမှာ မဆို ရှိမြဲနေမြဲသဘာဝမှာသာ ဆက်လက်တည်တံ့နေချင်ကြသတဲ့။ ကားမောင်းနေရာကနေ ရုတ်တရက် ဘရိတ်ဆောင့်အုပ်လိုက်ရင် လူက ရှေ့ကိုယိုင်သွားတာမျိုး၊ ကားပြန်မောင်းထွက်ရင် လူက နောက်ပြန်ပြန်ယိုင်တာမျိုး။
(၅)
နေဝင်ချိန်အိပ်တန်းပြန်ကြတဲ့ ငှက်ကလေးတွေကို ငေးကြည့်ရင်း ကျွန်မကို တစ်ချိန်လုံးနှောက်ယှက်နေတဲ့ မေးခွန်းရဲ့အဖြေကို တစ်စွန်းတစ်စ လှမ်းမြင်လိုက်ရတယ်။ အဲဒီညက ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းနေတဲ့ ကမ္ဘာကြီးရဲ့ နှလုံးခုန်သံကို ကျွန်မအသာ နားစွင့်ကြည့်မိတယ်။ လူတွေလို “ဒုတ် ၊ ဒုတ်” လို့တော့ မမြည်ဘူး။ နည်းနည်း တော့ ထူးဆန်းတယ်။ “အင်နားရှား” ၊ “အင်နားရှား” တဲ့။
ညိုခက်ကျော်
31 comments
blackchaw
December 2, 2011 at 10:36 am
လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က ရေးခဲ့တဲ့ ဝတ္ထုတိုတစ်ပုဒ်ပါ။
အချိန်ယူပြီး အေးအေးဆေးဆေး ဖတ်ကြည့်မှ အဆင်ပြေပါလိမ့်မယ်ဗျာ။
သရုပ်ဖေါ်ပုံမပါလာတာကိုတော့ ခွင့်လွှတ်ပေးပါဗျို့။
ကြောင်ကြီး
December 2, 2011 at 11:36 am
အဲဒါ ငါ့ယောက္ခမဂျီး လက်ရာစာမူကွ…..။ ရှည်လွန်းလို့ အခုမဖတ်နိုင်သေးဘူး။ နောက်မှ အေးဆေးဖတ်ပြီး အမွှမ်းတင် ရေးသားဂုဏ်ပြုမယ်။
ယောက္ခမဂျီး…. ယောက္ခမဂျီး….ယောက္ခမဂျီးကို ချစ်တယ်။ 😀
ဆူး
December 2, 2011 at 2:29 pm
ကလေးမ ၉၁၁ ကို ဖုန်းဆက်နေလောက်ပြီ.. အသရေ ဖျက်မှုနဲ့.. တိုင်မှာ သေချာနေပြီ။ ဂျကားတောင် ပီမယ် မထင်သေးဘူး။
Moe Z
December 2, 2011 at 11:43 am
book mark လုပ်သွားပါတယ် ဘဘဘလက် (ဦးကြောင်ကြီးယောက္မ)
ပြီးမှအေးအေးဆေးဆေးဖတ်တော့မယ် 🙂
ကြောင်ကြီး
December 2, 2011 at 11:54 am
တေဒေါ့မှာဘဲ။ ဘယ်သူ့ကို ပြောလို့ပြောမှန်းမသိ။ ဦဘလက်က ယောက္ခထီး နောက်တယောက်။ အခုကြောင်ကြီး ပြောနေတာ ယောက္ခမ။ ဦးကြောင်ကြီးက မွတ်စလင်၊ လေးယောက်ယူမယ်လို့ ကြံရွယ်ထားတယ်။ မိုးစက်လေးကိုလည်း ဦးကြောင် :kiss: ။။။ 😳
weiwei
December 2, 2011 at 12:05 pm
လေဒီခိုင့်လက်ရာကို ဖတ်ခွင့်ရအောင် ရှာတင်ပေးတဲ့ ကိုဘလက်ချောကို ကျေးဇူးတင်ပါတယ် …
သေချာဖတ်သွားပါတယ် …
Moe Z
December 2, 2011 at 12:23 pm
ဪ အဲဒီလိုလား .. ဟီး မမဝေပြောမှသိတယ်
ဆောရီး ဘဘ ဘလက် 😛
thit min
December 2, 2011 at 12:53 pm
ဪ သေချာသွားပြီပေါ့။
၁။ဟုတ်လားလို့ ကိုဘလက်မေးတုန်းကမဖြေခြင်း၊
၂။အခုတင်လာသော အခါတွင်လည်း သူကြီးမင်းအွန်လိုင်းတွင်ရှိနေပါလျှက်
မသိချဉ်ပေါင်ဟင်းချက်နေခြင်း၊
၃။ဤသို့စာရေးဆရာမတစ်ဦး၏စာကို ဤဆိုဒ်တွင်ယခုထက် များများစားစားဖတ်နိုင်ခြင်းအခွင့်
အရေးကို ရွာသားများ မရရှိကြရခြင်း
၄။ ဤသို့ ယခုသို့ မေးမြန်းသည်ကိုပင် မသိကျိုးကျွံပြုရန်အလားအလာများခြင်း။
၅။ အမှတ်စဉ် လေး ကို ရှောင်နိုင်ရန် ကြိုးစားရှင်းပြရန် “ကိုယ်ထင်”ပြရန်လည်း
အလားအလာရှိခြင်း၊
များ ကို တွေးရင်း တွေးရင်း အရေးအသားကောင်းသော ဤစာစုအား ဂုဏ်ပြုလိုက်ရပါသည်။
(တနည်း ။ ။လေးစား ချစ်ခင်စွာ “ဖွ” လိုက်ရပါသည် ခင်ဗျား )
(^^)
blackchaw
December 2, 2011 at 1:32 pm
ကိုသစ်ရေ။
ကျွန်တော်မေးတုန်းက ဖြေခဲ့တယ်ဗျ။
ပြန်ရှာကြည့်ဗျို့။
thit min
December 2, 2011 at 1:46 pm
အဲဒီလို ဖြေတာမျိုး က သစ်မင်းရဲ့ ရုံးတော်မှာ တရားမဝင်ပါဘူး ကိုဘလက်ရေ။
တိတိကျကျကြီး ဝန်ခံမှရမဲ့ဟာမျိုးမဟုတ်လား(^^)
~~~~~~~(^^)~~~~~~~
ဒါ့ပုံတွေ တွေ့လိုက်ပါတယ် ညီဇာဂီရေ့ ဘယ်နေလိမ့်မလဲ။ ရှိပါစေတော့ ကွာ။
တို့တွေကို မျက်စိနောက်ပီး ဂေဇက်ကို “မတင်ရ စာတမျိုး” တိုးနေပါအုန်းမယ်။(^^)
inz@ghi
December 2, 2011 at 1:35 pm
၁။ ဖြေဘာဒယ်ဗျ ….. ကိုဘလက်ဟာ အလွန် မှတ်ဉာဏ်ကောင်း blah blah blah ဆိုတဲ့စကားနဲ့
သံတမန် ဆန်ဆန် ခြုံပီး ဖြေသွားပါတယ်ဗျာ…
၂။ ချဉ်ပေါင်ဟင်းချက်တာ သွားကျိမ်းချင်လို့နေမှာပါ ….သဂျီးက အင်မတန် low profile နဲ့နေချင်တာကလား
သူ့ပုံ အကြောင်းပြောမိပါတယ် …tag တွေ လိုက်ဖျက်ပစ်တာ အားလုံးအသိ..
(ကစ်သို မသိသေးရင် ဒါ့ပုံတွေနဲ့ ကော့မန့် history တွေ ပို့ပေးလိုက်မယ် …..မီအဲရုခ 見える化…. ခစ်ခစ်)
၃။ အဲ့သဟာကြောင့် ရွာသူားတွေ အနေနဲ့ ဗဟုသုတရအောင် ဖားတပိုင်းငါးတပိုင်း ဆယ်လစ်ဘရစ်တီဖြစ်တဲ့
မိုက်ကယ်လ် သဂျိုင်ခီး ရဲ့ အကြောင်းကို သူသိပ်ကြိုက်တဲ့ ဝီကီမှာ ရေးမလားလို့ တွေးနေဒယ်…..
၄။ခုလို ရေးတာကို ပြန်မဖြေလို့ကတော့ SQL Injectionဆိုတဲ့ အကောင်လေး ၂ကောင်လောက် လွှတ်လိုက်မလားလို့
၅။ နံပါတ် ၄ ကို ရှောင်ဖို့ ပြန်မန့်တယ် ဆိုရင်လည်း ….နောက်ထပ် အပြစ်တခုဖစ်တဲ့ …. အနီကဒ်ကိစ္စ ကို တာဝန်မယူလို့
ခွင့်လွှတ်မယ် မဟုတ်ခြင်း…..
ကြည့်မရလို့ ဖွလိုက်ပါတယ်ဂျာ……..
😀
ဟိတ်လူရီး နောက်တာနော .. ….စိတ်မဆိုးနဲ့ဦး…..
အာဟိ
laypai
December 2, 2011 at 2:39 pm
ငါတို့ သဂျီး လက်ရာ ကတော့ ရှယ်ပဲ။
ရွာ သားတွေ အတွက် အရေးသား စေ့ စပ် တဲ့ သဂျီး ရဲ့ ရွာ ထဲမှာ ဂုဏ်ယူ စရာပေါ့။
သမိုင်းကောင်း ကို ပြန်လည်ဖော်ထုပ်ပေးသော ကိုဘလက် ရေ သေသေ ချာချာ ဖတ်သွား မှတ်ထား လျက်ဂုဏ်ပြုတယ်နော်။
thit min
December 2, 2011 at 2:44 pm
What is သဂျီး လက်ရာ?
Pagoda Pagoda (^^)
ဆူး
December 2, 2011 at 3:02 pm
ပိုစ်ထဲမှာ ခိုင် ရေ ဆိုပြီး ပါလို့ နဲ့ တူတယ်။
“မလွယ်ဘူး ခိုင်ရေ။ မနက်ငါးနာရီလောက်ကတည်းကလာပြီး စာအုပ်လာချမှ ဖြစ်မယ်ထင်တယ်။ ပြီးမှ အိမ်ပြန်စာကျက်ပေါ့။ နောက် ကိုးနာရီထိုးမှ ကျောင်းပြန်လာဆို အိုကေပဲ။ ရောမရောက်ရင်တော့ ရောမလို ကျင့်ရမှာပဲ”
ကျွန်မသူငယ်ချင်း၏ စကားကြောင့် ကျွန်မ၏ခြေထောက်တွေကို ငုံ့ကြည့်ဖို့ အချိန်အတော်ကြာ မျက်နှာပူသွားမိ သည်။
သဂျီး နာမည်ကလည်း ခိုင် ဖြစ်နေတော့…..
blackchaw
December 2, 2011 at 2:51 pm
ငှက်မသိတော့ ဇယက် ကို ချိုးထင်နေပြန်ပါပြီ ဗျာ။
thit min
December 2, 2011 at 3:31 pm
ဘာမှ မပါတ်သက်ဘူး ၊ဦးနှောက်ဘဲ (^^)
kai
December 2, 2011 at 3:46 pm
ဒုတ်ခွပဲ…။
Injection ထိုးမယ်ဆိုလည်း.. အခုမန်းထားတာတွေပဲ… ထိုးပါ့ဗျာ…။
တင်ထားတဲ့.. စာလေးဘာလေးများ ဝေဖန်ကြပါဦင်္း..။ 🙁
ကိုရင်ကြောင်ကြီးတော့ လွှတ်ထားလိုက်..။ နယူးယောက်ကာတွေက.. ချိုင်းအဗျု့စ် တယ်များဆိုပဲ..။
ကျုပ်ကိုလည်း စီအိုင်အေ(Criminals In Action)နဲ့ပေးစားလွန်းလို့.. ရာဇဝတ်သားကို ဖြတ်လို့..။
thit min
December 2, 2011 at 4:19 pm
သူကြီး ခုမှ ရာဇဝတ်သင့်မှာ “ဘယ်ရာဇဝတ်သားကို” ဘယ်လိုဖြတ်မှာလဲ?
ဟဲ ဟဲ အဒ်မင် အသော်ရတီ နဲ့ မပြင်ကြေးနော် ။ကော် မန့်ဆိုတာ ဘာတဲ့
“ရေးပြီး စလစ် နံပါတ်တစ်” ဆိုလား ဘာဆိုလား၊ ဆရာခိုင်ကပြောထားတယ်။
(ပြော ပီးစလစ် နံပါတ်တစ်) (^^)
naywoonni
December 2, 2011 at 4:35 pm
http://www.facebook.com/note.php?note_id=333493200292 အဲဒိမှာ ချာမ ပုံ ပါတယ်….။
ဆူး
December 2, 2011 at 5:03 pm
အဲဒီထက် ပိုပြီး အနီးကပ် မျက်နှာပေါက် မျက်လုံး မျက်ခုံး သေချာ သည်းသည်းကွဲကွဲ မြင်ရတဲ့ ပုံမျိုးတောင် ရှိသေးတယ်။ ဟိဟိ..
ရှူံးနိမ့်မှုများနဲ့.. လူ
December 3, 2011 at 3:34 am
သဂျိုင်ခီးလားတော့မသိဘူး
မျက်မှန်းကြီးနဲ့ ပေါက်ဖော်ကြီးလိုရုပ်ကြီး
အရှေ့မှာလဲ မိုက်သလိုဖုန်း ကြီးနဲ့
😀
blackchaw
December 2, 2011 at 4:41 pm
ခုတ်ရာတစ်ခြား ရှရာတစ်လွဲတွေတော့ ဖြစ်ကုန်ပါပြီ။
အသာလုပ်ပါဆရာတို့။
aye.kk
December 2, 2011 at 5:09 pm
ဘဝသရုပ်..
ဤဇတ်ထုပ်လျှင်..
အဟုတ်ပီပြင်..
မြင်သူဖတ်ရ..
တွေးဆဆင်ခြင်..တန်ပြန်မြင်..။
thit min
December 2, 2011 at 5:57 pm
“နေရာ” တခု အကြောင်းကို လက်တွေ့ဘဝတွေရဲ့ ကြုံဆုံရပုံတွေနဲ့
သရုပ်ဖော်ပါတယ်။
######################################
၁.။အတိုင်းအတာ ကျယ်ကျယ်ဝန်းဝန်းရှိတယ်ဆိုတဲ့
ကမ္ဘာမြေဆိုတဲ့စကားတောင် သံသယ ဝင်စရာပါ။
ပြန်တိုင်းကြည့်ချင်မိပါရဲ့။
……….ကမ္ဘာမြေကျယ်တယ်လို့ ဆိုပေမဲ့ နေရာ ဆိုတာ “ရှိလို့လား”
~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~~
၂.။ပြည့်ကြပ်နေတဲ့ အနော်ရထာလမ်းပေါ်မှာ၊
လမ်းပေါ်တင်မက ဆိုင်းဘုတ်တောင် နေရာခက်ပါပေါ့ကွယ်။
သူ့ကျောပေါ်ပြေးကြ လွှားကြတာကြည့်ရင်း
……..”နေရာတွေအကြောင်း ကို အနော်ရထာပြောပြနေလေရဲ့”။
~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~
၃.။ကိစ္စမရှိဘူး၊ နေရာရနိုင်တဲ့နေရာ ရှိရမှာပေါ့။ ဝိရီယထားလို့ နေရာ တခု ငါ လုပ် နိုင်ရမယ်။ ကြိုးစားပေမဲ့ “စာသင်ခန်းရဲ့နေရာ”လေးကိုတောင် “ဒီဝီရိယနဲ့” မရခဲ့ပြန်ခဲ့ပေါ့။
…..”ကြိုးစားပေမဲ့ မရနိုင်သော နေရာများရှိတတ်ကြောင်း ကို စာသင်ခန်းကပြောပြနေလေရဲ့”
~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~~
၄.။အင်း ပင်ပန်းတဲ့သူတွေစုနေတဲ့နေရာမှာတော့ ဒီထက်ကောင်းတဲ့နေရာလေး
လိုချင် ကြပြန်ပြီ ဆိုတဲ့စိတ်ကူးလေး နဲ့ ထိုင်စရာ နေရာ လေးဟာ ဒီမှာတော့
ရွှေ ပါဘဲလေ။သူများထက် ကိုယ့်ကိုယ်ကိုပိုသနားတတ်သော လူသားဆိုတော့
“နေရာအတွက်အမှား” တွေရှိပြီပေါ့နော်။
ဟုတ်တယ်………..
” နေရာတွေဟာ လူတွေကို မှားယွင်းစေပါလား လို့ နေရာရှာနေတဲ့ ငါ့ကို
နေရာကဘဲ ပြန်ပြီး သင်ကြားပေးလိုက်ပါပြီလေ”
~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~~~~
၅.။နေရာရနေလို့တော့မဟုတ်ပါဘူး၊ “နေရာရှာတဲ့နေရာ”မှာဘဲ ရွေ့နေရတာပါ။
သွားနေတဲ့ အရာ သွားမြဲ သွားနေတတ်တဲ့ အင်နားရှားသဘောနဲ့ ရွေ့နေကြရတာပါဘဲ။
နေရာဆိုတာကိုရခဲ့တယ်ဆိုရင်တောင် “ခိုင်မာမှု” ကရှိလို့လား။
တကယ်တော့ ခိုင်မာမှုမရှိတော့ဘူးလို့ကိုပြောလို့ရနေတဲ့ ကမ္ဘာမြေဆိုတဲ့အိမ်ကြီးမှာ
တို့တွေ “နေရာယူ” သို့မဟုတ် “နေရာရှာနေ” ကြတာပါ…
နေရာရတယ်ဆိုရင်တောင်လေ တကယ်တော့ ဆွေးနေတဲ့ အိမ်ကြီးထဲ အလိုက်သင့်မျောနေရာတခုပါဘဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဪ ကမ္ဘာမြေ သစ်ဆွေးအိမ်ကြီးထဲက အင်နားရှားနဲ့ ငါတို့တွေ ရဲ့ဘဝဟာ “နေရာ”တဲ့လား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(^^) လေးစားစွာဖြင့်
မောင်သစ်မင်း
thit min
December 2, 2011 at 6:18 pm
ဒီပို့စ်မှာကော်မန့် ဘယ်နှစ်ခါမှန်းကိုမသိတော့ပါဘူး။
သူကြီးရေ။
ဆရာမပေးချင်တဲ့ မတ်ဆေ့ချ်ကိုကျနော် အင်တဲန်နာနဲ့ မိသလောက်ဘာသာပြန်လိုက်ပါတယ်။
အသေးစိတ် ချယ်မှုန်းမှူအားကောင်းလို့ ရသ စာပေရေးခြင်းနဲ့ ကိုက်ညီလှပါတယ်။
ကြောင်းကျိုးချိတ်ဆက်မှု လည်း ရှိပြီး၊ စာဖတ်သူ စဉ်းစားနိုင်ဖို့ တကွက်ချန်ခဲ့တာကလည်းလှပါတယ်။
ဆုံမှာတခုကိုယူပြီး စက်ဝိုင်းလှဲ့ရေးပြီးတပါတ်ပြည့်ကာနီးမှာ တဖြတ်စာကျန်သလိုလုပ်ထားခဲ့ပါတယ်။
“သစ်ဆွေးအိမ်နဲ့နေရာ” ရဲ့အဆက်အစပ်ပါ။
ရုတ်တရက် နားလည်ရခတ်သွားပါသလား။
ကျနော် က အရင်ရေးခဲ့တဲ့ “စာဝိညဉ်” ကိုဒီမှာဆက်ဝင်နေတယ်လို့ ဆဌမ အာရုံနဲ့ ခံစားရလို့ပါ။
ကျနော် ဆို အဲဒီလို ဆက်စပ်မယ်လို့ပေါ့ဗျာ။
~~~~~~~
တပုဒ်ထဲ ဖတ်ပြီးအားမရလို့ (သစ်သွားအောင်) ၂ ပုဒ်တွဲဖတ်ပြီး မန့်လိုက်ရပါကြောင်း၊
amatmin
December 2, 2011 at 6:50 pm
ကိုယ့်ဘာသာ ပို့စ်ကို ဖတ်နေတုန်းက တော့ သူကြီးကတော် အရေးအသားနဲ့ အတွေးတွေကို သဘောကျလွန်း လို့ တင်ပေးတဲ့
ကိုဘလက်ကြီးကို ကျေးဇူး တွေလွှတ် တင်နေတုန်း..အချိုပေါ်သကာလောင်း ပြီး..
ခုတော့ ဆရာသစ် က မန့်ပြလိုက်မှပဲ စာတပုဒ်လုံး အရသာ က ပိုပေါ်သွားတယ်..
နောက်တခေါက် ကိုပြန်ဖတ်ယူရတယ်..အော် နေရာ.. နေရာ
ှဆရာသစ် ကိုမြင်ရတာတော့ ဘဝ ကားကြီးပေါ်မှာ နေရာရထားပြီး နေရာမရသေးတဲ့ လူတွေရဲ့ အခက်အခဲတွေကို
ကူညီတတ်တဲ့ စိတ်ကောင်းရှိတဲ့ ခရီးသည်စစ်စစ်ကြီးပုံစံ ပါပဲဗျာ..
ပေါက်ဖော်
December 2, 2011 at 7:57 pm
များဂျီးဘဲ..
တားအချိန်မရလို့..ကူးပြီး ပြန်ဖတ်တော့မယ် အန်စကယ်ရေ…….
အောက်က ကွန်းမန် ့တွေဖတ်ရတာတော့ စိတ်ဝင်စားဖို ့ကောင်းနေဘီ..
🙄
windtalker
December 2, 2011 at 8:21 pm
အက်စ်ဘီ ကဲရို ရဲ ့
သဂျိုင်ခီး အတွက်
ခရစ်စမတ် လက်ဆောင် လေးပါ ခင်ဗျာ
🙂
pooch
December 2, 2011 at 8:25 pm
နေ့စဉ်သွားလာ လှုပ်ရှား ရုန်းကန်နေရတဲ့ လူမှုဘဝကို ထင်ဟပ်ထားတဲ့ ရသစာပေ လေးပါ..
တကယ့်ကို ဘဝထဲက လူတွေရဲ့ အကြောင်းကို လက်တွေ့ကျကျ ရသမြောက်မြောက်ရေးထားတာပါ..
ဖတ်ဖူးပါတယ်..
ရေစက်က ရွာကျမှာ လာဆုံပြီး သိရပါတယ်။ ကိုဘလက်ချောရေ ရှိရင် ထပ်တင်ပေးပါအုန်း။
လေဒီခိုင်ကလည်း ကလောင်စွမ်းထက်တယ်၊ သူကြီးကလည်း စာပေ ဝါသနာရှင်တယောက်ဆိုတော့ အသွင်တူ အိမ်သူဖြစ်ပြီး ပါရမီဖြည့်ဖက် တွေလို့ ခန့်မှန်းမိပါတယ်…
သူကြီးကတော့ သဘောထား ပြည့်ဝမှုက တကယ်ကို ပြောစမှတ်ပါပဲ။ အမျှော်အမြင်လည်းကြီးလှပါတယ်။
သို့သော် … ဟီး.. no one is perfect လို့တော့ ဆိုကြတာပဲလေ။
ဦးကြောင်က ချိုင်းအဗြုဒါဆို ၂ မှုှရှိပြီ ၊ တီချယ့် တူမလေးလည်း သူအလွတ်မပေးဘူး
ဒါနဲ့ ကိုဘလက်ရဲ့ တကူးတကနဲ့ လက်ဆောင်ပါးလိုက်တဲ့ မုန့်ကို ဘုရားဆွမ်းတော်ပါတင်ပြီး အိမ်သားတွေကို ကျွေးလိုက်ပါတယ် ကျမကတော့ မြည်းယုံပါ၊ အဆုတ်ထဲပိုးဝင်ပြီး ဆေးပြင်းတွေ သောက်နေရလို့ အချိုရှောင်ထားလို့ပါ။ နေမကောင်းနေလို့ပါ။
ဒါကြောင့်ပြီးခဲ့တဲ့ ရက်များမှာ ရွာထဲမဝင်နိုင်တာပါ။
မထင်မှတ်ပဲ ရလိုက်တဲ့ လက်ဆောင်မို့ ဖုန်းရရချင်း တော်တော်ကို ပျော်သွားတာပါ။
ဟယ်ဟုတ်လား ဆိုပြီး ဝမ်းသာလွန်းလို့ ထတောင်ခုန်မိပါတယ်။ တီချယ်လည်း ပျော်နေပါတယ်။
ကျေးဇူးတင်ပါတယ် ကိုဘလက်ချော။
ဒီတခါ လာရင် ဆုံကြရအောင်ပါ။ မျှော်နေပါ့မယ်။ မန်းသူမန်းသားများဟာ ဒေသစွဲ ကြီးပေမဲ့ ခင်မင်တတ်ပြီး ဖော်ရွေပါတယ်။ ကျမကတော့ ခုဆို အစွဲ ကျွတ်အောင်ရွာမှာ စာလာလာဖတ်ရပါတယ်။
blackchaw
December 3, 2011 at 11:18 pm
ဒီပို့စ်အတွက် ဖေါ်ပြခွင့်ပြုပါသော စာရေးဆရာမ။
ဒီပို့စ်ကို စိတ်ဝင်တစားဖတ်ရှုပေးကြသော ရွာသူရွာသားများ။
ဒီပို့မှာ ကွန်းမန့်ဝင်ပေးကြသော ဆရာ/ဆရာမများ။
အထူးသဖြင့် ကွန်းမန့်ပေါင်းများစွာဖြင့် ဝေဝေဆာဆာ ဖြစ်အောင်
ကူညီပံ့ပိုးပေးခဲ့သော ဆရာကိုသစ်မင်း။
နှင့် သူကြီးတို့ကို ကျေးဇူးတင်ရှိပါကြောင်း။
ကြောင်ကြီး
December 4, 2011 at 12:12 pm
ဘွတ်စကားစီးသူများ၊ မှတ်တိုင်စောင့်နေသူများကို အများသူငှာ ဘဝခရီးသည်များလို့မှတ်၊ လမ်းတလျောက်မြင်ကွင်း၊ ဘွတ်စကားစီးစဉ်ဆုံရတဲ့ အဖြစ်အပျက်၊ ကားမှတ်တိုင်မြင်ကွင်းတို့ကိုတော့ လောကဓံအတွေ့အကြုံလို့ သဘောထား၊ (ဟန်းဖုန်းပြောရင်း လင့်ခရူဇာကားစီးနေတဲ့ အန်ကယ်ဆိုတာ ဦးကြောင်ကြီး၊ အသက်မကြီးသေးဘူး၊ လေးစားသမှုနဲ့ ခေါ်ကြတာ၊ သိတတ်လိုက်တဲ့ ယောက္ခမဂျီး )၊ အိမ်အပြန်ခရီးကတော့ အားလုံးသွားနေကြတဲ့ ရည်မှန်းချက်ပန်းတိုင်ပေါ့ဗျာ။ ရူပဗေဒသီအိုရီ အီနားရှားကိုတော့ ကံ၊ ကံ၏အကျိုး၊ အထုံအလေ့အကျင့်လို့ မြင်ပါ။
ယောက္ခမလောင်းဂျီး ပြောတဲ့အတိုင်း လောကမှာ ရွေ့လျားနေတဲ့ အရာက အစဉ်ရွေ့လျားချင်နေ တဲ့ သဘောမှာရှိပြီး ရပ်နေတဲ့အရာဟာ ဆက်လက်ရပ်တန့်နေချင်တဲ့ သဘောရှိတယ်။ ဥပမာ – အကုသိုလ် ဝါသနာထုံတဲ့သဂျီး အရှင်လတ်လတ် ရေဘဝဲကို ပါးစပ်ထဲထည့် သွားနဲ့ကြိတ်စားရတာ သိပ်နှစ်သက်တယ်။ ကိုဘေးနွားကင်ကို ဘီယာနဲ့ မြည်းရတာ အရသာသိပ်တွေ့တယ်။ အတိတ်ဘဝမှာ ငါးဖမ်းခဲ့၊ ထေရဝါဒ ဘုန်းကြီးနဲ့ မတည့်တဲ့ နွားသားစား ဘီလူးဖြစ်ခဲ့လို့ ယခုဘဝမှာ သာသနာနဲ့ ထပ်မံကြုံပါလျက် အသိတရား မရဘဲ ကြိတ်မနိုင်ခဲမရ ဖြစ်နေတယ်။ကံကောင်းအောင် လုပ်တာလည်းကိုယ်၊ ကံဆိုးအောင်လုပ်တာလည်း ကိုယ်။ အားလုံးဟာ ကံစီမံရာပါပဲဗျာ။
ပြုခဲ့တဲ့ကံကို ပြင်ပိုင်ခွင့်ရှိပါလျက်နဲ့ သဂျီးလို မသိဆိုဝါး ဆက်မိုက်နေအုံးမယ် ဆိုရင်တော့ ဆွဲ..ဆရာရေ….. ဂိတ်ဆုံး။။။။။ 👿