မျောက်နှင့်တူသော သူငယ်ချင်း (ဇာတ်သိမ်း)

koyin sithuDecember 8, 20111min51911

ဘတ်စ်ကား လာသောအခါ၌ ကျွန်ုပ်လည်း ထွန်းမြင့်ကိုနှုတ်ဆက်၍ ဘတ်စ်ကားပေါ်သို့ တွယ်၍တက်ခဲ့၏။ အိမ်သို့ရောက်လျှင်ရောက်ချင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိန်မအား ကိုမျောက်ကြီး၏ အကြောင်းကို ပြောပြလေတော့၏။ ကျွန်ုပ်၏ မိန်းမသည် လွန်စွာ အံ့ဩ၍နေ၏။ “ဪ… အဲဒီစာရေးဆရာဟာ ရှင့်သူငယ်ချင်း ကိုမျောက်ကြီးကိုး၊ ကျွန်မ သူ့စာအုပ်တွေ သိပ်ကြိုက်တာ၊ ဘာပဲဖြစ်ဖြစ် ရှင်သွားသင့်တယ်၊ ရှင့်ကို သူက တော်တော်ခင်တာပဲ၊ ရှင်သွားရင်တော့ သူက လိုအပ်တာတွေ ကူညီမှာပါ” ဟု ကျွန်ုပ်၏မိန်းမက ပြောလိုက်လေ၏။

ထိုအချိန်၌ပင် ကျွန်ုပ်၏အိမ်သို့ ရပ်ကွက်တွင်းမှ လူသုံးလေးဦး အမောတကော ရောက်ရှိလာလေ၏။ ထိုအထဲတွင် ရပ်ကွက်လူကြီး တစ်ဦးလည်းပါလာ၏။ ထိုရပ်ကွက်လူကြီးက… “ဦးထွန်းခင်ရေ၊ ဘယ်လိုမှတေ့ာ မအောက်မေ့ပါနဲ့ဗျာ၊ ခင်ဗျားသား အငယ်ကောင် ကားဂိတ်မှာ မိ်န်းမတစ်ယောက်ရဲ့ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်ကို နှိုက်လို့ဆိုပြီး ဝိုင်းရိုက်လိုက်တာ ဆေးရုံရောက်သွားပြီ၊ ရဲကလဲ အမှုဖွင့်လိုက်တယ်ဆိုတော့ ဆေးရုံးဂိတ်ဝပ်မှာရောနေပြီ၊ အာမခံလေး ဘာလေးရအောင် လိုက်ပေးဦးတော့ဗျို့” ဟု ဆိုလိုက်ရာ ကျွန်ုပ်၏ ခေါင်းကို မြွေပွေးကိုက်သကဲ့သို့ ခံစားလိုက်ရလေတော့၏။

ကျွန်ုပ်၏ မိန်းမမှာမူ မျက်ရည်များ တတွေတွေကျလာ၏။ မိဘမပြည့်စုံသောအခါ သားသမီးများ အကျင့်ပျက်လာကြ၏။ ကြံမိကြံရာ လုပ်လာကြ၏။ ကျွန်ုပ်၏ မိန်းမသည် တရှုံ့ရှုံ့ငိုနေရာမှ.. “ကိုထွန်းခင်၊ ရှင်ဒီလို ငူငူကြီးထိုင်နေလို့ မပြီးဘူး၊ ကလေးနောက်ကို လိုုက်ဦးမှ” ဟု ငိုသံပါကြီးဖြင့် ပြောလိုက်လေ၏။ “ရှင့်သူငယ်ချင်း ကိုမျောက်ကြီးဆီကို သွားလေ၊ သူက ရှင့်ကို ခင်ပါတယ်၊ ကူညီမှာပါ” ဟု ကျွန်တော်မိန်းမက ပြောလေ၏။ “လက်ချည်းသက်သက် သွားပြီး တောင်းရမှာကတော့ ငါ့အနေနဲ့ လိပ်ပြာမသန့်ဘူး၊ ပစ္စည်းတစ်ခုခု ရောင်းတဲ့ အနေနဲ့ဆိုရင် ကောင်းမယ် မိန်းမ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကျွန်ုပ်၏မန်းမက.. “ရောင်းစရာဆိုလို့ ဘာများရှိလို့လဲ ကိုထွန်းခင်ရယ်” ဟု ဆိုကာ ကိုမျောက်ကြီးထံတွင် ရောင်းချနိုင်မည့် ပစ္စည်းကို စဉ်းစားကြလေ၏။ ကျွန်ုပ်တို့သည် ဤသို့ပင် ပစ္စည်းများကို ရောင်းချစားသောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမဟုတ်ပါလား၊

သို့ရာတွင် ကျွန်ုပ်တို့၌ ပစ္စည်းတစ်ခုရှိ၏။ ထိုပစ္စည်းကို ကျွန်ုပ်တို့ လင်မယားသည် မည်မျှအထိ ဒုက္ခရောက်သည်ဖြစ်စေ မရောင်းဘဲ ကုတ်ကပ်၍ထားခဲ့၏။ ထိုပစ္စည်းမှာ အခြားမဟုတ်၊ ကျွန်ုပ်တို့ ဇနီးမောင်နှံ မင်္ဂလာဆောင်စဉ်က လက်ဖွဲ့ အဖြစ် ရရှိခဲ့သော ကြိမ်ခြင်းကလေးဖြင့် ထည့်ထားသည့် ကြွေးရေနွေးခရားနှင့် ရေနွေးပန်းကန်ကလေးနှစ်လုံးပင် ဖြစ်၏။ ကျွန်ုပ်တို့လင်မယား လက်ထပ်သော ညက တစ်ကြိမ်သာ ရေနွေးထည့်၍ သောက်ပြီး မင်္ဂလာဦးပစ္စည်းဖြစ် မြတ်မြတ်နိုးနိုးသိမ်းထားသော ပစ္စည်းဖြစ်၏။ “ဘာပဲဖြစ်ဖြစ်ကွာ၊ ကြိမ်ခြင်းနဲ့ ရေနွေးခရားကို ယူသွားပြီး ကိုမျောက်ကြီးကို ရောင်းမယ်၊ တန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ၊ ငွေငါးရာတော့ တောင်းမယ်ကွ၊ ဒါပေမယ့် ဒါကို အပြတ်ရောင်းပစ်တာတော့ မဟုတ်ဘူး၊ ငါတို့ပိုက်ဆံရှိတဲ့အခါ ပြန်ယူမယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ ဇနီလည်း သဘောတူ၏။ ထို့နောက် ကျွန်ုပ်လည်း ရေနွေးခရားပါသော ကြိမ်ခြင်းကို ပွေ့၍ ဘတ်စ်ကားကို တိုးဝှေ့စီးကာ ရန်ကုန်မြို့တွင်းသို့ ထွက်လာလေ၏။

ကိုမျောက်ကြီး၏ အိမ်မှာ ဗိုလ်ချုပ်လမ်းပေါ်၌ ဖြစ်၏။ ကိုမျောက်ကြီး အိမ်မှ ငွေရလျှင် ဆေးရုံးကြီးသို့ သွားပြီး ကျွန်ုပ်၏သားကို ကြည့်ရန်မှာလည်း လွန်စွာခရီးသင့်လေ၏။ ကျွန်ုပ်သည် ရေနွေးခရားခြင်းကို ပွေ့ကာ မော်တော်ကားစီးလာခဲ့စဉ် လူတိုး၍ ကျမကွဲရန် လိုစွာ ဂရုစိုက်ခဲ့ရလေ၏။ ဗိုလ်ချုပ်လမ်းသို့ရောက်လျှင် ကိုမျောက်ကြီး အိမ်ကိုစုံစမ် ရာ လွယ်ကူစွာပင်တွေ့၏။ ကိုမျောက်ကြီး၏ အိမ်မှာ ဗိုလ်ချုပ်လမ်းနှင့် အခြားသော လမ်းတစ်ခု၏ ထောင့်တွင်ရှိ၏။ ကိုမျောက်ကြီး၏ အိမ်အောက်ထပ်တွင် ကိုမျေားက်ကြီး မိန်းမမှာ အမျိုးသမီး ဝတ်စုံချုပ်သော အပ်ချုပ်ဆိုင်တစ်ဆိုင် ဖွင့်ထား၏။ ကိုမျောက်ကြီး၏ မိန်းမမှာ မနွေးဟု ခေါ်သည်ဆို၏။ ၎င်း၏ အပ်ချုပ်ဆိုင်ကိုမူ ‘အန်တီနွေး’ အပ်ချုပ်ဆိုင်ဟု ခေါ်သည်ဆို၏။ ကျွန်ုပ်သည် ထိုနေရာသို့ အရောက်၌ ဆိုင်းဘုတ်များကို မော့ကြည့်လိုက်ရာ ဆိုင်းဘုတ်ကို ကန့်လန့် မချိတ်ဘဲ ထူးဆန်းစွာ ဒေါင်လိုက်ချိတ်ထားသော ‘အန်တီနွေး’ အပ်ချုပ်ဆိုင်ဟူသော ဆိုင်းဘုတ်ကို တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ုပ်၏စိတ်၌ ဤသို့ ကိုးယိုးကားရား လုပ်ထားပုံမှာ ကိုမျောက်ကြီး၏ စိတ်ကူးဖြစ်တန်ရာ၏ဟု တွေးထင်မိလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ထိုဆိုင်သို့ဝင်၍ ကိုမျောက်ကြီးကို စုံစမ်းရာ အကျင်္ီအပ်သူ အမျိုးသမီးများနှင့် စည်ကားသိုက်မြိုက်လှသည်ကို တွေ့ရလေ၏။ ကျွန်ုပ်က.. “ဒီမှာအစ်မကြီး ကိုမျောက်ကြီး ရှိပါသလား” ဟု မေးရာ ကိုမျောက်ကြီး၏ မိန်းမက.. “အပေါ်ထပ်မှာ ရှိပါတယ်၊ အပေါ်ထပ်ကို တက်သွားပါ” ကျွန်ုပ်လည်း ရေနွေးခြင်းကို ပိုက်၍ တက်သွားရာ ကိုမျောက်ကြီး၏ အခန်းသို့ ဝင်လိုုက်သည်နှင့် တစ်ပြိုက်နက် လူဆယ်ဦးခန့်နှင့် အတူ ရယ်မောနေသော ကိုမျောက်ကြီးကို တွေ့ရလေတော့၏။ ကိုမျောက်ကြီးမှာလည်း ယခင်က ကျွန်ုပ်တွေ့ဖူူးသော ကိုမျောက်ကြီးမဟုတ်၊ လွန်စွာ ဝဖီးနေ၏။

ကိုမျောက်ကြီးသည် နို့ကုလားများ ဝတ်ထားသော အင်္ကျီမျိုးကို ဝတ်ထား၏။ ချစ်တီကုလားများ ဝတ်လေ့ရှိသော ပလေကပ်လုံချည်အဖြူကို ဝတ်ထား၏။ ကျွန်ုုပ်သည် ကိုမျောက်ကြီး၏ အိမ်ခန်းကို အကဲခတ်ကြည့်ရှုလိုက်၏။ ဆက်တီဟူ၍ မရှိ၊ ကြမ်းပြင်ပေါ်တွင်ပင် ဟု၍ထိုင်နေကြ၏။ ကိုမျောက်ကြီး အိမ်မှာ ကျွန်ုပ် မျက်စိထဲတွင် အိမ်နှင့်မတူ သင်္ဘောနှင့် တူနေ၏။ ပြောင်လက်သန့်ရှင်းသော်လည်း အပြင်အဆင်များမှာ ထူးခြားနေ၏။ နေ့ခင်းကြောင်တောင် မှန်အိမ်နှစ်လုံးကို ထွန်းထား၏။ လွန်စွာမည်းညစ်သော ဖောင်းကြွပန်းချီကားတစ်ခု ချိတ်ထား၏။ အဖြူအမည်း စက်ဝိုင်းတစ်ခု ကပ်ထား၏။ ထို့ပြင် ကိုမျောက်ကြီး၏ အခန်း၌ မြန်မာဘုရား ရှိသကဲ့သို့ ခရစ်တော်ပုံလည်း ချိတ်ထား၏။ ဟိန္ဒုနတ်ဘုရားတစ်ပါး၏ ရုပ်တုလည်း စင်တစ်ခုပေါ်တွင် တင်ထား၏။ ထို့ကြောင့် ကိုမျောက်ကြီးသည် မည်သည့်ဘာသာ ကိုးကွယ်နေသည်ကို ကျွန်ုပ်အနေဖြင့် မခန့်မှန်းနိုင်အောင် ရှိလေတော့၏။

ကိုမျောက်ကြီးသည် သူ၏လူများအား ရယ်စရာပုံပြင်တစ်ခု ကိုပြောနေရာ သူ၏လူများသည် တဝါးဝါး တဟားဟား ရယ်နေကြလေ၏။ သူကမူ ပြောစရာမလို အသံဩကြီးဖြင့် ရယ်နေ၏။ ထိုနောက်မှ ကျွန်ုပ်ကို မြင်သွား၏။ သို့ရာတွင် မှတ်မိပုံမရပေ။ ထို့ကြောင့် သူ၏အနီးမှ ကုလားတစ်ဦးအား… “ဟေ့ ရာကွတ်၊ ဟိုမှာ ဧည့်သည်လေကွာ ဘာကိစ္စလဲ၊ သွားမေးစမ်း” ဟု ပြောလိုက်ရာ ညှင်းသိုးသိုးနှင့် ကုလားတစ်ဦး ထ၍လာ၏။ သို့ရာတွင် ကျွန်ုပ်၏အနီးသို့ ထိုကုလား မရောက်မီ၌ပင် ၎င်း၏ တပည့်တစ်ဦး ဖြစ်ဟန်တူသော ရွှေကိုင်းမျက်မှန်နှင့် လူငယ်တစ်ဦးက ကျွန်ုပ်အား…“ဘာကိစ္စလဲ” ဟု လှမ်း၍ မေးလိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို လှမ်း၍ ကြည့်လိုက်ရာ အညာနွားပွဲစားဂိုဏ် ဖမ်းထားသော သူငယ်တစ်ဦးဖြစ်ကြောင်း ကျွန်ုပ် သတိပြုမိလေ၏။

ထို့ကြောင့် ကျွန်ုပ်က ထိုလူငယ်အား.. “ကျုပ် ကိုမျောက်ကြီးရဲ့ သူငယ်ချင်းပါ၊ ကိုမျောက်ကြီးနဲ့ တွေ့ချင်လို့ပါ” ဟု ပြောလိုက်ရာ ကိုမျောက်ကြီး က.. “ဟေ့ မောင်သန်းဝင်း ဘာတဲ့တုန်း” ဟု လှမ်း၍ မေးလိုက်လေ၏။ ထိုအခါ လူငယ်က… “ဆရာ့သူငယ်ချင်းလို့ ပြောတယ်” ဟု အော်ပြောလိုက်လျှင် ကိုမျောက်ကြီးက… “လွှတ်လိုက်လေကွာ” ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်လည်း ရေနွေးကြမ်းခြင်းကို ပိုက်၍ ကိုမျောက်ကြီးအနီးသို့ သွား၍ ထိုင်လိုက်လေ၏။ ပြီးလျှင် ကျွန်ုပ်က.. “ကိုမျောက်ကြီး ကျုပ်လေ” ဟု ပြောလိုက်ရာ ကိုမျောက်ကြီးသည် ကျွန်ုပ်၏ မျက်နှာကို သေချာစွာကြည့်ပြီးလျှင် မျက်နှာပျက်၍ သွားလေ၏။ သို့ရာတွင် အချိန်မီ ပြန်၍ ဣန္ဒြေဆည်လိုက်ပြီး.. “ဆိုစမ်းပါဦး ထွန်းခင်ရဲ့ ဘာကိစ္စတုန်း” ဟု မေးလိုက်လေ၏။ “ကျုပ်ဗျာ ခင်ဗျား သေပြီမှတ်နေတာ၊ ထွန်းမြင့်ပြောလို့ ခင်ဗျားအကြောင်း သိရတယ်၊ လိပ်စာလဲ သူပဲ ပေးလိုက်တာ၊ ကျုပ်အခု တော်တော့်ကို ဒုက္ခရောက်နေတယ်၊ ကျုပ်သားလေးလဲ ဆေးရုံရောက်နေတယ်၊ ခင်ဗျားဆီက အကူအညီတောင်းမလို့ဘဲ၊ ကျုပ်ဆေးရုံကိုလဲ သွားရမယ်၊ ရဲနဲ့လဲ တွေ့ရမယ်၊ ကျုပ်အတွက် ငွေ ငါးရာလောက် သေရေးရှင်ရေးတမျှ လိုနေတယ်၊ ဒါပေမယ့် ခင်ဗျားဆီမှာ ကျုပ်အလကားမတောင်းပါဘူး၊ ကျုပ်တို့လင်မယားရဲ့ မင်္ဂလာဦးလက်ဖွဲ့တော့ ဒီကြိမ်ခြင်းနဲ့ ရေနွေးကရားလေး ခင်ဗျားကို ရောင်းချင် တယ်ဗျာ၊ တန်တယ် မတန်ဘူး မပြောပါနဲ့ ပြန်ပြီး ယူဆိုလဲ ယူပါမယ်ဗျာ” ဟု ပြောလိုက်ရာ ကိုမျောက်ကြီးက..

“ရပါတယ် သူငယ်ချင်း ဒါပေမယ့် အခုတော့ မရှိဘူး၊ ညခုနှစ်နာရီလောက်ကို လာခဲ့ပါကွာ၊ ငါ ဝယ်ပါ့မယ်၊ မင်းခြင်းလဲ ပြန်ယူသွားပါ၊ ညနေကျမှပဲ ယူခဲ့ပါ” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်လည်း ကိုမျောက်ကြီးထံမှ ပြန်ခဲ့လေ၏။ သို့ရာတွင် ကျွန်ုပ်သည် အိမ်သို့ မပြန်ဘဲ ဆေးရုံသို့ သွား၏။ ကျွန်ုပ်သားလေးအတွက် ဂလူးကိုစ့် သွင်းရန်နှင့် အခြားဆေးဝါးများ ဆေးဖိုးကို ခန့်မှန်းလိုက်ရာ ငွေငါးရာမရှိဘဲ မဖြစ်ကြောင်း သိရလေ၏။ ကျွန်ုပ်သည် ဆေးရုံမှအထွက်တွင် အိမ်ို့မပြန်တော့ဘဲ ဗိုလ်ချုပ်ဈေးရှေ့ ကုက္ကိုပင်အောက်တွင် ထိုင်၍ ကိုမျောက်ကြီး ချိန်းသော အချိန်သို့ ရောက်အောင် စောင့်နေလေ၏။

ညခုနှစ်ရီ ‘ဒေါင်’ ခနဲ့ထိုးသည်နှင့် ကျွန်ုပ်လည်း ကိုမျောက်ကြီး အိမ်သို့ သွားလေတော့၏။ လှေကားမှ တက်သွားရာ ကိုမျောက်ကြီး၏ မိန်းမဆိုင်မှာလည်း ပိတ်ထားသည်ကို တွေ့ရလေ၏။ ကျွန်ုပ်သည် ကိုမျောက်ကြီးအခန်းသို့ ဝင်လိုုက်ရာ ကျွန်ုပ်၏ မျက်စိကိုပင် ကျွန်ုပ်မယုံကြည်နိုင်အောင် ဖြစ်သွား၏။ နံနက် ကျွန်ုပ် ရောက်ရှိစဉ်က ကိုမျောက်ကြီး၏ အိမ်တွင် ဆက်တီခုံများ မရှိ၊ ယခုမူ ဆက်တီခုံများ ခင်းထားသည်ကို တွေ့ရ၏။ ဆက်တီခုံများသာမက မှန်ရှိုးကေ့စ်ထဲတွင် ထမင်းစား ပန်းကန်များနှင့် လက်ဖက်ရည်ပန်းကန်များ ထည့်ထားလေ၏။ ထို့ပြင် ဧည့်ခန်း၏ ထောင့်၌ မတ်တတ်ဗီရိုကြီးတစ်လုံးကိုလည်း တွေ့ရလေ၏။ ထိုမတ်တတ်မှန်ဗီရိုကြီး၏ မှန်တွင် ကိုမျောက်ကြီး၏ အိပ်ခန်းမှ ခုတင်သည် လာရောက်ထင်ဟပ်နေ၏။ ကိုမျောက်ကြီးသည် သတင်းစာတစ်စောင်ကို ဖတ်နေ၏။ ကျွန်ုပ်သည် ခုံတစ်ခုတွင် ဝင်၍ ထိုင်လိုက်၏။ ထို့ကြောင့် ကိုမျောက်ကြီး၏ မိန်းမသည် ခုတင်ပေါ်တွင် ဝတ္ထုစာအုပ်ဖတ်နေကြောင်း မတ်တတ်ဗီရို ကြီး၏ မှန်ပေါ်တွင် တွေ့မြင်ရလေ၏။

ကျွန်ုပ်က..“ကိုမျောက်ကြီး” ဟု ခပ်တိုးတိုး ခေါ်လိုက်လေ၏။ ထိုအခါ ကျမှပင် ကိုမျောက်ကြီး သည် သတင်းစာကို ချလိုက်ပြီးနောက်.. “ဪ.. မင်းရောက်လာပြီကိုး” ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က ကြိမ်ခြင်းကို လှမ်း၍ ပေးလိုက်လေ၏။ ကိုမျောက်ကြီးသည် ကြိမ်ခြင်းကို ပိုက်၍ အိပ်ခန်းတွင်းသို့ ဝင်သွားလေ၏။ ထိုနောက် ၎င်း၏ မိန်းမကို.. “ဟေ့ မိန်းမ” ဟု ဆိုကာ ကြိမ်ခြင်းကို ပြလိုက်လေ၏။ ထိုအခါ ၎င်း၏ မိန်းမက ဝတ္ထုစာအုပ်ကို အောက်သို့ အနည်းငယ် နိမ့်လိုက်ပြီ “ဘယ်အမှိုက်ပုံက ကောက်လာတဲ့ အစုတ်အပြတ်တွေလဲ၊ လားရှိုုးဘက်က ကြွေးပန်းကန်တွေ ကရားတွေ ဝင်နေတာ ရှင်မသိဘူးလား၊ ဒါကိုများ ငါးရာပေးရမတဲ့လားတော်။ ကျွန်မကတော့ ရှင်းရှင်းပဲ ပစ္စည်းဝယ်ရင် တန်မှ ကြိုက်တယ်၊ ရှင့်သူငယ်ချင်း ထမင်းငတ်လို့ ပေးချင်ရင် သတ်သတ်ပေး၊ သွား..သွား…ယူသွား” ဟု ကိုမျောက်ကြီးအား သူ၏ မိန်းမ မောင်း၍ ထုတ်လိုက်လေတော့၏။

ကိုမျောက်ကြီူးသ်ည မွေ့ရာအောက်မှ ငွေငါးရာကိုယူ၍ ထွက်လာခဲ့၏။ ကိုမျောက်ကြီး မိန်းမ ပြောလိုက်သော စကားများကို ကျွန်ုပ်သည် နားနှင့် ဆတ်ဆတ်ကြားလိုက်ရ၏။ ကိုမျောက်ကြီးမိန်းမ၏ အမူအရာကိုလည်း မှန်ဗီရိုမှ တစ်ဆင့် မျက်စိဖြင့် တပ်အပ်မြင်လိုက်ရ၏။ ကိုမျောက်ကြီးသည် အပြင်သို့ ထွက်လာပြီလျှင် ကျွန်ုပ်၏ ပခုံးကို ဖက်ကာ ကျွန်ုပ်နှင့်အတူ အိမ်အောက်သို့ ဆင်း၍ထွက်လာ၏။ အိမ်အောက် ပလက်ဖောင်းပေါ်သို့ ရောက်လာသောအခါ၌ ကိုမျောက်ကြီးက ကျွန်ုပ်အား…“ရော့” ဟု ဆိုကာ ငွေငါးရာကို ပေးလိုက်လေ၏။ ပြီးကျွန်ုပ်၏ ကြိမ်ခြင်းကိုအတွင်းမှ ရေနွေးကရားကို ထုတ်ယူကာ ပလက်ဖောင်းပေါ်တွင် ခွမ်းခနဲ့ ပေါက်ခွဲလိုက်လေတော့၏။ ထို့နောက် “ဟေ့ကောင်၊ သွားတော့” ဟု ပြောလိုက်လေတော့၏။

ကျွန်ုပ်သည် ကြွေကရား အကွဲအစများကို တစိမ့်စိမ့်ကြည့်ရင်း မျက်ရည်များ တတွေတွေ စီးကျလာတော့၏။ ထိုအခါ ကိုမျောက်ကြီးက… “မင်းဆီကို ငါလာပြီး ပန်းချီကားကလေး ရောင်းတုန်းက မင်းအခု ခံစားရသလိုပဲ ငါခံစားရတယ်၊ အဲဒါကြောင့် မင်းအနေနဲ့ပြန်ပြီး အမှတ်ရအောင်ဆိုပြီး ဟိုတုန်းက မင်းရဲ့ ဧည့်ခန်းမှာရှိတဲ့ အပြင်အဆင်နဲ့ အနီးစပ်ဆုံးတူတောင် နေ့လယ်ပဲ ဆက်တီတစ်စုံ ဝယ်လိုက်ရတယ်၊ ဗီရိုကြီးတစ်လုံးလဲ ဝယ်ရတယ်၊ ရှိုးကေ့စ်လဲ ဝယ်လိုက်ရတယ်၊ င့ါမိန်းမကိုလဲ မင်းမိန်းမ ပြောသလို ပြောတတ်အောင် တစ်နေ့လုံး သင်ပေးနေရတယ်၊ အဲဒီတော့ မင်းနဲ့ငါ ကျေပြီ နောက်မလာနဲ့တော့” ဟု ဆိုကာ လေကလေးချွန်ပြီး အိမ်ပေါ်သို့ တက်သွားလေတော့၏။

များမကြာမီ၌ ကိုမျောက်ကြီး၏ အပေါ်ထပ် ဝရံတာဆီမှ လောကကြီးအားကျေနပ်ဝမ်းမြောက်စွာ အသံနက်ကြီးဖြင့် အော်၍ ရယ်လိုက်သော ကိုမျောက်ကြီး၏ အသံကို ကြားရလေတော့၏။ ကျွန်ုပ်သည် စက်ရုပ်ကဲ့သို့ အသိညာဏ် ကင်းမဲ့စွာ ငူငူကြီး လျှောက်သွားနေပြီ ဖြစ်၏။ ထိုသို့ လျှောက်သွားရင်း ကျွန်ုပ်၏ ဦးနှောက်အတွင်းသို့ အသိညာဏ်တစ်ခု ဖြတ်ခနဲ့ ဝင်လာ၏။ တစ်ခါက ဤကမ္ဘာလောကကြီး အတွက် အလွန်မတန် ကျေးဇူးပြုသော လောကဓာတ် ဆရာကြီးတစ်ဦးသည် ရှိခဲ့ဖူး၏။ တစ်နေ့တွင် ထိုလောကဓာတ် ဆရာကြီး မွေးထားသော မျောက်တစ်ကောင်သည် လောကဓာတ်ဆရာကြီး၏ အလွန်အင်မတန် အရေးကြီးသော ပစ္စည်းများအား ဖျက်ဆီပစ်သည်ဆို၏။ ထိုအခါ လောကဓာတ်ဆရာကြီးက.. “မင်းဟာ မျောက်ကိုး မျောက်ဆိုတော့ ကိုယ်ဖျက်ဆီးပစ်တဲ့ အရာတွေဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်းဘယ်သိမလဲ” ဟု ပြောလိုက်လေ၏။

တအောင့်မျှ ကြာလျှင် ထိုလာကဓာတ်ဆရာကြီးကပင်.. “မျောက်ရယ်၊ တချို့လူတွေကလဲ မင်းလိုပါပဲကွာ” ဟုထပ်ဆင့် ညည်းတွားလိုက်လေ တော့၏။ ကျွန်ုပ်သည် အထက်ပါအကြောင်းအရာ လေးကို ဦးနှောက်၌ ဖြတ်ခနဲ့ ပေါ်လာသဖြင့် ပြန်၍ စဉ်းစားလိုက်လေ၏။ ကျွန်ုပ်သည် လောကဓာတ်ဆရာကြီး မဟုတ်ပါ၊ ထို့အတူ မျောက်၏ အကြောင်းကို ဂဃနဏ သိသူတစ်ဦးလည်း မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်၌မူ မျောက်နှင့်တူသော သူငယ်ချင်းတစ်ဦး ရှိခဲ့ဖူးပါသည်။ ထိုသူငယ်ချင်းကား အငြိုးအမှတ်ကြီး၍ အကွက်စေ့စေ့ လက်စားချေ တတ်ပေသည်တကား။

11 comments

  • windtalker

    December 8, 2011 at 9:44 pm

    ကျုပ်မောင်ပေ သည် လည်း မျောက်တစ်ကောင်လို ့ယူဆ လို ့ရသည်
    တစ်ခါတစ်လေကြ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် နေရတဲ့ အရသာ ကို လူတိုင်း ရူးသွပ်ကြသည် ။
    ဟန်ဆောင်ခြင်း ၊ လျှို ့ဝှက်ခြင်း များ ကို ချွတ်ပြီးမှ လာခဲ့ပါရန်

  • amatmin

    December 8, 2011 at 10:19 pm

    ကိုရင်ရေ..မနားတမ်းကို ဖတ်နေရပါလားဗျ..
    ဖတ်ပြီး ခဏလောက်တော့ မျောက်ဖြစ်ချင်သွားတယ်..
    ဒါနဲ့ ကိုဘလက် တံခါးပို့စ်မှာ တောင်းဆိုထား သလို
    ဆရာကြီးအကြောင်းလေးရေးနိုင်ရင် တကယ်ကောင်းမယ်ဗျာ..

    • MaMa

      December 9, 2011 at 7:43 am

      အမတ်မင်းကို ထောက်ခံပါတယ်။ ဆြာဘလက်ပြောသလို ကျွန်ုပ်နှင့်ဆရာကြီးဆိုပြီး စတွေ့တဲ့ဆီကနေ ရေးစေချင်ပါတယ်။
      ကိုရင့်ဆီမှာ ဆရာကြီးရဲ့ လက်ရာတွေ အများကြီး ကျန်နေသေးတာမို့…

  • TTCG

    December 8, 2011 at 10:21 pm

    That man is not good enough to be his friend.

  • blackchaw

    December 8, 2011 at 10:24 pm

    ကိုရင် ရေ။
    ကွန်းမန့်တွေ သိတ်မရေးတော့ပါလားဗျာ။
    ခင်ဗျားမရှိတော့ ပျင်းစရာကြီး။
    စာတွေကြီးပဲ စွတ်ရေးမနေနဲ့ဗျို့။ ကွန်းမန့်လေးတွေလည်း ချီးမြင့်ပါဦးဗျ။

  • E.T

    December 9, 2011 at 4:25 am

    ကိုယ်က တစ်ခါတလေ စိတ်ထဲက မပါဘဲ အမှုမဲ့အမှတ်မဲ့ လုပ်လိုက်တာလေးက လူတစ်ဖက်သားကို တော်တော်လေးခံစားသွား စေတယ်နော်။ စတာတွေ၊ နောက်တာတွေ နည်းနည်း ဆင်ခြင်ဦးမှ။ မန်းဂေဇက်ထဲမှာ ပြောတာပါ။ အပြင်မှာတော့ သိပ်ကိစ္စမရှိ .. ကျွန်တော်က အပြင်မှာ စကားတော်တော်နည်းပါတယ် ;D

  • နီလေး

    December 9, 2011 at 10:52 am

    ဒီစာဖတ်ရတော့ စိတ်ထဲ တစ်မျိုးကြီးခံစားရတယ် ကံတရားကို ကြိုမမြင်နိုင်ဘူးဆိုတာ မှန်လိုက်တာနော်

  • ကြောင်ကြီး

    December 9, 2011 at 11:52 am

    ဘာပဲဖြစ်ဖြစ် ငါးရာတန်တဲ့ မျောက်ပါဗျာ။ ကိုယ့်တုန်းက ငါးဆယ်ပဲ ရင်းခဲ့ရတာလေ၊ အဲဒီအပေါ်ကနေ အဆပေါင်းများစွာ အမြတ်အစွန်းထွက်ခဲ့သေးတယ် မဟုတ်လား။ ပြီးတော့ ကိုယ်ပေးလိုက်တုန်းက ပြည့်စုံနေချိန်မို့ ပေးလိုက်ရတဲ့တန်ဖိုး မကြီးဘူး၊ ပြန်ရတော့ ဆယ်ဆဖြစ်လို့ အလွန်အမင်း လိုအပ်နေချိန်မှာရလို့ အဆတရာမက ပိုတန်ဖိုးရှိတယ်။ မျောက်ကိုနိုင်တာ အလွန်အဆော့သန်တဲ့ ခလေး။ မျောက်ရှုံးအောင်ဆော့တဲ့ခလေး၊ မျောက်မူးလဲ ဆိုတာကြားဖူးတယ် မဟုတ်လား။ နောက်တခါ အဲဒီလူကိုတွေ့ရင် ဆိုပေကလေးနဲ့ အဲဒီမျောက်သူငယ်ချင်းကို ကက်ကင်းရိုက်လိုက်ရင် အဆင်ပြေသွားမယ်။ ရွာထဲမလဲ သဂျီးကို ကက်ကင်းရိုက်ပြီး လုပ်ချင်သလိုလုပ်နိုင်တာ ဂျီသူ ဖြိုးတယောက်ပဲ ရှိတယ်။ 😆

  • ပေါက်ဖော်

    December 9, 2011 at 2:36 pm

    အရေးအသားလေး သတိထားမိတာရှိသဗျ..
    ဇာတ်သိမ်းခါနီးဆို ဝဋ်လည်တဲ့ဒဇိုင်းနဲ ့..ပြန်ပြန်ပိသွားတယ်နော့..
    ဂွတ်ထယ်..ကရင်စည်..
    ဘဝတွေ..လူတွေလဲ..မျောက်လိုပါပဲ.ဗျာ..နိမ့်လိုက်မြင့်လိုက်နဲ ့..အငြိမ်မရှိပါဘူး

  • small cat

    December 10, 2011 at 5:45 am

    သံဝေဂ ရစရာဇာတ်လမ်းတစ်ခုပါပဲဗျာ။

  • JackSkellington

    December 16, 2011 at 4:11 pm

    ဇာတ်လမ်းကို အစ အဆုံး ဖတ်လိုက်တော့ ကိုမျောက်ကြီးကို သဘောကျသွားသဗျ။
    ခွင့်လွှတ်ပေးတာ ကောင်းတယ် ဘာတယ် ဆိုတာ တွေ ကြားဖူး ဖတ်ဖူး သိဖူး ပေမဲ့ ကိုယ်တိုင် ခံရတဲ့ လူ အဖို့ကတော့ အဲ့ဒီလို လက်စားချေရတဲ့ အရသာ ကို အရမ်း ကျေနပ် ပီတိ ဖြစ်မိမှာပါပဲ။
    အခုလိုမျိုး အချိန်ယူ ပြင်ဆင်ပြီးမှ အကွက်ကျကျ လက်စား ချေရတယ် ဆိုရင် ပိုတောင် အားရဦးမယ်။

    ဒါနဲ့ စကား မစပ် ပုဏ္ဏားဘကွန်း စာအုပ်မှာလဲ အဲ့လိုပဲ လက်စားချေ တာ သတိရမိတယ်။
    သူတို့ သားလေးကို အိမ်သာ မှာ ခိုင်းတာလေ။

    အဲ့ဒီ တုန်းကတောင်မှ ပိုက်ဆံ ဒီလောက်ပေးပြီး တောင် ခိုင်းစရာလား ငါးကျပ် တစ်ဆယ်နဲ့လဲ ခိုင်းရင် လုပ်မယ့်လူပဲ ဆိုပြီး မဆီမဆိုင် ဘကွန်း ဘက်က နာလိုက်သေး။ း)

Leave a Reply