“မျော်လင့်ထား၏ မထား၏ အသင့်ဖြစ်၏ မဖြစ်၏”

“မျှော်လင့်ထား၏ မထား၏ အသင့်ဖြစ်၏ မဖြစ်၏”

 

 

မနေ့က နယ်ကုန်သည်တစ်ယောက်က သူလွှဲထားတဲ့ကုန်ဘိုးငွေရ မရကို ဖုန်းဆက်မေးပါတယ်။

သူငွေထုတ်ခိုင်းတဲ့ အိမ်မှာ နာရေးရှိနေလို့ မထုတ်ရသေးတဲ့အကြောင်းကို

ရှင်းပြရပါတယ်။

ဟော အဲဒီဖုန်းလဲချပြီးရောက် နောက်တစ်ခါ ဖုန်းမြည်လို့နားထောင်လို်က်တော့ မိတ်ဆွေတစ်ယောက်ဆုံးသွားတာကိုလှမ်းသတင်းပေးတဲ့ဖုန်းလေးဖြစ်နေပါတယ်။

“အော် ပျက်ကွက်သွားပြန်ပြီ လူမူ့ရေးတစ်ခု”လို့ တွေးမိပါတယ်။

သူအိပ်ယာထဲက မထနိုင်တော့ဘူးဆိုတာကို ပြီးခဲ့တဲ့ တစ်ပါတ်လောက်က သတင်းကြားရပါတယ်။

ဆေးရုံတက်တာလဲမဟုတ် သူနေမကောင်းတာကလဲကြာပြီဆိုတော့ ကျနော်ကလဲ အလောတကြီးသွားမမေးမိတာပါ။

အခုလိုကိုယ်သတင်းသွားမမေးရသေးခင် ဆုံးသွားပြီဆိုတာကို သိတော့ မဆုံးနိုင်တဲ့နောင်တတွေရပြီး

”်အချိန်ရသေးတယ်ဆိုရင် အချိန်ရွှေ့တတ်တဲ့ အကျင့်ဆိုးကိုပြင်ဘို့သင့်ပြီ”

လို့ထုံးစံအတိုင်း ကိုယ့်ကိုကိုယ်သတိပေးမိပြန်တဲ့အခါ  “သတိပေးပေါင်းလဲများလှပြီနော်”လို့ ပြန်ပြောတဲ့အသံလေးကိုကြားမိသယောင်ယောင်ဆိုပြန်တော့

တစ်ယောက်ထဲပြုံးမိပါသေးတယ်။

 

မှတ်မှတ်ရရ ဒီတစ်ပါတ်ထဲမှာတင်နာရေးသုံးခုဆက်နေပါတယ်။

ပထမတစ်ယောက်က ကျနော်တို့အလုပ်က ကောင်မလေးရဲ့အဖေ။

နောက်တစ်ယောက်က ကျနော်တို့ ကုမ္ပဏ ီနဲ့အကျိုးတူပူးပေါင်းနေတဲ့အခြား ကုမ္ပဏီ

က အဝေးမှာနေတဲ့ဝန်ထမ်း။

အခုနောက်ဆုံးလူကတော့ မိတ်ဆွေဆိုလဲဟုတ် ကိုယ့်ဖောက်သည်ဆိုလဲဟုတ်ပေါ့။

သူနဲ့ကျနော်တို့အကြားမှာ အပြန်အလှန်ရောင်းကြဝယ်ကြပါတယ်။

သူက ကျနော်တို့ဆီကို ဝယ်လိုက် ၊

ကျနော်တို့က သူ့ဆီကပြန်ဝယ်လိုက်နဲ့သံသရာလည်နေတတ်တဲ့ ကောက်ပဲသီးနှံကုန်သည်ပါဘဲ။

အသက်တွက်ကြည့်တော့ ပထမလူက ၅၂နှစ်၊ကောင်မလေးက (၂၈)၊

နောက်ဆုံးလူကတော့(၄၁) နေမယ်ဆိုရင် အများကြီးနေလို့ရတဲ့သူတွေပါဘဲ။

ဒါနဲ့ဘဲ မပြီးဆုံးနိုင်တဲ့ကျနော့်ရဲ့နေ့စဉ်အလုပ်တွေကိုဆက်လုပ်။

အိမ်ပြန်ရောက်လို့ညစာထမင်းစားအပြီး ခုံကလေးမှာခဏထိုင်ပြီးနားတဲ့

အချိန်မှာတော့ကွယ်လွန်သွားတဲ့မိတ်ဆွေတွေဆီကို စိတ်ကရောက်သွားပြန်ပါတယ်။

 

ပထမလူကတော့ ကျနော်နဲ့အမြဲတမ်းတွေ့နေသူမဟုတ်ပေမယ့်။

မကြာခဏတော့တွေ့ကြပါတယ်။

တစ်ခါတစ်ရံ သူ့သမီးလေးကိုလာပို့လာကြိုတဲ့အခါမျိုးမှာပေါ့။

တွေ့ရင်ပြုံးပြ အလ္လာပသလ္လာပ စကားနည်းနည်းပါးပါးတော့ပြောကြတာပေါ့။

သူ့သမီးလေးကတော့ ကျနော်တို့ဆီမှာအလုပ်ဝင်တာလဲသိပ်တော့မကြာသေးပါဘူး။

ဒါပေမယ့်လဲ လုပ်ဖော်ကိုင်ဘက်ဆိုတော့ ကိုယ့်မိသားစုလိုသဘောထားရပါတယ်။

နာရေးသွားမေးတဲ့နေ့ကတော့ သူဘယ်လိုကွယ်လွန်တယ်ဆိုတာကို

တစ်ယောက်တစ်ပေါက်ပြောရင်းနဲ့သိလာခဲ့ရပါတယ်။

အရင်ကတော့ သူက ကုမ္ပဏီတစ်ခုက ပိုင်ရှင်စီးတဲ့ကားကိုမောင်းတာပါ။

သူကလဲအေးအေးဆေးဆေးသမား။

သူပိုင်ရှင်က ကွယ်လွန်သွားတော့ သူအလုပ်နောက်တစ်ခုပြောင်းသွားတယ်ဆိုတာကျနော်ကမသိလိုက်မိဘူး။

အခုသူဆုံးတယ်ဆိုမှ အရင်အလုပ်မှာ မဟုတ်တာကို သိရတာပါ။

 

သူ့ဆရာဆုံးပြီးစက ဒီပြင်ကုမ္ပဏီမှာ ခဏဝင်မောင်းပါသေးသတဲ့။

ဒါပေမယ့် သူစိတ်နဲ့သိပ်မကိုက်တော့ထွက်ပြီး အခုရွှေတူးတဲ့ကုမ္ပဏီတစ်ခု

မှာဝင်ပြီးလုပ်တာပါတဲ့။

သူ့အလုပ်က  ဘက်ဖိုးလို မြေတူးတဲ့မြေသယ်တဲ့ကားကြီးတွေကို ရန်ကုန်ကနေပြီး

ရွှေတူးဖော်တဲ့နေရာရောက်အောင်ပို့ပေးရတာပါတဲ့။

သူကအဲဒီဆိုက်ထဲရောက်ရင် အအားမနေဘဲ မြေသယ်ကားတွေကို

လူငယ်တွေနဲ့အပြိုင်မောင်းပေးပါသတဲ့။

အဲဒီရွှေတောဘက်က အခုရက်အအေးပိုပါသတဲ့။

သူကလည်းအအေးကြိုက်ပုံရပါသတဲ့။

လူကတော့ နည်းနည်းခပ်ဝဝ နှလုံးသွေးကြောကျဉ်းတာတော့ရှိပါသတဲ့။

ဒါပေမယ့်လဲ သိပ်တော့ ကြီးကြီးမားမားနေမကောင်းတာမျိုးမရှိတော့

ကျန်းမာတယ်လို့ဘဲ ယူဆနိုင်ပါသတဲ့။

သူမဆုံးခင်နှစ်ရက်အလိုလောက်က သူ့သမီးဆီကို သိပ်မကြာခင်ပြန်လာမယ်။

ဒီတစ်ခါပြန်လာရင်နည်းနည်းကြာကြာနားမယ်ဆိုပြီးပြောသွားပါသတဲ့။

သူဆုံးမယ့်ည 10နာရီကျော်ကျော်လောက်မှာ သူရောက်နေတဲ့အလုပ်က

သူ့အိမ်ကိုဖုန်းဆက်ပါတယ်။

သတိမေ့လဲသွားတဲ့အကြောင်း၊မနက်မိုးလင်းမှသာ ဆေးရုံပို့ပေးလို့ရမယ့်အကြောင်းဖုန်းလှမ်းဆက်လာပါတယ်။

ဒါပေမယ့် ည ဆယ်တစ်နာရီခွဲလောက်မှာတော့ ဆုံးသွားပြီဆိုတဲ့အကြောင်းကို

ဖုန်းထပ်လာပါတယ်။

ကျန်ရစ်သူမိသားစုရဲ့ ပူဆွေးသောက ကတော့ပြောပြဘို့တောင်လိုမယ်မထင်ပါဘူး။

အကြောင်းမကြားဘဲရောက်လာတဲ့  သေခြင်းတရားကို ရုတ်တရက်

ရင်ဆိုင်လိုက်ရသူလို့ဘဲဆိုရပါမယ်။

****** ******* ******* ****** ******* ******* ****** *******

နောက်ဒုတိယကွယ်လွန်သူမိန်းကလေးကတော့ ကျနော်တို့နဲ့လုပ်ငန်းခြင်းဆက်စပ်နေတော့

သူနဲ့ကျနော်နဲ့မကြာခဏဖုန်းပြောနေ

အလုပ်ကိစ္စတွေ လုပ်နေကြပေမယ့် တစ်သက်မှာတစ်ခါ တစ်ခါမှာရှစ်ရက်ထဲသာ

တွေ့မြင်ဘူးသူဖြစ်ပါတယ်။

2010ခုနှစ်သင်္ကြန်တွင်းကပါ။

သင်္ကြန်မဏ္ဍပ်တစ်ခုမှာ စပွန်စာယူပြီးတော့ ကျနော်တို့ဆီက ဝန်ထမ်းတွေနဲ့

သူတို့ဆီကဝန်ထမ်းတွေ ပူးပေါင်းပြီး ကုန်ပစ္စည်းအရောင်းမြင့်တင်ရေးလုပ်ကြပါတယ်။

အလွယ်ပြောရင်တော့ သင်္ကြန်မဏ္ဍပ်ပေါ်ကနေ ကျနော်တို့ရောင်းတဲ့ပစ္စည်းတွေကို

ကြဲတာပါ။

အဲတော့ သင်္ကြန်မတိုင်ခင် နှစ်ရက်လောက်ကတည်းက သူတို့အဖွဲ့မန်းလေးရောက်။

အလုပ်တွေဘယ်လို လုပ်ကြမယ်ဆိုတာ အစည်းအဝေးတွေလုပ်ပေါ့။

သင်္ကြန်ရက်မှာတော့သူတို့တည်းတဲ့ဟိုတယ်သွားခေါ် မဏ္ဍပ်မှာရေကစားရင်းနဲ့အလုပ်လုပ်

ကြပါတယ်။သင်္ကြန်ဆိုတော့လဲသာမန်အချိန်ထက်ပိုရင်းနှီးတာလွယ်ပါတယ်။

အားလုံးရဲ့ရင်ထဲမှအပျော်တွေစုနေတဲ့အချိန်ကိုးဗျ။

အကြိုအကြို နေ့အကြိုနေ့အကျပ်နေ့အတူတူပျော်ပျော်ပါးပါး။

ရင်းနှီးပွင့်လင်းစွာနေတတ်သူ၊သဘောကောင်းသူဆိုတော့လဲ

အချိန်တိုတိုလေးအတွင်းမှာငယ်ပေါင်းကြီးဖော်တွေလိုရင်းနှီးသွားကြပါတယ်။

ပိုရင်းနှီးဘို့ဖြစ်လာတာကတော့ အဲဒီနှစ်က x2o မဏ္ဍပ်ဗုံးကွဲပါတယ်။

အဲတော့ နောက်ဆုံးကျန်တဲ့ရက်မှာ ကျနော်တို့ကို မဏ္ဍပ်ပေးမသွားတော့ပါဘူး။

ကျနော်တို့အုပ်စုကလဲမဏ္ဍပ်မသွားရတော့ အလုပ်ကလူတွေအားလုံးပိုက်ဆံစုပြီး

မုန့်လုံးရေပေါ်စတုဒီသာလုပ်ကြပါတယ်။

ဝိုင်းလုပ်ဝိုင်းစားဆိုတော့ ပိုပြီးပျော်စရာကောင်းပါတယ်။

နောက်အခြင်းခြင်းရေတွေပက် စကြနောက်ကြနဲ့ မမေ့နိုင်စရာလေးပါဘဲ။

အသက်ကငယ်ငယ်ပျော်ရွှင်တက်ကြွစွာအလုပ်လုပ်တတ်တဲ့သူလေးပါဘဲ။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ဖုန်းပြောတာကလွဲလို့ မတွေ့ကြရတော့တာ

သူကွယ်လွန်သွားတဲ့အထိပါဘဲ။

သူကတော့အလုပ်ကနေ ဆိုင်ကယ်နဲ့ပြန်အလာ စည်းမဲ့ကမ်းမဲ့မောင်းလာတဲ့

ကားက နောက်ကနေဝင်တိုက်တာခံလိုက်ရတာပါတဲ့။

သူဆိုင်ကယ်လမ်းပေါ်လဲအကျ နောက်ထပ်ကားတစ်စီးကဝင်ကြိတ်တာခံလိုက်ရတာ

နေရာမှာတင် ပွဲချင်းပြီးကွယ်လွန်သွားပါတယ်။

မိသားစုအတွက်၊တိုင်းပြည်အတွက်အလုပ်လုပ်နိုင်တဲ့လူငယ်တစ်ယောက်ရဲ့

ဘဝ နေဝင်ချိန်မရောက်သေးဘဲ ပြီးဆုံးသွားခဲ့တာ နှမျောစရာ ကောင်းလှပါတယ်။

မျှော်လင့်မထားတဲ့သေခြင်းတရားရောက်လာတာကို လက်ခံလိုက်ရတဲ့သူလေးပါဘဲ။

****** ******* ******* ****** ******* ******* ****** *******

နောက်ဆုံးကွယ်လွန်တဲ့မိတ်ဆွေက တော့ လွန်ခဲ့သောသုံးနှစ်ကစလို့

သေမင်းတံခါးခေါက်တာကို လက်ခံထားရသူပါ။

လူပုံခပ်ဝဝ ဘီယာကအတော်လေးကြိုက် စီးကရက်လဲနှစ်သက် အစားကလဲခုံမင်။

အလုပ်လုပ်တာကလဲ တကယ့်ကို ကျားစီးဖားစီး လုပ်တဲ့သူ။

မနက်မိုးလင်း လက်ဖက်ရည်ဆိုင်ပြန်လာချိန်ကစ လို့ အလုပ်စားပွဲခုံမှာ ဖုန်းသုံးလေးလုံးနဲ့

ရောင်းတာဝယ်တာကို မြန်မာပြည်အနှံ့ သာမက ရေခြားမြေခြား    တိုင်းတပါးထိဆက်သွယ်လို့လုပ်တဲ့သူ။

ညနေစောင်းပြန်တော့ မိတ်ဆွေအပေါင်းအသင်းနဲ့   ဘီယာဆိုင်မှာ။

ညပြန်လာပြန်တော့ နေ့လည်ကလုပ်လက်စအလုပ်တွေဆက်လုပ်တာ

ညမိုးချုပ်သန်းခေါင်။

မနက်မိုးလင်းပြန်ထ ဒီအတိုင်းဘဲ ဆက်ကျင်လည်ခဲ့တာနှစ်ပေါင်းများစွာ။

ဘယ်သွားသွား ဆိုင်ကယ် ဒါမှမဟုတ် ကား တစ်ခုခုနဲ့။

သူလမ်းလျှောက်တယ်ဆိုတာ အိမ်ထဲလောက်ဘဲ ပြောရရင်လှုပ်ယှားမူ့ကခပ်နည်းနည်း။

ပထမဆုံးစ ပေါ်လာတဲ့ရောဂါက ကျောက်ကပ်။

ငွေကြေးတတ်နိုင်သူဆိုတော့ ခွဲစိတ်မယ်လို့စမ်းလိုက်တော့ ဆီးချိုရှိပါသတဲ့။

နောက်ဆက်တွဲက တော့ အရက်သောက်ခြင်းရဲ့လက်ဆောင် အသဲ။

ထပ်တွဲလာတာကနှလုံး။

အဲဒီအချိန်ကစလို့သူလဲ ထမင်းကလွဲရင်အကုန်ရှောင်ဆေးပေါင်းစုံသောက်

လို့ အသက်ရှင်ခြင်းရဲ့ ဂီတကို တတ်နိုင်သလောက်ကြာကြာ တီးခတ်ခွင့်ရအောင်

ငွေကြေးရယ် စောင့်ထိန်းနိုင်ခြင်းဆိုတာတွေရဲ့ အကူအညီနဲ့ ဆွဲဆန့်နိုင်ခဲ့ပါတယ်။

နောက်ဆုံးတော့လဲ အရှုံးပေးလိုက်ရတာပါဘဲ။

သူကတော့ သေမင်းတံခါးခေါက်သံကိုကြားပေမယ့် တတ်နိုင်သလောက်တံခါးဖွင့်မပေးဘဲနေခဲ့သူလို့ဆိုနိုင်ပါတယ်။

****** ******* ******* ****** ******* ******* ****** *******

ကျနော်ကိုယ်တိုင်လဲသေမင်းကအချက်ပေးတာကို လေးကြိမ်တိတိခံခဲ့ရသူပါဘဲ။

ခြောက်တန်းကျောင်းသားဘဝ စာမေးပွဲခန်းထဲမှာ မူးလဲသွား အိမ်ကိုဘယ်လိုပြန်ရောက်တယ်ဆိုတာမသိခဲ့။

“အဖတ်စားရင်သေမှာနော်”လို့ သတိပေးခံရတဲ့ တွိုက်ဖွိုက်ဆိုတဲ့အူယောင်ငန်းဖျား။

နောက်တစ်ကြိမ် တက္ကသိုလ်တတိယနှစ် ဒီရောဂါဘဲနောက်တစ်ခေါက်အလည်လာပါတယ်။

 

တတိယအကြိမ်ကတော့ 1987 မိုးရွာထဲလျောက်သွား။

စိုနေတဲ့ အဝတ်အစားမလဲဘဲနေ။

ဒီအတိုင်းပြန်ခြောက်သွား။

ညမိုးထပ်ရွာတော့ အိမ်ထဲရေဝင်မှာစိုးတော့ မိုးရွာထဲမြောင်းဖောက်။

ဇောနဲ့လုပ်နေတာ မိုးသဲသဲမှာသုံးနာရီလောက်ကြာ။

နောက်ရက်တော့ အိ်ပ်ယာထဲလဲ။

အရေးထဲငှက်ဖျားနဲ့မှားပြီးဆေးလွဲပေး။

နမိုးနီးယားဆိုတဲ့ ရောဂါက တစ်လလောက်နေမှ အလည်လာတာကနေပြန်သွားခဲ့ပါတယ်။

 

နောက်ဆုံးအကြိမ်ကတော့ 2009 ထူးထူးဆန်းဆန်းပိုတက်စီယမ်ခန်းတာပါတဲ့။

နေပူစပ်ခါး အမြဲသွားနေတတ်သူ။

ဆယ်စုနှစ်တစ်ခုလုံး မဖျားမနာ ကျန်းမာတယ်လို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေခဲ့သူ။.

အအေးမိတာသေးသေးလေးကို ဂရုမစိုက်ဘဲထား။

အနီးအနားကဆေးခန်းသွား ပေးလိုက်တဲ့ဆေးအပြင်းတွေကိုသောက်မိရာကနေချွေးအထွက်လွန်။

ဆေးရုံတက် ငွေကုန်မှ လူပြန်မာလာပါတယ်။

အဲဒီအချိန်ကိုယ်က သာ သတိမထား။

ပုံလဲပျော့ခွေ စကားတောင်ပီအောင်မပြောနိုင်တဲ့ကျနော့်ကို မြင်ရသူမိတ်ဆွေများက

“ပစ်လိုက်ရပြီ”ဆိုပြီး သနားခဲ့ကြတာကို ဆေးရုံကဆင်းလာမှသိရပါတယ်။

သေမင်းတံခါးလာလာခေါက်တာ ကံကောင်းထောက်မစွာနဲ့ ပါမသွားသူလို့ဆိုချင်ပါတယ်။

****** ******* ******* ****** ******* ******* ****** *******

 

ဒီတစ်ခါမှာတွေးမိတာတော့ အများမေးလေ့ရှိတဲ့ စကားလေးကတော့ “သေဘို့အသင့်ဖြစ်ပြီလား”ဆိုတာကိုပါဘဲ။

မသေခင်မှာကောင်းတာတွေလုပ်ဘို့ ကိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ဘာသာတိုင်းက

တို်က်တွန်းခဲ့တာတော့အမှန်ပါဘဲ။

စိတ်ထားကောင်းမှ ဘဝကူးကောင်းမယ်။

မသေခင်လှူနိုင်တန်းနိုင်မှ နောင်ဘဝမှာအဆင်ပြေမယ်။

ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ရမယ်။

တရားဓမ္မကိုလေ့လာလိုက်စားလို့ နားထောင်ရမယ်။

ကျင့်ကြံရမယ်။

ဆိုတာတွေက အခြေခံအချက်တွေပါဘဲ။

 

တရားဓမ္မကို သိအောင်လေ့လာသင်ယူ။

နောက်တစ်ဆင့်တက်တော့ ကျင့်ကြံအားထုတ်။

မှန်ကန်သောလမ်းစဉ် မှန်ကန်သောဓမ္မ မှန်ကန်သောအားထုတ်မူ့တွေ

နဲ့ညီညွတ်မှသာ ဒုက္ခသုခတို့နဲ့ကင်းဝေးရာ ငြိမ်းအေးသောနိဗ္ဗာန်ကိုရောက်မယ်ဆိုတဲ့

မသေခင်ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ နတ်ပြည်သွား

မကောင်းတာလုပ်ရင် တော့ အဝီစိငရဲသွား။

ဒါတောင်ကြားခုလတ်မှာ စခန်းတွေရှိပါသေးတယ်။

ဒါတွေက ကျနော်တို့အရိုးထဲထိစွဲနေတဲ့

ကျနော်သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာရဲ့အဆုံးအမ။

ကျနော်တို့လက်ခံထားတဲ့တရားပါဘဲ။

 

ကျနော့်ရဲ့နေ့စဉ်နေထိုင်ဖြတ်သန်းခဲ့တာတွေကို ပြန်သုံးသပ်ကြည့်မိတဲ့အခါ

သာမန်လူတစ်ယောက်ရဲ့ကောင်းမွန်အောင် နေထိုင်နည်း

(အရက်၊လောင်းကစား၊ငွေကြေးဖြင့်ပျော်ပါးရသောမိန်းမနှင့် မပါတ်သက်အောင်နေနိုင်ခြင်း)အစရှိတဲ့အချက်များနဲ့ကင်းဝေးအောင်နေခဲ့တာ၊

ဘဝကိုထိန်းကျောင်းလို့မောင်းနှင်ခဲ့တာကတော့ ဆယ်စုနှစ်တစ်နှစ် ကျော်လွန်ခဲ့ပါပြီ။

တစ်ခါတစ်ရံမှာ ကိုယ်စိတ်နဲ့မတိုက်ဆိုင်တဲ့အခါ ဒေါသဖြစ်တတ်တာကလွဲရင်

တစ်စုံတစ်ယောက်အပေါ်မှာ မနာလိုစိတ်ကင်းနည်းပါးအောင်၊သူများအောင်မြင်တာကို

ကျေကျေနပ်နပ်နဲ့လက်ခုတ်တီးပေးချင်အောင်၊

သူများကိုဒုက္ခရောက်အောင်ဖန်တီးချင်စိတ်နည်းပါးအောင်တော့ နေ့စဉ်ကြုးိစားလို့နေထိုင်ပါတယ်။

(ရတဲ့အခါလဲရ မရတဲ့အခါလဲမရ။

ဒါကတော့ ကိုယ့်အထင်ကိုယ့်သတ်မှတ်ချက်လေးပါ)။

အများသူငါလုပ်ကြပါလို့တိုက်တွင်းကြ လုပ်နေကြတယ်ဆိုတဲ့အလုပ်တွေကို ကျနော်လုပ်ဖြစ်ပါရဲ့လားလို့

သေချာပြန်စစ်ကြည့်ပြန်တော့

(1)  နေ့စဉ် မနက်ည ဘုရားရှိမခိုးသော၊

(2)  ဂုဏ်တော်များ မေတ္တာပို့များ ဂါထာများကို အာဂုံဆောင်၍ရွတ်ဖတ်ခြင်းမရှိသော၊

(3)  ဘုရားကျောင်းကန်သွားသော်လည်း တစ်ခါတရံစိတ်ကူးပေါက်ချိန်မှလွဲ၍

အမြဲဦးချ ဝတ်ပြုလေ့မရှိသော၊

(4)  ဥပုဒ်ဇရပ်သို့သွား၍ ဥပုဒ်သီတင်းဆောက်တည်ခြင်းမရှိသော၊

(5)  အိမ်တွင်ဖြစ်စေ အခြားနေရာတွင်ဖြစ်စေ ဆွမ်းကျွေးခြင်းအမူ့ကိုမပြုဘူးသော၊

မိတ်ဆွေအပေါင်းအသင်းများကိုလဲ အိမ်တွင်သီးသန့်ဖိတ်ကြား၍ကြွေးမွေးခြင်းကို မပြုဘူးသော၊

လာရောက်တောင်းရမ်းသော သူများကို မည့်သည်အခါမှ အလှူငွေထည့်လေ့မရှိသော၊

(6)  အများသူငါကဲ့သို့ ဒုလ္လဘရဟန်းခံခြင်း၊တရားစခန်းသို့ဝင်ရောက်၍တရားထိုင်ခြင်းမပြုဘူးသော

(7)  အများနှင့်ရောနှောလှူဒါန်းဘူးသည်မှအပ ဘုရားတည်ကျောင်းဆောက် သည်ကိစ္စများကို မလုပ်ဘူးသော

(8)  သတ်သတ်လွတ်စားရန် ကြိုးပမ်းမကြည့်ဘူးသော

စတဲ့ ဂုဏ်ပုဒ်များနဲ့ပြည့်စုံနေတဲ့ ကျနော်ဖြစ်နေတယ်ဆိုတာသိရပါတယ်။

ကျနော့်လိုလူမျိုးကိုအများသတ်မှတ်ချက်စံနှုန်းများနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တော့

သေဘို့အဆင်သင့်မဖြစ်သေးသူလို့ဆိုနိုင်မယ်ထင်ပါတယ်။

 

သေဘို့အဆင်သင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ

သေဘို့မျော်လင့်ထားသည်ဖြစ်စေ မမျှော်လင့်သည်ဖြစ်စေ

သေခြင်းတရားကတော့ အသက်အရွယ် မရွေး

ကျားမ မရွေး လူမျိုးဘာသာမရွေး အချိန်အခါမရွေးရောက်လာမှာကတော့

မလွဲသောအမှန်တရားလိုု့ဆိုနိုင်ပါတယ်။

ကျနော့် မဖြေတတ်သော ဖြေဘို့မစွမ်းသောမေးခွန်းလေးတစ်ခုတော့ မေးကြည့်ချင်ပါတယ်။

 

သေဘို့အဆင်သင့်ဖြစ်သူဆိုတာ ဘယ်လိုလူမျိုးကို ခေါ်ပါသလဲ။

အဆင်သင့်ဖြစ်ခြင်းမဖြစ်ခြင်းကို အဆုံးအဖြတ်ပေးသူက မည်သူပါဖြစ်ပါသလဲ ဆိုတာလေးကိုပါဘဲ။

 

အပွင့်လင်းဆုံ့းပြောရရင်တော့ ကျနော်သေရမှာကြောက်မကြောက်ကတော့ မဝေခွဲနိုင်ပါ။

ဒါပေမယ့် သေရမှာကိုတော့ လုံးဝလုံးဝ မလိုချင်သေး လက်မခံချင်သေးတာကတော့ ကျနော့်ဆန္ဒအမှန်ပါဘဲ။

သိုသော်အချိန်တန်လို့ ကိန်းဆိုက်လာရင်တော့ ကျနော်လဲငြင်းပယ်နိုင်မည်မဟုတ်တာကတော့အသေအချာ။

ကျနော်သေဘို့အဆင်သင့်ဖြစ်မဖြစ်ကတော့ ကျနော်လဲမသိသေးပါ။

ကျနော်လို့ တရားနဲ့ဝေးနေသူအတွက်ဘယ်လိုသတ်မှတ်ချက်ရမယ်ဆိုတာ

တော့ မစဉ်းစားချင်တော့ပါ။

အခြားသူက သတ်မှတ်ပေးကြမှသာ သဘာဝကျမယ်လို့ထင်ပါတယ်။

 

အများအမြင်မှာ တရားရှင်လိုနေပေမယ့် သူအိမ်မှာလာရောက်အလုပ်လုပ်နေတဲ့

ကလေးမလေးများကို မီးဖွားစရိတ်ပေးပြီ မကြာခဏပြန်လွှတ်နေရသူ၊

အလှူရေစက်လက်နဲ့မကွာ အိမ်နံရံအပြည့် လက်မှတ်တွေချိတ်ဆွဲထားပေမယ့်

ကိုယ့်ဝန်ထမ်းကိုတော့ ပေးသင့်သောအခကြေးငွေကို မပေးချင်သူ။

မနက်မိုးလင်းတာနဲ့ဘုရားရှိခိုးသံကြေးစည်သံဝေစည်နေပေမယ့်

ကိုယ့်အိမ်နီးနားခြင်းများအပေါ်မှာ စိတ်ကောင်းမထားနိုင်သူ

လူစည်စည်တရားစကားပြောပေမယ့် တစ်နှစ်သုံးတစ်လုံးမှမလွတ်အောင်

လို်က်စားသူ တွေကို နေရာအတော်များများမှာလူပေါင်းစုံစိတ်ပေါင်းစုံ

တွေ့နေရတတ်ပါတယ်။

အဲတော့အဖြစ်အပျက်ပေါင်းစုံတွေများပြားလှတဲ့လောကထဲက လူပေါင်းစုံအတွက်

သေခြင်းတရားကတော့ မျှော်လင့်လဲရောက် မမျော်လင့်ဘူးဆိုလဲရောက်

သူရောက်ချင်သလိုရောက်လာမှာပါဘဲ။

လက်ခံချင်သည်ဖြစ်စေ လက်မခံခြင်သည်ဖြစ်စေ လက်ခံရမှာလဲအမှန်ပါဘဲ။

အဲတော့ သူလာရင် ကိုယ့်ဘက်က အဆင်သင့်ဖြစ်မဖြစ်ဆိုတာလေးကတော့

……………………………………….

 

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(8-12-2011)

 

 

 

 

 

 

 

 

 

 

19 comments

  • blackchaw

    December 9, 2011 at 9:38 am

    ကောင်းတယ်ဗျာ။ ကိုပေါက်သတိလေးပေးတာ။
    ဒီနေ့ကို ဘဝရဲ့ နောက်ဆုံးနေ့လို့ သဘောထားပြီး
    လုပ်စရာရှိတာကို အကုန်လုပ်ထားဘို့
    ပြင်ဆင်စရာရှိတာကို ပြင်ဆင်ထားဘို့ လိုအပ်ပါတယ်လို့
    ဝင်ပွားသွားပါတယ်ဗျာ။

  • ကြောင်ကြီး

    December 9, 2011 at 11:26 am

    သဂျီးပြောတော့ မသေဆေးပေါ်တော့မယ်ဆို ဦးပေါက်ရဲ့…..။ 🙄

  • မသေဆေးပေါ်မပေါ်တော့ မသိဘူး အခုတော့သေလိုက်တာ သောက်သောက်လဲဘဲ။
    ကိုယ်လဲဘယ်နေ့ထဲမှာပါမလဲမသိဘူးဗျာ

  • chitlay

    December 9, 2011 at 2:02 pm

    ဟုတ်တယ်လေးပေါက်ရေ … စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် မနက်ဖြန်ဆိုတာ မသေချာဘူး နောင်ဘဝကမှ သေချာတာတဲ့ လုပ်စရာရှိတဲ့အလုပ်ကို အကြွေးမထားဘဲ ဒီနေ့တင် အပြီးလုပ်ပါတဲ့။

  • “ဘီလူးကြီး”ogre

    December 9, 2011 at 2:24 pm

    လူတွေအကုန်လုံး သေမျိုးဂျီးပဲ
    မွေးလာပြီးရင်တေရမှာ….
    အနော်ကတော့ ….တေမှာမကြာက်လို့ ပေတစ်ရာလျှောက်တယ် ဗျာ.. 🙂

  • hmee

    December 9, 2011 at 2:46 pm

    တရက်က ဘလော့တခုထဲ အလည်သွားတာ စာတပိုဒ်ကို ဖတ်လိုက်ရတယ်။ “တနေကွယ် သေနယ်သို့တခါကူး၊ နေကွယ်တာ အကြိမ်များရင်ဖြင့် သေနယ်ကို တကယ်လားရမယ် တားမရဘူး” တဲ့။ အော်..ဟုတ်လိုက်လေလို့ တွေးမိလိုက်တယ်။ သူငယ်ချင်းတယောက် အကောင်းကြီးကနေ သွေးတိုးလို့တဲ့ ရုတ်တရက်ဆုံးသွားတာ ကြားရပြန်တော့တခါ ကိုယ့်ကို သတိပေးလိုက်သလိုပါပဲ။ ကျွန်မလည်း တနေ့တခြား သွေးတိုးတာ ပိုရက်စိတ်လာသလိုပဲမို့ သတိထားနေရတယ် လေးပေါက်ရေ အစားအသောက် တော်တော် သတိထားနေရတယ်။ မတော် မိဘတွေနဲ့ မတွေ့လိုက်ရမှာ စိုးလို့။ ကိုယ်သာဒီအချိန် သေမင်းလာခေါ်လို့ကတော့ သေချာတယ် ကုသိုလ်မပါသေးဘူး။ 🙁

  • MaMa

    December 9, 2011 at 6:34 pm

    ကိုပေါက်ရေ-
    စောသေးတယ်တို့ နောက်ကျနေပြီတို့ ပြောနေမှာထက် လက်ရှိအချိန်သည်သာ အကောင်းဆုံးလို့သာ ပြောချင်ပါတယ်။

  • pooch

    December 9, 2011 at 7:12 pm

    လေးပေါက်ရယ် ကြီးတယ်ငယ်တယ် မဟုတ်ပါဘူး
    နောက် ပါးစပ်က ရွတ်ဖတ်နေမှ လူမြင်ကောင်းအောင်လှူနေ တန်းနေမှ မဟုတ်ပါဘူး
    ကိုယ့်စိတ်ထဲမှ နှလုံးသွင်းကောင်းပြီး တတ်နိုင်တာလေး လုပ်ပြီး ကူ ညီတာလည်း ကုသိုလ်ရပါတယ်…

    • small cat

      December 10, 2011 at 6:34 am

      ပု ပြောတာ အမှန် အကန်ပါဗျား၊ ထောက်ခံပါ၏။

  • aye.kk

    December 9, 2011 at 8:56 pm

    ကိုပေါက်ရေ..
    မသာတစ်ခေါက်ကျောင်းဆယ်ခေါက် ဆိုသလိုနေရင်းကားမမြဲသေချင်းကားမြဲ၏ဆိုသလို ပါ..
    ငါလဲမုချသေရမှာဆိုတဲ့သံဝေဂအတွေးကဝင်ရောက်လာခဲ့ပါတယ်..
    သေဘို ့အသင့်မပြင်ရသေးပါဘူး..သံယောဇဉ်တွေမဖြတ်နိုင်သေးတာကအကြောင်းရင်းပါဘဲ..
    ဂေဇက်ကိုလဲသံယောဇဉ်ဖြစ်နေပါတယ် အရင်ကမဝင်ဘူးပေမယ့် အခုကတစ်ကြိုးထပ်ပိုလာပြန်တယ်..
    ကိုပေါက်တို ့ရေးတာတွေလဲအမြဲလိုလိုမျက်စေ့ကရှာနေမိတယ် အကြံပြန်ပေးပါဦးနော်..။

  • TTNU

    December 9, 2011 at 8:58 pm

    သေမှာငါမကြောက်
    နာတာရှည်မှာသာ ကြောက်
    ရှင်သေမင်းရောက်လာရင်လည်း
    တသွင်သွင်ငါ မငြင်းဆို။

    ငါကြောက်တာ တစ်ခုတည်းကိုသာပြောတတ်
    စိတ်မှာ အတောမသတ်
    အိပ်ရာကျောကပ်မှိုုင်နေရ
    ကိုယ့်သဘောနဲ့ ကိုယ်ဘာမှ မလုပ်နှိုင်တဲ့ဘဝ။

  • အမှန်အတိုင်းပြောရင် ကျနော့်တစ်နေ့တာလည်ပတ်နေမူ့ကျနော် ဇောနဲ့ကျနော်။
    မနက်အစောအိပ်ယာထ လမ်းလျှောက်ချိန်ကစလို့ အခုလိုည အင်တာနက်ဆိုင်မှာလာထိုင်တဲ့
    အတောအတွင်းကျနော့်စကက်ဂျူးထဲမှာ အများသူငါလိုတကယ့်ကို တရားဓမ္မတွေမပါ ပါဘူး။
    ငါသေရင်ဆိုတာလည်း ထည့်မစဥ်းစားခဲ့မိတာလဲအမှန်။
    ကိုယ်လုပ်စရာရှိတာ လုပ်သင့်တယ်ထင်တာလေးတွေလုပ်ဘို့ တန်းကိုစီနေတာပါဘဲ။
    ဒီတစ်ခါတော့မတွေးစဘူး ဖျပ်ကနဲပေါ်လာတာလေးကို ချရေးမိတာပါ။
    ကိုယ့်ကို ကိုယ်ပြန်မေးကြည့်မိတဲ့သဘောပါဘဲ။
    ဂေဇက်အပေါ်သံယောဇဉ်ကြီးမကြီးကတော့ နေ့စဉ်နဲ့အမျှ ရေးနေ ပုံတွေတင်နေမိတာသာကြည့်ပါတော့။

  • E.T

    December 10, 2011 at 3:59 am

    သေရမှာတော့ မကြောက်ပါဘူး။ မသေမရှင် ဖြစ်နေမှာကို ကြောက်တာ။ သေပြီးသွားရင် ယောင်လည်လည် ဖြစ်နေရင်လည်း ဒုက္ခ။ အဲဒီအပိုင်းက ကိုယ်ကြုံဖူးတာ မဟုတ်တော့ နည်းနည်းစိုးရိမ်မိတယ် 🙂

  • kai

    December 10, 2011 at 4:49 am

    မြန်မာတွေဆုတောင်းရှိတယ်..
    “ဘုန်းကြီးလို့..အသက်ရှည်ပါစေ”တဲ့..။

    တကယ်က.. သာမန်တန်းစားမြန်မာတွေ…
    ဘုန်းလည်းမကြီးဘူး.. (မြန်မာတွေအထက်မှာ.. အဝါနဲ့အစိမ်း..အထက်အတန်းအစားကြီး ၂ခုရှိနေတာကိုး..ကိုယ့်ထက်ကြီးတယ်လို့.. သူတို့ပဲ ပြောတာပဲလေ…ဘုန်း..ဘုန်း)
    အသက်လည်းမရှည်ဘူး..။ (ကမ္ဘာတန်းမှာ.. နိုင်ငံ၁၉၁နိုင်ငံစီထားတာ.. မြန်မာက.. ရှေ့ကတွက်ရင် ၁၄၁ ..နောက်ကတွက်ရင်မဆိုးဘူး… ၅ဝ ရတယ်..။)

    ဆိုတော့..
    ဘုန်းကြီးပြီးအသက်ရှည်ချင်ရင်.. အထက်တန်းစားဖြစ်အောင်လုပ်မလား..
    အထက်တန်းစားလူတန်းစားရဲ့ အကျိုးတွေကို မျှဝေခံစားမလား.. တွေးဖို့ပဲ…။ :mrgreen:

    March 27, 2009
    Can the Human Lifespan Reach 1,000 Years -Some Experts Say “Yes”

    Immortality_3 Cambridge University geneticist Aubrey de Grey has famously stated, “The first person to live to be 1,000 years old is certainly alive today …whether they realize it or not, barring accidents and suicide, most people now 40 years or younger can expect to live for centuries.”
    http://www.dailygalaxy.com/my_weblog/2009/03/can-humans-live.html

    • E.T

      December 10, 2011 at 8:24 am

      အင်း သဂျီးမင်းကြည့်ရတာ ဘုန်းကြီးပြီး အသက်ရှည်ချင်လို ့ နိုင်ငံခြားမှာ သွားနေတယ်ထင်ပါတယ် :mrgreen:

  • small cat

    December 10, 2011 at 6:32 am

    သူဂျီးရေ မြန်မာတွေဖုန်း( ဘုန်း)ကြီးမကြီးတော့မသိဘူး၊ ဖုန်းဈေးတွေကတော့ ကြီးကြီးဝယ်သုံးနေရတယ်၊
    ငါးသိန်းတန်ဖုန်းကို ကုမ္ပဏီတွေက ငါးသိန်းခွဲနဲ့ရောင်းနေတယ်လို့ကြားနေရတယ်ဗျို့။

  • သူကြီးရေ ဘုန်းမကြီးချင်လဲနေ။
    အသက်မရှည်ချင်လဲနေ။
    နေရတဲ့အခိုက်မှာ အကျိုးရှိတာလေးတွေတော့ လုပ်ပြီးထားခဲ့ချင်ပါတယ်သူကြီးရေ။

Leave a Reply