တကယ်ပူးတာလား အလေ့အကျင့်လား-၂
တကယ်ပူးတာလား အလေ့အကျင့်လား-၂
ပထမပိုင်းမှာ မြို့တဘက်ကမ်းမှာပူဇော်ပွဲကျင်းပ ပုံကိုတင်ပြခဲ့ပါတယ်။
အဲဒီနှစ်ပဲထင်ပါတယ်၊ မြို့ဘက်ကမ်းမှာ ပူဇော်ပွဲလုပ်ပါတယ်။
ကျနော်အရင်ပို့စ်မှာပြောခဲ့သလို၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း သီးခြားလုပ်တာပါ၊
ကျနော်အမှတ်မမှားရင် လှေကျင်းဘက်ရပ်ကွက်မှာလဲ တစ်ခုသီးသန့်လုပ်တယ်လို့ထင်ပါတယ်။
အစဉ်အလာအရ မြို့လည်ပိုင်းကအရင်၊တဖက်ကမ်းကဒုတိယ၊ လှေကျင်းက နောက်ဆုံး စသည်ဖြင့်
အစဉ်လိုက်လုပ်ရာမှာ မြို့လယ်က အမြဲတမ်းအရင်းဆုံးလုပ်ရတာပါ။ အဆင့်လည်းအမြင့်ဆုံးလုပ်တာပါ၊
ဦးရှင်ကြီးစီးတဲ့မိကျောင်းဟာစက်မိကျောင်းပါ၊ ဘယ်လိုလုပ်ထားသလဲတော့မသိပါ၊
အဲဒီမှာကြတော့ ကျနော်ဇာတ်စင်ပေါ်တက်ကြည့်ခွင်းမရပါဘူး။
ပွဲခင်းထဲကပဲကြည့်ရတာပါ။ဦးရှင်ကြီးက စောင်းကြီးပိုက်ပြီး
မိကျောင်းပေါ်မှာမတ်တတ်ရပ်လိုက်လာတယ်၊
မိကျောင်းကြီးက အမြီးကို ဟိုဘက် ဒီဘက်ရမ်းပြီးဇာတ်ခုံနောက်ကနေ
ရှေ့ကိုတဖြည်းဖြည်းထွက်လာတယ်၊ဘီးတပ်ပြီးစက်သီးကြိုးနဲ့ဆွဲသလားမသိပါ။
အဆင့်မြင့်ပုံကိုပြောပြတာပါ။ ဒီမှာတော့ပြဿနာမရှိပါဘူး။
ပြဿနာက ဦးရှင်ကြီးလား၊ ကိုးမြို့ရှင်လားမသိဘူးပြောတဲ့စကားပါ။
ကိုးမြို့ရှင်လို့ ကျနော်ထင်ပါတယ်။ အဲဒီနှစ် က တဘက်ကမ်းကအရင်လုပ်လိုက်ပါတယ်။
မြို့ဘက်ကမ်းမှာ လုပ်တဲ့အခါ ဝင်ပူးတဲ့နတ်က ဟိုဘက်ကမ်းကိုကြိမ်းမောင်းပါတယ်။
ဟိုဘက်ကမ်းကကောင်တွေ အစဉ်အလာကိုဖျက်တယ်၊ နောက်မှလုပ်ရမဲ့ဟာကို
ဒင်းတို့က အရင်လုပ်တယ်၊ ဒီတော့ ဒင်းတို့ ဒုက္ခနဲ့ လှလှတွေ့မယ်၊
ဘာညာပေါ့၊ ခေါင်းလေးတခါခါ၊ကိုယ်လေးတလှုပ်လှုပ်နဲ့ပြောတယ်။
စဉ်းစားစရာက ဘယ်သူကအရင်လုပ်လုပ် သူတို့ ကိုပဲ ပင့်တာလေ။
ဟိုဘက်ကမ်းမှာဝင်တာလဲသူတို့ (မောင်ရှင်၊မြင်းဖြူရှင်၊ ကိုးမြို့)၊
ဒီဘက်ကမ်းမှာဝင်ရတာလဲ သူတို့ပဲမလား။ ဟိုဘက်ကမ်းလှမ်းကြိမ်းတယ်ဆိုတော့ သူတို့ကိုသူတို့ကြိမ်းနေတာလား။ ပွဲစီစဉ်သူတွေ ကြိမ်းရအောင်လည်း
သူတို့ကိုပဲ ပင့်တာ၊ အရင်ပင့်တဲ့နေရာသွားလိုက်ပေါ့ ဘာကြိမ်းနေစရာလိုသလဲ။
ထားပါတော့ သူပြောတာက ဟိုဘက်ကမ်းကကောင်တွေ ဒီနှစ် ဒုက္ခတွေ့မယ်။
ဒီဘက်ကမ်းကိုတော့ အဖေကြီးတို့ကစောင့်ရှောက်မယ်။
(သူတို့ကိုပင့်တာချင်းအတူတူ ဟိုဘက်ကျတော့ဘာလို့မစောင့်ရှောက်ပဲ ကြိမ်းသလဲ)
ဒီဘက်ကမ်းမှာ အဖေကြီးတို့ရဲ့ တန်ခိုးက္က ုတ္တိပတ်တွေကြောင့် ဘေးမသီရန်မခစေရဘူး ၊ဘာညာ ကွိကွပေါ့၊ အဲဒီနှစ်နွေမှာပဲ ဝါးခယ်မမြို့ဘက်ကမ်း မီးလောင်လိုက်တာ
မြို့တဝက်နီးပါးကုန်ပါရောဗျာ။ မီးသတ်ဦးစီးလဲ ရာထူးတက်သွားတယ်၊ စွမ်းစွမ်းတမံမီးညှိမ်းသတ်လို့တဲ့(တဝက်ပဲကုန်သွားတာ၊တမြို့လုံးမကုန်လို့)။
ကျနော်ခြောက်တန်းနှစ်ရောက်တော့ ပုသိမ် မြို့ရပ်ကွက်တစ်ခုကိုပြောင်းပါတယ်။
အဲဒီရပ်ကွက်မှာ ကိုးမြို့ရှင် နတ်ကွန်းကို အုပ်တိုက်နဲ့သေချာဆောက်ထားပါတယ်၊ နှစ်စဉ်လဲအရှင်သခင်ပူဇော်ပွဲ(သူတို့အခေါ်) လုပ်ပါတယ်။
တော်တော်ကြီးကြီးကျယ်ကျယ်ပါ။ပွဲနီးတော့ အဲဒီရပ်ကွက်က သူငယ်ချင်းတွေက ပြောပါတယ်။
ဦးရှင်ကြီးက တန်ခိုးကြီးတယ်။ ဝါးနဲ့လုပ်ထားတဲ့သူ့ကျောင်းဆောင်လေးပေါ်ကို
စောင်းပိုက်ပြီးခုန်တက်ပြီး အဲဒီအပေါ်မှာကတယ်လို့ဆိုပါတယ်။
ကျနော်ကမယုံဘူးဆိုတော့ အဲဒီပွဲကျရင်ကြည့်လို့ပြောတယ်။
ပွဲရောက်တော့နေ့ခင်းပိုင်းကတည်းက ကျနော်သေချာသွားကြည့်နေတယ်။
ဝါးကျောင်းဆောင်ဆိုတာ က ဝါးနက်ဝါးတောင့်တောင့် ကို
အပေါ် သုံးလေးဆစ်လောက်ခွဲ၊ အောက်အဆစ်ကိုထပ်မကွဲအောာင်သွပ်နန်းကြိုးနဲ့တုပ်ထား၊ အပေါ်ကခွဲထားတဲ့အစတွေကို ဆွဲဟပြီး ရေအိုးစင်ပုံသဏ္ဍာန် လုပ်ထားပြီး
အပေါ်မှာ တပေပတ်လည်လောက် သစ်သားပြားကိုမကျအောင်
သေချာချီ၊ နတ်ကွန်းနဲ့ခပ်လှမ်းလှမ်း မြေကြီးထဲ ကျင်းတူးပြီးစိုက်ထားတာပါ။
အမြင့်ကတော့ လေးပေကျော်လောက်ရှိပါတယ်။
ညကျသွားကြည့်တော့ နတ်ကွန်းရှေ့မှာရွပ်ဖတ် တွန်းထိုးပြီးနတ်သွင်းပါတယ်။
ဘေးကဆိုင်းဝင်းကလည်းနတ်ဒိုးကိုမြိုင်နေအောင်တီးတာပေါ့၊ အဲနတ်ဝင်သွားပါပြီ။
ဘေးကတစ်ယောက်က လက်ထဲကို မြန်မာ့စောင်းလေးထဲ့ပေးလိုက်တော့
စောင်းလေးပိုက်ပြီးနတ်စင်ဘက်ကြွမြန်းလာပါတယ်။
ပြီးတော့မှ နတ်စင်ဘေးမှာအသင့်ထားတဲ့ ကုလားထိုင်ပေါ်တက်
ထိုမှ တဆင့် စာပွဲပေါ်တက်ကာ နတ်စင်ပေါ်သို့ ထူးခြားသော
တန်ခိုးက္က ုတ္တိပတ်ဖြင့် ကြွမြန်းပြီးတော့စံနေတော်မူပါတယ်။
အပေါ်ရောက်တော့မှ အောက်က စာပွဲတွေ ကုလားထိုင်တွေကိုဖယ်လိုက်ပါတယ်။
အပေါ်မှာ စောင်းလေးကိုကိုင်ပြီး ဟိုဘက်လှည့်၊ ဒီဘက်လှည့်
မိန့်စရာတွေကို ဆယ်မိနစ် ကျော်ကျော်လောက် မိန့်တော်မူပါတယ်။
ပြီးသွားတော့မှ နတ်ဒိုးကအုန်းဒိုင်းအုန်းဒိုင်းတီးပြီး နဲနဲ ခုန်ဆွခုန်ဆွ
လုပ်ပြပြီးအောက်ကိုခုန်ချလိုက်ပါတယ်။ အဲဒီရပ်ကွက်က သူငယ်ချင်းတွေက
ဒါကိုအဟုတ်ထင်ပြီး ကြွားတော့ ကျနော်က ဟေ့ကောင်တွေ အဲဒါတော့
ငါတောင်လုပ်ပြနိုင်တယ်လို့ပြောပါတယ်၊ လုပ်ပြနိုင်ရင်လုပ်ပြဆိုတော့
ငါက သူ့လိုအကျယ်ကြီးမဟုတ်ဘူး ဟောဒီရထားလမ်းသံတိုင်ပေါ်တက်ရပ်ပြမယ်၊
သူ့လောက်တော့ ကြာချင်မှကြာမယ်လို့ အကြွားပိုလိုက်ပါတယ်။
ကျနော်တို့နေတဲ့ရပ်ကွက်မှာ ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့နေရာရှိတယ် ၊
အဲဒီမှာသံတခါးရှိတယ်။ ကားလမ်းနဲ့ထောင့်မှန်ကျ ရထားလမ်းနဲ့အပြိုင်
နှစ်ပေလောက်အမြင့် သံလမ်းတစ်ခုတားထားတယ်၊ သံတခါးကိုကားမလားခင်
ပတ္တာနဲ့လှန်ပြီး သံလမ်းဘက်မှာကပ်ထားတယ်၊ ထိပ်မှာတော့ရထားလမ်းတွေကို
ဖြတ်ပြီးနှစ်ခုပူးစိုက်ထားတာတွေရှိတယ်။ ကျနော်လည်း သံတခါးပေါ်ကတဆင့်
သံတိုင်ပေါ်ကိုတက်ပြီးမတ်တတ်ရပ်လိုက်တယ်။ ခဏလေးပဲ
ယိုင်သွားလို့အောက်ကိုခုန်ချလို်က်ရတယ်။ သူငယ်ချင်းတွေက ဝိုင်းပြီး
ဟားတိုက်လှောင်ကြတာပေါ့။ ကျနော်တော်တော်ရှက်သွားတယ်။
ကြောင်လေးလဲတကယ်ကဲတဲ့ကောင်ပါ။ ကျနော်ရွာထဲ စဝင်တုန်းက
ကြောင်လေးဆိုတဲ့နာမည်အကြောင်းနောင်ရေးပါမယ်လို့ပြောထားဖူးတယ်။
အိတုန်တို့မောင်နှမတွေကဲတယ်ဆိုတာ အလကားပါ။ ကျနော်တို့ က
ညီအကိုသုံးယောက်ဆက်တိုက်မွေးထားတော့ ဘာပြောကောင်းမလဲ။
မလကာပင် တစ်မင်ကိုင်းကနေ နောက်တပင်ကိုင်းကို လှမ်းကူးလို့ရတယ်။
သစ်ပင်ပေါ်မှာခြေထောက်နဲ့ တွဲလောင်းချိပ်ပြီးဇောက်ထိုးနေလို့ရတယ်။
သစ်ငုတ်တိုတွေ ခုတ်ထားပြီးတဖက်ကိုထိုးထွက်နေတဲ့သစ်ကိုင်း တွေပေါ်
မတ်တပ်ရပ်နေလို့ရတယ်။ ဒီသံလမ်းကျမှ အောက် က တပြည့်လုံးအညီမဟုတ်ဘူးလေ။
ခြေထောက်နာတာလည်းပါတယ်။ အတွေ့အကြုံ ပုံစံသစ်ဆိုတော့ တည်လို့မရဘူး။
သူငယ်ချင်းတွေဝိုင်းရယ်ကျတော့ မခံချင်စိတ်နဲ့ ဟေ့ကောင်တွေ မရယ်နဲ့၊
အဲဒါအလေ့အကျင့်နဲ့ဆိုင်တယ် ငါရအောင်လုပ်ပြမယ်လိုု့ပြောပြီး ထပ်တက်တယ်၊
မရဘူး၊ ပြန်ပြုတ်ကျတယ်။ ဟိုကောင်တွေလည်းရယ်တယ်။
ကျနော်လည်းတင်းလာတယ်၊ မင်းတို့ကြည့်နေ ငါနေ့တိုင်းကျင့်မယ်၊
မင်းတို့ကိုငါရအောင်ရပ်ပြမယ်လို့ပြောခဲ့ပြီး အိမ်ပြန်ခဲ့တယ်။
အဲဒီနေရာက တဖက်က ကွင်းပြင်ကြီးပါ၊ ကျနော်တို့လူငယ်တွေ ညတိုင်းသံလမ်းကို
ထွက်ထိုင်ကြတာပေါ့။ ကျနော်လည်းညတိုင်းကျင့်ပါတယ်။ နဲနဲတော့ရလာတယ်။
ဒါပေမဲ့ယိုင်သွားတာနဲ့ထိမ်းလို့မရတော့ဘူး၊ခြေထောက်ရွှေ့စရာနေရာမရှိဘူးလေ။
တနေ့ နေခင်းဘက် ကျနော်တခုသတိရသွားတယ်။
ဆက်ကပ် တွေသွားကြည့်တဲ့အခါကြိုးတန်ပေါ်လမ်းလျှောက်တဲ့သူတွေဟာ
တုတ်တချောင်းကိုင်ထားတယ်၊ ကျနော်အဖေကို
အဲဒီတုတ်ကဘာလုပ်တာလဲမေးတော့ သူယိုင်သွားတဲ့အချိန်မှာ
ဝိတ်မျှအောင် တုတ်နဲ့ထိမ်းတာဆိုတဲ့သဘောတရားကိုပြောပြတာ သတိရသွားတယ်။
အော်…..ဦးရှင်ကြီးကိုင်ထားတဲ့စောင်းဟာ ဒါပဲ လို့ တွေးလိုက်တယ်။
ကျနော်ညထိအောင်မစောင့်တော့ပဲ ဝါးလုံးတစ်လုံးကိုလေးပေလောက်ဖြတ်ပြီး
သံလမ်းကိုပြေးပါတော့တယ်။ ကျနော်ထိမ်းနိုင်သွားပါပြီ။
ဘယ်လောက်ကြာလဲဆိုတာမတွေးနိုင်တော့ပဲ။
ခုန်ချပြီးသူငယ်ချင်းတွေ အိမ် လိုက်ပြောတယ်၊
ငါလုပ်နိုင်သွားပြီ မင်းတို့ ညကျရင်လာကြည့်ကြပေါ့။
ညကျတော့ ကျနော်လုပ်ပြတယ်။တမိနစ်လောက်ပဲကြာတယ် ။
ပြုတ်ကျတယ်၊သူငယ်ချင်းတွေဝိုင်းလှောင်တယ်။
မင်းတို့ခဏစောင့်ကြည့်လို့ပြောပြီး ပြန်လုပ်တယ်၊ တမိနစ်ကျော်ပဲရတယ်၊
ပြန်ကျတယ်၊ ပြန်လုပ်တယ် နဲနဲကြာကြာရလာတယ်။
သူငယ်ချင်းတွေ နဲနဲသဘောပေါက်လာတယ်။
နောက်ဆုံး ငါးမိနစ်လောက် နေပြလိုက်တယ်။
ဝါးလုံးကိုကိုင်ပြီးတမင်သက်သက် ဦးရှင်ကြီးယိမ်းသလို ယိမ်းပြလိုက်တယ်၊
အဲလိုယိမ်းနေတာကတောင့်တောင့်ကြီးရပ်နေရတာထက်စာရင်
ပိုလွယ်ကူကြောင်းလဲသိလိုက်ရတယ်၊ ဝါးလုံးနဲ့ balance
ထိမ်းတဲ့အထာကိုကောင်းကောင်းကြီးသိသွားတော့ အေးဆေးပဲ။
သူငယ်ချင်းတွေကိုလဲ ဝါးလုံးအကြောင်းနဲ့
ဦးရှင်ကြီးရဲ့စောင်းအကြောင်းရှင်းပြလိုက်တယ်။ သူတို့လက်ခံသွားကြတယ်။
ကျနော်အောင်မြင်သွားခဲ့တယ်။
ငယ်ငယ်တုန်းကမခံချင်စိတ်နဲ့လုပ်ပြခဲ့တာ၊ အခုတော့ အဲဒီတုန်းက အချိန်ကိုပြန်တွေးပြီး
တော်တော်ကြောက်သွားတယ်။ ပထမဆုံးစလုပ်တဲ့နေ့က ခုန်မချလိုက်နိုင်ပဲ ခြေချော်ပြီးတော့
အောက်ကိုတဲ့တဲ့ ကျလိုက်ရင် ………
အောင်မငီး ….ဟီး ဟီး…ကြောင်ညွန့်တုန်းရချည့်ရဲ့။ ။
လေ့လာစူးစမ်းပြီး စဉ်းစားဆင်ခြင်နိုင်ကြပါစေ။
ခင်မင်လေးစားစွာဖြင့်…..
ကြောင်လေး။
5 comments
windtalker
December 13, 2011 at 3:35 pm
စမောကတ် ကတော့ အင်္ဂ ါစုံမစုံ မသေချာတော့ဘူး ဆိုတာ သေချာတယ်
inz@ghi
December 13, 2011 at 3:57 pm
အားပေးသွားပါတယ် ကိုကြောင်လေးရေ
အလွန်အရေးအသား ကောင်းလှပါသည်
စကားမစပ်
၁၀၀%လုံး သည် စနစ်ကြောင့်တော့ မဟုတ်ဘူးဆိုတာ..
စတင်လက်ခံ သွားပါကြောင်း…
စောင်ပုံထဲ ပြန်ပုံးနေမှ..
ဟိုက်ပါကွန်ဇာဗေးတဗ်တွေ လိုက်ရိုက်နေမှာစိုးလို့…
ခိခိ
naywoonni
December 13, 2011 at 4:56 pm
အတော်ဆော့တဲ့ ကြောင်ပဲ….။ မျောက်မှဆော့တယ်ထင်တာ…။
တော်ကြာ ” ကြောင်မူးလဲ “လေးတွေနဲ့ တွေ့နေဦးမယ်နော် သတိထားဦး….။
ကြောင်ကြီး
December 14, 2011 at 9:37 am
ဟုတ်သေးဘူးလေ…. ကြောင်လေးအဲသလို သံလမ်းပေါ်ရပ်နိုင်တာ ဝါးလုံးစောင့်နတ် ကယ်လို့ပေါ့။ 🙄
small cat
December 14, 2011 at 7:02 pm
ကိုပေ…… မသေချာတော့ဘူးဆိုတာကသေချာပြီး၊သေချာတယ်ဆိုတာကမသေချာတော့ဘူး၊ မသေဘူးချာတယ်ဆိုတာ..အာ လျှာခလုတ်တိုက်ကုန်ပြီ။
ဂီဂီရေ…….လုံအောင်ပုန်း၊နောက်ကကြောင်ကြီးလိုက်လာပြီ။
(ငယ်ငယ်ကဆိုခဲ့တာ၊ဦးကြောင်ကြီးကိုပြောတာမဟုတ်)
ကိုနေ….ကြောင်မူးလဲ ဆိုတဲ့အတိုင်းကြောင်လေးကိုကြည့်ရင်းမူးလဲမှာပဲ။
ဦးကြောင်….ဝါးလုံးစောင့်နတ်က ဖျာလိပ်စောင့်နတ်လို အမဖြစ်မယ်ထင်တယ်။