သီးစုံကုလားပဲဟင်းနှင့် ငရုတ်သီးဆားထောင်း

koyin sithuDecember 16, 20111min1994

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်ကောင်းကောင်းမနှံ့ရှာပေ၊ သို့သော် ခင်မင်ဖွင်ရာကောင်း၏။ ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ၎င်းက ၎င်း၏ ထုံးစံအတိုင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု နှုတ်ဆက်လေ၏။

ကျွန်ုပ်က ၎င်းအား . “ ကိုပီတာကြီးတစ်ယောက် မလာတာ အတော်ကြာပြီနော်” ဟု ပြောလိုက်ရာ ၎င်းက..“ဟုတ်ပါတယ်ကွာ၊ မင်းကို ငါသတိရနေလို့ မလာဖြစ်တာကွ” ဟု ကိုပီတာကြီးက ပြောလေ၏။

ထို့ကြောင့်ကျွန်ုပ်က .. “မဟုတ်သေးပါ ဘူး ကိုပီတာကြီးရယ်၊ သတိရရင်လာရမှာပေါ့” ဟု ပြောလိုက်လျှင် ကိုပီတာကြီးက .. “သတိရနေတယ်ဆိုတော့ မင်းဟာ ငါရဲ့အာရုံထဲမှာ ရှိနေပြီလေကွာ၊ လာဖို့မလိုတော့ပါဘူး၊ ကောင်းကောင်း သတိရမရတဲ့ အခါကျတော့ အရုံထဲမှာ မင်းက မရှိတော့ဘူးလေကွာ၊ ယုံပါကွာ” ဟု ကျွန်ုပ်ကို ပြောလေ၏။

“ကဲပါ.. ကိုပီတာကြီးရယ် ဒီနေ့မနက် ဘာဟင်းနဲ့စားမလဲ..” ဟု ကျွန်ုပ်ကမေးလိုက်ရာ ၎င်းက.. “မင်းချက်တဲ့ ဟင်းတွေက အတော့်ကို မြိန်ဖို့ကောင်းပါတယ်ကွာ.. နိုးဂွတ်ဒ်” ဟု ပြောလေ၏။ “ဟင်းတွေက မြိန်ရင် ဂွတ်ဒ်လို့ ပြောရမှာမို့လား၊ ဘာဖြစ်လို့ နိုးဂွတ်ဒ်လို့ပြောတာလဲဗျာ” ဟု ကျွန်ုပ်က ပြန်၍မေးလိုက်လေ။ ထိုအခါ ကိုပီတာကြီးက.. “မင်းဟင်းတွေက ကောင်းတော့ ငါက အရမ်းစားတယ်လေကွာ၊ အဲဒီတော့ အစာမကျေဘူးပေါ့၊ အဲဒါကြောင့် ငါ့အတွက် နိုးဂွတ်ဒ် ဖြစ်သွားတာ၊မင်းရဲ့ဟင်းကို နိုးဂွတ်ဒ်လို့ ပြောတာမဟုတ်ဘူး၊ နားရှင်းအောင် နားထောင်စမ်းပါကွာ လူတော် တော်များများဟာ အတော်ခက်တယ်ကွ၊ နားရှင်းအောင် နားမထောင်တတ်ဘူး” ဟု ပြောလေ၏။

“ဟုတ်ပါ့မလား ကိုပီတာကြီးရယ်..” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုပီတာကြီးက.. “မနက်စောစောမှာ မိန်းမတစ်ယောက်ဟာ တောင်းကလေးကိုရွက်ပြီး ပဲပြုတ်လို့ အော်တယ်ကွ၊ အဲဒီတော့ ခေါ်တဲ့လူကလည်း ခေါ်ပြီး ဝယ်တယ်ဗျာ၊ တကယ်စဉ်းစားကြည့်ရင် သူအော်တာ ပဲပြုတ်ရှိသေးတယ်၊ ရောင်းမယ်လို့ မပါဘူးလေကွာ” ဟု ပြောလိုက်ရာ ကျွန်ုပ်မှာ ရယ်ရသေးတော့၏။

“ကတ်သီးကတ်သတ်တွေ မဟုတ်တာတွေ မပြောစမ်းပါနဲ့ ကိုပီတာကြီးရယ် ဘာဟင်းနဲ့ စားမလဲပြောစမ်းပါ” ဟု မေးလိုက်လျှင် ကိုပီတာကြီးက .. “ကုလားပဲဟင်း ကောင်းကောင်း ချက်စမ်းပါ ငါ့လူရာ၊ ပြီးတော့ ငရုတ်သီး ဆားထောင်း၊ တို့စရာကတော့ မုန်လာချဉ်ဖတ်လောက်ဆိုရင် တော်ပြီကွ၊ အဆီအဆိမ့်တွေ သိပ်ပြီး မလုပ်စမ်းပါနဲ့” ဟု ပြောလေ၏။ ကျွန်ုပ်လည်း .. “ကောင်းပါပြီဗျာ” ဟုဆိုကာ ၎င်းအား ကျွေးရန်အတွက် ကုလားပဲဟင်း တစ်ခွက်ကို စပါးလင်ထည့်၍ မုန့်ဟင်းခါး ဟင်းရည်အနံရအောင် ချက်လေ၏။ ထို့နောက် ငရုတ်သီးဆားထောင်း မန်လာချဉ်ဖတ်တို့နှင့် တည်ခင်းကျွေးမွေးလေ၏

ကျွန်ုပ်သည် ကိုပီတာကြီးအား ထမင်းကျွေးနေသည့်ကြားကပင် ယတြာသမား သုံးယောက်ကို ကိုယ်တိုင်ထ၍ လုပ်ပေးရ၏။ စာအုပ်ကိစ္စ အတွက်လာသော မိတ်ဆွေနှစ်ဦးကို စကားပြောရ၏။ ကျွန်ုပ်၏ ဝတ္ထုကို ရုပ်ရှင်ရိုက်ရန်အတွက် လာရောက်ဝယ်ယူသော ရုပ်ရှင်သမား သုံးယောက်ကို စကားပြောရ၏။ ထိုအခါ၌ ပိုက်ဆံချေးရန် ရောက်လာသော မိတ်ဆွေတစ်ဦးအား မချေးနိုင်ကြောင်း ကျွန်ုပ်၌လည်းမရှိကြောင်း စီကာပတ်ကုံးရှင်းပြရလေ၏၊ ထို့နောက် ခြံတွင်းရှိ အဓိဋ္ဌါန် ကြွေဗေဒင်မေးရသော ဂူကလေးအား သန့်ရှင်းရေး လုပ်ရ၏၊

ကျွန်ုပ်ကိုကြည့်၍ ကိုပီတာကြီးက.. “ မောင်ရင့်ဟာကလည်း မနားရပါလား၊ မောင်ရင့်ကိုကြည့်ရတာ အရက်မူးသမား သိုင်းကွက်နင်းနေသလိုပဲ၊ မျက်စိနောက်ဖို့ အတော်ကောင်းတယ်” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်က.. “ကိုပီတာကြီးရယ် ဒီအလုပ်တွေ ကျွန်တော် မလုပ်ဘယ်သူလုပ်မတုံးဗျာ” ဟု ပြောလိုက်ရာ ၎င်းကပြုံ၍.. “ကိုရင် မမွေးခင်၊ ကိုရင် လူ့လောကကို မရောက်ခင်က ဘယ်သူတွေ လုပ်သလဲ၊ စဉ်းစားကြည့်လေ” ဟု ကျွန်ုပ်အား ပြန်၍မေးလေ၏။ ထိုအချိန်၌မှာပင် စာမေးပွဲ ဖြေသည့် ကလေးများ ယတြာချေရန် အုပ်စုလိုက် ရောက်လာသောကြောင့် ကျွန်ုပ်သည် ၎င်းတို့ထံသို့ ပြေး၍ အားပေးစကားပြောခြင်း၊ ယတြာလည်းချေ၊ စားကျက်ရန်လည်းလိုကြောင်း လေးလေးနက်နက် ပြောပြနေရလေ၏။

ထို့သို့ပြောပြရာ ကလေးများအနက်မှာ တစ်ယောက်သော ကလေးက.. “အဘရယ် ကျွန်တော်တို့က စာကျက်ပြီ ပါပြီ၊ အောင်ဖို့လည်း သေချာပါတယ်၊ လိုရမယ်ရဆိုပြီး အဘဆီလာပြီး ယတြာချေတာပါ” ဟု ပြန်၍ပြောလေ၏။ ထိုအချိန်၌ ကျွန်ုပ်၏ မိတ်ဆွေကြီး ကိုပီတာကြီးသည် ထမင်းစားပြီး၍ လက်ဆေးက လက်သုတ်နေပြီဖြစ်၏။ ထို့ နောက် တိုင်တွင်ချိတ်ထားသော ဖီးကြမ်းငှက်ပျောသီးကို ယူ၍စားလေ၏။ ပြီးလျှင် ကျွန်ုပ်ဆီသို့ လျှောက်လာ ကာ ကျွန်ုပ်အား .. “နည်းနည်းလေ နားထောင်စမ်းပါ၊ ပြောစရာရှိလို့” ဟုဆိုသဖြင့် ကျွန်ုပ်က.. “ပြောပါ ကိုပီတာကြီးရယ်၊ နားထောင်ပါတယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက..

“တစ်ခါက အလက်ဇင်းဒါသဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်ကြီး တစ်ဦးရှိခဲ့ဖူးတယ်၊ တစ်နေ့မှာ သူဟာ မြတ်ဆိပ်တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်းနဖူး သဲပြင်ပေါ်မှာ အဝတ်အစား ဗလာကျင်းတုံးလုံးလှဲ အိပ်နေပြီး နေဆာလှုံနေတဲ့ ဒိုင်အိုဂျင်ဆိုတဲ့ သူတောင်းစားတစ်ဦးကို မြင်တွေ့ရတယ်၊ အဲဒီစစ်သူရဲကောင်းကြီးကလည်း အဲဒီသူတောင်းစား ဒိုင်အိုဂျင်ကိုု သိပါတယ်၊ အဲဒီဒိုင်အိုဂျင်ဟာ ကိုယ်လုံးကိုယ်ပေါက် အလွန်လှတယ်၊ မျက်နှာကလည်း ဥပဓိရုပ်ကောင်းတယ်၊

အဲဒီတော့ အလတ်ဇင်းဒါး သဂရိတ်က “ အို.. ဆရာသမား ကျုပ်ဘာများ ခင်ဗျားအတွက် လုပ်ပေးရမလဲ” လ ို့ရိသဲ့သဲ့စကားမျိုးနဲ့ မေးလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုင်ဂျင်က “အလက်ဇင်းဒါး သဂရိတ်ဆိုတဲ့လူကို ပြောချင် တာကတော့ ဘာမှလုပ်မပေးပါနဲ့၊ ဒီနားက နည်းနည်းဖယ်ပေးစမ်းပါ၊ နေဆာလှုံနေတာ အရိပ်ကွယ်လို့ပါ၊ ဒီ့အ ပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး” လို့ ပြန်ပြောလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က နေရိပ်မ ကွယ်အောင် နေရာဖယ်ပေးလိုက်တယ်၊

အဲဒီအခါမှာ ဒိုင်အိုဂျင်က “တလောတုန်းက တပ်တွေပြင်နေတာကို ကျုပ်တွေ့ရတယ်၊ အဲဒါ ဘာလုပ်မလို့လဲ” လို့မေးလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “တခြားမ ဟုတ်ပါဘူး ဒိုင်အိုဂျင်ရယ်၊ အိနိ္ဒယကို တိုက်မလို့ အိနိ္ဒယကိုတိုက်လို့ နိုင်ပြီဆိုရင် ကမ္ဘာတစ်ခုလုံးကို နိုင်တာနဲ့၊ အတူတူပဲ” လို့ ပြန်ပြီးပြောလိုက်တယ်၊ အဲဒီအခါမှာ ဒိုင်အိုဂျင်က “အိနိ္ဒယကို နိုင်ပြီပဲ ထားပါတော့၊ ဘာလုပ်ဦးမလဲ” လို့မေးတော့ အလက်ဇင်းဒါး သဂရိတ်က “ အိနိ္ဒယကို အောင်နိုင်ပြီးရင်တော့ ကျုပ် အနားယူမှာပေါ့” လို့ ပြန်ပြီးဖြေလိုက်တယ်၊

အဲဒီအခါမှာ ဒိုင်အိုဂျင်က ဟတ်ဟတ်ပက်ပက် ရယ်လိုက်တယ်၊ “ခင်ဗျားက အရူးပဲ၊ အနားယူဖို့ ကိစ္စမှာ အိနိ္ဒယကို အောင်နိုင်ဖို့ဆိုတဲ့ အကြောင်းမပါဘူး၊ ဘယ်သူမဆို အနားယူခွင့်ရှိတယ်၊ အိနိ္ဒယကို အောင်နိုင်မှ အနားယူရမယ်လို့ ခင်ဗျားကို ဘယ်လိုဆရာသမားမျိုးက သင်ပေးလို့လဲဗျာ၊ ဒီမှာကြည့်စမ်း၊ ခု.. ကျုပ်အနားယူနေပြီ အိနိ္ဒယကိုလည် မအောင်နိုင်ပါဘူးဗျာ လွတ်လွတ်လပ်လပ် အနားယူခွင့် ကျုပ်မှာရှိနေပြီ၊ ခင်ဗျားနားရမယ့် အချိန်ဟာ ဒီအချိန်ပဲ၊ အိနိ္ဒယကို အောင်နိုင်ပြီးမှာ နားရမယ်ဆိုရင်တော့ ခင်ဗျားနားရမှာ မဟုတ်ဘူး၊ အိနိ္ဒယကို အောင်နိုင်ပြီးလည်း တခြားအောင်နိုင်စရာတွေကို ခင်ဗျား လုပ်ရဦးမယ်၊ ဘယ်တော့မှ နားရမယ့် လူစားမျိုးမဟုတ်ဘူး သေရင်လည်း၊ အိမ်မှာသေရမယ့် လူစားမျိုးမဟုတ်ဘူး၊ အဲဒီလိုပဲ စစ်ချီရင်း လမ်းမှာ သေရမှာပဲ” လို့ ပယ်ပယ်နယ်နယ်ကြီး ပြောချလိုက်တယ်၊

“ခင်ဗျားလုပ်ရတဲ့ အလုပ်တွေ မပြီးခင်မှာဘဲ ခင်ဗျား၊ သေမှာ၊ ကျုပ်ပြောတာ မယုံစောင့်ကြည့်” လို့ ဒိုင်အိုဂျင်က ဆက်ပြီးပြောလိုက်တယ်၊ အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က “ဒိုင်အို ဂျင်းပြောတာ ကျုပ်မှတ်ထားပါ့မယ်၊ ဒီလိုပြောပြတဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ်၊ ဒါပေမဲ့ ခုတော့ အိနိ္ဒယကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့” လို့ ပြောပြီး ထွက်သွားတယ်၊ အမှန်တကယ်ပဲ အလက်ဇင်းဒါး သဂရိတ်က လမ်းမှာပဲဆုံးသွားတယ်။ အိမ်က ိုပြန်မရောက်တော့ဘူး၊

အလက်ဇင်းဒါးသဂရိတ် သေဆုံးတဲ့နေ့မှာပဲ ဒိုင်အိုဂျင်လည်း သေဆုံးသွားပါတယ်၊ သူတို့နှစ်ဦးဟာ သေလွန်ပြီးတဲ့ နောက်ပိုင်း တမလွန်ဘဝမှာ ပြန်ပြီးတွေ့ကြတယ်၊ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က ရှက်ကိုးရှက်ကန်းနဲ့ “ဟော..စစ်သူရဲကောင်းနဲ့ သူတောင်းစား တစ်ဦးပြန်ပြီးဆုံ ကြပြန်ပြီ” လို့ ပြောလိုက်တယ်၊ အဲဒီအခါမှာ ဒိုင်အိုဂျင်က “ပြန်ပြီးဆုံတာတော့ မှန်တယ်ဗျို့ ဒါပေမဲ့ ခင်ဗျားရဲ့ တွေးထင်ချက်တွေဟာ လွဲနေတယ်၊ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်ဟာ ဘယ်သူဟာ သူတောင်းစား၊ ဘယ်သူဟာ ဧကရာဇ် ဖြစ်တယ်ဆိုတာ ခင်ဗျား သဲသဲကွဲကွဲ သဘောပေါက်ပုံမရဘူး၊

ကျုပ်ဟာ လွတ်လပ်တယ်၊ ပြီးတော့ ကျုပ်ဘဝကို ကျုပ်ကျေနပ်တယ်၊ အပြည့်အဝ အသက်ရှင်တယ်၊ ခင်ဗျားဟာ ဒီလိုမဟုတ်ဘူး၊ အောင်နိုင်မှုတွေ အတွက်ကြိုးစားရင်း ခင်ဗျားဘဝကို ခင်ဗျားမကျေနပ်ဘူး အဲဒီတော့ ခင်ဗျားဟာ အစဉ်သဖြင့် လိုအပ်မှုတွေနဲ့ ပြည့်လျှမ်းနေတယ်၊ ကျုပ်ဟာ ဘာမှမလိုအပ်ဘူး၊ ဒါကြောင့် ကျုပ်ဟာ ူသူတောင်းစား မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ်ရင် ဟဲ.. ဟဲ.. မပြောတော့ပါဘူးလေ” လို့ ပြန်ပြီး ပြောလိုက်တယ်.. ” ဟု ဆိုကာ ကိုပီတာသည် သူ၏ပုံပြင်ကို ရပ်လိုက်၏။

ထို့နောက် ကျွန်ုပ်၏မျက်နှာကို စိမ့်စိမ့်ကြည့်ကာ.. “ကိုယ်ပြောချင်တဲ့ အလက်ဇင်းဒါး သဂရိတ်နဲ့ သူ တောင်းစား တစ်ယောက်အကြောင်း ပုံပြင်က ဒီမှာပြီးသွားပါပြီ၊ ဖိုးအောင်ထွန်း စဉ်းစားကြည့်လေ၊ ဖိုးအောင်ထွန်းက ကိယ့်ကို စိတ်မနှံ့တဲ့လူ၊ အရူးတစ်ယောက်လို့ ထင်နေတယ်၊ ဒါပေမဲ့ ပီတာဆိုတဲ့ လူကြီးဟာ စားတယ်၊ သောက်တယ်၊ အေးအေးဆေးဆေး အနားယူတယ်၊ ကိုယ့်ဘဝကို ကိုယ်ပိုင်တယ်၊ အနားယူခွင့်တွေလည်း ကိုယ့် မှာရှိတယ်၊ ဖိုးအောင်ထွန်းကတော့ ဒီလိုမဟုတ်ဘူး၊ ကိုယ့်လို အနားယူခွင့်တွေလည်း မရှိဘူး အလုပ်တွေပြီးမှ နားရမယ်လို့ ထင်နေတယ်၊ ဝတ္ထုတွေရေးပြီးမှ နားရမယ်လို့ ဘယ်လိုဆရာသမားမျိုးက သင်ကြားထားပါသလဲ၊ ယတြာကိစ္စတွေပြီးမှ နားရမယ်လို့ ဘယ်သူကများ ပြောထားလို့တုံး၊ ရူးလှချေလား ငါ့လူရာ..” ဟု ဆိုကာ ကျွန်ုပ်၏ ကျောကုန်းကို ဘုန်းကနဲ့ ပုတ်၍ ပျော်ရွှင်မြူးထူးစွာ ထွက်သွားလေတော့သတည်း။

4 comments

  • windtalker

    December 16, 2011 at 2:47 pm

    ကုရင်စည်သူ ရေ
    နင့်စာတွေ က ဂွတ်ပေမယ့်
    ဖတ်မိတဲ့ ငါ့ အတွက် နိုးဂွတ် ပဲကွာ
    ဗိုက်ဆာလာဘီ ၊
    အချိန်ကလဲ စကောစက အချိန်ကြီး
    အရေးအသား နဲ ့ဗိုက်ဆာအောင် နှိပ်စက်တယ်
    အပြင်မှာ ထပ်တွေ ့ရင် ရေးထားသမျှ အကုန်သာ ချက်ကျွေးဖို ့ပြင်ထားဘာ
    ဟွင်းဟွင်း

  • thit min

    December 16, 2011 at 4:01 pm

    ကိုပီတာယောင် ဆောင်ပြီး ကိုရင်စည်သူဆီ လည်လည်သွားမယ် ဝေ့။

  • blackchaw

    December 16, 2011 at 4:14 pm

    ကိုရင် ရေ။
    ထမင်း တစ်နပ်လောက် ဖိတ်ကျွေးဗျာ။

  • fatty

    December 16, 2011 at 6:56 pm

    ဒီတခါကိုရင်နဲ့တွေ့ရင်ဗေဒင်မေးကြည့်ရမယ် ..။

Leave a Reply