ဥရောပ ငွေကြေးပြဿနာ အပိုင်း ၁, ၂- ဘိုဘိုကျော်ငြိမ်း
ဘိုဘိုကျော်ငြိမ်း – မဇ္ဈိမ
လတ်တလော အရေးပါလာတဲ့ ကမ္ဘာ့ပြဿနာတွေအထဲမှာ ရှေ့တန်းရောက်လာတာက ဥရောပ ငွေကြေးပြဿနာဖြစ်တယ်။ အချို့ကလည်း ယူရိုပြဿနာလို့ ခေါ်ကြတယ်။ တချို့ကလည်း နိုင်ငံ့အကြွေး ပြဿနာ (Sovereign Debt)လို့ အမည်တပ်ကြပြန်တယ်။ မည်သို့ပင် တပ်တပ် ဒီပြဿနာ ကိုမဖြေရှင်းနိုင်ရင် တကမ္ဘာလုံး စီးပွားရေးနှေးကွေးမှု (Global Slowdown) ဖြစ်မယ် ဒီကမှတဆင့် ကမ္ဘာ့စီးပွားရေးကပ် (Global Recession / Depression) အထိ ကျဆင်းနိုင်တယ် ဆိုပြီး စိုးရိမ်သူတွေ ရှိကြတယ်။ ဒါကြောင့် ဒီပြဿနာကို မရရအောင် ရှင်းရမယ်ဆိုပြီး ဥရောပခေါင်းဆောင်တွေက ဆုံးဖြတ်ထားပုံရတယ်။
အပေါ်ယံကြောကြည့်ရင် ဒီဥရောပ ငွေကြေးပြဿနာဟာ စီးပွားရေးပြဿနာ သက်သက်လို့ မြင်နိုင်ပေမယ့် အဓိက အခြေခံ အချက်တွေမှာ နိုင်ငံရေးပါရုံမက နိုင်ငံရေး အတွေးအခေါ်တွေပါ ပါဝင်ပတ်သက်နေပြီး လူမျိုးနဲ့ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေပါ နွယ်ဝင်ရောယှက် နေကြတာမို့ သပွပ်အူလို ရှုပ်ထွေးလျက်ရှိတယ်။ လူငယ်လေးတွေကို သတိ ရှိစေချင်တဲ့ စေတနာနဲ့ ဒီဆောင်းပါးကို ရေးရတာပါ။ ဒါ့အပြင် တိုင်းပြည်ထူထောင်ဖို့ တာဝန်ယူရမယ့် ယနေ့ လူငယ်လေးတွေကို ဒီက သင်ခန်းစာ ယူစေချင်လို့ပါ။
ပြဿနာရဲ့အစ
ဒီဥရောပငွေကြေးပြဿနာရဲ့ အခြေခံက တကယ်တော့ နိုင်ငံရေးက စတာပါပဲ။ သို့သော် အားလုံး အောင်မြင်ပုံ ရနေတဲ့ အချိန်၊ စီးပွားရေး တိုးတက်ပုံရနေတဲ့ အချိန်တွေမှာ ပြဿနာကို မမြင်ကြဘူး။ အောက်ခြေအရင်းမှာ အက်ကြောင်း ရှိတာကို သတိမပြုခဲ့ကြဘူး။ ပြဿနာပေါ်လာမှ အက်ကြောင်းတွေက ထင်ရှားလာပြီး အန္တရာယ်က စိမ့်ဝင်လာတာကိုး။ ခုတော့ နောက်လည်းမဆုတ်နိုင်၊ ရှေ့လည်းမတိုးသာ၊ မအီမလည် အခြေဆိုက်ရတာပါပဲ။
ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ ဂျာမဏီနဲ့ ပြင်သစ် ပူးပေါင်းရောင်းရွက်ကြရင်းက တိုးချဲ့လာပြီး အီးယူ (European Union) ဆိုတာပေါ်လာရတယ်။ ဒီကတဆင့် Monetary Union လို့ခေါ်တဲ့ ဥရောပနိုင်ငံများ အတွင်း ငွေကြေးပေါင်းစီးမှု ပြုကြရအောင်ဆိုပြီး ဥရောပ ပိုက်ဆံ ငွေသား (ယူရို) Euro ကို တည်ထောင်ခဲ့ကြတယ်။ နိုင်ငံအားလုံး မပါကြတာကြောင့် ယူရိုသုံးဒေသ (Euro Zone) လို့ပဲ သတ်မှတ်နိုင်ခဲ့တယ်။ အင်္ဂလန် (UK) နဲ့ နော်ဝေး (Norway) တို့လို နိုင်ငံတွေက အီးယူမှာပါပေမယ့် ယူရိုမှာ မပါခဲ့ကြဘူး။
ဥရောပနိုင်ငံတွေ အားလုံးရဲ့ ထွက်ကုန် (GDP)ကို ပေါင်းလိုက်ရင် အမေရိကန် (GDP) နဲ့ နည်းနည်းသာတယ်။ ဒါကြောင့် အီးယူခေါင်းဆာင် တချို့က အမေရိကန်နဲ့ ပြိုင်နိုင်ပြီလို့ စိတ်ကူးယဉ်ခဲ့ကြတယ်။ တချိန်က ကိုလိုနီဘဝမှာ ထင်ရာစိုင်းနိုင် ခဲ့တဲ့ဘဝကို မေ့မရနိုင်ဘဲ နောက်ပေါက် အမေရိကန် အနောက်မှာ ကျုံ့ကျုံ့လေး နေရတာကို မချိတင်ကဲ မခံနိုင်ကြဘူး။
ကမ္ဘာမှာ နံပတ် (၁) ဖြစ်ချင်ကြသေးတယ်။ သို့သော် ပြဿနာက အီးယူ ဆိုတာက နိုင်ငံရေးအရ စုပေါင်း ဖွဲ့စည်း ထားတဲ့ (Political Union) ၊ တနိုင်ငံတည်း မဟုတ်။ လွပ်လပ်သော နိုင်ငံတည်ရှိမှု အခွင့်အရေး (Sovereign Rights) ကို စွန့်လွှတ်လိုခြင်း မရှိသော နိုင်ငံများ ပေါင်းစီးထားတဲ့ နိုင်ငံများ အထက်က (Supra National Entity) နိုင်ငံစုံအဖွဲ့အစည်း သာလျှင် ဖြစ်တယ်။ ကုလသမဂ္ဂလို နိုင်ငံစုံ အဖွဲ့အစည်းသာလျှင် ဖြစ်တယ်။ ဗဟိုအာဏာ (Central Authority) မရှိသည့်အတွက် အလုပ်မဖြစ်။
ဥရောပနိုင်ငံ ခေါင်းဆောင်တွေက မိမိတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Sovereign Rights) ကိုလည်း မစွန့်လွှတ်ချင်
ပေါင်းစည်းမှုကရမယ့် အမြတ်နဲ့ အကျိုးကိုလည်း လိုချင်ကြတော့ နိုင်ငံရေး ပေါင်းစည်းမှု မပါတဲ့ စီးပွားရေး ပေါင်းစည်း မှု ကို ဖေါ်ထုတ်လာကြတာပါပဲ။ လှေနံ နှစ်ဘက်နင်းဖို့ ကြိုးစားကြတာ။
နိုင်ငံတိုင်းရဲ့ စီးပွားရေးပြဿနာ
နိုင်ငံတိုင်းမှာ စီးပွားရေး အတက်အကျ ဆိုတာရှိတာပဲ။ နိုင်ငံတိုင်းမှာ နိုင်ငံအတွင်း သုံးစွဲကြတဲ့ (ငွေစက္ကူ) ရှိရင် လုပ်ပိုင် ခွင့် ရှိတဲ့ အာဏာရှိတဲ့ အစိုးရနဲ့ ဗဟိုဘဏ်ဆိုလည်း ရှိကြပါတယ်။ နိုင်ငံတိုင်းမှာ အစိုးရက ဘတ်ဂျက် သုံးငွေ ကို ကိုင်ပြီး (ငွေကြေး) ပေါ်လစီ Fiscal Policy ကို ကိုင်ရသလို ဗဟိုဘဏ်က မိမိငွေစက္ကူအတွက် လိုအပ်ရင် ငွေစက္ကူ ထပ်ရိုက်၊ ဒါမှမဟုတ် ဘဏ်အတိုးကို ကစား၊ ဒါမှမဟုတ် မိမိငွေစက္ကူကို ဈေးချပြီး မိမိနိုင်ငံရဲ့ ငွေစက္ကူဈေး တည်ငြိမ် ရအောင် (ငွေသား) ပေါ်လစီ Monetary Policy ကို ဖေါ်ထုတ်ရပါတယ်။ မိမိအစိုးရက ငွေမနိုင် ငွေမ လောက်ဘူး ဆိုရင် IMF (International Monetary Fund) က ငွေချေးလို့ ရပါတယ်။
အီးယူမှာ အီးစီဘီ (ECB) လို့ခေါ်တဲ့ ဥရောပ ဘဏ်ရှိပေမယ့် ယူရိုကို အားလုံးက သုံးသည်မဟုတ်။ ယူရိုကို လက်ခံ သုံးစွဲတဲ့ နိုင်ငံတွေဟာ လွပ်လပ်တဲ့ နိုင်ငံတွေ ဖြစ်ကြတာကြောင့် မိမိကိုယ်ပိုင် အစိုးရတွေ ကိုယ်စီရှိကြပြီး ကိုယ်ပိုင် တိုးတက်မှုအတွက် ဆောင်ရွက်ကြရင်း ကိုယ်ပိုင် ဘတ်ဂျက်ကိုယ်စီ ရှိကြပါတယ်။ အများ သဘောတူညီချက် အရ မိမိနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေဟာ ထုတ်ကုန် (GDP) ရဲ့ သုံးရာခိုင်နှုန်းထက် မပိုရဆိုတဲ့ ကန့်သတ်ချက် ရှိကြပေမယ့် မည်သူမျှ အသေးစိတ် မလိုက်နာကြပါ။ ဒါ့အပြင် စီးပွားရေး အခက်ကြုံခဲ့သော် ကစားနိုင်တဲ့ Monetary Policy မရှိကြတော့ပါ။ ဒါ့ကြောင့် လက်တဘက်တည်းနဲ့ ရေမနစ်ရန် ရေကူးကြရပါတော့တယ်။
ပြဿနာ နှစ်ခုပေါင်းထားသော ပြဿနာ
တကယ်က ယနေ့ ဥရောပ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ နိုင်ငံတချို့ရဲ့ ငွေချေး(အကြွေး) (Sovereign Debt)
ပြဿနာက ယူရိုငွေကြေးကို ဒုက္ခလာပေးတဲ့ ပြဿနာဖြစ်ပါတယ်။ နိုင်ငံတခုမှ နောက်နိုင်ငံ တခုကို ရောဂါကူးတဲ့ ပြဿနာ ဖြစ်ပါတယ်။ တနိုင်ငံရဲ့ ပြဿနာနဲ့ နောက်တနိုင်ငံတို့ရဲ့ ပြဿနာချင်း မတူကြပါဘူး။ ဥရောပ နိုင်ငံချင်း တူသော်ငြားလည်း ယဉ်ကျေးမှုချင်း မတူကြပါ၊ အများအားဖြင့် ဆင်းရဲတဲ့ (တောင်ပိုင်း) နိုင်ငံများရဲ့ ပြဿနာကို ပိုချမ်းသာတဲ့ မြောက်ပိုင်းနိုင်ငံများက ဝင်ကူရခြင်း ဖြစ်ပါတယ်။ ပြဿနာရှိတဲ့ နိုင်ငံတွေကတော့ ပေါ်တူဂီ၊ အိုင်ယာလန်၊ ဂရိနဲ့ စပိန် တို့ဖြစ်ကြပါတယ်။
ပြဿနာက အီတလီကို ကူးစက်နေပါပြီ။ ပြင်သစ်ပါ စိတ်မချရတော့ဟု ဆိုသူတွေက ဆိုကုန်ကြပြီ။ အီတလီဟာ ဥရောပမှာ တတိယအကြီးဆုံး စီးပွားရေး နိုင်ငံဖြစ်ပါတယ်။ ၂ဝဝရ ငွေကြေး စီးပွားရေး ကပ်ဆိုက်စဉ်က ကုမ္ပဏီတခု ပျက်ပြီဆိုရင် တောက်လျှောက် နိုင်ငံတကာ ကုမ္ပဏီတွေ ဆက်တိုက်ပျက်ကာ လူတွေ အလုပ်ပြုတ်နိုင်တဲ့ အတွက်နိုင်ငံတွေက Too Big to Fail ကြီးလွန်းတဲ့ အတွက် အပျက်မခံနိုင်ဆိုပြီး ဝင်ကယ်ခဲ့ကြတယ်။ အခုတော့ ကုမ္ပဏီ မဟုတ်တော့ တိုင်းပြည်ကိုယ်နှိုက်က ပျက်စီးကိန်း ကြုံကြရတဲ့အတွက် Too Big To Bail၊ ကယ်ရန်ကြီးလွန်းတယ်လို့ ဆိုကြရပါပြီ။
ဥရောပတို့ရဲ့ နိုင်ငံရေး အတွေးအခေါ်
စီးပွားရေး အကြောင်း မဆွေးနွေးခင် နိုင်ငံရေး အတွေးအခေါ် ကွာခြားကြပုံကို အရင်ဆွေးနွေးပါရစေ။ အရင်းရှင် စနစ်ကို ဖေါ်ဆောင်ကြတယ် ဆိုပေမယ့် နိုင်ငံရေး အတွေးအခေါ်အပေါ် မူတည်ပြီး စီးပွားရေး ဖေါ်ဆောင်ချက်တွေက ခြားနားကြပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးပေါ်လစီ အဓိကကျတာက Consumerism လို့ခေါ်တဲ့ (သုံးစွဲသူ) အပေါ်မှီခိုသလို စီးပွားရေး တိုးတက်မှု (Growth) အပေါ် မူတည်ပါတယ်။ ဥပမာ အမေရိကန် စီးပွားရေးဟာ သူ့ပြည်တွင်း စားသုံးသူအပေါ် သုံးပုံနှစ်ပုံ အားယူထားတယ်။ တချိန်တည်းမှာ မိမိတို့ရဲ့ စီးပွားရေးဟာ တိုးတက်မှု (Growth) အပေါ် အခြေခံတဲ့ အတွက် စီးပွားရေး ပြဿနာဖြစ်လာရင် တိုးတက်မှု (Growth) နဲ့ပဲ ဖြေရှင်းတာပဲ။
အမေရိကန် စီးပွားရေးဟာ Laissez-faire စီးပွားရေးလို့ခေါ်တဲ့ အနှောင့်အယှက် အနည်းဆုံး၊ အလွတ်လပ်ဆုံး စီးပွားရေး ဖြစ်သော်လည်း ကြင်နာမှု အနည်းဆုံးလို့ ဆိုနိုင်တယ်။ လူတိုင်းကိုယ့် တာဝန်ကိုယ်ယူကြ၊ ပုဂ္ဂလိကနယ်ပယ် (Private Sector) ကပဲ တာဝန်ယူကြလိမ့်မယ်။ အစိုးရက ဝင်မရှုပ်ဆိုတဲ့ နိုင်ငံရေး အတွေးအခေါ်ကို အများက လက်ခံကြတယ်။ ဒါကြောင့် Universal Health ဆိုတဲ့ နိုင်ငံသားတိုင်းရဲ့ ဆေးကုသပိုင်ခွင့် ရှိတယ်ဆိုတာ မရှိဘူး။ အစိုးရကို မမှီခိုနဲ့ အစိုးရ ဝေးဝေးနေ ဆိုတဲ့ အယူကို လက်ခံကြတယ်။ အစိုးရက ထိန်းကွပ်မှု အနည်းဆုံး စနစ်လို့ ငြင်းချက် ထုတ်နိုင်တယ်။
ဥရောပ နိုင်ငံတွေက ပိုဆိုရှယ်လစ် ဆံတယ်။ ဆိုရှယ်လစ်ပန်းတိုင်ကို ဒီမိုကရေစီဘောင်အတွင်းက သွားမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ပိုနီးစပ်ကြတယ်။ စကင်ဒီနေးဗီးယန်း နိုင်ငံတွေဖြစ်ကြတဲ့ ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ် တို့လို နိုင်ငံတွေမှာဆိုရင် Womb to Tomb လို့ခေါ်တဲ့ အမေ့ဗိုက်ဆီမှ သင်္ချိုင်းကုန်းအထိ အစိုးရက တာဝန်ယူမယ်ဆိုတဲ့ ဆိုရှယ် ဒီမိုကရက်တစ် အတွေးအခေါ်နဲ့ အစိုးရက တာဝန်ယူကြတယ်။ ဒါကြောင့် ဥရောပ နိုင်ငံတွေမှာ အစိုးရ အများစုက အထိန်းအကွပ်များပြီး အခွန် (Tax) က ပိနေတာကြောင့် Growth တိုးတက်မှုကနှေးတယ်။ သို့သော် ဆင်းရဲ၊ ချမ်းသာ ညီမျှမှုက ပိုမျှတတယ်လို့ ငြင်းချက် ထုတ်နိုင်ပြန်တယ်။ အလုပ်သမား အဖွဲ့အစည်း (Unions) တွေက အင်အား ကြီးမားကြပြီး ရပိုင်ခွင့်တွေ ပိုတောင်းနိုင်တာကြောင့် အစစအရာ ဈေးကြီးတယ်။ စီးပွားရေး လုပ်ရတဲ့ စရိတ်ကြီးတယ်။
ဂရိပြဿနာ
အခု အထင်အရှားဆုံး ဂရိနိုင်ငံရဲ့ ပြဿနာကို ကြည့်ကြရအောင်။ ဂရိနိုင်ငံဟာ ၁၉၆ဝ ခုနှစ် နောက်ပိုင်းတွေမှာ စစ်အာဏာရှင်ဘဝက လွတ်မြောက်လာပြီး သူ့ရဲ့တိုးတက်မှုဟာ တခြားမြောက်ပိုင်းနိုင်ငံက စီးပွားရေးတွေလို တိုးတက်မှု မရှိလှဘူး။ သို့ပေမယ့် ဥရောပသားတွေပီပီ အလုပ်သမား အခွင့်အရေးကို ကောင်းကောင်း တောင်းဆို တတ်ကြပြီး အစိုးရ အဆက်ဆက်ကလည်း အများအလိုကျ လိုက်လျောရင်း နောက်ဆုံး ပုဂ္ဂလိက နယ်ပယ်က အလုပ်သမားထက် အစိုးရ အလုပ်သမားတွေက ပိုများရတဲ့ ဘဝရောက်ကြရတယ်။ ဖြည်းဖြည်းလုပ်၊ နည်းနည်းလုပ်၊ များများတောင်းကြပေါ့၊ ယူရိုရဲ့ လုံခြုံမှု အရိပ်ခိုလိုက်ကြတော့ (ငွေချေး) နိုင်အားက တက်လာတာပေါ့။ ဒီမှာတင်အစိုးရ အဆက်ဆက်က ဝမရှိဘဲ ဝိလုပ် ငွေချေးပြီး ခံစားမှုတွေကို ပြည့်ပြည့်ဝဝကြီး စံစားလာလိုက်ကြတာ ကြာလှ ပြီပေါ့။
ဂရိမှာ အသက် ၅ဝ ကျော်ကျော်နဲ့ ပင်စင်အပြည့် ယူနိုင်တယ်လို့ စွပ်စွဲကြသူတွေရှိတယ်။ ဆေးဖိုးဝါးခက Universal Health စနစ်အရ မိမိတာဝန်မယူရ။ ဒီ့အပြင် အဖေအမေရဲ့ ပင်စင်ကို သားသမီးတွေက အတိုင်းအတာ တခုအထိ အမွေ ဆက်ခံနိုင်တယ်။ လောက နိဗ္ဗာန်ပေပဲပေါ့။ အစိုးရ အဆက်ဆက်က ညာခဲ့ကြရုံမက အမေရိကန် ရင်းနှီးမှုဘဏ် (Investment Banks) တွေက (ချေးငွေ)ကို ဝင်ငွေ (Income) အဖြစ်ပြနိုင်အောင် ဝိုင်းလိမ်ညာ ပေးကြတယ်။နောက်ဆုံး George Papandreou ဂျော့ ပါပန်ထရီရို လက်ထက်ရောက်တော့မှ ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ပြီး ကယ်ကြပါ ထအော်ရတာပဲ။
ဂရိ ပြဿနာက ယူရိုပြဿနာ ဖြစ်လာ
ဂရိရဲ့ပြဿနာက ချေးငွေတွေက ထုတ်ကုန် GDP ထက်များတယ်။ ဒါကြောင့် လူ့သဘာဝအရ အကြွေးက လည်ပင်း ထိနေပြီး ဝင်ငွေကလည်း မလောက်မငဖြစ်ရင် ဘယ်သူငွေချေးချင်ကြမှာလဲ။ ဒီတော့ စိတ်ချရအောင် အတိုးများများတောင်းတော့ အတိုးနှုန်း တက်လာတာပေါ့။ အတိုးနှုန်း ခုနှစ်ရာခိုင်နှုန်းရောက်တော့ အတိုးပေးရတာများပြီး ဝင်ငွေ ထွက်ငွေ မမျှတော့တာမို့ ရေရှည် မထိန်းနိုင်တော့။ မတတ်နိုင်တော့ရင် ဂရိနိုင်ငံဟာ အကြွေးရှင်တွေကို အကြွေး
ပြန်ဆပ်နိုင်တော့ ကတိပျက်ရင် မည်သူမှ (အယုံအကြည်ရှိ) တော့မှာမဟုတ်။
ဂရိဟာ သူ့ငွေစက္ကူနဲ့သူဆိုရင် ပြဿနာမရှိ။ အခုတော့ ဂရိက ယူရိုနယ်ပယ်ဝင် တဦး။ ဒါ့ကြောင့် ယူရို အပေါ်မှာ လူတွေ အယုံအကြည် ပျက်လာရင် ယူရိုကို အခြေခံပြီး အရောင်းအဝယ် မလုပ်နိုင်တော့။ ဒါဆို ဂျာမဏီတို့လို စီးပွားရေး တောင့် တင်းတဲ့ နိုင်ငံတွေ နိုင်ငံသေးတခုရဲ့ စီးပွားရေး မနိုင်နင်းမှုကြောင့် ကျန်နိုင်ငံတွေအားလုံး ဒုက္ခ တွေ့ကြရတော့မယ်ဆိုပြီး ပြင်သစ်နဲ့ ဂျာမဏီတို့ ဦးဆောင်ကာ ဂရိကို ငွေချေးကြရတော့တယ်။ ဥရောပ ဗဟိုဘဏ် ECB က ဘယ်လိုနည်းနှင့်မှ ဂရိနိုင်ငံကို ကတိအပျက် Default အဖြစ် မခံနိုင်ဆိုတဲ့ အတွေးအခေါ်ကို (ဆွဲကိုင်) ထားတယ်။ ဂရိနိုင်ငံကလည်း ယူရိုသုံးတဲ့ နိုင်ငံအုပ်စု ဝင်ဖြစ်တာကြောင့် Monetary ငွေသား ပေါ်လစီ သုံးပြီး ဖြေရှင်းခွင့် မရှိရှာဘူး။
အကန့်အသတ် မကင်းတဲ့ကူညီငွေ
ယူရိုဇုံ အဖွဲ့ဝင်ဖြစ်နေတာကြောင့် အီးယူအဖွဲ့ဝင်တွေ ငွေစုပြီး ဂရိကို ဝင်ကူကြရတယ်။ အဓိက ငွေထည့်ရတာကတော့ ဥရောပမှာ အချမ်းသာဆုံး ဂျာမဏီပါပဲ။ ငွေချေးတယ် ဆိုပေမယ့် အလကား ချေးလို့တော့ ဘယ်ရပါ့မလဲ။ ပိုလျှံနေတဲ့ အစိုးရ အလုပ်သမားတွေ လျော့ရမယ်။ ခံစားခွင့်တွေ လျော့ချရမယ်။ အစိုးရပိုင် ပိုင်ဆိုင်မှုတွေရောင်းပြီး ငွေဖေါ်ရ မယ်၊ အခွန် (Tax) တိုးကောက်ရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေ ပါလာတာပေါ့။ ထုံးစံအတိုင်း ခံစားမှုတွေနဲ့ ပျက်စီး နေတဲ့ ဘသားချော ဂရိတွေက ဘယ်ကျေနပ်ကြပါ့မလဲ။ ဆန္ဒပြလိုက်ကြတာ သောက်သောက်လဲပဲ။
ပိုဆိုးတာက ဒီလို ခါးစီးခံရတဲ့ အပြုအမူတွေ ပြုရတော့၊ အစိုးရ ဝင်ငွေကျလာပါတယ်။ ဥပမာ လူတွေကို အလုပ်ဖြုတ် ရလို့ အခွန်ပေးသူတွေ လျော့သွားရင် ကောက်ခံလို့ရတဲ့ အခွန်ဝင်ငွေ ကျဆင်းသွားပါတယ်။ တချိန်တည်းမှာ စီးပွားရေး ကျတော့ လူတွေ ထပ်အလုပ်ပြုတ်၊ အခွန် ပေးနိုင်သူတွေ လျော့လာ၊ အခွန်တိုးကောက်တော့ လူတွေက မကျေနပ်ကြ၊ လမ်းပေါ်ထွက်ပြီး ဆန္ဒထပ်ပြကြတော့ ဂရိ စီးပွားရေးကို ယုံကြည်မယ့်သူတွေ လျော့လာ၊ တိုင်းပြည် မတည်ငြိမ်တော့ ခရီးသွားတွေ အလာနည်း၊ စီးပွားရေး ပိုထိခိုက်နဲ့ ဂျာအေး သူ့အမေရိုက်သလို ရွာလည်နေရပြန်ရော။
ထပ်ကူကြပါဦးဗျို့
ကူညီငွေမှာ ဥရောပရဲ့ အချမ်းသာဆုံး ဂျာမဏီက ငွေအများဆုံး ထည့်ရတယ်။ ဂျာမန်အများစုက မကျေနပ်ကြဘူး။ ဟုတ်တယ်လေ၊ ဂရိတွေ သုံးဖြုန်းပြီး အသုံးမကျတာနဲ့ ဂျာမန်တွေ အနစ်နာခံရမယ်ဆိုတော့ ဘယ်တရားမျှတပါ့ မလဲ။ ဂရိတွေဟာ ရာသီဥတု ညီမျှကောင်းမွန်တာကြောင့် ဖြည်းဖြည်းဆေးဆေး အေးအေးသက်သာ နေတတ်ကြ တယ်။
ဂျာမန်တွေ စည်းကမ်းရှိတာကိုတော့ အနည်းငယ် တင်ပြပါရစေ။ ယေဘုယျအားဖြင့် ဥရောပမှာ အလုပ်သမား အဖွဲ့အစည်း (Union)တွေဟာ လူတန်းစား စိတ်ဓါတ်နဲ့ကြည့်ပြီး အမြဲ အခွင့်အရေးကို တောင်းဆိုနေကြတယ်။
ပြင်သစ်မှာ ဆို တပတ်ကို အလုပ်ချိန် ၄ဝ နာရီအောက် ၃ဝ ကျော်ကျော် ရောက်သွားပြီ။ မားဂရက်သက်ချာ
ခေတ်မတိုင်ခင်က အင်္ဂလန်မှာ အားရင် ဆန္ဒချည်းပြနေကြတာမို့ တိုင်းပြည် စီးပွားရေး ထိခိုက်ခဲ့ရတယ်။ မာဂရက် သက်ချာက ခပ်ပြတ်ပြတ် ကိုင်လိုက်မှ သမဂ္ဂ (Unions) တွေ ဝပ်သွားတာ။ ဒီနှစ် ၂ဝ၁၁ မှာလည်း၊ သူများတွေက အလုပ်မရှိကြဘူး ဘီအေ၊ အင်္ဂလိပ် လေကြောင်းက အလုပ်သမားတွေက အခွင့်အရေးရတာ မကျေနပ်လို့တဲ့ ဆက်တိုက် ဆန္ဒပြနေလေရဲ့။ စီးပွားရေး ဒုက္ခတွေ့လို့ ခြိုးခြံခါးစည်းခံရပြီဆိုရင် ယူနီယမ် တွေ ထကြွကုန်ပြီပဲ။
ဂျာမန် အလုပ်သမားနဲ့ အလုပ်သမား အစည်းအရုံး ခေါင်းဆောင်တွေက အင်္ဂလိပ်တွေလို မဟုတ်ကြ။ စည်းကမ်း ရှိကြတယ်။ ကမ္ဘာ့စီးပွားရေး ဒုက္ခရောက်တာသိတော့ အလုပ်သမား ခေါင်းဆောင်တွေနဲ့ အစိုးရ၊ နိုင်ငံရေးသမားတွေ နားလည်မှုယူပြီး ဂျာမန် အလုပ်သမားထုနဲ့ စီးပွားရေး အဆောက်အအုံတွေကို ပြန်တည်ဆောက်ကြတယ်။ ဂျာမန်တွေဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာလို ပညာတတ်ကိုပဲ အဓိကထား မမွေးဘူး။ လူတိုင်းတက္ကသိုလ် သွားရမယ်လို့ မယုံကြည်ကြဘူး။ အရည်အချင်းပြည့်တဲ့ အလုပ်သမားတွေ လိုအပ်တယ်ဆိုတာကို သဘောပေါက်ကြတယ်။ ဒါကြောင့် စက်မှုလက်မှု ကျောင်းတွေကိုလည်း အရေးပေးကြတယ်။ ဥပမာ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ပြော
ရရင် စက်မှုတက္ကသိုလ်ကိုပဲ ဦးစားမပေးဘူး၊ ဂျီတီအိုင်တို့၊ နတ်မောက် စက်မှုလက်မှု ကျောင်းတွေလိုမျိုးကိုလည်း အလေးပေး ပြုစုပျိူးထောင်ပေးတယ်။
စီးပွားရေးအဆင့်မြင့်လာရင် တိကျတဲ့ တွင်ခုံ (Precision Tooling) တွေ လိုလာပါတယ်။ ဥပမာ ရေငုပ် သင်္ဘောတွေ၊ လေရဟတ် (Wind Turbines) တွေ တည်ဆောက်တာတွေ၊ ကားဘော်လီတို့ကို ဖြတ်ရာမှာ ဒီလို တွင်ခုံတွေကို သုံးရပါတယ်။ ဒီလိုကိရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ဖို့ အရည်အချင်းမြင့် လုပ်သားတွေ လိုအပ် ပါတယ်။ ဒီ Precision Tooling နယ်ပယ်မှာ ဘယ်သူမှ ဂျာမန်တွေကို မမှီပါ။ ဂျာမန်တွေဟာ စည်းကမ်းအပြင် စနစ်ကျမှု သေသပ်မှုဟာလည်း သူတို့ရဲ့ ယဉ်ကျေးမှု တရပ်ပါပဲ။ ဒါကြောင့် ကမ္ဘာမှာ ဂျာမန် ကားတွေဟာ နံမည်ရ အရောင်းသွက်ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာမှာ နိုင်ငံအများစုဟာ စီးပွားရေး အခက်အခဲ တွေကြုံနေကြရချိန်မှာဂျာမန် စီးပွားရေးက တိုးတက်လျက်။ ပို့ကုန် (Export) ကလည်း တိုးပွားလျက်။
ဂျာမန်ပြည်သူ အများစုက ဂရိကိုကူတာကို မထောက်ခံတဲ့အတွက် ဂျာမန်ဝန်ကြီးချုပ် မာကယ် (Merkel) ဟာ ပထမပိုင်း မှာ သိပ်စိတ်အားမထက်သန်ခဲ့ဘူး။ ဒါပေမယ့် ဂရိအစိုးရမှာ ဘတ်ဂျက် ပြတ်လုနီးပါး ဒုက္ခနဲ့ ရင်ဆိုင် ခဲ့ရတယ်။ အလုပ်သမားတွေ လစာပေးစရာ ငွေမရှိရင်၊ ဘဏ်တွေလည်း ငွေထပ် မဖြည့်နိုင်ရင်၊ အေတီအမ် (ATM) machine တွေ ဆီက ငွေမထုတ်နိုင်တော့ရင်၊ ဂရိတနိုင်ငံလုံး စီးပွားရေး ရပ်သွားနိုင်တယ်။ ဒါဆို ယူရိုပါ အယုံအကြည် မရှိဖြစ်လာရင် ဂျာမဏီရဲ့ စီးပွားရေးပါ ထိတော့မယ်။ အတိုးနှုန်းတွေတက်တာနဲ့ ပြည်သူတွေရဲ့ ကားကြွေး၊ အိမ်ကြွေး၊ အကြွေးတွေ တက်လာရင် ပြည်သူတွေ အော်လာကြလိမ့်မယ်။ ကူးစက်ပြီး တကမ္ဘာလုံး စီးပွားရေးကပ် ဆိုက်နိုင်တယ်။ ဒါကြောင့် ဂရိကို အားလုံး ဒုတိယအရစ် ဝိုင်းကူကြရတာ။
ဒုတိယအရစ်
ပထမအရစ်က ယူရို ဘီလျံ ၁၁ဝ ကျော်ကျော် ကူပြီးပြီ။ ဒုတိယ အကြိမ်လည်း ဒီပမာဏလောက်ပဲ ထပ်ပေးရပြန်ပြီ။ ဒီငွေ တွေကို အီးယူနဲ့ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့က ချေးမှာဆိုတော့ ယူရိုဇုန်မှာ မပါတဲ့ ဥရောပနိုင်ငံတွေရော၊ IMF မှာ အဓိက ငွေထည့်ရတဲ့ အမေရိကန်တွေပါ ဝိုင်းကူရပြီလေ။ ဒါ့အပြင်နောက်ဆက်တွဲတွေ ပါလာမှာ စိုးတာကြောင့် အရေးပေါ် ယူရိုဇုန် ကယ်တင်ရေး ငွေစု (European Financial Stability Facility) ဥရောပငွေကြေး ခိုင်မာရေး အဆောက်အဦး ဆိုပြီး ယူရို ၄၄ဝ ဘီလျံ၊ ဒေါ်လာ ၆၆၈ ဘီလျံနဲ့ဖွဲ့ဖို့ သဘောတူခဲ့ကြလေရဲ့။
အစိုးရ ငွေချေးငွေစာရွက်
အရင်းရှင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အစိုးရက ငွေချေးချင်ရင် အစိုးရ ငွေချေးစာရွက် Government Bonds ဆိုတာတွေ ပိုထုတ်ပြီး ချေးပါတယ်။ စတော့ Stock က အတက်အကျ ရှိတယ်။ ဘွန်း Bond က အတိုးစားရုံ သက် သက်ပဲ။ သုံးလ၊ ခြောက်လ၊ တနှစ်၊ ငါးနှစ် ၁ဝ နှစ် စသည်ဖြင့် ရေရှည်၊ ရေတို ဘွန်း အမျိုးမျိုး၊ အတိုးအမျိုးမျိုး ရှိကြပါသည်။ တိုင်းပြည် တပြည်ဆိုတာ အစိုးရနဲ့ ထုတ်လုပ်သူ လူထု ရှိနေသရွေ့ (အခွန်)ဆိုတာ ရှိစမြဲ။ (အခွန်) ဆိုတာ အစိုးရအတွက် (ဝင်ငွေ) ပါပဲ။ ဒါကြောင့် ကုမ္ပဏီတွေနဲ့ မတူ၊ အစိုးရ ဘွန်းတွေက ပျက်သွားတာ မရှိနိုင်၊ ပိုစိတ်ချ ရတယ်လို့ အယူရှိကြပါတယ်။ ဒါကြောင့် ၂၀၀ရ ငွေကြေး အခက်အခဲအပြီး ဘဏ်အများစုဟာ စွန့်စားမှု (Risk) နည်းတဲ့ အစိုးရဘွန်းတွေကိုကို ဝယ်စု ခဲ့ကြတယ်။ အခု ဂရိ အစိုးရဟာ သူ့ရဲ့ ချေးငွေတွေကို ပြန်မဆပ်နိုင်တော့ဘဲ ကတိပျက်ရမယ်ဆိုတဲ့ အန္တရာယ်ကြောင့် ဂရိအစိုးရရဲ့ ဘွန်းတွေဟာ တန်ဖိုးမဲ့ ဖြစ်သွားမယ်။ ဒီလို ဂရိ အစိုးရ ကတိမပျက်ရအောင် default မဖြစ်ရအောင် အီးယူနဲ့ တခြားနိုင်ငံတွေက ဝင်ကူကြရတာ။
ဘဏ်တွေလည်း အရှုံးခံပါစေ
တဘက်ကပြန်ကြည့်ရင်၊ အရင်းရှင် လောကမှာ စွန့်စားမှု Risk ဆိုတာ စီးပွားရေး လုပ်ငန်းတိုင်းမှာ ရှိကြတာပဲ။ အရှုံးနဲ့ အမြတ်တွက်ပြီး ရောင်းကြ ဝယ်ကြ ရတာပဲ။ ဒီအစိုးရ ဘွန်းတွေ ဝယ်စဉ်က အန္တရာယ်ကို သိလျက်နဲ့ ဝယ်ကြ တာပဲ။ ဒါကြောင့် ကျန်အစိုးရတွေကပဲ ဝင်အနစ်နာခံစရာ မလိုဘူး။ ဝယ်ထားတဲ့ ဘဏ်တွေလည်း အရှုံးခံကြ။ ဒါကိုခေတ်သစ် စီးပွားရေး စကားနဲ့ပြောရရင် (Haircut) လို့ခေါ်ပါတယ်။ ဂျာမဏီဦးဆောင်ပြီး ဒီလိုတွေး၊ ဒီလိုဆွေးနွေးတဲ့ သူတွေရှိတယ်။ ဒါပေမယ့် ဥရောပ ဗဟိုဘဏ်က ဘသားချော ဗြူရိုကရက်တွေက စာအုပ်ကြီးအတိုင်း ဒါ Default ကတိပျက်တာပဲဆိုပြီး ငြင်းဆိုနေကြလေရဲ့။
ယူရိုဘွန်း
နောက်တနည်းက တန်ဖိုးကျသွားတဲ့ ဂရိဘွန်းတွေကို အီးစီဘီ ကထုတ်တဲ့ ယူရိုဘွန်းနဲ့ လဲပေးမလားဆိုတာကိုလည်း စဉ်းစားနေကြလေရဲ့။ ပြဿနာရဲ့ နောက်ဆက်တွဲက ဘဏ်တွေရှုံးလို့ ငွေပြန်လဲစရာ နောက်ခံငွေ မရှိတော့ရင် ဘဏ်မှာ အပ်ထားတဲ့ လူတွေက (မယုံ) ကြတော့ဘဲ အလုံးအရင်းနဲ့ တပြိုင်နက်တည်း ထုတ်ကြရင် ဘဏ်တွေငွေမလည်ဘဲ ရပ်သွားနိုင်တာ။ ၁၉၃ဝ ခုနှစ်တွေမှာဖြစ်တာ ဒီလိုဘဏ်တွေကို မယုံကြတော့တာပဲ။ အိုင်ယာလန် (Ireland) မှာ လူတွေ တန်းစီပြီး ငွေလည်း ထုတ်လာကြရော အစိုးရက ဝင်ကူရတော့တာပဲ။
တနည်းအားဖြင့် ဘဏ်တွေကို အစိုးရက ဝင်ကိုင်ရတော့၊ တနည်းအားဖြင့် ပြည်သူပိုင် သိမ်းရတာပဲ။ အိုင်ယာလန် (Ireland) ပြဿနာက ဘဏ်တွေ စွန့်စားမှုလွန်ပြီး ငွေကြေးကဏ္ဍ ပူဖေါင်းသဖွယ် ဖေါင်းပွမှု (Financial Bubble)ဖြစ်ပြီး၊ အိမ်ဈေးတွေတက်၊ အိမ်ဈေးဖေါင်းပွမှု ဖြစ်တာပါပဲ။ စီးပွားရေးမှာ (ယုံကြည်ရမှု) Credibility ဟာ အလွန် အရေးပါတဲ့ အနှစ်သာရတခုပါ။ (ယုံကြည်ရမှု) ပျက်သွားရင် ဘယ်သူမှ အရောင်း၊အဝယ် လုပ်ကြတော့မည်မဟုတ်။ ဒါကြောင့် ယူရိုဘွန်းနဲ့ ဂရိအစိုးရ ဘွန်းတွေကို အစားထိုးဖို့ စဉ်းစားကြရတာပါ။
ဂရိရဲ့ နိုင်ငံရေးပြဿနာ
ကိုယ်စားပြု ဒီမိုကရေစီရဲ့ အားနည်းချက်တခုက လူထုရဲ့မဲကို ရှောင်လို့မရ။ အကျပ်အတည်းမှာ အစိုးရ ဆိုတာက တိုင်းပြည်ကောင်းကျိုးကိုရှေ့ရှုပြီး လူမကြိုက်တာတွေကို ရှောင်လို့မရ။ ပထမ အကြိမ်ချေးငွေက နောက်ဆုံး အလှည့် ကျ ယူရို ရှစ်ဘီလျံရဖို့၊ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာရတော့မယ်။ ဂရိ ဝန်ကြီးချုပ် ပါပန်ဒီရိုက ပါလီမန်မှာ မဲအနိုင်ရ ဖို့ မသေချာတော့။ ဒါကြောင့် လူထုဆန္ဒ ခံယူပွဲ လုပ်မယ်လို့ ရုတ်တရက်ကြီး ထကြေငြာလာတယ်။ ဂျာမန် ဝန်ကြီးချုပ်က တိုးတိုးတိတ်တိတ် ဂရိသာ လူထုဆန္ဒခံယူပွဲလုပ်ခဲ့ရင် (ရှုံးမှာသေချာတာကြောင့်) ဂရိကို ယူရိုဇုန် ကသာမက အီးယူက လည်း ထုတ်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ရတယ်။
ဒီတော့မှ ဝန်ကြီးချုပ် ပါပန်ထီရို နှုတ်ထွက်ပြီး ဝန်ကြီးချုပ်အသစ် ပါပန်ဒီးမို့ကို သဘောတူခဲ့ကြတယ်။ ဝန်ကြီးချုပ်က လူထု ခံရယူပွဲ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ရတာက အတိုက်ခံမဲကို မရတော့လို့။ ဒါ ဒီမိုကရေစီ၊ အထူးသဖြင့် ပါလီမန် ဒီမိုကရေစီ ရဲ့ အားနည်းချက်ပဲ။ တိုင်းပြည်က ချောက်နဘေး ရောက်နေပြီး နိုင်ငံရေး ကစားနေကြတုန်းပဲ။နောက်ဆုံး ပါပန်ဒီးမို့ ဝန်ကြီးချုပ်သစ်ဖြစ်လာမှ အတိုက်ခံက ထောက်ခံလို့ အီးယူနဲ့သဘောတူမှုကို ပါလီမန်က မဲခွဲသဘောတူခဲ့ကြတယ်။ ဒီတောင်ကို မကျော်နိုင်ရင် အီးယူက ပိုက်ဆံပေးမှာ မဟုတ်ဘူး။
အီတလီကို ကူးစက်တော့မှာလား
ဂရိရောဂါဟာ အီတလီဘက်ရောက်လာပြန်တယ်။ အီတလီ အစိုးရကလည်း ပြားပြားဝပ်ပြီး ငြိမ်နေပေမယ့် ရှောင်မရ
ပြန်ဘူး။ အီတလီက ချေးထားတဲ့ငွေက ယူရို ၂,၆ဝဝ ဘီလျံ ရှိတယ်။ GDP ရဲ့ ၁၂ဝ% ကျော်တယ်။ ဒါကြောင့် အီတလီရဲ့ အတိုးဟာလည်း ဈေးကွက်မှာ ၇% ကျော်သွားးလေရဲ့။ အကြမ်းအားဖြင့် အတိုး ၇%ကျော်ရင် အတိုးက စားသွားတာမို့ ရေရှည်မခံနိုင်ဘူး။ unsustainable လို့ သုံးကြပါတယ်။ ဒါကြောင့် ECB ကဝင်ပြီး Greek, Italian, Spanish Bonds တွေ ကို ဝင်ဝယ်ရတယ်။ အလုံးလိုက် ဝင်ဝယ်တာမဟုတ်။ ဈေးကွက်ငြိမ်သွားရုံလောက်ပဲ ဝင်ဝယ်တာ။
တနည်းအားဖြင့် Liquidity ငွေလည်ပတ်မှု တိုးအောင်ဝင်ဖြည့်တာပါ။ ဒါကို Quantitative Easing လို့လည်း ခေါ်ပါ တယ်။ ECB က ဝင်ကူတာကြောင့် လတ်တလောတော့ ဈေးကွက်မှာ အီတလီဘွန်းတွေ အတိုးနှုန်းက ၆% ကျော်
ကျော်ကို ပြန်ကျသွားတယ်။
ဒီဆောင်းပါးကို ရေးနေချိန် နိုဝင်ဘာလ ၁၆ ညနေ ၅ နာရီ (GMT) အချိန်မှာရှိတဲ့ (၁၀)နှစ် ဘွန်း 10 year government Bonds တွေ အတိုးနှုန်းတွေအရ
ဒီဇယားအရ ပြင်သစ်နဲ့ ဂျာမဏီတို့ရဲ့ အတိုးနှုန်း ကွာခြားချက် (Spread) ဟာ ၁၉၉၉ ယူရိုဇုန်ကို တည်ထောင်ပြီး ကတည်း က ယနေ့ အမြင့်မားဆုံး ဖြစ်တယ်။ သာမန်လူတွေအတွက် ဒီကွာခြားချက်ဟာ ဘာမှ မဖြစ်လောက်စရာလို့ ထင်စရာ ရှိပေမယ့် ယူရိုဘီလျံ၊ သန်းပေါင်း ထောင်၊ သောင်း၊ သိန်း ဂဏန်း ချေးရတဲ့ အခါကျတော့ ရင်ကော့မတတ် ခံစားရပါတယ်။
တိုင်းပြည်ရဲ့ အကြွေးဆပ်နှုန်းစံ Sovereign Credit
တိုင်းပြည်ရဲ့ ကြေးငွေပမာဏ၊ တိုင်းပြည်ထုတ်ကုန်၊ စီးပွားရေး အဆောက်အအုံတွေ၊ နိုင်ငံရေးအရ ဖြေရှင်းဖို့ အင်အား ရှိမရှိ (Political Will) အစုံစုံကို ကြည့်ပြီးတော့မှ Sovereign Credit လို့ခေါ်တဲ့ တိုင်းပြည်အတွက် အကြွေးယူနိုင်တဲ့ အဆင့်ကိုသတ်မှတ်ပေးတဲ့ တိုင်းပြည်ရဲ့ အကြွေးဆပ်နှုန်းစံ Sovereign Credit ကို S&P (Standard & Poor), Moody, Fitch ဆိုတဲ့ အေဂျင်စီ တွေက သတ်မှတ်ပေးကြပါတယ်။
ဥပမာ ၂ဝ၁၁ ဩဂုတ်လတုန်းက အမေရိကန် အစိုးရဟာ ဥပဒေအရ ငွေထပ်ချေးနိုင်ဖို့ ကွန်ကရက်မှာ ခွင့်တောင်း ရပါ တယ်။ အစိုးရ အဆက်ဆက်ဟာ လက်လွတ်စပယ် ချေးလာလိုက်ကြတာ ဒေါ်လာ ၁၄,၀၀ဝ ဘီလျံထိ ရှိခဲ့ပါ တယ်။ ပါတီနှစ်ခု ညှိမရဖြစ်နေတော့ အစိုးရဟာ ဒီအကြွေးထူတဲ့ ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးဆန္ဒ မရှိဘူးဆိုပြီး Standard & Poor agency က အကောင်းဆုံး AAA+ ကနေ AA+ ကိုလျော့ချလိုက်တယ်။ နောက်ဆုံးအချိန်မှာမှ သဘောတူညီချက် ရသွားကြလို့ ကျန်တဲ့အေဂျင်စီ နှစ်ခုက AAA+ ကနေလျော့ မချလိုက်ကြဘူး။ အကယ်၍သာ အားလုံးက ညီတူညာတူ နှိမ့်ချခဲ့ကြရင် အစိုးရရော ပြည်သူတွေပါ ငွေချေးရင် အတိုးပို ပေးရလိမ့်မယ်။ ဒီ (စံ) အပေါ် မူတည်ပြီး အတိုးနှုန်းကို ဆုံးဖြတ်ကြတာကိုး။
ယုံကြည်ရမှု Credibility
စီးပွားရေးမှာ လူတဦးတယောက်၊ သို့မဟုတ် ကုမ္ပဏီတစ်ခု၊ သို့မဟုတ် တိုင်းပြည်တပြည်ကို ငွေချေးမလား၊ အရောင်း အဝယ် လုပ်၊မလုပ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေဟာ ယုံသင့်၊ မယုံသင့်ဆိုတဲ့ ယုံကြည်ရမှု (Credibility) အပေါ် မူတည် ပါတယ်။ အကြွေးများနေရင် ဘယ်သူလာ ယုံကြမှာလဲ။ ပြဿနာက တိုင်းပြည်တွေဟာ မတတ်နိုင်တဲ့ အစီအစဉ်တွေ၊ မဲရအောင် လူထုအကြိုက် အစီအစဉ်တွေ လုပ်လာလိုက်ကြတာ အကြွေးက လိုက်တက်လာတယ်။ ဒါထက် ပိုဆိုးတာ က ဒီမိုကရေစီ မှာမဲရဖို့ လူထုအကြိုက် အစီအစဉ်တွေ ဖေါ်ထုတ်လာကြပြီး ဘယ်လိုမှ (မရပ်)နိုင်အောင် ဖြစ်လာ ကြတယ်။ ဒါ့အပြင် ဗြူရိုကရက်ဆိုတာက ဘတ်ဂျက် တခါတိုးပြီးရင် လျော့တယ်ဆိုတာ မရှိဘူး၊ ထပ်တောင်း။
နိုင်ငံရေးသမား ဆိုတာကလည်း တိုင်းပြည်ရဲ့ (ငွေ) တွေနဲ့ (ကိုယ်) မပေးရတိုင်း (ဖြုန်း) ကြပေါ့။ အမေရိကန် အစိုးရ မှာ Duplicate လို့ခေါ်တဲ့ (ထပ်တူ) အစီအစဉ်တွေ (သောင်း) နဲ့ချီ ရှိတယ်။ ဒါတွေကို စီစစ်ပြီး ဖျက်သင့်တယ်ဆိုတာ လူတိုင်း သိပေမယ့် တကယ် ဖျက်ဖို့ကျတော့ လက်တွန့် နေကြတယ်။ တိုင်းပြည်က အကြွေးပင်လယ်ထဲ နစ်နေပြီ။ အမတ်မင်း တွေက ဖြုန်းလို့ ကောင်းကြတုန်း။ အမေရိကန်ဟာ တကယ်တော့ အကြွေးနဲ့ သူဌေးလုပ်နေတာ။ အခွန်နဲ့ တခြားဝင်ငွေတွေက တလကို (၁၇၂) ဘီလျံ ဝင်ငွေရှိတယ်။ သုံးငွေ က တလကို ဘီလျံ (၃ဝဝ) ကျော်တယ်။ ဘယ်သူ မမွဲဘဲ နေနိုင် မှာလဲ။ ၂၀၁၁ နိုဝင်ဘာ ၁ရ ရက်နေ့မှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ အကြွေးဟာ (၁၅) ထီလျံ (ဘီလျံ ၁၅,ဝဝဝ) ရောက်ခဲ့ရပါပြီ။ နောက်ဆုံးတော့ ဝင်ငွေနဲ့သုံးငွေ မမျှရင် ယုံကြည်မှု Credibility ကျဆင်း ဆုံးရှုံးရတာ ဓမ္မတာ ပါပဲ။
နိုင်ငံ၏ အကြွေးပြဿနာ (Sovereign Debt)
ဥရောပမှာဖြစ်စေ၊ အမေရိကန်မှာ ဖြစ်စေ ပြည်သူတွေကို ဒုက္ခ မရောက်စေဖို့ ကယ်တင်ဖို့ လုံခြုံရေးကွန်ယက် (Safety Network) ဆိုတာမျိုးတွေ ရှိတယ်။ ပြည်သူတွေက အစိုးရကို အခွန်မှန်မှန် ပေးရတာကြောင့် အလုပ်မရှိရင် အစိုးရဆီက အလုပ်လက်မဲ့ ထောက်ပံ့ငွေ (Unemployment Check) ဆိုတာရတယ်။ ဥရောပမှာတော့ လူရယ်လို့ဖြစ်လာရင် ဆေးကုသခွင့် ရှိရမယ်ဆိုတဲ့ Universal Health Programs လူတိုင်းကို ဆေးကုပေးတဲ့ အစီအစဉ်တွေ ရှိတယ်။ အမေရိကားမှာတော့ ဆင်းရဲသူတွေအတွက် (Medaid) ဆိုတာနဲ့ အသက်ကြီးသူတွေအတွက် (Medicare) ဆိုတဲ့ အစီအစဉ်တွေ ရှိတယ်။ (ကျန်တဲ့သူတွေအတွက် ကတော့ အလုပ်ရှိရင် အလုပ်ရှင်ကပေး သို့မဟုတ် ပုဂ္ဂလိက ကုမ္ပဏီတွေဆီက ဆေးအာမခံ ဝယ်ရတယ်။) ဒီအစိုးရက ဦးစီးတဲ့ အစီအစဉ်တွေကို လိမ်ညာတောင်းတဲ့ သူတွေများ သလို အုပ်ချုပ်မှု အလွန်ညံ့ဖျင်းတာကြောင့် လေလွင့်မှုတွေ သိပ်များတယ်။ တချို့ပညာရှင်တွေက ၄၀%ကို ဖြုန်း ကြတယ်လို့ စွပ်စွဲထားတယ်။
အစိုးရဆိုတာက ကိုယ့်အိတ်ထဲကပေးရတဲ့ ကိုယ်ပိုက်ဆံ မဟုတ်တာကြောင့် အမြဲ ဖြုန်းတီးမှု ဆိုတာရှိတယ်။ ပါးစပ်က သာ ပြောကြတာ ဘယ်တော့မှ ကြပ်ကြပ်မတ်တ်မတ် မလုပ်ကြဘူး။ ဒါကြောင့် လူသားတို့ ရထိုက်တဲ့ အခွင့်အရေး (Entitlement) လို့သတ်မှတ်တဲ့ ဒီလို အစီအစဉ်တွေကို နိုင်ငံရေးသမား အများစုက မကိုင်ရဲကြဘူး။ အမှန်ကတော့မဆလ စိတ်ဓါတ် အငယ်စားတွေပဲ။ ဒါကြောင့် အစိုးရတိုင်းဟာ အမြဲငွေလိုနေကြတယ်။ အကြွေးနဲ့ ပိသထက်ပိနေကြရတာပဲ။
၂၀၀ရ ခုနှစ်မှာ Wall St ကစလိုက်တဲ့ ငွေကြေးပြဿနာ (2007 Financial Crisis) ဖြစ်တော့၊ ဂလိုဘယ်လိုင်ဇေးရှင်း (Globalization) ကြောင့် အားလုံးငြိတွယ် ဆက်စပ်နေကြတယ်။ ဒါကြောင့် အမေရိကန် အစိုးရက ဦးဆောင်ပြီး ဝင်ကူမှဆိုပြီး ဒုက္ခတွေ့နေတဲ့ ဘဏ်တွေကို ငွေအလုံးအရင်းနဲ့ ဝိုင်းကူလိုက်ကြတာ နိုင်ငံအများစုက အကြွေးတွေ ပိနေလေရဲ့။
တခါ ကိန်းရှင်သီအိုရီ Keysian အရ စီးပွားရေး ကျဆင်းချိန်မှာ အစိုးရက ဝင်ကူရမယ်ဆိုတော့ အစိုးရတိုင်းလိုလို Stimulus လို့ ခေါ်တဲ့ အစိုးရငွေ ဈေးကွက်ထဲ ထည့်ပြီး မီးပူတိုက် လှုံ့ဆော်ပေးခြင်း ပြုလုပ်ကြပြန်တယ်။
မှတ်ချက်။ ။ မဇ္ဈိမ ကကူးယူပါတယ်။ ခွင့်မတောင်းထားပါ။ မြန်မာလူငယ်များ သိသာစေရန်တဆင့်ပြန်တင်ပြခြင်းဖြစ်ပါသဖြင့် ခွင့်ပြုပါရန် ပန်ကြားအပ်ပါကြောင်း..။
http://www.mizzimaburmese.com/edop/songpa/8770-2011-12-17-04-58-35.html
6 comments
inz@ghi
December 19, 2011 at 6:08 pm
တတ်ကျွမ်းနာလည်တဲ့လူများ ရေးထားတော့ ဖတ်ရတာ အရသာရှိလိုက်တာ …
ထပ်ဖတ်ဦးမယ်… မကြာခနဖတ်ဦးမယ်…..
အဲ့ဒါကြီးတွေ ဘိုလိုဖတ်တုန်းကများ ….အီလည်လည်နဲ့ နားလည်သလိုလို မလိုလို
သူများလာမေး ဘာမှမပြောတတ် …သူများပြော ထိုင်ငေး နဲ့
လမိုက်ညမှာ မျက်မမြင် အ,အ အဝှာပြုခံရ ဆိုသလိုကြီးကို ဖြစ်လို့
ကျေးကျေးပါခည…
thit min
December 19, 2011 at 6:24 pm
ကောမန့်တွေထပ်နေမယ်ထင်တယ် သူကြီးရေ ကျနော် ရေးတင်နေတာ ပျောက်ပျောက်သွားတယ်ဗျ။
နောက်မှ ပေါ်လာပြီး တပုံကြီး ကောမန့်တူတွေဖြစ်နေမယ်ထင်ပါတယ်။……
thit min
December 19, 2011 at 6:25 pm
ကောင်းပါတယ် သူကြီးရေ။
ကျနော်လည်း မစ်ဇိမ-Mizzima မှာ သွားဖတ်ပြီး၊ သဘောကျနေတာပါ။
ဒီကိုသယ်လာတော့လဲ အားလုံးဖတ်ရတာပေါ့။
မနှစ်က IMF အစည်းအဝေးမှာ ဟို(ဟိုတယ်မှာကွိုင်တက်တဲ့ဆရာကြီးမပြုတ်ခင်)
Stimulate or Consolidate ဆိုပြီး Meeting လုပ်တယ်။
(Stimulate or Consolidate: How To Secure A Global Recovery?)
http://www.bbc.co.uk/programmes/b00vdn2d
Friday October 8, 2010
12:00 PM – 01:15 PM
အဲဒီမှာ ဂရိဝန်ကြီး ပြောတာလေးတွေ နဲ့ ဂျိုးဇက်စတစ်ဂလစ်(စီးပွါးရေးပညာရှင်)ထောက်ပြတာလေးတွေ
ကောင်းပါတယ်။ ကိုဘိုဘိုကျော်ငြိမ်းရဲ့ ရေးသားချက်များကအဲဒီ သဘောတရားတွေကိုထင်ဟတ်ထားပုံရတာ
တွေ့ရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော် ကချင်-မြန်မာ သမိုင်းကိုတော့ ဖိုရမ်မှာ တင်ထားပါတယ်။
အဲဒါလည်း သိသင့်တာမို့ပါ။ ပြီးတော့သူပေးတဲ့ မက်ဆေ့ချ်ကလည်း ကျနော်တို့နဲ့တူလို့ပေါ့ဗျာ။
~~~~~~
koyinmaung
December 19, 2011 at 6:44 pm
ဥရောပငွေကြေးပြသနာအကြောင်းချင်နေတာကြာပါပြီ
ခုလိုပြည့်ပြည့်စုံစုံရေးထားတဲ့ပို့စ်ကိုတင်ပေးတဲ့အတွက်
သဂျီကိုကျေးဇူးတင်ပါတယ်…….
thit min
December 19, 2011 at 8:10 pm
ကောင်းပါတယ် သူကြီးရေ။
ကျနော်လည်း မစ်ဇိမ-Mizzima မှာ သွားဖတ်ပြီး၊ သဘောကျနေတာပါ။
ဒီကိုသယ်လာတော့လဲ အားလုံးဖတ်ရတာပေါ့။
မနှစ်က IMF အစည်းအဝေးမှာ ဟို(ဟိုတယ်မှာကွိုင်တက်တဲ့ဆရာကြီးမပြုတ်ခင်)
Stimulate or Consolidate ဆိုပြီး Meeting လုပ်တယ်။
(Stimulate or Consolidate: How To Secure A Global Recovery?)
http://www.bbc.co.uk/programmes/b00vdn2d
Friday October 8, 2010
12:00 PM – 01:15 PM
အဲဒီမှာ ဂရိဝန်ကြီး ပြောတာလေးတွေ နဲ့ ဂျိုးဇက်စတစ်ဂလစ်(စီးပွါးရေးပညာရှင်)ထောက်ပြတာလေးတွေ
ကောင်းပါတယ်။ ကိုဘိုဘိုကျော်ငြိမ်းရဲ့ ရေးသားချက်များကအဲဒီ သဘောတရားတွေကိုထင်ဟတ်ထားပုံရတာ
တွေ့ရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော် ကချင်-မြန်မာ သမိုင်းကိုတော့ ဖိုရမ်မှာ တင်ထားပါတယ်။
အဲဒါလည်း သိသင့်တာမို့ပါ။ ပြီးတော့သူပေးတဲ့ မက်ဆေ့ချ်ကလည်း ကျနော်တို့နဲ့တူလို့ပေါ့ဗျာ။
~~~~~
windtalker
December 19, 2011 at 8:41 pm
“ သည်ကနေ ့နေ ့လည် ၁ နာရီမှာ ပြည်တွင်းအခွန်များဦးစီးဌာန သို ့၊ လူကြီးမင်း အား ဝင်ငွေခွန် စီးကြပ်ဖို ့ဆွေးနွေးတိုင်ပင်ရန် ကြွရောက်ပါ ဆိုပြီး ၊ ဥစီးမှူးနှင့် တွေ ့ရန်ပေါ့လေ ” ကျုပ် ရဲ ့အချိန်ပိုင်း အလုပ်ရှင်မှာ ဖိတ်ကြားခြင်း ခံရသဖြင့် ချီတပ်သွားခဲ့ပါသည် ။
သူ ပြန်လာပြီး ၊ ဘာတွေ ဘယ်လိုလဲ လို ့မေးကြည့်လိုက်တော့ ၊
၁နာရီ ခေါ်ထားတယ် ဆိုပေမယ့် ၊ အဲ့ချိန်ဟာ ထမင်းစားပြီးချိန်ဖြစ်လို ့၊ ချက်ချင်း ပြန်အလုပ် မလုပ်မှာ စိုးလို ့ဆိုပြီး ၊ နောက်ကြမှ သွားခဲ့ပါသော်လည်း ၊ ဟိုရောက်တော့ ဥစီးမှူး ခဗျာ ၊ ပင်ပန်းတယ် ဆိုပြီး အဲကွန်းခန်းထဲ ဝင်သွားတာ ပြန်ထွက်မလာတော့ဘူး တဲ့ ။
ဒါနဲ ့လက်ထောက်ဥစီးမှူး လား ဘာလား နဲ ့ဘဲ ဆွေးနွေးတိုင်ပင်ခဲ့ရတော့ ၊ ဒီမိုကရေစီ ဖြစ်လာလို ့လားတော့ မသိ ။ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးခဲ့ပါတယ် တဲ့
ဝင်ငွေခွန် ဘာလဲ ၊ ဘယ်လဲ ဆိုတာ ကို သေချာ ရှင်းပြလိုက်လား လို ့ အလုပ်ရှင် ကို မေးကြည့်လိုက်တော့
အခွန်စီးကြပ်မှုဟာ ခါတိုင်းနှစ်ထက် ၂ ဆ တိုးမယ် တဲ့
မဆောင် နိုင်ပါဘူး ၊ ဘယ်လို လုပ်ရမလဲ ဆိုတော့
ဆောင်ရမယ့် ပိုက်ဆံ ပမာဏ ရဲ ့ဒီလောက် ဒီလောက် ကို သူ နဲ ့သူ ့ဆရာ အတွက်ပေးပါတဲ့
လျှော့ပါးစေရမယ် တဲ့ ။
ကျုပ် အလုပ်ရှင်လဲ စိတ်ညစ်နေရှာရဲ ့…
ဟုတ်တော့လည်း ဟုတ်သည် ။
မြန်မာနိုင်ငံအတွင်း အလယ်အလတ်တန်း စီးပွားရေးသမား တော်တော်များများ မှာ လွန်စွာနည်းပါးသော အမြတ်အစွန်း ပမာဏ ဖြင့် လုပ်ငန်းလည်ပတ်နေကြရသည် ကို တွေ ့ရသည် ။ ဒါကို လူတော်တော်များများလည်း သိကြသည် ။ ဥပမာ ၅ % မှ ၁၀% ကြား အမြတ်ယူကာ လုပ်ကိုင်နေကြရသည် ။
ဒါတောင် ၅% ဆိုသည်မှာ လက်ငင်းငွေချေမှုအတွက်
၁၀% မြတ်ဖို ့ဆိုလျှင် တစ်လကျော်ခန် ့အကြွေးပေးရသည် ။
လုပ်ငန်းတိုင်း ကို မဆိုလိုပါ ။ အချို ့လုပ်ငန်းများကြတော့ လည်း မနာလိုချင်စရာကောင်းအောင် မြတ်ကြသည် ။
ဒီတော့ အစိုးရကို စည်းကြပ်သမျှ အခွန်ထမ်းဆောင် နိုင်ဖို ့ဆိုသည်မှာ ၊ ပုံမှန် သမ္မာအာဇီဝ လုပ်ကိုင်ရုံဖြင့် ဆိုလျှင် ၊ ထမင်းစားနိုင်ရုံလောက်သာ ရှိတော့သည် ။ ထိုအခါ ဘာတွေ ပေါ်လာသလဲ ဆိုတော့ ၊ အတုတွေ ၊ အကြံအဖန် တွေ တီထွင် ဖန်တီး ရောင်းဝယ်မှုများ ပေါ်ပေါက်လာတော့သည် ။
အဆုံးသတ်ရလျှင် ၊ ကျွန်ုပ် ၏ အလုပ်ရှင်မှာ ၊ တစ်သက်လုံး မဟုတ်မမှန် မလုပ်ခဲ့သူ ဖြစ်သဖြင့် ၊ ရှေ ့ဆက် အစိုးရ အခွန်များ ၊ လာဘ်များပေးရန် မတတ်နိုင်တော့ သောကြောင့် ၊ လုပ်ငန်း ရပ်ဆိုင်းတော့မည် ဟု ပြောခဲ့ကြောင်း သိရသည် ။ လုပ်ငန်းရပ်ဆိုင်းတော့မည် ဟု ဆိုလျှင် ၊ ယခု ကတဲက စာတင်ထားပါတဲ့ ။
ကြားရပုံ များ ပြောပါတယ်