အုန်းသီးထဲကို ကြက်သားထည့်၍ ဖွဲမီးဖြင့်ဖုတ်သော ဟင်းတစ်မျိုး
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်းမရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်တို့ ငယ်စဉ်က တစ်ရပ်တည်းနေခဲ့ဖူးသော ကိုပီတာဆိုသော လူကြီးတစ်ဦး ရောက်လာလေ၏။ ထိုလူကြီးသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ကို တွေ့လျှင် တွေ့ချင်း ထိုလူကြီးက .. “ ဟေ့… အောင်ထွန်း၊ဂွတ်ဒ်မော နင်း၊ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လိုက်လေ၏။ “ကိုပီကြီးကတော့ လုပ်ပြီး ဂွတ်ဒ်မောနင်းဆိုလည်း ဂွတ်ဒ်မော နင်းပေါ့မောနင်းပေါံ၊ ဂွတ်ဒ်နိုက်ဆိုလည်း ဂွတ်နိုက်ပေါ့ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက.. “ မနေ့ညက တည်းက ကိုယ့်လူဆီလာဖို့ စိတ်ရောက်နေတာ၊ အဲဒါကြောင့် ဂွတ်ဒ်နိုက်လို့ပြောတာ၊ ရောက်လာတာက ခုမှ ရောက်လာတာ၊ အဲဒါကြောင့် ဂွတ်ဒ်မောနင်းလို့ နှုတ်ဆက်တာ၊ နားရှင်းအောင် နားထောင်စမ်းပါ ကိုယ့်လူရာ” ဟု ကျွန်ုပ်အား အပြစ်တင်သောလေသံဖြင့် ပြောလိုုက်လေ၏။
ထို့ကြောင့် ကျွန်ုပ်က.. “ကဲပါ.. ကိုပီတာကြီး ရယ်၊ ဘာဟင်းနဲ့စားမလဲ ပြောစမ်းပါ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “ငါဘဝမှာလ ကကွာ သူ များကျွေးမှ စားရတဲ့ဘဝပါ၊ အဲဒီတော့ ဖွယ်ဖွယ်ရာရာလည်း မစားတတ်ပါဘူး၊ ကတ်သီးကတ်သပ်လည်း မစားတတ်ပါဘူး၊ အဲဒီတော့ ဒီလိုလုပ်ကွာ အုန်းသီးရင့်ရင့်တစ်လုံးကိုအဝလှပ်၊ ခုနှစ်ဆယ်သားလောက်ရှိတဲ့ ကြက်ကိုခုတ်ထစ်ပြီး ငရုတ်သီး၊ ကြက်သွန်၊ဆား၊ အဲဒါတွေနဲ့ နယ်ပေါ့ကွာ၊ ပြီးတော့ အဲဒီအုန်းသီးထဲ ပြန် ထည့်အဖုံးပြန်ဖုံး၊ ရွံ့နဲပမံကွာ၊ အဲဒီအုန်းသီးကို ဖွဲနှစ်တင်းလောက်နဲ့ မီးဖုတ်ကွာ၊ အုန်းသီးအပြင်က အကုန် လံးကျွမ်းကုန်လိမ့်မယ်၊ ပြီးတော့ အဲဒီအုန်းသီးထဲက ကြက်သားတွေက အု်းသီးနှစ်တွေနဲ့ ကျက်နေလိမ့်မယ်၊ ပြီးတော့ ဇလုံကြီးထဲလောင်းချ ထမင်းပူပူနဲ့ စားမယ်ကွာ..” ဟု ပြောလေ၏
“ ဒါလောက် အုန်းသီးတွေများ တာဗျာ၊ သွေးတိုးလိမ့်မယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီး.. “ကိုရင်လည်း သိသားပဲ၊ ငါ့ကို ရပ် ကွက်တစ်ခုလုံးက အရူးစာရင်းထဲမှာ သွင်းထားကြတာ၊ အရူးပီတာလို့တောင် ခေါ်ကြတာ၊ တစ်ခု မင်းစဉ်းစား ကြည့်၊ သွေးတိုးပြီးသေတဲ့ အရူး မင်းတွေ့ဖူးလား၊ အရူးက ဘာစားစား သွေးမိုးဘူးကွ၊ သူများတွေယင်ကောင် နားတဲ့ အစားအသောက်ကို စားရင်ဝမ်းရောဂါဖြစ်တယ် မဟုတ်လား၊ ငါ့တို့ အရူးတွေက မဖြစ်ဘူးကွ၊
အရူးရောဂါတစ်ခု ရပြီကတည်းက သွေးတိုးလည်းမဖြစ်ဘူး၊ ဝမ်းရောဂါလားမဖြစ်ဘူး၊ ကျောက်ကပ်လည်းမဖြစ်ဘူး၊ နှလုံး ရောဂါလည်းမဖြစ်ဘူး၊ နှလုံးရောဂါနဲ့သေတဲ့ အရူးမင်းတွေ့ဖူးလို့လား၊ ဒီလိုကွ .. အရူးလက်မှတ်ရပြီးကတည်း က ကျန်တဲ့ရောဂါတွေ ပြီးသွားပြီးထင်တယ်၊ အဲဒီတော့ ငါပြောတဲ့အတိုင်းသာ ချက်ကျွေးစမ်းပါကွာ..” ဟု ရှည် လျားစွာ ပြောလိုက်လေ၏။ ကျွန်ုပ်လည်း ၎င်းပြောသည့်အတိုင်း ကြက်သားနှင့်အုန်းသီးကို စီမံရလေ၏။ အလုံး စုံပြီးသောအခါ၌ ဟင်းများကို ဇလုံကြီးထဲတင်ထည့်၍ ကိုပီတာကြီးကို ကျွေးရလေ၏။ ကိုပီတာကြီးသည် မြိန် ရှက်စွာ စားသောက်နေ၏။
ထိုသို့စားသောက်နေစဉ်တွင် ကျွန်ုပ်က ဟင်းအရသာနှင့်ပတ်သက်၍ စကားပြော လိုသောကြောင့်.. “ဒီလို ကိုပီတာကြီးရဲ့ အရသာက ခြောက်ပါး ရှိတယ်လေဗျာ” ဟု စကားစလိုက်လျှင် “ဘယ်ကသာ ခြောက်ပါးရမလဲ ကိုယ့်လူရာသူများက ခြောက်ပါးဆိုတာနဲ့ ခြောက်ပါးလိုက်ပြီးပြောနေတာကိုး၊ ကိုယ်ပိုင်ဉာဏ်နဲပမှ မစဉ်းစားဘဲ” ဟု ကျွန်ုပ်အားပြောရာ ကျွန်ုပ်က.. “ဘယ်နှပါလဲဗျာ..” ဟု မေးလိုက်လေ၏
“ ဒီလိုငါ့လူရ၊ မင်းပြောတဲ့ အရသားခြောက်ပါးက အချိုရယ်၊ အချဉ်ရယ်၊ အစပ်ရယ်၊ အငံရယ်၊ အခါးရယ်၊ အ ဖန်ရယ်၊ အဲဒါကိုပြောတာမို့လား၊ အဲဒီတော့ မင်းကို ငါတစ်ခုမေးမယ်၊ လက်ဖက်ရည်အချိုကို အေးစက်နေတုန်း သောက်တာနဲ့ ပူပူနွေးနွေးသောက်တာနဲ့ အရသာချင်းတူသလား၊ ရိုးရိုးသားသားဝန်ခံကွာ၊ အဲဒီတော့ အပူ၊ အအေး၊ကိုလည်း အရသာထဲ ထည့်ရမှာပဲကွ၊ ပြီးတော့ထမင်းကတော့ ထမင်းပေါ့ကွာ၊ ထမင်းပျော့အရသားနဲ့ အမာအရသာနဲပ အရသာမှာကွာလိမ့်မယ် ကိုယ့်လူရေ၊ အဲဒါကိုလည်း ဝန်ခံကွာ၊ အဲဒါဆိုရင်တော့ အမာ၊ အပျော့ ကလည်းအရသားနှစ်ပါးပေါ့ကွာ၊ အဲဒီတော့ စောစောက ပြောတဲ့ အရသာခြောက်ပါးရယ်၊ ငါထပ်ပြီးတိုး တဲ့၊ လေးပါရယ် အရသာဆယ်ပါးဖြစ်နေပြီ၊
ပြီးတော့ မင်းသိထားရမှာ စောစောက အရသာဆယ်ပါးထဲမှာ ဆိမ့်တယ်ဆိုတာ မပါဘူးကွာ၊ အဲဒါပါထည့်လိုက်ရင် အရသာ ဆယ့်တစ်ပါးဖြစ်သွားလိမ့်မယ်၊ အခု ငါပြောတဲ့စကားကို လက်ခံပြီဆိုရင်တော့ မင်းစကားကို ဆက်ပြောခွင့်ရှိတယ်၊ လက်မခံဘူးဆိုရင့် ငါနဲ့ဆက်ပြီးငြင်းမှာ” ဟု ကိုပီတာကြီးက အကျပ်ကိုင်လေ၏။
ထို့ကြောင့် ကျွန်ုပ်သည် ဆက်၍လည်းမပြော၊ ၎င်းနှင့်လည်း ငြင်းခုံခြင်းမပြုဘဲ ဆိတ်ဆိတ် နေလိုက်ရလေတော့၏။ ကျွန်ုပ်သည် ကိုပီတာကြီး၏စကားကို မကျေနပ်သောကြောင့် သုန်သုန်မှုန် မှုန်ကြီးဖြစ်နေ၏။ ကျွန်ုပ်၏မျက်နှာကိုကြည့်၍လည်း ကိုပီတာကြီးက .. “ ကိုယ့်လူရဲ့မျက်နှာကလည်း သုန်သုန် မှုန်မှုန်ကြီးနဲ့ စိတ်ပျက်ဖို့ကောင်းလိုကတာ၊ ရယ်ရယ်မောမောနေစမ်းပါ ကိုယ့်လူရဲ့” ဟု ဆိုကာ ၎င်းကစ၍ တဟားဟားရယ်လေ၏။ ကျွန်ုပ်၏ မျက်နှာကိုကြည့်၍ လည်းရယ်နေလေ၏။
ကျွန်ုပ်လည်း၎င်း၏ ရယ်ရွှင်မြူး ထူးပုံကိုမြင်သဖြင့် စိတ်ဆိုးပြေကာ ပြုံးလာမိလေ၏။ ထိုမှတဆင့် ရယ်မိလေတော့၏။ ထိုအခါ ကိုပီတာကြီးက “ ကိုယ့်လူကို ပြောပြရဦးမယ်၊ တစ်ခါတုန်းက တရုတ်ပြည်မှာ ထူးခြားတဲ့ သူတော်စင်သုံးဦး ရှိခဲ့ဖူးတယ်၊ အဲဒီ သုံးဦးဟာ အတူနေတယ်၊ အတူစားတယ်၊ အတူသွားတယ်၊ ဘယ်တော့ပဲကြည့်ကြည့် အကြောင်းတစ်ခုနဲ့ မဟုတ် တစ်ခုနဲ့ ဟက်ဟက်ပက်ပက် ရယ်နေတတ်ကြတယ်၊ သူတို့တွေဟာ ဈေးရှိတဲ့နေရာတွေကို သွားတယ် ပြီးဈေးဝမှာ သုံးယောက်သား မျက်နှာချင်းဆိုပြီး ဗိုက်သားကြွတက် လှုပ်ယမ်းလာတဲ့အထိ ရယ်ကြတော့တာပဲ ဈေးကိုလာတဲ့လူတွေဟာ သူတို့ သုံးယောက်ကို ကြည့်ပြီး အူရွှင်လာတတ်ကြတယ်၊ ပြီးတော့ ရယ်ချင်စိတ်တွေ ပေါ်လာပြီး ရယ်ကြတော့တာပဲ၊
ရယ်လိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ လေးလံနေတာတွေ ပေါ့သွားတော့တာပေါ့၊ လောကသစ်၊ အမြင်သစ်ကို ဝင်ရောက်ခွင့်ရသွားတော့တာပေါ့၊ ဟက်ဟက်ပက်ပက် ရယ်လိုက်တဲ့အခါမှာ ညစ်နွမ်းနေတဲ့စိတ်ဟာ ပုံပြောင်းသွားတယ်၊ အဲဒီအရယ်သန်တဲ့ သူတောစင်သုံးဦးဟာ တရုတ်ပြည် တစ်ပြည်လုံးကို လှည့်လည် သွားလာခဲ့ပြီး လူတွေကို ရယ်မောစေခဲ့တယ်၊ ဒေသထွက်နေတဲ့ လူတွေကို ဒေါသပြေငြိမ်းစေခဲ့တယ်၊ လောဘတက်နေတဲ့လူတွေကို လောဘနည်းစေခဲ့တယ်၊ မနာလိုဝန်တိုမှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ လူတွေကို မုဒိတာ ပွားတတ်အောင် လုပ်ပေးခဲ့တယ်၊
ဘယ်လိုလုပ်ပေးသလဲဆိုတော့ သူတို့နဲ့ရောနှောပြီး ရယ်ပစ်လိုက် တာပါပဲ၊ သူတို့ကို လူတိုင်းလိုလိုက သိကြပါတယ်၊ တစ်နေ့မှာ ရွာတစ်ရွာအရောက်မှာ သူတို့ထဲက တစ်ယောက်ဟာ သေပါလေရော၊ အဲဒီတော့ ရွာသူရွာသားတွေက ကျန်တဲ့နှစ်ယောက်ဟာ ရယ်နိုင်ပါမလားလို့ စောင့်ကြည့်ခဲ့တယ်၊ ဒါမေမဲံ ရယ်နေကြတာပါပဲ၊ အဲဒီတော့ ရွာသူရွာသားတွေက “တစ်ယောက်သေတာတောင် ကျန်တဲ့နှစ်ယောက်က ရယ်နိုင်သေးတယ်” လို့ပြောတယ်၊
ကျန်တဲ့နှစ်ယောက်က ဘာပြန်ပြောသလဲဆိုတော့ “ တို့သုံးယောက်ဟာ ပြိုင်ပွဲလုပ်ထားတာ ပထမသေတဲ့လူက အနိုင်လို့လုပ်ထားတာ၊ ခု သူနိုင်သွားပြီလေ၊ ဒါကြောင့် သူ့စား ဝမ်းသာလို့ရယ်တာဟေ့..” လို့ ပြန်ပြောပြီး ဟက်ဟက်ပက်ပက် ရယ်ကြပြန်လေ၏။ အဲဒီတော့ ရွာသူရွာသားတွေက “ကောင်းပါပြီလေ၊ သေတဲ့လူကို မီးသငြ်္ဂိုလ်မယ်၊ ထုံးစံအတိုင်း သေတဲ့လူကို မီးမသငြ်္ဂိုလ်ခင်မှာ ရေချိုးပြီး အဝတ်အစားလဲပေးရမယ်” လို့ ပြောတယ်၊ အဲဒီတော့ ကျန်တဲ့နှစ်ယောက် “မလုပ်ပါနဲ့၊ မသေခင်မှာ သူက မှာသွားတယ်၊ သူသေရင် ရေမချိုးပါနဲ့တဲ့၊ အဝတ်အစားလည်း မလဲပါနဲ့တဲ့ မီးသာရှို့လိုက်ပါတဲ့” အဲဒီတော့ ရွာသူရွာသားတွေက ပြောတဲ့အတိုင်း လုပ်ကြရတာပေါ့၊
သေတဲ့လူရဲ့အလောင်းကြီးကို ထင်းပုံပေါ် တင်ပြီး အောက်လည်း မီးရှို့လိုက်ရော သေတဲ့ လူရဲ့အကျင်္ီးအတွင်းမှ ဝှက်ပြီးထည့်ထားတဲ့ မီးရှုူးမီးပန်းတွေဟာ ထပြီးပေါက်တော့တာပဲ၊ အဲဒီလို မီးရှုူမီးပန်းတွေ ထပေါက်တဲ့အခါမှာ ကျန်တဲ့နှစ်ယောက်က ဟက်ဟက်ပက်ပက်ရယ်ပြီး ကကြတော့တာပဲ၊ အဲဒီမှာ ရွာသားတွေလည်း မနေနိုင်ဘူး၊ ရယ်ကြ၊ မောကြ၊ ကခုန်ကြ လုပ်ကုန်တော့တာပါပဲ၊ အဲဒီတော့ မသာဟာ မသာနဲ့မတူတော့ဘူး၊ ပျော်ပွဲရွှင်ပွဲလိုဖြစ်သွားတယ်၊ နှစ်သစ်ကူးပွဲတော်ကြီး လိုဖြစ်သွားတယ်၊
သေသွားတဲ့လူဟာလည်း သေသွားတာနဲ့ မတူတော့ဘူး၊ ဘဝသစ်တစ်ခုမှာ ပြန်လည်ရှင်သန် လာသလိုဖြစ်သွားတယ်၊ အဲဒါ လုပ်ကြံပြီးပြောတာ မဟုတ်ဘူးနော်၊ နှစ်ပေါင်းများစွာတုန်းက တရုတ်ပြည်မှာတ ကယ်ရှိခဲ့ ဖြစ်ခဲ့တာ၊
အဲဒီတော့ စိတ်ညစ်နေသလား၊ ဗိုက်သားတွေလှုပ်အောင် အားရပါးရရယ်ပစ်လိုက်ပါ၊ ထွက် ပေါက်ပိတ်ပြီး အကြံရခက်နေသလား၊ မျက်ရည်ထွက်အောင် တအားရယ်ပစ်လိုက်ပါ၊ ဘယ်လိုအခက်အခဲတွေ တွေ့နေ တွေ့နေအဲဒီအခက်အခဲတွေကို ပုံပြောင်းသွားဖို့နည်းဟာ တအားရယ်ပစ်တဲ့နည်းပဲရှိတယ်၊ အဲဒီလိုရယ် ဖြစ်ဖို့လည်း ဘာပစ္စည်းမှ မလိုဘူး၊ ဘယ်သူ့အကူအညီမှလည်း မလိုဘူး၊ ရယ်ခင်တဲ့ အချိန်မှာ အားရပါးရရယ် နိုင်တဲ့ အခွင့်အရေး လူတိုင်းမှာရှိတယ်၊ ကဲ.. မောင်အောင်ထွန်း ငါသွားမယ် ရယ်လိုက်စမ်းပါ၊ ဟား..ဟား..ဟား.. ဟား..” ဟု ရယ်မောပြောဆိုကာ ဦးပီတာကြီးသည် ကျွန်ုပ်၏ ကျောကုန်းကို လက်သီးဖြင့် ဘုန်းကနဲ ထု၍ ထွက် သွားလေတော့သတည်း။
14 comments
windtalker
December 20, 2011 at 12:04 pm
ကရင်စည်သူ ရေ ၊ ဒီဟင်းကိုတော့ ကြိုက်သွားဘီမောင်
နင်လဲ သိတဲ့အတိုင်းဘဲ ၊ ငတို ့အဖွဲ ့ထဲက နှူးဘာဂိုဏ်းချုပ် ဇာဒူးကြီးကို
သေချာချက်ကျွေးရမယ်နော…. ဟီဟိ
manawphyulay
December 20, 2011 at 12:47 pm
ဟားဟားဟား…. သူများလို့ ၂ ယောက်ကျန်တာတောင်ရယ်နိုင်တယ်ဆိုပေမယ့် ဘယ်သူမှမကျန်တော့ပါလား… ဟားဟားဟား. မနောကတော့ ရယ်နိုင်အောင် ကြိုးစားနေပါတယ်။ အဟိ
Moe Z
December 20, 2011 at 12:56 pm
ရယ်နိုင်အောင်ကြိုးစားနေပါတယ်ဆိုတော့ စိတ်ညစ်နေတယ်ပေါ့ 😛
kotun winlatt
December 20, 2011 at 12:58 pm
ဟင်းးကတော့…မိုက်လှချည်လားးး
အရင်ကကြားဘူးတာက ကြက်ကောင်လုံးကို
သံပုံးအုပ်ပြီး ကောက်ရိုးမီးနဲ့ ရှို့ပီးးး
အုံးတဲ့ ကြက်ကင်ပဲ ကြားဘူးးတာ
ခုဟာက အသစ်ပဲဗျ…
စမ်းကြည့်ဦးးမှပဲ….
နီကီတာ
December 20, 2011 at 1:17 pm
စမ်းကြည့်ပြီးရင် တစ်ခွက်လောက်နော်… 😀
weiwei
December 20, 2011 at 2:37 pm
ဒီဟင်းကတော့ ကောင်းမဲ့ပုံပဲနော် …
MRTV4 ကို သတင်းပေးပြီး မိုမိုတို့ကို ချက်ပြခိုင်းရမယ် … 😛
MaMa
December 20, 2011 at 4:37 pm
မဟုတ်ဘူး ဝေဝေရေ-
MRTV4 မှာ ကိုရင်စည်သူကို ထူးဆန်းထွေလာ စားဖွယ်ရာ ဆိုပြီး ကဏ္ဍသစ် တင်ဆက်ခိုင်းရမယ်။
😀
thit min
December 20, 2011 at 5:28 pm
ကျနော်နာမည် မောင်ပီတာ ပါ။(သစ်မင်း ဟုတ်တော့ဘူးဟေ့)
မှော်ဘီ ခြံမှာနေပါတယ်။
ကျနော့ဆရာကိုစည်သူပါ။
ဗေဒင်၊ ဟင်းချက်ကောင်းပါတယ်။
ရွာသားများလည်းစုံညီဖွဲ့ကာ ကိုရင်စည်ကို ချက်ခိုင်းမယ်။
~~~~~~~~~~~~
တွေ့မယ်။ (^^)
ဟားဟားဟား. ဟားဟားဟား. ဟားဟားဟား. ဟားဟားဟား. ဟားဟားဟား. ဟားဟားဟား.
ကိုရင်စည်သူ
December 22, 2011 at 2:25 pm
ဟာဂျာ.. ဆရာသစ်ကလည်း.. ကျနော်လည်း
ပြန်ရေးပြတတ်တာပဲရှိပါဒလယ်… ချက်တတ်ပါဝူး..
တွေ့ဝူး… တွေ့ဝူး…
ရွာသူားတွေဆို အသေးဆုံးကအစ အကြီးဆုံးအထိ (အသက်)
အကုန်ကြောက်ဒလယ်… ဆရာတွေချည်းပဲ…
ဘူးထွား ထွား… ဟားဟား.. ဟား
comegyi
December 20, 2011 at 9:13 pm
ကစည်ရေ့
နာတော့ အုန်းသီးနဲ့ စားဖူးဘူး
ရွံ့နဲ့အုပ်ပြီးဖွဲနဲ့ဖုတ်တာတော့
ခဏခဏစားဖူးတယ် လွှတ်ကောင်းမောင်ရာ
ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟားဟား ဟား ဟား ဟား ဟာ
ဟားဟား ဟား ဟား ဟား ဟာ
blackchaw
December 20, 2011 at 10:11 pm
ကိုသစ် နောက်က သံယောင်လိုက်ပါတယ်။
ကိုရင် ခင်ဗျား ရွာသူားတွေကို ချက်ကျွေးဘို့ ပြင်ဆင်ထားပါ ဒါဗျဲ။
amatmin
December 20, 2011 at 10:54 pm
ကိုရင်ရေ..
စားလို့လည်း ကောင်း ဖတ် လို့လည်းကောင်းပါတယ်..
ဒါနဲ့ ကိုရင့်ဟင်းတွေ တကယ်ချက်ကျွေးမယ်ဆိုရင်.
ရွာသူားတွေ ကိုအရူးစာရင်းလေးတွေတော့ လုပ်ပေးထားဗျ နော်..
ဟား ဟား ဟား 🙂
ကြောင်ကြီး
December 21, 2011 at 12:17 pm
ဘဲသားချက်နည်းရေးဗျာ။။။ သွားရည်ကျချင်လို့။။။။။
နီကီတာ
December 21, 2011 at 2:04 pm
ဘယ့်နှယ့် ဘဲသားဖြစ်ရတာတုန်း
ကြောင်တွေက ငါးကြော်တွေ့မှ သွားရည်ကျတာ မဟုတ်ဘူးလား 😀