အတိတ်မြင်ကွင်းကျယ်
ကျနော် ပထမနှစ်ကို ဆေးရုံတက်နေရလို့ တက္ကသိုလ်ဆေးရုံမှာ ဖြေခဲ့ရတယ်။ ကျနော် ရှေ့က တယောက်က
ဂေါက်သီး ကောင်မလေး။ သူယူထားတဲ့ဘာသာတွဲက ဆိုက်ကော်လော်ဂျီ (ပြီးရော ဟဲဟဲ)။
ဆေးရုံစာမေးပွဲဆိုတော့ ကျောင်းကဆရာ/မ တွေလဲ စောင့်သလို၊ နာ့စ်နဲ့ဆရာဝန် ၂ ယောက်က လဲအသင့်ဗျ။
ဖြေနေရင်း မထိုင်နိုင်တော့ဘူး၊ လှဲပြီးဖြေချင်တယ်ဆိုလည်း၊ ကုတင်ရှိတယ်။ ဆေးသွင်းရမဲ့သူဆိုရင်လည်း
ဆေးသွင်းရင်းဖြေပေါ့။ ဆိုလိုတာက စာအုပ်ကြည့်ပြီးဖြေလို့မရ၊ အဲ ခိုးလို့မရတာကလွဲရင် ဘာမဆိုရတယ်။
ရေသောက်ချင်လား ပြေးယူပေးမယ်။ ဗိုက်ဆာလား၊ စားလို့ရတယ်။ ဟောလစ် သောက်ပြီး၊ ကိတ်လေးတကိုက်
ကိုက်လိုက် ဖြေရတဲ့ စာမေးပွဲမျိုး ကြုံဘူးစေချင်တယ်။ ဖြစ်ချင်တော့ ကျနော့တို့အထဲမှာ နိုင်ငံတော်ကောင်စီဝင်နဲ့
ပါတီဗဟိုကော်မတီဝင် ဆိုလားအဲဒီ လူကြီးကြီး တယောက်ရဲ့ သား ပါတယ်။ နောက်တော့အားလုံးသူငယ်ချင်းတွေ
ဖြစ်သွားကြတာပေါ့နော်။ အဲဒီကောင်ကလည်းသူ့အဖေအကောင်သာ ဆိုတယ်။ဘယ်တော့မှပိုက်ဆံမရှိတဲ့ ဖွတ်။
ဝတ်တာက ပြည့်သူ့ကုန်တိုက်က တော်တော်ညံ့တဲ့ အင်းကျီ၊။ သူပြောတော့ သူ့အဖေက လာဘ်မစားဘူးတဲ့။
ရှိစေတော့။ ကိုယ်က စသုံးလုံးမှ မဟုတ်တာ။ လာဘ်မစား တာ ကိုးနဲ့ရှစ်ကို ပစ်တာ၊မေးစရာအကြောင်းမရှိ။
အဲ ဒါပေမဲ့ အဲဒီကောင်မှာ “သာ” တာ ၃ ချက် ရှိတယ်။
တချက်က အဲဒီကောင်မှာ ကောင်မလေး ချောချော တစ်ယောက်ရှိတာ။အဲဒါကျနော်တို့နဲ့သိပ်မဆိုင်ဘူး။
နောက်တချက်က သူတို့လိုလူမျိုးတွေသာ ဝယ်လို့ရတဲ့ ပဒုမ္မာကုန်တိုက်က ပစ္စည်းတွေ သုံးတာ။ အဲဒါတော့ နဲနဲ
ဆိုင်တယ်။ အလကားနေရင်း အားနေရင် ခေါင်းမူးလို့ဆိုပြီး အဲဒီကောင်ရဲ့ အကောင်းစား အားဆေးတွေကို
ဝိုင်းအားပေးလို့ရတယ်ပေါ့။
နောက်ဆုံးတခုကတော့ လုံးဝကြီးကိုဆိုင်တာ။ ၃၂၃ပေါ့။ ဒီကောင်တွေက သရီးတူးသရီး ဘယ်နှစ်စီးတောင်
ဝယ်ခွင့်ရထားသလဲမသိဘူးဗျ။ ညနေဆို ဆရာဝန်ကြီး Roundလှဲ့ပြီးပြီဆိုရင် သူ့အိမ်ကကား လာတယ်။
ဒီကောင် ယူထားတတ်တယ်။ ပြီးတော့ ဆေးရုံစောင့်ကို အာရကေ နဲ့ နှုတ်ပိတ် တိုးတိုးတိတ်တိတ် ၅ ယောက်
ကားပေါ်တက်၊ လှည်းတန်းကို စထွက်၊ ငြိမ်းချမ်းရေး။ ဝေးဝေးတော့ မသွားရဲဘူး၊ အာစီတူးလောက်၊
အင်းလျားလောက်ဘဲ၊ အဲဒီလို ရှောက်သွားနေတာ သူ့အဖေတွေ့ရင် သတ်မှာတဲ့။ ရတယ်။ သတ်လုသတ်ခင်ထိ
သွားကြတာပေါ့ဗျာ။ အဲအပြန်ကြတော့ ဆေးရုံရှေ့ကားရပ်၊ ရာမညဆောင်ဘက် တပါတ်လှဲ့တယ်ဗျာ။
ဘာရယ်ဟုတ်ဘူး။ တောင်ကြည့်မြောက်ကြည့်ပါ။ အချိန်တော့သိပ်မရတော့ဘူးရယ်။ အစိမ်းမကြီးလို့ ကျနော်တို့
နာမည်ပေး ထားတဲ့ စစ်စတာကြီး လာမစစ်ခင်ပြန်ဝင်ရအုန်းမှာ။ ဆေးရုံအုပ်ကို သူ့လောက်ကိုမကြောက်ရတာ။
စောစောက ပြောတဲ့ ဂေါက်တေးမဆိုရင် ဆေးရုံဝင်းထဲမှာဘဲ ရှိတဲ့ ဆေးရုံအုပ်ဆရာဝန်(လူပျိုကြီး)အိမ်ရှေ့ မှာ
ဘီကီနီ နဲ့ ကြိုးသွားခုန်တာနော်။ သူ့မေးတော့ ဆရာဝန်ကြီးကို သူနေကောင်းကြောင်းပြ တာပါတဲ့။
ဆေးရုံအုပ်ကြီး ပြတင်းပေါက်ကိုမဖွင့်ရဲတော့ဘူး။ အဲညနေစောင်းပြီ ဆိုရင်လည်း မိန်းကလေးဆောင်ဘက်ကနေ
ယောက်ျားလေးဆောင်ဘက်လှဲ့ပြီး ကော်ရစ်ဒါမှာရှိတဲ့ ကုတင်တခုပေါ်မှာ ပက်လက်ကြီး။ သူ့ရောဂါကို
ဟစ်စတီးရီးယားလို့လည်း ပြောကြတယ်။ အဲ ခုနက စာမေးပွဲကိုဆက်ရရင်။ အဲဒီ ဂေါက်တေးမက ကျနော့ရှေ့မှာ
ဖြေနေရင်း အငြိမ်မနေဘူးဗျ။ ရှေ့ကိုလှဲ့ဖြေရတာ ခေါင်းကိုက်လို့ဆိုပြီး ကျနော်နဲ့ မျက်နှာချင်းဆိုင်ကြီးထိုင်တယ်။
စဉ်းစားကြည့်ဗျာ။ မျက်နှာချင်းဆိုင်လူတယောက်က ကိုယ်ရှေ့လာထိုင်နေတော့ စာမေးပွဲဖြေရတာစိတ်က
မဖြောင့်တော့ဘူး။ ဒါနဲ့ ကျနော်က ဘေးစောင်းလုပ်ပလိုက်တယ်။ အဲ ပြောဖို့ကျန်နေတာက
သူလည်းကော်ဖီသောက်ရင်း ဖြေနေတာဆိုတော့ သတိထားနေရသေးတယ်။ မတော် ကော်ဖီတွေနဲ့
မျက်နှာလာပက်နေရင် ဘယ်လိုလုပ်မလဲပေါ့။ ကျနော်မျက်နှာမူထားတဲ့ ဘက်ရဲ့ အပြင်ဘက်ကော်ရစ်ဒါမှာ
ထွန်းထွန်းဆိုတဲ့ ညီလေးတယောက် ကုတင်နဲ့ဖြေနေတယ်။သူ့ဘေးမှာ သူ့အဖေက ဆန်ပြုတ်တိုက်ရင်း ပေါ့ဗျာ။
အဲ စကားတော့များများပြောခွင့်မရှိလို့၊ တော်ပြီလား၊ ယူအုန်းမလားဆိုတာလောက်ဘဲ ကြားရတယ်။
နောက်ကျနော်နဲ့ (အရင်ကနောက်ကလူ) အခုဆို ဒါးလွယ်ခုတ်မှာ ကတော့ နမိုးနီးယားညီအကိုထဲက
အငယ်ကောင်။ သူတို့ကလည်းဇာတ်လမ်းရှိတယ်ဗျာ။ ရန်ကုန်နဲ့ပြည်ကြားက မြို့လေးတမြို့ကပါ။
တက်တာကတော့ စက်မှုတက္ကသိုလ်၊ ဘာသာတွဲက အကြီးကောင် EC အီလက်ထရောနစ်နဲ့
အငယ်ကောင်မက်ကနီကယ်တဲ့။ အမွှာညီအကို။ အသားတွေကဖွေးလို့၊ တရုတ်လားဆိုတော့
ကျနော့အကိုလာရင်ကြည့်တဲ့။ ဟုတ်ပဗျာ ။ သူတို့အကိုအရင်းဆိုတဲ့သူဆေးရုံလာတာ နေဝင်ရီတရော၊
အင်းကျီဘဲ မြင်ရတယ်။ကပ္ပလီကတ္တရာပုံးထဲကအထ မီးသွေးကျင်းထဲကျလာတဲ့ ဒီဇိုင်းနဲ့။
မေးကြည့်တော့အားလုံးမြန်မာပါဘဲ။ သူတို့ဇာတ်လမ်းလေးကိုပြောပြမယ်။ ဖတ်ကြည့်လိုက်။ အဲဒီအမွှာကလေး ၂
ယောက် ၆နှစ်သားလောက်က သူတို့ထက်အသက် ၁၁ နှစ်ကွာတဲ့ အခုအကိုကြီးက ၁ရနှစ် သားပေါ့နော်။ သူတို့
အိမ်မှာ ကုန်ကားတွေရှိတယ်တဲ့။ အဖေကဦးစီးပြီး လုပ်ကိုင်နေတယ်။ သားကြီးကိုလည်း သင်ပေးထားတော့
အသက် ၁ရ နှစ်နဲ့ ကားကောင်းကောင်းပြင်တတ်နေပြီပေါ့နော။ အဲ သူတို့အဖေက ရုပ်ရှင်သိပ်ကြိုက်တယ်။
ကားနားရင် ရုပ်ရှင်သွားကြည့်လေ့ရှိတယ်။ တနေ့ကား နားလို့ မိသားစုတွေရုပ်ရှင်သွားကြည့်ကြတယ် အဖေရယ်
အမေရယ် အမွှာ ၂ ကောင်ရယ်။ အဲဒီအကိုကြီးတော့မပါဘူး။ သူကအဲဒီလိုနားထားတဲ့ကားတွေကို
လိုအပ်တာပြင်နေကြဆိုတော့ လိုက်လေ့မရှိဘူးလေ။ ကားပြင်နေတုန်း ရုတ်တရက်ဆိုသလိုမီးပျက်တယ်။
ဒါနဲ့လုပ်နေကြအတိုင်းဘဲ ဖယောင်းတိုင်ထွန်းပြီး ဆက်လုပ်နေတယ်။ အဲဒီလိုပြင်နေတုန်း ဗြုန်းဆို ဘေးက နတ်၊
မူလီအစရှိတဲ့ ကားပစ္စည်းတွေ ကို ရေနံဆီနဲ့စိမ်ထားတဲ့ ဗန်းထဲ ထွန်းထားတဲ့ ဖယောင်းတိုင်က ပြုတ်ကျတယ်။
မီး ထတောက်တယ်။ ဟာ ဆို လန့်ပြီး (အိမ်ရှေ့ဘက်မှာကားပြင်နေတာဆိုတော့)ခြံအပြင်ကို
လှမ်းပက်လိုက်တယ်။
သူတို့မြို့က ခြံအပြင်မှာ လှည်းလမ်းကြောင်းရှိတော့ ဖုန်တွေထဲ ကျ၊ မီးငြိမ်းမယ်ပေါ့။ ဟုတ်ကဲ့ပါ။ ကံကြမ္မ္မ္မာ၊
ဝဋ်ကြွေးများပေလားမသိပါ။ မီးပျက်လို့ ရုပ်ရှင်မပြတော့လို့ ပြန်လာပြီးခြံဝကိုရောက်လာ တဲ့ သူ့တို့အဖေနဲ့
အမေကို တည့်တည့်ကြီးကို ပက်မိပါ လေရောတဲ့။ ရေနံဆီလောင်းပြီး မီးရှို့လိုက်သလိုပါဘဲ။ တကိုယ်လုံး၊
မီးတွေလောင်ပြီး လင်မယားနှစ်ယောက် အိမ်ရှေ့က လှည်းလမ်းကြောင်း ဖုန်ထဲမှာလူးနေတာဘဲတဲ့။ ဟို အမွှာ ၂
ကောင်လား။ သူတို့က ကံတော်တော်ကိုကောင်းတယ်။ ရုပ်ရှင်ရုံကအပြန် အဲဒီရုပ်ရှင်ရုံနဲ့မနီးမဝေးမှာ နေတဲ့
သူတို့အဘိုးအဘွားအိမ်ကို ဝင်တော့၊ မှောင်ကြီးမဲထဲကလေးတွေစိတ်မချလို့မနက်မှလာပို့မယ်ဆိုပြီးခေါ်ထား
လိုက်တာတဲ့။ အဲဒီ အိမ်မှာလည်း တခြားညီအကိုမောင်နှစ်မှတွေရှိတော့
ဟိုကောင်တွေကလဲပျော်ပြီးကျန်ခဲ့တာလေ။ ကံ ဖယ်တာလို့ဘဲ ဆိုရမှာနော်။
အဲ မီးလောင်နေတာကိုကြောင်ကြည့်နေပြီးမှ အော်ဖို့သတိရလို့ အော်တယ်ပေါ့။
နောက်တော့လူတွေရောက်လာတယ်။ ဆေးရုံပို့တယ်။ မီးကပြင်းတော့ အသက်ပြန်မရတော့ပါဘူးတဲ့။
နာရီပိုင်းအတွင်း၂ယောက်လုံးဆုံးသွားရှာပါတယ်။ အဲဒီ အကိုကြီးဟာရူးမတတ်ဖြစ်ခဲ့ရလို့၊
တော်တော်ကိုကြိုးစားနေထိုင်ခဲ့ရပါတယ်။ နောက်တော့ အိမ်ထောင်မပြုတော့ဘဲ
ညီလေးတွေအတွက်စီးပွါးရေးကိုဦးစီးပြီး ကျောင်းထားပေးနေတာပါ။ အဲဒီ အမွှာ ၂ ကောင်ကထူးဆန်းတယ်၊
အမွှာတွေတွေ့ဘူးပါတယ်။ သူတို့လောက်မထူးမထူးခြားပါဘူး။ အဲဒီ ၂ ယောက်က တယောက်ကဖျားရင် ကျန်တဲ့
တယောက်ကိုယ်ပူ ပါတယ်။ကျနော်တို့ မယုံလို့ပြဒါးတိုင်ကိုင်ပြီးတော့ကို စမ်းဘူးတာပါ။ အဲ တခုဘဲ
သေသေခြာခြာကွာတယ်။ ကြိုက်တဲ့ကောင်မလေးကျမတူဘူးဗျ။(^^)
အဲဒီမှာ အရမ်းကို ကျနော်လေးစားခဲ့ရတဲ့ လူတယောက်ကိုတွေ့ခဲ့ရတယ်။
တကယ်က သူကကျနော်နဲ့ ဟိုးအရင်ကတည်းက သိတဲ့သူပါ။
(ဆရာမကြီး တီတီနုရဲ့ ပို့စ်တခုမှာကျနော် မန့်ဘူးပါသေးတယ်)
ကျောင်းသားဘဝမှာကျနော်တို့တက္ကသိုလ်ရဲ့အင်္ဂလိပ်စာဌာနမှူး ဆရာL.Jကံကြီးပါ..
သူ့အမကရန်ကုန်တက္ကသိုလ်ကအင်္ဂလိပ်စာပရော်ဖက်ဆာဆရာမကြီး E.J ကံကြီးပေါ့နော်။
ကျနော်နေမကောင်းတာကြားလို့တက္ကသိုလ်ဆေးရုံကိုဆရာလင်းနစ်(L.J ကံကြီး)လာကြည့်တယ်။
ခဏနေတော့ဆရာပျောက်သွားလို့လိုက်ရှာလိုက်တော့ရေတပုံး၊ဘရပ်ရှ်တချောင်းနဲ့အိမ်သာဆေးနေတဲ့
ဆရာကြီးကိုတွေ့လိုက်ရလို့၊ခင်နေပြီဖြစ်တဲ့ဒေါက်တာနဲ့နာစ်တွေကိုပြေးခေါ်ပြီးပြတော့၊
လိုက်လာပြီးကြည့်ကြပြီး၊ကျနော်ကိုဝိုင်းဟားကြသဗျ။
အဲဒါမဆန်းဘူးဟ၊ဆရာကြီးက၂ပတ်တခါ၊တလတခါလောက် လာလုပ်နေကြပဲတဲ့ဗျာ။
ဘိုလိုဝတ်ပြီး၊အမြဲသပ်သပ်ရပ်ရပ်နဲ့ဖောရိန်းနားတယောက်စတိုင်နဲ့ဆရာကြီးရဲ့အသွင်အပြင်နဲ့
ခုလိုသန့်ရှင်းရေးလုပ်ဆောင်တာမျိုးကိုမြင်ရတော့နဂိုချစ်ခင်လေးစားမှုကိုပိုတိုးပွါးစေတာအပြင်
တစုံတခုသောသင်ခန်းစာကိုသင်ပေးနေတာပါလားလို့ခံယူမိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
တော်ပြီနော် စိတ်ဝင်စားမယ် ဆိုရင်တော့ ရေးစရာအတွေ့အကြုံတွေအများကြီးရှိပါတယ်။ တခါတလေ
ကိုယ့်အကြောင်းဆိုတာ ကိုယ်ကလွဲရင်တခြားသူတွေအတွက်ပျင်းစရာကြီးတွေဖြစ်နေတတ်လို့ပါ။
မရေးတာကြာပြီဖြစ်တဲ့ ပေါ့ပေါ့ပါးပါးလေးတွေရေးကြည့်ချင်တာနဲ့ရေးလိုက်မိပါကြောင်း။
~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားစွာဖြင့်
မောင်သစ်မင်း(^^)
25 comments
nozomi
December 20, 2011 at 5:09 pm
စိတ်ဝင်စားတာပေါ့ ဆရာသစ်ရယ်
ဆရာကြီး ရွှေဥဒေါင်း ရဲ့ တသက်တာမှတ်တမ်း ဆိုလဲ သူ့အကြောင်းရေးတာပဲ ၊ ဖတ်ကတဲက အခုထိ သတိတရ ရှိနေရတုန်းပဲဟာ ရင်ဘတ်မိတ်ဆွေ တို့ ဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဆူးနဲ့ တင်စားထားတာတို့ ကောင်း မှ ကောင်း ပဲ ဗျ ၊ ကိုသစ်ကြီးလဲ အရေးအသားရော ဗဟုသုတ အရာမှာရော စေတနာမှာပါ ကောင်း မှ ကောင်း ဆိုတော့ နောက်ထပ် အတွေ့အကြုံလေးတွေ လုပ်ပါဦး ဗျာ
ကျွန်တော် စာအုပ် တအုပ်ထဲ ဖတ်မိ၊မှတ်မိနေတာလေး ၊ ထောင်ကျနေတဲ့ မိန်းကလေး တစ်ယောက် က ခဏ ခဏ တတ်တတ်တယ် ၊ အဲဒီလို တတ်ရင် တခြားဘာဆေးနဲ့မှ မရဘူး ၊ ထောင်ထဲက ယောကျာင်္းလေး တစ်ယောက်ယောက်ဆီက အမွှေး ( ခြေသလုံးမွှေးဖြစ်မှာပေါ့ ….) ကိုယူပြီး အဲဒီ အမျိုးသမီးကို ရှုခိုင်းလိုက်ရင် ပြန်ကောင်းသွားရောတဲ့ ၊ ကိုသစ်ပို့စ် လေး ဖတ်ရင်းနဲ့မှ သတိရသွားတယ် ဪ ကိုသစ်လဲ ဟစ်စတီးရီးယား ဖြစ်နေတဲ့ ကောင်မလေးကို သူ့ရောဂါ ပျောက်ပါစေ ဆိုတဲ့ စေတနာနဲ့သာ …….အင်း ကိုသစ် လူဆိုး ဗျာ
amatmin
December 20, 2011 at 5:23 pm
ဆရာသစ် ရေ..
ပေါ့ပေါ့ပါးပါးလေး ပဲ ရေးတာတောင် မှတ်သားစရာ အချက်ကလေး က ပါလာသေးဗျာ..
ဆရာသစ်က ဒီလိုဆရာတွေ ကြုံခဲ့ဖူးလို့ လည်း ဒီလိုစာတွေ ထွက်လာတာနေမှာ.. အားကျထှာ (ကြိုက်လို့ ငှားသုံးသည်)
အကို ပြောတဲ့ ဟိုအမွှာ ညီအကို ရဲ့အကိုကြီး ကိုလည်း လေးစားတယ်ဗျာ.
တသက်တာ ဖြေဆည်မရနိုင်တဲ့ အဖြစ်ကနေ ဖောက်ထွက်နိုင်တယ်ဆိုတော့..
ဆူး
December 20, 2011 at 5:25 pm
စာမေးပွဲကို ဆေးရုံမှာ ဖြေတဲ့ အကြောင်း ဖတ်ရတာ စာမေးပွဲ ဖြေတဲ့ လူကတော်တော် ဇိမ်ကျမယ် ထင်တယ်။ မွေးကတည်းက အမေ ဆေးရုံမှာ မွေးပြီးပြန်လာကတည်းက ဆေးရုံမှာ လူနာ အဖြစ် ညအိပ်ရတာမျိုးတော့ မရှိဘူးသေးဘူး။ လူနာစောင့်အနေနဲ့တော့ နေဖူးတယ်။
အခုခေတ်တော့ ဆေးရုံမှာ စာမေးပွဲဖြေရင် ဘယ်လို နေမလဲတော့ မသိဘူးနော်။
ကာယကံရှင် အနေနဲ့ မီးလောင်တဲ့ ဆီနဲ့ ပက်လို့ သေသွားတာတော့ တော်တော် စိတ်မကောင်းဖြစ်မှာပဲနော်။
MaMa
December 20, 2011 at 5:36 pm
ဆေးရုံတက်ပြီး စာမေးပွဲဖြေရတာ အားကျစရာတောင် ကောင်းနေပြီ။
ကျမတို့ကတော့ ကြိုးစားမှုအားကောင်းလွန်းလို့
စာမေးပွဲရက်လည်း စားလု့ိကောင်း၊ အိပ်လို့ပျော်မို့ အဲဒီလို စည်းစိမ်မျိုး မခံစားရဖူးဘူး။ 😀
ငယ်ငယ်ကတည်းက သတိထားမိတဲ့ အသိမိန်းကလေးတစ်ယောက် ချောချောလှလှလေး။
သူ့ကြည့်လိုက်ရင် ဖြူနုနေတာပဲ။ မိန်းကလေးချင်းတောင် ငေးယူရတယ်။
သူက ဘုရားကျောင်းကန်ရောက်ရင် တံမြက်လှည်းတယ်။
ရိပ်သာတွေမှာဆို အိမ်သာကို ဆေးကြောတိုက်ချွတ်တယ်။
အဲဒီလို စိတ်ထားတွေကြောင့်ပဲ ထင်တယ်..
သူ့ဘဝတစ်လျှောက်လုံးမှာ ခုချိန်ထိ ချောမောလှပပြီး ကျန်းမာချမ်းသာနေတာ အားကျစရာပဲ။ 🙂
weiwei
December 20, 2011 at 5:38 pm
ပေါ့ပေါ့ပါးပါးရေးထားပေမယ့် ယူတတ်ရင် သင်ခန်းစာတွေပါပဲ …
အဖြစ်အပျက်တစ်ခုချင်းရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းတွေ ရှိနေတတ်တာကို ဖြည့်ကြည့်ရင် မြင်နေရအောင် ရေးထားတာကို တွေ့ရပါတယ် …
အတွေ့အကြုံဆိုတာလဲ တဆင့်ပြန်ပြောမှသာ သိနိုင်တာမို့ ဆက်ပြီးလဲ သိချင်နေပါသေးတယ် …
koyinmaung
December 20, 2011 at 6:03 pm
အားပေးနေပါတယ်ကိုသစ်မင်းရေ
စိတ်ဝင်စားပါတယ်…ဆက်ရေးပါဗျာ….
windtalker
December 20, 2011 at 7:36 pm
ကိုသစ်မင်း ရဲ ့
စာမျက်နှာအဟောင်းများ ကို
စောင့်မျှော် ဖတ်ရှူ ့နေမည့်
မောင်ပေ
comegyi
December 20, 2011 at 8:25 pm
အမွှာနှစ်ကောင်ရဲ့ အစ်ကိုကြီးက လေးစားဖို့ကောင်းသလို
သနားဖို့လည်းကောင်းတယ်
သန့်ရှင်းရေးလုပ်တဲ့ဆရာကြီးကလည်း
လေးစားဖို့ကောင်းတယ်
ကောင်းတယ်ကိုသစ်ရာ ဆက်ရေးပါဦးနော်….
ကိုသစ်ဘာရေးရေးစောင့်ဖတ်နေပါတယ်ဗျာ….
KING
December 20, 2011 at 8:55 pm
ကိုသစ်
အားပေးနေတယ်ဗျို့
ဒါကြောင့်ထင်တယ်ဗျ
တစ်ချို့ကလေးတွေ စာမေးပွဲ ဖြေခါနီးကျရင်
ဆေးရုံမှာသွားဖြေကြတာ (ဟိုဟာ ဖြစ်လို့ ဒီဟာဖြစ်လို့ဆိုပြီး)
ကိုသစ်ပြောမှပဲ ဆေးရုံမှာ ဘယ်လိုဖြေရတယ်ဆိုတာ သိတော့တယ်
အဲလောက် ဇိမ်ကျမှန်းသိရင် …………. 😛
thit min
December 20, 2011 at 9:32 pm
ကိုနိုးဇိုးမိရေ
ယောက်ျားများမှာလည်းအလားတူရောဂါဖြစ် ရင်အဲဒီလိုဘဲလို့ ကြားဘူးပါတယ်။
အဲဒီ ဂေါက်တေးမက အလန်းစားနော်။ မိတ်ဆက်ပေးရမလား(^^)
ဟစ်စတီးရီးယားရောဂါသည် အစစ်တွေလဲ တွေ့ဘူးပါတယ်။တကယ် မနိုင်ဘူး၊ ဟဲဟဲ။
~~~~~~~~~~~~~~~~~~~~~~~
ညီလေးအမတ်မင်းရေ
ကောင်းတဲ့သူတွေလဲ တွေ့ရသလို မကောင်းတဲ့ညစ်ပါတ်တဲ့သူတွေလဲ တွေ့ရပါတယ်။
ကျနော် အဲဒီအကြောင်းလေးတွေလဲ ရေးပါအုန်းမယ်။ ကောင်းတာကိုအတုယူ။မကောင်းတာကတော့သင်ခန်းစာယူ။
လို့ဆိုရမယ်ထင်ပါရဲ့။
~~~~~~~~~~~~~~~~~~~~~~~
မဆူးရေ
ဆေးရုံထဲမှာ တက္ကသိုလ်ဆေးရုံကတမျိုး ထူးခြားပါတယ်။ ကျောင်းသားကိုအခွင့်အရေးပေးတယ်။
ဒေါက်တာတွေကလဲ သဘောကောင်း။ အဲ အစိမ်းမကြီးကတော့ ရွံကြောက်ကြီးပေါ့နော်။
~~~~~~~~~~~~~~~~~~~~~~~~
မမရေ
စာမေးပွဲနီးရင် ကျောင်းသားဘဲ ထားတော့တာ။ ပျော်စရာကြီးပေါ့။ လုပ်ချင်ရာလုပ်ကြတာ။ ဗိုက်ခွဲတဲ့လူမျိုးလည်းမရှိ
ဘူးဆိုတော့။ ပြောရရင်ဆေးရုံမှာသာဆိုတယ်အားလုံးလူကောင်းလိုဘဲ(ကျနော့အမြင်) ဆော့နေကြတာ။(^^)
~~~~~~~~~~~~~~~~~~~~~~~~~
မဝေဝေ
အဘခ(ကိုရင်စည်ရေခဏငှါးနော်)ပြောသလိုပေါ့။
လူတိုင်းမှာ နောက်ကြောင်းခံ ပုံဝထ္ထူလေးတွေရှိစမြဲပါတဲ့။
ဘဝဆိုတာလဲ စာအုပ်ကြီးတအုပ်လိုဖြစ်တယ်လို့ပြောရမယ်ထင်ရဲ့နော်။ကျေးဇူးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~
ကိုရင်မောင်ရေ
အားပေးတာကျေးဇူးပါ။
ကျနော် ဘဝစုံတော့ အတွေ့အကြုံစုံပါတယ်။ ရေးဘို့လဲအစီအစဉ်ရှိပါတယ်။
စောင့်ဖတ်ပေးပါခင်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ညီမောင်ပေရေ
စာမျက်နှာသစ်တွေလည်း ရေးချင်ပါသေးတယ်။ လက်ရေးလှအောင် ကြိုးစားရင်းပေါ့ကွာ။
အဟောင်းတွေမှာ မကောင်းခဲ့တာတွေအသစ်တွေမှာ ကောင်းအောင်ပြောင်းပြီးရေးမယ်ကွာနော်ညီရေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုကမ်းကြီးရေ
ကျေးဇူးပါနော်။
ဘဝအကြောင်းကို ရေးလိုက်တော့ မေ့နေတဲ့အတိတ်ကဇာတ်လမ်းစုံတွေပြန်မြင်လာလို့ နောက်ရေးအုန်းမှာပါ။
ကိုကမ်းကြီးလည်းရေးအုန်းလေဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုကင်းရေ
ဟုတ်ပ။ တချို့ကလည်းချောင်လို့ လာဖြေကြတယ်တဲ့။ တကယ်တော့ မေးခွန်းကိုဆရာဝန်ကြီးတွေရှေ့ကြမှ
ဖောက်ရတာပါ။
အဲ တခုဘဲ စာစစ်တဲ့အခါညှာပေးတာရယ်။ “လိုက်”လို့ရတာရယ်ကတော့ထုံးစံအတိုင်းပေါ့ဗျာ။
ကျနော်ကတော့ သိပ်မကြိုက်လှဘူး။အောင်ရုံတော့အောင်ကြမယ်။ ထူးချွန်စွာအောင်ဘို့ကျတော့ “ပို”ခက်သွား
တယ်ဗျာ။ သံသယ ပေါ့နော်။အဲဒီလိုလေးပါ။
blackchaw
December 20, 2011 at 9:16 pm
အားပါးပါး။
ရိုးရိုးသားသား ဝန်ခံရရင်
ကျွန်တော်လွမ်းနေတာက အဲဒီ ကိုသစ်မင်းကိုပါဗျာ။
ဒီဘက်မှာ ရပ်ရွာအကျိုးအတွက် အချိန်ပေးနေတာကို
မုဒိတာပွား လက်ခုတ်တီးပေးနေပေမယ့်
ဒီကိုသစ်မင်းကမှ ကျွန်တော် တကယ် လွမ်းနေတဲ့ ကိုသစ်မင်းပါဗျာ။
“ဘိုလိုဝတ်ပြီး၊အမြဲသပ်သပ်ရပ်ရပ်နဲ့ဖောရိန်းနားတယောက်စတိုင်နဲ့ဆရာကြီးရဲ့အသွင်အပြင်နဲ့
ခုလိုသန့်ရှင်းရေးလုပ်ဆောင်တာမျိုးကိုမြင်ရတော့နဂိုချစ်ခင်လေးစားမှုကိုပိုတိုးပွါးစေတာအပြင်
တစုံတခုသောသင်ခန်းစာကိုသင်ပေးနေတာပါလားလို့ခံယူမိပါတယ်။”
နှလုံးသားလှတယ်လို့ ခေါ်ရမှာပေါ့ဗျာ။
ပညာတတ်ပြီး နှလုံးသားလှတဲ့လူလို့ ကျွန်တော်ကတော့ သတ်မှတ်ပါတယ်။
ဆက်ရေးရင် ဆက်ဖတ်မယ်ဗျာ။
ချက်ခြင်းဖတ်ပြီး ချက်ခြင်းရင်ထဲရောက်တဲ့စာမျိုးကို ဖတ်ချင်နေတာပါ။
thit min
December 20, 2011 at 9:40 pm
ကိုဘလက်ရေ
ကျနော့ ရသ စာ တွေကိုအမြဲတမ်းတတတ်တဲ့ ကိုဘလက်ကိုရည်ရွယ်သောစာလို့ပြောနိုင်ပါတယ်။
ကျောင်းနောက်ခံပုံရိပ်တွေမှာ ထူးခြားတာလေးတွေများစွာကြုံခဲ့တာတွေရေးပါအုန်းမယ်နော။
တချို့ အကြောင်းအရာတွေကျတော့ပြောရခက်လို့ဗျာ။ ဘာဘဲဖြစ်ဖြစ် ကြိုးစားပြီးရေးကြည့်ပါ့မယ်။
နှလုံးသားလှသူများအကြောင်းရေးမယ်။ နှလုံးသားမဲ့သူတွေအကြောင်းလဲရေးပါအုန်းမယ်။
ကျေးဇူးပါဗျာ။(^^)
ကိုပေါက်(မန္တလေး)
December 20, 2011 at 9:43 pm
ကိုသစ်ရေ……………………
ရေးပါဆက်ဖတ်မှာပေါ့။
ကိုသစ်ရေးတာကို ဝင်မန်းချင်မှ မန်းပေမယ့် ဝင်ဖတ်တာကတော့ အသေအချာပါဘဲ။
inz@ghi
December 20, 2011 at 9:49 pm
ဖတ်ဖူး …တွား လူဇိုး ….
အမွှာညီအစ်ကိုအကြောင်းလည်း ဖတ်ဖူး ….
တက္ကသီလာ ဆေးရုံအကြောင်းလည်း တိဝူး ….
ဆင်မီနာ လစ်ပီး…..သည်မှာ …အလွမ်းကား လာရိုက်နေပါတယ်ဗျို့ ….
်
စိတ်နာထှာ …မန့်တော့ဝူး …
ဟိုဘက်မှာ သဂျိုင်ခီးနဲ့ဘဲ စစ်တိုက်တမ်း ဆော့တော့မယ်..
😛
ဒက်ဂလောက် ဒက်ဂလောက်. …….
thit min
December 20, 2011 at 9:55 pm
ဟာ
ရီပလိုင်းထားပါတယ်ညီရ။
(မာတိုမဲ့)အနှစ်ချုပ်မလို့စဉ်းစားနေရင်း ကျောင်းကပစ်ထားတဲ့ ကိတ်စတွေလုပ်နေရင်း တကြောင်းရေး
၂ ကြောင်းရေးနဲ့ အဲဒီလိုဖြစ်သွားတာဟ။
ဟဲဟဲ မြန်မာပြည်မှာ တကယ်လုပ်ချင်တာတွေလုပ်ဖြစ်ရင်တော့ အင်ဇာဂီသော ဘာသော လာထားဘဲ။
အဲဒီကျမှ အီတလီလဲထွက်ပြေးလို့မရဘူး၊အီစီကလီလဲပြလို့မရဘူး ဟေ့။(^^)
pooch
December 20, 2011 at 10:25 pm
အမွှာတွေက မိခင်ဝမ်းဗိုက်ထဲမှာ အချင်းတခုထဲနေခဲ့ရတာဆိုရင် တယောက်နဲ့ တယောက်ဆက်နွှယ်နေတယ်လို့ ပြောတာ ကြားဖူးပါတယ်…
အချင်းတခုစီနဲ့ နေခဲ့တာဆိုရင်တော့ အဲ့ဒီလို ဆက်နွှယ်မှု မရှိတတ်ဘူးလို့ ပြောတာကြားဖူးတယ်…
အမဝမ်းကွဲတယောက်က မိန်းကလေး အမွှာနှစ်ယောက်ကို လမစေ့ပဲ မွေးတော့ ဆေးရုံတင်ရပါတယ် ဒါပေမဲ့ ကလေးတွေက အဖတ်မတင်ရှာပါဘူး….တယောက်ဆုံးပြီး ခဏလေးအတွင်းမှာပဲ နောက်တယောက်က လိုက်ဆုံးတာပါ……
inz@ghi
December 21, 2011 at 7:02 am
အမွှာ မှာ အမျိုးမျိုးရှိတယ် လို့ ဖတ်ဖူးတယ်ခည ….
အဓိကကတော့ ၂မျိုး ခွဲတယ်ဗျ
မျိုးဥ ၂ဥ ကို သုတ် ၂ကောင် ဝင်ပေါင်းတဲ့ အမျိုးအစားနဲ့
မျိုးဥ နဲ့ သုတ် ပေါင်းပြီး သန္ဓေအောင် zygote ကနေ
ဆဲလ် ကွဲပွားမှု ၂ဆ ဖြစ်ပေါ်သွားလို့ ဖြစ်လာတဲ့အမွှာ
(monozygotic-MZ ပေါ့….တိုက်ဆိုင်ပြန်ဘီ … ကျုပ်နာမည်နဲ့ပြောဘာဒယ်..ဟီဟိ..)
အနှီ ဒုတိယ အမျိုးအစားကို တော့ identical twins လို့ ခေါ်တယ်ခည…
ဆိုတော့ … identical twins တွေမှာ chromozome levelကအစ တူညီကြပါတယ်ခညား..
သည်တော့ တယောက်ဖျားရင် တယောက် လိုက်နေမကောင်းဖြစ်ချင်တာ အလွန်ကို
ဖြစ်နိုင်ပါတယ်ဗျ..
(ဟို အမွှာလူကြီး၂ယောက် တယောက် ကြွပြီး မကြာခင် နောက်တယောက်လိုက်ပြီးကြွသွားတာ..
မမေ့သေးဘူးထင်၏-စကားချပ်)
အဲ့သည့်လူတွေကို လျော့တော့ မတွက်နဲ့နော …defense systemအရ immune systemအရ ..
spare parts တွေကို ပိုင်ဆိုင်ထားကြတဲ့ လူတွေကလားဗျာ …။ ဆေးပညာတိုးတက်လာတဲ့
သည်ခေတ်မှာ အလွန် ကုသိုလ်ထူးတဲ့ လူတွေဆိုပါတော့ …
လူမှာ immune system အရ ကိုယ့် ကိုယ်ပိုင်ပစ္စည်းမဟုတ်ရင် foreign body ဆိုရင် သွေးဖြူဥတွေပါတဲ့
immune system က တိုက်ထုတ်တယ်ခည။ ရောဂါကို တိုက်သလို ကိုတိုက်ပစ်တာ ….။
ငယ်ငယ်က ကျောက်ဆေးထိုးတယ် ဆိုတာလည်း အနှီ immune system ကို ဆွ ပေးတာဗျ။
တကယ်ရောဂါဝင်လာရင် ..တိုက်ထုတ်နိုင်အောင် နှိမ်ထားတဲ့ ..ရောဂါမဖြစ်နိုင်တဲ့ antigenလေး
ထည့်ပေးတဲ့သဘောပဲ။
ကျောက်ကပ် မကောင်းလို့ သူများ ကျောက်ကပ်ထည့်တယ် ဆိုပါတော့။ immune system က အသစ်
ဝင်လာတဲ့ ကျောက်ကပ်ကြီးကို ငါ့ဟာမဟုတ်ပါဘူးဆိုပီး တိုက်ပစ်တယ် …..သည်တော့ ကျင့်ယူရတယ်.
ကျင့်ယူနည်းက immune supress ဆေးတွေ သောက်ရတယ်ဗျ …. အဲ့သည့်အချိန် ဂရုစိုက်ပေတော့ဗျိုး….
ဘာနဲ့ တူနေသလဲဆို AIDS ဝေဒနာ သည်နဲ့ ကိုတူနေတာ ….immune ကျနေတယ်လေ. …နမိုးနီးယားလို
ရောဂါမျိုး အလွန် အဝင်လွယ်သပေါ့။ လက်သုတ်စုံ စားတယ်…တအိမ်သားလုံး ကျန်တဲ့လူဘာမှမဖြစ်ဘူး
အနှီ လူနာ ဝမ်းလျောတယ် ဆိုတာမျိုးပေါ့ ……။(တကယ်လည်း အသိတယောက် ဆုံးပါးသွားဖူးပါသည်)
ဆက်ရရင် …အဲ့သည့် immune system နှိမ်တဲ့ဆေးတွေ ကိုစွဲသောက်ပြီး ကျောက်ကပ်အသစ်နဲ့….
လူ့ ခန္ဓာကိုယ် အသားကျအောင် ကျင့်ယူပြီး ဆေးကို tail off လုပ်ယူရတယ်ခည …။
အထက်ကပြောတဲ့ အမွှာတွေမှာတော့ သူ့ ပစ္စည်း ကိုယ့်ပစ္စည်း အတူတူလို့ကို ခန္ဓာကိုယ်က မှတ်နေတာကလား..
(immune systemက) .. သည်တော့ .. တယောက်ကျောက်ကပ်မကောင်းလို့ နောက်တယောက် ကျောက်ကပ်
ကိုပေးရင် …immune နှိမ်စရာမလိုဘူး … အိုခေပဲ ။ တယောက် ကြွသွားလို့ …ကျန်တယောက်က ..ကောင်းတာ
လေးတွေ ဖြုတ်လဲ မယ် ဆိုလည်း အိုခေပဲ ။ ဂလို ဂလို….။
ကျုပ် သိပ်စိတ်နာနေတဲ့ ဟို မင်းသမီးလေး ကလေးမွေးတော့ အချင်းရယ် ဟိုအရည်ရယ်ကို အနှစ် ၂ဝ store
လုပ်ထားမယ်ဆိုတာလည်း သည်သဘောတရားပဲဗျ …ကလေးက တခုခုဖြစ်ရင် အဲ့သည့် storeလုပ်ထားတဲ့
အရာကနေ cell ပွားပြီး ထုတ်ယူမယ် ဆိုတာမျိုးပေါ့ genetic engineering ဘက် သိပ်နီးသွားပြီဗျာ …..
ပြောလော့ဝူး ….ဆြာဝန်တယောက်ယောက်က သည်အကြောင်းတွေ ရေးပေးနိုင်ရင် သိပ်ကောင်းမှာဘဲ …..။
အထင်မကြီးနဲ့ဗျို့ ..ကျုပ်မှာ immune နဲ့ ပါတ်သတ်ပြီး …သေမလို တခါဖြစ်ဖူးလို့ … ဓါတ်မတည့်တာတခုရှိလို့
လူမသိသူမသိ သေနေမှာစိုးလို့ … ဒါတွေကို မှတ်ထားရတာ …. ကျန်တဲ့ စာတွေကတော့ ကျောင်းပြန်သွားတာ ကြာပေါ့
……. (ဘာနဲ့ မတည့် ဘူးဆိုတာတော့ ..လာလုပ်ကြံနေမှာစိုးလို့ ပြောမပြဝူး)
စကားမစပ် အမွှာ ကနေ အမွှာ ပြန်မွေးနိုင်ခြေ ကတော့ ၆ပုံ၁ပုံသာ ရှိကြောင်း ပြောပြဖို့
မေ့သွားပါသည်ခင်ဗျား…
ခင်တဲ့
Inz@ghi
TTNU
December 20, 2011 at 11:01 pm
ကိုသစ်ရေ..
တီချာလည်း(၁၉၇၁) စတုတ္ထနှစ်စာမေးပွဲကို တက္ကသိုလ်ဆေးရုံမှာဖြေခဲ့ရဖူးတယ်။
ကိုသစ်ရေးတာဖတ်ပြီး လွမ်း လို့ကောင်းလိုက်တာ။
You know why? နေမကောင်းနေတဲ့ လူမမာဘေးမှာ လူမမာစောင့် အဖြစ် ချစ်သူက တာဝန်
ယူခဲ့တယ်လေ။ ( မကြီးမငယ်နဲ့ ဘွားတော်ကြီးနော်..လို့ တွေးနေပြီမဟုတ်လား။ အခုဆုံးသွား
ရှာပြီဖြစ်တဲ့ တီချာ ခင်ပွန်းပါပဲ)။
blackchaw
December 20, 2011 at 11:07 pm
ဪ တီချာကြီးရယ်။
တမင်တကာမေ့ထားတဲ့ အတိတ်က အကြောင်းကို
ဆွပေးလိုက်သလိုပဲ
ဆိုတဲ့ ကိုထီး သီချင်းလို ဖြစ်သွားရတာပေါ့နော်။
ကြားထဲက ကျွန်တော် ဘလက်က ကိုယ်ချင်းစာစိတ်နဲ့
ဝင်လွမ်းပေးသွားပါတယ် တီချာကြီးခင်ဗျာ။
ဦးဦးပါလေရာ
December 20, 2011 at 11:20 pm
ပြန်လွမ်းစရာလေးတွေပေါ့ ကိုသစ်မင်းရေ
ဆရာ L.J.ကံကြီးကို တွေ့ဘူးပါတယ်။ အီကိုကဌာနမှုးမှန်းတော့မသိဘူး။ မိန်းထဲမှာတော့ သူ့အမက နာမည်ကောင်းနဲ့ ကျော်ကြားလှပါတယ်။
ဆရာ L.J.ကံကြီးအကြာင်းကြားရတော့ အရင်က ဆရာကြီး ဆရာမကြီးတွေဟာ အပြင်မှာလဲ ကိုယ်တိုင်နေထိုင်ပြုမူပြရင်း “သင်” ခဲ့ကြတာ သတိရမိသေးတော့တယ်။
မြန်မာပြည်ပြန်ရောက်ရင် အီကိုဘက်သွားလည်လိုက်ပါဦး။ အဲသလိုဆရာမျိုးတွေ ဘယ်လောက်များများ ကျန်သေးသလဲဆိုတာ တွေ့ရအောင်ပေါ့။
kotun winlatt
December 21, 2011 at 9:52 am
ပေါ့ပေါ့ပါးပါးလေးရေးထားပေမယ့်
အတုယူစရာတွေ ပါနေတာပါပဲဗျာ..
ပေးထားတဲ့ ခေါင်းစဉ်က အတိတ်မြင်ကွင်းကျယ်ဆိုတော့
ဒီလောက်နဲ့တော့ ဖြတ်မပစ်ပါနဲ့ဦးး
နောက်ထပ်ရေးပါဦးဗျ..
ဒီမှာတင်ရပ်ထားမယ်ဆိုရင် ခေါင်းစဉ်ကို
ကျနော်ပြင်မယ်.. ဟီးးးးး
အတိတ်မြင်ကွင်းကျဉ်းးးဆိုပီးးးလေ…
နောက်တာနော်…
ဆက်ရေးပါဗျာ…မျှော်နေမယ်ခင်ဗျ…
ကြောင်ကြီး
December 21, 2011 at 12:11 pm
ကြောင်ကြီးမှာလည်း ငယ်စဉ်က ရန်ဖက် ခွေးကြီးဆိုတာ ရှိဒယ်။ ကြောင်ကြီးကိုတွေ့ရင် လိုက်ကိုက်လို့ ညဖက်အပြင်ထွက်ရင် သတိထားထွက်ရတယ်။ မတော်လို့တွေ့ရင် သစ်ပင်ပေါ်တက်ပြေးပေတော့ပဲ။ အပြေးမတော်လို့ ခွေးကိုက်သေတဲ့ သူငယ်ချင်းတွေတောင် ရှိတယ်။ အေပေးခွေးတွေ သူတို့ပါးစပ်အားယားတိုင်း ငါတို့ကို ရန်ရှာဒယ်။။။။
နီကီတာ
December 21, 2011 at 1:58 pm
ဟင်.. ဂေါက်တေးမ အကြောင်းလဲ သေချာဆက်မရေးဘူး
ဖတ်ချင်သေးတယ်…
Khin Latt
December 21, 2011 at 7:08 pm
ဆရာဦးသစ်မင်း ရှင့်
seminar အခန်း ရဲ့ ဘေးက အတိတ်အကြောင်း ပန်းခြံ လေး မှာ ကျွန်မ လဲ စိတ်ရွှင်လန်း ခဲ့ပါတယ်။
ကျွန်မတို့ အားလုံး လဲ ဦးသစ်မင်း ရဲ့အရေးအသား နဲ့ တက္ကသိုလ်ဆေးရုံ ကို ရောက်ဖူးသွားခဲ့ပါတယ်။
—– ကျောင်းသားဘဝမှာကျနော်တို့တက္ကသိုလ်ရဲ့အင်္ဂလိပ်စာဌာနမှူး ဆရာL.Jကံကြီးပါ..
သူ့အမကရန်ကုန်တက္ကသိုလ်ကအင်္ဂလိပ်စာပရော်ဖက်ဆာဆရာမကြီး E.J ကံကြီးပေါ့နော်။ ——
အဲဒီစာ၂ကြောင်းက “ဦးသစ်မင်း က တစ်ချိန်က နာမည်ကြီး “မိန်းမလှကျွန်း” နဲ့များ ဆက်စပ်ခဲ့လား” ဆိုပြီး ကျွန်မ စပ်စုချင်စိတ် ကို တွန်းပါတယ်။
(ဦးဦးပါလေရာ ရဲ့ comment က ကျွန်မ အထင်ကို သေချာစေသလားပါဘဲ၊ အဲလို ဆိုရင် ကျွန်မတို့ရဲ့ အမိတက္ကသိုလ် တူလေသလား – Personal အကြောင်း ဖြစ်လို့ မေးသင့် – မသင့် ??? ;-))
ဦးသစ်မင်း က ဆရာကြီး နဲ့ အနီးကပ် တပည့်ဖြစ်ခွင့် ရတာ ကံထူးလှပါတယ်။ ဆရာကောင်း တပည့် ပီသပါပေတယ်။
ကျွန်မ ကတော့ ဆရာကြီး နဲ့ ကျောင်းမှာ စာသင်ခွင့်ရလိုက်ပေမဲ့ အရမ်းမရင်းနှီး ခဲ့ပါဘူး။
ဆရာကြီး ရဲ့ အစ်ကို funeral ကို ကျွန်မတို့ ပို့ဖြစ်ပါတယ်။
ဆရာကြီး နဲ့ ဆရာမကြီး funeral ကို တော့ ပို့ဖို့ အခွင့် မရလိုက် ခဲ့ပါဘူး။
မောင်သန်းထွဋ် ဦး
December 21, 2011 at 7:26 pm
ကိုသစ်မင်းရေ ဆေးရုံတက်မဖြေဘူးပေမယ့် ဆေးရုံကနေ ဖြေရတဲ့သူ(မကျန်းမာသူစစ်စစ်တွေ)ကိုတော့သနားမိပါတယ်။
အရေးအသားအရမ်းကောင်းပါတယ်။အားပေးဖတ်ရှုသွားပါတယ်။