“ဗုဒ္ဓဂုဏ်တော် အောက်မေ့မျှော်ရင်း ဓိဋ္ဌါန်ကုသိုလ်ပွားကြပါစို့..”

who whoDecember 20, 20111min700

အဓိဋ္ဌါန်ခြင်းနှင့် ပတ်သက်လို့ နှလုံးသွင်းသင့်ပုံလေးကို အနည်း အကျဉ်း ပြောပြပါဦးမယ်။
“ကောင်းမှုကုသိုလ်လုပ်တဲ့အခါ ငါတော့ ဘယ်နှရက် တော့ အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး စည်းကမ်း ချတဲ့ သဘောနဲ့ ဓိဋ္ဌါန်ပြီးလုပ်ရပါမယ်။
အဲလို ဓိဋ္ဌါန်နဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး ကုသိုလ်အမှုကို မပျက်အောင် တုပ်နှောင်ထားတဲ့အခါမှာ ဦးတည်ချက်က ဒီနေရာမှာ နှစ်မျိုးကွဲ သွားတယ်နော်။
တချို့သော သူတွေက အဲလို ဓိဋ္ဌာန်တဲ့ အတွက်ကြောင့် ဘာတွေဖြစ် ရပါလို၏ ညာဖြစ်ရပါလို၏ရယ်လို့ ကိုယ်ရချင်၊ လိုချင်တဲ့ အပေါ်မှာ ဆုတောင်း ကြတယ်နော်။ အဲဒါမျိုးကတော့ အကျိုးကို ဦးတည်ပြီးလုပ်တဲ့ အဓိဋ္ဌါန်လို့ သိထားကြနော်။
တနည်း အကျိုးကောင်းစေဖို့ လုပ်တာပေါ့။
တို့တွေ ခုလုပ်ကြမယ့် အဓိဋ္ဌါန်ကကျတော့ အဲလို မဟုတ်ဘူး။ တို့တော့ဖြင့် တစ်နေ့တစ်နေ့ကို ကုသိုလ်တွေ များနိုင်သမျှများအောင် ပြုကြ မယ်။
နောက်ပြီး လုပ်တဲ့ ကုသိုလ်တိုင်း အပေါ်မှာလည်း စိတ်ပါ လက်ပါ အစွမ်းကုန် ကြိုးစားပွားများလို့ အကောင်းဆုံး လုပ်ဆောင်ကြမယ်ရယ်လို့ ဦးတည်ပြီး လုပ်ကြရမှာမို့ အဲလို ဦးတည်ပြီးလုပ်တဲ့ အဓိဋ္ဌါန်ကိုကျတော့ အကြောင်းကို အဓိကထားလုပ်သော အဓိဋ္ဌါန်လို့ ခွဲသိထားကြပါ။
ဒီတော့ တို့တွေ အနေနဲ့ မှတ်ထားရမှာက ဘာအဓိဋ္ဌါန်ပဲလုပ်လုပ် အကြောင်းကောင်းဖို့သာ ဦးတည် လုပ်ဆောင်ကြရမယ် ဆိုတာပါပဲ။
ဒါလေးကို အဓိက ကနဦး စိတ်မှာ သိထားပြီးမှ တို့လုပ်မယ့် ကုသိုလ်ဦးတည်ချက်လေးကို မှန်အောင်ထားပြီး ကိုးရက်ဓိဋ္ဌါန်လေးကို မပျက်မကွက် လုပ်ဆောင်ကြပါစို့လို့ ကြိုတင် တိုက်တွန်းလိုက်ပါရစေ။

ပထမနေ့ (၂၁.၁၂.၂၀၁၁ အတွက်)
ဒီနေ့ကစလို့ ဗုဒ္ဓဂုဏ်တော်တွေ ပွားကြရအောင်ဆိုတော့ ဘယ် ဂုဏ်တော်က စပွားရမလဲလို့ ဇာတ်တော်အတိုင်း စဉ်ကြည့်လိုက်ပါတယ်။ ဗုဒ္ဓေါ ဂုဏ်တော်ကနေ စကြရမယ်ဆိုတာ ပေါ်လာပါတယ်။ ဒါကြောင့်ပဲ ဗုဒ္ဓေါ ဂုဏ်တော်ကို ဇာတ်တော်လေးနဲ့ ယှဉ်လို့ ကိုယ်သိသလောက် အခုလို ရေးချ လိုက်ပါတယ်။
ဗုဒ္ဓေါဂုဏ်တော်
လူ့လောက သဘောသဘာဝအတိုင်း အမြတ်များများ လိုချင်ရင် အရင်းများများ စိုက်ထုတ်ရမှာပါ။ ကျောင်းသားများအနေနှင့် ကြည့်မယ်ဆို လည်း ဂုဏ်ထူးလိုချင်တဲ့လူဟာ သာမာန်သမားထက်တော့ ပိုပြီး ကြိုးစားရပါ မယ်။ များများလိုချင်ရင် များများအားစိုက်ရမှာပဲဆိုတာ သိပြီးဖြစ်တယ်နော်။ လောကမှာ အမြတ်ဆုံး နှင့် အမြင့်ဆုံးဆုကို လိုချင်တယ်ဆိုရင်တော့ တန်ဖိုးနဲ့ ညီအောင် ပေးဆပ်ဖို့ ခွန်အားကြီးစွာလိုအပ်ပါတယ်နော်။ သမ္မာသမ္ဗောဓိဆု သည် လောက၌ အမြတ်ဆုံးနှင့် အမြင့်ဆုံးဆုပင် မဟုတ်ပါလော။ ဒို့ဘုရား အလောင်းတော်ဟာဘာကြောင့်များ ဒီဆုကိုလိုချင်ခဲ့ပါလိမ့်ဆိိုတော့ ကိုယ်ကျိုး မဖက် အများအကျိုးအတွက် ရှေ့တန်းတင်ခဲ့လို့ပါပဲ။ ကိုယ်ကျိုးတစ်ခုတည်း ကိုသာ ကြည့်တတ်တယ်ဆိုရင် ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တော် အခါ ကတည်းက လွတ်အောင်ရုန်းခဲ့မှာပေါ့နော်။ ခုတော့ဖြင့်….
ဒီပင်္ကရာမြတ်စွာဘုရား ကြွတော်မူမယ်လို့လည်း ကြားရော ရွာသူ ရွာသားတွေဟာ အင်တိုက်အားတိုုက် လမ်းခင်းကြတယ်လေ။ အဲဒီအချိန်မှာ သုမေဓါရှင်ရသေ့ဟာ မြတ်စွာဘုရား ကြွမယ်ဆိုတဲ့ သတင်းကို ကြားတဲ့အချိန် မှာ သူလည်း ဘုရားကြွဖို့ လမ်းဖောက်တဲ့ နေရာမှာ အများနည်းတူ ကိုယ်တိုင် လုပ်အားဒါနဖြည့်ခဲ့တယ်။ တကယ်တော့ သူဟာဈာန်ရပြီးရသေ့တစ်ပါးဖြစ် တယ်နော်။ သူ့ရဲ့ဈာန်တန်ခိုးနဲ့ ဆိုရင် ဒီလမ်းဟာ တခဏချင်းအတွင်း ပြီးမြောက်သွားအောင် သူစွမ်းနိုင်ပါတယ်နော်။ ဒါပေမယ့် သူ့ရဲ့လုပ်အားနဲ့ ပါဝင်ချင်တာကြောင့် ဈာန်တန်ခိုးကို မသုံးခဲ့ဘူးလေ။ အင်း မျက်လုံးထဲ မြင်မိ တာတော့ မြေတွေသယ်…ကျောက်တွေချနဲ့ ချွေးတလုံးလုံးနဲ့ အားသွန်ခွန်စိုက် ကို လုပ်အားပေးနေမှာပေါ့နော်။ အဲလို လုပ်လို့ လမ်းအပြည့်မပြီးသေးခင်မှာပဲ မြတ်စွာဘုရားကြွတော်မူလာပါပြီ။ လမ်းက ဖောက်တုန်းပေမယ့် ပြီးတော့ ပြီး တော့မှာပေါ့နော်။ ဒါနဲ့ ခင်းဖို့ ကျန်တဲ့ နေရာအပြည့်ကို သူ့ကိုယ်လုံးနဲ့ လှဲချ လိုက်ပြီး လမ်းသဖွယ်အသုံးပြုပါဘုရားလို့ လျှောက်ခဲ့တယ်လေ။ အဲဒီမှာပဲ မြတ်စွာဘုရားရဲ့ ခြေတော်ရင်း ဝပ်ဆင်ပြီး ငါးဆိုင်သော ရွှေကြာခိုင်ဖြင့် သမ္မာသမ္ဗောဓိ ဆုထူးကို ဆွတ်ခူးခဲ့တယ်။ တစ်ကိုယ်တည်း နိဗ္ဗာန်ဆု ယူမည် ဆိုလျှင် အလွယ်တကူ ယူနိုင်စွမ်းပါသော်လည်း သံသရာ၌ နစ်မွန်းမြောပါကုန် သော ဝေနေယျ သတ္တဝါအပေါင်းတို့ကို သနားကြင်နာ၍ ကယ်တင်လိုတာ ကြောင့် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူ ဖြစ်ဖို့ ဆုတော်ပန်ဆင်ခဲ့တယ်နော်။ ဘဝ ပေါင်းများစွာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလတိုင်အောင် ပင်ပန်းဆင်းရဲ စွာပါရမီတွေဖြည့်ကျင့်ရမှာနော်။ အားလုံးစဉ်းစားကြည့်ပေါ့။ ဘယ်လောက် တောင် ပင်ပန်းဆင်းရဲ ခံရလိမ့်မလဲဆိုတာ။ ဒါပေမယ့် ပင်ပန်းချင်ပင်ပန်းပါစေ။ ကိုယ်ကျိုးမငဲ့ပဲ အနစ်နာခံပြီး သစ္စာလေးပါးမြတ်တရားကို ကိုယ်တိုင်လည်း သိအောင်ကြိုးစားတော်မူခဲ့သလို သတ္တဝါများကိုပါသံသရာကနေ လွတ်မြောက် အောင် ထုတ်ဆောင်ခဲ့တဲ့ ဒို့ ဗုဒ္ဓရဲ့ အနှိုင်းမဲ့ ဂုဏ်တော်ဖြစ်တဲ့ ဗုဒ္ဓေါဂုဏ်တော် ကို စိတ်မှာ ထင်အောင် အာရုံပြုလို့ ပွားများကြပါစို့လား။

ဗုဒ္ဓေါ – သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောတော်မူသော မြတ်စွာဘုရား။ (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ နှင့် မဂ္ဂသစ္စာဟု ဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင် လည်းသိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာ ဘုရား)

ဗုဒ္ဓေါဂုဏ်တော်ကို ပွားများရင်း ကိလေသာ အညစ်အကြေးများ ကင်းလျက် စိတ်ကြည်လင်လန်းဆန်းနိုင်ကြပါစေ။

မှတ်ချက်။ ။ ကျနော်နားလည်ထားသလို ရေးသားဝေမျှရပါသောကြောင့် လိုအပ်ချက်များရှိပါက ပြုပြင်လမ်းညွှန်နိုင်ပါကြောင်း။
နက်ဖြန်အတွက် တစ်ရက်စာ ကြိုလို့ ဂုဏ်တော်တစ်ပါးချင်းစီအား ဖြစ်တော်စဉ်နှင့် ချိန်ကာ ဉာဏ်မှီသလောက် ပွားများနိုင်ရန်အလို့ဌာ ဝေမျှလိုက်ရပါတော့သည်။