ဆီမီနာ(၂)ကိုပြန်လည်ဆွေးနွေးခြင်း (၃)
–
၄။ …. “ဟိုလူ့လက်ညှိုးထိုး၊ သည်လူ့လက်ညှိုးထိုး အကျင့်ပါနေသော ………”
ဟုတ်ပါတယ်ခင်ဗျ…။
အဲဒါ ကျွန်တော်ပါခင်ဗျာ…။
စကားပုံအရှိသားမဟုတ်လား – “လူမတန် ကံ ချ” တဲ့…
ရှိပြီးသားစကားပုံလေး မသုံးလိုက်ရရင် နှမြောစရာကြီး။
ကိုယ်အဆင်မပြေမှု့တွေ တွေ့ကြုံ ကြားသိ ရလေတိုင်း –
ကိုယ့်လိုအင်ဆန္ဒတွေမပြည့်လာလေတိုင်း-
ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေ မဖြစ်လာလေတိုင်း-
လူတွေမှ စည်းကမ်းမရှိတာ…. အုပ်ချုပ်သူတွေက ဘာဖြစ်တာ….
ရာသီဥတုကဘယ်လို… ရေခံမြေခံတွေကဘယ်လို…
တရုတ်တွေကဘာလုပ်လို့ ကုလားတွေကဘာလုပ်လို့
အဲသလို အဲသလို သူများလွှဲချရတာ တော်တော်အဆင်ပြေပါတယ်။
ဒါပေမယ့် ဒါပေမယ့် – ကြာလာတော့လေ-
ကိုယ်ပေးတဲ့ဆင်ခြေတွေ ပတ်လည်ဝိုင်းလာပြီး
ကိုယ့်ကိုယ်ကို ပိတ်လှောင်မိလျှက်သား ဖြစ်နေတော့တယ်။ ကိုယ့်ကိုယ်ကို ဖုံးကာထားမိလျှက်သားဖြစ်နေတော့တယ်။
ပြီးတော့ ကိုယ့်တိုးတက်မှု့တွေလုပ်ဆောင်ဘို့လမ်းကြောင်းမှာ-
ကိုယ့်ကိုယ်ကို ပိတ်ဆို့ ကာဆီးမိလျှက်သားဖြစ်နေတာ တွေ့ရပါတော့တယ်။
အဲဒီတော့မှ ကိုယ်လဲ ကိုယ်လက်ညှိုးထိုးခဲ့သောအကြောင်းအရာများနဲ့ ပူးပေါင်းမိလျှက်သားဖြစ်နေကြောင်း သတိပြုမိပါတော့တယ်။
သူများကိုလုပ်စေဖြစ်စေချင်တာတွေ ကိုယ်ကိုယ်တိုင်ရော ဘယ်လောက်လုပ်နေမိပါသလဲ ??
သူများကြောင့်ကိုယ်မခံယူချင်တဲ့ကိစ္စမျိုးတွေ သူများအပေါ်ကိုယ်ဘယ်လောက်ပြုမူနေမိပါသလဲ??
ငယ်ငယ်က အဖြစ်လေးတခု ပြန်သတိရမိတယ်။
အဲဒီတုန်းက ကျွန်တော်က ကလေးဘဝပဲရှိသေးတယ်။ လူကြီးတချို့နဲ့အတူ အနီးအနားက မြို့လေးတမြို့ဆီ
ကုန်ရထားတွဲကြီးစီးပြီး သွားရမယ့်ခရီးစဉ်တခုပေါ့။
ဘူတာရုံမှာထိုးထားတဲ့ ကုန်ရထားတွဲကြီးထဲက (ပစ္စည်းတွေမပါတဲ့) တွဲလွတ်တခုပေါ်တက်စီးဘို့ စီစဉ်ကြပါတယ်။
ကုန်ုရထားတွဲဆိုတာ ခုံတွေမပါပဲ ကြမ်းပြင်ချည်းသက်သက်သာ ရှိတာပါ။
တွဲပေါ်လဲတက်လိုက်ရော တွဲထဲမှာ ..အရမ်း အရမ်းကို ညစ်ပတ်နံစော်ပြီး အမှိုက်တွေက ဖွေးဖွေးလှုပ်နေပါတယ်။
ဒီရထားကြီး ဘယ်လိုလုပ်စီးရပါ့မလဲနော်။ ကျွန်တော်ဖြင့် တော်တော့ကို စိတ်ညစ်သွားပါတယ်။
ဒါပေမယ့် လူကြီးတွေကတော့ တွန့်ဆုတ်မနေပါဘူး။ ရွေးစရာလဲမရှိဘူးလေ။
ဒီတွဲနဲ့ပဲလိုက်ရမှာ။ ဒီတွဲပေါ်ပဲ ထမင်းစားရမှာ။ ဒီတွဲပေါ်ပဲ တရေးတမောအိပ်ရင်း ခရီးသွားရမှာလေ။
ရထားတွဲပေါ်ကို လူဆယ့်ငါးယောက်လောက် တက်လိုက်ကြတယ်။ နေရာတွေ ခွဲဖြန့်ပြီး နေရာယူလိုက်ကြတယ်။
ပြီးတော့ ကိုယ်ထိုင်မယ့် နေရာတဝိုက်ကို အမှိုက်တွေရှင်း၊ ဖုံတွေသဲတွေကိုလှည်း၊
ပြီးတော့မှ ကြမ်းပြင်ကို သတင်းစာစက္ကူဟောင်းတွေနဲ့ တိုက်ချွတ်သုတ်သင်လိုက်ကြတယ်။
မိနစ်အနည်းငယ်အတွင်းမှာပဲ ကိုယ့်နေရာကွက်ကွက်လေးကို ကိုယ်စီရှင်းလိုက်ကြတဲ့ ခရီးသည်တစုကြောင့်
ရထားတွဲကြီးတခုလုံး ပြောင်စင်သန့်ရှင်းသွားပါတော့တယ်။
ကျွန်တော့်အဘွားက လိပ်ပြီးချည်တုတ်လာတဲ့ သင်ဖျာပါးပါးလေးကို ကိုယ်ရှင်းထားတဲ့နေရာလေးမှာ ချခင်းတယ်။
ရေပုလင်းထဲက ရေတခွက်သောက်တယ်။ ဆေးပေါ့လိပ်ကြီးထုတ်ပြီး ဖွာတယ်။
ပြီးတော့ ကျွန်တော့်ကို ဘဲဥပြုတ်လေးနဲ့ ဆားထုပ်လေး ထုတ်ပေးပြီး စားစေပါတယ်။
မီးရထားကြီး တဂျုံးဂျုံးခုတ်မောင်းသံကြားမှာ
တက်ညီလက်ညီ ကိုယ့်တာဝန်ကို်ယ်ယူရင်း နေပျော်တဲ့နေရာထိုင်ခင်းလေးတခု ဖန်တီးခဲ့ကြတဲ့ ခရီးသွားတစုနဲ့အတူ
ကျွန်တော်လဲ ပျော်ပျော်ကြီးခရီးဆက်ခဲ့ပါတော့တယ်။
အင်း……..
ကြီးလာတော့မှပဲ …
သူများတာဝန်တွေ လက်ညှိုးထိုးရင်း…
ကိုယ့်တာဝန်တွေ ကိုယ်မေ့နေမိတော့တာ………………။
16 comments
ငပေါက်ဖော်
December 26, 2011 at 7:38 pm
အဲဒီအကျင့်တွေ မဖျောက်နိုင်တာ ခက်တယ်..ဦးပါရေ့
ဦးဦးပါလေရာ
December 26, 2011 at 11:48 pm
ကိုပေါက်ဖေါ်ရဲ့
ကျွန်တော်က အဆိုးဆုံး
ကျွန်တော့ကွန်မင့်တွေဖတ်ကြည့်- သူများချည်း အပြစ်ရှာထားတာ 🙂
MaMa
December 26, 2011 at 8:05 pm
လက်ညှိုးထိုးတာ အကျင့်ပါနေလို့ ပြောရဦးမယ်။
ဆီမီနာ(၂)ကိုပြန်လည်ဆွေးနွေးခြင်း (၂) ပျောက်နေတယ်။ 😆
ဦးဦးပါလေရာ
December 26, 2011 at 11:52 pm
မမ ရေ
ဆီမီနာ(၂)ကိုပြန်လည်ဆွေးနွေးခြင်း (၂)ကို ရေးပြီးမှ draft မှာ save ပြီးမှ (တကယ့်အဖြစ်တွေရေးတာဆိုတော့) နာမည်တွေပါနေလို့ ပြန်ဖျက် ပြန်ပြင်ရပြန်တယ်။
ပြီး – ပြန်ဖတ်ကြည့်တော့ သိပ်မကြိုက်တော့လို့ ဒီအတိုင်းပဲထားလိုက်တာ။
draft ထဲတင်ပြီးသားဆိုတော့ အပြီးဖျက်ထုတ်လို့လဲ မရပြန်ဘူး။
weiwei
December 26, 2011 at 8:24 pm
ကျွန်မလဲ ဘာလုပ်လုပ် ဆင်ခြေအမြဲပေးလေ့ရှိပါတယ် … အချိန်ဆွဲတတ်တဲ့အကျင့်လဲရှိတယ် …
ကြာလာတော့ ကိုယ့်လိပ်ပြာကိုယ်မလုံဖြစ်လာတယ် …
နှစ်တွေကြာလာတော့ ဒီအကျင့်တွေက ပိုခိုင်မြဲလာတယ် … ပြန်ပြောင်းဖို့ အတော်အချိန်ယူလေ့ကျင့်ရမှာဖြစ်ပေမယ့် အဲဒီလိုလုပ်ဖို့စဖို့ကို အရှိန်ယူလို့မရဖြစ်ပါတယ် …
အဲဒါတွေကြောင့် အခုထိ ဝင်မဆွေးနွေးနိုင်သေးတာဖြစ်ပါတယ် …
ဦးဦးပါလေရာ
December 26, 2011 at 11:54 pm
ကျွန်တော်လဲ အလားတူပါပဲ မဝေဝေရေ။
ဒါ့ကြောင့် ဆရာသစ်ရဲ့ပိုစ့်ကို ပြန်ရေးရင်း သူများရေးတာတွေလဲဖတ်ပြီး
အားပြန်ယူမလို့ ကြံနေတာဗျာ။
thit min
December 26, 2011 at 11:32 pm
ကိုကြီးပါလေရာရေ
အဲဒီလိုမျိုး ရထားကို သစ်မင်း ဘဝမှာလည်း “တခါ” စီးဘူးပါတယ်။
ကျနော် စီးတုန်းက “ပိုဆိုး” ပါတယ်။
မိုး ပါရွာနေလို့ပါ။
အဖွားကြီးတွေ၊လူကြီးတွေက သူတို့မှာ ပါလာတဲ့ မိုးကာ တာလပတ်လို ဟာမျိုးလေးတွေနဲ့
တဦးကိုတဦး ကြင်ကြင်နာနာဖေးဖေးမမ ရှိနေလိုက်ကြပုံများ ဝမ်းသာစရာ ကြည်နူးစရာကြီးပါ။
မိုးထဲလေထဲ ခရီးရှည်ဆိုတော့ ပါသမျှလေးတွေကိုပါ မျှဝေကြွေးသေးတာနော်။
စားကောင်းသောက်ဖွယ်မဟုတ်ပေမဲ့ တော်တော်တန်ဖိုးရှိတဲ့ ထမင်း(စားစရာ)ပေါ့ဗျာ။
{မတန်မရာနှိုင်းတာတော့မဟုတ်ပါဘူး၊စေတနာတန်ဘိုးချင်း တူလို့ပြောရရင်တော့
အမေစုတို့ ဒလ မှာ ပိတ်မိနေတုန်းက ထမင်းကြမ်းခဲနဲ့ငါးပိရေနယ်ပြီးလာပို့တယ်ဆိုတဲ့ စေတနာထမင်းမျိုးပေါ့ဗျာ}
~~~~~~~~~~~~~~~~~~~~
အဲဒီ ကုန်ရထား တခါစီး လိုက်ရတာ
လောကမှာ “ဘာအရေးကြီးဆုံးလဲ”လို့ သစ်မင်းရခဲ့ ဘူးတဲ့ သင်ခန်းစာတခုပါဘဲ။
“မေတ္တာဖြင့် ”
မောင်သစ်မင်း(^^)
ဦးဦးပါလေရာ
December 27, 2011 at 12:02 am
အချင်းချင်း မေတ္တာ စေတနာနဲ့ ကြည့်ဖြစ်တဲ့အခါ – အပြစ်မြင် အပြစ်တင်တဲ့ စိတ်တွေလဲ လွင့်ပါးသွားတော့တာပါ ကိုသစ်ရေ။
ဘဝမှာ တန်ဘိုးရှိတာလေးတွေကို တန်ဘိုးသိခွင့်ရတာ ကျေနပ်မဆုံးပါဗျာ။
inz@ghi
December 27, 2011 at 12:29 am
ဦးပါလေရာရေ …
ဂီမကြာခန ရထားစီးဖူးတယ်ဗျ.
ပြီး ..ချတွက်ဖူးတယ်ဗျာ…သူတို့တွေအ ကြောင်း……
ကြုံကြိုက်မှ ဒီတေးလ်ရေးတော့မယ်နော်.
ခင်တဲ့
ဂီ
ဦးဦးပါလေရာ
December 27, 2011 at 8:04 pm
ဂီဂီ …
ဇိမ်ဘုန်းကြီးဝတ်ပြီး
ဇိမ်ခံရထားကြီးကို
ဇိမ်ရှိရှိ စီးတယ်လား။
နောက်ခွစ်စမတ်ကို မြန်မာပြည်ပြန်ခဲ့
ဂီ့အတွက် မြို့ပတ်ရထားပေါ်မှာ ထန်းရည်ပါတီပေးမယ်….:) 🙂
Khin Latt
December 27, 2011 at 6:59 am
ဦးဦးပါလေရာရှင့် – အကယ်၍များ ရထားပေါ်မှာ ကိုယ်ရှင်းထားတဲ့နေရာကို သူများက လာပြီး အမှိုက် ထပ်ထပ်ဖွသွားရင်ရော – (jk ;-))
ကုန်ရထားကြီး အကြောင်း နဲ့ ဥပမာ ပေးထားတာကို သဘောကျမိပါတယ်။ လူအများစု ကတော့ ကောင်းတာကို လိုက်လုပ်ဖို့ ဝန်လေးမှာမဟုတ်ကြပါဘူး။
kai
December 27, 2011 at 7:38 am
ရုပ်ကြမ်းနဲ့.. သက်လတ်တန်း ယောက်ျားကြီးတယောက်.. ရွံ့တွေပေနေတဲ့.. ဖိနပ်ကြီးနဲ့တက်လာ..။
ဖျာအစွန်းနေရာလေးမှာ ခပ်တည်တည်နဲ့ထိုင်..
ကွမ်းတဗြစ်ဗြစ်ဝါးရင်း.. ကွမ်းသွေးတွေကို.. ရထားတွဲထောင့်လေးမှာ” ဗြမ်းကနဲ့” ထွေးချ..။ အနားကခရီးသည်ဆီက..”အဲဒီနားချထားတဲ့.. ရေဗူးလေးခဏလောက် ပေးပါလား”လို့.. မျက်နှာချိုချိုနဲ့တောင်း..။
အပေါက်ဝသွား..။
ပါးစပ်ထဲ.. ရေတွေ “ဂလုဂလု-ဂရော ဂရော”မည်အောင်ပလုပ်ကျင်းပြီး.. တွဲပြင်ခေါင်းထုတ်လို့.. “ဖူး…”ဆိုထွေးထုတ်လိုက်ရော..ကွမ်းသွေး ရေစတွေက.. လေနဲ့အတူတူ အနှံ့လွင့်သွား..
တွဲထဲပြန်ဝင်..
ဆေးပြင်းလိပ်ကြီးထုတ်..။
ဦးပါလေရာ့အဖွားဆီက.. မီးချစ်တောင်း..
အားရပါးရ ဖွာချလိုက်တဲ့အခါ…
ဘေးနားက ဆေးလိပ်မီးခိုးကြောင့်.. ချောင်းတဟွတ်ဟွတ်ဖြစ်ကုန်တဲ့.. ကလေးတွေတအုပ်ကြီးနဲ့.. မိဘတယောက်က .. သူ့မိန်းမနား ကပ်ပြောလိုက်ပုံက..
“ကံမကောင်းဘူး..။ ရှေ့ဘူတာရပ်ရင်.. နောက်တတွဲပြောင်းစီးရအောင်”တဲ့..။
မိန်းမပြန်ပြောတာက..
“ရှင်ခရီးသွားခါနီး ဘုရားကို သီးစုံကပ်ပြီး.. သေသေချာချာ ဆုမတောင်းခဲ့ဘူးထင်တယ်…”တဲ့..။ 🙂
( စိတ်မဆိုးပါနဲ့နော..။ ဦးနှောက်မုန်တိုင်းဆင်နိုင်အောင် ဖြည့်ပေးတာလေးပါ..)
ကြောင်ကြီး
December 27, 2011 at 11:52 am
လောကဖြစ်စဉ်တွေ ကြည့်လိုက်ရင် အကောင်းထဲကအကောင်း၊ အဆိုးထဲကအဆိုး၊ အကောင်းထဲမှအဆိုး၊ အဆိုးထဲမှအကောင်း လေးမျိုးထွက်ပါတယ်။ သူတပါးကို လက်ညှိုးထိုးခြင်းသည် မကောင်းတဲ့အကျင့်အဖြစ် လက်ခံကြပေမဲ့ ပြင်နိုင်ခဲတယ်။ အကောင်းမရှိလို့ အကောင်းလိုက်ရှာမလား၊ အဆိုးထဲက အကောင်းရှာမလား စဉ်းစားသင့်ပါတယ်။ ဆက်တွေးရင် သူတပါးအပြစ် လိုက်ရှာတာကို စွန့်ဖို့အားထုတ်မလား၊ ဒါမှမဟုတ် သိတတ်သူများမှ အားတခုအဖြစ် (ဥပမာ – brain storming အတွေးအခေါ်ပွင့်လင်းမှု) သို့ပြောင်းလဲပြီး တူရာတူရာအမြင်များစုစည်းကာ ကိုယ့်အပြစ်ကိုယ် မြင်တတ်ဖို့ဖြစ်ပါတယ်။ လက်ရှိတိုင်းပြည် ဓလေ့စရိုက် အရင်းအမြစ် အနေအထားတို့နဲ့ စပ်ဆက်တွေးကြည့်ဖို့ပါ။။။။။
Novy
December 27, 2011 at 12:15 pm
quote.
ဦးဦးပါလေရာရှင့် – အကယ်၍များ ရထားပေါ်မှာ ကိုယ်ရှင်းထားတဲ့နေရာကို သူများက လာပြီး အမှိုက် ထပ်ထပ်ဖွသွားရင်ရော –
ခင်လတ်ရဲ့ စာသားလေးကို quote လိုက်ပါတယ်
မနို မကြာသေးခင်က ဝယ်လိုက်တဲ့ တိုက်ခန်းလေးရဲ့ လှေခါးခွင်တွေက အမှိုက်တွေနဲ့ လှေခါးဒေါင့်တွေမှာ
ကွမ်းသွေးတွေ ထွေးထားတာ ရစရာကို မရှိပါဘူး
တက်ရမှာတောင်ရွံပါတယ်
ကိုယ်ကလဲနေရာလေးကြိုက်လို့ ဝယ်ပြီးပြီဆိုတော့ လှေခါးတွေအကုန်လုံးကို အမှိုက်တွေ ရှင်းပါတယ်
လှေခါး ဒေါင့်တွေက ကွမ်းသွေးတွေပျောက်အောင် ထုံးတစ်ပုံးဝယ်ပြီး သုတ်လိုက်ပါတယ်
တစ်ပါတ်မခံပါဘူး ထက်ပြီးထွေးကျပြန်တယ်
အိမ်မှာအလှူရှိတော့ ထက်သုတ်လိုက်ပြန်ပါတယ်
ဒီနေ့လဲ ရုံးသွားမလို့ဆင်းမယ်လိုက်တော့ မျက်လုံးကကြည့်မိပြန်တယ်
ကိုယ့်လှေကားရော အပေါ်လှေကားမှာပါအမှိုက်တွေပွပြီး
ရှုတ်နေတာပဲ
အပေါ် နှစ်ထပ်မှာတော့ ကောင်မလေးတွေ ကောင်လေးတွေ စုပြီးငှားနေကျတယ်လေ
ဆင်းလာရင်တော့ ကော့နေတာပါပဲ စည်းကမ်းမရှိတာကလွဲပြီးရင်
မနိုလဲ ပေါက်ပေါက်ဖေါက်ပြီးလှေကားက ဆင်းလာလိုက်တယ်
မျက်နှာမှာ သနခါး ပေါင်မှာသေးကြောင်းနဲ့ ဆိုတဲ့
အဖွားမသေခင်ကပြောခဲ့တဲ့ စကားလေးကို ပြန်ကြားယောင်ရင်း..
ဦးဦးပါလေရာ
December 27, 2011 at 8:00 pm
ဟော… တွေ့ပြီ တွေ့ပြီ
သူကြီးမင်းဖမ်းပေးမှ တရားခံမိတော့တယ်…။
တခါတလေ စဉ်းစားရခက်မိခဲ့တယ်။
မျိုးဆက် နှစ်ဆက်လောက်အတွင်း
ကျွန်တော်တို့ ရဲ့ နေထိုင်ပြုမူပုံ လူမှုှုစရိုက်တွေ
ဘယ့်နှယ်ကြောင့်ဒါလောက်တောင် ပြောင်းသွားရသလဲ…လို့။
တကယ်တော့ အေးအေးချမ်းချမ်း ညီညီညွတ်ညွတ်ရှိနေတဲ့ ကိုယ့်ဝန်းကျင်ကို
ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေ ဝင်လာခဲ့ရင်
ရိုင်းပြကြမ်းတမ်းသူတွေ ဝင်လာခဲ့ရင်
စည်းမဲ့ကမ်းမဲ့စရိုက်ဆိုးရှိသူတွေ ဝင်လာခဲ့ရင်
စဝင်လာစဉ်မှာပဲ ညီညီညွတ်ညွတ်နဲ့ ကန့်ကွက်ရမှာ၊ တားဆီးရမှာ၊ ကာကွယ်ရမှာ၊ ပြုပြင်ရမှာ
ကျွန်တော်တို့ တာဝန်စစ်စစ်ပါပဲ။
မခင်လတ်နဲ့ မနို ပြောသလို စည်းကမ်းမဲ့သူတွေ ကိုယ့်ဝန်းကျင်ကိုထိပါးလာရင် ကိုယ့်ဝန်းကျင်က လူတွေကိုပဲစည်းရုံးပြီး ညီညီညွတ်ညွတ်နဲ့ ကန့်ကွက်တားဆီးသွားဖို့ လုပ်ရမှာပါပဲ။ အရင်က ကျွန်တော်တို့တွေ ပျော့ညံ့ခဲ့လို့ လျစ်လျူရှုခဲ့လို့ ကျွန်တော်တို့လူမျိုးရဲ့ စရိုက်ဟာ တော်တော်ဆိုးရွားနေပါပြီ။ ပိုပြီး ထပ်ပြီး ဆိုးရွားလာဘို့ကို ကျွန်တော်တို့ ခွင့်မပြုသင့်တော့ပါဘူး။
“တာဝန်ရှိသူဟာ ကျွန်တော်တို့ ကိုယ်တိုင်ပါ။”
ကိုယ့်ကိုလာမထိမချင်း ကိုယ်နဲ့မဆိုင်သလိုနေမိတာတွေ ကြာလာတဲ့အခါ
ကိုယ့်အသိုက်အမြုံတခုလုံး ပြောင်းလဲ ပျက်စီးသွားတော့မှ
စိတ်ဆိုး စိတ်ပျက် စိတ်နာ စိတ်ထိခိုက်ပြီး သူတကာကို လက်ညှိုးထိုး အပြစ်ပုံချနေတာ မမှန်ပါဘူး။
တကယ်တော့ ကိုယ်စိုက်ပျိုးခဲ့တာတွေကိုပဲ ကိုယ်ရိတ်သိမ်းနေကြရတာပါ။
ကံတွေကို ပုံချဘို့ ကံတွေကောင်းအောင် ဆုတောင်းဘို့ထက်
ကံကောင်းတွေ ကိုယ်တိုင်လုပ်ပြီး ကိုယ်လိုချင်တဲ့ဆုကို ကိုယ်တိုင်လုပ်ယူရမှာပါ။
သူကြီးပြောတာ အမှန်ပါ။
—-
“…..ကိုယ့်အပြစ်ကိုယ် မြင်တတ်ဖို့ဖြစ်ပါတယ်။ လက်ရှိတိုင်းပြည် ဓလေ့စရိုက် အရင်းအမြစ် အနေအထားတို့နဲ့ စပ်ဆက်တွေးကြည့်ဖို့ပါ“
အင်မတန် လက်တွေ့ကျတဲ့ သုံးသပ်ချက်ပါပဲ ကိုကြောင်ကြီးရေ။
ပြုပြင်ချင်တယ်ဆိုရင် တကယ်လက်ငင်း ရှိနှင့်ပြီးသား အခြေနေတွေကိုသာ အခြေခံရမှာပါ။
ကိုကြောင်ပြောသလို- အဆိုးထဲက အကောင်းဖြစ်အောင် အမြတ်ပြန်ထုတ်ရမှာ…..။
ကိုပေါက်(မန္တလေး)
December 27, 2011 at 10:44 pm
ဒီလိုစည်းကမ်းပျက်တာကတော့ လူတိုင်းလူတိုင်းသည်ခေတ်နဲ့စံနစ်ကို အပြစ်ပုံချရင်း
မိမိမှားယွင်းမူ့ကို သူတစ်ပါးမှားယွင်းလောက်မဆိုးဟု သုံးသပ်ရင်း
အားလုံးသည် အဆိုးဘက်ကိုဦးတည်သွားတာပါ။
ဖတ်ဘူးတဲ့ဝတ္တုလေးကို ပြန်ဖောက်သည်ချချင်ပါတယ်။
ဘယ်သူရေးတယ်ဆိုတာတော့ သတိမရတာ ခွင့်လွှတ်စေလိုပါတယ်။
လူတစ်ယောက်စားသောက်ဆိုင်မှာ စားသောက်နေရင်း အိမ်သာတက်ပါတယ်။
သူ့အရင်လူက အိမ်သာကိုရေမလောင်းခဲ့ပါဘူး။
သူက အရင်လူကို ပက်ပက်စက်စက်ကျိန်ဆဲရင်းအိမ်သာတက်ပါတယ်။
နောက် သူကိစ္စပြီးလို့ သူအပြင်ထွက်လာချိန်နောက်တစ်ယောက်အိမ်သာ
ထဲဝင်သွားတာကို မြင်မှ သူလဲ အိမ်သာကိုရေမလောင်းမိခဲ့တာကို သတိရပါသတဲ့။
တကယ့်ကိုလှလို်က်တဲ့ အခင်းအကျင်းလေးပါ။
ကျနာ်တို့သည်သူများမလုပ်တာကို အပြစ်တင်ရင်း ကျနော်တို့ကိုယ်တိုင်လည်းမလုပ်နိုင်တာကိုမေ့နေပါတယ်။
အများသုံးတဲ့ အိမ်သာလိုနေရာမျိုးမှာ ရှေ့ကလူက သူ့ကိစ္စသူမရှင်းခဲ့ရင်
အပြစ်မပြောဘဲ အသံတိတ်တိတ်လေးနဲ့ သန်ရှင်းရေးလုပ်ပေးနိုင်တဲ့စိတ်ကိုမွေးနို်င်မယ်ဆိုရင်
…………………………………………