ဆီမီနာ(၂)ကိုပြန်လည်ဆွေးနွေးခြင်း (၄)
၅။ “……………………………အကျင့်ပျက်နေသောစိတ်ဓါတ်များ…………”
အခုနောက်ပိုင်းမှာတော့ဖြင့် လူတွေကြားထဲမှာ အကျင့်စာရိတ္တပျက်ပြားနေတာတွေ စိတ်ဓါတ်ပျက်ပြားနေတာတွေကလဲ အဆန်းမဟုတ်တော့သလိုပဲ။
ဘာလို့လဲလို့ အကြောင်းရှာကြည့်ရင် စိတ်ဓါတ်ကောင်းတွေ စာရိတ္တကောင်းတွေကို တန်ဘိုးမထားကြတော့တာလဲ အရေးကြီးတဲ့ အချက်တခုပါပဲ။
ဘာကြောင့်တန်ဘိုးမထားကြတော့တာလဲလို့ ခြေရာထပ်ကောက်ရင် – ဒီခေတ်ကြီးမှာ အဲဒါတွေက အသုံးကျပုံမရတော့လို့ .. ဆိုပြီး အဖြေတခုရလာပါတယ်။
ဥပမာတခုပြောရရင် လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်အထိ သူတပါးပစ္စည်းခိုးတာ အလွဲသုံးစားလုပ်တာကို ကျွန်တော်တို့ လူမှု့ဝန်းကျင်မှာ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြတယ်။ ရှုတ်ချကြတယ်။ အစိုးရ / သမဝါယမ ဝန်ထမ်းတယောက် စာရင်းစစ်ဝင်လို့ အလွဲသုံးစားလုပ်တာ ပေါ်ပေါက်ပြီဆိုရင် လျော်တာမလျော်တာထားလို့- အရေးယူတာမယူတာထားလို့- သူနေတဲ့ရပ်ကွက်ထဲတောင် ကောင်းကောင်းမနေနိုင်တော့ဘူး။ သူ့ကို လူတွေက အပြစ်မြင်ကြတယ် ၊ ရှောင်ကျဉ်ကြတယ် ၊ လက်မခံကြောင်းပြကြပါတယ်။ သူ့သားသမီးတွေလဲ ကျောင်းတက်ရတာ မဖြောင့်တော့ဘူး။ သူ့ဇနီးတောင် ဈေးဝယ်ရတာ အဆင်မပြေတော့ဘူး။
ကောက်ချက်က – အဲဒီအချိန်တုန်းက ခိုးတာကို လူတွေလက်မခံကြဘူး။ ဆန့်ကျင်ကြတယ်။ ဒါကြောင့် ခိုးတဲ့သူနဲတယ်။ အလွဲသုံးစားလုပ်တဲ့သူနဲတယ်။
ခိုးတာကို အလွဲသုံးစားလုပ်တာကို ဘာလို့ လူတွေလက်မခံတာလဲ?
အများစုက မခိုးကြ အလွဲသုံးစားမလုပ်ကြလို့။ အဲလိုနေပြီးတော့လဲ အသက်မွေးလို့ရ ထမင်းစားလို့ရလို့ပါပဲ။
အဲဒီအဆိုအတွက် လက်တွေ့ဖြစ်ရပ်တခုကို သက်သေတင်ပါမယ်။
ကျွန်တော့မှာ ခေါင်းမာတဲ့ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။
သူက ဖျော်ဖြေရေးနဲ့ဆိုင်တဲ့လုပ်ငန်းတခုကို လုပ်ပါတယ်။
အဲဒီလုပ်ငန်းရဲ့သဘောသဘာဝက-
ဧည့်သည်တွေကို ရိုရိုသေသေ ကျိုးကျိုးနွံနွံ ဆက်ဆံရမယ်။ တတ်နိုင်သလောက် အလိုလိုက်ရမယ်။
ဝန်ထမ်းတွေလခကို နဲနဲပဲပေးထားတယ်။ ဝန်ထမ်းတွေရဲ့အဓိကဝင်ငွေက ဧည့်သည်ဆီကမုန့်ဘိုး။
ဧည့်သည်ကို ရော ပေါင်း မြှောက် ပင့် ညာစား။ မုန့်ဘိုးတောင်း။ တခြားနည်းနဲ့လဲ အကြံအဖန်လုပ်။
အိုကေ –
အဲဒီလုပ်ငန်းနယ်ပယ်ထဲကို ငတ်ချင်တဲ့ ဂွဂလန့်တယောက်(ကျွန်တော့်သူငယ်ချင်း)
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က စဝင်လာပါတယ်။
သူ့ရဲ့ ခံယူချက်က လုပ်ငန်းလဲ အဆင်ပြေ(ရပ်တည်နိုင်)ရမယ်။
ရတဲ့ဝင်ငွေကလဲ သန့်ရမယ်။ ဝန်ထမ်းတွေကိုလဲ အကျင့်စာရိတ္တကောင်းပြီး
ရဲရင့်ကြံ့ခိုင်အောင် မွေးမြူပေးမယ် ….တဲ့။ ဖြစ်နိုင်ပါ့မလား….? ငတ်သေသွားမလား?
ဖြစ်နိုင်ပါတယ်။ လက်တွေ့ ဖြစ်နေပါတယ်။ ငတ်မသေသေးပါဘူး။ (ပရုတ်လုံးဖြစ်ပြီး ဖြူကာပြာကာကျနေတာတခုပါပဲ။)
သူလုပ်ငန်းလုပ်ပုံကို မပြောတော့ပါဘူး။
ဝန်ထမ်းတွေကို သင်ကြားပုံကိုပဲပြောပါမယ်။
ဝန်ထမ်းတွေကို လခများများ(အလားတူအခြားလုပ်ငန်းတွေထက် နှစ်ဆကျော်) ပေးထားတယ်။
ဝန်ထမ်းတွေရဲ့ ကျန်းမာရေးလူမှု့ရေးတွေကို စောင့်ရှောက်ပေးတယ်။
ဝန်ထမ်းတွေကို အလွန်တင်းကျပ်တဲ့စည်းကမ်းများ ချမှတ်ထားပြီး အမြဲစောင့်ကြည့် ထိမ်းသိမ်းစေတယ်။
ဝန်ထမ်းတွေကို ဧည့်သည်တွေပေးတဲ့ မုန့်ဘိုးအပေါ်မမှီခိုဘို့ သင်ကြားတယ်။
တရားဝင်(လုံလောက်တဲ့) လုပ်ခမှအပ ဘာမှ အလကားမယူဘို့ သင်ကြားတယ်။
ပြီးတော့ ဝန်ထမ်းတွေကို- သူတို့ဟာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး၊ လုံးဝသန့်ရှင်းတဲ့ ဝင်ငွေကိုရှာနေတဲ့
လူ့ အဘိုးတန်တွေဖြစ်ကြောင်း၊ အခြားလူများထက် မနိမ့်ကျကြောင်း သေသေချာချာပြောပြပြီး
စိတ်ဓါတ်ကို မြှင့်တင်ပေးတယ်။ ဝန်ထမ်းတွေ ဗဟုသုတနဲ့ ပြည့်စုံအောင်လဲ ဖြည့်ဆည်းပေးတယ်။
မိမိကိုယ်ကို တန်ဘိုးရှိအောင်နေဘို့ အကျင့်စာရိတ္တကို တန်ဘိုးထားဘို့ အမြဲ တိုက်တွန်းဆုံးမတယ်။
နောက်ထပ်အများကြီးရှိပါသေးတယ်။ ဒါ လိုရင်းတချက်နှစ်ချက်ကိုပဲ ပြောတာပါ။
အဲဒီတော့ဘာဖြစ်လာသလဲ-
ဝန်ထမ်းတယောက်ယောက်ဟာ အရင်က ခိုးခဲ့သူဖြစ်ဖြစ် ပျက်စီးခဲ့သူဖြစ်ဖြစ် –
သူ့အလုပ်ထဲဝင်မိလို့ တစ်လ နှစ်လနေရင်
(ဒီခေတ်အနေအထားနဲ့တော့)အရမ်းအရမ်းကိုကောင်းတဲ့ ဝန်ထမ်းဖြစ်သွားပါတယ်။
ရိုးသားတယ်။ ကြိုးစားတယ်။ မိမိကိုယ်ကို တန်ဘိုးထားတယ်။
အကျင့်ပျက်ပြီးမှရတဲ့ဝင်ငွေတွေ မလိုချင်တော့ဘူး။ အားလဲမကျတော့ဘူး။ လုပ်ငန်းအပေါ်ရော သူ့အပေါ်ပါသစ္စာရှိလွန်းလို့
သူများတွေက ဆေးကျွေးပြီးမွေးထားသလားလို့တောင် (တကယ်)ပြောကြပါတယ်။
အဲ… အဲဒီဝန်ထမ်း အဲဒီလောက်ကောင်းနေပြီး မှ သူ့အလုပ်ကထွက်သွားပြီး
တခြားပတ်ဝန်းကျင်ကိုရောက်သွားတာနဲ့ အပေါ်ကပြောခဲ့တဲ့ ရိုးသား ကြိုးစား သစ္စာရှိ ဆိုတဲ့
အရည်အချင်းတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တာ တွေ့ရတယ်။
အသိုင်းအဝိုင်းတခုဟာ လူကို အဲသလို ကောင်းအောင် သို့မဟုတ် ပျက်အောင် ပြုပြင်နိုင်စွမ်းရှိတာ လက်တွေ့ပါပဲ။
အသိုင်းအဝိုင်းကောင်းလေးတွေ တတ်နိုင်သမျှ စုစည်းဖန်တီးရင်း
ပျက်နေတဲ့မြန်မာ့လူ့ဘောင်ကို ကောင်းအောင်ပြင်ကြရအောင်….လို့
မန်းဂေဇက်က ညီအကိုမောင်နှမ များကို အဖေါ်စပ်လိုက်ပါတယ်ဗျာ…..။
(ကိုသစ်မင်းရဲ့ဆီမီနာကို တုန့်ပြန်ဆွေးနွေးတဲ့အခါ ဖြစ်ရပ်မှန်တွေကိုပဲ တတ်နိုင်သလောက်ကိုးကားဘို့ ကြိုးစားမိပါတယ်။ တတ်နိုင်သမျှတိုအောင်ရေးပြီး သူများအတွက်လဲ “ဟ”ထားခဲ့ပါတယ်။ ဖတ်ရတာ အဆင်မပြေရင် ကျွန်တော်ညံ့လို့ပါဆိုတာကို ရိုးသားစွာဝန်ခံပါတယ်။)
9 comments
ငပေါက်ဖော်
December 27, 2011 at 10:44 pm
မဟုတ်မှလွဲရော..
ဦးပါဘော်ဒါကြီးက ကေတီဗွီ..မာဆတ်.ဘီယာစတေရှင် ပိုင်ရှင်ပဲ ဖစ်ရမယ်.
လိပ်စာပြော…ဦးပါနာမည်နဲ ့အကြွေး သွားအားပေးရအောင်. 😆
ကျနော်တော့ များကြီး.မဆွေးနွေးတတ်ပါဘူး..နားလည်သလောက်
အကျင့်ပျက်တာနဲ ့ပတ်သတ်ပြီးဆွေးနွေးရရင်တော့
လူတစ်ယောက် အကျင့်ပျက်တာက ဗီဇလဲပါတယ်..ပတ်ဝန်းကျင်လဲ ပါတယ်..လောဘအကြီးအသေးကွာတာလဲပါမယ်..မိသားစု..ဘဝရပ်တည်ရေး.
ဘာညာဖိအားတွေလဲပါမယ်
ကိုယ့်ဘို ့လဲပါမယ်.အများဘို ့လဲပါမယ်(ငတတ်ပြားတို ့..Anonymous Hacker Group တို ့)ဘာညာပေါ့ဗျာ..အကြောင်းရင်းတွေများကြီးရှိတယ်ခင်ည
အကျင့်ဆိုတာကလဲ .အစရှိ နောင်နောင်လေ
ကောင်းတဲ့အကျင့် စလုပ်မိလိုက်ကြည့်..
နောက်ပိုင်း..အချိန်ကျရင် မလုပ်ပဲ မနေနိုင်တော့ဘူး..
မကောင်းတဲ့အကျင့်ဆိုလဲ ဒီတိုင်းပဲ.
ဒါပေသည့်..မကောင်းတာက အချိန်မရွေးဘူးဗျ..အချိန်မတန်လဲ လုပ်ဖို ့လယ်ဒီပဲ..
ရှုပ်ကုန်ရင်ဆောဒီးပါ မစ်စတာပါ 😆
လူကိုစိတ်ကဆောင်နေလို ့.စိတ်ဓာတ်ပျက်ရင် လူလဲပျက်သဗျ
အဲတာကြောင့်.ကျနော်တို ့ရဲ့ ပျက်နေတဲ့ စိတ်ဓာတ်တွေကို ပြင်ဖို ့
ပြင်းပျတဲ့ Self awareness သာလိုတယ်လို ့..ထင်ပါကြောင်း
ကဲ.ကဲ..
ရောက်တြဲ့နေရာက ပျက်နေတဲ့စိတ်ဓာတ်တွေ ပြင်ကြဆို..
😆
ကိုပေါက်(မန္တလေး)
December 27, 2011 at 10:50 pm
ဒီအကြောင်းကိုပြောရမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ လုပ်ငန်းတော်တော်များများမှာ စိတ်ဓါတ်ရေးရာပျက်စီးနေတာကိုမြင်ရပါမယ်။
အချဉ်တွေအလျဉ်ရနေတဲ့ မုန်လာချဉ်ဖတ်အိုးကြီးလိုပါဘဲ။
ဘယ်လောက်လတ်ဆတ်သန့်ရှင်းတဲ့ မုန်လာဥအသစ်ကိုထည့်ထည့်နောက်ဆုံးတော့ အားလုံးချဉ်ကုန်တာပါဘဲ။
ပြုပြင်ချင်တယ်ဆိုရင်တော့ အုပ်ချုပ်သူကြောင့်ဆို်တာထက် ပြည်သူပြည်သားအားလုံးတစ်ယောက်ချင်းစီကစလို့ပြင်မှရမှာအသေအချာပါဘဲ၊
လစာကောင်းကောင်းမရလို့ လာဘ်စားတယ်ဆိုတဲ့စကားက အပြည့်အဝမမှန်ပါဘူး။
အခုခေတ်မှာမစားလောက်လို့ စားတာထက်
ချမ်းသာအောင်စားတာများပါတယ်။
ပျောက်ချင်ရင် ကိုယ်ကစ လာဘ်မပေးဘို့လိုပါမယ်။
အလုပ်မဖြစ်မှာစိုးခက်မှာစိုးလို့လာဘ်ပေး၊
ရမှန်သိတော့ မပေးရင်ရစ်
စိတ်ညစ်စရာ ဂျာအေးသူ့အမေရိုက်ဇာတ်လမ်းပါဘဲ
ဦးဦးပါလေရာ
December 27, 2011 at 11:14 pm
ကိုပေါက်ရဲ့ဥပမာ-
“အချဉ်တွေအလျဉ်ရနေတဲ့ မုန်လာချဉ်ဖတ်အိုးကြီးလို”……………ဆိုတာလေး
အင်မတန် ထပ်တူ ထင်ဟပ်နိုင်ပါ့ဗျာ။
ကျွန်တော်တို့မလဲ ပါးစပ်ကသာ ကောင်းချင်ပြင်ချင်တယ်ပြောရတာ-
လိပ်ပြာသန့်ချင်လို့ ဝန်ခံလိုက်ပါဦးမယ်-
“အလုပ်မဖြစ်မှာစိုးခက်မှာစိုးလို့လာဘ်ပေး၊” တဲ့ထဲမှာ ကျွန်တော်လဲပါနေပါတယ်။
အင်း ….. တော်တော်တောင် လက်ယဉ်နေပါပြီ … 🙁
ဦးဦးပါလေရာ
December 27, 2011 at 11:07 pm
အောင်မငှီး …
ကောင်းလိုက်တဲ့ဆွေးနွေးချက်ပါလား ကပေါက်ဖေါ်….။
ခင်ဗျားဆီက တလုံးရပြီ (လက်ထဲကဟာမဟုတ်ဘူးနော်၊ လိုက်ရှာမနေနဲ့)
“ပြင်းပျတဲ့ Self awareness” ….. တဲ့..
အဲဒါ ဒီဆီမီနာရဲ့ တဦးချင်းပြုပြင်ပြောင်းလဲရေး ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂွပ်ကနဲပဲ..နော..။
ကျုပ်အရှည်ကြီးထက် ခင်ဗျားတလုံးထဲက ပိုပြင်းတယ်။ (စာ ပြောတာ စာ)
“အကျင့်ဆိုတာကလဲ .အစရှိ နောင်နောင်လေ
ကောင်းတဲ့အကျင့် စလုပ်မိလိုက်ကြည့်..
နောက်ပိုင်း..အချိန်ကျရင် မလုပ်ပဲ မနေနိုင်တော့ဘူး..”
မှန်ပါ့ဗျာ-
စဖို့ပဲလိုတာပါ။
သူများကိုလဲ တွန်းရင်း ကိုယ့်ဟာကိုယ်လဲ စ တော့မယ်လားလို့…
————–
စကားမစပ်-
အဲဒီ ကစားကွင်းလုပ်ငန်းလုပ်တဲ့ကောင်က
ဒီရွာသားပဲ ။ သိလား….။
ငပေါက်ဖော်
December 28, 2011 at 10:04 am
ဟဲ့..ဟဲ့…
မောင်ပေ့ကို လက်တို ့ဦးမှပါပဲ
😆
MaMa
December 28, 2011 at 7:20 am
သော်တာဆွေရဲ့ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းဆိုတဲ့ စာကို ဖတ်ပြီး စိတ်ကြီးအတော်ဝင်သွားခဲ့ဖူးတယ်။
တကယ့်တကယ် လောကမှာကျတော့ မမှန်ကန်ပဲ ရဲရင့်နေသူတွေကို တွေ့တော့ စိတ်ဓာတ်ကို ကျသွားရော။
ဗုဒ္ဓတရားတော်တွေကို လေ့လာလိုက်စားခြင်းဖြင့်လည်း အကျင့်ပျက်တဲ့ စိတ်ဓာတ်တွေကို ပြုပြင်ပေးနိုင်မယ်ထင်တယ်။
ကိုယ့်ကိုကိုယ်လည်း ငါးပါးသီလ စစ်တမ်းထုတ်ကြည့်ပြီး ကိုယ့်စည်းကိုယ်လုံအောင် ပြန်ကာနေရတယ်။
thit min
December 28, 2011 at 11:31 am
မမရေ
သူကြီးဖိုးပန်းခိုင်တို့ ခေတ်ရဲ့ပါတ်ဝန်းကျင်က အရက်သမား၊လူရမ်းကားဘဲဖြစ်နေစေဦးတော့
အမှန်တရားကို တန်ဖိုးထားတဲ့ အချိန်ကာလလို့ သဘောပေါက်ရပါတယ်။
ခုနောက်ပိုင်းတော့ အပေါ်က မကောင်းတာနဲ့ စားရပြီးရော လုပ်ရင်းနဲ့ ကြာလာတော့အမှားက
အမှန်ဖြစ် ဘဝတွေက ပျက်စီး လည်း အရေးမထား အမှန်တရားဆိုတာဝေးဝေးမှာထားလိုက်
ဟန်ကိုယ်ဖို့ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ စွပ်တင်နေတော့ မမှန်ကန်လဲရဲရင့် တာတွေတွေ့ရတယ်ပေါ့။
ဪ ကြုံလို့ပြောရအုန်းမယ်နော်။
ဆရာသော်တာဆွေရဲ့ အဲဒီမှန်ကန်ခြင်းနဲ့ရဲရင့်ခြင်းဆောင်းပါးကို ကျောင်းသုံးစာအုပ်မှာပြဌာန်းခဲ့ပေမဲ့
စာမူခ တပြားမှ မရခဲ့ပါဘူး။သူများပြန်ပြောမှ အဲဒီလိုပြဌာန်းထားမှန်းသိရတာပါတဲ့။
ဆရာသော်တာဆွေကတော့ မှန်ကန်ပေမဲ့ ရဲရင့်စွာ မပြောနိုင်ခဲ့တာဟာ “ခေတ်စနစ်” ကြောင့်လား၊
မပြောရဲတဲ့သူ့ကိုယ်ပိုင်သဘောထားလား စဉ်းစားရင်း မှန်ကန်တာတွေပြောလို့ရတဲ့ခေတ်၊ ပြောရဲတဲ့သူ
တွေပေါ်ပေါက်ရေးကို ဆွေးနွေးကြပါစို့ရဲ့။
koyinmaung
December 28, 2011 at 11:50 am
လွန်ခဲ့တဲ့အနှစ်၄၀ဝန်းကျင်ကကျနော်သူငယ်ချင်းအဖေ
နံမည်ကဦးရွှေဘော်လို့ခေါ်ပါတယ်
ရာထူးကယစ်မျို့အရာရှိပါ ကိုယ့်အလုပ်အပေါ်မှာအရမ်းလေးစားတယ်
လပ်စားမှုလုံးဝမရှိ ပညာကလဲအင်္ဂလိပ်လို့ တရုတ်လို့ကုလားလို့အားလုံးတတ်တယ်
ဒီတော့ဘာဖြစ်လဲ အရမ်းဆင်းရဲတာပေါ့ ကွယ်လွန်သာသွားတယ်ဆင်းဆင်းရဲရဲနဲ့နေသွားရရှာပါတယ်…
ကျန်ခဲ့တဲ့မိသားစုကသူရတဲ့ပင်စင်နဲ့ဘယ်လိုစားလို့ရမှာလဲ
အကျင့်ပျက်တယ်ဆိုတာ နိုင်ငံတခုမှာချမှတ်ထားတဲ့စနစ်နဲ့ဆိုင်သလိုလိုက်နာတဲ့ခေါင်းဆောင်ပိုင်းနဲ့လဲ
ဆိုင်ပါတယ် တခါးပိတ်ကွန်မြူနစ် ဆိုရှယ်လစ် စနစ်ကြီးကခေတ်ကုန်သွားပါပြီ
ကွန်မြူနစ် ဆိုရှယ်လစ် စနစ်ကြီးတောင် တခါးဖွင့်စီပွားရေးလုပ်မှတိုးတက်လာတာမဟုတ်လား
ခေါင်းဆောင်ပိုင်းကလဲဘယ်စနစ်ကျင့်သုံးသုံးရှေ့ဆောင်ဥပဒေကိုလေးစားမှပြည်သူတွေကလေးစားမှာပေါ့
ခေါင်းဆောင်တွေကောင်းလာမှပြည်သူတွေကိုကောင်းအောင်လုပ်လို့ရမယ်လို့ထင်ပါတယ်……
windtalker
December 28, 2011 at 11:55 am
တစ်ရက် တစ်ရက် ဟန်ဆောင်ခြင်း မျက်နှာဖုံးတွေ နဲ ့ဘဲ ထိတွေ ့ ၊ ရှင်သန်ခဲ့တာ ကြာပြီ ဆိုတော့..
လွတ်လွတ်လပ်လပ် မှန်မှန်ကန်ကန် သရုပ်မှန် ပြဖို ့သတိ္တတောင် မွေးဖို ့ခက်နေတာကလားဗျ