ကျမ နှင့် Diary များ
ငယ်ငယ်ရွယ်ရွယ် ကျောင်းသားဘဝကတည်းက ချစ်ခင်လေးစားရတဲ့ ဦးလေးတစ်ယောက်က Diary ရေးဖို့ တိုက်တွန်းခဲ့ပါတယ်။
လူတစ်ယောက်အတွက် ဦးဏှောက်ဆိုတာ ဘဝတစ်လျှောက်လုံးကို မမှတ်မိနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် နေ့စဉ်ဒိုင်ယာရီရေးဖို့ လိုတယ်လို့ အကျိုးအကြောင်းနဲ့ ပြောပြခဲ့ပါတယ်။
ထိုစဉ်ကစလို့ Diary ကို နေ့စဉ် ရေးသားဖြစ်ခဲ့ပါတယ်။
(ယခုတော့ ထူးထူးခြားခြား အဖြစ်အပျက်တွေရှိမှပဲ ရေးဖြစ်ပါတော့တယ်။)
ဒီလိုနဲ့ နှစ်သစ်တစ်နှစ် ပြောင်းတော့မယ်ဆိုရင် Diary ဝယ်ရသည်က အကျင့်တစ်ခု ဖြစ်သွားခဲ့တာပေ့ါ။
ဟိုးးးးးး အရင်တုန်းကတော့ စာအုပ်လှလှလေးကို ရှာဝယ်တတ်သလို၊ လက်ရေးလှလှလေးနဲ့ မှတ်တမ်းတင်နိုင်အောင်လည်း ကြိုးစားခဲ့ရပါတယ်။
ဤသို့ လက်ရေးလှလှလေးနှင့် မှတ်တမ်းတင်ထားသော စာမျက်နှာများကို တခါတရံ ပြန်လည်ဖတ်ရှု့ကြည့်မိသောအခါတွင် စိတ်ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် စုံလင်၍နေရာ ရသစုံလင် ရုပ်ရှင်ကားတစ်ကားကို ကြည့်ရသည်နှင့်ပင် တူနေသေးတော့သည်။
တစ်ရက်လျှင် ကျောင်းမုန့်ဖိုး၊ ဘတ်စကားခ အပါအဝင် ကျောင်းလခ၊ စာအုပ်ဖိုးကအစ မှတ်တမ်းတင်ထားသည်ဖြစ်ရာ ကွာခြားသွားသော ငွေတန်ဖိုးများက အံ့ဩစရာပင်။
လူတိုင်း လူတိုင်းအတွက် တက္ကသိုလ်သို့ စတက်ခြင်းဆိုတဲ့ ဘဝအမှတ်တရလေးတွေ အထင်ကရလေးတွေ ရှိကြမှာပါ။
ကျမအတွက်ကတော့ အခင်ဆုံးသူငယ်ချင်းနဲ့ တက္ကသိုလ်တစ်ခုထဲ (မေဂျာဘာသာတော့ ကွဲတယ်) တက်ရတယ်ဆိုတော့ ကျောင်းစတက်တဲ့နေ့မှာ ပျော်ရွှင်နေတာပေ့ါ။
သူငယ်ချင်းနဲ့က မေဂျာဘာသာမတူပေမယ့် မိုင်နာဘာသာတွေမှာတော့ အတူတူတက်ရတယ်။ အဲလိုနဲ့ မုန့်စားချိန်ရောက်တော့ နှစ်ယောက်သား Canteen ဘယ်နားရှိမှန်းမသိကြတော့ လိုက်ရှာကြတာပေ့ါ။
မေးရင်းမြန်းရင်းနဲ့ သွားလိုက်တာ ရှေ့မှာ Canteen လို့ လမ်းညွှန်သူက လမ်းညွှန်တယ်။ အမှန်ဆိုရင် Canteen က လမ်းရဲ့ အောက်ဖက်ကို ဆင်းသွားရမှာ။ အဲဒါကို မသိပဲ လမ်းအတိုင်း တည့်တည့်သွားလိုက်တာ အမျိုးသားဆောင်အဝင်ဝ ရောက်သွားတယ်။
အဆောင်ရဲ့ အဝင်ဝမှာ အစောင့်ကိုတွေ့တာလည်း မသိသေးဘူး။ ကျောင်းသားတွေ ပြုံးစိစိ ဖြစ်နေတာတွေ့လည်း မသိသေးဘူး။
အစောင့်ဦးလေးကြီးက “ဘယ်သွားမလို့လဲ။ အဲဒါ အမျိုးသားဆောင်” လို့ ပြောမှ ခပ်ရှက်ရှက်နဲ့ လှည့်ထွက်လာခဲ့ကြတာ မုန့်ငတ်သွားရပါလေရောလား။ 😆
Diary ထဲမှာ မှတ်တမ်းပြုထားတာတွေထဲက ထုတ်နှုတ်ပြရရင် စာမေးပွဲပြီးလို့ တချို့သူငယ်ချင်းတွေက ရုပ်ရှင်ကြည့်တတ်ကြပေမယ့် ကျမတို့ အဖွဲ့ကတော့ မုန့်စားဖို့ဆိုရင် ငြင်းသူမရှိတတ်တာကြောင့် အကျွတ်အလွတ် အထိမ်းအမှတ်နဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် မုန့်တွေလိုက်စားကြတာတွေကလည်း မှတ်မှတ်ရရပါပဲ။ 😀
တစ်ခါတုန်းက သူငယ်ချင်းတွေစုပြီး သံလျှင်ဘက်ကို လျှောက်လည်ကြတယ်။ ကျိုက်ခေါက်ဘုရားရောက်တော့ အမြင့်ကြောက်တဲ့သူငယ်ချင်းက လှေခါးထစ်တွေကိုကြည့်ပြီး မတက်ရဲဘူး။ အဲဒါကို သူငယ်ချင်းတွေစုပြီး ဘေးကနေဝိုင်းလို့ တွဲခေါ်ခဲ့ကြတာလည်း Diary ထဲမှာပါတာပေ့ါ။
ခုတော့လည်း အမြင့်ကြောက်တဲ့ သူငယ်ချင်းက နိုင်ငံခြားမှာ။ လေယာဉ်စီးရတာကျတော့ မကြောက်ဘူးတဲ့လေ။ 🙂
တစ်နှစ်တော့ စာမေးပွဲဖြေကာနီးမှာ သူငယ်ချင်းရဲ့ အဆောင်မှာ စာစုကျက်နေကြရင်း သူငယ်ချင်းကို သူ့အိမ်က လူလွှတ်ပြီး ပြန်လာခေါ်သွားတယ်။ နောက်ရက်ကျတော့မှ စိတ်မကောင်းစွာ သိရတာက သူ့အဖေဆုံးသွားပြီဆိုတဲ့အကြောင်းပါ။
စာမေးပွဲနီးကာမှ ဖြစ်ရပေမယ့် အဲဒီသူငယ်ချင်းကိုယ်တိုင်က စာလည်းတော် စိတ်ဓာတ်လည်း ခိုင်မာတယ်။
အဲဒါကြောင့် အားလုံးပဲ စိတ်မကောင်းဖြစ်စေမယ့် အကြောင်းကို စကားမစကြပဲ စာကိုချည်း စိတ်နှစ်ပြီး ကြိုးစားလိုက်ကြတာ သူငယ်ချင်းတွေအားလုံး နှစ်တိုင်းလိုပဲ ထူးထူးချွန်ချွန်အောင်ကြလို့ ဝမ်းသာစရာ ဖြစ်သွားခဲ့ရတာကလည်း အမှတ်တရပါပဲ။
သူငယ်ချင်းရဲ့ အဖေဆုံးပြီး နောက်နှစ်မှာ ကျမအတွက် (ကိုယ့်အတွေးနဲ့ကိုယ်) အခက်အခဲကြီးတစ်ခု ဖြစ်လာခဲ့ဖူးတယ်။
တစ်မိသားစုလုံးကို တာဝန်ယူပြီး ဦးစီးခေါင်းဆောင်လုပ်ခဲ့တဲ့ အဖေဟာ အကြောင်းကိစ္စတစ်ခုကြောင့် မိသားစုတာဝန်ကို မယူနိုင်ပဲ ဖြစ်သွားတယ်။
အဲဒီအခါမှာ မိသားစုရဲ့လုပ်လက်စ လုပ်ငန်းတွေမှာ ဦးဆောင်ဖို့ အခက်အခဲတွေ တွေ့ရတော့တာပေ့ါ။ ကျောင်းပိတ်လို့ မြို့ကိုပြန်ရောက်နေတဲ့ အမ က အဖေနဲ့ အတူတူ အလုပ်တွဲလုပ်ခဲ့ဖူးတာကြောင့် သူကပဲ မိသားစုလုပ်ငန်းကို မနိုင့်တနိုင်နဲ့ ဦးဆောင်ရပါတော့တယ်။
အမ ဖြစ်သူက နောက်ဆုံးနှစ် စာမေးပွဲဖြေပြီး ပြန်တာဖြစ်လို့ မာစတာတန်း ဆက်တက်ဖို့ကိုတော့ မစဉ်းစားနိုင်တော့ဘူးပေ့ါ။
အဲဒီအချိန်မှာ ကိုယ်ကတော့ ရန်ကုန်မှာ ကျောင်းတက်လိုက်၊ အိပ်လိုက် စားလိုက်နဲ့ မိသားစုအခက်အခဲမှာ ဘာကိုမှ မကူညီနိုင်ခဲ့ဘူး။
စိတ်ထဲကတော့ မိသားစု အခက်အခဲဖြစ်နေချိန်မှာ ငါဘာလုပ်ပေးနိုင်မလဲလို့ချည်းပဲ စဉ်းစားနေမိတယ်။ စိတ်တွေလည်း လေးနေခဲ့တာပေ့ါ။
တနေ့တော့ စဉ်းစားမိတာက သူငယ်ချင်းရဲ့ အဖေဆုံးပါးသွားတုန်းက စိတ်ဓာတ်ကြံ့ကြံ့ခံပြီး စိတ်မပျက်ပဲ စာကြိုးစားခဲ့ကြလို့ အောင်မြင်မှုတွေ ရရှိခဲ့တာကိုပေ့ါ။
ကိုယ့်အဖြစ်က သူ့အဖြစ်ထက်စာရင် အများကြီးတော်သေးတာပဲလို့လည်း စဉ်းစားမိသွားတယ်။
ပညာသင်တဲ့အချိန်မှာ ပညာကို ကြိုးစားခြင်းဖြင့် မိသားစုအပေါ် တာဝန် ကျေပွန်နိုင်ပါတယ် လို့ Diary မှာ ချရေးပြီး ကြိုးစားဖို့အတွက် ခွန်အားသစ်ကို ရရှိသွားခဲ့တယ်။ လေးနေတဲ့ စိတ်တွေလည်းပေါ့ပါးသွားခဲ့ရတယ်။
ခေါင်းစဉ်ကိုလည်း စိတ်၏ထွက်ရပ်လမ်းကို ရှာဖွေတွေ့ရှိခြင်း လို့ နာမည်ပေးပြီး ဒီဖြစ်ရပ်လေးကို ကိုယ့်ရဲ့ တစ်ကိုယ်တော်စွန့်စားခန်းကြီးလို စိတ်ထဲက အမြဲ သတိရနေမိတယ်။
နောက်နောင်မှာ ကလေးတွေနဲ့ စကားကြုံတဲ့အခါတိုင်း အဲဒီအကြောင်းကို ပြောပြပြီး ဆုံးမဖြစ်တယ်။
ငယ်ရွယ်စဉ်က နေ့စဉ် အဖြစ်အပျက်တွေကို ရေးဖို့ Diary ကို အသုံးပြုခဲ့သလို စီးပွားရှာတဲ့ အရွယ်ရောက်တော့လည်း နေ့စဉ် လုပ်ငန်းကိုင်ငန်းတွေကို ရေးမှတ်ထားဖို့ ကျမနဲ့ Diary ဟာ ခွဲမရခဲ့ပါဘူး။
(အဲ.. လက်ရေးလှလှတော့ ပါမလာတော့ဘူး။)
ဒီနောက်ပိုင်းမှာ Diary စာအုပ်ဝယ်ဖို့ စဉ်းစားတဲ့အခါမှာ စာအုပ်လှဖို့ထက် တစ်ရက်ကို တစ်ရွက်ပါပြီး စာရွက်သားကောင်းဖို့ဆိုတဲ့ အချက်အလက်တွေနဲ့ ကိုက်ညှိကြည့်မိတယ်။
အရင်တုန်းက လူမှုရေးသုံး ဘဝမှတ်တမ်းတင်တဲ့ Diary ကနေ အသွင်ပြောင်းလာလိုက်တာ ခုဆို စီးပွားရေးလုပ်ငန်းသုံး Diary ပေ့ါ။
ဒီနှစ်မှာတော့ Diary ကို ဝယ်လာတုန်းက သတိမထားမိပဲ အိမ်ရောက်လို့ သုံးဖို့ဖွင့်ကြည့်လိုက်တော့မှ စာအုပ်အပေါ်မှာ ရေးထားတဲ့ စာလေးတွေကိုကြည့်ပြီး ဒီပိုစ့်ကိုရေးဖို့ စိတ်ကူးရလာပါတော့တယ်။ 🙂
Everyman has a weak point.
Try to forgive it and look the bright side.
Money makes everything.
It can make someone bright and also can run his life.
(တွေ့တဲ့ အတိုင်း ကူးချထားတာမို့ စာသားတွေ မှန်မမှန်တော့ မသိဘူး။ မှားရင်လည်း ပြင်ပေးကြပါ။)
ရွာ့ဥသျှောင် သဂျီးနှင့်တကွ ရွာသူားများအားလုံးပဲ ၂၀၁၂ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ၂၀၁၁ နှစ်ဟောင်းကို နှုတ်ဆက်လိုက်ပါတယ်နော်။။
33 comments
koyinmaung
December 28, 2011 at 9:59 am
အားပေးသွားပါတယ်ခင်ဗျာ
မမနဲ့တကွရွာသူားအားလုံး၂၀၁၂ခုနှစ်
နှစ်ဦးမှသည်တနှစ်ပါတ်လုံးကျန်းမာပျော်ရွင်ခြင်းနှင့်အတူ
အလုပ်အကိုင်အားလုံးအဆင်ပြေနိုင်ကြပါစေ……..
MaMa
December 28, 2011 at 10:20 am
အားပေးတာ နဲ့ ဆုတောင်းပေးတာအတွက် ကျေးဇူပါ ကိုရင်မောင်+မမယ်မ 😛
ငပေါက်ဖော်
December 28, 2011 at 9:59 am
မာမား၏ ဒိုင်ယာရီ အကြောင်း ဖတ်ပြီးသကာလ
ကျွန်ုပ်ငပေါက်ဖော်လဲ ဒိုင်ယာရီ အဟောင်းအား ပြန်လှန်လှောရာတွင်မတော့
မောင်ပေ အကြွေး ၁ဝသိန် ချေး(12.5.2010)
ဘလူးရီး တက္ကစီခ ခဏစိုက်ခိုင်း(5.4.2011)
အင်ဂျာဂိ ကင်မလာငှားသွား ပြန်မရသေး (3.4.2010)
အလုပ်တွေကများတော့.မမှတ်မိတော့ဘူးဗျာ..ဒိုင်ယာရီပြန်လှန်မှ သိတော့တယ်.
ဟေ့လူတွေ..ပြန်ဆပ်ကြဦးလဗျာ.
😆
MaMa
December 28, 2011 at 10:27 am
မောင်ပေါက်ဖော် ကြည့်ရတာ စာရင်းကို တခြမ်းပဲ မှတ်တယ် ထင်တယ် 🙂
inz@ghi
December 28, 2011 at 10:31 am
သူက အပြည့် မှတ်ပါတယ်ဗျ ….ရှက်လို့ ဇောက်ထိုးပြောနေတာ …
မယုံ မေပေါင့် မေးကြည့်ပါလား
နော့် ကပေ..
E.T
December 28, 2011 at 2:25 pm
တော်သေးတယ် နာ့နာမည်မပါလို ့။ ကျွန်တော်တော့ ဒိုင်ယာရီရေးဘူး သူများတွေခိုးဖတ်မှာစိုးလို ့။ ကိုယ့်ရဲ ့လျို ့ဝှက်ချက်လေးတွေပေါ် သွားရင်ဒုက္ခ 😛
MaMa
December 28, 2011 at 2:58 pm
နာမည်မပါတာကို ငြိမ်ငြိမ်မနေဘူး ကိုရင်အီးတီ။ ဟိုက ဒိုင်ယာရီပြန်လှန်ပြီး စာရင်းထပ်ထည့်မှ ဟုတ်ပေ့ဖြစ်နေဦးမယ်။ 😀
ပျောက်ချက်သားကောင်းနေတဲ့ ကိုရင်အီးတီကို ကိုဘလက်က ရွာထဲမှာ ကြော်ငြာဝင်ထားသေးတယ်။ မသိရင် လိုက်ရှာဖတ်လိုက်ဦး။ 😆
ကြောင်ကြီး
December 28, 2011 at 10:14 am
နောက်ကြောင်းမရှင်းသူများ ဒိုင်ယာရီရေးရင် အန္တရာယ်ကြီးတယ်။ အန်တီမမကတော့ ရေးရုံတင်မက ထုတ်ပါပြောရဲတယ်ဆိုတော့ ကိုယ့်ကိုယ်က အတော်လုံလို့ ဖြစ်ရမယ်။ အင်း…ဟုတ်မဟုတ် သိရအောင် သူ့ဒိုင်ယာရီစာအုပ်တွေ သွားခိုးအုံးမှပါ..။ ကဲ..ရွာသားများ ရွာသားသစ်တဦးတင်မယ့် အော်မေ့ဂိုဏ်းချုပ်ကြီး၏စာမျက်နှာများ ဆိုတဲ့ပို့စ် မကြာမှီလာမည်မျှော်….။ 😎
MaMa
December 28, 2011 at 10:30 am
ဒါတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာလေ။
သာသာလေးပဲပေ့ါ ကိုကြောင်ကြီးရယ်။
(အရေးကြီးပုဂ္ဂိုလ်များ ဒိုင်ယာရီ ရေးလေ့မရှိဘူးဆိုလို့ ကိုကြောင်ကြီး မရေးတာဖြစ်မယ်ထင်တယ်။) 😀
blackchaw
December 28, 2011 at 10:24 am
ဒိုင်ယာရီ ရေးလေ့ မရှိဘူးဗျာ။
ကိုကြောင်ကြီးပြောသလိုပဲ။ သူများဝင်ဖတ်မိသွားရင်
ဒုက္ခဗျာ။
ကြောက်ထှာ။
MaMa
December 28, 2011 at 10:31 am
ကြည့်ရတာ ကြောင်ကြီးကို ကြောက်နေပြီထင်တယ်။
etone
December 28, 2011 at 11:25 am
အန်တီ မမရေ ဒိုင်ယာရီရေးခြင်းက အလေ့ကျင့်ကောင်း တစ်ခုဖြစ်ပေမယ့် … ကျွန်မကတော့ ဒိုင်ယာရီမရေးပါဘူး … ။ ဘာလို့လဲဆိုတော့ … ကျွန်မစိတ်ထဲ တစ်ခုခုဖြစ်ခဲ့ .. လုပ်ခဲ့… ဖြစ်ချင် ၊ လုပ်ချင် .. ကြံရွယ်နေတာတွေကို ဒိုင်ယာရီစာအုပ်ကြောင့် တခြားလူသိသွားမှာ စိုးလို့ပါပဲ … ။ ဒိုင်ယာရီကြောင့် အမှတ်တရ နေ့လေးတွေ ၊ စိတ်ညစ်ရတဲ့နေ့လေးတွေကို ပြန်သိလို့ရပေမယ့် …ကိုယ့်စိတ်ထဲ တစ်ခါတစ်ခါ တွေးနေတဲ့ အတွေးတွေကို စာစီဖို့ကျတော့ … လက်ကမရဲဘူးလေ … ။ပြက္ခဒိန်မှာ မှတ်တတ်တဲ့အကျင့်တော့ရှိတယ် … နှစ်ကုန်သွားလျှင် အဲ့ဒီပြက္ခဒိန်လွင့်မပစ်ရက်တဲ့ အစွဲတွေကြောင့် .. .နောက်ပိုင်း ပိုက်ဆံအသုံးစရိတ်ကလွဲလျှင် ဘာမှ စာအုပ်ထဲမှတ်မထားတော့ဘူး .. ဟီး 😀
windtalker
December 28, 2011 at 11:37 am
မာမားရေ
မျောက်ဆော် ပြောတာ ဟုတ်ဒယ် ဗျ
အဲ့တုန်းက သူ ဟိုစိတ်တွေ ဝင်ပြီး ယိုးဒယားသွားပြီး ဟိုဖြတ် ဒီဖောက် ချုပ် မလို ့ဆိုကလားဘဲ
ပြန်လာရင် သူ ့ပုံသူ ရိုက်ပြီး ဂေဇက်မှာ တင်ဦးမှာ ဆိုလို ့
ကျုပ် ရယ် ကိုလူး ရယ် ဇာကြီး ရယ်က
စောင်မ ကြည့်ရှူပေးခဲ့လိုက်တာ ပါရယ်လေ
နွယ်ပင်
December 28, 2011 at 11:48 am
ဒိုင်ယာရီရေးတာကတော့ အလေ့ကျင့်ကောင်းတစ်ခုပါပဲ အန်တီမမရေ
ဒါပေမယ့် နွယ်ပင်ကတော့ ဒိုင်ယာရီကို မရေးဖြစ်ပါဘူး အရင်ကတော့
ဒိုင်ယာရီရေးမယ်ဆိုပြီး ဟုတ်တိပတ်တိ စာအုပ်လေးဝယ်လာပြီး အိပ်ယာဘေးထားဖြစ်သေးတယ်
ရေးမယ်ဆိုပြီး စိတ်တက်ကြွနေတုန်းက သုံး/လေး လလောက်ကတော့ ဟုတ်နေတာပဲ အဆင်ကိုချောလို့ပေါ့
နည်းနည်းကြာတော့ ရေးတစ်ရက် မရေးတစ်ရက်ဖြစ်လာရော နောက်ပိုင်းတော့ တစ်လလုံးနေ တစ်ရက်တောင် မရေးဖြစ်တော့တာနဲ့ ဆက်မရေးဖြစ်တော့ပါဘူး အခုနောက်ပိုင်းတော့ ကိုယ့်အတွက် အမှတ်တရနေ့လေးတွေကို ပြက္ခဒိန်ပေါ်မှာပဲ မှင်နီလေး တို့ထားလိုုက်တော့တယ်လေ ……. 🙂
thit min
December 28, 2011 at 1:01 pm
အမှတ်တရဖြစ်တာလေးတွေရှိတာမျိုးကိုတော့ တကြောင်းနှစ်ကြောင်းတို့တတ်ပါတယ်။
ကျနော်ကတော့ ဒိုင်ယာရီဆိုတာထက် စကက်ဂျူးမဖြစ်မနေရေးထားရတယ်။
လုပ်စရာတွေက အပုံ ရှိနေတတ်တော့။ မရေးထားရင် မမှတ်မိတော့ဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မမရဲ့ ရင်ခုန်ရက်စွဲများကိုဖြောင့်ချက်ပေးခြင်း ဆိုတဲ့ စာမျိုးရေးပါလားဗျ။
ဆရာမဂျူးထက်သာမှာ သေခြာတယ်။(^^)
ဦးဦးပါလေရာ
December 28, 2011 at 1:02 pm
ဒိုင်ယာယီရေးတာက လုပ်နိုင်ရင် တကယ်ကောင်းတဲ့အလေ့အကျင့်တခုပဲ။
အမျိုးသမီးတွေနဲ့တော့ ဒီအလုပ်က တော်တော်လိုက်ဖက်ပါတယ်။
အမျိုးသားတွေကျတော့ နေ့စဉ်ရေးရမှာပျင်းလို့ မရေးဖြစ်ကြတာပဲများပါတယ်။
စကားကြုံလို့ ရယ်စရာတကယ့်အဖြစ်လေး တခုပြောဦးမယ်ဗျ။
တက္ကသိုလ်မှာတုန်းက သူငယ်ချင်းတွေထဲက တယောက်က ဒိုင်ယာယီရေးတယ်။
နေ့စဉ်တော့မဟုတ်ဘူး ပျောက်ကြားပျောက်ကြား ပေါ့။
အဓိကအကြောင်းအရာတွေကတော့ ဘယ်ကောင်မလေးကို ဘယ်လိုကြွေကြောင်း
ဘယ်လို ခံစားကြောင်း ၊ ဘယ်လိုလုံ့လစိုက်ပြီး ကြိုးပမ်းကြောင်း ၊ ဘာတွေဖြစ်ပျက်ကြောင်းတွေပေါ့။
အဲဒါ နောက်ဆုံးနှစ် စာမေးပွဲပြီးတော့
အဆောင်မှာ သူငယ်ချင်းတွေစု၊ မူးရူးသောင်းကျန်း၊ အပြန်အလှန်ရင်ဖွင့်ကြပေါ့..
ဒီကောင်လဲ လူထူထူဆို သူ့ဒိုင်ယာယီတွေထုတ်ထုတ်ပြပြီး အော်ကြီးဟစ်ကျယ် အသည်းကွဲတယ်..
( ဂီဂီ့ကို သတိရလိုက်တာ ) 🙂
အဲဒါ.. တနေ့ အသည်းကွဲရင်းအိပ်ပျော်သွားတာ နိုးလာတော့ သူ့ဒိုင်ယာယီတွေမရှိတော့ဘူး..။
ဆိုးတာက ကျောင်းပြီးသွားတော့ မကြာခင် မိန်းမရတယ်။
သူ့မိန်းမက အရမ်းကို သဝန်ကြောင် ပြီး သူ့ကိုလဲ ဖွတ်ဖွတ်ကြေအောင် နိုင်တယ်လေ..။
အဲဒါ .. သူ့ခမျာ.. အိုကြီးအိုမဖြစ်လာတဲ့ ဒီကနေ့ထိ
သူ့ဒိုင်ယာယီတွေ တနေရာရာကပြန်ပေါ်လာမှာကိုတွေးကြောက်ပြီး ဂယောင်ချောက်ခြားဖြစ်နေတုန်း…. 😀 😀
ကြေးမလောင်
December 28, 2011 at 1:08 pm
ဒိုင်ယာရီ ရယ်တော့ မဟုတ်ဘူး စိတ်ခံစားချက် ကြီးကြီးမားမား ရှိတဲ့ အခါ ရေးတာ..
အိမ်က လူကြီးတွေ ဖတ်ပြီး သူတို့ကို အဲလို တွေးရလား ပြောရလား ဆိုပြီး ဆော်ပလော် တီးခံရတယ်။
ဒိုင်ယာရီ မကောင်းဘူး.. တင်ပါးနာတယ်။
ကိုပေါက်(မန္တလေး)
December 28, 2011 at 1:48 pm
ကျနော်ကိုလဲ ငယ်ဆရာတစ်ဦးက ဒိုင်ယာရီရေးခိုင်းတယ်။
ဝယ်လဲပေးတယ်။
ကျနော်ငယ်ငယ်က စုံထောက်ဝတ္တုတွေဖတ်တော့ ကိုယ့်အကြောင်း ကိုယ်မှတ်တမ်းထားတာ
ကိုယ့်သေတွင်းကိုယ်တူးတာဘဲဆိုတဲ့ အယူအဆဝင်သွားတော့ မရေးဖြစ်ဘူး။
အခုကြီးလာတော့ စာတွေပြန်ရေးတဲ့အခါ မှတ်တမ်းပြန်ကြည့်စရာမရှိတော့
ကိုယ့်မှတ်ဉာဏ်ကိုဘဲ နောက်ပြန်ပြေးခိုင်းရတော့ အတော်လေးမောပါတယ်။
တစ်ခါတစ်လေ ချက်ခြင်းသတိရ တစ်ခါတစ်လေအတော်ကြာမှသတိရ တစ်ခါတစ်လေလုံးဝသတိမရနဲ့ဗျ။
မနှစ်ကတော့ ငယ်သူငယ်ချင်းတစ်ယောက်က ဒိုင်ယာရီလက်ဆောင်ပေးလာပါတယ်။
အဲဒီစာအုပ်ထဲမှာ ကျနော် ရေးတဲ့ပိုစ်အမည် ရက်စွဲမှတ်တယ်။
ပုံနှိပ်ခံရတဲ့စာမူတွေကိုမှတ်တယ်။
ဒီနှစ်အတွက်တော့ ဝယ်စရာမလိုတော့ ဘူးဗျာ။
တူတော်မောင် လင်းဝေက မန်းလေးရောက်တုံးလက်ဆောင်ပေးသွားလို့ပါ.။
ကျေးကျေးပါ ကိုလင်းရေ သေးသေးလေးနဲ့လှလို့ပါ.
MaMa
December 28, 2011 at 2:41 pm
@inz@ghi
နဂိုကတည်းက မရှင်းမရှင်း ဇာတ်လမ်းတွေကို အစပြန်ဆွဲထုတ်နေကြတယ်ထင်ပါ့။ 🙂
@etone
တခါတလေ အရင်တုန်းက အဖြစ်အပျက်တွေကို ပြန်ဖတ်ရင် ဝမ်းနည်းစရာတွေကလည်း ရီစရာတွေ ဖြစ်လာတတ်သေးတယ်။ ကြီးမားတဲ့ အခက်အခဲလို့ ထင်တာတွေက ဘာမှ မဟုတ်တော့တာတွေလည်း ရှိသေးတယ်။ အချိန်ရဲ့ ကုစားခြင်းက အရမ်းအံ့ဩဖို့ ကောင်းတယ် အီတုံးရေ။
@windtalker
နှူးဘာဂိုဏ်းရဲ့ စာရင်းရှင်းတမ်းလို့ ပိုစ့်ကို ခေါင်းစဉ်ပြောင်းရတော့မယ် ထင်တယ်။ 😆
ပြောရဦးမယ် နှူးဘာဂိုဏ်းသားတွေနဲ့ တွေ့တော့မှပဲ နာမည်အသစ်ရတော့တယ်။ (မာမားခေါက်ဆွဲကို စားချင်စိတ်ပေါ်လာတုန်း ရေးလိုက်တဲ့ ကွန်မန့်လို့ပဲ မှတ်ယူလိုက်ပါတယ် မောင်ပေါက်ဖော်။)
@နွယ်ပင်
ခုနောက်ပိုင်းတော့ ကိုယ့်အတွေ့အကြုံတွေကို ဗဟုသုတလိုသဘောမျိုး နောက်လူတွေ ဖတ်နိုင် ဆင်ခြင်နိုင်အောင်ဆိုပြီးတော့ ရေးဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း လူကြီးတွေဆီက အဲလို ရလာခဲ့ဖူးလို့။
@thit min
အင်းးးးးးးး ဒိုင်ယာရီထဲ မရေးထားတာတွေကလည်း အများကြီးပေ့ါ။ 😛
@ဦးဦးပါလေရာ
အဲဒီ ဒိုင်ယာရီရေးတဲ့ အကျင့်ကပဲ ခုလိုပိုစ့်တွေ တင်နိုင်တာလို့ ထင်မိပါတယ်။ ကျမဒိုင်ယာရီကတော့ အိမ်မှာ ကလေးတွေ ယူဖတ်ပြီး ကိုယ့်အကြောင်းကိုတောင် သူတို့က တခါတလေ ပြန်ပြောပြတတ်သေးတယ်။ 🙂
@ကြေးမလောင်
ကျမတူမလေးဆိုရင် သူ့ဒိုင်ယာရီကို ဘယ်သူမှ မဖတ်ရဘူးတဲ့။ အဲဒါက ပရိုက်ဗိတ် တဲ့လေ။ 😀
@ကိုပေါက်
မှတ်ဉာဏ်တွေကို နောက်ပြန်ပြေးပြီး ရေးထားတဲ့ စာတွေကလည်း အဲဒီတုန်းက အချိန်တွေကို ရောက်သွားသလိုပဲ။ ကိုပေါက် မှတ်ဉာဏ်တော်တော်ကောင်းတာပဲ။ 🙂
TTNU
December 28, 2011 at 2:55 pm
Diary ရေးတာကောင်းကြောင်းသက်သေ….
ယခုတလောခေတ်စားနေသည့် ရုပ်ရှင် Season ပို်င်း အဖြစ်ပြသော
Vampire’s Diary ပေါက်နေသည်။ Vampire Stefan ၏ လွန်ခဲ့သောနှစ်(၆၀၀–၁၀၀၀)
လောက်က Vampire တွေ ဒိုင်ယာရီရေးခဲ့၍သာ ဖြစ်သည်။
( တီချာ… Vampire မယုံပါ။ စကားပမာ ဝင်ရွှမ်းခြင်း ဖြစ်သည်။)
Diary တော့ ငယ်ငယ်တုန်းက တော်တော်ရေးမိတယ်။ Best Teacher Posts များမှာ
ရေးခဲ့တာတွေဟာ Diary ရေးခဲ့လို့မှတ်မိတာတွေပေါ့လေ။
အခု အရွယ်ကြီးမှာတော့ Diary ထက် Notes ပိုရေးဖြစ်ပြီ။ ကွန်ပျူတာမှာ
ဘာခလုတ်နှိပ်ရင် ဘာပေါ်လာမယ်၊ ဆိုတာမျိုးလေးတွေပေါ့။
“တစ်ရက်လျှင် ကျောင်းမုန့်ဖိုး၊ ဘတ်စကားခ အပါအဝင် ကျောင်းလခ၊ စာအုပ်ဖိုးကအစ မှတ်တမ်းတင်ထားသည်ဖြစ်ရာ ကွာခြားသွားသော ငွေတန်ဖိုးများက အံ့ဩစရာပင်။”
ဟုတ်တယ်မမရေ။ တီချာလည်း အဲဒါခဏခဏပြောဖြစ်တယ်။ 😛
MaMa
December 28, 2011 at 3:23 pm
ခုတော့လည်း ပုံမှန် မရေးဖြစ်တော့ပါဘူး တီချာနု။
ဂေဇက်က တချို့စာတွေကို Notes လေးတွေ လိုက်ရေးမှတ်တဲ့ အကျင့်လေး စလုပ်နေပါတယ်။
amatmin
December 28, 2011 at 3:43 pm
ငယ်ငယ်တုန်းကတော့ ရေးခဲ့ဖူးတယ် သူများတွေ ဖတ်မိရင် မသိအောင်ဆိုပြီး ဖျက်ရေးတာ..
ကိုယ့်ဘာသာတောင် မသိတော့လို့စိတ်ကုန်ပြီးနောက်ပိုင်းမရေးဖြစ်တော့ဘူး.. 🙁
ဒိုင်ယာရီတွေ ပြန်ဖတ်ရတာ ကိုကအရသာ ရှိမှန်းတော့ သိတယ်..
ကျွန်တော့ အဖေရေးထားတဲ့ ဒိုင်ယာရီကိုဖတ်မိတိုင်း အထဲက စာရင်းတွေ ကိုအခုခေတ်နဲ့ ယှဉ်ပြီး အံ့ဩ လွန်းလို့ဗျာ… 🙂
အခုလည်း အန်တီမမ ရေးထားတာလေးကို သဘောကျနေတာဗျ..
ဆူး
December 28, 2011 at 4:11 pm
အန်တီမမ လိုပဲ ဆူး လည်း တခါတခါ သိပ်စိတ်ထဲ မွမ်းကျပ်လွန်းရင် ခံစားချက်တွေ ရေးတတ်တယ်။
အမြဲတော့ မရေးဘူး။ ဆူး ဘဝ ရဲ့ တစိတ်တပိုင်းက ကိစ္စတွေပေါ့.. အသက် ၂ဝ ဝန်းကျင်လောက်က သိပ်ခံစားခဲ့ရ မွမ်းကျပ်ခဲ့ရတဲ့ အချိန်တုန်းက ကိစ္စတွေကို စာတွေ ချရေးပြီး မွမ်းကျပ်မှုတွေ ဖြေသိမ့်ခဲ့တယ်။ အဲဒီ စာအုပ်တွေကိုလည်း ဒို်င်ယာရီလို့ သီးသန့် မထားပါဘူး စာအုပ်တွေထဲက စာအုပ်မျိုးထဲမှာ ရေးခဲ့တယ်။ တနေ့က အပေါ်ထပ် အထပ်ခိုးပေါ် တက်တုန်း စာအုပ်အဟောင်းတွေ တွေ့တော့ သတိရတာနဲ့ ဖွင့်ကြည့်မိတာ ဒိုင်ယာရီ လို ခံစားချက်တွေ ရေးထားတာ ပြန်ဖတ်တော့ အဟောင်းက အသစ်တောင် ဖြစ်တယ်။ ဖတ်ပြီးတဲ့အခါ ဒီစာအုပ်တွေ မကြည့်မိရင် ကောင်းသားလို့ တွေးမိတယ်။ လွန်ခဲ့တဲ့ ၈နှစ် ၉နှစ်လောက်က စာတွေ ပြန်ဖတ်တာတောင် အဲဒီတုန်းကလို ထပ်တူ ထပ်မျှ ခံစားရတယ်။ လူဆိုတာ ခံစားချက် သိပ်ပြင်းထန်လွန်းရင် အလိုလို ဦးနှောက်က စိတ်ဖိစီးမှု မဖြစ်အောင် တစိတ်တပိုင်းအနေနဲ့ အမြန်မေ့ခိုင်းလိုက်တယ်လို့ ထင်တယ်။ မေ့ထားတဲ့ ကိစ္စတွေ အစတောင် ပြန်ဖော်သလိုပဲ အဲဒီနေ့က တနေ့လုံး စိတ်တောင် မကောင်းဘူး။
MaMa
December 28, 2011 at 8:45 pm
စိတ်မကောင်းစရာအဖြစ်အပျက်တွေကိုလည်း တခါတလေ စာအုပ်လှန်ရင်းနဲ့ ဖတ်ဖြစ်သွားတာတွေရှိတယ်။
အချိန်ဆိုတာ အကောင်းဆုံးသမားတော်လေ။
ကိုယ်ကိုယ်တိုင်ကတော့ မကြာခဏ ဖတ်ဖြစ်ရင်းနဲ့ပဲ စိတ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ယူလိုက်ပါတော့တယ်။
စာဟောင်းတွေပြန်ဖတ်ပြီး ခံစားရတယ်ဆိုလို့ စိတ်မကောင်းပါဘူး ဆူးရေ…. 😥
comegyi
December 28, 2011 at 4:23 pm
မမရေ့
ကျွန်တော်လည်းအရင်တုန်းက ဒိုင်ယာရီ
တော်တော်လေးကို ရေးခဲ့တယ်ဗျ
မမပြောမှ သိမ်းထားတဲ့ ဒိုင်ယာရီအဟောင်းတွေကို ပြန်ရှာ
ကြည့်ရဦးမယ်
ပြောသာပြောရတာ
ိကိုယ့်ဒိုင်ယာရီ ကိုယ်ပြန်ဖတ်ကြည့်ရင်
ငါတော်တော် ပေါ ခဲ့ပါလားဆိုပြီးတော့
ကိုယ့်ဘာကိုယ် ပြန်ရှက်ပီး ဝှက်ထားတာကြာပြီဗျ
ဟဲဟဲ…….
MaMa
December 28, 2011 at 5:16 pm
@amatmin
တချို့ သိပ်လှို့ဝှက်တတ်တဲ့သူတွေကျတော့လည်း အဲဒီလို လှို့ဝှက်စာနဲ့ရေးတာ တွေ့ဖူးတယ်။ အမတ်မင်းလိုပဲ သူလည်း ရေရှည်မှာတော့ ကိုယ်ရေးတာ ကိုယ်မသိတော့လို့ မရေးဖြစ်တော့ဘူး။
(ကျွန်တော့ အဖေရေးထားတဲ့ ဒိုင်ယာရီကိုဖတ်မိတိုင်း) ဆိုတော့ နောင်လာနောင်သားတွေကိုလည်း အဲလို အခွင့်အရေးလေး ပေးဦးမှပေ့ါ။ 😀
@comegyi
ဒိုင်ယာရီဟောင်းရဲ့ စာမျက်နှာတွေထဲက ပြန်ရှဲချင်တာလေးတွေ ကြွားစရာလေးတွေလည်း ရှိမှာပေ့ါနော်။ 😛
kai
December 28, 2011 at 5:52 pm
စတက်တဲ့နေ့မေဂျာကွဲတယ်ဆိုတော့.. ရီဂျင်နယ်ကောလိပ်ကဝင်တာလား..။
ဂျီဟောကို.. မသွားဖူးသူတွေက… အေဘီစီဒီ အဆောင်တွေနေရာလည်း မသိနိုင်တာမို့.. ဂျီဟောသူမဖြစ်လိုက်ဖူးပေါ့နော…။ 🙂
Khin Latt
December 28, 2011 at 6:27 pm
မမ ရေ က RIT အကြောင်းလေးတွေကို စိတ်ဝင်စားပါတယ်။ ဆက်ရေးပါဦး။
မမ ကျောင်းပြီး အလုပ်ဝင်တာနဲ့ မိသားစု အတွက် အားကိုးရသွားတာ မို့ ဝမ်းသာပါတယ်။
Money ဆိုတာ နဲ့ ပါတ်သက် လို့က တော့ တစ်ချို့ကလဲ ပြောတယ်။
money can’t make everything.
အထူးသဖြင့် Happiness ကို ပေါ့။
ဒါပေမဲ့ ကျွန်မ ကတော့ Happy ဖြစ်ဖို့ Money က မရှိမဖြစ် လိုသေးတယ် တွေးမိပါတယ်။
တကယ်တော့ အဲဒီ Money ဆိုတာက ကိုယ် သုံးတဲ့ အကြောင်း ကနေ အကျိုးဖြစ်ပါတယ်။
အများကောင်းကျိုး အတွက် သုံးနိုင်နေသူ အတွက်တော့ ပီတိ တွေ ဖြစ်ပြီးရင်းဖြစ်နေမှာပါဘဲ။
မမ ပြောတဲ့ Note ကလေး လိုဘဲပေါ့။
Money makes everything.
It can make someone bright and also can run his life.
pooch
December 28, 2011 at 7:39 pm
မမရေ ကျမတော့ ရေးကျင့်မရှိဘူး ဒါပေမဲ့ တလတလ အသုံးစရိတ်တွေကိုတော့ မှတ်လေ့ရှိတယ် ဘာကြောင့်ဘယ်လိုကုန်တယ် ဆိုပြီးတော့ ဒါမှ ကိုယ်ဝင်တာနဲ့ ထွက်တာ ကို ညှိလို့ရမှာ … မဟုတ်ရင် ဘာတွေ ဘယ်လိုကုန်မှန်းမသိဘူး …. တလတလ စာရင်းချုပ်ပြီးရင်တော့ ငိုချင်တာလိုလို ရယ်ချင်တာလိုလိုနဲ့ ဂယောက်ဂယက် ဖြစ်ရတာ ခဏခဏပဲ …….
နောက်တခုက သူများ ယူဖတ်ပြီး ကိုယ့်အကြောင်း သိမှာစိုးလို့ နောက်တခုက ပျော်စရာအတိတ်တွေနဲ့ အတူ အမှတ်ရစရာ အလွမ်းများကိုပါ မှတ်မိနေမှာစိုးလို့ … စိတ်ထဲမှာ မပီဝိုးတဝါးလေးပဲ ထားထားတယ်…..
MaMa
December 28, 2011 at 9:05 pm
@kai
အော်… ဒါ့ကြောင့်လည်း သဂျီးဖြစ်တာ။
သဂျီးမန့်တာကိုဖတ်ပြီး ငါစာရေးတာ သရုပ်ပေါ်လို့ဆိုပြီး ကိုယ့်ကိုကိုယ်လည်း ချီးကျူးလိုက်တယ်။ 😆
@Khin Latt
မလတ်ရေ- ကျောင်းတုန်းကတော့ လောင်စိန်ပေ့ါ။ RIT က မိန်းကလေး ဦးရေ နည်းပေမယ့် မိန်းကလေးတွေကလည်း ယောကျင်္ားလေး တစ်ပိုင်းဖြစ်နေတယ်လို့ပဲ ပြောရမယ်ထင်တယ်။ 😀
@pooch
(ပျော်စရာအတိတ်တွေနဲ့ အတူ အမှတ်ရစရာ အလွမ်းများကိုပါ မှတ်မိနေမှာစိုးလို့ …)
အဲဒါကိုက ဆေးရောင်စုံ ပန်းချီကားတစ်ချပ်လို လှပနေတာပေ့ါ ပုချ်ရယ်။ 🙂
unclegyi1974
December 28, 2011 at 10:11 pm
မမရဲ့မှတ်တမ်းများဆိုပြီး
နောင်အနှစ်၅ဝလောက်ကျရင်
မန်းဂေဇက်ကလေလံပစ်ချင်ပစ်နေရမှာနော်
အခုကတည်းကကြိုတင်ဈေးပေးထားလို့ရပါတယ်
MaMa
December 28, 2011 at 10:28 pm
unclegyi ပြောမှပဲ သတိရသွားပြီ။
စာပေတော်လှန်ရေးသမားတွေကို် တင်ဒါခေါ်ရမယ်။
ဒါပေမယ့်…..
လူသေမှ နာမည်ကြီးပြီး ဈေးကောင်းရမယ်ဆိုမှ…. ဒုက္ခ 🙁
yaungchikha
December 29, 2011 at 9:21 am
မမရေ……….. ကျမလည်း အရင်က ဒိုင်ယာရီရေးတတ်တဲ့အကျင့်ရှိတယ်၊ ဒါပေမယ့် အခုတော့ မရေးဖြစ်တော့ဘူး………………. 🙂