ပြောင်းလဲလာသော အတွေးအခေါ်များ

weiweiJanuary 4, 20121min37016

မခင်လတ်နဲ့ ၉ တန်းကျောင်းသားလေး သားပုဆွေးနွေးထားတာ ဖတ်ကြည့်ပြီး စာရေးချင်စိတ် ပေါ်လာပါတယ်။ ကျွန်မဟာ ၉ တန်း ၁ဝ တန်း အရွယ်က သားပုလိုပဲ ကိုယ်ထင်တာအမှန်လို့ပဲ ယူဆခဲ့ပါတယ်။ အယူအဆတစ်ခုအပေါ်မှာ အားမာန်အပြည့်ရှိခဲ့တယ်။ စာတွေအရမ်းဖတ်တယ်။ တွေးတယ်။ ကျွန်မမှာ ဘကြီးတစ်ယောက်လို အရမ်းလေးစားရတဲ့ လူတစ်ယောက်က ကျွန်မနဲ့တစ်ရပ်ကွက်ထဲမှာနေပြီး အဖေနဲ့လဲ ရင်းနှီးပါတယ်။ အဲဒီလူကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပါတီဥက္ကဌတစ်ယောက်ဖြစ်ပြီး စာအုပ်ကြီးသမား ရိုးသားသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မလိုကလေးတစ်ယောက်အတွက် အတုယူစရာလူတစ်ဦးဖြစ်နေခဲ့ပြီး ကျွန်မကိုသူ့စာအုပ်တွေ၊ သူ့အတွေးတွေနဲ့ လွှမ်းမိုးသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်ပြီးတော့ အဲဒီဘကြီးလဲ လူကြီးရောဂါနဲ့ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ကျွန်မလဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပါတယ်။

ကျွန်မတို့ခေတ်က ၁ဝ တန်းဖြေပြီး ၃ နှစ်လောက်နားနေရသေးတယ်။ အဲဒီအချိန်မှာ သင်တန်းမျိုးစုံတက်ဖြစ်ပြီး သူငယ်ချင်းမျိုးစုံနဲ့ကြုံရချိန်မှာ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းအနဲငယ်နဲ့ ကွန်ပျူတာသင်တန်းတစ်ခုမှာ တွေ့ခဲ့ရတယ်။ ကျွန်မသူတို့ကို အားကျပြန်ပါတယ်။ ကျွန်မရင်ထဲမှာ အမြဲတမ်း လေးလေးနက်နက်တွေးဖြစ်ခဲ့တာက အခြေခံလူတန်းစားတွေအတွက်ပဲဖြစ်ပါတယ်။ ကြီးကျယ်တယ်လို့တော့ မထင်ပါနဲ့။ ကလေးအတွေးလို့ပဲ မြင်ပေးပါ။ အဲဒီအချိန်မှာ အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။ ကျွန်မဟာ မြေကြီးနဲ့နီးတယ်။ အခြေခံကျကျစဉ်းစားတတ်တယ်။ ဆင်းရဲသားလူတန်းစားတွေအတွက် တစ်ခုခုလုပ်ပေးနိုင်တဲ့သူဖြစ်ချင်တယ်။ စသဖြင့်ပေါ့ ….

နောက်တော့ တက္ကသိုလ်ကျောင်းတွေဖွင့်တယ်။ ကျောင်းတက်ရတော့မယ်ဆိုတော့ ကျွန်မက တွေးတာငေးတာ ဝါသနာပါတော့ အင်္ဂလိပ်စာမေဂျာပဲ ယူမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကျွန်မရဲ့ ၁ဝ တန်းက ဆရာက အဲဒီလိုမလုပ်ပါနဲ့တဲ့။ အင်္ဂလိပ်စာဆိုတာ ဘယ်မှာသင်သင်ဖြစ်တယ်။ ကိုယ်တိုင်လေ့လာလဲရတယ်။ သိပ္ပံဘာသာတစ်ခုခုသင်သင့်တယ်လို့ အကြံပေးပါတယ်။ စက်မှုတက္ကသိုလ်အမှတ်မှီနိုင်လို့ အင်ဂျင်နီယာပညာကိုပဲ သင်ပါလို့ တိုက်တွန်းခဲ့ပါတယ်။ ဆရာပြောတာကို မငြင်းပယ်ချင်တာနဲ့ ကျွန်မလဲ စက်မှုတက္ကသိုလ်ရောက်ခဲ့တယ်။ သိပ္ပံပညာတွေကို အသင်များလာတာနဲ့အမျှ ကျွန်မအတွေးတွေ ပြောင်းလဲလာပါတယ်။ ဘာကိုပဲကြည့်ကြည့် အင်ဂျင်နီယာအမြင်နဲ့ကြည့်မိသည်အထိ ကျွန်မအင်ဂျင်နီယာပီသလာပါတော့တယ်။ ရင်ထဲမှာ နိုင်ငံတော်အတွက်ဆိုတာ ကလေးဘဝထဲက အမြစ်တွယ်ခဲ့တာမို့ စက်မှုကဏ္ဍကနေ တစ်တပ်တစ်အားပါဝင်တော့မယ်လို့ စိတ်ကူးယဉ်ခဲ့တယ်။

လက်တွေ့မှာ အခက်အခဲအမျိုးမျိုးကြုံပြီးမှ ဘွဲ့ရခဲ့တာမို့လို့ စိတ်ဓါတ်တွေ မတက်ကြွတော့ဘူး။ ဖြစ်ချင်တိုင်းမဖြစ်ရ၊ လုပ်ချင်တိုင်းမလုပ်ရတဲ့ ဘဝအခြေအနေသာမက နိုင်ငံရေးအခြေအနေတွေကိုပါ နားလည်သဘောပေါက်လာခဲ့ပါတယ်။ လူတော်လေးတွေလို့ သတ်မှတ်နိုင်တဲ့ သူငယ်ချင်းတွေလဲ အခြေအနေအမျိုးမျိုးကြားမှာ စိတ်တွေအမျိုးမျိုးပြောင်းနေကြရတယ်။ ဘွဲ့ရချိန်က အသက် ၂၆ နှစ်တောင် ဖြစ်နေကြပြီဆိုတော့ အိမ်ထောင်ပြုကြ၊ စီးပွားရှာကြနဲ့ မိသားစုအရေးကို ရှေ့တန်းတင်သွားကြသူတွေ အများကြီးပါပဲ။

ကျွန်မက အစိုးရပိုင်စက်ရုံတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ နိုင်ငံတော်အတွက် အတိုင်းအတာတစ်ခုအထိ အရေးပါတဲ့အလုပ်တစ်ခုမှာ လုပ်ခွင့်ရခဲ့တယ်။ ပညာဆက်လက်သင်ခွင့်ရခဲ့ပါတယ်။ တကယ့်လက်တွေ့ဆိုတာ စိတ်ကူးယဉ်သလောက် မလွယ်တာ ကိုယ်တွေ့ကြုံမှပဲ သိနိုင်ပါလိမ့်မယ်။ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ကျွန်မစာတွေအများကြီး ထပ်ဖတ်ခဲ့ရပါတယ်။ အဆင့်မြင့်ပညာရပ်တွေ အများကြီးထပ်သင်ရပါတယ်။ ကျွန်မသင်ရတာ နဲနဲများသွားတယ်ထင်ပါတယ်။ အများနဲ့တစ်ယောက်အနေအထားနဲ့ ကျွန်မတစ်ယောက်ထဲ သီးသန့်ဖြစ်သွားတယ်။ ကျွန်မရဲ့စိတ်ကူးနဲ့ အတွေးအခေါ်တွေက သူများနဲ့မတူတော့ပဲ ခပ်ကြောင်ကြောင်ဖြစ်နေပါတော့တယ်။ ဘာကိုပဲကြည့်လိုက်ကြည့်လိုက် ကျွန်မအမြင်က သူများနဲ့လွဲနေပါတော့တယ်။ ကျွန်မက မကြီးကျယ်ဘူးလို့ထင်ရင် သူများတွေက ကြီးကျယ်တဲ့ကိစ္စလို့ထင်ကြတယ်။ ကျွန်မက အရမ်းကြီးကျယ်တဲ့ကိစ္စလို့ထင်ရင် သူများတွေက အရေးမပါဘူးလို့ထင်ကြတယ်။ တက္ကသိုလ်တက်တုန်းက အရမ်းခင်ပြီးတစ်ခန်းထဲအတူနေခဲ့တဲ့ သူငယ်ချင်းနဲ့တောင် ဆန့်ကျင်ဘက်ဖြစ်သွားသည်အထိပါပဲ။

ကျွန်မက အဲဒီလိုမဖြစ်ချင်ပါဘူး။ အခက်အခဲတွေကြားထဲမှာလဲ မနေချင်ဘူး။ ကိုယ်မလုပ်နိုင်တာကိုလဲ စိတ်ကူးမယဉ်ချင်တော့ပါဘူး။ အေးချမ်းတဲ့ဘဝတစ်ခုနဲ့ အေးအေးဆေးဆေးပဲ နေချင်ပါတော့တယ်။ ကျွန်မရဲ့စိတ်ကို နားလည်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို အကြံပေးခဲ့ပါတယ်။ မခင်လတ်က သားပုကို ပြောသလိုမျိုးပါ။ ခန္ဓာကိုယ်တစ်ခုက အစိတ်အပိုင်းတွေလိုမျိုး အရေးပါမှုအတိုင်းအတာတွေနဲ့ ဥပမာပေးခဲ့ပါတယ်။ ကျွန်မကစိတ်လျော့ပြီး အေးအေးဆေးဆေး ကုသိုလ်ဖြစ် ပရဟိတအလုပ်တွေပဲ လုပ်ချင်တော့တယ်ဆိုလို့ သူကပြောတာပါ။ ကျွန်မလုပ်ချင်တယ်ဆိုတဲ့ မိဘမဲ့ကလေးတွေကို စာသင်ပေးတာမျိုး၊ အိမ်နားကကလေးတွေကို စာသင်ပေးချင်တယ်ဆိုတာမျိုးတွေက တခြားသူတွေကလဲ လုပ်ပေးနိုင်ပါတယ်တဲ့။ လုပ်တဲ့သူတွေလဲလုပ်နေတာပဲတဲ့။ ကျွန်မလက်ရှိလုပ်နေတဲ့အလုပ်က သူများအစားထိုးဖို့ ခက်ခဲပါတယ်တဲ့။ လူတိုင်းလုပ်နိုင်တဲ့အလုပ်တစ်ခုမဟုတ်ပါဘူးတဲ့။ ကျွန်မမှာ ပါရမီပါခဲ့လို့၊ အချိန်ပေးလေ့လာခဲ့လို့၊ ပံ့ပိုးမှုတွေအများကြီးရခဲ့လို့ လုပ်ခဲ့တဲ့အလုပ်တစ်ခုကို လက်မလျော့လိုက်ပါနဲ့လို့ အားပေးခဲ့ဖူးပါတယ်။

ကျွန်မစာတွေ သိပ်မဖတ်တော့ပါဘူး။ ဖတ်ချင်စိတ်လဲ မရှိတော့ပါဘူး။ လူတွေကိုပဲ ဖတ်ပါတော့တယ်။ လူတွေကို ဖတ်ကြည့်ရတာ စာအုပ်ဖတ်ရတာထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူတွေကိုများများ ဖတ်နိုင်လေလေ အသိဉာဏ်ပိုများလေလေလို့ သိလာမိတယ်။ ကျွန်မရဲ့ အထင်လဲ ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာတော့ မည်သည့်အရာကိုမှ မှန်တယ်လို့ ကောက်ချက်မချသလို မှားတယ်လို့လဲ မဆုံးဖြတ်တော့ပါဘူး။ အရင်းအမြစ်ကိုသာ နားလည်အောင်ကြိုးစားကြည့်ပါတယ်။

ဒီပို့စ်ကိုရေးဖြစ်တာက အသက်အရွယ်၊ အတတ်ပညာ၊ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး အတွေးအခေါ် အယူအဆကွာခြားနိုင်တာကို ဥပမာပေးချင်တဲ့စေတနာနဲ့ ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်မကိုယ်တွေ့ တစ်ဦးထဲအတွေးအခေါ်ဖြစ်လို့ သူများနဲ့မတူတာတွေရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ တကယ်တော့ ကျွန်မတို့လူသားတွေအားလုံး ပြီးပြည့်စုံတယ်လို့မရှိနိုင်ဘူး။ ကျွန်မသင်ခဲ့တဲ့ဘာသာရပ်ကို ဆရာဝန်တစ်ယောက်က နားမလည်နိုင်သလို ကျွန်မကလဲ ဆရာဝန်တစ်ယောက်သင်ခဲ့တာကို နားမလည်နိုင်ပါဘူး။ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေကို လဲလှယ်ပြီး အစားထိုးအသုံးပြုလို့ မရသလိုပေါ့။

နိဂုံးချုပ်ရရင်တော့ တစ်ဦးချင်းကဏ္ဍက အရေးအကြီးဆုံးပါပဲ။ သားပုတို့လို ရွေးချယ်ခွင့်ရှိသေးတဲ့လူငယ်တွေအတွက် ဘယ်ကဏ္ဍကနေပါမလဲဆိုတာ သေချာစဉ်းစားရွေးချယ်ဖို့လိုပါတယ်။ ရွေးချယ်ပြီးသား လူကြီးတွေအတွက်တော့ ကိုယ်ရွေးပြီးသားကဏ္ဍမှာ အကောင်းဆုံးလုပ်ဆောင်ပေးခြင်းဖြင့် တခြားကဏ္ဍတွေနဲ့ တက်ညီလက်ညီပူးပေါင်းလက်တွဲကြဖို့ လိုအပ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် အတတ်နိုင်ဆုံးကြိုးစားနေပါကြောင်း ….

16 comments

  • weiwei

    January 4, 2012 at 11:14 am

    ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပါသည် ….

  • kotun winlatt

    January 4, 2012 at 11:28 am

    ဟုတ်….တာဝန်ကိုယ်စီရှိကြတာမို့…
    တာဝန်ကျေဖို့ ကြီုးစားသင့်ပါကြောင်းး.
    လွတ်လပ်ရေးနေ့ ဂုဏ်ပြုစာတမ်းလေးအား
    လာရောက်ဖတ်ရှု့သွားပါကြောင်းခင်ဗျားးးးးး

  • windtalker

    January 4, 2012 at 12:37 pm

    တာဝန်ကိုယ်စီ ရှိကြသည် မှာ အမှန်ဖြစ်၏
    ထိုတာဝန်အတွက် ကဏ္ဍာပေါင်းစုံ တိုးတက်ရေး ဆိုသည်မှာ
    နေရာတစ်ခု ၊ ဌာနတစ်ခု သို ့ဝင်လာကြသော အသစ်များကို ရောက်ရှိနေပြီး ဖြစ်သော စီနီယာ များ က နွေးနွေးထွေးထွေး လက်ကမ်းကြိုဆို ၊ လမ်းစဉ်များ ကို ရှင်းပြ နေရာချထား ၊ ဖေးမ ကူညီမှ သာ ၊ ပျော်ပျော်ရွှင်ရွှင် တိုးတက်မှုများ ရှိလာမည် ဟု မြင်မိပါကြောင်း ။

  • ဦးဦးပါလေရာ

    January 4, 2012 at 12:55 pm

    လူတဦးစီရဲ့ သီးခြားအရည်အသွေးတွေပေါ်မူတည်လို့ သီးခြား“လုပ်နိုင်”တာလေးတွေ ရှိပါတယ်။
    လူအမျိုးမျိုးရဲ့ သီးခြားလုပ်နိုင်တာအမျိုးမျိုးကပဲ လူ့အဖွဲ့အစည်းရဲ့ကောင်းကျိုးဆိုးပြစ်တွေကို
    ကဏ္ဍမျိုးစုံကနေ ဖန်တီးနေတာပါပဲ။
    ကိုယ့်ကိုယ်ကို တာဝန်ယူတာ၊ ကိုယ့်လုပ်ရပ်ကိုယ်တာဝန်ယူတာတွေကပဲ
    တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ကျေစေတာပါ လို့ …… ကျုပ်တော့ခံယူပါသဗျာ။

  • zaw min

    January 4, 2012 at 2:39 pm

    အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံးပိုစ့်တစ်ခုပါပဲ… မည်သူမဆို မိမိတို့ရဲ့ တာဝန်ကျေပွန်မယ်… တတ်နိုင်သလောက်ပူးပေါင်းပါဝင်မယ်… အချင်းချင်းညီညွတ်မယ်… လက်တွဲခေါ်ယူမယ်… ကျွန်တော်တို့၏တိုင်းပြည်ကြီးတိုးတက်အောင် နိုင်ငံသားတိုင်းရဲ့တာဝန်ပဲဖြစ်ပါတယ်…

  • aye.kk

    January 4, 2012 at 3:45 pm

    ကိုယ့်ဘဝနဲ့ယှဉ်ပြီး..
    သိရတဲ့ပုံရိပ်အမြင်လေးနဲ့..
    ထင်ဟပ်စေတဲ့ပြောင်းလဲတဲ့အတွေးအခေါ်လေးကို..
    စေတနာထားကာရေးသားဖော်ပြပေးတဲ့ဝိုင်းဝိုင်းကိုလေးစားမိပါတယ်လို့ပြောပြလိုက်ပါရစေ..။

  • Thel Nu Aye

    January 4, 2012 at 8:38 pm

    ဒီလိုထူးခြားတဲ့အတွေးအခေါ်ရှိတဲ့ကလေးမျိုးဆိုရင် အတွေးအခေါ်မှန်ကန်အောင် လမ်းမှန်မှန်နဲ့သင်ကြားပြသ ပေးမယ်ဆိုရင်နောင်တခေတ်ရဲ့ မှန်ကန်တဲ့ခေါင်းဆောင်ကောင်း( သို့ ) ဦးဆောင်သူတယောက်ဖြစ်လာနိုင် ပါတယ်။ သူ့ပါတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဒီမိုကရေ စီကိုမှန်ကန်အောင်ဖေါ်ဆောင် လမ်းပြပေးနိုင်သူရှိ ရင်ကောင်းမယ်။

  • Khin Latt

    January 5, 2012 at 2:41 am

    ဝေဝေရေ- အစ်မ ဆွေးနွေးခဲ့တာလေးကို ဆက်ပြီး ဆွေးနွေးပေးတာ ကျေးဇူးပါဘဲ။
    အစ်မ ဆိုရင်လဲ ဝေဝေ့ကို ဝေဝေ့ ၁ဝတန်း ဆရာ တိုက်တွန်းသလို တိုက်တွန်းမှာဘဲ။
    နောက် ဝေဝေ့ သူငယ်ချင်း ပြောတာလေးကိုလဲ သဘောကျတယ်။
    ~~~~ ကျွန်မမှာ ပါရမီပါခဲ့လို့၊ အချိန်ပေးလေ့လာခဲ့လို့၊ ပံ့ပိုးမှုတွေအများကြီးရခဲ့လို့ လုပ်ခဲ့တဲ့အလုပ်တစ်ခုကို လက်မလျော့လိုက်ပါနဲ့လို့ အားပေးခဲ့ဖူးပါတယ်။ ~~~~
    သူတစ်ပါး ကို ကောင်းကောင်း ကူညီနိုင်ဖို့ ကိုယ်ဖက်မှာလဲ ပြည့်ဝ သင့်သလောက် ပြည့်ဝနေမယ်ဆို ရင် ပိုပြီး ကူညီနိုင်စွမ်းရှိတာပေါ့။
    ဒီ Post လေး အတွက် ကျေးဇူးပါနော်။
    စကားမစပ် – ဝေဝေ့ကြည့်ရတာ ဝါသနာတဲ့ အင်္ဂလိပ်စာမေဂျာ မယူရတော့ အင်ဂျင်နီယာကျောင်းအပြီး IFL တက်ခဲ့တာလား။(စိတ်ကြီးတယ်လား 😀 )
    အစ်မ အမှတ်မမှားဘူးဆိုရင် ဝေဝေ့ အရင် Post တွေမှာ IFL အကြောင်းရေးတာဖတ်ဖူး ခဲ့သလားလို့။ 🙂

    • weiwei

      January 5, 2012 at 8:19 am

      UFL မှာ တရုတ်စာ သွားသင်ဖူးတယ် … မနက်ပိုင်း ဒီပလိုမာကို ၂ နှစ်တက်ပြီးမှ မသွားနိုင်တော့ လက်လျော့လိုက်တယ် … တရုတ်ပြည်မှာ တစ်နှစ် တရုတ်စာသွားသင်လိုက်တယ် … အခု တရုတ်စကားကို အင်္ဂလိပ်စကားထက် ပိုပြောတတ်ပါတယ် … တရုတ်စကားက second language ဖြစ်နေတယ် …

  • kai

    January 5, 2012 at 3:54 am

    ဟိုတနေ့ကပဲ..အသိတယောက်နဲ့.ပြောဖြစ်နေသေးတယ်..။
    ပါရဂူတခုယူ.. အားမရလို့. .နောက်တခုယူနဲ့.. လူတွေနဲ့.. ဆက်ဆံရခက်လာတဲ့.. ၂ထပ်ပါရဂူ.. ဂျာမန်တယောက်အကြောင်းပေါ့..။

    ဝေမမရေ..
    နောက်ပါရဂူတခုယူမယ်ဆို.. လူမှုဆက်ဆံရေးနဲ့ဆိုင်တာ ယူလိုက်နော…။
    (နောက်တာ) 😆

    • thit min

      January 5, 2012 at 5:43 am

      ဂျာမန်တွေ၊ဆိုဗီယက်ကကောင်တွေဘဲ အဲဒီလိုအူကြောင်ကြောင်တွေ တွေ့ဘူးတာပါ။
      အမေရိကန်အပါအဝင် နိုင်ငံအများစုက ဒါဘယ်ပီအိတ်ချ်ဒီဟိုးလ်ဒါးတွေ “ကျပ်ပြည်”့
      လိုက်တာမှ သူကြီးကလဲ။အရှေ့အလယ်ပိုင်း(အာဖဂန်ကဆရာတွေ)ကလူတွေတောင်ရှားပါး
      ရာထူးရနေပေမဲ့ humble ဖြစ်ပါတယ်။
      အဲ လွတ်နေတတ်တာက နဲနဲဘဲ “သိ” ပြီး “ရာထူးနဲနဲ” ရှိနေတဲ့ ကောင်တွေပါ။
      တချိန်လုံးကြွားနေတဲ့ ပြား ၉၀။ ဇောင့်ကြွားကြွားနဲ့။
      ဂျာမန်အဲဒီလိုတယောက်ဒီလာတုန်းကတွေ့ဘူးတယ်။ပြောလိုက်တဲ့စကားတွေက ကလေးအထာတွေ။
      ပရဲ့ဆဲန်းတေးရှင်း ပေးတော့ ရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင်မှာပြောတဲ့စကားမျိုးတွေ။ထင်ရာစွတ်တင်နေရော။
      အမှန်တော့အဲဒါ သူ ပီအိတ်ချ်ဒီလုပ်တုန်းက သူ့စူပါဗိုက်ဇာက ပစ်ထားလို့ပါ။အတူတူရှိနေတဲ့မဲန်းဘာတွေနဲ့လဲ
      ဒစ်ကပ်မလုပ်ခဲ့တော့ ကိုယ့်အယူအဆအမှန်၊ တယ်တော်တဲ့ငါ လို့ထင်သွားရှာတာပါ။
      သင်လို့တတ်တာတွေကို သိတာကို “ပညာတတ်”ကွ ဆိုသူများကို ရီချင်တဲ့ကျနော်နဲ့တော့ ပြုံးစရာလေးပေါ့။

    • weiwei

      January 5, 2012 at 8:16 am

      ရိုးရိုးသားသားဝန်ခံရရင် ကျွန်မ ပါရဂူဘွဲ့တစ်ခုတောင်မရသေးပါဘူး (ကျသွားလို့ အသစ်ပြန်လုပ်နေရပါတယ်) …. စိတ်ညစ်ပြီး ဒီရွာထဲရောက်နေတာ ….

      ပညာတတ်လို့ အူကြောင်ကြောင်ဖြစ်နေတာမဟုတ်ပေမယ့် ကျွန်မရဲ့ပရိုဂရမ်တွေက သိပ်စဉ်းစားရလို့ ကြောင်တောင်တောင်ဖြစ်နေတာက ပိုမှန်ပါတယ် …

      ဂေဇက်ရှိနေလို့သာ နို့မို့ဆို ရူးလောက်တယ် …

  • thit min

    January 5, 2012 at 5:28 am

    ဟုတ်ပါတယ်။
    အမှန်အမှားအယူအဆဆိုတာ အဲဒီဟာကိုဆုံးဖြတ်တဲ့ လူရဲ့အတွေ့အကြုံစိတ်သဘောထားနဲ့တိုက်ရိုက်ပါတ်
    သက်နေတတ်ပါတယ်။ဥပမာ။ ။ဆားတွေရှိနေတဲ့ ခွက်ထဲ ရေ ထဲ့သောက်ရင်ငန်မှာပါဘဲ။
    တကဲ့လက်တွေ့အမှန်တရားဆိုတာကတောင် တခါတလေ အချိန် ကျ မှ သိရတာမျိုးပါ။
    အရင်ကမြန်မာနိုင်ငံဟာ ဘက်မလိုက်နိုင်ငံပါ။ ပြဿတစုံတရာဖြစ်လာရင် “အမှန်တရား”ဘက်ကိုလိုက်တာ
    လည်း ဘက်လိုက်တာလို့ ဆိုပါတယ်။ ဘာသွားစဉ်းစားမိလဲ ဆိုတော့ အမှန်လို့ခုထင်နေလဲ နောင်တချိန်
    ကျ အမှားကြီးဖြစ်နိုင်းတာမျိုးလို့။
    အသက်အရွယ်အရပြောင်းလဲလာတဲ့အတွေးအခေါ်ထဲမှာ လူတွေကိုဖတ် ရတာပိုစိတ်ဝင်စားတယ်ဆိုတာအရမ်း
    သဘောတူပါတယ်။ ကျနော်လဲအဲဒီလိုပါဘဲ။ တခုပိုမလားဘဲ။ ကျနော်ကတော့ ကိုယ်ကိုကိုယ်လဲဖတ်တယ်။
    မဟုတ်သေးဘူးလို့ ပြောလေ့ရှိတယ်။ လုပ်နိုင်မှာပါလို့နဲနဲလေးထပ်အားစိုက်လိုက်ပါလို့ပြောလေ့ရှိတယ်။

  • ကြောင်ကြီး

    January 5, 2012 at 11:53 am

    ကျနော် ကက်တိုလိုဂျီနဲ့ ထရစ်ပယ်ပီအိပ်ချ်ဒီ ယူတုန်းကဆိုရင် တကမာ္ဘလုံး အုတ်အော်သောင်းနင်းပေါ့။ ( နိုင်းအလဲဗင်းကိစ္စနဲ့ ကြုံသွားလို့ပါ) ဒါပေမဲ့ ဘဝလုံးဝ မမြင့်ဘူး။ အခုဆိုရင် ကွာဒရက်ပယ် ပီအိပ်ချ်ဒီဖြစ်တော့မယ်။ အန်တီဝေ လိုချင်ရင် တခုပြန်မျှပေးမယ်၊ ရွာသားအချင်းချင်းမိုလို့။
    အန်တီဝေပြောသလို တိုးတက်ဖို့ တဦးချင်း လွတ်လပ်ခွင့်လိုတယ်၊ အဲသလိုဖြစ်ဖို့ တဦးချင်း လွတ်လပ်ခွင့် တန်ဖိုးကို နားလည်လက်ခံ ထားနိုင်ရမယ်။ ဒါမှ ဝေဖန်သူနဲ့ ဝေဖန်ခံရသူအကြား နားလည်မှု ဆက်ဆံရေး တည်ဆောက်နိုင်တယ်။ ဒါမှ ရင့်ကြက်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးဖြစ်တယ်။

  • inz@ghi

    January 5, 2012 at 7:03 pm

    လူတွေကို ဖတ်တယ် ….အင်း …ဒါ စကားလုံးအသစ်ပဲ ….ကျနော့်အတွက်..
    ရုပ်ဝတ္ထုဘက် သိပ် ဇောင်းပေးလိုက်လွန်းမိနေတာ …စိတ်တွေကို ဖတ်ဖို့ ….ဟုတ်တယ်..
    စိတ်တွေကိုဖတ်ဖို့ …:D

    ကျေးကျေးပါ….. အန်တီ ဝေဝေနဲ့ ဆြာ သစ် ရေ့….

Leave a Reply