ထိုင်းငါးပိထမင်းကြော် ကျွေးရျ် နှုတ်ဆက်ခြင်း…
ကျွန်မ ရွာထဲကို စရောက်တော့ ၂၀၁ဝ နှစ်လယ်လောက်။ သူငယ်ချင်းတယောက်က မင်္ဂလာဈေး မီးလောင်နေတဲ့ အကြောင်း လှမ်းပို့တာကနေ ဂေဇက်ကို စရောက်ပါတယ်။ ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့ပါပဲ သိပ်အလေးမထားမိဘူး။ သူကပဲ နောက်တခါ တခုထပ်ပို့ပါတယ်။ ဘာအကြောင်းလဲတော့ ကျွန်မလည်း မမှတ်မိတော့ဘူး။ အဲ့သည်မှာ ချက်ချင်း ပြန်မထွက်ဖြစ်ပဲ စာတွေ လိုက်ဖတ်မိတယ်။ မလည်မဝယ်နဲ့ ရွာထဲ စရောက်ခြင်းပါပဲ။ အဲ့ကနေစပြီး ရွာလည်ပါတော့တယ်။ ပထမဆုံး သတိထားပြီး ဖတ်မိတာက “သားလှလူလေး မေ့ရင်သွေး” ပါ။ ဘယ်သူရေးလဲတော့ မသိဘူး အဆုံးသတ်တော့ မပါရှာဘူး။ အဲ့စာကို လိုက်ရှာရင်းနဲ့ ဖတ်ကောင်းတာတွေ မှတ်သားစရာတွေ တွေ့လာတော့ Book marks မှာ မှတ်ထားလိုက်ပါတယ်။ နောက်တော့ နေ့တိုင်း မပျက်မကွက်ကြည့်ဖြစ်လာတယ်။
စွဲလန်းမှုက စလာပါပြီ။ တနေ့တနေ့ ရွာထဲမဝင်ရရင် မနေနိုင်ပါပဲ။ အဲ့လိုနဲ့ တော်တော်ကြာလာတော့ တချို့တချို့စာတွေ ကျွန်မအတော်ကြိုက်တယ်။ ဒါပေမဲ့ သူတို့ခမျှာလေးတွေ ကွန်မန့် မရရှာဘူး။ သူကြီးကလည်း ဆိုထားတယ်လေ ကွန်မန့် မတက်သည့်စာများ ၁၀ရက်ကျော်ရင် ပျောက်မယ်ဆိုတော့ကာ ကွန်မန့် ပေးချင်တာနဲ့ အရဲစွန့်ပြီး မန်ဘာဝင်တော့ ၂၀၁၁ ဖေဖော်ဝါရီမှာပါ။ ကွန်မန်ကလေးတွေ ကြိုကြားကြိုကြား ရေးနေရင်းက အနှစ်နှစ်အလလကတည်းက အမြစ်တွယ်နေတဲ့ စာရေးချင်စိတ်ဟာ တားမရတော့ပါဘူး။ အကြောက်တရားကြီးစိုးတဲ့ လောကသားဆိုတော့ကာ ရေးရင် ပြသနာဖြစ်မှာ ကြောက်တဲ့စိတ်နဲ့ ရေးချင်စိတ် ယှဉ်ပြိုင်ရင်းက ဝါသနာတားမရပဲ စားစရေးမိတာက မတ်လမှာပါ။ မတင်တတ်လို့ စပြီးစမ်းတင်တာက မုန့်ဟင်းခါးချက်နည်းပါ။ နောက်တော့ တောသူပီပီ တောဓလေ့တွေ စရေးမိပါတယ်။ ကိုငှက်ကြီးက ပထမဆုံး ကွန်မန့်ပေးတာတော့ အမှတ်တရပါပဲ။ အခုတလော ကိုငှက်ကြီးတယောက် ပျောက်နေပါတယ်။ ကျွန်မရဲ့ ပထမဆုံး ကွန်မန့်ပေးသူမို့ အမြဲသတိရနေတာပါ။ ပိုးက သတ်လို့ကိုမရလို့ နေ့တိုင်းကို ဆက်တိုက်ကို ရေးမိပါတော့တယ်။ တခါတခါများဆို စာအရေးကောင်းလို့ ယောက်ကျား အလုပ်က ပြန်လာမှ ဟင်းမချက်ရသေးလို့ ကြက်ဥကြော်ကျွေးရတဲ့ အထိပါ။ ယောက်ကျားက အမြဲနောက်ပါတယ် “ဘာလဲ ဒီနေ့လည်း ဂေဇက်ဟင်းပဲလား” တဲ့ ကြက်ဥကြော်ကို ပြောတာပါ။ ဒုတိယပို့စ်ကနေ ဒီနေ့အထိ မပျက်မကွက် ကွန်မန့် ပေးတတ်တဲ့ ကိုကြောင်းကြီးကိုလည်း အမှတ်တရပါ။ ကျွန်မ စာစရေးတော့ အညာသူပီပီ ကျွန်တော်လို့ နာမ်စားသုံးပါတယ်။ အပြင်မှာလည်း ကျွန်တော်လို့ အမြဲပြောတတ်ပါတယ်။ ဒါပေမဲ့ တတိယမြောက်ပို့စ်မှာ တညင်သားက အကြံပေးပါတယ် စာတွေဖတ်လို့ ကောင်းပါတယ် ကျွန်တော်ဆိုတဲ့ နာမ်စားကို ပြင်လိုက်ပါလားလို့ အကြံပေးတာနဲ့ ကြိုးစားပြီး ပြင်လိုက်တာ အခုဆို ကျွန်မဆိုတဲ့ နာမ်စားကို အပြင်မှာတောင် သုံးတတ်နေပါပြီ။ ကျွန်မ ရွာအကြောင်းရေးတိုင်း အမြဲ အားပေးသူက ကိုနိုဇိုမီပါ။ နောက်တော့ ရန်ကုန်မှာ တရပ်ကွက်တည်းသားလို့ သိလိုက်ရတော့ ပိုသတိထားမိလာပါတယ်။ နောက် ကျွန်မစာမှာ မှတ်မှတ်ရရ ကွန်မန့် တခါလာပေးဘူးတဲ့ အဘနီ (အဖေ့အကြောင်း ရေးထားတဲ့ ဝါသနာတားမရပါရှင် ဆိုတဲ့ ကြက်သမား အကြောင်းမှာပါ)။ ကျွန်မနဲ့ တမြို့တည်းသား။ လူဆိုတာ အတ္တသမားပဲမို့ ဒေသစွဲကြောင့် ဒါ ငါတို့ မြို့သား ဆိုပြီး ဘာရယ်မဟုတ် ခင်မိပါတော့တယ်။ အဘနီရေ ပျဉ်းမနား အရှေ့ဘက်က အခုထိ ကြက်ဝိုင်းဆို နာမည်ကြီးတဲ့ ရွာက ကျွန်မတို့ရွာပါ။
နောက် ဂျီတော့မှာ ခင်မင်လာတာက ဆူး၊ အီးတုံး၊ နွယ်ပင်။ တခါတလေ အားတဲ့ အခါ စကားပြောဖြစ်တာပေါ့။ အရင်ကဆို ကျွန်မ ဒီမှာနေရတာ အလွန်အထီးကျန်ပါတယ်။ အိမ်အလုပ်တွေ ပြီးတဲ့ အခါ ရုပ်ရှင်ကြည့်ချင်ကြည့် စာဖတ်ချင်ဖတ်ပေါ့။ တနေ့တရက်မှ မဟုတ်တော့ ကြာလာတဲ့အခါ အထီးကျန်မှုက တော်တော်ဆိုးပါတယ်။ စကားပြောဖော် မရှိတာဟာ သာမာန်လူ အတွက် မသိသာချင် မသိသာပေမဲ့ကျွန်မလို အင်မတန်စကားများသူကတော့ တော်တော်ဒုက္ခကြီးတာပါ။ အဖော်ဖြစ်တဲ့ သားလေးကလည်း စကားတောင် မပြောတတ်သေးဘူး။ ယောက်ကျားကလည်း တနေကုန် အလုပ်သွား ပြန်လာတော့ ပင်ပန်းတော့ စကားမပြောချင်ဘူး။ ဒါနဲ့ သူ့သနားတာနဲ့ ကိုယ့်မှာ ပြောချင်တာတွေ မြိုချနေရတဲ့ဘဝ။ ရန်ကုန်က ညီမတွေကလည်း တနေ့တရက် မဟုတ်တော့ တပတ်တခါတောင် စကားလာမပြောချင်ဘူး။ အခုဆို ပိုဆိုး တလတခါတောင် မလာတော့ဘူး။ ကြာတော့ သွေးအေးသွားတာလေ။ ပြည်ပမှာ နေရတဲ့ဘဝ အထီးကျန်တဲ့ဘဝကို သိမှ မသိတော့ မစာနာကြဘူး။ ပြောစရာအထွေအထူးမရှိဘူး မလာတော့ဘူးနော် ဆိုတာကြည့်ပဲ။ ကြာတော့ ကိုယ့်ဖာသာ အကျယ်ချုပ်ကျသလိုတောင်ခံစားလာရပါတယ်။ အထီးကျန်တာများပြောပါတယ်။
အဲ…ရွာထဲ ရောက်ပြီး နောက်ပိုင်း ကာလတွေမှာ ကျွန်မ အဲ့လို မခံစားရတော့ဘူး။ အိမ်ကလူတွေ လာလာမလာလာ ဂရုကို မစိုက်တော့တာ။ ကျွန်မမှာ စကားပြောဖော် ဝါသနာတူ မောင်နှမတွေရဲ့ နွေးထွေးမှုကြောင့် ကျွန်မ အထီးမကျန်တော့ဘူး။ တကယ်ကို ပြောတာပါ။ ဒါကြောင့် ဒီရွာကြီးကို တည်ထောင်ထားတဲ့ သဂျီးကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ ရွာထဲစရောက်ပြီးကတည်းက ဒီနေ့အထိ မပျက်မကွက် ရွာထဲဝင်လည်ပါတယ်။ အားလပ်တိုင်း ဝင်ပါတယ်။ တခါတခါဆို တနေကုန် ရွာထဲမှာပဲလို့ ဆိုရလောက်အောင်ပါ။ တလောက နေမကောင်းလို့ ရွာထဲကို ဝင်ချင်လျှက်နဲ့ မဝင်ရ။ ဝင်ပြန်သော်လည်း ကွန်မန့် မပေးနိုင် စာမရေးနိုင်တဲ့ အချိန်တုန်းက သတိတရမေးတဲ့ သူငယ်ချင်းတွေကို ဒီစာနဲ့ အတူ နှုတ်ဆက်ချင်လို့ပါ။ ကျွန်မ ဒီလကုန်မှာ မြန်မာပြည်ကို ပြန်ပါပြီ။ ရန်ကုန်ရောက်ရင် တခါတခါတော့ ရွာကို သံယောဇဉ် မပြတ်လို့ လာလည်ပါဦးမယ်။ အခုလိုတော့ တနေကုန် တနေခန်း ရှိနေနိုင်တော့မှာ မဟုတ်တော့ပါဘူး။ ကျွှန်မ တခါတလေ ပြန်လာတဲ့အခါ တခါက စာတွေ ရေးဖူးတဲ့ စာရေးတိုင်း “မှီ အမှတ် တရ” လို့ Tag အမြဲပေးတတ်တဲ့ မှီဆိုတဲ့ သူကို သတိရပေးပါဦးလို့။ အားလုံးကို နှုတ်ဆက်ပါတယ်။ ဒါပေမဲ့ ပြန်မဲ့ရက်အထိတော့ ရွာထဲမှာ ရှိနေဦးမှာပါ။ 🙂
ထိုင်းငါးပိထမင်းကြော်
ရွာထဲက ပြည်ပနေ တစ်ကိုယ်တော် သိုင်းသမားများအတွက် မြန်ဆန်လွယ်ကူတဲ့ စားလို့ကောင်းတဲ့ ထမင်းကြော်လေးပါ။
၁.ထမင်းကို မွှထားပါ။
၂.ပုစွန်ငါးပိ ကွမ်းသီးလုံးလောက် အနေကို ရေနဲ့ ဖျော်ထားပါ။
၃. ကြက်သွန်ဖြူ ၂တက်လောက်ကို နုပ်နုပ် စဉ်းထားပါ။
၄.ကြက်သွန်နီတလုံး ပါးပါးလှီးထားပါ။
၅. ကြက်ဥ တလုံး။
၆. ပုစွန်ခြောက် အနည်းငယ်။
၇. ဝက်အူချောင်း။ ( ဝက်အူချောင်း မရှိလို့ ဆောဆေ့ ကို ကြော်ထားတာ)
၈. ဆီ အနည်းငယ်။
ထမင်းကြော်နည်း
ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူလာတဲ့ အခါ ကြက်ဥကို အကာကြက်ကြော်ပြီး ဆယ်ထားပါ။ ပြီးရင်တဆက်တည်း ဝက်အူချောင်းကြော်ပါ။ ဝက်အူချောင်းကို ဆယ်ပြီးရင် ပုစွန်ခြောက်ကို ထည့်ကြော်ပါ။ အားလုံးကြော်ပြီးတဲ့ အခါ ဆီ နဲနဲ ထပ်ထည့်ပြီး နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ကြော်ပါ။ ကြက်သွန်ဖြူ နွမ်းလာရင် အသင့်ဖျော်ထားတဲ့ ပုစွန်ငါးပိရည်ကို ထည့်လိုက်ပါ။ ငါးပိရည် ပွက်လာရင် ထမင်းထည့် ဆား၊ ဟင်းခတ်မှုန့်ထည့် ကြော်ပါ။ ထမင်းခြောက်ပြီး မာလာရင် အရသာမြည်းပြီး ချလိုက်ပါ။ ပန်းကန်ပြားထဲကို ထမင်းကြော်ထည့်။ ကြက်ဥကြော်၊ ဝက်အူချောင်းကြော်၊ ပုစွန်ခြောက်ကြော်ထည့် အလှပြင်ပါ။ လှီးထားတဲ့ ကြက်သွန်နီကို ရေဆေးပြီး သံပုရာသီး၊ ငရုပ်သီးစိမ်း၊ ဆားတို့နဲ့ နယ်လိုက်တဲ့ အခါ ထိုင်းငါးပိထမင်းကြော်နဲ့ လိုက်ဖက်တဲ့ အချဉ်ရပါပြီ။ ထိုင်းငါးပိ ထမင်းကြော်က ကြက်သွန်ချဉ်ပါမှ အရသာပြည့်စုံပါတယ်။ ကျွန်မကတော့ ထမင်းပေါ်က နံန့ပင်လေး တင်ပြီး အလှဆင်ထားတာပါ။ လွယ်လည်း လွယ်ပြီး စားကောင်းတဲ့ ထမင်းကြော် ကျွေးပြီး နှုတ်ဆက်လိုက်ပါတယ်နော်။ တခါတရံ အလည်လာတဲ့ အခါ အခုလိုပဲ ရွာကြီး ဆက်လက်ပြီး သာယာပါစေလို့ ဆန္ဒပြုလျှက် ။ (ဆုတော့ မတောင်းရဲဘူး သဂျီးက ပြောမစိုးလို့) 🙂
46 comments
windtalker
January 5, 2012 at 10:07 pm
အန်တီမှီ ့ နည်းအတိုင်း ငပိထမင်းကြော် လုပ်စားဖြစ်တိုင်း အန်တီမှီ ့ ကို သတိရနေမှာပါဗျာ
ပုံ
ကိုးဆယ့်ကိုးစားနေသော
မစ်စတာပေ
weiwei
January 5, 2012 at 10:17 pm
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး …
ကိုရင်စည်သူပြောသလို
ဝမ်းသာပါတယ် … ဝမ်းနည်းပါတယ်
ရန်ကုန်ကို ပြန်လာတော့မယ့်သတင်းအတွက် ဝမ်းသာပါတယ် …
ရွာထဲမှာ အချိန်ပြည့် မရှိနိုင်တော့မှာကိုတော့ ဝမ်းနည်းတယ် …
ငပေါက်ဖော်
January 5, 2012 at 10:17 pm
ဟမငေး
သများတို ့နတ်လောကသားတွေခမျာ
အနံ ့နဲ ့ ပဲ ၂သိမ့်ကျေနပ်နေရတယ်
ဘတော့များမှ အပြင်မှာ စားရမလဲ မသိပါဘူးတော်
ပြောရင်းဆိုရင်းသရေတောင် ကျလာဘီ
ရှလွတ်..ရှလွတ်.ပြွတ်စ်.
hmee
January 6, 2012 at 3:00 pm
ကိုပေါက်ဖော်က တကယ် ကိုးမိုင်ကလား။ ကျွန်မလည်း ကိုးမိုင်မှာ နေမှာ။ ဆိုင်ကို တကယ်လာမှာနော်။ ကျွန်မက ကွန်ပြူတာဆို စာစီစာရိုက်လောက်ပဲ တတ်တဲ့ မူကြိုတန်းလေ။ မသိတာတွေ များမှာမို့ ကိုယ့်ချင်းကိုယ့်ချင်းဆို မေးရတာ အားမနာရလောက်ဘူး။ 🙂 ကိုးမိုင်မှာ အင်တာနက်ဆိုင်ဆို ကျွန်မလာခါစက ဗိုလ်ဉာဏလမ်းကဆိုင်နဲ့ အိုးရှင်း အောက်ကဆိုင်ပဲ သိတာ။ ဘယ်ဆိုင်များပါလိမ့်။ တကယ်လာမယ်ဆိုမှ ထွက်မပြေးရ၊ ရှောင်မနေရ။ 🙂
windtalker
January 7, 2012 at 9:47 pm
ပုန်းမှာတော့ အသေအချာဘဲ
ကျုပ် တို ့သွားတုန်းကတောင်
တူတူပုန်းတိုင်း ကစားခဲ့သေးတယ်
ဟဲဟဲ
zaw min
January 5, 2012 at 10:22 pm
ထမင်းကြော်စားတိုင်း သတိရနေအုံးမှာပါ ဒေါ်လေးမှီ…(စတာနော်)…
Thel Nu Aye
January 5, 2012 at 10:41 pm
ကြော်စားလိုက်မယ်နော်။
ဦးဦးပါလေရာ
January 5, 2012 at 11:02 pm
မမှီ ရဲ့ ပိုစ့်တွေကို အမြဲလို ဝတ်ဖတ်ဖြစ်ပါတယ်။
ရန်ကုန်က တင်တဲ့ ပိုစ့်တွေကို စောင့်ဖတ်ဦးမှာပါဗျာ။
padonmar
January 5, 2012 at 11:15 pm
မှီရေ
ရန်ကုန်ကိုအပြီးပြန်လာမှာလား၊
ဒီမှာကွန်မကောင်းပေမယ့် အသားကျသွားရင် သည်းခံပြီး post တွေတင်လို့ရပါတယ်။
ရွာနဲ့တော့ အဆက်မဖြတ်ပါနဲ့။
အိမ်မှာအင်တာနက်အဆင်မပြေနှေးနေရင် ရိုက်ပြီးသား memory stick လေးနဲ့ save ပြီး မြန်တဲ့အင်တာနက်ဆိုင်မှာ သွားတင်လို့လည်းရတယ်လေ။
hmee
January 6, 2012 at 3:07 pm
မပဒုမ္ပာရေ ကျွန်မရဲ့ အပျော်တမ်းငါးဖမ်းပို့စ်မှာ အမပေးတဲ့ ကွန်မန့်လေးကို ဖတ်ရတုန်းက ကျွန်မသိပ်ပျော်တာပဲ။ စာဆက်ရေးဖို့ အားပေးတဲ့ အားဆေးလေးလိုပဲမို့ အမကိုလည်း အမှတ်တရ။ 🙂
ဟုတ်ပါတယ် ရန်ကုန်ကို အပြီး ပြန်မှာပါ။ ရွာထဲကို လာနိုင်ရင်တော့ လာနိုင်သလောက် လာဦးမှာပါ။ ဒါပေမဲ့ ကလေးသေးသေးလေးနဲ့ဆိုရင်တော့ လာနိုင်မှာ မဟုတ်လို့ အဆက်အသွယ် တော်တော် ပြတ်သွားမယ် ထင်ပါတယ်။ နဂိုကတည်းက စိတ်မရှည်သူ ဒီမှာက ကလစ်လိုက်တာနဲ့ ရှလွတ်ဆို တက်လာတာဆိုတော့ ရန်ကုန်ရောက်လို့ ကြားထားသလို ကြာနေရင်တော့ စိတ်ကရှည်ပါ့မလား မသိဘူး။ 🙁
MaMa
January 6, 2012 at 3:43 pm
မှီရေ- FR လည်း ရန်ကုန်ရောက်ကာစက ကွန်မန့်တောင် မပေးဖြစ်ဘူး။
နောက်တော့လည်း ဒီမှာနေရင်းနဲ့ နည်းနည်း သည်းခံတတ်လာတာရော၊
ရွာရဲ့ သံလိုက်ဆွဲအားကြောင့်ရော ဖြစ်မယ်ထင်တယ်
ပိုစ့်တောင် တက်လာတယ်။ 🙂
တညင်သား
January 5, 2012 at 11:53 pm
မမမှီရဲ့ ပိုစ့်တွေကို အကုန်ဖတ်ဖြစ်ပါတယ်.. နောက်လဲ အားပေးနေမှာ ဘဝ တူတွေဆိုတော့ ပိုပြီးသတိတယ ရှိမယ်ထင်ပါတယ်…
မိသားစုပြန်လည်ဆုံတဲ့အခါ သန်လျင်ကို လာလည်ဖို့လဲ ဖိတ်ခေါ်ပါတယ်…
Khin Latt
January 6, 2012 at 4:31 am
မမှီရေ မြန်မာပြည် ပြန်ရောက် လဲ ဒီလို စားစရာ လုပ်စားပုံ လေးတွေ၊ နေ့စဉ် အတွေ့အကြုံလေးတွေ တင်တင်ပေးပါဦး။ မျှော်နေပါမယ်။
တစ်ခုခု လုပ်စားတိုင်း အစ်မ ကို လဲ သတိရနော်။
ခင်မင်စွာဖြင့်
inz@ghi
January 6, 2012 at 6:41 am
ဝါသနာတားမရပါရှင် ဆိုတဲ့ ကြက်သမား ပို့စ် က မမမှီ ရေးတာလားဗျ..
ဖတ်ဖူးတယ်ခင်ဗျ. .ရွာထဲမှာ အကောင့် ဆောက်ပြီး စာဝင်ရေးခါနီး အချိန်လောက်ကပေါ့ …
အလွန်ဖတ်လို့ ကောင်းပါသည်ခင်ဗျား…
ပို့အကြောင်း ဆက်မယ်နော..
ပုဇွန်ငါးပိ သုံးတယ်လို့ ပြောတယ်နော် ….
ဂီ ကြုံဖူးတာတော့ ကင်းမွန် နံ့ပလာရည် သုံးသလားလို့ …
အင်းလေ နော …ယိုးဒယားမှာလည်း ဒေသအလိုက် ကွဲပြားမှုလေးတွေ ရှိမယ်ထင်ပါရဲ့…
သည်စနေ လုပ်စားကြည့်မယ် …မမမှီရေ့……
ကျေးကျေးနော…
ခင်တဲ့ ဂီ
hmee
January 6, 2012 at 3:25 pm
မောင်မောင်ဂီဂီရေ အဲ့ပို့စ်က အမ အဖေအကြောင်းရေးထားတာလေ။ အမ အဖေကိုလည်း ညီမလေးက ပရင့်ထုတ်ပေးလိုက်လို့ အဖေ ဖတ်ပြီး ပြုံးပြုံးကြီးနဲ့ အရမ်းသဘောကျနေတာတဲ့။ ကြက်များနဲ့ တညနေ ဆိုပြီး ရေးထားတာ တပိုင်းတစ ရှိသေးတယ် အဖေ့အကြောင်းပဲ။ ကြက်အကြောင်းဆို အဖေ့မှာ ပြောမကုန်ပဲ။ 🙂
ငံပြာရည်နဲ့ ကြော်တာ နောက်တမျိုးရှိသေးတယ်။ မရေးတော့ပါဘူး။ 🙂 ရေးရင် မမှီ ကြံကြံဖန်ဖန်ချက်စားတာတွေ လူသိတော့မယ်။ 🙂
MaMa
January 6, 2012 at 7:37 am
မှီ ချက်တတ်တာတွေ အများကြီးလို့ ပြောထားတာကို သတိရ နေတယ်နော….. 🙂
kai
January 6, 2012 at 9:17 am
ရွာသူားတွေထဲ.. ဘယ်သူကလို့..ဘယ်ကစစ်လေ့ရှိတာမှာ…မှီမမက.. အစ္စရေးက ဝင်နေတော့.. တော်တော်အံ့ဩမိရာက.. သတိထားမိခဲ့တာပါ..။
ဆိုတော့…
အမှတ်တရဖြစ်သွားအောင်.. ဒီထမင်းကြော်ကို.. နောက်လထုတ်မဲ့သတင်းစာထဲထည့်လိုက်မယ်နော…။
မြန်မာပြည်ပြင်ပရေးတဲ့.. ပွိုင့်တွေကို..မြန်မာပြည်ပြန်မသယ်နိုင်အောင် စည်းကမ်းထားထားပေမဲ့.. အခုကတော့ ချွင်းချက်နဲ့.. ပွိုက်ဆက်ပေးထားပါ့မယ်..။
အခု.. ထမင်းကြော်အတွက် ပွိုင့်လဲ… ၅၀၀ဝ ပေါင်းပေးလိုက်ပါ့မယ်..။
လကုန်မှဆိုတော့.. အချိန်ရပါသေးတယ်.။
အားရင်အားသလို ဒေသဆိုင်ရာ ခရီးသွားမှတ်တမ်းလေးတွေ.. ရေးတင်ပါဦး..။
နှုတ်မဆက်ပါဘူး..။
ရွာထဲဆက်ရှိနေမယ်ယုံကြည်လို့ပါ..။ 😆
hmee
January 6, 2012 at 3:32 pm
အဲ့တုန်းက သဂျီးက ဂျုးတွေဆီကလားလို့ မေးတော့ လန့်သွားသေးတယ်။ အဲ့လို ကြောက်တာ။ အိမ်ဦးနတ်က မရေးပါနဲ့ အတန်တန်တားနေတဲ့ ကြားက ရေးတာ။ ဝါသနာကြီးချက်ကတော့။ နောက်တော့ သူလည်း မတားတော့ပါဘူး။ ကျေးဇူးပါပဲ သဂျီးရှင်။ ကျွန်မ မြန်ပြည်ရောက်လည်း ကြိုကြားကြိုကြားတော့ လာဖြစ်အောင်လာမှာပါ။ ဒါပေမဲ့ ကလေးသေးသေးလေးနဲ့မို့ မလာဖြစ်တာ ကြာသွားခဲ့သည်ရှိသော် မန်ဘာအဖြစ်က မပယ်ပါနဲ့ဦးလို့။ သူဂျီးကပြောထားတယ်လေ ၆လကျော်ပါက မန်ဘာအဖြစ်က ရပ်စဲမယ် ပြောထားတာကိုးလို့။ 🙂
Moe Z
January 6, 2012 at 10:11 am
မမမှီကို မိုးစက်ရဲ့ပထမဆုံးပို့စ်မှာ ကွန်မန့်ဝင်ပေးသွားတာကိုလည်း အမြဲအမှတ်တရရှိကြောင်းပါ
နှုတ်ဆက်ပါတယ်ဆိုတာ မြန်မာပြည်ပြန်ရောက်ရင် ဆက်သွယ်မှုဧရိယာပြင်ပရောက်မှာစိုးလို့လား
မိုးစက်တို့လည်းဒီလိုပဲသုံးနေတာပါပဲ နှုတ်တော့မဆက်ပါနဲ့ စိတ်မကောင်းဖြစ်အောင် 🙂
မမမှီရဲ့ထမင်းကြော်ကိုလည်း ဝင်ရှလွတ်သွားပါသည်..
ကြောင်ကြီး
January 6, 2012 at 10:39 am
အန်တီမှီ မြန်မာပြည် ပြန်သွားခဲ့ရင် ဆွေမျိုးမတော်လိုက်ရတဲ့ ကြောင်တကောင်ကို မမေ့လိုက်ပါနဲ့ဗျာ….။ ကြောင်ကြီးဘဝမှာ အန်တီမှီ့ ညီမတယောက်ပဲ ရှိခဲ့တယ်။ ဒါတွေ ပြီးခဲ့ပါပြီလေ၊ သမီးလေးမွေးရင်သာ ကြောင်ကြီးကို အဦးဆုံး သတိရပေးပါ။
အန်တီမှီကျွေးတဲ့ ထိုင်းငါးပိ ထမင်းကို ငံပြာရည်ဖျော်စမ်း၊ ငါးပိကြော်ရော၊ ဆားဖြူးစားရင်း အစဉ်လွမ်းနေပါ့မယ်။
သားမက်လောင်းမောင်ကြောင်ကြီး 😳
hmee
January 6, 2012 at 3:39 pm
ကိုကြောင်ကြီး ပြန်ခါနီးမို့ အမှန်ပြောလိုက်မယ်နော်။ 🙂 စိတ်မပျက်ပါနဲ့ အိမ်ထောင်ကျတာက ညီမတယောက်ထဲပါ။ ကာစင်တွေကော အရင်းတွေကော ရေမယ်ဆို လက်ဆယ်ချောင်းတောင် မလောက်လောက်ဘူး။ 🙂
တို့ရွာသားတွေများ တကယ်ကို အကြားအမြင်ရနေပုံရတယ်နော် တကယ်ကို အံ့ဩတာပဲ။ 🙂
ဟိုတနေ့ကလည်း ဆူးတယောက် လှမ်းမေးတာ ဒက်ထိကို မှန်လို့ အံ့ဩနေတာ။ 🙂
နွယ်ပင်
January 6, 2012 at 10:46 am
မမှီရေ ထမင်းကြော်လာစားရင်းနဲ့
ရန်ကုန်ပြန်လာမယ်ဆိုတော့ ကြိုဆိုပါတယ်နော်
ရွာကိုတော့ နှုတ်တော့မဆက်လိုက်ပါနဲ့ ဒီမှာက ကွန်မကောင်းပင်မယ့်
အသားကြသွားရင် အဆင်ပြေသွားမှာပါ မမှီရေးတဲ့ စာတွေကိုလည်း
စောင့်ဖတ်နေပါ့မယ်နော်
ဆူး
January 6, 2012 at 10:47 am
မမှီရဲ့ နှုတ်ဆက်တဲ့ ပိုစ်လေး ဖတ်ရတာ ဝမ်းနည်းသလိုလို တမျိုးလေး ဖြစ်မိတယ်။
သံယောဇဉ် ဆိုတာ ဒါမျိုးနေမှာပေါ့..
အခုတလော ဆူး လည်း သိပ်မအားတာနဲ့ ရွာထဲ အချိန်လည်း သိပ်မပေးဖြစ်ဘူး။
အခုတော့ နှစ်ဆန်းပိုင်းပေါ့.. ဒီနှစ်ထဲမှာတော့ ဆူး လည်း ကွန်မန်းက အစ သိပ်ရေးဖြစ်တော့မယ် မထင်ဘူး ပိုစ်တွေ တင်ဖို့ လက်ရှိန်လျော့လိုက်တာတော့ နည်းနည်း ကြာသွားပါပြီ။ ဘဝ အတွက် အဓိက လိုအပ်တဲ့ အရာတွေကို အချိန်ပေးဖို့ လိုနေပြီ။ ရွာထဲကို အချိန်ပေးခဲ့တာ နှစ်နဲ့ ချီပြီး နာရီပေါင်းများစွာ ပေးခဲ့တာ လိုအပ်ချက်တွေ ချို့ယွင်းချက်တွေ များစွာ ဖြစ်ခဲ့တာ အခု သတိထားမိတာတွေ ရှိတယ် အဲဒီ အတွက် ပြန်ပေးဆပ်ဖို့ ကြိုးစားလိုက်အုန်းမယ်။
ရွာထဲမှာ ဝင်ဖတ် ဝင်ရေးတဲ့ အတွက်တော့ ပိုပြီး ရင့်ကျက်လာတယ် တွေးတတ်လာတယ်လို့ ထင်မိတယ်။
အမ နှုတ်ဆက်တဲ့ အတွက် စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါပဲ။
နောက်လည်း အဆင်ပြေရင် ပြေသလို ပိုစ်လေးတွေ တင်ပေးပါအုန်းနော်။
ကျန်းမာရေးလည်း ဂရုစိုက်ပါအုန်း။ တလောက နေမကောင်းဘူး သတင်းကြားတော့ ကျန်းမာရေးထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ နေကောင်းအောင်နေနော်။
hmee
January 6, 2012 at 3:42 pm
ပြန်ရောက်ရင် အိမ်က အပြင်ထွက်ခွင့် ပါမစ်ရတာနဲ့ ဆူးဆီ အရင်လာမှာ အဲ့တော့မှ ထွက်မပြေးနဲ့။ 🙂
ဆူး
January 6, 2012 at 4:18 pm
ဆူး အိမ်မပြောင်းသရွေ့ အမ လာရှာရင် တွေ့ပါလိမ့်မယ်။ ဟိဟိ အိမ်ပြောင်းဖို့ အစီအစဉ်တော့ မရှိသေးပါဘူး နောက်တာပါ။ အမ ကိုလည်း တွေ့ချင်ပါသေးတယ်။ ကြိုဆိုပါတယ် လာခဲ့ပါနော်။
htoosan
January 6, 2012 at 11:11 am
ခေါင်းစဉ်ကို ဒီလိုပြင်ပေးပါလားဗျာ…
“ထိုင်းငါးပိထမင်းကြော် ကျွေးရျ် ခေတ္တခဏ နှုတ်ဆက်ခြင်း…”
blackchaw
January 6, 2012 at 11:43 am
အင်မတန် စိတ်မကောင်းဖြစ်မိသော ပို့စ်ပါ မမှီရေ။
ကိုးမိုင်မှာဆိုတော့ ပေါက်ဖေါ်ကြီးအင်တာနက်ဆိုင် က
သွားရလာရ အင်မတန်အဆင်ပြေပါတယ်။
ရန်ကုန်မှာကလည်း အင်တာနက်ဆိုင်က လက်ညှိုးထိုးမလွဲရှိနေတော့
ရွာနဲ့ အဆက်ပြတ်စရာမလိုပါဘူးဗျာ။
မပဒုမ္မာ ပြောသလို ပို့စ်ကို အိမ်မှာရေး၊ စတစ်နဲ့ကူးပြီး
ကြုံတဲ့အခါ အင်တာနက်ဆိုင်က တင်လိုက်ရင်လည်း
အဆင်ပြေတာပါပဲ။
ဖုန်းနဲ့လည်း အင်တာနက်သုံးလို့ ရနေတာပါပဲဗျာ။
မမှီအတွက် မန်းဂဇက်က တံခါးအမြဲတမ်းဖွင့်ထားပါတယ် ခင်ဗျာ။
ပြန်လာခဲ့ပါ။
hmee
January 6, 2012 at 3:50 pm
မားသားကြီးတွေ ဗုဒ္ဓဂါယာသွားမယ် ဆိုပြီးလှမ်းပြောတော့ ကျွန်မမှာ ဒီကနေ စိတ်တွေပူလို့။ အမေက သွေးတိုးသမား၊ အဖေက နှလုံးသမား ဆိုတော့ အအေးမခံနိုင်ကြဘူး။ ကိုယ်ကလည်း တခေါက်မှ မရောက်ဖူးဘူးလေ။ ဘာတွေ ဆောင်ရ ရှောင်ရမယ်ဆိုတာ အရမ်းသိချင်နေတဲ့ အချိန် (ဒီကနေ ဆရာလှမ်းလုပ်မလို့ )။ သွားဖူးတဲ့ ဆူးကို လှမ်းစပ်စုနေချိန် တိုက်တိုက်ဆိုင်ဆိုင် ကိုဘလက်က ဂါယာအကြောင်း ပို့စ်တင်တော့ ကျွန်မမှာ ဆရာလှမ်းလုပ်ခွင့်ရတာ အမှတ်တရပါပဲ။ 🙂 ရေးတော့ ရေးချင်သေးတာ။ ဒါပေမဲ့ ကျွန်မက ကျော်တာခွတာ မတတ်ဘူး။ ပြောရရင် အင်တာနက်တောင် ဒီရောက်မှ စသုံးဖူးတာ အဲ့လို။ စတွေ့ကတည်းက မြန်နှုန်းမြင့်လေ။ ကျော်တာခွတာ မရှိတော့ ပြန်ရောက်ရင် သုံးတတ်ပါ့မလား စိတ်ပူတာ။ 🙂
pooch
January 6, 2012 at 1:44 pm
မမှီပြောတဲ့ ငါးပိထမင်းကြော်လေးလည်း လုပ်စားကြည့်အုန်းမယ်..
ရွာကိုတော့ မဝင်ရင်မနေနိုင်အောင် ဒီဘက်ကနေ ဥုံဖွ မန်းနေမှာ နေ့တိုင်း…. 🙂
hmee
January 6, 2012 at 3:55 pm
ပုချ်ရေ မမှီက သမိုင်းကြောင်းတို့ အထ္တုပ္ပတိတို့ ဖတ်ရတာ သိပ်ဝါသနာထုံတယ်။ သမိုင်းနောက်ခံ ဇတ်လမ်းဆို အရမ်းစိတ်ဝင်စားတာ။ ဒါကြောင့် ပုချ်က သမိုင်းနောက်ခံတွေ ရေးရင် မမှီ အမြဲ ဖတ်တယ်။ ရွာထဲကတော့ မဝင်ရ မနေနိုင်လို့ အိမ်ကလူကြီးက ပြောနေတယ် “ မင်း အဲ့ဒါလည်း စိတ္တဇရောဂါ တမျိုးပဲတဲ့ ညီမရေ။ ဒီမှာက အိမ်မှာရှိတော့ အမြဲဝင်တာ။ ပြန်ရောက်ရင်တော့ အခြေအနေပေးရင် လာနေဦးမှာပါ။
thit min
January 6, 2012 at 2:28 pm
တအိမ်သားလုံးပြန်လာမှာလားခင်ဗျ။
မမှီအားလုံးအဆင်ပြေချောမွေ့မှာပါ။
မမှီရဲ့စိတ်ကိုဖတ်လို့ရနေတာဘဲဗျာ။
ခင်မင်စွာ
မောင်သစ်မင်း
hmee
January 6, 2012 at 4:00 pm
ကိုသစ်မင်းရေ ကျွန်မနှင့်သား နှစ်ယောက်တည်း ပြန်မှာပါ။ ပြန်ဖို့က တနှစ်လိုသေးတာမို့ အိမ်ကြီးရှင် ကျန်ခဲ့ပါမယ်။ ကျွန်မလည်း အစက ပြန်ဖို့ အစီအစဉ်မရှိပါဘူး။ မထင်မှတ်တဲ့ ရတနာလေးက ဘဝထဲ ရောက်လာတာမို့ တနှစ်စောပြန်ရမှာပါ။ 🙂 ကိုသစ်မင်းရန်ကုန် ပြန်ရောက်ချိန် တွေ့ဆုံခွင့်ရရင်တွေ့ချင်ပါသေးတယ်။
kai
January 6, 2012 at 4:11 pm
အဲဒီမြေပေါ့..။ ကမ္ဘာမှာ အထူးခြားဆုံးမြေနေရာဒေသ…။
ထူးခြား… ကြီးပွားမဲ့ကလေးလို့.. အတတ်ဟောလိုက်ပါတယ်..။
နောင် အနှစ် ၃ဝကျရင်. သူ့ကို…ပြောပြလိုက်နော…။
etone
January 6, 2012 at 4:00 pm
ဓါတ်ပုံနဲ့ တကွတင်ပြပြီး အရသာရှိတဲ့ ထမင်းကြော်ကျွေးကာ နှုတ်ဆက်သွားတဲ့ မမှီကိုလည်း သတိရနေကြမှာပါ ။ ရွာထဲ အဝင်နည်းသွားပေမယ့် စာတွေတော့ ဆက်ရေးပါဦးလို့ တောင်းဆိုပါတယ်နော် ။ 🙂
hmee
January 6, 2012 at 4:02 pm
တုံဆီလည်း ဆက်သွယ်မှာနော် ရှောင်မနေကြေး။ 🙂
etone
January 6, 2012 at 4:15 pm
ဟုတ်ကဲ့ ဆက်သွယ်ပါ မမှီရေ … မရှောင်ပါဘူး … ဆုံဖြစ်အောင်ကို ဆုံဦးမှာပါ ။
nozomi
January 6, 2012 at 4:03 pm
ဘွားမှီ ကို ဘွားမှီ အမျိုးသားပိုင်ပေမဲ့ ၊ မှီ ဆိုတဲ့ ကလောင်ကတော့ MG ဆိုတဲ့ ရွာကလေးက ပိုင်ပါတယ်
ကိုယ့်သဘောနဲ့ ကိုယ် ထွက်လို့ ရကြေးဆို ကျွန်တော် ရွာထဲ မရောက်ဖြစ်တာ ကြာပေါ့ ၊ ဘွားမှီလဲရွာသားခုနှစ်ထောင်ကျော်က ထွက်ခွင့်ပြုမှ ထွက်လို့ ရပါမယ်
ရန်ကုန်ရောက်လို့ မမှီအားရင် တွေ့ကြမယ်လေ ၊ အညာအကြောင်း၊ ခင်ခင်ထူး စာအုပ်တွေအကြောင်း၊ရွာထဲက သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းလေးတွေ ပြောကြတာပေါ့ 🙂
ထိုင်းငါးပိထမင်းကြော်က ကျွန်တော်အကြိုက်ဆုံး အစားအစာတွေထဲက တစ်ခုဗျ ။ လေးလေး လေးနဲ့ စားလို့ ကောင်းမှကောင်း ရေးရင်းနဲ့ သရေတောင် ကျလာတယ်
အဂ္ဂမဟာသရေစည်သူ၊အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING
January 6, 2012 at 4:18 pm
ကို nozomi ပြောတာ ထောက်ခံပါတယ်
ဘွားမှီ ကို ဘွားမှီ အမျိုးသားပိုင်ပေမဲ့ ၊ မှီ ဆိုတဲ့ ကလောင်ကတော့ MG ဆိုတဲ့ ရွာကလေးက ပိုင်ပါတယ်
မစားရ ညှော်ခံ လာပြီး ကြည့်ရှုသွားပါကြောင်းးးးးးးးးး
amatmin
January 6, 2012 at 4:27 pm
ထမင်းကြော်ကျွေးတာကို လာစားမိလိုက်တော့ ဘာပြောရမှန်းမသိပေမဲ့..
ကိုနို ပြောတာကိုပဲ ထောက်ခံသွားရင်း…
အမ မှီရေ ဆက်ရေးနေဦးမယ်လို့ မျှော်လင့်ပါတယ်..
nature
January 6, 2012 at 4:30 pm
ကြည့်စမ်း… သူကြီး ဘယ်လောက်ဆိုးလဲ hmee တောင် ဆု မတောင်းရဲတော့ဘူး။ 🙂
hmee ရေးခဲ့တဲ့စာတွေက ရွာမှာအမှတ်တရ အမြဲရှိနေပါတယ်။ hmee ရဲ့ ဟင်းချက်နည်းတွေကိုလည်း စိတ်ဝင်စားပါတယ်။ 🙂
naywoonni
January 7, 2012 at 10:09 pm
မမှီရေ…. ပျဉ်မနားလာလည်ရင် အဲဒိထမင်းကြော်ကျွေး မလား…။ အနော်က ပျဉ်မနား အထက-၂ ကနေ ဆယ်တန်းအောင်သွားတာပါ…။ ကော်နီတို့ ကိုကိုချစ်လာဆိုတဲ့ နှစ်က….။
inz@ghi
January 7, 2012 at 10:14 pm
၂ကျိတ်၈ဆူလား… အဘနီ …..?
naywoonni
January 7, 2012 at 10:26 pm
ဒါပေါ့ ဂီဂီရောက်ဖူးလို့လား ? ပြောသာပြောရ ကျောင်းနေဖက်တွေလားမသိ………..??????????
Khin Latt
January 8, 2012 at 4:48 am
မမှီ ရေးခဲ့တဲ့ “ဂျေရုစလင်…” အပိုင်း တွေ ကို ခရစ်ယာန် သူငယ်ချင်း ကို Share ခဲ့ဘူးတယ်။ သူက ကျေးဇူးတွေ တင်လို့။
အခု တစ်ခြားသူတွေ comment ဖတ်ကြည့်မှ ဟင်းချက် နည်းကောင်းကောင်း ရေးတဲ့ မမှီ က ဒေသန္တရ ဗဟုသုတတွေပါ အရေးကောင်းတာဘဲကိုး။ အခုမှပြန်ဆက်စပ်သွားတယ်။
မမှီ ရဲ့ တစ်ခြား Post လေးတွေကိုပါ ပြန်ဖတ်ပါဦးမယ်။
မြန်မာပြည် ပြန်ရောက်လဲ ဗဟုသုတလေးတွေ ဆက်မျှနေပါဦး။
ခင်မင်စွာဖြင့်
hmee
January 8, 2012 at 6:46 pm
မခင်လတ်ရေ ကျွန်မ ရွာထဲစရောက်တော့ ရွာအကြောင်းတွေပဲ အရေးများပါတယ်။ အစ္စရေးအကြောင်း အတော်စိတ်ဝင်စားပုံရတဲ့ ကိုနိုဇိုမီပေါ့ ရွာအကြောင်းလည်းရေးပါ ဒေသန္တရ ဗဟုသုတလေးပါ ရေးပါတဲ့ ခဏခဏကို ပြောတာ ဒါနဲ့ပဲ ခရီးထွက်တိုင်း သေသေချာချာ လေ့လာမိသွားတာပါ။ အားပေးတဲ့အတွက် ကျေးဇူးပါနော်။ ဒီနေ့တောင် အိမ်ကြီးရှင် လိုက်မပို့ချင်တာကို အတင်း နားပူနားဆာ တိုက်ပြီး Jaffa ကိုလိုက်ပို့ခိုင်းရတယ်။ ဓါတ်ပုံတွေ ရိုက်လာခဲ့ပြီမို့ ဒီနေ့ Jaffa အကြောင်းတင်မလားလို့။
Rose Minn
January 9, 2012 at 1:15 pm
မမှီ ရေ…. မမှီရဲ့ ထမင်းကျော်ကို ဒီတစ်ပါတ် လုပ်စားဖြစ်တယ်။ တကယ်ကောင်းတယ်။ ရာသီဥတု နဲနဲအေး လို့ rose က နေမကောင်းချင်တာနဲ့ ငပိဖျော်ထဲကို ငရုပ်သီးစိမ်းထောင်းပြီးထည့်လိုက်တယ်။ ကြက်သွန်ဖြူကိုတော့ ကြီးကြီး ဆီသတ်ဖြစ်တယ်။ ငရုပ်သီးစိမ်းနံ့ရယ်။ ကြက်သွန်ဖြူနံ့ရယ်။ ကြက်ဥရယ်။ အချဉ်ကို ပြေကြီးငါးသုပ်ပါထည့်လိုက်တယ် အလား စားကောင်းမှကောင်း။ ငရုပ်သီးစိမ်း ရဲ့အစပ်က ရှူးရှဲရှးရှဲနဲ့ ငပိနံလေးက လဲထမင်းထဲမှာ မွှေးနေတာပဲ။ ရေနွေးကျမ်းလဲပါသေး။ လက်ဖက်ထမင်း အရမ်းကြိုက်တဲ့ rose အတွက် အစားထိုးလေးပေါ့။ လက်ဖက်က ရင်တုန်လို့ သိပ်မစားဖြစ်တော့တာ။ ့ နောက်လဲလုပ်စားအုံးမယ်။ လုပ်နည်းပြောပြတဲ့ မမှီကိုကျေးဇူးပါ။