သူ့ဘက်တစ်ချောင်း ကိုယ့်သုံးချောင်း
အဲဒါ ကျွန်တော်တို့ကို လူကြီးတွေ ဆုံးမခဲ့တာ..
သူများကို လက်ညှိုးတစ်ချောင်းထိုးရင်
ကိုယ့်ကိုယ်ကို လက်ခလယ်ရယ် လက်သူကြွယ်ရယ် လက်သန်းရယ်ဆိုပြီး
လက်ချောင်းသုံးချောင်းပြန်ထိုးပြီးဖြစ်တတ်သတဲ့။
အခုလဲအဲဒါပါခင်ဗျား…။
ဘယ်သူတွေက လာဘ်စားလို့…..၊ ဘယ်လိုမသမာလို့…..၊ ဘယ်လောက်အကျင့်ပျက်လို့ ……၊
??လို့…. XXလို့….. **လို့…..
အဲဒီတော့ အဲဒီလာဘ်က ဘယ်သူပေးတာလ???ဲ ဘာကြောင့်ပေးတာလဲ ???
အဲဒါလေးလဲ ပြန်ကြည့် ပြန်စီစစ်သင့်လှပါတယ်။
လုပ်ရကိုင်ရ အဆင်ပြေအောင်လို့၊ ကောင်းမွန်တဲ့ဝန်ဆောင်မှု့ရချင်လို့၊ ကိုယ်အကျွမ်းမဝင်တာတွေအတွက် လွယ်ကူအောင်လို့ –
ဆိုပြီး ပေးကြတဲ့ လာဘ် ဆိုတာ ပေးသူကလဲ နဲနဲပါ။ ရသူအတွက်လဲ မများပါဘူး။
ဒါကိုကောင်းတယ်လို့ ရှေ့နေလိုက်မလို့မဟုတ်ပါဘူးနော်
ဒါ့ထက် ဆိုးတာတွေကို ယှဉ်ပြမလို့ပါ။
တကယ်တော့ –
အပုံလိုက်ပေးကြရ၊ ပက်ကနဲ ရလိုက်ကြ၊ စံနစ်ကြီးတခုလုံးပျက်စီးသွားစေရတဲ့ လာဘ်ပေးလာဘ်ယူဆိုတာက-
သူများထက် ပိုတဲ့အခွင့်အရေးကို မတရားသဖြင့်လိုချင်လို့…
သူများမသိသေး မရသေးတဲ့ အခွင့်အရေးကို မတရားတဲ့နည်းနဲ့ လက်ဦးအောင်အပိုင်စီးချင်လို့…
မိမိရဲ့အမှား အပြစ်တွေကို မတရားတဲ့နည်းနဲ့ ဖုံးကွယ် ဖောက်ဖျက်ချင်လို့…
မိမိမရထိုက် မရသင့်တဲ့အခွင့်အရေးတွေကို မတရားသဖြင့်ရယူဘို့…
ထောင်မြင်ရာစွန့်ပြီး ကျေကျေနပ်နပ်ကြီး ပုံအောကြတဲ့ လာဘ်ပေးလာဘ်ယူမှု့မျိုးတွေ ဖြစ်ပါတယ်။
အဲဒါမျိုးမှာတော့ ဘယ်သူကမှ တောင်းစရာမလိုပါဘူးခင်ဗျာ။
အတင်းကို အဓမ္မ –
ရှေ့ပေါက်ကမရရင် ဘေးပေါက်က
ဘေးပေါက်ကမရရင် နောက်ပေါက်က
နောက်ပေါက်ကတောင်မှ ဝင်မရရင်
ခေါင်မိုးဖေါက်ပြီးတော့ကို (အပေါ်ကတဆင့်)
အတင်းဝင် အတင်းပေး အတင်းထွေး အတင်းလုံးကြတာပါ။
လာဘ်ပေးလာဘ်ယူဆိုတဲ့သံသရာကြီးမှာဖြင့်
အရှက်မရှိတဲ့၊ စည်းမရှိတဲ့၊ သိက္ခာမရှိတဲ့၊ သီလမရှိတဲ့၊ စိတ်ကောင်းမရှိတဲ့၊
လာဘ်ပေးသူ ကိုယ်ကျိုးရှာ အချောင်သမားတွေရဲ့ ကဏ္ဍဟာ အလွန်ကြီးမားစွာပါဝင်နေတာပါ။
ရွာတခြမ်းလောက်အလကားသိမ်းပြီး ကျောင်းတဆောင်လောက် ဆောက်လှူပြတဲ့
စေတနာရှင် အလှူ့ရှင်မျက်နှာဖုံးစွပ်ထားတဲ့ စားဖားကြီးများလက်ချက်ကြောင့်လဲ
ဝန်ထမ်းတွေ စိတ်ဓါတ်တွေပျက်စီး ကိုယ်ကျင့်တရားတွေပျက်စီး
အချင်းချင်းနဲ့ အထက်အောက် ဆက်ဆံရေးတွေ ပျက်စီးကုန်တာပါ။
အဲဒါတွေကို နည်းမျိုးစုံနဲ့ တင်ပြ အသိပေး တိုင်တန်း လူထုရှေ့ ဖေါ်ထုတ်ဖွင့်ချကြဘို့
အရေးတကြီးလိုအပ်လှပါတယ်။
ဒီအခွင့်ထူးခံ ကိုယ်ကျိုးရှာ ဝိသမလောဘသားကြီးများ ရှေ့တန်းကနေ
ဘေးကင်းရန်ကင်းနဲ့ ချမ်းသာကြွယ်ဝခွင့် လူ့အသိုင်းအဝိုင်းကို ဦးဆောင်ခွင့်ရနေကြသရွေ့
လာဘ်ပေးလာဘ်ယူဆိုတာမကောင်းဘူးလို့ မလုပ်သင့်ပါဘူးလို့ မလုပ်ကြပါနဲ့လို့
ဘယ်လိုမှ စည်းရုံး၊ ပညာပေး၊ ဆုံးမ၊ သွန်သင်လို့ အောင်မြင်စရာမရှိပါဘူး။
တဖက်က ပြန်ကြည့်ရင်လဲ-
လူမိုက်ဖိုးထောင်ဟာ ဟစ်တလာလောက်တော့ ဘယ်သင်ခန်းစာပေးနိုင်မှာလဲ
လူထုအတွက် စံနမူနာ သင်ခန်းစာဆိုတာ
လူထုသတိပြုမိတဲ့ အဖြစ်အပျက်မျိုးကသာ ပေါက်ဖွားနိုင်တာမဟုတ်လား။
ကျွန်တော့် အတွေးတိမ်တိမ်လေးနဲ့ အချုပ်ဆွေးနွေးရရင်-
မြွေကိုက်တာအရင် ကုကြပါစို့ ခင်ဗျာ။
ပြီးတော့မှာ ဆူးစူးတာ ထွင်ကြတာပေါ့။
(ဆီမီနာ(၂)ကိုပြန်လည်ဆွေးနွေးခြင်း (၂) တွင်- ပါဝင်ကွန်မင့်ရေးကြသော ကိုသစ်မင်း၊မဝေဝေ၊ ကိုကြောင်ကြီး၊ကိုကြောင်လေး၊မပဒုမ္မာ နှင့် ရွာသားများကို ပြန်ပြီးဆွေးနွေးခြင်းဖြစ်ပါကြောင်း။)
19 comments
thit min
January 8, 2012 at 10:54 am
အရာရှိ။ ။မင်းနောက်တခါငါ့အတွက် ဟိုဟာဒီဟာတွေ ယူလာပြီးပေးရင် အကုန်မီးရှို့ပစ်မယ်။
လာဘ်ပေးသူ။ ။ဟုတ်ကဲ့ပါဆရာ၊ ကျနော် ထင်းနဲ့မီးသွေးကားတစီးစီ ဆရာ့အိမ်ကိုပို့လိုက်ပါပြီ။
~~~~~~~~~~~~~~~~
ပုဒ်မလေးက
ဒုက္ခပေးတာ
အလုပ်ရရေးပါမကျန်
မြန်မြန်ပေးမြန်မြန်ရ
နှစ်ဘက်လုံးလောဘ
ဤလောကကိုပြုပြင်နိုင်ရေး
ခေါင်းကိုက်သေးတော့။
~~~~~~~~~~~~~~~~~
Carrot and Stick (= Incentives and C.Control)
ဆိုတော့ စွဲဆောင်မှု( Incentives )နဲ့ မရဘူးဗျ။
Command and Control အမိန့်ပေးထိန်းချုပ် ဥပဒေနဲ့လုပ်မှရတော့မှာပါ။
အဲဒီအပိုင်းက ကျနော်ဆွေးနွေးတဲ့အပိုင်းကနေ “ကျော်” သွားတဲ့အပိုင်းပါ။
ကျနော်က တဦးချင်းပြုပြင်ရေးကိုအဓိကဆွေးနွေးနေတာပေါ့နော်။
အဲဒီ တဦးချင်းပြုပြင်ရေးက အဖွဲ့အစည်း၊နိုင်ငံတော်အဆင့်နဲ့ ပါတ်သက်နေတာတွေကတော့ သပ်သပ်တပိုင်းပါ။
ကျနော့ရည်ရွယ်ချက်ကကျနော်တို့လုပ်နိုင်သော တဦးချင်းပြုပြင်ရေးလေးကို စဉ်းစားကြည့်တာမို့ လာဘ်ပေးလာဘ်ယူကိစ္စကျတော့ကျနော်တို့ တတ်နိုင်တာရဲ့ ဘောင်ကိုကျော်နေပါတယ်ဆိုတော့
အာဏာပိုင်အဖွဲ့အစည်းက လုပ်မှရမယ်လို့ ဆွေးနွေးပါရစေ ကိုပါလေရာရေ။
အစိုးရပိုင်းကိုတော့ ကိုယ့်ထက်တတ်သိနားလည်သူတွေ
ဆွေးနွေးမှုတွေအများကြီးရှိတာတွေ ရှာဖွေပြီး ပေါင်းစပ်ဆွေးနွေးမှပြည့်စုံမယ်လို့ထင်ပါတယ်။
(^^)
ဦးဦးပါလေရာ
January 8, 2012 at 1:41 pm
ကျေးဇူးပါ ဆရာသစ်ရေ-
ဟိုဘက်ပိုစ့်မှာ ပြောကြရင်း ဆီမီနာအပြင်ရောက်လာလို့သာ
ဒီပိုစ့်လေး ခွဲထုတ်ပြီး “ဆန်စင်ရာ ကျည်ပွေ့လိုက် ” လိုက်တာပါ။
တကယ်တော့ ကိုယ်တတ်နိုင်တာက ကိုယ့်ကိုယ်ကိုပါ။
တဦးချင်းကိုယ့်ကိုယ်ကိုတာဝန်ယူမှု့တွေပေါင်းစပ်ပြီး
လူမှု့ဝန်းကျင်ကို နေပျော်အောင် လုပ်ကြရမှာပါ။
ဥပမာတခုကတော့- ကျွန်တော်တို့ MG လိုပေါ့ဗျာ။
ငပေါက်ဖော်
January 8, 2012 at 11:13 am
ကန်တော့ပါရဲ့
သူများကို သုံးချောင်းထိုးပြီး
ကိုယ့်ကို ထိုးတဲ့ တစ်ချောင်းကိုကျတော့ ကောက်ထားပြီး ထိုးချင်တဲ့ လူတွေခပ်များများဗျ
ကိုသစ်ပြောသလို..ကိုယ့်ကိုယ်ကို အရင် ပြင်ကြဖို ့ပဲ အားထုတ်ကြပါလို ့
သများတော့ ဒလောက်ပဲ သိလို ့.ဒလောက်ပဲပွားခဲ့ပါတယ်..
ကွိ..ကွိ..
ဦးဦးပါလေရာ
January 8, 2012 at 1:48 pm
ကိုပေါက်သိင်္ခရဲ့-
(သူ့နာမည်တွေကလဲ တနေ့တမျိုးခေါ်ရင်တောင် မကုန်လောက်ဘူး :D)
အဲဒါလူတွေရဲ့အကျင့်ပဲဗျ..။
သူများခေါင်းပေါ်တင်ပေးတာရယ်… လွှဲချတာရယ် … 🙂
ကြောင်ကြီး
January 8, 2012 at 12:41 pm
ခက်တယ်ဗျာ။။ ခေါင်းစဉ်ကိုယ်၌က သူများတချောင်း၊ ကိုယ်သုံးချောင်း လုပ်ထားမှတော့ မျှတဖို့ မဖြစ်နိုင်ဘူး။ ပြုပြင်ပြောင်းလဲရေးဆိုတာ ရုပ်ပိုင်းစိတ်ပိုင်း အဖက်ဖက်နဲ့ တက်ညီလက်ညီ လုပ်မှရတာ။ ဒေါ်စုကို ဗဟိုပြုနေရတဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အချိန်က သိပ်မကျန်တော့ဘူး။ ဒီလိုနဲ့ ဒုံရင်းက ဒုံရင်း စစ်ကျွန်ဘဝနစ်သွားမှာကို စိုးရိမ်မိတယ်။
လူဆိုတာ နာရကောင်းမှန်းသိမှ နာတတ်တတ်ကလား။ အခုအခြေအနေက နာနေတာကို ကုဖို့ထက် နာနေမှန်းသိအောင် လုပ်နေရတာမို့ နာမှန်းလည်းသိရော နာနာလည်း လင်ယူသွားသလို ဖြစ်တော့မယ်ထင်ပါရဲ့ဗျာ။ ဘာရယ်ဟုတ်ဘူး နာနာ့ကို သတိရလို့..နာပြောချင်တာပြောတယ်ကွာ နင်နာလည်း နာဖူးလို့သာမှတ်နော်…။
ဦးဦးပါလေရာ
January 8, 2012 at 2:01 pm
ကိုကြောင်ကြီးရေ
အစတွေသာ လျှောက်ဆွဲထုတ်ပြီးပြောနေရတာ
ပျက်နေတဲ့အရှိန်အဟုန်နဲ့ ပြုပြင်နိုင်မယ့်အခွင့်အလမ်း
မျှတပါ့မလားလို့လဲ သံသယဝင်မိပါတယ်။
နာ့… နာ… နား…. သွားမှဖြင့်
small cat
January 8, 2012 at 1:38 pm
ဆွေးနွေးကြသူအားလုံးက ပြုပြင်ပြောင်းလဲလိုတဲ့စိတ်နဲ့ဆွေးနွေးနေကြတာဖြစ်ပါတယ်။
အခြေနေမှန်တွေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်ပြီး စေတနာကောင်းနဲ့ အပြန်အလှန်ထောက်ပြပြီး ထိမ်းကြောင်းပြုပြင် သွားကြဖို့ လိုမယ်လို့ယူဆပါတယ်။ မကောင်းတဲ့စိတ်နဲ့ နှိပ်လိုက်မယ်ဆိုတာမျိုးမဟုတ်ပဲ
သူ့ဘက် ကိုယ့်ဘက် လိုအပ်ချက်လေးတွေကို အပြန် အလှန်ကူညီပေးသွားကြဖို့လိုပါတယ်။ ချက်ခြင်းမဖြစ်နိုင်တောင် တဖြေးဖြေးခြင်းလုပ်ယူရမှာပါ။ သူများကို တစ်ချောင်းထိုးထားတဲ့အချိန်မှာ ကိုယ့်ဘက် သုံးချောင်းအထိုးခံရမဲ့ အချက်တွေကို ပြုပြင်ချင်စိတ်လေးတွေ ဝင်သွားတယ်ဆိုရင်တောင်………..
ကျနော်လည်းကိုယ့်ဘက်ထိုးတဲ့ သုံးချောင်းထဲက တစ်ချောင်းစာလောက်လွတ်အောင် စတင်ပြုပြင်နေပါပြီခင်ဗျာ။
ဦးဦးပါလေရာ
January 8, 2012 at 2:10 pm
ဒီနိုင်ငံဒီအခြေအနေထိခရီးရောက်လာပြီဆိုမှတော့
လာဘ်ပေးသူနဲ့ လာဘ်ယူသူ တွေကြား
ဘယ်လိုအပြန်အလှန်လက်ညှိုးထိုးကြပေမယ့်
တကယ်တော့ နှစ်ဘက်လုံးနစ်နာတာပဲဖြစ်ပြီး
နှစ်ဘက်လုံးက ကိုယ့်ကိုယ်ကို တာဝန်ယူထိန်းကျောင်းပြီး
နှစ်ဘက်လုံးက ကိုယ်စီကိုယ်ငှ ပြုပြင်မှ
သက်သာရာရမှာလို့သာ ထင်မိပါတယ် ကိုကြောင်လေးရေ။
MaMa
January 8, 2012 at 2:35 pm
ဦးပါလေရာကတော့ ပြောချင်တာကို ထိရောက်အောင်ပြောနိုင်တယ်။
လာဘ်ပေးသူနဲ့ လာဘ်ယူသူဆိုတာ ဘဲဥအစရှာမရသလို ဖြစ်နေမယ်ထင်တယ်။
လာဘ်ပေးရန် မလို ဆိုတဲ့ စာတမ်းတွေချိတ်ဆွဲထားပြီးကတည်းက
လာဘ်ပေး ရန်မလို ဖြစ်သွားတော့တာ..
ကဲ.. ဘယ်လိုလုပ်ကြမလဲ။ 🙁
ဦးဦးပါလေရာ
January 9, 2012 at 1:09 pm
အစလေးလောက်သာ ထိန်းပြောနိုင်တာပါ မမရေ။
အဆုံးနား ဆက်လိုက်သွားရင် ဖေါက်သည် ဘူတာကြီးဆီရောက်ရောက်သွားတယ်… 🙂
alinsett
January 8, 2012 at 7:26 pm
ရွာကြီးကတော့ စည်ကားသိုက်မြိုက်နေပါပြီ
ဖတ်ရတာ အကျိုးရှိစေတဲ ့ပို့ စ်လေးတွေကို အပြန်အလှန် တင်ပေးနေကြလိ ု့ ကျေးဇူးပါပဲ..
လေးစားစွာ…
ဦးဦးပါလေရာ
January 9, 2012 at 1:15 pm
ကိုအလင်းစက်တို့လို အနုပညာဆိုင်ရာ ကဗျာ/ဓါတ်ပုံ ပိုစ့်တွေဟာလဲ
အကျိုးများစေတဲ့ ပိုစ့်တွေပါဗျာ။
အနုပညာဆိုတာ လူတွေကို လှုပ်နှိုး… လမ်းပြ… ရင်း ယဉ်ကျေးမှု့ကို ဆွဲတင်ပေးတာမျိုးမဟုတ်လား..။
မောင်သန်းထွဋ် ဦး
January 9, 2012 at 1:32 pm
သူများမသိသေး မရသေးတဲ့ အခွင့်အရေးကို မတရားတဲ့နည်းနဲ့ လက်ဦးအောင်အပိုင်စီးချင်လို့…
မိမိရဲ့အမှား အပြစ်တွေကို မတရားတဲ့နည်းနဲ့ ဖုံးကွယ် ဖောက်ဖျက်ချင်လို့…
မိမိမရထိုက် မရသင့်တဲ့အခွင့်အရေးတွေကို မတရားသဖြင့်ရယူဘို့…
ထောင်မြင်ရာစွန့်ပြီး ကျေကျေနပ်နပ်ကြီး ပုံအောကြတဲ့ လာဘ်ပေးလာဘ်ယူမှု့မျိုးတွေ ဖြစ်ပါတယ်။
အဲဒါမျိုးမှာတော့ ဘယ်သူကမှ တောင်းစရာမလိုပါဘူးခင်ဗျာ။
ဥိီးပါလေရာ ရဲ့စာသားလေးနဲ ့ပြန်မန် ့လိုက်ပါတယ်
ဦးဦးပါလေရာ
January 10, 2012 at 12:22 am
ဟဲ..ဟဲ..
ဦးပါလေရာက အရှိန်ရလာရင် အဲသလိုပဲ ကိုသန်းထွဋ်ဦးရဲ့.. 🙂
blackchaw
January 9, 2012 at 1:41 pm
ကိုပါလေရာကြီးရေ။
ကွန်းမန့်နောက်ကျနေတာ ခွင့်လွှတ်ပါဗျာ။
အခုတလော စိတ်ပင်ပန်း လူပင်ပန်း ကိစ္စတွေများနေတာနဲ့
စဉ်းစားရတဲ့ ကိစ္စတွေနဲ့ နဲနဲ ရန်ဖြစ်ထားသလိုဖြစ်နေတာပါ။
ဆရာတို့ ဆက်လုပ်ကြပါဗျာ။ ကျွန်တော်တို့ နောက်က
တတ်နိုင်သလောက်လိုက်လာမယ်ဗျာ။ နော။
ဦးဦးပါလေရာ
January 10, 2012 at 12:25 am
ကိုဘလက်ရယ်..
ကျွန်တော်တို့ရွာသားတွေ ရင်ချင်းနီးပြီးသားပါဗျာ။
ကွန်မင့်နောက်ကျသည်ဖြစ်စေ မပေးဖြစ်သည်ဖြစ်စေ ဘာအကြောင်းလဲ..လို့ ..။
ကိုပေါက်(မန္တလေး)
January 9, 2012 at 4:44 pm
ကိုပါလေရာရေ ဒီကဗျာလေးက တော့ 2010ခုနှစ်က
ဒီလာဘ်လဘ်ယူကိစ္စနဲ့ပါတ်သက်ပြီးကျနော်ရေးခဲ့တဲ့
ဆိုက်တော်တော်များများမှာတင်ဘူးတဲ့ကဗျာလေး
ကြုံကြိုက်လို့ပြန်တင်ပေးလိုက်ပါတယ်။
“အစရှာမရသောစက်ဝိုင်း”
“yu thaw let : ကျုပ်တို့က လျှပ်လဲပြက်မပြဘူး၊
ထစ်ချုန်းသံလဲမပေးဘူး၊
မိုးအလိုလို ရွာမှသာ ရေပုံးလေး ချပေးထားတာပါ။
pay thaw let: မိုးကတော့ဘယ်အလိုလိုရွာမလဲ၊
ကျွန်တော်မှာသာ မိုးရွာတယ်ထင်ရအောင်၊
ဖားတွေကို အစာကြွေး အသံတွေပေးလို့၊
မိုးရွာအောင်လုပ်ပေးနေရတာပါဗျာ။
yu thaw let : ကျုပ်တို့က အပင်ပေါ်ကအသီး
တုတ်နဲ့ထိုးချပြီး မစားဘူး။
သူ့အလိုလိုမြေခ
ကြွေကျမှစားတာပါ၊
pay thaw let: သစ်ပင်ပေါ်ကိုတက်ခွ၊
ကြွေတယ်ထင်ရအောင်
ခြွေချပေးနေရတာပါဗျာ၊
ကျနော်တို့မှာလည်းစုတ်ပြတ်သတ်နေပါပြီ။
yu thaw let : အသာလုပ်ပါ
ရသင့်တာထက်ပိုတဲ့အခွင့်အရေး
လိုချင်ကြလို့ ကျုပ်ကိုပေးတာပါ။
သမက်လိုချင်လို့သမီးပေးဒီသဘောလေးတွေပါ၊
pay thaw let: မကြွေ မရွာ လို့ကတော့၊
မျှော်သာမျှော်ပေါ်မလာ၊
သေပြီဆရာအခါခါအော်ရုံပါဘဲ။
“အခွန့် အယေး”ဆိုတာဝေလာဝေး၊
ရသင့်တာလေးတောင် ချမပေးလို့ပါဗျာ။
“အခွန့် အယေး”နဲ့ဝေးတာကြာလို့၊
စာလုံးပေါင်းလေးများမှားရင်
ကျွန်နော်ကိုခွင့်လွှတ်ကြပါဗျာ”တဲ့
အဲဒါတစ်ညမိုးကြိုးတွေထစ်ချုန်း ကြောက်လွန်းလို့ကျနော်ကုတင်အောင်ဝင်ပုန်း အသံဆုံးတော့ထွက်လာတဲ့အခါ
ကျနော်မေးလ်ထဲကိုရောက်လာတဲ့
စာလေးပါ။
ကျနော်ကတော့မိုးနတ်မင်းကြီးလက်ဆောင်လို့ထင်မိပါတယ်။
ဘာတွေပြောနေတယ်ဆိုတာကျနော်တကယ်မသိလို့
နားလည်တယ်ဆိုရင် ကျနော်ပေါက်အောင်
ပြောပေးစေချင်ပါတယ်ဗျာ။
သူပေးထားတဲ့ခေါင်းစဉ်ကတော့
………………………………………….
“yu thaw let :=ယူသောလက်
pay thaw let:ပေးသောလက်
ကိုပေါက်လက်ဆောင်အတွေးစဉ်(2010)
ဦးဦးပါလေရာ
January 10, 2012 at 12:31 am
ကောင်းလိုက်တာ ကိုပေါက် ရေ။
အတွေးလဲလှ အရေးလဲလှ လိုက်တာ။
ဟင်းချက်သလိုနှိုင်းပြောရရင်
ကျွန်တော်က အတုံးလိုက်ပဲ ကင်စားတတ်တာပါ။
ကိုပေါက်လို အရသာလဲဝင် အမြင်လဲလှအောင်ရေးတာမျိုး
အတုယူဘို့ ကြိုးစားပါ့မယ်။
kai
January 10, 2012 at 5:03 am
အဲဒါ..တကမ္ဘာလုံးဖြစ်နေတာပဲ..။
မီဒီယာကသာ.. လျှော့နည်းသွားစေနိုင်တာပါ..။
သတင်းထောက်က.. တမင်တကာကို.. လာဘ်ပေးပြီး.. ခိုးမှတ်တမ်းတင်.. တကမ္ဘာလုံးသိအောင်. အထောက်အထားနဲ့.. .ဖြန့်ပေးကြည့်ပါလား…။
ဆိုင်ရာအာဏာပိုင်ပြုတ်သွားပြိး.. နောက်ဆို.. ဗြောင်လဘ်ပေးယူ… လုပ်ရဲသူတွေ..နည်းသွားလိမ့်မယ်..။