လက်တွေ့နှင့် ယုံကြည်ခြင်း
လက်တွေ့မှ ယုံကြည်တတ်သော ကျောင်းဆရာ တစ်ယောက်သည် စာတတ်၊ ပေတတ် ဆရာတော်ကြီး တစ်ပါးအား ဤသို့ လျောက်ထားလေသည်။
ကျောင်းဆရာ ။ ။ အရှင်ဘုရား … တပည့်တော် တစ်ခုလောက် မေးလျောက်ပါရစေ ဘုရား။
ဆရာတော် ။ ။ မေးပါ ကျောင်းဆရာ။
ကျောင်းဆရာ ။ ။ တပည့်တော် မေးမှာက အရှင်ဘုရားတို့ ဟောဟောနေတဲ့ နတ်ပြည်ဆိုတာ၊ ပြီးတော့ ငရဲပြည်ဆိုတာ တကယ် ရှိလို့လား ဘုရား။ တပည့်တော်ကတော့ လက်တွေ့သမားဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မယုံဘူး ဘုရား။ နတ်ပြည်နဲ့ မြှောက်ပြီး၊ ငရဲပြည်နဲ့ ခြောက်တာလို့ပဲ ထင်တယ် ဘုရား။
ဆရာတော် ။ ။ ဘုန်းကြီးတို့က မြှောက်တာ၊ ခြောက်တာ မဟုတ်ပါဘူး ကျောင်းဆရာ။ ဘုရားဟော ကျမ်းဂန်တွေထဲမှာလည်း နတ်ပြည်၊ ငရဲပြည် ဆိုတာ ပါတယ်။ ဘုန်းကြီးတို့ အနေနဲ့လည်း ဘုရားဟော တရားတွေကို ယုံတယ်။ ဒါပေမယ့် … အင်း … ဘုန်းကြီးတို့ကလည်း ဒါ .. နတ်ပြည်ပဲ၊ ဒါ … ငရဲပြည်ပဲ ဆိုပြီး ကိုင်ပြလို့ မရတော့လည်း အခက်သား။
ကျောင်းဆရာ ။ ။ မှန်ပါ့ဘုရား။ တပည့်တော် အနေနဲ့လည်း အခုလို မေးတာဟာ ယုတ္တိ မရှိလို့ မေးခြင်းပါ ဘုရား။
ဆရာတော် ။ ။ ကျောင်းဆရာ က နတ်ပြည်၊ ငရဲပြည် ရှိတယ်ဆိုတာ မယုံဘူး၊ ယုတ္တိ မရှိဘူး ဆိုတော့ … ကျောင်းဆရာကို ဘုန်းကြီးက ဥပမာလေးတစ်ခု ပြမယ်။
ကျောင်းဆရာ ။ ။ မှန်ပါ့။
ဆရာတော် ။ ။ ကဲ .. ဒီမှာကြည့်။ ဘုန်းကြီး လက်ထဲမှာ ဘာလေးရှိလဲ။
ကျောင်းဆရာ ။ ။ ဘောလ်ပင် တစ်ချောင်းပါ ဘုရား။
ဆရာတော် ။ ။ ကဲ … ဟုတ်ပြီ။ ဘုန်းကြီး လက်ထဲမှာရှိတာ ဘောလ်ပင် နော်။
ကျောင်းဆရာ ။ ။ မှန်ပါ့။ ဘောလ်ပင်ပါ ဘုရား။
ဆရာတော် ။ ။ ကျောင်းဆရာ နောက်ကို ဆယ်လှမ်းလောက် ဆုတ်ပြီး ဘုန်းကြီး လက်ကို လှမ်းကြည့်လိုက်စမ်းပါ။ တကယ် နောက်ဆုတ်ခိုင်းတာ မဟုတ်ဘူးနော်။ စိတ်ကူးထဲကနေ နောက်ကို ဆုတ်ကြည့်ခိုင်းတာ … ။
ကျောင်းဆရာ ။ ။ မှန်ပါ့။ တပည့်တော် စိတ်ထဲမှာ နောက်ကို ဆယ်လှမ်းလောက် ရောက်သွားပါပြီ ဘုရား။
ဆရာတော် ။ ။ အေးကွယ်။ အဲဒီ နေရာက လှမ်းကြည့်တော့ ဘုန်းကြီးလက်ထဲမှာ ဘာကို မြင်ရလဲ။
ကျောင်းဆရာ ။ ။ ဘောလ်ပင် တစ်ချောင်းပါ ဘုရား။
ဆရာတော် ။ ။ ဘုန်းကြီး လက်ထဲ ဘောလ်ပင် ရှိတာ သေချာတယ်နော်။
ကျောင်းဆရာ ။ ။ မှန်ပါ့။
ဆရာတော် ။ ။ ကိုင်း … ဒါဆိုရင် နောက်ကို ထပ်ပြီး အလှမ်း နှစ်ဆယ်လောက် ထပ်ဆုတ်ပြီး လှမ်းကြည့်စမ်းပါဦး။
ကျောင်းဆရာ ။ ။ မှန်ပါ့။ နောက်ထပ် ဆုတ်ပြီး သွားပါပြီ ဘုရား။
ဆရာတော် ။ ။ ဘုန်းကြီး လက်ထဲမှာ ဘာကို မြင်ရလဲ။
ကျောင်းဆရာ ။ ။ ဘောလ်ပင် ပါပဲ ဘုရား။
ဆရာတော် ။ ။ ကိုင်း … ကောင်းပြီ။ ဒီတစ်ခါ နောက်ကို တစ်မိုင်လောက်ထိအောင် ထပ်ဆုတ်လိုက်။
ကျောင်းဆရာ ။ ။ မှန်ပါ့။ တပည့်တော် တစ်မိုင်လောက် နောက်ကို ဆုတ်ပြီး သွားပါပြီ ဘုရား။
ဆရာတော် ။ ။ အေး … အဲဒီလောက် အကွာ အဝေးက လှမ်းကြည့်တော့ ဘုန်းကြီး လက်ထဲမှာ ဘာကို မြင်ရလဲ။
ကျောင်းဆရာ ။ ။ တစ်မိုင်လောက်က ဆိုတော့ …. ဘာမှ မြင်ရတော့မှာ မဟုတ်ဘူး ဘုရား။ အဲ … အရှင်ဘုရား လက်တောင်မှ မြင်ရမှာ မဟုတ်တော့ဘူး ဘုရား။
ဆရာတော် ။ ။ ဒါနဲ့ ကျောင်းဆရာကို မေးရဦးမယ်။ ဘုန်းကြီး လက်ထဲမှာ ဘောလ်ပင် ရှိသေးလား၊ မရှိတော့ဘူးလား။
ကျောင်းဆရာ ။ ။ ရှိပါတယ် ဘုရား။
ဆရာတော် ။ ။ ကျောင်းဆရာ တစ်မိုင်လောက်ကနေကြည့်တော့ မြင်ရလား။
ကျောင်းဆရာ ။ ။ မမြင်ရပါ ဘုရား။
ဆရာတော် ။ ။ မမြင်ရဘူးဆိုတော့ ယုံသေးလား။
ကျောင်းဆရာ ။ ။ ယုံပါသေးတယ် ဘုရား။
ဆရာတော် ။ ။ ဘယ်လို ဖြစ်ရတာလဲ ကျောင်းဆရာ ရဲ့။ လက်တွေ့မှ ယုံမှာဆို။ အခု မြင်လည်း မမြင်ရတော့ပဲနဲ့ ယုံသေးလို့လား ။
ကျောင်းဆရာ ။ ။ ဒါကတော့ ဘုရား ….. ။
ဆရာတော် ။ ။ အေးကွယ့် ။ ကိုယ်တိုင် မြင်ရမှ၊ ကိုယ်တိုင် ကြားရမှ ယုံမယ်။ ကိုယ်တိုင် မမြင်ရ၊ မကြားရရင် မယုံဘူးလို့ချည်း တစ်ထစ်ချ ပြောလို့ မရနိုင်ဘူး ကျောင်းဆရာ။
ကြာနီကန်ဆရာတော် ၏ တရားထဲမှ အကြောင်းအရာတစ်ခုအား ကိုးကား တင်ပြခြင်း ဖြစ်ပါသည်။
8 comments
စိန်ပေါက်ပေါက်
January 15, 2012 at 4:10 pm
မှတ်ကရောပဲ..
ဟိုလူတွေ..ဒီလူတွေ..
မမြင်ဘဲနဲ ့..မရှိဘူးလုပ်နေတဲ့လူဒွေ..
မြင်အောင်ကြိုးစားကြဦးကွဲ ့
thit min
January 15, 2012 at 4:15 pm
မင်းအဖေနဲ့အမေဆိုတာ ဘယ်သူပြောလို့သိတာလဲတဲ့။
သူများပြောလို့သိတာမဟုတ်လားတဲ့။
မင်းလက်တွေ့မြင်မှ ယုံမယ်ဆို မင်းအဖေတွေအမေတွေကိုတောင် သံသယဖြစ်စရာနော်လို့
ပြောဘူးတဲကစကားလဲကြားဘူးတယ်။ ပြန်ပြောပြတာနော်။ ရိုင်းသလိုဖြစ်ရင် ခွေးလွှတ်ပါကွယ်။
windtalker
January 15, 2012 at 7:10 pm
ကြာနီကန်ဆရာတော် ၏ တရားကို မနာဖူးသူ ကျွန်တော့် အတွက် အသိတိုးပွားရပါ၏
nature
January 15, 2012 at 11:08 pm
အထူးအမှားပြင်ဆင်ချက်။ ။ ကျောင်းဆရာနေရာတွင် ရွာသူကြီးဟု အစားထိုးဖတ်ပါရန်…။ 🙂
ကြောင်ကြီး
January 15, 2012 at 11:34 pm
သဂျီး အတိတ်ကို နှစ်ငါးဆယ်လောက် ဆုတ်လိုက်ပါ။ မမွေးသေးဘူးနော်…ဘယ်ကလာလဲ သိလား…နတ်ပြည်က။ ဟိုက လက်မခံတော့လို့ အောက်ကိုကန်ချလိုက်တာ ကံကြွင်းအကျန် ရှိသေးတော့ လူ့ပြည် ခံနေတယ်။
သဂျီး အနာဂတ်ကိ နောင်နှစ် ငါးဆယ်လောက် တိုးကြည့်ပါ။ သေပြီနော် မရှိတော့ဘူး။ ဘယ်ရောက်နေမလဲသိလား၊ ငရဲပြည်။
ကဲယုံပြီနော် ငရဲ နတ်ပြည် ရှိတယ်ဆိုတာ…။
small cat
January 16, 2012 at 7:44 am
ထိရောက်တဲ့ဥပမာလေးပါပဲ
manawphyulay
January 16, 2012 at 11:34 am
မမြင်ရဘူး။
အင်း ငါတော့ မျက်မှန်ပါဝါ ထပ်တိုးရတော့မယ်ထင်ပါရဲ့…
ကြာနီကန်ဆရာတော်ရဲ့ တရားတွေကတော့ ငယ်ငယ်တုန်းက ရယ်လို့ နားထောင်ဖြစ်တာများတယ် ကလေးဆိုတော့ ဒီဆရာတော်ပြောတာ ရယ်ရတယ်ပဲ မှတ်တာကိုး။ ကြီးလာတော့မှာ ဘယ်အကျိုး ဘယ်အကြောင်းရယ်လို့ သိမှတ်နာယူလာရပါတယ်။ အရင်တုန်းကတော့ တိတ်ခွေနဲ့ နားထောင်ဖူးတာပေါ့။ ကြာနီကန်ဆရာတော်ရဲ့ တရားများကို ခုချိန်ခါမှ စီဒီနဲ့များများ ပြန်လည် ဖြန့်ပွားရင် အရမ်းကောင်းမှာပဲနော်။
Ko out of...
March 14, 2012 at 4:15 pm
သူခိုး ခိုးဖူးမှ သူခိုးဘဝလွတ်မြောက်တာ မဟုတ်ဘူး..ချော်လဲဖူးမှ ချော်လဲတဲ့ ဘဝကလွတ်မြောက်တာမဟုတ်ဘူး..သူခိုး ခိုးတဲ့လူတွေရဲ့ အဖြစ်၊ ချော်လဲတဲ့ လူတွေရဲ့ အဖြစ် ကိုမှန်းဆပြီး သူတို့ရဲ့ ပျက်စီး၊ဆိုးဝါး ၊ အသုံးမကျ မလှမပ တာကိုကြည့် ပြီးလွတ်မြောက်လို့ရတယ်..
ကိုယ်ကိုယ်တိုင်လ ကမ္ဘာပေါ်မရောက်ပေမဲ့ .. ကိုယ်ကိုယ်တိုင် ကမ္ဘာလုံးတာကို မမြင်ရပေမဲ့ သူတို့လို အချက် အလက် ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် ယုံပါတယ်…