ငှက်ကလေး
အခုတလော အမြဲအမှတ်ရမိနေတာကတော့ ကျွန်တော်ငယ်ငယ်က ပတ်သက်ခဲ့ဖူးတဲ့ ငှက်ကလေးတွေအကြောင်းပါပဲ။
အတောင်ပံလေးတွေတဖျပ်ဖျပ်နဲ့ လေမှာပျံဝဲနေတဲ့ ငှက်ကလေးတွေကို ကျွန်တော်သဘောကျတယ်။ အရောင်စုံ အသွေးစုံနဲ့ သိပ်လှတဲ့ ငှက်ကလေးတွေကို ကျွန်တော်ချစ်တယ်။ ကျွန်တော်နှစ်သက်တဲ့ငှက်ကလေးတွေက ကျွန်တော့်ဘဝသက်တမ်းတစ်လျှောက်မှာ အစိတ်အပိုင်းလေးတွေအနေနဲ့ ပါဝင်ခဲ့တယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲစေဖို့ တွန်းအားတစ်ရပ်ဖြစ်စေခဲ့တယ်ပေါ့…။
——————————————————————————-
ငှက်ကလေးတွေနဲ့ပက်သတ်ပြီး အစောဆုံးမှတ်မိနေတာကတော့ အပျံသင်စ စာကလေးလေးတွေအကြောင်းပါပဲ။ ကျွန်တော့မှာ မကောင်းတဲ့ဗီဇတွေထဲက မကောင်းဆုံး ဗီဇရှိတယ်။ အဲ့ဒါက ငှက်ပေါက်စလေးတွေကို စောင့် ဖမ်းတာပဲ။ အိမ်ရှေ့သရက်ပင်ကြီးပေါ်မှာ ငှက်ကလေးတွေ အသိုက်လုပ်ပြီဆို ကျွန်တော် ချောင်း နေတယ်။ ဥကပေါက်လာရင် ကျွန်တော် သွားကိုင်ကြည့်ချင်လို့။ ငှက်ကလေးတွေ ပေါက်လာရင် ကျွန်တော်ပျော်တယ်… အပျံသင်ရင် ကျွန်တော် ဖမ်း မလို့။ ဘာရယ် ညာရယ်လဲ မဟုတ်ဘူး။ အဲ့လိုပဲ ကလေးစိတ်နဲ့ ကျွန်တော် ငှက်ကလေးတွေကို လိုချင်မိတယ်။
မှတ်မှတ်ရရ ကျွန်တော်လုပ်လိုက်လို့ ကျောင်းခန်းဘေး စံပယ်ရုံထဲက နှံပြည်စုတ်ငှက်သိုက်ကလေး ပျက်ပြီး ဥကလေးတွေ ကျကွဲသွားတယ်။ အဲ့တုန်းက လေးတန်းထင်ပါရဲ့။ ဝမ်းနည်းလိုက်တာ…။ ဒီလိုနဲ့ နောက်တစ်ခါ… ငါးတန်းခြောက်တန်းလောက်မှာ… အိမ်ရှေ့သရက်ပင်ပေါ်ကနေ ဟိုဘက် ပိန္နဲပင်ပေါ်အပျံသင်နေတဲ့ ငှက်ကလေး ကျွန်တော် လုပ်လိုက်လို့ အောက်တည့်တည့်က ရေကန်ထဲကျသွားတယ်။ ချက်ချင်းတော့ ဆယ်လိုက်နိုင်ပါတယ်။ စေတနာပိုပြီး ငှက်ကလေးချမ်းနေမှာစိုးလို့ ကျွန်တော် မီးဖိုပေါ်တင်လိုက်မိတာ… တစ်ခါတည်း ကင် ပြီးသားဖြစ်သွားတယ်။ စိတ်မကောင်းဘူး။
ကျွန်တော်က ငှက်ကလေးတွေကို သိပ်လိုချင်မှန်းသိတော့ ကျွန်တော့်ကိုအရမ်းချစ်တဲ့အဖိုးက လုံးဝမကြိုက်ပေမယ့် လိုက်လျောရှာပါတယ်။ စနေတနင်္ဂနွေတိုင်း ကျောင်းပိတ်ရက်တွေတိုင်း သူ့အိမ်မှာသွားနေတဲ့အခါတိုင်းမှာ ဘုရားစောင်းတန်းက စာဘုန်းကြီးလေးတွေ တစ်နေ့တစ်ကောင် ဝယ်ဝယ်ပေးတယ်။ ဒါပေမယ့်… နောက်နေ့ မနက်ရောက်တိုင်း ငှက်ကလေးတွေကို နင့်အသက်တစ်ခါလွှတ် ငါ့အသက်မိတိုင်းလွတ်လို့ ပြောပြီးပြန်လွှတ်ပေးရတယ်။ ပြီးရင်အဖိုးက နောက်တစ်ကောင်အသစ်ထပ်ဝယ်ပေးတယ်။ ကျွန်တော် ပျော်တယ် သိလား။
ရုပ်ရှင်တွေထဲမှာ ငှက်အရှင်ထောင်တဲ့နည်းလမ်းပါလို့ ကျွန်တော် စမ်းကြည့်တယ်။ သူတို့က သံပိုက်ကွန်ပါးပါးလေးကိုအသုံးပြုပြီး သစ်ကိုင်းခြောက်လေးနဲ့ထောက်ထား၊ သစ်ကိုင်းခြောက်ကိုတော့ ကြိုးနဲ့ချည်ပြီး ဒီဘက်တစ်ဖက်က ကိုယ်ကပုန်းပြီး အသင့်နေ။ သံကွန်ခြာရဲ့အောက်မှာ စပါးစေ့လေးတွေချပေးထားတယ်။ ငှက်ကလေးတွေ အစာလာကောက်ရင် အဲ့သံကွန်ချာကိုထောက်ထားတဲ့ သစ်ကိုင်းခြောက်လေးကို ကြိုးနဲ့ဆွဲလိုက်ရင် ငှက်ကလေးတွေ ပြေးမလွတ်တော့ဘူး….။ ဟာ ဟာ ဟ… သဘောကျတာပ။ အဲ့အတိုင်းလိုက်လုပ်တာပေါ့။ ဒါပေမယ့် သံကွန်ချာမရှိတော့ ထမင်းစားပွဲက အုပ်ဆောင်းအစိမ်းကြီးကို အမေမသိအောင်ယူ။ ဒုတ်ချောင်းနဲ့ထောက်ထား။ ကြိုးက သိပ်မရှည်တော့ ကိုယ်က ပုန်းနေနိုင်မယ့်နေရာအထိဆွဲလို့မရဘူး။ ပုန်းမနေရလည်း ကိုယ်က အရေးမကြီးဘူး။ ကိုယ်က ၁မိနစ်ကို ၂ခါလောက် ထ ထ ကြည့်ချင်တာဆိုတော့ ကိစ္စမရှိဘူး။ အဲ့တော့… မိ လိုက်တဲ့ ငှက်။ တစ်ကောင်မှကို ဖြတ်ကိုမပျံတာ။ ဒီလိုနဲ့ ဒီနည်းလည်း လက်လျှော့လိုက်ရတယ်။
နွေသုံးလပိတ်ရက်တွေ မေမေ့သူငယ်ချင်း အန်တီနန်းတို့အိမ်မှာသွားနေကြတော့ ကြက်တူရွေးရောဂါထလာတယ်။ အန်တီနန်းပြောပြောပြတဲ့ သူတို့မြို့က ကြက်တူရွေးဖမ်းနည်းအကြောင်း စိတ်ကူးတွေယဉ်လိုက်ရတာ အမော။ နောက်ဆုံး တအားပူဆာတာနဲ့ အန်တီနန်းတို့အိမ်က ကြက်တူရွေးလေးတွေ ဝယ်ပေးလာတယ်။ အရမ်းပျော်တာပဲ။ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ကြက်တူရွေးလေးတွေ။ အဲ့အိမ်ကကလေးတွေရော ကျွန်တော်တို့ ညီအကို၂ယောက်ရောဆိုတော့ တစ်ယောက်တစ်ကောင်ကျနဲ့ ကြက်တူရွေး ၄ ၅ ၆ကောင်ပဲ။ ကြက်တူရွေးလေးတွေကို အတောင်ညှပ်ပေးရင် မပျံတော့ဘူးဆိုလို့ အတောင်လဲ ထုတ်ညှပ်ရော… ပျံပြေးသွားလို့ ငို လိုက်ရတာ။
ကြီးကောင်ဝင်လာတော့ ပါပါက ယုဇနပလာဇာက ကျေးကျုတ်လေးတွေနဲ့ မိတ်ဆက်ပေးလာတယ်။ သူလည်းလိုချင်နေပါလျက်နဲ့ သားတော်မောင်ကို လာပြန်မေးသေးတယ်။ အရမ်းလှပြီးသိပ်ချစ်စရာကောင်းတဲ့ ငှက်သေးသေးလေးတွေ သိလားတဲ့။ ငါ့သား မင်း မွေးမလားတဲ့။ ဒီကလည်း မြင်တောင်မမြင်ဖူးသေးဘူး ငှက်ဆိုတာနဲ့တင် စပ်စလူးတွေ ထ နေပြီ။ ခုဝယ်ပေးပါ ဖြစ်တော့တာ။ ပါပါက ငှက်အပြာလေးရယ် အဝါလေးရယ် အစိမ်းလေးရယ် စိမ်ပြာဝါအရောင်ကျားလေးရယ် ၄ကောင်ဝယ်လာပေးတယ်။ ကျွန်တော်က အဝါရောင်လေးကိုအချစ်ဆုံး…။ ကျန်တဲ့ ၃ကောင်က ကိုက်လို့။ ဒါပေမယ့် သူတို့ကိုလည်း ချစ်တာပါပဲ။
ကျွန်တော်က သူတို့ကိုသိပ်ချစ်တာ ငှက်ကလေးတွေပျံချင်ရှာမှာပဲနော်လို့ တစ်ခါမှတောင်မတွေးဖူးဘူး။ ဘာလို့များ ငါနဲ့ခွဲပြီးအဝေးပျံချင်နေကြလဲမသိဘူးပဲ တွေးမိတာ။ ငှက်ကလေးတွေကလည်း စကားများတယ်။ ပကျိ ပကျိနဲ့ကိုနေတာပဲ။ ကျောင်းကပြန်လာရင် သူတို့အတွက် သောက်ရေထည့်ပေးရ သူတို့စားတဲ့ ဆပ်နှံလေးတွေ ထည့်ပေးရနဲ့ ပျော်နေတာ။ ကျွန်တော် ဂရုစိုက်ပါတယ်။ ဒါပေမယ့် ငယ်လည်းငယ်သေးတော့ သေချာလည်းနားမလည်တော့ နည်းလမ်းမကျဘူးပေါ့။ ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော့်ရဲ့ သဲသဲလှုပ် အဝါလေး ဖျားပါလေရော…
တကယ်ပါ။ လောကမှာ တိရိစာ္ဆန်နေမကောင်းရင်ဆေးကုတဲ့ဆရာဝန်ရှိတယ်ဆိုတာ မသိခဲ့ဘူး။ ငှက်ကလေးနေမကောင်းတော့မှ ပထမဆုံးအကြိမ်ကြားဖူးတာ။ စာတိုက်လမ်းဆုံနားမှာ တိရိစာ္ဆန်ဆေးခန်းရှိတယ်တဲ့။ ဒါနဲ့ စက်ဘီးလေးနဲ့သွားကြည့်တယ်။ သေချာသွားတော့ မေမေ့ကိုအတင်းပူဆာပြီး သားအမိ၂ယောက်ဆိုက်ကားနဲ့ ငှက်ကလေးကို ငှက်အိမ်လေးထဲထည့်ပြီး သွားပြကြတယ်။ မှတ်မိသေးတယ်။ မေမေ ရှိုးထုတ်ထားတယ်။ း) ကျွန်တော်ထင်တာက ငှက်ကလေးကိုခေါ်သွားမယ် ဆရာဝန်ကိုပြမယ် ဆရာဝန်က တစ်ခုခုလုပ်ပေးမယ် ပြီးရင် ပြန်လာရုံပဲ။ ဒါပေမယ့် လက်တွေ့ကြတော့ ကွာခြားတယ်။ ညနေ ၅နာရီဆေးခန်းဖွင့်တယ်ဆိုလို့ ၅နာရီမထိုးခင်ကတည်းကရောက်သွားတာ ဒေါက်တာမမက ၆နာရီထိုးမှ ပေါ်တော်မူတယ်။ ကိုယ်က တိုကင်ယူရမှန်းလဲမသိတော့ စောင့်နေရတာပေါ့။ ည ၈နာရီထိုးကာနီးအထိ ကိုယ့်အလှည့်မရောက်သေးဘူး။ ခြင်တွေကလည်းကိုက် ဗိုက်တွေကလည်းဆာ အမေကလည်း တဆူဆူ တပူပူပေါ့။ ရှည်တယ် အကျိုးကိုမပေးဘူး ဘာညာပေါ့။ ထုံးစံအတိုင်း ပွားတာပေါ့။ ကိုယ်လဲ အပြစ်မရှိပါဘဲ အသားလွတ်အဆူခံရတဲ့ အခြေအနေပေါ့။ ဒီလိုနဲ့ မေမေပြန်သွားတယ်။ နင့်ဟာနင် ပြန်လာခဲ့တဲ့ဆိုပြီး ငွေ၂၀ဝနဲ့ထားခဲ့တယ်။
ဆရာဝန်မရဲ့ နူးညံ့တဲ့အပြောအဆိုလေးတွေ နေမကောင်းနေတဲ့ ခွေးလေးတွေကြောင်လေးတွေ၊ သူတို့ကိုချစ်ကြတဲ့ ပိုင်ရှင်တွေ အများကြီးမှ အများကြီးပဲ…။ ကျွန်တော် တစ်ယောက်တည်း ထိုင်ကြည့်နေတယ်။ အားလုံးဟာ အထူးအဆန်းချည်းပဲ။ အပူချိန်တိုင်းတော့လဲ ဖင်ပေါက်ကတိုင်းတယ်။ ဆေးထိုးတော့လဲ ငြိမ်ငြိမ်အထိုးမခံကြလို့ ချုပ်ထားရတယ်။ နာလားလည်း မပြောတတ်ကြဘူး။ ခေါင်းမူးတယ် ဟိုဟာစားချင်တယ် ဒီဟာစားချင်တယ်လဲ မပြောတတ်ကြရှာဘူး။ ကျွန်တော့် ငှက်ကလေးလိုပေါ့… လှောင်အိမ်ထဲမှာပဲ ကုပ် နေရရှာတယ်။
သနားပါတယ်နော်…ကျွန်တော်က သနားတတ်တယ်။
သိလား…။ ကျွန်တော် သနားသွားတယ်။
ဆရာဝန်မက ငှက်ကလေးအတွက် သောက်ဆေးပေးလိုက်တယ်။ အရည်ဖျော်ပြီး ဆေးထိုးအပ်နဲ့ အစက်ချပေးရမှာ။ တစ်နာရီတစ်ကြိမ်တဲ့။ ပေါက်ပေါက်ရှာရှာ။ ညတောင်မအိပ်ရဘူး ဆေးထထတိုက်ရတာ။ ဒါပေမယ့် ကျွန်တော်ပျော်တယ်။ ကျွန်တော့်လက်ထဲမှာ ဆေးထိုးအပ်ကလေးရှိတယ်။ ကျွန်တော်ချစ်တဲ့ ငှက်ကလေးကို ကျွန်တော်ကိုယ်တိုင် ဆေးတိုက်းပြီးပြုစုရတယ်။
သိလား…။ ကျွန်တော့်လက်ထဲမှာ ဆေးထိုးအပ်ကလေးရှိတယ်။
ကျွန်တော် တိတ်တိတ်ကလေး သံဓိဌာန်ချမိတယ်။
ငါချစ်တဲ့… သနားစရာကောင်းတဲ့ တိရိစာ္ဆန်လေးတွေကို ငါကြီးလာရင် ငါကိုယ်တိုင် ဆေးကုပေးမယ်…
——————————————————————————————————————-
အခု ဒီစာကိုရေးနေတဲ့အချိန်မှာတော့ အဖော်မင်တတ်တဲ့ကျွန်တော်က တစ်ယောက်တည်းသမားဘဝကို အတော်လေးနေသားကျလို့နေပါပြီ။
ချစ်တဲ့မိသားစုဆိုတာလည်း အတူမနေရတာ ၈နှစ်လောက်တော့ရှိပြီထင်ပါရဲ့။
ငှက်လှောင်အိမ်လေးလိုပဲ သိပ်မကျယ်တဲ့ ကျဉ်းကျုတ်ကျုတ်အခန်းလေးထဲမှာ ကျွန်တော် အညောင်းဆန့်တတ်ခဲ့ပြီပဲ။
ဒါပေမယ့် ကျွန်တော့်လက်ထဲမှာတော့ ဆေးထိုးအပ်တစ်ချောင်းကိုမြဲမြံစွာဆုပ်ကိုင်ထားဆဲ…
———————————————————————————————————————
တီးကော့ခ် (Vet)
29 comments
teekock
January 15, 2012 at 3:10 pm
သူကြီးရေ… Categories ကို Short Stories အောက်မှာထားချင်တာပါ။ Copy/Paste အောက်မှာ ရောက်သွားတယ်။ အသစ်မို့ မလုပ်တတ်သေးလို့ပါ။ ကူညီပါဦးဗျို…
ဆူး
January 15, 2012 at 3:11 pm
ဆေးထိုးအပ် ကိုင်ထားတယ် ဆိုတော့ ဆရာဝန် ဖြစ်နေပြီပေါ့..
ချစ်ခြင်းများကြောင့် ဆရာဝန် ဖြစ်ခဲ့တယ် ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ (အကူအညီတောင်းချင်လို့)
ဆူး အိမ်က ကြာကန်တွေထဲမှာ ငါးတွေ အားကြီးပဲ ရှိတယ်။ ငါး ကျန်းမာရေးလေး ဘာလေး ပညာပေး ရေးပေးဖို့ မျှော်လင့်ပါတယ်။
teekock
January 15, 2012 at 3:14 pm
ဟုတ်ကဲ့။ တီးကော့ခ် ငယ်ငယ်က ငါးလေးတွေ မွေးခဲ့ဖူးပါတယ်။ အဲ့အကြောင်းလည်းရေးပါဦးမယ်။ ငါးလေးတွေ ယုန်လေးတွေ ကြက်ကလေးငှက်ကလေးတွေ အစုံပါပဲ တီးကော့ခ် ငယ်ငယ်ကမွေးခဲ့တာတွေ…
မှော်ဆရာသိန်း
January 15, 2012 at 3:32 pm
တီတီဆူးအတွက်ကတော့ …
ငါးလေးတွေကို တစ်နေ့ ၂ နာရီ လမ်းလျှောက်ခိုင်းပါ …
ငါးလေးတွေ ရေချိုးရင် သိပ်အကြာကြီး မချိုးပါစေနဲ့ ..
ရေကန်ထဲမှာပဲ အချိန်ပြည့် မနေစေပဲ လေကောင်းလေသန့်ကို ကန်ပြင်ထွက် ရှူခိုင်းခြင်းများ ပြုလုပ်သင့်ပါတယ် ..
ဆူး
January 15, 2012 at 3:51 pm
ငါးကလေးတွေ ဒီရက်ပိုင်း ရာသီဥတု အေးလို့ တဖြုတ်ဖြုတ် သေကုန်လို့ စိတ်မကောင်း ဖြစ်နေတာ ငိုချင်ရက် လက်လာတို့နေတယ်။
မှော်ဆရာသိန်း
January 15, 2012 at 9:47 pm
ရေနွေးအိုးကြိုတဲ့ ဟီတာ အချောင်းလေး ငါးကန်ထဲ ချပေးထားရင်များ နွေးမလား အမရယ် ..
စမ်းကြည့်ဖို့ကောင်းတယ် …
(ရွာတော်ရှင်တော့ ငါ့ကို လိုက်ရိုက်တော့မယ် .. )
စိန်-Lulin
January 16, 2012 at 2:01 am
ငါး ကန်ထဲ ထည့်တဲ့ heater ရှိတယ်လေ.အဲဒါလေး ထည့် ထားလိုက်ပေါ့။ တဖြုတ်ဖြုတ် သေကုန်တယ်ဆိုရင်တော့ ထူးဘူး .. ဆားလေးနဲ့ နယ်ပြီး ခေါင်မိုးပေါ် သာပစ်ထားလိုက်တော့ .. ငါးခြောက် ဖြစ်ကော .. 🙂
မှော်ဆရာသိန်း
January 15, 2012 at 3:23 pm
ပထမဆုံးပိုစ့်ပေမယ့် အဆုံးထိ ဖတ်ဖြစ်သွားအောင် ဆွဲဆောင်သွားလိုက်တာ …
သိပ်ကောင်းတာပဲ … ရင်ဘတ်ထဲမှာ ဘာမှန်းမသိတဲ့ ရသလေးတစ်ခု ကျန်ခဲ့တယ်…။
နောင်ကိုလဲ အများကြီး ရေးနှိုင်ပါစေဗျာ…
teekock
January 15, 2012 at 9:21 pm
ကျေးဇူးအများကြီးတင်ပါတယ် အကိုရေ…
စိန်ပေါက်ပေါက်
January 15, 2012 at 3:24 pm
အာကိုရေ
အသက်ကယ်ချင်လို ့ တိရစ္ဆာန် ဆရာဝန် လုပ်တယ်လို ့ပဲ ထင်ပါတယ်..
ဝမ်းသာပါတယ်..
ကျနော်လဲ ငယ်ငယ်က
လက်နဲ ့ဖမ်းလို ့ရတဲ့ ပုဇင်း၊လိပ်ပြာ၊ကုလားမကအစ ဂွနဲ ့ဖမ်းတဲ့ စာကလေး.နှံပီစုတ် အလွတ်မပေးဘူး..
ဘာရယ်ဟုတ်ဘူး..ဖမ်းပြီးကိုင်ကြည့်ချင်လို ့..
အာကို ့လိုတော့ ချမ်းမှာဆိုးလို ့ဆိုပြီး မီးဖိုပေါ် မတင်ပါကြောင်း
ဆူး
January 15, 2012 at 3:34 pm
စိန်ပေါက်ပေါက် မီးဖိုပေါ် တင်မယ် ဆိုရင်တော့ ပုလင်း အတွက် အမြည်းလုပ်ဖို့ပဲ ဖြစ်ရမယ်။ နည်းသိသွားပြိ ဆိုတော့ ပညာယူမသွားနဲ့အုန်းနော်..
koyinmaung
January 15, 2012 at 3:52 pm
အားပေးသွားပါတယ်…
weiwei
January 15, 2012 at 4:00 pm
ကျွန်မကတော့ စာကလေးတွေနဲ့ အလွန်အကျိုးပေးတယ် … အခန်းထဲမှာ သူတို့လာနေကြတယ် … မိုးမလင်းသေးဘူး စကားများနေကြပြီ … ခြင်ထောင်ပေါ်လဲ လာနားကြတယ် … နှိုးစက်မလိုဘူး … ပိတ်ရက်ကောင်းကောင်းအိပ်ချင်တာတောင် သူတို့ကြောင့်အိပ်လို့မရဘူး …
တစ်ခါတစ်လေတော့ သူတို့ကိုချစ်တယ် … သူတို့ကြောင့် ကိုယ့်ဟာကိုယ် စင်ဒရဲလားလို့တောင် ထင်မိတယ်လေ … 😛
အိမ်နားမှာ ရေကန်ကြီးတစ်ကန်ရှိလို့ ဗျိုင်းကလေးတွေ အိမ်ရှေ့က ဖြတ်သွားလေ့ရှိတယ် … သူတို့ပျံသွားတာ အရမ်းလှလို့ အားရင် ထိုင်ကြည့်တယ် …
တအာအာနဲ့ အော်တတ်တဲ့ ကျီးကန်တွေကို မုန်းတယ် … ဗျိုင်းနဲ့ ကျီးကန်းတွေကို တချိန်ထဲမှာ အတူတူမြင်ရတာကြာလာတော့ စိတ်ထဲမှာ ငှက်ချင်းတူတာတောင် အရောင်အသွေးမတူပါလားလို့တွေးမိတယ် … ဘေးနားမှာအတူရှိနေတဲ့ ညီမလေးကိုပြောမိတော့ အလှဆိုတာ ကြည့်တဲ့သူနဲ့သာဆိုင်ပါတယ်တဲ့လေ … ကျီးကန်းမအတွက် ကျီးကန်းထီးဟာ အလှဆုံးဖြစ်မှာပါတဲ့ …
ခိုကလေးတွေလဲရှိတယ် … သူတို့ရဲ့ညည်းသံက မသာယာဘူး .. ဒါပေမယ့် သူတို့ကိုကြည့်ရတာ လှတယ် … အစာကျွေးရတာ ပျော်စရာကောင်းတယ် …
ဘယ်လိုပဲဖြစ်ဖြစ် ငှက်ကလေးတွေက ချစ်စရာကောင်းတယ် …
teekock
January 15, 2012 at 9:22 pm
ငှက်ကလေးတွေက တကယ်ချစ်ဖို့ကောင်းပါတယ်။ ငှက်ကလေးတွေကြောင့် နိုးရတဲ့ သဘာဝ နှိုးစက်ကလေးဟာ သိပ်ကိုသာယာမှာပါ
thit min
January 15, 2012 at 4:11 pm
ကျနော့ အတွေ့အကြုံတွေနဲ့ တော်တော်လေးကိုဆင်တူလွန်းလို့ ဖတ်နေရင်း ကြောင်တောင်သွားတယ်။
ကျနော်လဲ စာကလေး လေးတွေရယ်၊ ပျံလွှားငှက်ကလေး တကောင်ရယ်နဲ့ ခုလိုဇာတ်လမ်းလေးရှိခဲ့ဘူးတယ်။
တီးကော့ရဲ့ ခံစားချက်ကို 100% ရတယ်ဗျာ။
—————-
တဦးတည်းသောသား တအိမ်လုံးကအလိုလိုက်ခံထားရလို့ အကောင်းပြောလဲအကောင်းမထင်တဲ့ ကိုယ်လုပ်
ချင်ရာ ဇွတ်လုပ်တတ်တဲ့ ငါတကောစိတ်တွေကို အဲဒီငှက်ကလေးတကောင်က ကျနော့ကိုပြင်ဘို့ သင်ပြပေးခဲ့တယ်။
နောက်တော့ အဲဒီငှက်ကလေး တကောင်ကပေးလိုက်တဲ့သင်ခန်းစာအရ အကောင်ပလောင်တွေကိုဂရုစိုက်တတ်သွား
ပါတယ်။ တီးကော့လိုတော့ ဆရာဝန်မဖြစ်လာပေမဲ့ ……………..
ကိုယ်နှင့်လည်းစာသတ္တဝါကိုကြင်နာလှစေ၊သူ့အသက်ကိုချစ်ပါလေ
ဆိုတဲ့ ရှင်မဟာရဌသာရ ဆုံးမစာလေးကိုလိုက်နာမိသွားပါတယ်။
——————
ဘာဘဲဖြစ်ဖြစ် အမှားသိအောင်၊အမှန်ပြင်နိုင်အောင် သင်ပြပေးသွားတဲ့ အဲဒီငှက်ကလေး(တွေ)နဲ့ ဆုံဆည်းရတာ
တီးကော့ရော ကျနော်ပါ ကံကောင်းပါတယ်ဗျာ။
လေးစားစွာ
(^^)သစ်
teekock
January 16, 2012 at 12:28 am
ကိုယ့်လိုပဲ ရာဇဝင်ဆင်တူတာရှိတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။
ငှက်ကလေးတွေကို အခုဆို (ဘုရားစောင်းတန်းရောက်ရင်) တတ်နိုင်သလောက် ဝယ်လွှတ်ဖြစ်တယ်…
windtalker
January 15, 2012 at 7:40 pm
ှုှငှက်ကလေး
ထွက်ပြေး
မျက်ချေး
ရှက်သွေး
ခက်ပလေး
aye.kk
January 15, 2012 at 7:50 pm
ငယ်ငယ်ကပေါ့နော်..
အစ်ကိုကအရမ်းလက်ဖြောင့်လို့အဖေကလေသေနတ်ကို
လိုင်စင်ဆောင်ကာပေးကိုင်ထားတာပေါ့နော်..
ငယ်ငယ်ကနွေဦးရာသီကျောင်းပိတ်ရက်တွေမှာ..
အိမ်နောက်ဖေးအုန်းခြံထဲကအုန်းပင်ထက်ကကျီးကန်းသိုက်ထဲမှာ..
ဥဩငှက်ကဥဥပြီးလို့တွန်သံချိုကြားရတဲ့ခါ၊အစ်ကိုကဥဩငှက်ကိုလေသေနတ်နဲ့ပစ်ချတယ်..
အပင်ပေါ်ကကျီးကန်းဥတွေပါကျကွဲကုန်တာပေါ့နော်..
ဒါကိုအမေကသိတော့သားဖြစ်သူကိုတားမြစ်တယ်၊ဝဋ်လိုက်တတ်ကာငရဲကြီးတယ်ပေါ့နော်..
အဖေရှေ့မှာပြောရင်ကန့်လန့်လုပ်မှာစိုးလို့အဖေ့နောက်ကွယ်မှာဆိုဆုံးမခဲ့တယ်..
သူ့ဘဝဥတလုံးတကောင်ကြွက်ဖြစ်ခဲ့ရတယ်၊စစ်တွင်းမှာမိသားစုတွေတကွဲတပြားဖြစ်ခဲ့တာ
အခုထိတိုင်ပေါ့နော်၊ဒါဟာအတိတ်ကဝဋ်ကြွေးရှိခဲ့ကြလို့ကွဲကွာရတာဆိုပြီးပြောကာရှင်းပြပါတယ်..
ဥတွေကွဲပြီးကျတာအမေမြင်တွေ ့သွားတော့သားဖြစ်သူအပြစ်ရှိသွားလို့
်စိတ်ထိခိုက်သွားခဲ့တယ်၊ဝဋ်ကြွေးရှိရင်ဒီဘဝမှာဘဲ
ကျေပါရစေဆိုပြီးအမေမျက်ရည်ကျတယ်..
အဲဒီကစပြီးအစ်ကိုကငှက်တွေမြင်ရင်မပစ်တော့ဘူး..
အသက်နှစ်ဆယ်မှာအစ်ကိုနိုင်ငံခြားကိုအပြီးထွက်သွားတာကနေ့ထိပါဘဲ..
teekock,အခုရေးတဲ့ငှက်ကလေးအကြာင်းဖတ်မိပြီးတိုက်ဆိုင်ကာစိတ်မကောင်းဖြစ်မိလို့ပါ..။
teekock
January 16, 2012 at 12:28 am
အဲ့ဒီ့ ထွက်သွားတဲ့အကိုအတွက် ဆုတောင်းပေးပါတယ်ဗျာ။
water-melon
January 15, 2012 at 8:20 pm
ကျွန်တော်ကတော့ ရှည့်မွေးတယ်
ရှည့်တွေက လိမ္မာတယ်
ချစ်စရာလည်းကောင်းတယ်
ကြက်တူရွေးတော့ မွေးဖူးတယ် ကြက်တောမွေးတာ
သတ္တဝါမှန်သမျှချစ်တယ်
မြွေကတော့ သေအောင်ကြောက်တယ်
small cat
January 16, 2012 at 7:35 am
“ငှက်လှောင်အိမ်လေးလိုပဲ သိပ်မကျယ်တဲ့ ကျဉ်းကျုတ်ကျုတ်အခန်းလေးထဲမှာ ကျွန်တော် အညောင်း ဆန့်တတ်ခဲ့ပြီပဲ။ဒါပေမယ့်ကျွန်တော့်လက်ထဲမှာတော့ ဆေးထိုးအပ်တစ်ချောင်းကိုမြဲမြံစွာဆုပ်ကိုင်ထားဆဲ…”
မတူတဲ့အတွေးနဲ့တွေးလိုက်တာ နဲနဲတော့စိုးရိမ်သွားတယ်၊ဆရာဝန်ဖြစ်သွားတယ်ဆိုလို့တော်သေးတယ်။
ကြောင်လေးလဲနေမကောင်းဖြစ်နေလို့ဆေးကုပေးပါဦး၊ လူတွေကို စိတ်ရောဂါကု လို့ရတယ်၊ တိရိစ္ဆာန်တွေကို ကော စိတ်ရောဂါကုလို့ရသလား သိချင်မိပါတယ်။
teekock
January 16, 2012 at 8:55 am
small cat ပြောမှ ကျွန်တော်လည်းတွေးလိုက်မိတယ်။ ဟုတ်တယ်နော်။ အဟီး။
လူတွေကိုစိတ်ရောဂါကုရတာခက်ခဲတယ်လို့တော့ ကြားဖူးပါတယ်။ တိရိစာ္ဆန်တွေကိုတော့ သူတို့ရဲ့ စိတ်အခြေအနေဟာ ပုံမှန်အချိန်မှာတောင် မှန်းရသိပ်ခက်လို့ ကုလို့ရမယ်လို့ မထင်မိဘူး။ ကျွန်တော့်ကို တွေးစရာလေးပေးသွားလို့ ကျေးဇူးတင်ပါတယ်။ စာ ပြန်ဖတ်ပါဦးမယ်။
Khin Kha
January 16, 2012 at 12:28 pm
ဆောင်တွင်းအေးရင် ရေထဲမှာအောက်ဆီဂျင်နည်းပြီး ငါးလေးတွေသေတယ်တဲ့ ဆူးရေ။
ကျွန်တော်မွေးတုံးကလည်း အေးတဲ့ရာသီမှ တစ်ကောင်ပြီးတစ်ကောင်သေလို့ စိတ်ကိုညစ်ရော။
အဲဒါရေတဝက်တစ်ဝက် တရက်ခြားလဲပေးရတယ်၊ ရေလဲတာတောင်ရေအေးဖြစ်မှာဆိုးလို့ဂရုစိုက်ရတယ်။
bluerose
January 16, 2012 at 3:38 pm
“ငှက်လှောင်အိမ်လေးလိုပဲ သိပ်မကျယ်တဲ့ ကျဉ်းကျုတ်ကျုတ်အခန်းလေးထဲမှာ ကျွန်တော် အညောင်း ဆန့်တတ်ခဲ့ပြီပဲ။ဒါပေမယ့်ကျွန်တော့်လက်ထဲမှာတော့ ဆေးထိုးအပ်တစ်ချောင်းကိုမြဲမြံစွာဆုပ်ကိုင်ထားဆဲ…”
ပထမဖတ်ပြီးတော့ဆရာဝန်လို့မထင်လိုက်မိဘူးတကယ်တွေးရအောင်ရေးတတ်တယ်နော်
ငှက်ကလေးတွေကိုချစ်ပေမယ့်နီးနီးကပ်ကပ်မကိုင်ရဲဘူး
တိရိစာ္ဆန်လေးတွေဆိုတာတကယ်သနားဖို့ကောင်းပါတယ်သူတို့ဖြစ်နေတာတွေ
ခံစားနေရတာတွေကိုမပြောပြနိုင်ကြဘူးနော်
ခုလိုကုသပေးတဲ့သူတယောက်ဖြစ်လာတဲ့အတွက်ဝမ်းသာပါတယ်
Harumoto
January 16, 2012 at 5:19 pm
ငှက်ကလေးတွေကိုချစ်ပါတယ်…စာကလေးကြော်လဲကြိုက်ပါတယ်…
ကြက်ကလေးတွေကိုလဲချစ်ပါတယ်….ကြက်ကြော်ကိုလဲကြိုက်ပါတယ်…
စားတဲ့သူတွေ ရှိလို့လဲ… မွေးတဲ့သူတွေ ရှိပါတယ်…..
ကြက်မွေးတဲ့သူတွေအတွက်..ကြက်တွေကို ဆေးကုပေးတဲ့ သူလဲ ရှိသင့်ပါတယ်။
ငါတို့ ကုထားပေးတဲ့ ကြက်တွေကို သူတို့ စားပစ်ကြတယ်လို့ စိတ်ဆိုးတတ်ပါသလား….
teekock
January 16, 2012 at 10:19 pm
🙂 ကျွန်တော်လည်း ကြက်ကြော်ကြိုက်ပါတယ်။ တိမွေးကုရဲ့ ပင်မဘာသာထဲမှာ မွေးမြူရေးလည်းပါတာမို့ ကိုယ်တိုင် (မွေးမြူရေးရည်ရွယ်ချက်နဲ့မွေးထားတဲ့) ကြက်ကို ကိုယ်တိုင်ကု ကိုယ်တိုင်ထုတ်လုပ် (ရောင်းချ) ကြမှာပါပဲ။ စိတ်မဆိုးတတ်ပါဘူး။
ကိုယ်ချစ်လို့မွေးထားတဲ့ ကြက်ကလေးကို သူများက ဂွ နဲ့ပစ်ပြီးခိုးသတ်စားသွားတုန်းကတော့ တော်တော်လေးကို စိတ်တိုပါတယ်။
ကိုပေါက်(မန္တလေး)
January 16, 2012 at 10:46 pm
တစ်ခါက သူငယ်ချင်းတွေနဲ့အတူ ဘတ်ခွတစ်ချောင်းစီ လောက်စာလုံးတစ်အိတ်စီနဲ့
ငှက်ပစ်ထွက်ကြပါတယ်။
ငှက်တော့ မရဘူး [သူများအိမ်ခေါင်မိုးပေါ်လောက်စလုံးကျတော့အအော်ခံရတာပေါ့။
ကျနော်တို့လုပ်တာကို ကြည့်နေ့တဲ့ အမေကြီးတစ်ယောက်က
သူများအသက်ကို အပျော်သတ်တယ်ဆိုတာ စိတ်ဓါတ်အတော်ဆိုးတဲ့လူတွေမှလုပ်တာလို့
ပြောသံလဲကြားရော အခုအချိန်ထိ သူ့ဘာသာသူအေးအေးဆေးဆေးနေတဲ့ တိရိစာ္ဆန်ကို ဘယ်တော့မှ
ရက်ရက်စက်စက် သတ်ဖို့ စိတ်ကူးထဲမှာတောင်မရှိတော့ဘူးဗျာ။
ကိုယ်တွေ့။
ဇွဲမာန်(အင်းဝ)
January 17, 2012 at 12:08 am
အားပေးသွားပါတယ်နော်….။
nozomi
January 17, 2012 at 10:52 am
ရေးဟန်လေး သဘောကျမိတယ်
အစ က အဆုံး ဖတ်သွားချင်အောင်ဆွဲဆောင်သွားတယ်
တိရစာ္ဆန်တွေနဲ့ အတူနေရင် ရောဂါကူးနိုင်တယ် ဆိုတာမျိုး စိတ်ကစွဲနေတော့ ချစ်ချစ်ခင်ခင် လက်ပွန်းတတီးနေတာမျိုး မလုပ်ဖြစ်ပေမဲ့ တိရစာ္ဆန်လေးတွေကို သတ်ဖြတ်တာမျိုး ၊ နှိပ်စက်တာမျိုးတော့ မလုပ်ပါဘူး ။ နောက်ပိုင်းရေးမဲ့အကြောင်းအရာတွေက စိတ်ဝင်စားစရာ အကြောင်းအရာသစ်တွေမို့ စောင့်ဖတ်နေပါမယ်နော