ဗရမ်း သပွတ် ဂေဇက် ( ၃ ၊ ၁၂ )
ဒီခေါင်းစဉ်ကိုစဉ်းစားမရခင် ကပေါက်တိကပေါက်ချာဂေဇက်လို့ ပဲ ပေးလိုက်ရမလား လို့ စိတ်ကူးမိသေးတယ်။
ကပေါက်တိ ကပေါက်ချာ ဂေဇက် ဆိုတာ ဟိုတုန်းက မဟေသီမှာ ဆရာသိမ်းတင်သား(ခ) ကိုကြွက်နီ ရေးခဲ့တဲ့ ပင်တိုင်အခန်းကဏ္ဍပါ။ ကြိုက်လွန်းလို့ အမြဲတမ်း မဟေသီမှာ စောင့်ဖတ်ရတယ်။ သို့သော်လည်းပဲ ကပေါက်တိကပေါက်ချာဂေဇက် အခန်းက သူ့အမည်နဲ့ လိုက်စွာ လတိုင်းပါချင်မှ ပါတာပါ။ မပါတဲ့လ ဆို မဟေသီမဂ္ဂဇင်းထဲ ဖင်ပြန်ခေါင်းပြန်ရှာ မာတိကာကို အခါခါပြန်ဖတ်ပြီး အင်း မပါဘူးဆိုပြီး တစ်အုပ်လုံးတောင်ဖတ်ချင်စိတ်မရှိတော့တာမျိုးလည်း ရှိဖူးပါတယ်။ ( ဖူး နဲ့ ဘူး ကို အသုံးပြုနည်း သတိချပ်ရန် သတိပေးဖို့ စာလုံးပေါင်းသတ်ပုံဌာနကို သတိပေးပါသည်။) သိမ်းတင်သားရဲ့ အရေးအသားက အလွန်မှကိုကောင်းတဲ့ သရော်စာ အရေးအသားပါ။ ကျနော်သိသလောက်တော့ မြန်မာစာပေမှာ သူ့လိုရေးပုံမျိုး မဖတ်ရဖူးပါဘူး။ သူနဲ့နည်းနည်းဆင်တာ ( ကျနော့်အထင် သိမ်းတင်သားက အတုယူထားတာ ) ကတော့ ဟိုတုန်းက ကွပ်စိပ် အရေးအသားပါပဲ။ ကွပ်စိပ် အရေးအသားဆိုတာ ကွပ်စိပ်ဟောဆရာများ ဟောတာမျိုးကို ကွပ်စိပ် ဆိုပြီး စာအရေးအသား ပုံစံတစ်မျိုးနဲ့ ရေးကြတဲ့ သရော်စာလို ပုံစံမျိုးလို့ ဆိုရမလားပါပဲ။ တကယ့် ပညာရပ်ဆိုင်ရာ လေ့လာချက်ကိုတော့ မြန်မာစာပါမောက္ခများနဲ့ တွေ့ရင်မေးမြန်းကြည့်ကြပေါ့။ တော်ကြာ အမေးခံရတဲ့ မြန်မာစာ ဆရာများလည်း စိတ်ကူးရပြီး “သိမ်တင်သား၏အရေးအသားနှင့်ကွပ်စိပ်အဟော နှိုင်းယှဉ်ချက်” ဆိုပြီး ခေါင်းစဉ်နဲ့ ဒေါက်တာဘွဲ့ စာတမ်းတင်သွားဦးမယ်။ တော်ကြာ ပါမောက္ခကြီးက ဘယ်က မသိမ်းတင်ရဲ့သားတုန်း နိုင်ဝင်းဆွေရဲ့ မသိမ်းတင်လား ပြန်မေးနေမယ်နော။ ဒီတော့လည်း အဘရယ် အဘတို့အိမ်တောင်ဘက်က ဦးသိမ်း နဲ့ ဒေါ်တင် တို့သားပါလို့ ပြန်လွှတ်လိုက်ပေါ့လေ။ အဘ ဆိုလို့ ပြောရဦးမယ် ပြီးခဲ့တဲ့ တပတ်က အိမ်တံခါးဖွင့်ခွင့်ရသွားတဲ့ ဘိုးတော် ကို တစ်ချို့က အဘလို့ပဲ ခေါ်သဗျ။ အမျိုးတော်လို့လားမသိပါဘူးနော်။ အင်း… သိသလောက်တော့ အဘ ဆိုတာ တောမှာတော့ အဖေကို ခေါ်တာ။ နောက်ပြီး လူကြီးကို လည်း ခေါ်သလို လက်တိုလက်တောင်ခိုင်းချင်ရင် အဘိုးကြီးတွေကိုလည်း အဘရေ ဟိုဟာလေး လုပ်လိုက်စမ်းပါဦးမရိုမသေလို့လည်း ပြောပြီးခိုင်းလိုက်တာပါပဲ။ “ဟိုအဘ ပြောနေတာ နားမလည်ဘူးလား” ရှေ့ကိုနည်းနည်းတိုးစီးလေ။ “ဒီဘက်က အဘလည်း ကားခ ပေးပါဦး” လို့ ကားစပယ်ယာတွေဘာတွေ လည်း သုံးကြမယ်ထင်ပါ့။( ကျ နဲ့ ကြ အသုံးမှန် ပါသဖြင့် မန်းဂေသတ်ပုံဌာနခွဲမှ ဌာနမှုး အဘမ-မမ ကို အမှတ်ပေးရန် တောင်းဆိုပါသည်။) ဒီ အဘ ဆိုတဲ့ အသုံးအနှုန်းကို ဘယ်လို ကနေ ဘယ်လို တပ်မှုးများ နွားခွေ့ ..အဲ.. နားခွေ့ပြီး မနောတွေ့သွားကြတယ်မသိဘူးဗျ။ တပ်မှာတော့ ဒုတပ်ရင်းမှုးဆိုရင်တောင် အဘလေး တဲ့။ တပ်ရင်းမှုးကိုတော့ အဘ။ ဒီထက်ကြီးလည်း အဘပဲ။ ဝန်ကြီးတွေကိုလည်း အဘ ပဲခေါ်ကြတယ်။ ဒုဝန်ကြီးကိုလည်း ကွယ်ရာမှာ အဘလေး လို့လည်း ညွှန်းကြသေးသဗျား။ အရပ်သား ဝန်ကြီးတွေကိုလည်း အဘ ပဲလိုက်ခေါ်ကြသလားမသိပါဘူးဗျာ။ အဘ လို့သုံးရတာ စိတ်ထဲမှာ ဂျပန်ခေတ်က ဂျပန်ကို မာစတာ ခေါ်ပြီး ဖားတဲ့ အလိုတော်ရိများဖြစ်နေမလားလို့ ကိုယ့်စိတ်ထဲ မလုံမိဘူး။ အဲဒါနဲ့ အဲဒီလို လူတန်းစားတွေနဲ့ ဆက်ဆံရမယ်ဆိုရင် နာမ်စားကို လွတ်အောင်ပြောဖို့ကြိုးစားရတော့တာပဲ။ စိတ်ထဲမှာတော့ မြန်မာဓလေ့ ရိုးရိုးလေး ခေါ်တဲ့ အဘ ဆိုတဲ့ အသုံးအနှုန်းကို အရောင်တွေ ဆိုးထားသလို၊ တင်စီးပြီး အခေါ်ခံနေသလိုမျိုးမို့ သိပ်မကြည်ချင်ဘူး။ ဘယ်သူက ဘယ်လို စပြီး ပင့်ပေးပြီး ခေါ်လိုက်ကြတယ်မသိပါဘူးလေ။ မှတ်မိတာတစ်ခုကတော့ ဟိုတုန်းက ဇော်ဇော်အောင် ရဲ့ စိုးအောင် စပိုင်ကြောင် ဝတ္ထုတွေထဲမှာတော့ စိုးအောင်တို့ မြတ်သစ် တို့က သူတို့ ဆရာကြီးကို အဘ ခေါ်တယ်။ အဘဆိုတာ ချာလီးစ်အိန်ဂျယ်ထဲက ချာလီ လိုပေါ့။ မြန်မာပြည်မှာလည်း အဘ အခေါ်ခံချင်သူတွေကို ချာလီ လို့ ပြောင်းခေါ်ရင် ဘယ့်နှယ်နေမယ်မသိဘူး။ မတင်းပါနဲ့ အဘရယ်.. အဲ … ချာလီရယ်။ ချာလီတို့ အုပ်စုက တင်းတော့လည်း တော်တော်တင်းကြတယ်ဗျ။ ကြားမိတာ အခုထိ ချာလီ(အဘ) အခေါ်ခံ လူကြီးတစ်ယောက်ဆိုရင် သူဟိုတုန်းက ဆွဲခဲ့တဲ့ဟာလေး(အခုတော့ ဟာမကြီးပေါ့) ကိုကြည့်ပေးထားတာများ ဟိုမှာ ဒုညွှန်မှုးတွေ ဘာတွေ တက်ဖြစ်နေသတဲ့။ အစိုးရဝန်ထမ်း သာဝင်လုပ်မိပြီး အဲသလို လယ်ပေးထွန်လို့ ရာထူးရလာတာတွေ အောက်( လက်အောက် – subordinate ) အဖြစ် လုပ်ရရင်တော့ ကိုယ်ကျိုးနည်းမှာပဲ။ သေပြီဆရာပဲနော်။ ကဲပါ ချာလီတို့အကြောင်းထားလို့ ပြောလက်စလေး ဆက်ပြောဦးမယ်။ အခု ရေးတဲ့ သပွတ်အူပေါက် ဂေဇက်ဆိုတာက ဆရာသိမ်းတင်သား ရဲ့ ကပေါက်တိကပေါက်ချာ ဂေဇက် လိုမျိုးတုပြီးရေးဖို့ ကြိုးစားကြည့်တာပါ။ သူ့လောက်တော့ မကောင်းဘူးဆိုတာတော့ ရဲရဲကြီး အာမခံပါတယ်။ သရော်စာအရေးအသားကောင်းကောင်းရေးနိုင်ဖို့ဆိုတာက ဘာသာဗေဒနဲ့ စကားလုံးတွေကို ကျွမ်းကျင်ဖို့အပြင် ထေ့လုံးငေါ့လုံး သောလုံးဖောက်လုံးလေးတွေကိုပါ ပိုင်နိုင်ဦးမှပါ။ အကြောင်းအရာကိုလည်း ဘယ်ကစမ်းစမ်း ဘယ်လိုပြောပြော ပြောချင်ရာလျှောက်ပြောနေတောင် နားထောင်ဖို့ အချက်အလက် ပါအောင် ပြောနိုင်ရေးနိုင်မှ ဖြစ်မှာမို့ ကြိုးစားဆဲပါ။ ဗရမ်းသပွတ် ဆိုတာက ဗရမ်းဗတာနဲ့ သပွတ်အူ ကို ပေါင်းစည်းထားတာပါ။ နောက်က နံပါတ်ကတော့ အပတ်အမှတ်ပါ။ သီတင်းပတ် အမှတ်စဉ်ပါခင်ဗျ။ ရက်စွဲနဲ့ လုပ်ရအောင်လည်း နေ့တိုင်းတော့ ဘယ်ရေးနိုင်ပါ့မလဲလေ။ ဒီသီတင်းပတ် အမှတ်စဉ်ပေးနည်းကတော့ ကားတာယာများမှာ ပါတဲ့ နည်းကို အခြေခံယူထားတာပါ။ တစ်နှစ်မှာ ၃၆၅ရက်ရှိပါတယ်။ တစ်နှစ်မှာ ၁၂လ ရှိပါတယ်။ တစ်နှစ်မှာ သီတင်းပတ် ဘယ်လောက်ရှိပါသလဲ။ အကြမ်းဖျဉ်း ၅၂ပတ်ပါခင်ဗျား။ အခု သီတင်းပတ်ကတော့ ၂၀၁၂ခုနှစ်ရဲ့ ၃ပတ်မြောက် ဖြစ်ပါတယ်။ ကားတာယာတွေမှာ ထုတ်လုပ်တဲ့ ပတ်စွဲကို အဲသလိုဖော်ပြပါတယ်။ တာယာဆိုင်မှာ တိုက်ဆွေးဝယ်မိမှာစိုးသူများ ဒီနည်းနဲ့ စစ်လို့ရပါတယ်။ ရက်စွဲမဟုတ်တော့ ပတ်စွဲပေါ့ နော ချာလီ။ အပတ်တိုင်းတော့လည်း ရေးဖြစ်ချင်မှ ရေးဖြစ်ပါမယ်။ ဗရမ်းသပွတ်ကိုး အစီအစဉ်တကျတော့ ဘယ်ဖြစ်ပါ့မလဲ ချာလီ။ ရေးချင်သလို ရေးပြီး ရေးဖို့ အာရုံလာမှ ရေးဖြစ်မှာပဲ ချာလီရေ။ ချာလီရေ သောက်သောက် သေအောင်သောက်ဗျ ( ပန်းမြိုင်လယ်က ဥယျာဉ်မှူးကားတောင် စကားလုံးပြန်ပြောင်းပေးရတော့မယ်။)
20 comments
ဂျက်ကီချီးပေ
January 18, 2012 at 4:21 pm
အားဘားဘား
ဂေဇက်ထဲက လူဒွေ အောက်လေနဲ့နေပြီး
တစ်ခါတစ်လေ မျက်နှာကို စက်သနတ်နဲ့ပစ်သလို အီးနဲ့ တက်ပန်းတာ
ခံရတဲ့အကြိမ်တွေ မနည်းတော့ဘူးဗျို့
စိန်ပေါက်ပေါက်
January 18, 2012 at 4:34 pm
ပုဆိုးခြုံနေမှ ဖြစ်တော့မယ်..
ကိုချာလီက လက်သွက်တယ်ဆိုတာ လိုင်းကားပေါ်မှာကတည်းက ယုံပြီးသား
ညှင်း..ညှင်း..
ကြိုက်ပြီဟေ့…မကုလားမရေ့
ဂရမ်း နှစ်ပတ်နဲ ့ ပလန်လက်တဲ့ဂဇက် အစီအစဉ်ကို ကုပ်ချောင်းကုပ်ချောင်းနဲ ့မျှော်နေမယ်ကွဲ ့
အဘား..အဲဟုတ်ဘူး..သများ
nozomi
January 18, 2012 at 4:39 pm
ဖတ်ချင်နေတဲ့ ပုံစံလေး တစ်ခု အခုမှ တွေ့တော့တယ်
ခပ်ထေ့ထေ့ရေးတတ်တဲ့ထဲတော့ ဒီ နောက်ပိုင်း မင်းလူ ကို အကြိုက်ဆုံးပဲ
လဝက ကြီး တွေ့မှ နောက်တစ်ယောက်ထပ်တိုးရမဲ့ကိန်း
ဗရမ်းသပွတ် တိုင်းကို မလွတ်တမ်းဖတ်ဘို့ အဆင်သင့်ပါ
blackchaw
January 18, 2012 at 4:41 pm
ကိုကြွက်နီ ပရိသတ်ခြင်းလာတူနေပြန်ပါပြီ ကိုလင်းဝေရေ။
ကိုကြွက်နီ ရေးခဲ့တဲ့ ဆောင်းပါးတွေ ကျွန်တော့်မှာ
ရှိတယ်ဗျာ။ ခင်ဗျားကို လက်ဆောင်ပေးရမယ်။
စာရေးတဲ့လူတွေထဲမှာ ကိုကြွက်နီ ရဲ့လေကို
ကျွန်တော် အကြိုက်ဆုံးပဲဗျာ။
စောင့်ဖတ်မယ်ဗျို့။
ဆူး
January 18, 2012 at 4:47 pm
အဘ ငယ်ငယ်က အိမ်မှာ မဟေသီမဂ္ဂဇင်း ကို ဟိုလှန်ရှာ ဒီလှန် ကြိုက်တာလေး ရှာပြီး ဖတ်ခဲ့တာပဲကိုး..
အဘမ- မမ ဆိုတဲ့ စကားတော့ မကြားဖူးပေမဲ့ ဆေးရုံမှာ အသက်ဘယ်လောက်ကြီးတဲ့ ဆရာဝန်မကြီးဖြစ်ဖြစ် ဆရာဝန် ချင်းချင်း မမ ပဲ ခေါ်ကြတယ်။ မမ ဆိုတဲ့ စကားက အဲလို ပေါက်ရောက်တယ် ဆိုတော့ မမ ရှေ့မှာ အဘ ဆိုတာ ထည့်ရန်မလိုတော့ပါဘူးလို့ထင်ပါတယ်။
လင်းဝေ
January 18, 2012 at 4:53 pm
လူကို အဘလာခေါ်လို့ နီပစ်လိုက်တယ်။
ဂျက်ကီရေ, တို့ကပန်းတာမဟုတ်ပါဘူး နင့်ဖာသာ နင်ပေနေတာပါဟယ်။(ကောင်မ နင်နာမည်ပြောင်းလည်းသိနေတယ်။)
ကိုနိုဇို… ဘယ်လိုဖြစ်လို့ လဝက ထဲထည့်လိုက်တာတုန်း။ လယ်ပေးထွန်တွေနဲ့ တွေ့နေမှဗျာ။
ကိုကြွက်နီ အော် ကို ဖတ်ဖူးတဲ့သူက ဒီမှာလာ စောင့်ဖတ်ပြီး ဘာလုပ်မလို့လဲ လှောင်ဖို့လားဗျ။
လက်ဆောင်မပေးရင်တော့ တွေ့မယ်။
etone
January 18, 2012 at 4:58 pm
ဦးလေးရဲ့ အ့ဘပို့စ်ဖတ်ရမှပဲ ….အဘအညွှန်းကောင်းလို့ …သက်သာသွားတဲ့ ဘီးလူကြီးကို သတိရပြီး ………..
ဘယ်ဆီကို မင်းရောက်နေသလဲ …… သီချင်းလေးဆိုကာ …….. ရွာထဲ ပြန်လာပါလို့ လှမ်းခေါ်လိုက်ပါတယ် …….
MaMa
January 18, 2012 at 5:27 pm
လင်းဝေဟာ လင်းဝေပါပဲလို့..
မြန်မာစာ စကားလုံးအသစ် တိုးတက်ရေးအဖွဲ့ aခါင်းဆောင်ကြီးအား အလေးပြုသွားပါတယ်။ 🙂
MaMa
January 18, 2012 at 7:01 pm
( ဖူး နဲ့ ဘူး ကို အသုံးပြုနည်း သတိချပ်ရန် သတိပေးဖို့ စာလုံးပေါင်းသတ်ပုံဌာနကို သတိပေးပါသည်။)
ဆိုလို့ …..
မွန်မွန်က ဖိုရမ်မှာ ပြောထားတာကို ပြန်ကူးပေးလိုက်ပါတယ်။
ဖူး နဲ့ ဘူး ကွာခြားချက်
ဖူး ကို အတွေ့အကြုံရှိသည် ဆိုတဲ့ အဓိပ္ပာယ်မှာ သုံးပါတယ်။
ဥပမာ။ မောင်မောင်သည် အရက်ကို လူမှန်းမသိအောင် မူးသည်အထိ သောက် ဖူး သော်လည်း ပုဆိုးတော့ တစ်ခါမှ မကျွတ်ကျ ဖူး ပါ။
ဘူး ကိုတော့ မ..ဘူး ဆိုပြီး အငြင်းဝါကျမှာ သုံးပါတယ်။
ဥပမာ။ ပြောတော့ မ သာက် ဘူး တဲ့။ ခွက်ပေးတော့ကျ မ ငြင်း ဘူး။ တတ် လည်း တတ်နိုင်တဲ့ကောင်။ ခုရော ဘယ်နှစ်ခွက် သောက်မှာ လဲ။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 18, 2012 at 7:29 pm
ကိုလင်းဝေ ကိုတလက်စတည်းတောင်းပန်ရပါမယ်။ကျွန်တော်ရဲ ့ အမိုက်အမှားကွန်မန် ့အချို ့ပေါ် ခွင့်လွှတ်ပေးပါဗျ။
မှော်ဆရာ၊ဆရာသိန်းကိုလည်းတောင်းပန်ပြီးပါပီ။အကိုရဲ ့စာလေးတွေမျှော်နေပါတယ်။ကျေးဇူးတင်ပါတယ်ဗျ။
ဒါလေးက သဘောကျလို ့ပါ။
အဘ လို့သုံးရတာ စိတ်ထဲမှာ ဂျပန်ခေတ်က ဂျပန်ကို မာစတာ ခေါ်ပြီး ဖားတဲ့ အလိုတော်ရိများဖြစ်နေမလားလို့ ကိုယ့်စိတ်ထဲ မလုံမိဘူး။ အဲဒါနဲ့ အဲဒီလို လူတန်းစားတွေနဲ့ ဆက်ဆံရမယ်ဆိုရင် နာမ်စားကို လွတ်အောင်ပြောဖို့ကြိုးစားရတော့တာပဲ။ စိတ်ထဲမှာတော့ မြန်မာဓလေ့ ရိုးရိုးလေး ခေါ်တဲ့ အဘ ဆိုတဲ့ အသုံးအနှုန်းကို အရောင်တွေ ဆိုးထားသလို၊ တင်စီးပြီး အခေါ်ခံနေသလိုမျိုးမို့ သိပ်မကြည်ချင်ဘူး။ ဘယ်သူက ဘယ်လို စပြီး ပင့်ပေးပြီး ခေါ်လိုက်ကြတယ်မသိပါဘူးလေ။ မှတ်မိတာတစ်ခုကတော့
windtalker
January 18, 2012 at 7:34 pm
အဘ တို ့နဲ ့တွေ ့ရလို ့အဘ လို ့တွင်တွင်ကြီးခေါ်တာက ဟုတ်ပါဘီ
လက်အုပ်ချီ ပြီး စကားပြောရတာ က ဘာသဘောတဲ့လဲ
လုပ်ကြပါဦး
weiwei
January 18, 2012 at 9:20 pm
ဗရမ်းသပွတ်ကိုတော့ ကြိုက်သွားပြီ …
အမြဲတမ်း စောင့်အားပေးမယ် …
ကိုပေါက်(မန္တလေး)
January 18, 2012 at 9:52 pm
ဗရမ်းသပွတ်ရေ
မဟူရာမေတ္တာကိုရေးတဲ့ နိုင်ဝင်းဆွေက မသိန်းရှင်ဆီပို့ပေးပါဆိုပြီး ရေးခဲ့ဘူးတယ်လေ။
thit min
January 18, 2012 at 9:55 pm
စိုးအောင် နဲ့ မြတ်သစ် တို့က ဘချုပ်လို့ခေါ်တာလို့မှတ်မိပါတယ်။
ဘချုပ် ကလဲ အရေးကြီးရင် စိုးအောင်ကို မောင်ခြိမ့် လို့ခေါ်တယ်မဟုတ်လား။
သူတို့ အဘ လို့ခေါ်တာက မန္တလေးဌာနခွဲက သာမန်ဌာနခွဲမှူး ကိုမြင့်ထွန်း
(မျက်မှန်ကော်ကိုင်းနဲ့ကွမ်းအရမ်းစားတဲ့သူ)လို့မှတ်မိပါတယ်။
ကိုကြီးကျွဲကိုလည်းသတိယတယ်ဗျာ။ သမုနွယ်ကိုတော့ ထားလိုက်ပါတော့။
—
ဆရာဇော်ဇော်အောင်( ဆရာဦးဇော်မြင့်)အတန်းကနေ ကျနော် မြန်မာစာရေးနည်းသင်ခဲ့ရတာဘဲဗျ။
ပထမနှစ်မှာပေါ့။ စိုးအောင်ရီးစား သမုနွယ်ကို တဘက်သတ်ကြိုက်တဲ့ဆိုတဲ့ မြန်မာစာဌာနမှ ဆရာလေး
မောင်ထွန်းသန်း ဆိုတာ အပြင်မှာ တကယ်ရှိတဲ့ သူ့(ဆရာဦးဇော်မြင့်)ရဲ့ လက်ထောက်ဌာနမှူးဗျ။ အံ့ရော။
————
ဪ ကြုံလို့ပြောရရင် မြန်မာကျူးပစ်ကွန်မြူနတီဖိုရမ်မှာ မောင်ခြိမ့် နာမည်နဲ့ တယောက်တွေ့လို့ ကော်မန့်
နဲပြောကြည့်တာ အာအိုင်တီ (ဝိုင်အိုင်တီ)ကဆရာဟောင်းတယောက်ဖြစ်နေလေရဲ့ဗျာ။
မြန်မာကျူးပစ်ထဲမှာလဲ ဒေါက်ထရိတ်တွေ များသားဗျ။
ဦးဦးပါလေရာ
January 18, 2012 at 11:35 pm
တစ်ခါတစ်ရံ
ထင်းခွေမကြုံ ရေခပ်ကြုံလို့
အဘ … လို့ခေါ်ရတာမျိုးမှာလဲ
(ဒီလိုမှမခေါ်ရင်လဲ ဘယ်လိုခေါ်ရမှန်းမှမသိ..)
သူ့အကြိုက်လိုက်ခေါ်ရတာမျိုးမို့
အောင့်သီးအောင့်သက်နဲ့….။
kyeemite
January 19, 2012 at 8:36 am
ဗရမ်း သပွတ်
အရမ်းဂွတ် ပါတယ်
ကြောင်ကြီး
January 19, 2012 at 11:17 am
လဒ အဘ
ခေါ်တဲ့ခေတ်
ဘဝ အစ
ပျော်တဲ့နှစ်
ဗလ အပြ
ဂေါ်တဲ့အချစ်
အကြွ အလှ
အကြော်ထည့်ကစ်..။
comegyi
January 19, 2012 at 1:15 pm
ဗရမ်းဗတာနဲ့ သပွတ်အူရောစပ်ထားတဲ့
ဗရမ်းသပွတ် ဂေဇက် က
လွန်စွာဖတ်လို့ကောင်းလှပါကြောင်း ကိုလင်းဝေခင်ဗျား
……………
ပါပီချာလီအဘတို့ ခေတ်မှာ လက်အုပ်ချီရခြင်း ဒုက္ခကလည်း
ကင်းဝေးကြပါစေဗျာ……..
………
ကိုကြွက်ရဲ့စာတွေကို အကြိုက်ချင်းတော့ တူနေ
ကြပါပြီကော….
အခုလည်း ကိုကြွက်ရယ်ကိုကြွက်ရေးတာလေး
ဖတ်ချင်လို့ လုပ်စမ်းပါဦးလို့ တွေ့တိုင်းပြောမိပေမဲ့
အဘက အဲ……အဲလူဂျီးက ရေးချင်တော့ပါဘူးကွာ…..တဲ့ဗျ…..
awra-cho
January 19, 2012 at 2:25 pm
ပါတ်စွဲ မှန် မှန် တင်ပေးပါ ဗျား၊ စောင့်နေပါ့မယ်
ခင်တဲ့ ချာလီ့ အဘ
Khin Latt
January 20, 2012 at 6:32 am
ဆရာမကို “အမေ” ခေါ်ထားမိ သောကျွန်မ လဲ အသာလေး ဖတ်သွားပါသည် ကိုလင်းဝေ ရေ။
အဘ လို့တော့ ခေါ်ခွင့်မကြုံခဲ့ပါ။
ထပ်လာမဲ့ လှောင်ချက် များကို စောင့်နေပါ၏။ 🙂
ခင်တဲ့
ဒွေးလေး