ခပ်ချာချာ ပဒုမ္မာရဲ့ ကိုယ်တိုင်ရေးဖြောင့်ချက်(၂)
အဲဒီလို ခပ်ချာချာ ကျွန်မကားမောင်းသွားတုန်း ပြဿနာလေးတစ်ခုနဲ ့တိုးပါတယ် ။
၄လမ်းသွား လမ်းမတစ်ခုပေါ်မှာ မီးပွိုင့်ကအထွက် ဖြေးဖြေးလေးမောင်းနေတုန်း
ရေသန့်လှည်းလေးတစ်စီးက လမ်းဖြတ်ကူးဖို့ လမ်းလယ်မှာ ခပ်စောင်းစောင်းလေးရပ်ထားပါတယ်။
ပလက်ဖောင်းဘေးမှာ ကားတွေကလည်း ရပ်ထားပါတယ်။
အဲဒီအချိန်ကျွန်မရဲ့ ညာဖက်က တက်စီ တစ်စီးဟာ အရှိန်ပြင်းပြင်းနဲ့ ကျွန်မကို ကျော်တက်ဖို့ပြင်ပါတယ်။
လမ်းကလည်း ကျဉ်းတော့ ကျွန်မကို သူဝင်တိုက်မှာစိုးပြီး ကျွန်မကားကို အရှိန်လျော့ပေးလိုက်တဲ့အပြင်
ကားခေါင်းကိုပါ နည်းနည်းတိမ်းလိုက်မိပါတယ်။အဲဒီမှာ ရေသန့်လှည်းလေးရဲ့ ထိပ်ကို ကားတံခါးဘေးနဲ့ သွားပွတ်မိပါတော့တယ်။
ကားကလည်း ရှင်းတော့ ကျွန်မ လမ်းလယ်မှာတင်ရပ်ပြီး မှန်ချကြည့်လိုက်ပါတယ်။
ရေသန့်လှည်းတွန်းတဲ့ ချာတိတ်(၁၈နှစ်လောက်ရှိမယ်ထင်ပါရဲ့) က
အန်တီကလည်း ကျွန်တော်က ရှောင်ပေးထားတာကိုလို့ အပြစ်တင်ပါတယ်။
၊အေးအေး ဆောရီးပါသားရယ်။ဘာဖြစ်သွားသေးလဲဆိုတော့ ကျွန်တော့ ရေဘူးတွေ ပြုတ်ကျကုန်ပြီတဲ့။
ဒါနဲ့ကျွန်မလည်း ကားကို ရှေ့ လွတ်ရာ လမ်းဘေးရပ်ပြီး သူ့ ရေသန့်လှည်းသွားကြည့်ပါတယ်။
ရေလှည်းက ဘာမှ ပွန်းပဲ့ ပိန်ချိုင့်တာမရှိပါဘူး။
ရေအပြည့်နဲ့ ပုံး၄-၅ ပုံးက လှည်းအောက်ခြေမှာ ထားပြီး
ပုံးလွတ်တွေ အပေါ်မှာ ၂-၃ ထပ် ထပ်တင်ထားရာကနေ
လှည်းအပေါ်မောက်နေတဲ့ ရေပုံးလွတ် ၁ ပုံးက ကားလမ်းပေါ် ပြုတ်ကျနေပါတယ်
။ကောက်ကြည့်တော့ အထဲရေလည်း မရှိတဲ့အတွက် ပုံးတွေ ကွဲသွားတာမျိုးမရှိပါဘူး။
အော်ဘာမှမှ မဖြစ်သွားတာပဲ ဆိုတော့ ကျွန်တော့ ရေပုံးမှာ အစင်းရာတွေ ထင်ကုန်ပြီတဲ့။
ရေသန့်ပုံးအသစ်စက်စက် မဟုတ်ရင် အစင်းရာတော့ နဂိုကတည်းက ထင်တတ်တာပါပဲ။
အင်းငါ့ကိုတော့ ဒီချာတိတ် စာဖတ်ပြပြီလို့ ခေါင်းထဲမှာ alarm တွေမြည်သွားပါတယ်။
ကောင်းပြီ၊ဒါဆို မင်းရေသန့်ဘူး ဘယ်လောက်တန်လဲ အန်တီလျော်ပေးမယ်
ဒို့ ဘူးပေါင်ပေးရတာတော့ ၂၀၀ဝ လောက်ပဲဆိုတော့ ၊ရမလားဗျ၊ဒါမျိုး ဘူးအကြည်ဆို ၅၀၀ဝ ပေးရတယ်တဲ့။
အဲဒီအထိ သူ မတ်မတ်ရပ်နေပါတယ်။
ဒါနဲ့ ကျွန်မလည်း ကားဆီပြန် ပိုက်ဆံအိတ်ယူပြီး
အေးကောင်းပြီ၊ဒါဆို မင်းကို ဘူးအသစ် အတိုင်း ၅၀၀ဝ ပေးမယ်
၊ဒီဘူးအဟောင်းတော့ အန်တီယူသွားတော့မယ်ဆိုပြီး ရေဘူးကိုင် လှည့်ထွက်လာမိပါတယ်။
အဲဒီအခါ နောက်ကနေ လျှောက်လာပြီး ကျွန်တော့ ခြေထောက်လည်း နာသွားတယ်လို့ လိုက်ပြောလာပါတယ်
ကျွန်မကြည့်လိုက်တော့ ဘာဒဏ်ရာမှ မရှိတဲ့ ခြေထောက်ကို ထော့နဲ့ ထော့နဲ့လုပ်ပြီး လှမ်းပြလိုက်ပါတယ်။
အန်တီ့ကားက မင်းခြေထောက်ကိုတော့ တက်မကြိတ်မိပါဘူးနော်လို့
မေးလိုက်တော့ မကြိတ်ပါဘူးတဲ့၊ဒါတော့ သူမလိမ်ပါဘူး၊
ကားမကြိတ်မိပေမယ့် ရေလှည်းနဲ့ ခိုက်မိလို့နာတာလို့ ပြောပြန်ပါတယ်။
သူ့ရေလှည်းက စည်ပတ်သံပြားလောက်နဲ့ လုပ်ထားတာပါ။
ကျွန်မကားနဲ့ သူ့လှည်းပွတ်မိတဲ့ အရှိန်က ကီလို ၂ဝ လောက် ရွေ့ရုံမောင်းနေတဲ့
အချိန်မှာဆိုတော့ သူ့လှည်းတောင် လှုပ်တယ်ဆိုရုံလေးခြစ်မိသွားတာပါ။
ကျွန်မလည်း ဒီချာတိတ်တော့ လောဘတက်ပြီး ငါ့ကို ညာနေပြီဆိုပြီး တင်းလာပါတယ်
။ရှေ့ရှေ့က ကြားဖူးနားဝ မရှိရှိတဲ့ ဒဏ်ရာပြငွေညှစ်တဲ့ ဇာတ်လမ်းတွေလည်း ခေါင်းထဲပေါ်လာပါတယ်
။ဒါနဲ့ ဒီအရှိန်လေးနဲ့တော့ ဘာမှမဖြစ်နိုင်ပါဘူးကွာလို့ ပြောပြီး လှည့်ထွက်လာလိုက်ပါတယ်။
အဲဒီအချိန် လမ်းဘေးက လူတစ်ယောက်က အနားလာပြီး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲလို့ လာမေးပါတယ်
။ချာတိတ်က ကားနဲ့ လှည်းနဲ့ တိုက်မိတာ ၅၀၀ဝ ပဲ ပေးတယ်လို့ ပြောသံကြားလိုက်ရပါတယ်
၊အဲဒီလူက ၅၀၀ဝလောက်နဲ့ကတော့ကွာ လို့ ဝေဖန်ရေးနဲ့လေကန်ရေးလုပ်လာပါတယ်။
ကျွန်မလည်း ဆက်နားမထောင်တော့ပဲ ကားကိုမောင်းထွက်လိုက်ပါတော့တယ်။
ကျွန်မသွားမယ့်နေရာရောက်တော့မှ အေးအေးဆေးဆေး မိတ်ဆွေတွေကို
အကျိုးအကြောင်း ပြန်ရှင်းပြတော့ သူတို့တွေခံခဲ့ရတဲ့ ကားရှေ့ဖြတ်ပြေး
ပိုက်ဆံတောင်းဇာတ်လမ်းတွေ ထပ်ကြားရင်း ငါတော့ အလိမ်မခံလိုက်ရဘူးလို့ ပီတိဖြစ်မိပါရဲ့။
ဒါပေမယ့် သွေးအေးသွားတဲ့အခါ ကိုယ်တော့ ဒီကိစ္စမှာ အရှုံးမရှိဘူးလို့ ပြောလို့ရပေမယ့်
(ကျွန်မကားတံခါးမှာ အစင်းရာထင်တာ ကျွန်မအပြစ်နဲ့ ကျွန်မလေ)
ချာတိတ်လေးဖက်က ကြည့်ရင် ကျွန်မ နိုင်ထက်စီးနင်းလုပ်သွားတယ်လို့မြင်မှာပဲ။
ကျွန်မပေးတဲ့ ရေဘူးအလျော် ၅၀၀ဝ က ရေသန့်ဆိုင် ပိုင်ရှင်ကို ပေးလိုက်ရမယ်။
အခန့်မသင့်ရင် သူတောင်ဆူခံရအုံးမယ်။ သူ့အတွက်တော့ အရှုံးပေါ်သွားနိုင်တယ်လေ။
သူလည်းတမင် ငွေညှစ်တာတော့ မဟုတ်ပါဘူး။
ဒါကြောင့်မို့လည်း သူ့ကို ဘယ်လောက်လျော်ရမယ် ဘာညာမတောင်းတတ်တာပေါ့။
ကိုယ်ပိုင်ကားတွေနဲ့ ငြိရင် အလျော်တောင်းရမယ်လို့တော့ သူလည်းကြားဖူးနားဝနဲ့ တူပါတယ်။
ကျွန်မအတွက် ငွေကို အခြားနေရာတွေမှာတောင် လှူနေသေးတာ ဒီချာတိတ်ကို သူ့ရေဘူးမယူလာပဲ
အလျော် ၅၀၀ဝ ပေးခဲ့ရင် သူကျေနပ်ရှာမှာပဲလို့ တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်။
ဒီလိုပြောလို့ ကျွန်မကို သူဌေး ပိုက်ဆံပေါတယ်တော့ မထင်ပါနဲ့။
ကျွန်မ ကပ်စေးလည်းနည်း နှမျောလည်း နှမျောတတ်ပါတယ်။
ကိုယ်တစ်ယောက်ထဲ အေးဆေးသွားရမယ့် ခရီးဆိုရင် လိုင်းကားပဲ စီးလေ့ရှိပါတယ်။
ဘတ်စကားစီးတာတောင် ၁ မှတ်တိုင် ၂ မှတ်တိုင် ခရီးဆို ၅ဝ ကားရအောင် စောင့်စီးတဲ့ ကော်တစ်ရာ ပဒုမ္မာပါ။
( စိန်ပေါက်ပေါက်တို့ မောင်ပေတို့ ဂီဂီတို့ ပိုက်ဆံချေးပြီး မူးကြမှာကြောက်လို့ ကြိုလည်းကာထားရတယ် :D)
ကျွန်မတို့ ဘဝမှာ တစ်သက်လုံး သူများညာတာမခံရဖို့၊
လူအကြီး အဖြစ်မခံဖို့ ပတ်ဝန်းကျင်ကနေ လေ့လာသင်ယူခဲ့ရပါတယ်။
ညာတာခံလိုက်ရရင် ရှက်လို့မဆုံး ၊စိတ်နာလို့မဆုံး၊ပြောလို့မဆုံးပါပဲ။
အဲဒီအကျင့်ကပါနေတော့ တစ်ခုခုဆိုရင် ကိုယ့်ဖက်ကိုယ် ကာကွယ်လိုက်ချင်တဲ့ စိတ်က
reflex ခေါ်တဲ့ အလိုအလျောက်တုံ့ပြန်မှုလို ပေါ်လာတာပါပဲ။
ဩဝါဒ ပါတိမောက်မှာပါတဲ့ ခန္တီ ပရမံ တပေါ တိတိက္ခာ
သည်းခံခြင်းသည် အမြတ်ဆုံးအကျင့်ဆိုပြီး စာထဲမှာ ပါတာတွေကို ရွတ်ကောင်းရုံ ကျက်ခဲ့မိတာပဲ။
သူတပါး စိတ်ချမ်းသာအောင် တတ်နိုင်သလောက် သည်းခံပေးလိုက်မယ်ဆိုတာ စာထဲမှာပဲရှိပါတယ်။
ကိုယ့်ကိုကိုယ် တရားတဲ့ဖက်မှာနေမယ်၊မျှတအောင် ကျင့်ကြံမယ်လို့
ရည်ရွယ်တယ်ဆိုတာ တကယ်တော့ ညာနေတာပါပဲလား။
ကိုယ့်ထက် အများကြီးငယ်ပြီး အစစအရာရာ နိမ့်ပါးရှာတဲ့ ကလေးပေါ်မှာတောင်
သံသယတွေနဲ့ ကြည့်ပြီး လက်ဦးမှုယူတတ်တဲ့ စိတ်ရိုင်းကို ချွန်းမအုပ်နိုင်တဲ့သူပါလား။
အော် ပဒုမ္မာတော့ အသိနဲ့အကျင့် တစ်ထပ်တည်းမကျနိုင်သေးတဲ့
ခပ်ချာချာအဆင့်မှာပဲ ရှိနေပါသေးလားလို့ မြင်လာမိပါကြောင်း ရင်ဖွင့်လိုက်ရပါတယ်။
26 comments
kai
February 11, 2012 at 4:26 am
ဒီအတွေးအတွက်.. အံ့ဩမိပါတယ်..။
ဒီလိုတွေးလည်း ရသေးပါလားဆိုပြီးတော့လေ…။ 😆
padonmar
February 11, 2012 at 4:42 am
သူကြီးရေ
ဟိုဘက်ပို့စမှာ သူကြီးကို အကူအညီတောင်းထားတာရှိတယ်နော်။အားရင် ရေးပေးအုံး။
Khin Latt
February 11, 2012 at 4:54 am
အစ်မပဒုမ္မာရေ – ဒါမျိုး ငွေညှစ်ခံရတဲ့ အဖော် ရှိလို့ အတော်လေး ဝမ်းသာ သွားပါသည်။
ကျွန်မ လဲ အတွေ့အကြုံလေးတစ်ခု ကို ရင်ဖွင့်လိုက်ချင်ပါရဲ့။
ကျွန်မ ဖြစ်တာက ညနေပိုင်း သင်တန်း တစ်ခု တက်တဲ့ တက္ကသိုလ်တစ်ခုထဲ မှာပါ။
ကားထိုးတဲ့ နေရာ ဘေးက သစ်ပင်မှာ ခုံလေးတွေရှိတယ်၊
တစ်နေ့ အဲဒီ မှာ ကားထိုးတော့ ကောင်မလေးတစ်သိုက် ထိုင်နေတယ်။
ကျွန်မလဲ ကားပေါ်က ဆင်းရော အဲဒီထဲ က ကောင်မလေးထဲ က တစ်ယောက် မျက်နှာ ရှုံ့မဲ့ ပြီး သူ့ခြေထောက် ကို ကားနဲ့ ပွတ်မိသွားသတဲ့။
ကျွန်မ အတော်လေး အံ့ဩသွားတယ်။ ကားကို ဖြေးဖြေး လေး မှ ဖြေးဖြေးလေး ထိုးခဲ့တာ။
ကား နဲ့ ခြေထောက် နဲ့ မလွတ်မှန်း သိရင် ဘာလို့ မဖယ်လဲ လို့ တော့ မမေးတော့ပါဘူး။ “အတော်နာ သွားလား” ဆိုပြီး မေးလိုက်ပါတယ်။
သူက “ရပါတယ်” ပြောလိုက်တော့ ကျွန်မ လဲ အတန်းတက် ခဲ့ပါတယ်။
အတန်းပြီး တော့ အဲဒီကောင်မလေး နဲ့ နောက်တစ်ယောက် ကျွန်မ ကားနားမှာ စောင့်နေခဲ့တယ်။
သူ့ခြေထောက် နာနေ တုန်းဘဲ တဲ့။ ဒီတော့ ကျွန်မ လဲ သနားသွားပြီး “ဆေးခန်းပို့ပေးမယ်” ဆိုတော့ “အိမ်ဘဲ ပြန်မယ်” တဲ့။
ဒီတော့ ကျွန်မ လဲ ဒါဆို အိမ်ကို လိုက်ပို့ ပေးမယ် ဆိုပြီး သူတို့ ကို အိမ်ပြန်ပို့ပေး ခဲ့တယ်။
အိမ်ထဲတော့ မဝင်တော့ဘူးနော် ပြောပြီး အိမ်ဝမှာ ချပေးခဲ့တယ်။
ကျွန်မ စိတ်ထဲမှာ ဘာမှ မဖြစ်လောက် ဘူးလို့ ကို ထင်ခဲ့တာ။
နောက်နေ့ အတန်းဝ မှာ ကျောင်းအုပ်ချုပ်ရေးမှူး က ကျွန်မ နာမည်ခေါ်ပြီး ရုံးခန်းကို လာတွေ့ခိုင်းတယ်။
မနေ့ က ကောင်မလေး ရဲ့ အမေ နဲ့ အစ်မတွေ၊ မျက်နှာတွေ က တကဲ့ အတည်ကြီးတွေ နဲ့။
သူ့သမီး လေး ခြေထောက် ထောက်မရ တော့ဘူးတဲ့။ အဲဒါကို ဖြေရှင်းမပေး ရင် ရဲကို တိုင်မတဲ့။
ကျွန်မ စိတ်ထဲ “တိုက်မိလောက်အောင်တောင် မဖြစ်ဘဲ အဲဒီကောင်မလေး ပိုတာ လို့ ထင်ခဲ့တာ တကယ်များလား” ဆိုပြီး ကျွန်မလဲ နဲနဲ လန့်သွားတယ်။
တကဲ့ကိုဘဲ စိတ်ထဲလဲ ဝမ်းနည်းသွားပါတယ်။ ငါနမော်နမဲ့ နိုင်လို့ သူများကို ထိခိုက် မိတယ်ပေါ့။
အဲဒီတော့ သူတို့က ဒီကိစ္စကို ဖြေရှင်းပေးပါတဲ့။
ဒီတော့ အတန်းပြီး ရင် အန်တီတို့ အိမ်ကို လာပါ့မယ် လို့ ပြောပြီး ကျွန်မ သူတို့ အိမ်ကို သွားခဲ့တယ်။
ပိုက်ဆံ ကလဲ အိတ်ထဲမှာ နှစ်ထောင်လောက် ဘဲပါတယ်။ (၂၀၀ဝ ကျပ် ဆိုတာ ၁၉၉၆ လောက်မှာပါ)
ကျွန်မ လဲ အိမ်ကိုတော့ အသိမပေးရဲဘူး။ ဒါနဲ့ ကျွန်မ ယောင်းမရဲ့ အစ်ကို က အရိုးအထူးကု။ သူ့ဆေးခန်းကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
“ဆေးခန်း ကိုပို့ပေးပါ့မယ်။ ကျွန်မ အားလုံး တာဝန်ယူ ပါတယ်” လို့ လဲ ပြောရော သူတို့က “သူတို့ ဟာသူတို့ ကုမယ်။ ဆေးဖိုး ပိုက်ဆံ ဘဲပေး” လို့ တောင်းပါလေရော။
ကျွန်မ လဲ အတော်စိတ်တို သွားတယ်။ အဲဒါ “ကျွန်မအစ်ကို သူက သေသေချာချာ ကြည့်ပေး နိုင်တယ်။” ပြောလဲ ပိုက်ဆံ ဘဲတောင်းတယ်။
ဒီတော့ နှစ်ထောင်ဘဲ ပါတယ်။ ဒါထက်လဲ ပိုမရှိဘူး။ အဲဒီလောက်ဘဲ ကျေနပ်လဲ ယူ ဆိုပြီး နှစ်ထောင် တော့ပေးခဲ့တယ်။
နောက်နေ့ ကျောင်းအုပ်ချုပ်ရေး ကို ကျွန်မ အကျိုးအကြောင်းသွားပြောပြလိုက်တယ်။
ကျွန်မ ကို အချဉ်ဖမ်းခဲ့တဲ့အကြောင်း ကိုပါ ပြောလိုက်တယ်။
အဲဒါနဲ့ အမှုတွဲ တော့ပိတ်သွားပါရဲ့။
ဒါပေမဲ့ အဲဒီအကြောင်းကို ပြန်စဉ်းစားမိတိုင်း စိတ်ထဲမှာ အနာလို ကျန်နေတုန်းဘဲ။
အစ်မ ပြောသလို ဘဲ “ညာတာခံလိုက်ရရင် ရှက်လို့မဆုံး ၊စိတ်နာလို့မဆုံး၊ပြောလို့မဆုံးပါပဲ။” ဆိုတာမျိုးပေါ့။
အဲဒီနောက်ပိုင်း တစ်ခုခု ဖြစ်ရင် ကိုယ်မှန်မှန် မှားမှား အဲဒီမှာ တစ်ခါထဲ အပြီးရှင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကိုယ်လဲ နောက်ဒါမျိုး မဖြစ်အောင် သတိကတော့ မပြတ်ထားနေရတော့တာ။
ဒီတော့ အစ်မပဒုမ္မာရေ – ဘာမှ မတွေး နဲ့။ အဲလိုလုပ်တာ မှန်ပါတယ်။
အဲလို ငွေညှစ်တာကို ကြောက်ပြီး အလွယ်ပေးလိုက် ရင် ကိုယ့်နောက်မှာ တစ်ခြား ဓားစာခံ တွေ အများကြီး ထပ်ထပ်ဖြစ်လာမှာ။
ပြဿနာက လောက မှာ တစ်ခါတစ်ခါ အမှန်တရားက ပျောက်ပျောက် နေတတ်တာဘဲ။ 👿
ဒါပေမဲ့ သူကြီး မန့်ထားသလို ဘဲ အစ်မ အတွေး လေးကိုတော့ လေးစားပါရဲ့။
သို့သော် မလွယ်တော့ မလွယ်ဘူးနော။
padonmar
February 11, 2012 at 5:14 am
မလတ်ရယ်
ကိုယ်လည်း ကိုယ်မောင်းတာမဟုတ်ပေမယ့် ကိုယ့်ဆွေမျိုး ကိုယ့်ဒရိုင်ဘာ မောင်းတာကို ငွေညှစ်ခံရတာတွေ ဇာတ်လမ်းရေးရရင် အများကြီးခံခဲ့ရတော့ ကားမောင်းရမှာတောင် စိတ်ကုန်မိတဲ့အထိပါပဲ။
ဒါပေမယ့် ဒီတစ်ခါကတော့ သူ့ခမျာ ကြိုတင်ကြံရွယ်တာမဟုတ်မှန်းသိမိလိုက်တော့ အားနာမိတာပါကွယ်။
ကိုယ့်စိတ်နဲ့ သူတော်ကောင်းစိတ်အဝေးကြီးလို့ သတိထားမိသွားတာ။
ရေးသာရေးရတာ သူကြီးကတော့ ငါ့ကို ပျော့ညံ့တဲ့ အတွေးတွေရေးတယ် ပြောမလားလို့ ၊တော်သေးတယ်၊
ဒီလောက်လေး ရီသွားတာ။
ကွန်မကောင်းလို့ တစ်ညလုံးစောင့်ပြီးရွာလည်နေရတာ။
ကဲ Good morning Good night
Khin Latt
February 11, 2012 at 5:26 am
အဲဒီမှာ မနက်မှ မနက်အစောကြီး။ အခုမှ အိပ်ရမှာလား။
ဂေဇက် က ဒီလောက်ထိကို ဖမ်းစားနေပြီ နော။
Good Night အိပ်လိုက်ပါဦး အစ်မရေ။
မနက်ဖြန်ထပ်တွေ့တာပေါ့။ 😀
MaMa
February 11, 2012 at 7:43 am
အဲ- ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဖြစ်တော့မှာပဲ ပဒုမ္မရေ။
ကျမလည်း ကားမောင်းတတ်ကာစက ဘုရင့်နောင်ပွဲရုံဝင်းထဲမှာ လမ်းဘေးထိုးတဲ့ ကားကြီးက ခေါင်းထွက်နေတော့ လမ်းမလွတ်ဘူးဆိုပြီး ရပ်စောင့်နေလိုက်တယ်။
အဲဒါကို နောက်ကားတွေက ဆူညံနေအောင် ဟွန်းတီးပါလေရော။
အဲဒီတော့ ကားကြီးနဲ့ အဲဒီပွဲရုံက လူတွေက ကျမကားကို နည်းနည်းကြည့်ပေးပြီး လွတ်တယ်ဆိုပြီး မောင်းခိုင်းတယ်။
ဘေးကနေ လူ ၄-၅ယောက်လောက် ဝိုင်းပြီး ထွက်ထွက်ဆိုတော့ ထွက်လိုက်တော့မှ ပစ်ကပ်ကားခေါင်မိုးနဲ့ ကားကြီးနောက်ကြည့်မှန်မလွတ်ပဲ ငြိ သွားတယ်။
မှန်က လည်ရုံတင်လည်သွားတာကို စောစောက ဘေးကကြည့်ပေးတဲ့လူတွေက ကားနောက်ပြေးလိုက်ပြီး ဟိုး ဟိုး လို့ အော်တာနဲ့ ကားရပ်ပြီး သွားကြည့်တော့ အလျှော်တောင်းတယ်။
ကြည့်လိုက်တော့လည်း မှန်ကွဲတာလည်း မဟုတ်၊ ကားကို ခြစ်မိတာလည်း မဟုတ်ဆိုတော့
`မင်းတို့ကားက လမ်းမလွတ်လို့ ဖြစ်ရတာ။ မင်းတို့ပဲ ဝိုင်းကြည့်ကြပြီး မောင်းခိုင်းလို့ မောင်းတာ။ မှန်လည်သွားရင် ပြန်လှည့်လိုက်။ မလျှော်နိုင်ဘူး´ ဆိုပြီး ခပ်တည်တည်နဲ့ ထွက်လာခဲ့တယ်။
ကိုယ့်လုပ်ရပ်ကိုယ် မှန်တယ်ထင်လို့ နောင်တလည်း မရဘူး။ ကိုယ့်ကို အချဉ်ဖမ်းတာ မခံရဘူးလို့ပဲ ယူဆတယ်။
(အဲဒီလိုတွေ ဖြေရှင်းတတ်လို့လားတော့ မသိဘူး ကိုယ့်ကို စွာတယ်လို့တော့ ပြောကြတာပဲ။)
thit min
February 11, 2012 at 8:21 am
အမှန်တော့ ငွေညှစ်တတ်သူရှိသလို၊ လုံးဝကြီးအလျှော်မပေးချင်သူများကိုလည်းတွေ့ကြုံဘူး
ပါတယ်။ ရန်ကုန်မှာကားမောင်းရတာကတော့ တခြားနေရာမှာတွေထက် ပြဿနာမျိုးစုံလှပါ
တယ်။ လှည်းတန်းဈေးပါတ်ဝန်းကျင်မှာဆို ခွေးကအစ လမ်းလယ်မှာဖင်လေး တွန့်ပြီးရှောင်
တာမျိုး ကြုံဘူးပါတယ်။ ပန်းရောင်းသူ၊ဂျာနယ်ရောင်းသူများနဲ့ ရုတ်တရက်ကျော်တက်တတ်
သော လိုင်းကားသေးများနဲ့ ကျန်သောနေရာများထက် ရှုပ်ထွေးလှပါတယ်။
ရန်ကုန်မှာကောင်းကောင်းမောင်းနိုင်သွာရင် ဖော်မြူလာဝမ်းကိုဝင်နိုင်မဝင်နိုင်တော့မသိပေမဲ့
စည်းကမ်းတော့မဲ့သွားတတ်တာတကယ်ပါဘဲ။
ဟိုနေ့က ဂျပန်မှာ အနှစ် ၂ဝ ကျော်ကားမောင်းနေခဲ့တဲ့ အသိ တယောက်။ ရန်ကုန်ပြန်ရောက်ပြီး
ကားမောင်းတာ အဲဒီ စ မောင်းတဲ့နေ့ဘဲတိုက်ပါတယ်။ ပိုက်ဆံလဲကုန်၊ကားလဲရစရာမရှိတော့ဘူး
လို့ဆိုပါတယ်။
သူကြီးပြောတဲ့ ဘယ်မောင်း၊ညာမောင်း ပါဘဲ။ ပြီးတော့ ဒီမှာက စည်းကမ်းလိုက်နာကြတယ်လေ။
htet way
February 11, 2012 at 8:50 am
ကျွန်တော်တို့ မြို့ရဲ့ ၂မိုင်လောက်ဝေးတဲ့ နေရာမှာ လူတစ်ယောက်ကို ဆိုင်ကယ်တိုက်ပါတယ်
ဒီအချိန်မှာပဲ ရွာသားတွေက အတိုက်ခံရတဲ့ လူကို ဝိုင်းရိုက်ပါတယ်။
ဘာကြောင့်လဲလို့ မေးတော့ လူဒီလိုလုပ်စားတာ ကြာပြီတဲ့
အတိုက်ခံလိုက် အလျှော်တောင်းလိုက်နဲ့ …ဒါကြောင့် မှတ်လောက်အောင် ရိုက်ကြတာပါတဲ့ ခင်ဗျား။
ဒေါက်တာ ကျန်းမာ၍ စိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေ။
တညင်သား
February 11, 2012 at 10:01 am
အန်တီ တားတားတို့ကို သမ္မတကြီးက နိင်ငံသားတဦး ကားတစ်စီးပေးရင် ဘယ်လိုလုပ်ရမလဲ တားတားတို့က အလျှော်မပေးနိင်ဘူးလေ …….တော်ပြီ ရွာမှာ နွာလှည်းပဲ မောင်းေတော့မယ်…:(
မောင်ဘလိူင်
February 11, 2012 at 11:33 am
အင်း..ကျွန်တော်လည်း ကြုံဖူးတယ် ခင်ဗျ..။တစ်ခါတုန်းက ဆိုင်ကယ်
စီးလာတုန်း ကောင်မလေး သုံးယောက် စက်ဘီးနှစ်စီးနဲ့ လမ်းလယ်ကောင်
တက်စီးနေတာနဲ့ ကျွန်တော် ဟွန်းတီးလိုက်တော့ သူတို့ဘေးကပ်ဖို့ကြိုးစား
တဲ့အခါ တစ်စီးနဲ့ တစ်စီး လက်ကိုင်ချင်း ချိတ်မိပြီး လဲပါလေရောဗျို့..။သူတို့
လဲတဲ့အချိန် ကျွန်တော်ကလည်း ဘေးက အဖြတ် ကွက်တိ ဆိုသလို ဖြစ်တော့
ကျွန်တော်လည်း မိန်းကလေးတွေ လဲကွဲသွားတာ ဒီအတိုင်းကြီး မောင်းထွက်
မသွားချင်တာနဲ့ ပြန်လှည့်လာပါတယ်။ အနားလည်းရောက်ရော သုံးယောက်
လုံး ဝိုင်း ရန်ထောင်ကြတာနဲ့ ဘေးက ဆိုက်ကားသမားတွေ၊ တခြားလူတွေပါ
ဝိုင်းလာပြီး ဘာဖြစ်တာလဲ ..ညာဖြစ်တာလဲနဲ့ ဝိုင်း ဖြဲကြပါတော့တယ်။ကံကောင်း
ချင်တော့ အနီးအနားက ကုလားမကြီးတစ်ယောက်က ဟဲ့ အဲဒါ ငါ့သမီး သူငယ်ချင်း
တွေ..ကလေးမတွေ လာကြ ဆိုပြီး သူ့အိမ်ခေါ်လို့ ပေကျံသွားတဲ့ ကောင်မလေးတွေ
အကျင်္ ီတွေ ဘာတွေ လဲ ခိုင်းပြီး ဆေးခန်းသွားခိုင်းပါတယ်။ ကျွန်တော်လည်း မပြေး
သော် ကန်ရာရှိနေပြီ ဆိုတော့ ဆေးခန်းလိုက်ပို့ပါတယ်။ သူတို့က ကျွန်တော့်ကြောင့်
ဆိုပြီး အတင်းကြီး စွတ်ရန်တွေ့နေတာ တစ်လမ်းလုံး။နောက် လမ်းမှာ သူငယ်ချင်း
တွေနဲ့ တွေ့လို့ သူတို့ပါလိုက်လာကြတယ်။ဆေးဖိုးရယ်..စက်ဘီးပြင်တဲ့ အဖိုးအခပါ
ကျွန်တော်ပေးပါတယ်။ အဲဒီကလေးမတွေ သူတို့အိမ်လိုက်ပို့တော့ စရိုက်တော်
တော်ကျတဲ့ ရပ်ကွက်ဖြစ်နေပါတယ်။ သူတို့ အိမ်လည်း ပြန်ရောက်ရော ပိုသာစိုး
ဖြစ်ကုန်တော့တာပဲ။ သူ့အဖေက တစ်မျိုး၊သူ့မောင်၊ သူ့အမေ၊ သူ့ဦးလေး …ပြီး
တော့ အဲဒီရပ်ကွက်ထဲက လူတွေ ..ဟား စုံလို့ပဲဗျိူ့။ ဝိုင်း..ဗျင်းတော့မယ့်အနေ
အထား။ကျွန်တော့် သူငယ်ချင်းက ဝင်ပြီး ညှိပါတယ်။ဒီကောင်က စကားပြော
တတ်တယ်။ ကျွန်တော်ကတော့ ဒေါသထွက်လွန်းလို့ ဘာမှ မပြောနိုင်ဘူး။
နောက်တော့ ကျွန်တော့်သူငယ်ချင်းက ဟေ့ရောင် မင်းလစ်တော့ ငါကြည့်
ရှင်းထားမယ်ဆိုပြီး အတင်းလွှတ်တော့ မှ ကျွန်တော်လည်း ပြန်လာခဲ့တယ်။
(နှစ်လလောက်ကြာတော့ ကျွန်တော်ဆိုင်ကယ်နဲ့ ပွတ်မိတဲ့(အင်း..ထားပါတော့) ကလေး
မတွေထဲက ကောင်မလေး တစ်ယောက်နဲ့ ကျွန်တော့်ကောင် သမီးရည်းစား ဖြစ်သွားပါ
ရောလားဗျို့..)
intro
February 14, 2012 at 5:24 pm
အဲဗျ… အဲ့လို ကြီးလား…
စိန်ပေါက်ပေါက်
February 11, 2012 at 12:05 pm
လောဘ.လောဘ..
အဲတာကြောင့်ပြောတယ် ရုပ်ရှင်များများကြည့်ပါလို ့
ခုတော့ ရုပ်ရှင်မကြည့် ဗဟုသုတ မရှိနဲ ့ ပီပီပြင်သရုပ်မဆောင်တတ်တော့ ဟိုအန်တီကြီးက ဆေးဖိုးမပေးသွားဘူးပေါ့ကွဲ ့
အမှန်ဆို တိုက်တိုက် မတိုက်တိုက် မြက်ဖုတ်ထဲကို ဂျွမ်းဆယ်ပတ်လောက် လှိမ့်ပစ်လိုက်ရမှာ 😆
အဲတာဆို ပွန်းတာနဲ ့ပဲ့တာနဲ ့ အနဲဆုံး ဘီအီးတစ်ဝိုင်းစာလောက်တော့ ဘော်ဘော်တွေကို ဒကာခံလို ့ရတယ်နော 😆
အိုလေ….တိုက်တိုက် မတိုက်တိုက် ဝမ်းမနည်းပါဘူး
ဝမ်းနည်းစရာကောင်းတာက ဘီအီးဖိုးချေးမဲ့ တစ်ယောက်လျော့သွားတာကိုပါ 😀
စိန်ပေါက်ပေါက်
February 11, 2012 at 12:08 pm
အော်..
ပြောဖို ့မေ့တွားတယ်.
အပိုင်းတစ်မှာပြောခဲ့သလို..
အီးပါချင်လို ့ပြေးလိုက်ဦးမယ်လို ့
ဘွစ်..ဗွစ်..ဗျစ်စ်..
ဆူး
February 11, 2012 at 12:31 pm
ခပ်ချောချော အန်တီကြီးမို့ ၅၀၀ဝ နဲ့ ပြီးသွားတာ ဖြစ်မယ်။ ဟိဟိ..
အမြင့်က အနိမ့်ကို ကြည့်တတ်မြင်တတ်တဲ့ စိတ်ဓါတ်ကို အင်မတန်မှ လေးစားမိပါတယ်။ အန်တီ ရဲ့ စာသားလေးကိုလည်း ဆူး မှတ်သွားပါတယ်။
ဆိုင်တော့ မဆိုင်ပေမဲ့ ဆိုင်သလို အတင်းဆွဲစပ်ပြီး ဆူး နားထဲမှာ အခုထိကြားပြီး သဘောကျနေတဲ့ စကားတခု ရှိသေးတယ်။
သူဌေးတယောက်ပဲ.. သူ့ဇနီးက ဈေးဝယ်ရင် အတင်းစစ်ပြီး ဝယ်လို့ မိန်းမရယ် မတန်မှန်း သိပေမဲ့ မတန်တန်အောင် မစစ်ပါနဲ့ မရှိတဲ့ လူကို ပေးစားလိုက်ပါ။ အ ချင်လို့ မဟုတ်ဘူး ငဲ့ညှာပြီး အ ချင်ယောင်ဆောင်ပေးလိုက်စမ်းပါကွာတဲ့..
အခုတလော ကားတွေ သွင်းလာတာမှ ဘယ်လောက်မှ မရှိသေးဘူး မြို့ထဲ လမ်းတွေမှာ အမြဲတမ်း ကားကျပ်လို့ လမ်းခရီး အရင်လို မမြန်တော့ဘူး။ ကား သတိထားမောင်းပေါ့.. ဆူး ကတော့ သိပ်ဝေးဝေး ဆို မမောင်ဘူး။ အိမ်နဲ့ မြို့ထဲလောက်ပဲ မောင်းတယ်။ (တခြားက လမ်းမသိလို့ မသွားတာ.. )
ကားမောင်းရင် တက္ကစီ နဲ့ လိုင်းကားကတော့ တော်တော် အကျင့်ပျက်နေတာ.. လမ်းပေါ်မှာ တနေကုန် မောင်းရတယ် ဆိုပြီး ကျွမ်းကျင်တယ် ထင်နေတာလား.. ဒါမှ မဟုတ်.. တခြား ကားတွေက သူ့ထက် ကောင်းတာတွေ ချည်းပဲ ဆိုတော့ သူတို့က နာစရာ မရှိဘူး ဆိုပြီး အတင်းစွပ်တင်တာနဲ့ တူတယ်။ လိုင်းကားနဲ့ တက္ကစီ ဒရိုင်ဘာတွေကိုတော့ စိတ်ဓါတ်ပြုပြင်ရေး သင်တန်းတော့ ပေးသင့်နေပြီ။
blackchaw
February 11, 2012 at 12:34 pm
အစ်မရေ။
ကိုယ်တွေ့လေးကို ဝင်ဖတ်သွားပါတယ်ဗျာ။
ကျွန်တော်လည်း အက်ဆီးဒင့် ဖြစ်ဘူးပါတယ်။
ကားလည်း ဘာမှမဖြစ် လူလည်း ဘာမှ မဖြစ်ပဲ
လျော်လိုက်ရတဲ့ အဖြစ်ကို ရှက်လွန်းလို့
မပြောပြတာပါ။ အခုကတော့ အင်တာနက်ပေါ်ဆိုတော့
ူလူမသိလောက်ဘူးဆိုပြီး ပြောလိုက်တာပါ။ 😀 😀 😀
ဆူး
February 11, 2012 at 12:44 pm
ဆူး တော့ တခါမှ လူ မတိုက်မိဖူးသေးဘူး။
မြို့ထဲက လမ်းကျဉ်းတခုမှာတော့ ကားမောင်းသွားရင်း ဘေးမှန် နားရွက်နဲ့တော့ ကောင်မလေး တယောက်ရဲ့ တံတောင်ကို တိုက်မိဖူးတယ်။ သူလည်း ပွတ်သွားတယ်။
ဆူး ရဲ့ ကားတိုင်းမှာ နဖူးမှာ အပွန်းနဲ့ အမြဲရှိတယ်။
ကား က ဝယ်တုန်းက အကောင်း အိမ်က အထွက် ခြံတိုင်နဲ့ ခဏခဏ ပွတ်မိလို့.. ကား နဖူးကတော့ အမြဲပွန်းတယ်။ ကားလဲ လိုက်လဲ ရင်လည်း ထပ်ပြီး အမှတ်အသား လုပ်ပေးတယ်။ ဟိဟိ..
အိမ်မှာတော့ အဲဒီ ကိစ္စ တော်တော် နားပူတယ်။
Phaung Phaung
February 11, 2012 at 4:09 pm
အန်တီပဒုမ္မာက သနားတတ်တယ်နော်… ဒါကြောင့်ပြန်တွေးပြီးနောင်တရနေတာပါ။ ကိုယ့်လုပ်ရပ်ကိုပြန်ပြီးသုံးသပ်တတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေက တကယ့်ကိုလူတော်တွေပါ…မိမိစိတ်ကို သတိလေးနဲ့ပြန်ကြည့်တတ်ပြီး ဆင်ခြင်နိုင်တဲ့သဘောတရားလေးတွေရေးပြသွားတာ လေးစားမိပါတယ်…
nature
February 11, 2012 at 10:30 pm
ကျွန်တော်ကတော့ ပြောင်းပြန်ပဲ။ ကြာတော့ ကြာပါပြီ ။ တခါက ကုမ္ပဏီတခုမှာ ကုန်ဖိုးသွားသိမ်းတာ ကုန်လာချတဲ့ ကားက ရပ်ထားတဲ့ကျွန်တော့်ကားကိုလာတိုက်တာ။ အဲဒီယာဉ်မောင်းက သားနဲ့မယားနဲ့ ဒုက္ခ ရောက်ကြောင်း စားဝတ်နေရေးမပြေလည်ကြောင်း တောင်းပန်လိုက်တာမှစုံနေတာပဲ။ ဒါပေမဲ့ကျွန်တော့်အကိုက ရပ်ထားတာကို် ဒီလောက်ဝင်တိုက်တာ ဒေါသထွက်လို့ အမှုဖွင့်မယ်လုပ်တော့ ကျွန်တော့်အကိုနဲ့ထိတ်တိုက်တွေ့ပါလေရော ။ ကျွန်တော့်အကိုက အမှုသွားဖွင့်မယ်လုပ်တာကို ပုဆိုးကို အတင်းဆွဲ ထိုင်ကတော့ ဆင်းရဲဒုက္ခ ရောက်နေကြောင်းတွေပြော ..။ အတင်းမရမကတောင်းပန်တော့ နောက်ဆုံးတော့ စိတ်မာတဲ့ကျွန်တော့်အကိုလည်းလက်လျော့လိုက်ရပါတယ်။ ကျွန်တော်တို့ ညီအကိုတွေသူကိုနာမည်တခုပေးလိုက်ပါတယ်။ သူ့နာမည် ဦးတောင်းပန် …လို့ ။
unclegyi1974
February 11, 2012 at 11:06 pm
သနားညှာတာတတ်တာကောင်းလည်းကောင်းမကောင်းလည်းမကောင်း
တခုတော့ရှိတယ်စေတနာသည်လူတိုင်းနဲ့မတန်တဲ့
မှတ်ထားနော်တူမကြီး
ဘတို့ကတူမကြီးပြောတာထက်အများကြီးပိုပြီခံစားပြီးလို့ပြောတာပါကွယ်
kyeemite
February 12, 2012 at 12:07 pm
ကိုယ့်ထက် အများကြီးငယ်ပြီး အစစအရာရာ နိမ့်ပါးရှာတဲ့ ကလေးပေါ်မှာတောင်
သံသယတွေနဲ့ ကြည့်ပြီး လက်ဦးမှုယူတတ်တဲ့ စိတ်ရိုင်းကို ချွန်းမအုပ်နိုင်တဲ့သူပါလား။
အဲလိုလေးပြန်တွေးမိတာကိုလေးစားမိပါတယ်…ကိုပဒုမ္မာ…
ကျွန်မတို့လဲ အဲလိုပြန်သုံးသတ်တတ်အောင် မနဲလေ့ကျင့်ယူရအုံးမယ် ရှင့်..
ကိုပေါက်(မန္တလေး)
February 12, 2012 at 1:22 pm
ဒါဒါရေ
စိတ်မကောင်းမဖြစ်ပါနဲ့ကွဲ့။
အဲလိုလုပ်စားသူတွေအများကြီးပါကွဲ့။
အဲလိုဖြစ်ရင် ဘေးနားက စာတတ်ပေတတ်ပုတ်ကိုတွေက ဝိုင်းအာတတ်ကြပါတယ်ကွဲ့။
သူ့ထို်က်သူ့ကံလို့သာမှတ်လိုက်ပါကွဲ့။
အတိုက်ခံစားသူတွေ တစ်ပုံကြီးပါကွဲ့။
nozomi
February 12, 2012 at 1:43 pm
အန်တီလေး အတွေ့အကြုံ မှတ်သွားပါတယ်
ရန်ကုန်မှာ ကိုယ့်ကို ပြသာနာ ရှာမဲ့ အခြေအနေတွေအတွက် အသင့်ပြင်ထားရင်းနဲ့ မသိစိတ်ကကို အလျော့ပေးချင်စိတ်တွေ ပျောက်နေပြီ
အလှူခံ အတုတွေ အကြောင်း ကြားပြီး ၊ အိမ်ရှေ့လာအလှူခံတဲ့ ကိုရင်တောင် ဒါ အတုများလားလို့ စဉ်းစားမိသွားတာကို က ခေတ်က ဖန်တီးပေးထားတဲ့ အခြေအနေပဲ လို့ ပြောရမယ်
စည်းကမ်း မလိုက်နာကြတဲ့ ပတ်ဝန်းကျင်ဆိုတော့ ကားမောင်းဘူးတဲ့ လူ တော်တော်များများမှာ အသေး အကြီး ကွာပေမဲ့ ယာဉ်မတော် တဆ ဖြစ်တာ ကြုံကြမယ်ထင်တယ်
ကျန်တာက ရှင်းလို့ ရဦးမယ် လူ တော့ မတိုက်မိအောင် သတိထားရမယ်
နောက် အတွေ့အကြုံ တွေလဲ ထပ်တင်ပေးဦးနော် အန်တီလေး 🙂 🙂 🙂
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 12, 2012 at 6:36 pm
ဟုတ်တယ်ဗျာ အက်ဆီးဒင့်ဖြစ်ခဲ့ရင် ယဉ်မောင်းတွေမှာ မှားလဲခံ၊မှန်လဲခံ။ဒါဟာ ယဉ်ကြီးယဉ်ငယ်ဆိုပြီး… မပြီးတော့ဘူး။
ဖြစ်လိုက်ရင် ဝိုင်းလာတဲ့သူတွေက ဘယ်လိုုပ်ပြီးဆွေမျိုးတွေဖြစ် အလံရှူးတွေများသွားတော့တာပါဘဲဗျာ။
padonmar
February 14, 2012 at 12:22 am
အလှူပို့စတွေ လျှောက်ဖတ်နေတာနဲ ကိုယ့်ပို့စထဲက မန့်တဲ့လူတွေကိုတောင် တော်ကီမပွားနိုင်ဘူး။
(သူကြီးပြောသလိုဆို ဦးဆောင်မဆွေးနွေးလိုက်ဖူးပေါ့)
အတွေ့အကြုံလေးတွေ မျှပေးကြတဲ့ မမ၊မောင်ဘလှိုင်၊မလတ်၊ဆူး၊ဆရာထက်၊ကိုဘလက် ၊ကိုနိုဇိုမီနဲ့တကွ အားလုံးကိုကျေးဇူးပါ။
ကျွန်မကားမောင်းသက်မကြာသလို အတွေ့အကြုံလည်းနုပါတယ်။
ခုမှစမောင်းမယ့် ကလေးတွေလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို စာထဲပါတာသာမက
ယာဉ်မောင်းတွေ လိုက်နာသင့်တဲ့ ယဉ်ကျေးမှု ၊လမ်းသွားသူ pedastrian တွေ လိုက်နာသင့်တဲ့ ယဉ်ကျေးမှုလေးတွေ သိပြီး လိုက်နာကြမယ်ဆိုရင် အသက်ပေါင်းများစွာ ကာကွယ်ရာရောက်ပါမယ်။
ကားမောင်းသူတိုင်းလည်း ရမ်းကားတာမဟုတ်ပါဘူး။
ဒါပေမယ့် ဥပဒေက ကားမောင်းသူဖက်မှာ အရှုံးများနေလေတော့ မတရားငွေညှစ်ခံရတဲ့ ဇာတ်လမ်းတွေထွက်လာတာပါပဲ။
FattyCat
February 14, 2012 at 4:20 pm
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကားတွေက မတန်တဆဈေးကြီးနေလေတော့…
လူတွေအမြင်မှာ ကားစီးတဲ့လူတိုင်းကို သီးသန့်ခွဲထားတဲ့ အခွင့်ထူးခံ သူဌေးတွေလို့မြင်လာကြတယ်…
အဲဒီတော့ ကားနဲ့ပွတ်မိတာတို့ တိုက်မိတာတို့ဖြစ်ရင် ရသလောက်ငွေညှစ်ဖို့ပဲ စဉ်းစားကြတယ်…
တကယ်ရှိစုမယ့်စုလေးနဲ့ ကားဝယ်စီးနေရတဲ့သူတွေမှာတော့ အဲဒီလိုမျိုး ပြသနာတွေကြုံတတ်ကြပါတယ်…
ကျွန်တော်ကတော့ ပြိုင်ကားစီးတဲ့လူဆိုတော့ ကားမောင်းနေတဲ့သူတွေကို ကိုယ်ချင်းစာပါတယ်…
အန်တီပဒုမ္မာ…
ခင်တဲ့-
ကြောင်ဝတုတ်
etone
February 14, 2012 at 4:55 pm
အစအချိန်မှာတော့ ..ဘယ်အရာမဆို ဒီလိုချည်းပဲ ဖြစ်တတ်ပါတယ် .. နောက်ပိုင်းတော့လည်း …. အိုကေသွားပါလိမ့်မယ် … ။ အန်တီပဒုံမ္မာက ခပ်ချာချာမဟုတ်ပါဘူး … ။ တကယ့်ကို လူငယ်လေးလိုပဲ ဖျတ်ဖျတ်လတ်လတ်ရှိတယ် … ။