“နှုတ်စကားရဲ့ အာနိသင်”
“လူတွေကကွာ…
အေးအေးကို မနေနိုင်ကြဘူး
ငါတို့ အလုပ်မလုပ်တာဘဲ အပြစ်တင်နေကြတယ်”
ညမီးရောင်အောက်မှာ အသက်ဝင်နေတဲ့ လက်ဘက်ရည်ဆိုင်ရှိ စားပွဲဝိုင်းတစ်ခုမှ ထွက်ပေါ်လာတာပါ။ ထိုစကားကို စတင်ပြောသူကတော့ မောင်မျိုး။ သူ့စကားကို ဘေးမှာ ထိုင်နေတဲ့ လေးယောက်အနက် သုံးယောက်ကတော့ အသီးသီး ခေါင်းညိတ်ထောက်ခံကြတယ်။ မညိတ်ခံနိုင်ရိုးလား။ အဲ့ဒီ ခေါင်းညိတ်နေတဲ့ သုံးယောက်က ပုလင်းတူဘူးဆို့ ဘဝတူ ၁၀၉\၁၁ဝ တွေပဲဟာ။ ဒီတော့ ခေါင်းညိတ်ထောက်ခံကြတာ အဆန်းတော့ မဟုတ်ပါဘူး။
သူတို့ အုပ်စုထဲမှာ ခေါင်းမညိတ်ဘဲ ကျန်တာဆိုလို့ နေမင်းတစ်ယောက်ပဲ ရှိတယ်။ နေမင်း ခေါင်းမညိတ်တာကို ကျန်တဲ့လေးယောက်စလုံးက သိပ်မကြည်ကြဘူး။ အာလုံးရဲ့စိတ်ထဲမှာတော့ နေမင်းကို သစ္စာဖောက်လို့ ဝိုင်းပြောနေမလားပဲ။
အဲ့ဒါကို နေမင်းက မသိတာမဟုတ် သိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ မှားယွင်းနေတဲ့ အတွေးအခေါ်တွေကို သူက အမုန်းခံ ပြင်ပေးချင်စိတ်ကြောင့် မထောက်ခံဘဲ ငြိမ်နေတာပေါ့။
သူတို့ အုပ်စုမှာ အားလုံးက ဘွဲ့အသီးသီး ရရှိထားကြပေမဲ့ လက်ရှိ လုပ်ငန်းခွင်ဝင်နေတာဆိုလို့ နေမင်းတစ်ယောက်ပဲ ရှိတယ်။ ကျန်တဲ့သူတွေကတော့ လူငယ်ဘဝဆိုပြီး ပျော်လို့ ကောင်းနေတုန်းပဲ။ သူတို့ အပြောအရတော့ အလုပ်လုပ်တယ်ဆိုတာက ကိုယ့်လွတ်လပ်ခွင့်တံခါးကို ကိုယ်ကိုယ်တိုင် ပိတ်ပစ်လိုက်တာတဲ့။
သူတို့အုပ်စုဟာ အားလုံးက ငယ်ပေါင်းတွေချည်းပဲ။ နေမင်းအပါအဝင် မောင်မျိုး၊ အောင်အောင်၊ မင်းထက်၊ လှမြင့်ဆိုပြီး စုစုပေါင်း ငါးယောက်ရှိတယ်။ ဒီငါးယောက်ဟာ မူလတန်းတည်းကနေ တက္ကသိုလ်ရောက်တဲ့အထိ တတွဲတွဲနဲ့ တစ်ကျောင်းတည်း ရေစက်စုံခဲ့ကြတာပေါ့။ အဲ့ဒါကြောင့်ပဲ အားလုံးဟာ သွေးသားရင်းချာလို သိပ်ချစ်ကြပြီး ကျောင်းပြီးသွားတဲ့အထိ အဆက်အသွယ် မပြတ်ကြဘူး။
အခုလည်း တနင်္ဂနွေ ညနေပိုင်း ပုံမှန်တွေ့ဆုံကြရင်းနဲ့ မောင်မျိုးက သူ မကျေနပ်တာကို ရင်ဖွင့်လာတာပါ။ မောင်မျိုး ရင်ဖွင့်တာကို ဟိုကောင်သုံးယောက်က ထောက်ခံရုံသာမက တစ်ယောက်တစ်မျိုး ဝင်ပြောလိုက်သေးတယ်။
“အေး…ဟုတ်တယ်… မောင်မျိုး
ငါတို့ လူဆိုး မဟုတ်သလို လူမိုက်လည်း မဟုတ်ဘူး
လောကကို ညစ်နွမ်းအောင် ငါတို့ ဘာတစ်ခုမှ မလုပ်ဘဲနဲ့များ
ဘာဖြစ်လို့ လူတွေက အမြင်မကြည်လင်ရတာလဲ
ငါတော့ စဉ်းစားလို့ မရဘူးကွာ”
အောင်အောင်ရဲ့ ထပ်ဆင့်အပြောကို မင်းထက်ကလည်း ငြိမ်မနေပါဘူး။ သူလည်း ဟိုနှစ်ကောင် အပြောကို ထောက်ခံသလို လိုက်ပြောတယ်။
“မသိတော့ပါဘူးကွာ
ကျောင်းပြီးသွားလို့ ငါတို့ လွတ်လွတ်လပ်လပ် သွားချင်ရာသွား၊
လာချင်ရာလာ အချုပ်အခြယ်မရှိ ပျှော်ရွှင်နေရတာကိုပဲ
လူကြီးတွေက သဘောမကျကြဘူး ထင်တယ်
ကြည့်ရတာ သူတို့ တုန်းက ဒီလို အခွင့်အရေးမျိုး မရခဲ့လို့ နေမယ်”
တစ်ယောက်တစ်ခွန်းနဲ့ သူတို့အမြင်ကို ပြောနေကြတာပေါ့။ အဲ့ဒီအချိန်ထိ နေမင်းကတော့ ငြိမ်နေတုန်းပဲ။ လှမြင့်ကတော့ နေမင်းငြိမ်နေတာကို သတိထားမိသွားပြီး
“ငါတို့ လေးယောက်ကသာ အယူအဆတွေ တူနေကြတာ
ဟိုကောင် နေမင်းကတော့ ငြိမ်နေပါလား
အေးပေါ့ကွာ
ဒီကောင်က အလုပ်ရှိတော့ ငါတို့ အမြင်နဲ့ ဘယ်တူပေါ့မလဲ”
လှမြင့်က သူ့ဘက်မှာ အသားစီးရနေတယ်ဆိုပြီး နေမင်းကို လှမ်းပြောတယ်။ အဲ့ဒီတော့မှ နေမင်းက အားလုံးပြောပြီးသွားပြီဆိုတဲ့ အသိနဲ့ စကားစလာပါတယ်။
“အေး… မင်းတို့ကို ငါတစ်ခုတော့ ပြောချင်တယ်
အဲ့ဒီပြောမဲ့ဟာက မင်းတို့တွေအတွက် ပိုပြီးသက်ဆိုင်တယ်လို့ ငါထင်တယ်
အဲ့ဒီစကားက ငါဖတ်ဖူးထားတဲ့ စာထဲက ကြိုက်လွန်းလို့ မှတ်သားထားတာပါ
ဘယ်လိုလဲ၊ ငါ ပြောတာ နားထာင်းမယ် မဟုတ်လား”
အားလုံးက နေမင်းအမေးကို ခေါင်းညိတ်ပြီး လက်ခံကြတယ်။ အဲ့ဒီတော့မှ နေမင်းက ဆက်ပြောပါတယ်။
“ငါပြောချင်တာက လူဆိုတာ ကိုယ့်အတွက် အကျိုးရှိတဲ့ အလုပ်တစ်ခုခု လုပ်ကို လုပ်ရတယ်
မလုပ်နိုင်သေးသရွေ့ ဒီလူဟာ အလကားပဲ၊ အသုံးလည်း မကျဘူး၊ သူများကို အပြစ်တင်နေတာ၊ ကိုယ့်ကိုယ်ကိုယ် မလိုအပ်ဘဲ
ညှာတာသနားတာ၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ယောင်လည်လည် လုပ်နေတာ၊ ဒါတွေ အားလုံးဟာ အချိန်ဖြုန်းတဲ့ အထဲမှာပါတယ်၊
အချိန်းဖြုန်းတဲ့သူဟာ မကောင်းတာ မလုပ်ပါဘူး၊ မဟုတ်တာလည်း မလုပ်ဘူးဆိုပေမဲ့ အသုံးမကျတဲ့လူပဲ ဖြစ်မယ်၊
အဲ့ဒါကြောင့် မင်းတို့ အဲ့လိုမျိုး အဖြစ်ခံကြမလား”
နေမင်းရဲ့ စကားအဆုံးမှာ အားလုံးက အရှိုက်ထိသွားသလို ခေါင်းငိုက်စိုက်ကျသွားတယ်။ နေမင်းက ပြောလည်းပြီးရော မောသွာလို့ ထင်ပါရဲ့။ လက်ဘက်ရည်ခွက်ထဲက လက်ဘက်ရည်ကို အလောတကြီး မော့သောက်လိုက်တယ်။ အဲ့ဒီမှာပဲ စဖျော်ပြီးတာ သိပ်မကြာသေးတဲ့ လက်ဘက်ရည်မို့ အအေးမခံဘဲ သောက်မိတဲ့ နေမင်း လျှာကျက်သွားပါတယ်။ ပူလောင်ပျင်းပြတဲ့ လျှာဝေဒနာကြောင့် နေမင်းတစ်ယောက် ပါးစပ်မှ လျှာထုတ်ပြီး ကုလားတွေ အော်သလို “အားဘားဘား” အော်နေရတာပေါ့။ အားလုံးက နေမင်းအဖြစ်ကို ကြည့်ပြီး အဲ့ဒီတော့မှ ရယ်မောနိုင်တော့တယ်။ အဲ့ဒီရယ်မောသံတွေထဲမှာ လမ်းမှန်ဘက်ရောက်သွားတဲ့ အသိတရားတွေလည်း ပါမယ်ဆိုတာ နေမင်း ရိပ်မိပါတယ်လေ။
အဲ့ဒီစကားဝိုင်းလေး ပြီးဆုံးသွားပြီးနောက် သူတို့အုပ်စုလေးဟာ သိပ်မကြာခင်မှာပဲ ပုံစံပြောင်းသွားကြတယ်။ ဘာလို့လဲဆိုတော့ အားလုံးဟာ နေမင်းရဲ့ စကားကြောင့် အမြင်မှန်ရပြီး လုပ်ခန်းခွင်မှာ လှုပ်ရှားနေကြပြီလေ။ သူတို့တွေအားလုံးဟာ နေမင်းရဲ့ ကျေးဇူးကြောင့် “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း နားလည်လက်ခံလာကြပြီ။ အလုပ်ကိုယ်စီရှိတာကြောင့် အားလုံးဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး မိဘအားကိုးထိုက်သူလည်း ဖြစ်လာကြပြီပေါ့။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး နေမင်းကို သူငယ်ချင်းတွေနဲ့၊ သူတို့ရဲ့ မိဘတွေကပါ ကျေးဇူးဝိုင်းတင်ကြတယ်။ နေမင်းကတော့ ပြုံးပြုံးလေးဖြင်း သူ့ကို ကျေးဇူးတင်ဖို့မလိုကြောင်း၊ အမြင်မှန်ရပြီး အမှားကို ပြန်ပြင်ရဲတဲ့သတ္တိနဲ့ လမ်းမှန်းပေါ် လျှောက်ရဲတဲ့သတ္တိရှိလို့သာ အဲ့ဒီလို အဆင်ပြေခဲ့ကြောင်း ပြန်ပြောပါတယ်။ ဘာပဲပြောပြော နေမင်းကတော့ သူပြောခဲ့တဲ့စကားကြောင့် သူငယ်ချင်းတွေ အဆင်ပြေနေတာ မြင်လိုက်တိုင်း နှုတ်စကားရဲ့ အာနိသင်ကြီးမားပုံကို တွေးတွေးနေတော့ပဲ။ အဲ့ဒီလိုတွေးလိုက်တိုင်းလည်း နေမင်းမျက်နှာက ပြုံးလို့ ရွှင် ပိုနုပျိုလာသလိုပါပဲ။
စေပိုင်ထွဋ်(ပုသိမ်)
2 comments
Onyx
April 22, 2012 at 7:33 pm
အင်းအခုခေတ် ဘိလိယက်ခုံတွေ အရက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေမှာ အချိန်ဖြုန်းနေတဲ့ လူငယ်လေးတွေကို ဒါလေးတွေ ပြောပြသင့်တယ်။ တစ်ချို့ဆို အသက်သာကြီးနေပြီ အချိန်ဖြုန်းကောင်းကြတုန်းလေ ။ အချိန်တန်တော့ မိဘကို လက်ဖြန့်တောင်း လိုက် ကုန်အောင် သုံးလိုက်နဲ့ လုပ်နေတဲ့ သူတွေ နည်းမှမနည်းပဲကိုး ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 22, 2012 at 11:31 pm
မှန်ပါတယ် ကိုစေပိုင့် မက်ဆေ့လေးကောင်းပါတယ်ဗျား။
“လူဆိုတာ ကိုယ့်အတွက် အကျိုးရှိတဲ့ အလုပ်တစ်ခုခု လုပ်ကို လုပ်ရတယ်
မလုပ်နိုင်သေးသရွေ့ ဒီလူဟာ အလကားပဲ၊ အသုံးလည်း မကျဘူး၊ သူများကို
အပြစ်တင်နေတာ၊ ကိုယ့်ကိုယ်ကိုယ် မလိုအပ်ဘဲ
ညှာတာသနားတာ၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ယောင်လည်လည် လုပ်နေတာ၊
ဒါတွေ အားလုံးဟာ အချိန်ဖြုန်းတဲ့ အထဲမှာပါတယ်၊
အချိန်းဖြုန်းတဲ့သူဟာ မကောင်းတာ မလုပ်ပါဘူး၊ မဟုတ်တာလည်း
မလုပ်ဘူးဆိုပေမဲ့ အသုံးမကျတဲ့လူပဲ ဖြစ်မယ်၊
အဲ့ဒါကြောင့် မင်းတို့ အဲ့လိုမျိုး အဖြစ်ခံကြမလား”