ငါမတုံးဘူး… ငါကြိုးစားမယ်
“ကြိုးစားတိုင်း မအောင်မြင်နိုင်ဘူး။ ဒါပေမယ့် အောင်မြင်ဖို့ရာ ကြိုးစားမှုတော့ လိုလိမ့်မယ်” ၁) ကျောင်းသားနှစ်ဦးဟာ ကြက်တောင်ရိုက်ဖို့ ဟောခန်းက ထိုင်ခုံတွေကို ရွေ့လိုက်ကြတယ်။ ကြက်တောင်ရိုက်ပြီး ခုံတွေကို နေရာတကျပြန်စီကြတော့ တစ်ခြားကျောင်းသားတွေက သူတို့ကို တုံးအတယ်ဆိုပြီး လှောင်ရီကြတယ်။ နောက်ဆုံးမှာ အဲဒီကျောင်းသားနှစ်ဦးဟာ နိုင်ငံလက်ရွေးစင် ဖြစ်ခဲ့ကြတယ်။ အလုပ်အရှုတ်ခံနိုင်ရင် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါတယ်။ ၂) တစ်ခါက ပြိုင်ပွဲတစ်ခုမှာ အခမ်းအနားမှုးတွေက ထုံးစံအတိုင်း ပြုလုပ်နေကျ အစီအစဉ်ကို ဆန့်ကျင်ပြီး ဆုရသူတွေကို ပြိုင်ပွဲပြီးတာနဲ့ ဆုဝေပေးလိုက်တယ်။ လူတစ်ချို့က “ ဒီလူတွေ သိပ်အတာပဲ။ ဆုအရင်ပေးတော့ လူတွေက ပိတ်ပွဲထိ မစောင့်ဘဲ ပြန်ကုန်ကြလိမ့်မယ်။ ပိတ်ပွဲမှာ လူမကျန်ဘဲနေမှာပေါ့” လို့ ပြောကြတယ်။ နောက်ဆုံးမှာ ပိတ်ပွဲအခမ်းအနားက ထင်တာထက် ပိုစည်ခဲ့တယ်။ လေးစားမှုရှိရင် အားပေးမှုကို ပြန်ရပါတယ်။ ၃) လူတစ်ယောက်ဟာ မနက်အလုပ်သွားဖို့ ကားမောင်းပြီး အိမ်ကထွက်ခဲ့တယ်။ လမ်းရောက်တော့ သူ့ကားနောက်ကို ကားတစ်စီးက ဘရိတ်မအုပ်နိုင်ဘဲ မတော်တဆ တိုက်လိုက်မိတယ်။ ကားပိုင်ရှင်က တောင်းပန်တော့ “အင်း.. အားလုံးက အလုပ်ရောက်ဖို့ စိတ်စောနေကြတယ်။ နည်းနည်းလေးပဲ ပွတ်မိတာပဲ.. ကိစ္စမရှိပါဘူး။ လူတွေ ထိခိုက်ဒဏ်ရာ မဖြစ်ရင် တော်ပါပြီ” လို့ သူက ပြန်ပြောလိုက်တယ်။ ညနေ အိမ်ရောက်မှ ကားနောက်ပိုင်းက တော်တော်ချိမ့်နေတာကို တွေ့လိုက်တယ်။ မိတ်ဆွေတွေက “ မင်းသိပ်အတာပဲ.. ကားနံပါတ် မှတ်ခဲ့လိုက်ပေါ့” လို့ အပြစ်တင်ကြတယ်။ “ပြီးခဲ့တာ ပြီးပြီပဲ.. ထားလိုက်ပါတော့” လို့ သူခပ်အေးအေးပဲ ပြန်ဖြေခဲ့တယ်။ ၃. ၄ရက်လွန်တော့ အာမခံကုမ္ပဏီက အလျှော်ပေးကြောင်း စာလာခဲ့တယ်။ တိုက်လိုက်တဲ့ ကားပိုင်ရှင်က သူ့ကားနံပါတ်ကို မှတ်ခဲ့လို့ဖြစ်တယ်။ စဉ်းစားဆင်ခြင်ပြီး အပြစ်မလုပ်ခဲ့ရင် မျှတတဲ့ဆက်ဆံမှုကို ပြန်ရနိုင်ပါတယ်။ ၄) မိန်းကလေးတစ်ယောက်ဟာ ဆိုင်ကယ်စီးပြီး ဈေးသွားခဲ့တယ်။ ဈေးဝယ်ပြီး ပြန်ထွက်လာတော့ သူ့ဆိုင်ကယ်ပေါ်မှာ လူတစ်ယောက်ထိုင်နေပြီး ကျီးကန်းတောင်းမှောက် တစ်ခုခုကို လိုက်ရှာနေတဲ့ ပုံစံနဲ့တွေ့လိုက်တယ်။ “ကျွန်မ ဆိုင်ကယ်ပေါ် ရှင်ဘာထိုင်လုပ်နေတာလဲ” စိတ်ဆိုးမာန်ဆိုးနဲ့ သူကဆိုတော့ “အော်.. ခင်ဗျားကို ကျွန်တော်စောင့်နေတာ နာရီဝက်ရှိနေပြီ။ ဘာဖြစ်လို့ ကျွန်တော့်ဆိုင်ကယ်ဘီးကို သော့ခတ်သွားရတာလဲ” မင်္ဂလာ အခမ်းအနားမှာ လူတွေက သတို့သားကို “ သတို့သမီးကို ဘာလို့လက်ထပ်တာလဲ” လို့ မေးကြတယ်။ “မရေမရာ လုပ်တတ်တဲ့ သူ့အကျင့်ကို ချစ်လို့ပါ” လို့ သတိုးသားက ပြန်ဖြေခဲ့တယ်။ မရေမရာ ခပ်တုံးတုံးက လူတွေရဲ့ သနားချစ်ခင်မှုကို ရစေနိုင်တယ်။ “ယုန်နဲ့လိပ်” ပြိုင်ပွဲအကြောင်းကို ငယ်ရာကနေ ကြီးလာတဲ့အထိ ကြားဖူးခဲ့တယ်။ တကယ့်လက်တွေ့မှာ အအိပ်မက်ပြီး လိပ်ကို အရှုံးပေးခဲ့ရတဲ့ ယုန်လိုလူမျိုး မရှိနိုင်ဘူးလို့ ထင်ခဲ့မိတယ်။ ကြီးပြင်းလာမှ “အောင်မြင်တဲ့လူတွေဟာ စွမ်းရည်ကြောင့် မဟုတ်ဘဲ ကြိုးစားမှုကြောင့်ဖြစ်တယ်” ဆိုတာ တဖြေးဖြေး နားလည်လာခဲ့တယ်။ လူတစ်ချို့ရဲ့ အောင်မြင်မှုဟာ ကိုယ့်ထက် ဆယ်ဆ၊ တစ်ရာဆ… သောင်းဆ သာနေလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့စွမ်းရည်က ကိုယ်လောက်ရှိချင်မှ ရှိမယ်။ သူတို့က ကိုယ့်ထက်တော်လို့၊ ထက်မြက်နေလို့တော့ မဟုတ်ဘူး။ သူတို့က တုံးတိတုံးအနဲ့ ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို ကြိုးစားလုပ်ခဲ့လို့ပဲဖြစ်တယ်။ လူ့ဘဝမှာ ထက်မြက်တဲ့လူက နောက်ဆုံးမှာ တဖြေးဖြေး တုံးသွားပြီး တုံးအတဲ့လူက နောက်ဆုံးမှာ တော်လာကြတယ်။ စိတ်ရှုတ်စရာ၊ ဦးနှောက်စားစရာ ဒုက္ခတွေနဲ့ ကြုံပြီဆိုရင် ထက်မြက်တဲ့လူတွေက အသိဉာဏ်နဲ့ ရှောင်လွှဲသွားတတ်ကြပေမယ့် တုံးအတဲ့လူတွေက ရှောင်ကွင်းဖို့ မသိဘဲ ကိုယ်တိုင်လက်တွေ့ခံစားကြတယ်။ ပြီးတော့ အဲဒီဒုက္ခတွေထဲကနေ သင်္ခန်းစာယူကြတယ်။ ကြီးပြင်းကြတယ်။ သူတို့သိတာက “ ကြိုးစားတိုင်း မအောင်မြင်နိုင်ဘူး။ ဒါပေမယ့် အောင်မြင်ဖို့ရာ ကြိုးစားမှုတော့ လိုလိမ့်မယ်” ဆိုတာပဲဖြစ်တယ်။ နိုင်းနိုင်းစနေ ဘာသာပြန်သည်။