ကျွန်တော်နဲ့ အရောင်ပြောင်းသွားသော နေညိုချိန်
“ဘယ်ဆီကိုရောက်ရောက် .. ဘာတွေကို လုပ်လုပ် .. အတွေးထဲအမြဲတမ်းမင်းဝင်နေတယ်… ဒဏ်ရာတွေနဲ့ ည … အို .. နာကျင်တဲ့အချိန်တိုင်း.. ဘယ်လိုမှ ဖျက်ဆီးမရနိုင်တော့.. ပြေးထွက်ခဲ့ အတူတူလျှောက်ဖူးတဲ့ နေရာများ .. မင်းရယ် . .တို့ရယ် ..ရင်မှာရူးသွပ်တဲ့ညတိုင်း .. အလွမ်းများ..”.. ကျွန်တော်တို့ အုပ်စု စာကလေး တို့ ငှက်ရိုးတို့အပါအဝင် ထန်းရည်ပင်အောက် အညာဘီယာလေး သောက်လို့ရယ် သီချင်းဆိုနေကြပါရဲ့ ..
ကျွန်တော် အိမ်ကထွက်လာတော့ ပါလာတဲ့ ဂီတာအဟောင်းလေးတီးလို့ ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းလေး သူတို့ကို ဆိုပြနေတာပါ.. သူတို့ က “ကိုလူကလေး တလှည့်ဆိုဦးဗျ ကျုပ်တို့ သောက်ရင်း နားထောင်မယ်” ဆိုလို့ ကျွန်တော် တီးနေကျ ဒီသီချင်းလေးတီးပြလိုက်တာပေ့ါလေ..
သီချင်းဆိုပြီး ရေငတ်တာနဲ့ ရှေ့မှာ စာကလေးတို့ ထည့်ထားပေးတဲ့ ထန်းရည်လေးနဲ့ အာစွတ်လိုက်ပါရဲ့ ..ပြီးတော့မှ “ကဲ.. မောင်ပု . မင့်ကော ဘယ်တော့ ကျောင်းပြန်တက်ရမှာလဲ.. ” ကျွန်တော်မေးလိုက်မိတော့ ဝါးခွက်ထဲက ထန်းရည် လက်ကျန်ကိုမော့လက်စ မောင်ပု က ချက်ခြင်းမဖြေနိုင်ဘူး.. သူ့ခမျာ မျက်လုံးစုံမှိတ် ရုံမက မျက်မှောင်ကြီး ကြုံ့လျက်သား အတင်းမျိုချနေလေရဲ့ .. သောက်ပြီးတော့ လည်းမဖြေနိုင်သေးဘူး.. ပဲကြီးလှော် အတင်း စွတ်ဝါးနေသာ .. စာကလေးက ကြည့်မရတဲ့ နောက်ဆုံး .. “အမလေး မောင်ပုရယ် .. ဒီလောက်ထိ ပင်ပန်းနေတယ်ထင်ရင်လည်း သောက်မနေပါနဲ့ တော့.. မင့်ကြည့်ရင်း ဒို့တောင် ထန်းရည်သောက်ရမှာ ကြောက်မိသယ်.. မသောက်ဖူးတဲ့သူဆို မင့်သောက်ပုံကြည့်ပြီး ထန်းရည်ဆို ဝေးဝေးက ရှောင်နေလိမ့်မယ်.. ငပုရ.. ” အဲသလို အော်လိုက်မှပဲ ..
မောင်ပုက “ဟ.. ခင်ဗျား တို့ တိုက်လို့လဲ လိုက်သောက်ကြည့်ရသေးတယ်.. ကျုပ်ကျောင်းတက်တုန်းက ဘော်ဒါတွေ ထန်းတော ခေါ်တာတောင် အမြည်းပဲစားတာ.. တခါမှကို မသောက်ဖူးဗျာ .. ဒီမှာ ကျုပ် ခင်တဲ ့ကိုရင် လူကလေး ကလည်း သောက်နေတာမို့ လိုက်သောက်ကြည့်တာ.. မဆိုးပါဘူး ..အစမို့ ဒီလိုရှိတာထင်ပ.. ဟဲဟဲ”
သူဒီလိုပြောလိုက်တော့မှာ ကျုပ်မှာသူ့အားနာသွားရတယ်.. ကလေးများ ဖျက်ဆီးသလိုဖြစ်နေလားဆိုပြီး.. စိတ်မကောင်းဘူးရယ်. . “အော် .. မောင်ပုရယ် .. မသိရင် ငါက မင့်ကို ဖျက်ဆီးနေတယ် လူတွေထင်ပမယ်.. မင့်မသောက်ချင်မသောက်နဲ့ ပေါ့ကွာ. .ငါအတင်းမတိုက်ဘူး ..မင့်လည်းလူငယ်ဆိုတော့ ငါက သောက်လိမ့်မယ်ထင်လို့ပါ.. ခုတော့မသောက်နဲ့ တော့ .. ငါမကောင်းဘူးဖြစ်မယ်..” ကျွန်တော်တားလိုက်တော့ .. “အမလေး ဆရာလူကလေး .. ဆရာ့လိုပဲ သောက်မှာပ.. အလဟသနဲ့ တော့ တက္ကသိုလ်ကျောင်းသား အရက်သမား ဆိုပြီး ဘွဲ့သစ်လည်း ထပ်မလိုချင်ပါဘူး.. ဆရာရေ.. အမဆူမှာကြောက်တယ်ဗျို့ .. ကျုပ်အမအကြောင်း သိသားပဲ ကိုရင် .. သူက ကျုပ်သာ အရက်သောက်လို့ကတော့ ထိုင်ငိုနေမှာတဲ့.. မင့်တို့လို တက္ကသိုလ်ကျောင်းသာ ပညာတတ်ကြီးတွေကို ငါ မထိန်းကျောင်းတတ်တော့ဘူးတဲ့လေ.. အဲသလိုဆိုထားလေတော့ ကျုပ်နှယ်အရက်ဆိုလုံးဝသောက်မရလေတော့ဘူး .. ကျုပ်အမက စာမှ မတတ်ဘဲ.. ကျုပ်စိတ်မကောင်းဘူးဗျ” လို့ မောင်ပုပြောပြပြီးတဲ့အချိန်မှာတော့ ကျွန်တော်လို့ဝိုင်းလေး ခဏ တိတ်သွားတယ်.. ဘယ်သူမှ စကားမစဘဲ အလည်တယ် ထန်းရည် အိုးလေးကို ငေးတဲ့စာကလေးက ငေး.. လက်ကျန်ဝါးခွက်လေးကို ငှက်ရိုးက ကိုင်ထားရင်း ဆက်မသောက်ဖြစ်.. မောင်ပုကတော့ ပဲကြီးလှော်တွေလွှတ်စားလို့ပေါ့..
ကျွန်တော်ကပဲစလို့.. “ဟေ့မောင်ပု.. မင့်ဘယ်တော့ ကျောင်းပြန်တက်ရမလဲကွ.. ဟေ” ဆိုတော့..
“ဒီလလယ်လောက်မှာသွားမှာပ.. မသွားခင်အဘကိုနှမ်းကူနှုတ်ပေးသွားဦးမလို့.. ဒီနှစ် ကျုပ်တို့ ယာ နှမ်းဖြစ်တယ်လေ.. အဲဒါ အဘနဲ့ အမနဲ့ပဲဆို မနိုင်လောက်ဘူး .. ကျုပ်ရှိတော့ အငှားနှစ်ယောက်လောက် မခေါ်တော့ဘူးပေါ့ဗျာ.. ပိုက်ဆံပိုထွက်တာပ..” ပဲကြီးလှော်အစားမပြတ်မောင်ပုက ရှင်းပြပါတယ်..
“ဒါဆိုမင့်တို့စာတွေလွတ်မကုန်ဘူးလား. .မသိတာရှိရင်ငါ့မေးပေါ့ကွာ .. မြန်မာစာ အင်္ဂလိပ်စာလောက်တော့ ငါရှင်းနိုင်ပါတယ်ဟ..မင့်တို့ မေဂျာတွေတော့ မရဘူးပေါ့ကွာ” လို့ ကျွန်တော်ကဆိုတော့
“အမလေး ကျေးဇူးကြီးပ ရွာ့လူကလေးရေ .. စိတ်ချ သင်ကိုသင်ပေးရဦးမှာ .. အင်္ဂလိပ်စာမရဘူးဗျို့ .. အဲဒါ ကျောင်းက သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတယ်ပြီးခဲ့သဲ့လက.. ခင်ဗျားသင်ပေးပါလားလို့.. ကျုပ်ကောင်တွေကလည်း တတ်ချင်တယ်တဲ့ .. တော်ကြာ အင်ဂျင်နီယာဖြစ်သွားလို့ အလုပ်လုပ်ခါမှ အင်္ဂလိပ်လိုပြောနေရဘယ်နှယ့်လုပ်မလဲ .. ကျုပ်ကဘာလုပ်ရလုပ်ရ. . လုပ်ရဲတယ်.. အဲ.. အင်္ဂလိပ်လိုတော့ ပြောရဲဘူးဗျ.. ရီချင်သလိုလို ငိုချင်သလိုလို ဗိုက်ပဲနာလာသလိုလိုနဲ့ တကယ်ရယ်..” အခုလိုပြောပြနေတဲ့မောင်ပုပုံစံကိုကတွန့်လိမ်တွန်လိမ်ဖြစ်နေသလိုပဲလို့ ကျွန်တော်ထင်မိလိုက်သေး..
“အေးပါ ငါသင်ပေးပါ့မယ် .. ငါသိသလောက်ပေ့ါ.. အဲလိုအင်္ဂလိပ်စကားပြောသင်တယ်ဆိုရင် အီးပါချင်သလိုလို သေးပေါက်ချင်သလိုလို တော့ လုပ်မရဘူးကွ မောင်ပုရ .. မင့်သင်ရတော့သိမှာပါကွာ.. ခုတော့ သောက်လိုက်ဦးမယ် .. အာစွတ်ဖို့လိုနေပြီဟ..” ပြောရင်း ကျွန်တော် တခွက်လုံးကုန်အောင်ကို မော့ပစ်လိုက်သည်။
ငှက်ရိုးကတော့ သူ့ခံစားချက်သီချင်းတစ်ပုဒ်ကို ဂစ်တာမပါ အလွတ်စဆိုနေပြီ . . အသံကတော့ ထွေနေပြီပေါ့လေ.. “အလွမ်းဖွဲ့ရာသီ မိုးဦးပျိုးစခါတော်မီ ဝါဆိုပန်းတွေ သင်းရနဲ့ လှိုင်နေ သမုဒယ ဝါဆို အလွမ်းမိုးမစဲသော ဒီရင်မှာ သံစဉ်တေးများ ရေးလို့မဆုံးနိုင်… ” သူကတော့ ပိုင်သက်ကျော်အသဲစွဲ ငှက်ရိုးဖြစ်ပါတယ်ပေါ့ဗျာ..
ဒီဝိုင်းမှာ စကားသိပ်မပြောတော့ပဲထန်းရည်ချည်းလှိမ့်သောက်နေသူက စာကလေး.. စကားများလွန်းလို့ စာကလေး ခေါ်ကြတာ ဒီနေ့တော့ အသောက်သမားလုံးလုံးဖြစ်နေတဲ့စာကလေးကို ကျွန်တော် သတိထားမိပါတယ်.. “စာကလေး.. တိတ်လှချည်လားကွ.. ဘာတွေခံစားနေရတုန်း.. ကျုပ်တို့ကို ဖွင့်လေ” လို့ ကျွန်တော်ဆိုတော့.. “ဘယ့်နှယ့်မှ မဖြစ်ပါဘူး.. ဒီကောင်ငပုတို့ ဘဝတွေက ဒီထက်ကောင်းဖို့ပဲရှိတယ်လို့ ကျုပ်တို့ဘဝတွေက တော့ ဒီလိုတောထဲတောင်ထဲ မှာပဲ ကျင်လည်ရတော့မယ့်ဘဝတွေလို့တွေးမိလို့ပါ.. အမနဲ့ အဘရဲ့အပြစ်တော့မဟုတ်ချေဘူး.. ကျုပ်တို့ရဲ့ဘဝပေးကြောင့်ပေါ့ဗျာ. . ပညာလည်းဆုံးခန်းတိုင် မရောက် ..ဥစ္စာကျတော့လည်း မချမ်းသာ.. ကျုပ်တို့ကတော့ မဖြစ်နိုင်တော့ဘူး .. နောင်ကျုပ်တို့မျိုးဆက်လေးတွေကိုတော့ ဒီလိုဘဝထဲက လွတ်အောင် ကျုပ်ကြိုးစားရမယ်လို့.. နှော့ ငှက်ရိုး.. တို့သူငယ်ချင်း ငပုလိုဖြစ်အောင် ပညာတတ်တွေဖြစ်အောင် ဒို့လုပ်ပေးရတာပေါ့.. ကျုပ်ကတော့ လက်ရှိ စံပယ့်ကို တက္ကသိုလ်ကျောင်းပြီးတဲ့အထိထားပေးမယ် .. ကျုပ်ညီမလေးအတွက်တော့ ကျုပ်တာဝန်ယူနိုင်တယ် .. ကျုပ်သားသမီးတွေရလာတဲ့အခါကျရင်လည်း သူတို့တွေကို ကျောင်းနေခိုင်းပြီး ဘွဲ့ရတဲ့အထိ ထားပေးမယ် .. ကျုုပ်လျှာပေါ်မြက်ပေါက်ချင်ပေါက်ပစေ.. သူတို့ဘဝလေးတွေကိုတော့ ရအောင် ပြောင်းလဲပေးခဲ့မယ်.. ” စာကလေးက မထင်ထားတဲ့စကားတွေပြောလို့..
သူတို့တွေရဲ့ စိတ်ထဲမှာ ဒီလိုအတွေးလေးတွေ ဖြစ်ကျန်ခဲ့တာကိုပဲ ကျွန်တော့်မှာ ပီတိဖြစ်ရလွန်းလို့ .. ဒီရွာကလူအများစုက စာဆိုရေးတတ်ဖတ်တတ်ရင် ရပြီလို့ ထင်နေကြတာ.. ကျွန်တော်စာသင်တဲ့ဒီရွာကျောင်းလေးမှာဆို ခြောက်တန်းခုတန်းဆို ကျောင်းသားတွေ တအား နည်းသွားတာ ဗျာ ။ ရှစ်တန်းဆိုရင် တွဲဘက်ကျောင်းကို ပို့ရတာကိုး .. အဲဒီတော့ တွဲဘက်ကျောင်း မပို့နိုင်မယ့်အတူတူ ခြောက်တန်းလောက်ဆိုရင် ကျောင်းထွက်ပြီး နွားကျောင်းဆိတ်ကျောင်း အကုန်လိုက်လုပ်ရတော့တာ .. မောင်ပုဆို ဒီရွာမှာ အကုန်ချစ်ကြတယ် .. ဘယ်အိမ်ထမင်းတက်စားစား အားလုံးက ကျွေးကြတယ်. . ကျုပ်တို့ရွာရဲ့ တက္ကသိုလ်ကျောင်းသားကြီး.. အင်ဂျင်နီယာလောင်းကြီး ဆိုပြီးတော့ပေါ့ဗျာ..ကျွန်တော့်ရဲ့ ဒီရွာက အပေါင်းအပါတစုဖြစ်တဲ့ စာကလေးတို့ငှက်ရိုးတို့စိတ်ထဲမှာ အခုလိုမျိုးလေးတွေ ကြားရတော့ ကျွန်တော်လည်း အလွန်ဝမ်းသာမိတယ်.. ဒီရွာမှာ ဆက်နေချင်စိတ်တွေ သူတို့ ကလေးတွေကိုလည်း စာသင်ပေးချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာမိတယ်.. ဒီနေ့ရဲ့ နေညိုချိန်ကို ထန်းတဲမှာ ဖြုန်းလိုက်မိပေမယ့်လည်း .. ကျွန်တော့်စိတ်ထဲမှာ ကျောင်းမှာ ကျောင်းသားတွေကို သားကြီးလာရင်ဘာလုပ်မလဲ မေးမိတဲ့အခါ သူတို့လေးတွေ အဖြေကြားလို့ ဝမ်းသာရ.. ရီရ.. ပျော်ရ.. သလိုပဲ .. ကျွန်တော်ခံစားနေမိတယ်.. ဒီထန်းတဲမှာတော့ ကျွန်တော်က အဲဒီလိုမမေးခဲ့ပေမယ့်လည်း သူတို့ တွေရဲ့ အနာဂတ်ဟာ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်သိခဲ့ရတယ်.. ကျွန်တော် ပီတိဖြစ်ခဲ့ရတယ်.. အားပေးရမယ် .. ကူညီရမယ်ဆိုတာတွေလည်း ကျွန်တော်နားလည်လိုက်တယ်.. ကျွန်တော် အိမ်မပြန်သေးဘူးဗျာ.. မေမေ့ကိုပြေးချင်လို့မပြန်တာမဟုတ်တော့ဘူး.. ဒီရွာရဲ့ ဆရာလေးအဖြစ် ကျွန်တော်ဖြစ်တည် နေချင်သေးလို့ပါ.. ..
လူကလေး
14 comments
KZ
August 1, 2013 at 5:10 pm
ဟီးဟီးးး
ကလေးတွေ ကို ကြီးလာရင် ဘာလုပ်မလဲ မေးရတာ အဖြေတွေ က တစ်ယောက်တစ်မျိုးးးး ကြားရရင် ရီစရာ ချစ်စရာ။
အမ ငယ်တုန်းက အဲလို အမေးခံရရင် ဘာမှ မဖြစ်ချင်ဘူးလို့ ဖြေသတဲ့။
ဟုတ်မှာ။ ခုထိလည်း ဘာကြီးဖြစ်ချင်လိုက်တာလို့ မရှိ။
အဲလို ရည်မှန်းချက် ကြီးမားခဲ့တာပေါ့ကွယ်။ 😀
လူကလေး
August 1, 2013 at 5:17 pm
မမ ဟိုလိုမဖြေခဲ့ဘူးလား..
“ချရာဝန်ဘျစ်ဖို့ အနော် ကြိုးချားညီ .. အန်ဂျင်ဂျရာ ဘျစ်ဖို့ အနော် ကြိုးချားညီ .. ငြန်နာ့ တားကောင်းဂျာနည် ဂျစ်ကားဂျီးကို အနော် ညှော်နှမ်းတီ .. .. .. ”
အဲရိုဖြေခဲ့ဝူးရားရို့.. အော် .. အဲလိုမဖြေဘူးလားလို့ .. ရောတွားတယ် . . အဟိ
KZ
August 1, 2013 at 5:27 pm
ဆရာဝန်နဲ့ဖြစ်ဖို့ အနော်ကြိုးစားမီ
အင်ဂျင်နီယာနဲ့ဖြစ်ဖို့ အနော်ကြိုးစားမီ။
ညန်မာ တားဂေါင်း ဇာနည် သင်္ဘောသီးကို အနော် မျှော်မှန်းရည်။
ငိငိငိ။
ရှောင်တဲ့ အသားထဲ စစ်သား ပါလို့။ 😀
အလင်း ဆက်
August 1, 2013 at 6:00 pm
လူကလေးကို
ကဗျာ လည်း မသင်ရဲတော့ဘူး
ဝတ္ထုည်း မသင် ပေးရဲတော့ဘူး
ဒီလောက် ရသ မြောက်အောင်
သရုပ်ဖော်နိုင် နေမှတော့
ဆရာ အချင်းချင်း လို့ သတ်မှတ်လိုက်ပါပြီ
အဟိ
လူကလေး
August 2, 2013 at 11:04 am
အောင်မလေး နာလိုက်တာဗျ. .မြောက်သွားလို့ ခေါင်းဆောင့်မိတယ်.. အဟဲဟဲ
ချီးကျူးသလိုလို ဘာလိုလိုနဲ့ အဟိ ဆိုတာ က တော့ လှောင်သလိုပဲ.. ဟင်း..
ကလေးအတွေးနဲ့ ရေးထားတာကိုများ .. ခင်ဗျားတို့လို ရေးတတ်ချင်လို့ပါ. .သင်ပေးပါဗျာ .. နော် . . နော် .. ဆရာ အလက်ဆင်း .. နော် . … .
အလင်း ဆက်
August 2, 2013 at 1:20 pm
လှောင်တာ ဟုတ်ပါဘူးဗျ
အဟိ ဆိုတာက အကျင့် ပါနေလို ့ပါ
ပြီးတော့…
လူကလေးကို ချီးမွမ်းရင်းနဲ ့..
ကိုယ့်ကို ကိုယ် ပြန် ဂုဏ်ဖော်လိုက်တာလေး..မလုံလို့ပါ ။
နော် ။
🙂
kyaw swar kaung
August 2, 2013 at 1:24 am
လူကလေးဆိုတာ.. လူမလေးလို ့လဲ တနေရာမှာ ဖတ်ရတယ်..။
ဘာဖြစ်ဖြစ် ..
စာရေးတာကောင်းတယ်။ ဝတ္တုတိုလေးတပုဒ် အဖြစ်တောင် ပြန်ရေးသင့်တယ်..။
ချီးကျူူးပါတယ်.. လူကလေးရေ..။
လူကလေး
August 2, 2013 at 11:21 am
ဆရာ့ရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ် ခင်ည.
ခင် ခ
August 2, 2013 at 12:12 pm
ရေးထားတာလေး ဇာတ်ကွက်ဆင်ထားတာလေး ကြိုက်မိပါတယ်။
ဒါနဲ့ တစ်ခုမရှင်းတာက ဒီရွာရဲ့ ဆရာလေး အဖြစ်ဆိုတော့ ဘယ်ကျောင်းမှာများ သတင်းသုံးမလဲလို့ အရင်အဲလိုသွားတွေးမိလိုက်တယ်။ ပြီးမှ မဟုတ်လောက်ပါဘူး ဆရာမကြီး ဖြစ်ရင်သာ ခင်ခ ကို လမ်းတွေ့လည်း ခေါ်ပါပြောပါနော်။
လူကလေး
August 2, 2013 at 5:43 pm
ဒီဆရာလေးကဆိုရင်ဖြင့် ခခ ရေစက်ချမယ့် ကျောင်းမှာသာ သီတင်းသုံးမယ့် ဆရာလေးပါရှင့်.. 🙂
အားပေးသူခခကို ကျေးဇူးတင်ကြောင်း
မဟာရာဇာ အံစာတုံး
August 2, 2013 at 1:05 pm
ရွာနဲ့ ဆရာကို တွဲမြင်ရတော့ …
ငယ်ငယ်က ဆရာကြီးကို သတိရမိတယ် …
သူ့လက်ထက်မှာ အင်းဂလိ ကဗျာကို ရွက်ခဲ့ရတယ် …
ငါဒို့ ဆရာဂျီးကွ ဆိုပီး အင်းဂလိ ကဗျာကို အပီဟဲခဲ့ဒါပေါ့ …
ဟိုကဗျာ … ဘာတဲ့ …
” ခေါင်းအုံးနဲ့ ဖန် … ဂလေးဒီး ဒီအက် အိုဂဟမ် … ”
အဲ့ကဗျာ …..။
အားပေးတွားဘာဒယ် .. ကိုကိုလူဂလေးရေ့ … ဂေ့ ..။
Shwe Ei
August 2, 2013 at 2:31 pm
မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ စာသင်ပေးတာဘဲဖြစ်ဖြစ်
တတ်နို်င်တဲ့နည်းလမ်းနဲ့ တဖက်တလမ်းက ကူပေးရတာကို သဘောကျတယ်။
လက်ရှိကယ်ရီရာကိုစွန့်လွှတ်ပီး အိုက်ဘက် ပြန်ကူးဖို့စဉ်းစားနေတာ…
စိတ်ကမပြတ်နိုင်သေးလို့ :hee:
လူကလေး
August 2, 2013 at 5:45 pm
ဒါပေါ့ကွယ် .. ဘယ်ပြတ်နိုင်ပါ့မလဲ .. ရွှေတို့ကလည်း ပုထုဇဉ် ဆိုတာ နားလည်ပါတယ်လေ..
Mr. MarGa
August 4, 2013 at 4:03 pm
ဆရာလေး….ဆရာလေး..
ဆရာလေး အိမ်မပြန်ချင်တာ ဒါကြောင့်တင် ဟုတ်လို့လား
ကျုုပ် ကြားမိတာက
ဟို ရွာလယ်ပိုင်းက ထွေးမြလေး ကြောင့်လဲ ပါတယ်ဆို
ဆရာလေး မညာနဲ့နော်
ဆရာဆိုတာ မညာကောင်းဘူးဗျ