ပညာရေးစနစ် ပြောင်းလဲတယ်တဲ့လား

ပညာရေးစနစ်တွေ ပြောင်းလဲတယ်ဆိုတာ ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ ဖတ်ရပါတယ်။ ဘာတွေကို ပြောင်းလဲတာလဲလို့ လေ့လာကြည့်လိုက်တော့ တက္ကသိုလ်ပညာရေးကို အဓိကထား ပြောင်းလဲတာကို တွေ့ရပါတယ်။ ကျွန်မ စဉ်းစားမိပါတယ်။ တက္ကသိုလ်ပညာရေးစနစ်ကို အဆင့်မြှင့်တင်ပြောင်းလဲရုံနဲ့ မျိုးဆက်သစ်ကလေးတွေ တိုးတက်လာမှာလားလို့ပါ။ ကျွန်မ အမြင်ကတော့ အခြေခံပညာက ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ထပ်မြင့်တွေ ဘယ်လောက်ကောင်းအောင်ဆောက်ဆောက် အခြေမခိုင်ရင် အန္တရာယ်များသလိုပဲ တက္ကသိုလ်ပညာရေး ဘယ်လိုပဲပြောင်းပြောင်း အခြေခံပညာမှာ အောက်သက်မကျေလာတဲ့ ကလေးတွေအတွက်ကတော့ သိပ်အန္တရာယ်များလှပါတယ်။

ဟိုလပိုင်းတွေက ဖတ်လိုက်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ဖွင့်မယ့် ဘာသာရပ်ဆိုင်ရာ သင်တန်းတွေအတွက် ဝင်ခွင့်ခေါ်တာတွေပါ။ ဘာသာစုံအမှတ်ပေါင်း (၄၉၀) ရရမယ်။ အထူးပြုဘာသာရပ်တွေမှာ အမှတ် (၉၀) ရရမယ်တဲ့။ တစ်ဘာသာအတွက် သင်တန်းသားဦးရေက (၁၅) ယောက်ပဲတဲ့။ ဒီလို စိစစ်လိုက်ရုံနဲ့  မြန်မာနိုင်ငံက ကလေးတွေ ထူးချွန်လာမယ်၊ မြန်မာနိုင်ငံရဲ့ ပညာရေးကြီး ကောင်းမွန်လာမယ်လို့ ကျွန်မ မထင်ပါဘူး။ ထားပါ။ တစ်ဘာသာကို (၁၅) ယောက်ဆို (၆) ဘာသာအတွက် အယောက် (၉၀) လို့ပဲ တွက်ကြည့်ပါစို့။ ဒီအယောက် (၉၀) သော ကျောင်းသားတွေဟာ တစ်နိုင်ငံလုံးကျောင်းသားဦးရေရဲ့ (၁) ရာခိုင်နှုန်းတောင် မရှိပါဘူး။ ပြီးတော့ အဲဒီ (၉၀) သော ကျောင်းသားတွေဟာ သက်ဆိုင်ရာဘာသာရပ်တွေမှာ အမှတ် (၉၀) စီ ရခဲ့တာဟာ တကယ်တတ်လို့ ရခဲ့တာလား၊ သင်ရိုးထဲကစာတွေကို တစ်လုံးမကျန် အလွတ်ကျက်ပြီး ပြန်ရေးနိုင်လို့ ရခဲ့တာလားဆိုတာကလည်း စဉ်းစားစရာပါပဲ။ ဓာတ်ထုတ်ဖော်ပုံတစ်ခုကို တကယ်လက်တွေ့လုပ်ခဲ့ဖူးတဲ့ ကျောင်းသား ဘယ်နှစ်ယောက်များ ပါမလဲ။ ဓာတ်ထုတ်ဖော်ဖို့ ထားလိုက်ပါ။ စာထဲမှာပါတဲ့ ကယ်လ်စီယမ်၊ ခရိုနီယမ်၊ ဘေရီနီယမ် စတဲ့ ဓာတ်သတ္တုပစ္စည်းတွေကို သေချာမြင်ဖူးကိုယ်တွယ်ဖူးတဲ့သူ ဘယ်နှစ်ယောက်များ ပါမလဲ။ Mirror ဆိုတဲ့ ကြေးမုံ၊ Lens ဆိုတဲ့ မှန်ဘီလူးတွေနဲ့ Focus ကို ကိုယ်တိုင်ရှာဖူးတဲ့သူ ဘယ်နှစ်ယောက်များ ပါမလဲ။ ဖားတစ်ကောင်ကို သေချာခွဲစိတ်ဖူးတဲ့သူ ဘယ်နှစ်ယောက်များ ပါမလဲ။ ကလေးတွေကို အထင်သေးလို့ ဒီလိုပြောတာမဟုတ်ပါဘူး။ မျိုးဆက်သစ်တွေ ဘယ်လောက်တော်ကြတယ်၊ ဘယ်လောက် ဉာဏ်ကောင်းကြတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် သူတို့ဖြတ်သန်းသင်ကြားခဲ့ရတဲ့ (၁၁) နှစ်တာအချိန်အတွင်းမှာ သူတို့ ဘယ်လောက် တတ်မြောက်ခဲ့ကြသလဲ။ တကယ် တတ်မြောက်ခဲ့တဲ့သူ ဘယ်နှစ်ယောက်များ ရှိမလဲ။ မရှိဘူးလို့ မပြောပါဘူး။ အလွန်နည်းပါးသော အရေအတွက်အနေနဲ့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်မှာ အလွန်တော်ပြီး ပံ့ပိုးပေးနိုင်တဲ့ မိဘအသိုင်းအဝိုင်းရှိနေမှာ သေချာပါတယ်။

သူငယ်တန်း (Grade 1) က စလို့ နဝမတန်း (Grade 10) အထိ (၁၀) နှစ်တာကာလလုံး အလွတ်ကျက်စနစ်၊ ဒါမေးဒါဖြေစနစ်၊ အခန်းဆုံးစစ်ဆေးချက်ဆိုတဲ့ အခန်းလေး (၂) ခန်းလောက်ထဲက စာတွေကိုပဲ ပြန်မေးတဲ့စနစ် တွေနဲ့ အသားကျလာတဲ့ ကလေးတွေအတွက်ကတော့ ဆယ်တန်းဆိုတာ တကယ့် ငရဲခန်းပါပဲ။ ကိုးတန်း၊ ဆယ်တန်းတွေကို စာသင်နေရင်းတဲ့ ကြုံလာရတာတွေကို ပြောပြချင်ပါတယ်။ တပည့်မလေးတစ်ယောက်က ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံးကျောင်းတွေထဲက တစ်ကျောင်းမှာ တက်နေတာပါ။ ကိုးတန်းကျောင်းသူ သူ့ကို ကျွန်မ စာစသင်ဖြစ်တဲ့အချိန်က ဒုတိယလပတ်စာမေးပွဲဖြေဖို့ တစ်ပတ်လောက်အလိုမှာပါ။ ကျောင်းရော၊ ကျူရှင်ရော တက်နေပါလျက်နဲ့ စာတွေနားမလည်လို့ အိမ်မှာပါ ဆရာမထပ်ခေါ်ရတဲ့အဖြစ်ရယ်ပါ။ စာမေးပွဲက နီးနေတော့ ကျွန်မလည်း အတော်စိတ်ပူမိပါတယ်။ စာတွေအကုန်လုံးကို မီအောင် သင်နိုင်ပါ့မလား ရယ်လို့ပေါ့။ ဒါပေမယ့် သူ့ကို သေချာမေးကြည့်တော့မှာ စာမေးပွဲမှာ မေးမယ့် အခန်းတွေကို ကျောင်းကလည်း ပြီးအောင် မသင်ရသေးပါဘူးတဲ့။ စာသင်တာကဖြင့် မပြီးသေးဘူး၊ စာမေးပွဲက စစ်မယ်ဆိုတာကတော့ အတော်လေးစိတ်ပျက်စရာကောင်းပါတယ်။ ကဲ..မတတ်နိုင်ဘူးဆိုပြီး… ကျူရှင်က စာအုပ်ကို ရှေ့ချပြီး ကျောင်းက မပြီးသေးသမျှစာတွေကို ကျူရှင်စာအုပ်ကိုကြည့်ပြီး ရှင်းပြရပါတယ်။ (တပည့်မက ကျူရှင်မှာလည်း လူအများကြီးနဲ့သင်ရလို့ စာနားမလည်ပါဘူးတဲ့။) ဒါက ဓာတုဗေဒပါ။ သချင်္ာသင်မယ်ဆိုတဲ့အချိန်ကျတော့ ဟာသတစ်ခု တွေ့ရပါတော့တယ်။ ကွန်ပျူတာစာလုံးနဲ့ရိုက်ထားတဲ့ စာရွက်တွေကို ပေးလာပါတယ်။ ကြည့်လိုက်တော့ သချင်္ာပုစ္ဆာတွေကို မေးခွန်းနဲ့အဖြေနဲ့ တွဲပြီး တွက်ထားပေးတာပါ။ ဒါဘာလဲလို့ ဆိုတော့ ဒီထဲက (၁၀) ပုဒ်ပါမယ်၊ ဖြေရမယ့် (၂) ခန်းလုံးက မေးမယ့်ပုစ္ဆာတွေကို ရွေးပေးထားတာ၊ ဒါတွေကိုပဲ ရှင်းပြပေးပါတဲ့။ ကျွန်မဖြင့် အီလည်လည်ကြီး ခံစားလိုက်ရပါတယ်။ ဒီတစ်လ စာမေးပွဲကတော့ ဒီအပုဒ် (၂၀) သင်ပေးလိုက်ရုံနဲ့ အေးဆေးဖြစ်သွားပေမယ့် ဒီကလေး နောက်နှစ် ဆယ်တန်းမှာ အဆင်မှပြေပါ့မလားရယ်လို့ စိတ်ပူမိပါတယ်။ ဇီဝဗေဒသင်တော့ ပိုဆိုးပါလေရော။ ကျွန်မကတော့ အားကြိုးမာန်တက်နဲ့ စာတွေရှင်းပြ၊ တစ်ခါတည်း ကျက်ခိုင်းမယ်လို့ အားခဲထားပြီး ဖတ်စာစာအုပ်ကို ကိုင်လိုက်ပေမယ့် ထုံးစံအတိုင်း ရေးထားတဲ့စာအုပ်လေး ထိုးပေးပါတယ်။ ဒီထဲမှာ မေးခွန်းနဲ့အဖြေနဲ့ တစ်ခါတည်းပါပြီးသားတဲ့။ ဒါလေးတွေကိုပဲ ကျက်ရုံပဲတဲ့။ ဒီတစ်ခါတော့ ကျွန်မ အတော်လေး စိတ်တိုမိပါတယ်။ ဘယ်နှယ့်..ဆယ်တန်းမှာက ဘိုင်အို ထိုင်ငို ဆိုတဲ့အတိုင်း ဘိုင်အိုက တကယ်ခက်ပါတယ်။ (ကျွန်မလည်း ထိုင်ငိုခဲ့ဖူးပါတယ်။) ခက်တာက တစ်ခြားမဟုတ်ပါဘူး။ စာတွေက များရတဲ့အထဲမှာ ဖောက်မေးတတ်တာပါ။ တစ်ခန်းလုံးကို ဘယ်လောက်ပဲ အာဂုံဆောင်နိုင်ပေဦးတော့ သူမေးထားတဲ့ မေးခွန်းကွက်ကွက်လေးကို အံဝင်ခွင်ကျ ဖြစ်အောင် ဖြေဖို့က စာထဲက သဘောတရားတွေကို သေချာသိမှ ဖြစ်မှာပါ။ ဒီကြားထဲမှာ ရှေ့ခန်းကျက်၊ နောက်ခန်းမေ့ကလည်း ဖြစ်တတ်ပါသေးတယ်။ ဆယ်တန်းမှာ ဘိုင်အို (၁၂) ခန်းနဲ့ ဖြတ်ကျော်ရမယ့် ကလေးတွေကို ကိုးတန်းမှာ သေချာမလေ့ကျင့်ပေးတဲ့အပြင် ဒီလိုမျိုးလုပ်လိုက်တာ အတော်လေး စိတ်တိုမိပါတယ်။ အခုဆို အဲဒီကလေးမက ဘိုင်အိုကျက်ခိုင်းရင် ပျင်းချင်နေပါပြီ။ အချိန်တန်ရင် ကျောင်းက ရလာမယ့် အမေးအဖြေတွေကို စောင့်ချင်တဲ့စိတ်တွေ ဖြစ်နေပါပြီ။ တကယ်တော့ ကလေးတွေကို ဖျက်ဆီးနေတာ အဲဒီ အခြေခံပညာရေး စနစ်ပါ။

ကျွန်မ မေးကြည့်မိပါတယ်။ စာတွေ ဘာလို့ မပြီးတာလဲဆိုတော့ ဆရာမတွေက မအားကြလို့ပါတဲ့။ သူတို့က မနက် (၇) နာရီကနေ နေ့လည် (၁၂) နာရီလောက်အထိ တက်ရပါတယ်။ တစ်ရက်ကို (၅) နာရီ၊ တစ်ပတ်မှာ ကျောင်းတက်ရက် (၅) ရက်ဆိုတော့ (၂၅) နာရီ။ တစ်လမှာ (၄) ပတ်ဆိုတော့ နာရီ (၁၀၀)။  (၆) ဘာသာဆိုတော့ တစ်ဘာသာကို ပျမ်းမျှ (၁၆) နာရီ ရှိပါတယ်။ (၁၆) နာရီဆိုတာ သင်ခန်းစာ (၂) ခန်းသင်ဖို့ မနည်းဘူးလို့ ထင်ပါတယ်။ ကျောင်းတွေမှာက ဆရာတွေက မှတ်စုတွေ လိုက်ရေးခိုင်း၊ ဥပမာကိုရှင်းပြ၊ ပြီးရင် လေ့ကျင့်ခန်းကို အိမ်စာပေးလိုက်တာကလည်း အတော်ဆိုးပါတယ်။ ဆယ်တန်းကျောင်းသားတစ်ယောက်ဆို တစ်နေ့တစ်နေ့ အိမ်စာတွေပြီးအောင် ထိုင်လုပ်နေရတာနဲ့ပဲ စာကျက်ချိန်မရှိ ဖြစ်နေပါတယ်။ ကျွန်မမြင်မိသလောက်ကတော့ သင်ရိုးတွေက အရမ်းကို များလွန်းပါတယ်။ တစ်ခါတစ်ခါ သူတို့ကို စာသင်နေရင်းနဲ့ ငါ့တုန်းက ဒါတွေကို သင်မှသင်ခဲ့ရပါရဲ့လားလို့ သံသယဝင်မိပါတယ်။ တကယ်တော့ ကျွန်မတို့နှစ်တွေက စာတွေအပြင် ထပ်ဖြည့်ထားတဲ့ သင်ရိုးတွေက အများကြီးပါ။ ဆိုတော့ သင်ရိုးကများ၊ စာသင်ချိန်က နည်း၊ ဆရာမတွေက သင်ကြားရေးအလုပ်အပြင် တစ်ခြားကျောင်းအလုပ်တွေပါ လုပ်နေရဆိုတော့ စာတွေကပြီးအောင် မသင်နိုင်၊ ကလေးတွေက ကျူရှင်တွေထပ်ယူ၊ ကျောင်းစာ၊ ကျူရှင်စာတွေနဲ့ မနိုင်မနင်းတွေဖြစ်၊ တကယ်ကို သနားဖို့ ကောင်းပါတယ်။ မနေ့ကဆို ကျွန်မတပည့်ကို စာတွေရှင်းပြပြီးတာနဲ့ ဒီစာတွေကို အိမ်မှာထပ်ကျက်ထားပြီး ရေးကြည့်ထားနော်ဆိုတာ့ မျက်နှာငယ်လေးနဲ့ ဟုတ်ကဲ့လို့ ပြောပါတယ်။ ကျွန်မလည်း ရိပ်မိတာနဲ့ အိမ်စာတွေ များလို့လားဆိုတော့ ကျူရှင်က သချင်္ာအပုဒ် (၆၀) ကျော် တွက်ဖို့ ရှိတယ်တဲ့။ ကျူရှင်က သင်လိုက်တာ (၃၂) ပုဒ်၊ အဲဒါကို ဆရာက အိမ်မှာ နှစ်ခေါက်စီပြန်တွက်ခဲ့ရမယ်ဆိုလို့ အဲဒါ မနက်ဖြန် ပြဖို့ရှိတယ်တဲ့။ ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်ပါတယ်။ “ဆရာတွေက သူတို့တစ်ဘာသာတည်းပဲ လုပ်နေရတယ်လို့ ထင်နေလားမသိဘူး” လို့။

ဟိုတစ်နေ့က စာပေဟောပြောပွဲတစ်ခုကို နားထောင်လိုက်ရပါတယ်။ အဲဒီထဲမှာ ဆရာကောင်းသန့်က အားလုံး စာဖတ်ကြဖို့ တိုက်တွန်းထားပါတယ်။ ကလေးတွေကိုလည်း စာဖတ်ခြင်းအလေ့ကို မြတ်နိုးအောင်၊ စာကို ချစ်တတ်အောင်၊ စာကြည့်တိုက်တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးကြဖို့ ပြောထားပါတယ်။ ဆရာတု့ိတုန်းက ဘယ်လိုစာတွေကိုဖတ်လို့ ဘယ်လိုအသိတွေ တိုးပွားခဲ့တယ်ဆိုတဲ့အကြောင်း စိတ်ဝင်စားဖွယ်ပြောသွားတဲ့အပြင် ဗဟုသုတရစရာ စာလေးတွေကိုလည်း ဝေမျှသွားပါတယ်။ နောက်ပြီး ဆရာမောင်သာချိုကလည်း နှလုံးသားလှဖို့၊ စိတ်ကောင်း၊ အသိကောင်းတွေရှိဖို့ စာတွေကပဲ ရနိုင်တယ်လို့လည်း ပြောသွားပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ လူတိုင်း၊ အထူးသဖြင့် လူငယ်တိုင်း၊ မျိုးဆက်သစ်တိုင်း စာဖတ်သင့်ပါတယ်။ ဒါပေမယ့် အခုကလေးတွေက ဘယ်အချိန်စာသွားဖတ်ကြမလဲ။ မနက် (၅) နာရီဆိုတာနဲ့ အိပ်ယာထကြ၊ ကျောင်းသွားဖို့ပြင်ကြ၊ မနက် (၆) နာရီဆို အိမ်ကထွက်၊ ကျောင်းသွား၊ ကျောင်းကပြန်ရောက် အဝတ်အစားလဲပြီး ကျူရှင်သွား၊ ကျူရှင်က ပြန်ရောက် ထမင်းစားပြီး ဂိုက်နဲ့စာသင်၊ ဂိုက်ပြန်သွား အိမ်စာဆက်လုပ်၊ ည (၁၁) နာရီထိုးသွားပါလေရော။ ကဲ..ဘယ်အချိန် အပြင်စာဖတ်ကြမလဲ၊ ဘယ်အချိန် အပန်းဖြေကြမလဲ။ အဲဒီလို မနက်မိုးလင်းကနေ ညမိုးချုပ်အထိ လုပ်နေရတဲ့ စာ…စာ…စာ ဆိုတာကရော တကယ်တတ်မြောက်စေတဲ့ စာတွေလား။ ဒါတွေကို မပြင်သေးသရွေ့ တက္ကသိုလ်မှာ မိုးထိမြင့်တဲ့ အဆင့်မြင့်စာကြီးတွေ သင်နေပါစေ၊ အလကားပါပဲ။

ကိုယ်တွေ့လေးတစ်ခု ပြောချင်ပါတယ်။ မနှစ်က ကျွန်မ ရန်ကုန်တက္ကသိုလ်ထဲမှာ စီးပွားရေးဆိုင်ရာ ဥပဒေဘာသာရပ် (Business Law) ကို တက်ပါတယ်။ ဆရာမ အတော်များများက စာသင်တာ အရမ်းကောင်းပါတယ်။ (ကြားဖြတ်တစ်ခုက အဲဒီမှာ တန်းခွဲ (၄) ခု ခွဲထားပါတယ်။ ဖြစ်ချင်တော့ ကျွန်မက တစ်ခြားတန်းခွဲမှာ စာသင်တဲ့ဆရာမတွေကို ပိုသဘောကျလို့ သူများတန်းခွဲကို အမြဲသွားတက်ပါတယ်။ တကယ်က ကိုယ့်တန်းခွဲမှာ အတန်းတက်ရောက်မှုမှတ်တမ်းကို လက်မှတ်ထိုးရတာပါ။ ဖြစ်ချင်တော့ ကျွန်မကျောင်းသွားချိန်ဆို လက်မှတ်စာရွက်က မရောက်သေးလို့ မထိုးရဘူး၊ စာသင်ပြီးချိန်ကျတော့ ရုံးချိန်နဲ့ နီးနေပြီဖြစ်တဲ့အတွက် သွားမထိုးနိုင်တော့ဘူး။ အဲဒီလိုနဲ့ ကျွန်မနာမည်မှာဆို ကျောင်းတက်ချိန်မရှိသလောက်ပါပဲ။ ကျွန်မကတော့ စဉ်းစားပြီးသား၊ ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲမဖြေခိုင်းရင် ဌာနမှူးကို တက်ပြောမယ်လို့၊ ဒါပေမယ့် ဖြေလိုက်ရပါတယ်။ အဲဒီ တက္ကသိုလ်ကျောင်းခေါ်ချိန်ဆိုတာတွေကလည်း တစ်မျိုးလို့ ဆိုရမလိုပါပဲ။) ဆိုတော့ ဘွဲ့ရပြီးသားတွေသာ တက်ခွင့်ရှိတဲ့ ဘွဲ့လွန်သင်တန်းဆိုတော့ ဆရာတွေက ကိုယ့်အတွေးနဲ့ကိုယ် ဖြေစေချင်ကြပါတယ်။ စာထဲကအတိုင်း ကျက်ဖြေတာတွေ မဖြစ်စေချင်ဘူး၊ ပေးထားတဲ့ သင်ရိုးစာရွက်တွေကိုလည်း မှတ်စုသဘောမျိုး၊ ကိုးကားသဘောမျိုးလောက်ပဲ ထားပြီး ကိုယ့်အမြင်နဲ့ကိုယ် ပြန်ရေးစေချင်တယ်။ ပြီးတော့ တက်သမျှ ထောင်ချီတဲ့ကျောင်းသားတွေထဲမှာ တစ်ယောက်မှ စာကြည့်တိုက်ကိုသွားပြီး စာမဖတ်ကြလို့ အံ့ဩမိတဲ့အကြောင်း၊ စာကြည့်တိုက်က စာတွေကို ဖတ်စေချင်ကြောင်းလည်း ပြောပါတယ်။ သူများတွေ မပြောတတ်ဘူး၊ ကျွန်မကတော့ ဒုက္ခတွေ့တာပါပဲ။ တစ်သက်လုံးမှာ ကျွန်မက စာဆို ရေးပြီးပဲ ကျက်ခဲ့တာ။ ကျောင်းတက်တုန်းက ပါလာတဲ့အကျင့်ပေါ့။ စာဆိုတာ ရေးပြီးဖြေရတာဖြစ်လို့ ပါးစပ်ကဆိုရုံနဲ့မပြီးဘူးဆိုတာကြောင့် ပါးစပ်က တစ်ခေါက်ဆိုပြီးကျက်ရင် လက်က နှစ်ခေါက်လောက် ချရေးခဲ့တာပါ။ အဲဒီအကျင့်က အခုချိန်မှာ ဒုက္ခပေးတော့တာပါပဲ။ ဘာစာကိုပဲဖတ်ဖတ် လက်က ချမရေးလိုက်ရရင် ဦးနှောက်ထဲကို မရောက်ပါဘူး။ ဆိုတော့ ကိုးကားစာအုပ်တွေ ဘယ်လောက်ပဲ ဖတ်ဖတ်၊ ခေါင်းထဲကို စာက တော်တော်နဲ့မရောက်ပါဘူး။ အနည်းဆုံးတော့ လက်နဲ့ချရေးကြည့်လိုက်ရတာပါပဲ။ ဒီတော့ အလုပ်တစ်ဖက်၊ စာသင်တစ်ဖက်နဲ့ဆိုတော့ နည်းပါးလှတဲ့ စာကြည့်ချိန်အတွင်းမှာ အကြောင်းအရာအကုန်လုံးကို ခေါင်းထဲမထည့်နိုင်ခြင်းက ကျွန်မအတွက် ပြဿနာတစ်ရပ်ပါပဲ။ တက္ကသိုလ်တက်တုန်းကလည်း ဒီလိုပါပဲ။ ဘာသာစကားတစ်ခုသင်ရတာ ပညာရပ်တစ်ခုသင်ရတာလောက်တော့ မခက်ဘူးလု့ိ ထင်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ကိုယ်ဖတ်လိုက်တဲ့ စာထဲမှာပါတဲ့ ဝေါဟာရတွေ၊ အသုံးအနှုန်းတွေ၊ ဝါကျတည်ဆောက်ပုံတွေကို လက်နဲ့ချရေးပြီး မှတ်ခဲ့ရတာ ရယ်စရာ ကောင်းပါတယ်။ (၁၁) နှစ်တာ ကြာအောင် အသားကျခဲ့ရတဲ့ ကျက်ရေးစနစ်ရဲ့ ဆိုးမွေလို့ ပြောလု့ိရမယ် ထင်ပါတယ်။

ဒီတော့ ကလေးတွေအားလုံးက မတွေးတတ်ကြဘူး၊ မရေးတတ်ကြဘူး။ ကျောင်းက သင်ပေးတဲ့စာကလွဲလို့ ကျန်တာ ဘာမှမသိဘူး။ ဝါကျ၊ မေးခွန်းရှည်၊ စာစီစာကုံး၊ Essay၊ Letter၊ နောက်ဆုံး သချင်္ာတွက်နည်းတွေကအစ ကျောင်းက ဆရာမသင်ပေးတာတွေကို တစ်လုံးမလွဲဖြေရပါတယ်။ ကိုယ့်ဉာဏ်နဲ့ကိုယ် ကွန့်ဖြေမယ် မစဉ်းစားနဲ့။ ဘဲဥနဲ့ တိုးပါတယ်။
ဒီလိုမျိုးနဲ့ တက္ကသိုလ်ဝင်တန်း အောင်လာတဲ့ ကလေးတွေကို အမှတ်တွေနဲ့ဖြတ်ချပြီးခွဲတဲ့ တက္ကသိုလ်တွေက ဘယ်လိုပြောင်းလဲပေးနိုင်မှာတဲ့လဲ။ အရမ်းတင်းကြပ်တဲ့စည်းမျဉ်းတွေကို ကျော်ဖြတ်ပြီး ဝင့်ခွင့်ရမယ့် ကျောင်းသားတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ယှဉ်ရင် (၁) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ (၉၉) ရာခိုင်နှုန်းသော ကလေးတွေမှာလည်း ထက်မြက်တဲ့ဦးနှောက်အခံရှိကြပါတယ်။ စနစ်ဆိုးအောက်က သားကောင်ဖြစ်ခဲ့တဲ့ ဒီကလေးတွေကို ဒီအတိုင်းပစ်ထားလိုက်ရတော့မှာလား။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြောင်းလဲချင်တယ်ဆိုရင် အခြေခံပညာက စပြီး ပြောင်းလဲသင့်ကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

51 comments

  • garfield

    August 29, 2013 at 12:23 pm

    ပြောင်းလဲမယ်ဆို စံနစ်/စိတ်ဓာတ်/သင်ရိုး/မူ/အကျင့် အကုန်လုံးကို အစအဆုံးပြောင်းလဲမှပဲရမှာပဲ။

    မူလတန်းပြ ဆရာ/ဆရာမတွေရဲ့ စိတ်ဓာတ်နဲ့ အမူအကျင့်လေးတွေ က အစ …

    သင်ရိုး ညွှန်းတန်းတွေ အလယ် …..

    ပညာရေး ဝန်ကြီး အဆုံးးးးး ပြင်သင့်တာတွေကို ပြတ်ပြတ်သားသားပြင်မှ။

    အဟွတ်!!! 😀

  • Myo Thant

    August 29, 2013 at 1:21 pm

    အရမ်းကောင်းတဲ့ ပို့စ်လေးပါ ၊

    ကျနော့်သား ICEC G-8 ကျောင်းသားခမျာ စာနောက်ကို မနည်းလိုက်နေရပါတယ် ၊
    ကျနော်ကလည်း အားချိန်နည်းသူမို့ သိပ်ဂရုမစိုက်ဖြစ်ပါဘူး ၊
    ဟိုးတစ်နေ့ကတော့ စိတ်လိုလက်ရနဲ့ သူ့စာအုပ်တွေ လှန်မိတော့
    တုတ်ချောင်းဆန်ဆန် စာလုံးတွေတွေ့လို့ ဘာတုန်းဆိုတော့ တရုတ်စာ တဲ့ ၊
    မြတ်စွာဘုရား သင်ချင်ရင်လည်း အင်္ဂလိပ်စာကို ရေးဖတ်ပြော နောကျေအောင် လုပ်တာကမှ ဟုတ်ဦးမယ် ၊
    ဒီ တရုတ်စာ ဘာလုပ်ဖို့တုန်း ? ကလေး ခေါင်းခြောက်တာပဲ အဖတ်တင်မပေါ့ ၊
    ဪ ဒုက္ခ ဒုက္ခ ၊

    • ဟုတ်ပါ့..ဟုတ်ပါ့… အဲဒီ အီးပြဿနာ အဲ.. အင်္ဂလိပ်စာ ပြဿနာကလည်း တစ်မျိုးလို့ ဆိုရမယ်… နောက်တစ်ပို့စ်ရေးဖို့ ကြိုးစားလိုက်ဦးမယ်… 🙂

  • Zaw Thant

    August 29, 2013 at 1:32 pm

    .. ပညာရေးစနစ်ကို ပြင်ချင်ရင် အောက်ခြေအထိပါ ပြောင်းလဲအောင်လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲဗျ.. ဒါပေမယ့် အခက်ဆုံးလို့လဲ ပြောလို့ရမယ်ထင်တယ်.. အပေါ်ဆုံး တက္ကသိုလ် အဆင့်ကို ပြင်တာက ပိုလွယ်ပြီး လူမြင်သာတယ်ဗျာ.. ပြောရရင် ရန်ကုန်တက္ကသိုလ်ပဲ ပြင်ပြင် ဆေးတက္ကသိုလ်ပဲ ပြင်ပြင် limit တစ်ခု ရှိတယ်.. ကျောင်းအဆောက်အဦးကြီးပဲ ပြင်ချင်လား၊ ဆရာတွေ အရည်အချင်း မြှင့်ချင်လား၊ ခေတ်မီ ကရိယာတွေ ထည့်ချင်လား လုပ်လို့ရနိုင်တယ်..

    .. ဒါပေမယ့် သူငယ်တန်းအဆင့်ကစလို့ တနိုင်ငံလုံး ပညာရေးအဆင့်မြှင့်ချင်တယ်ဆိုရင်တော့ အတော် ခေါင်းကြိမ်းမယ့်အလုပ်ဖြစ်သွားပြီ.. အခြေခံအဆောက်အဦးတွေတင်မက ဆရာ ဆရာမ ပေါင်း များစွာကို အဆင့်မြင့်ပေးမှရမယ့် အခြေအနေဖြစ်သွားပြီ.. ဆရာတွေအနေနဲ့ ကျောင်းသင်ရိုးထဲကစာတွေကို ဒါသင်၊ ဒါမေး၊ ဒါဖြေ၊ ဒါစစ် လုပ်နေရာကနေ student centre ပုံစံ two way ပုံစံ သင်တတ်ဖို့ဆို တော်တော်လေး ကျင့်ယူပေးမှရမယ်.. short course training ပုံစံမျိုးနဲ့ ဆရာမွမ်းမံသင်တန်းတွေ လုပ်လဲ သူ့ကျောင်းသူ ပြန်ရောက်သွားရင် နဂိုအခြေအနေပြန်ဖြစ်သွားမှာပဲ.. အသုံးချဖို့ အခွင့်မှ မသာတာကိုး..

    ..အဲ့တော့ အောက်ခြေအထိ ပြုပြင်ဖို့ဆိုရင်တော့ နှစ်ရှည်စီမံကိန်း နဲ့သွားမှပဲရမယ်ထင်တယ်.. လုံလောက်တဲ့ ဘက်ဂျက် (ဒါတော့ တိုင်းပြည်စီးပွားရေးနဲ့ လည်းအချိုးကျပါတယ်)၊ တကယ်တတ်ကျွမ်းတဲ့ လူတွေရဲ့ ဦးဆောင်မှု (ကိုယ့်ဆီမရှိ ရင် နိုင်ငံခြားက ငှားသင့် ငှား) တွေ နဲ့ ပြောင်းလည်းရင်တော့ ၁ဝ -၁၅ နှစ် အတွင်းပြောင်းလဲလို့ ရကောင်းမယ်ထင်တယ်ဗျာ…

    • အရီးခင်

      August 29, 2013 at 3:11 pm

      ဒါကြောင့် ပညာရေးအဆင့် မြှင့် ဖို့ ဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်းပြီး ကျောင်းခန်း က ဖုန် တွေ ရှိမရှိ စစ်ပြီး သုတ်ခိုင်း နေတာ။
      ဟိုဟာ ဒီဟာ လက်ညိုးထိုး ပြီး ဆေးတွေ သုတ်ခိုင်းနေတာ။
      မယုံမရှိနဲ့၊
      အရင်က ကိုယ်တွေ့။
      အခုမှ သိတော့ တယ်။
      ဒါက အမိန့်ပေးဖို့ အလွယ်ဆုံး မို့ကိုး။
      😉

      • Zaw Thant

        August 29, 2013 at 3:21 pm

        .. ကျွန်တော်တို့လည်းကိုယ်တွေ့တွေရှိပါတယ်ဗျ.. လူကြီးတွေလာမယ်ဆို ကျောင်းဝင်းထဲ အမှိုက်ကောက်ရတာ၊ အရေးပေါ်ပန်းစိုက်ရတာတွေ လုပ်ဖူးတယ် ကွန်ပြူတာနိပ်ပြဖို့၊ စာရွတ်ပြဖို့ လည်း အရွေးခံရဖူးပါတယ်.. 😀

      • အဲဒါပြောတာပေါ့ အစ်ကိုရယ်… ပိုလွယ်တဲ့ တက္ကသိုလ်အဆင့်ကို စပြင်တော့လည်း အောက်ကကလေးတွေမှ မလိုက်နိုင်တာ ဘယ်လိုလုပ်ကြမလဲ…. လုံမ တက္ကသိုလ်တက်တုန်းက သင်ကြားရေးစနစ် အရမ်းကောင်းပါတယ်…. Child Centre, Brain Storming တွေ တကယ်ကြုံခဲ့ပါတယ်…. သင်မယ့်စာကို ကြိုဖတ်ခိုင်းထားတယ်…နောက်နေ့မှာ ဆရာမက ဆွေးနွေးတယ်… တစ်ခန်းလုံးမှာ အလွန်ဆုံးရှိ လူအယောက် (၄၀)၊ လူတိုင်း လိုက်မဆွေးနွေးနိုင်ကြဘူး… လုံမတို့က နယ်က ဆိုတော့ ပိုဆိုး၊ အတော်လေးကို လိုက်ရတာ… ပထမနှစ်စတက်တဲ့နေ့ အင်္ဂလိပ်စာအချိန်မှာ ဆရာမက အင်္ဂလိပ်လိုပြောပြီးသင်တော့ တောက တက်လာတဲ့လုံမ တစ်လုံးမှ နားမလည်လို့ အိမ်ပြန်ရောက်တော့ ငိုရသေး… အဲလို..အဲလိုတွေရှိတော့ အပေါ်မှာ နိုင်ငံခြားသားတွေခေါ်သင်လည်း ရာနှုန်းပြည့်တော့ အဆင်မပြေလောက်ဘူး ထင်တာပဲ…

        ဖြည်းဖြည်းချင်းတော့ ပြင်စေချင်တာပါ… မြို့တော်၊ မြို့တော်ကနေ မြို့ကြီး၊ မြို့ကြီးတွေကနေ နယ်မြို့..ဖြည်းဖြည်းချင်းပေါ့…အခုက ရန်ကုန်လို မြို့ကြီးမှာ ကလေးတွေ တော်ကြတာ မိဘက ပံ့ပိုးမှုအား အတော်ကောင်းလွန်းလို့ပဲ မြင်မိတယ်…. ကျောင်းတွေမှာ စာသင်တာ နယ်ကလောက်တောင် ဖိဖိစီးစီးမရှိကြဘူး… အိုဘယ့် စနစ်… 🙂

  • nozomi

    August 29, 2013 at 1:53 pm

    ဟို တစ်နေ့က သမီး စာကျက်နေတယ်
    မိဘတွေက သားသမီးတွေကို ကြင်နာစွာ ဆက်ဆံ ကြတယ် လို့ စာထဲ ရေးထားတယ်
    ကြင်နာ ဆိုတာမှာ ကြင်ကြင်နာနာ လို့ ရေးမိရင် အမှတ်မပေးဘူးတဲ့

    စားဘူး တဲ့ ငါး (၅) မျိုး ကို ပြောပါတဲ့
    သမီး ဆိုနေတဲ့ ငါး ထဲ ငါးရွှေ တို့ ငါးထွေ တို့ ပါနေတာနဲ့
    အဲဒီ ငါးတွေက ဘယ်လို ပုံစံလဲ မေးကြည့်တော့ မသိဘူး
    ဘယ်သိမလဲ သူတို့ စားလဲ မစားဘူး မြင်လဲ မမြင်ဘူး ကြားတောင်မှ မကြားဘူးတဲ့ ငါးတွေ
    စားဘူးတဲ့ ငါးတွေ ရေးပါလား ဆိုတော့၊ ဆရာမ သင်ထားတဲ့ အတိုင်း မရေး ရင် အမှတ် မရဘူးတဲ့

    အခု ရက်ထဲ သတင်းစာထဲ မှာတော့ ကလေးဗဟိုပြုသင်ကြားရေးလုပ်နေပါပြီ
    TCA ကနေ CCA ပြောင်းနေပါပြီ တဲ့
    အပြင်မှာတော့..

    ကလေးလဲ နိုင်အောင် မပြော နိုင်မဲ့ အတူတူ
    ကိုယ်နို်င်တာလေး ပဲ လုပ်နေရတယ်
    စာမေးပွဲကိုတော့ ဆရာမ သင်တဲ့ အတိုင်းဖြေ
    အခုတော့ သမီး သိတာတွေ ပြောကြည့်ပါဦး ဆိုပြီး သူတို့ကို တွေးခိုင်း စဉ်းစားခိုင်းရတယ်

    • nozomi

      August 29, 2013 at 1:55 pm

      တစ်ခု ကျန်ခဲ့ လို့
      သင်နေတဲ့ တပည့်ထဲ
      မျက်နှာများတဲ့ တစ်ယောက်ရော ပါသလား
      ပြောမရရင် ရိုက်သာရိုက် ဗိုက်ခေါက်လိမ်ဆွဲ

    • အရာရာတိုင်းသည် စာရွက်ပေါ်မှာသာ ရှိသည်…
      ဟုတ်တယ်… ကလေးတွေတွေးနိုင်တဲ့ ပေါ့ပေါ့ပါးပါးလေးတွေကအစ တွေးခွင့်မပေးဘဲ ကျက်ခိုင်းကြတာလေ… ပြောရင်လည်း ဆရာတွေကို စော်ကားသလို ဖြစ်ဦးမယ်… သမီးလေးကို အိမ်မှာတွေးခိုင်းတာ လေးစားပါ၏…

      အဲ..ဟိုမျက်နှာများတဲ့တပည့်ကိုတော့ တစ်ခြားသူတွေထက် နှစ်ဆ ဆုံးမဖို့ ပြင်ထားတယ်..အချိုးမပြေလို့ကတော့ အသိပဲလို့.. :mrgreen:

  • kai

    August 29, 2013 at 1:54 pm

    ဟုတ်လိုက်လေ…

    ငြိမ်းချမ်းရေးကစရမလား.. ကျမ်းမာရေးကစရမလား.. အခြေခံဥပဒေပြင်တာကစရမလား.. စီးပွားရေးကစရမလား.. မသေမချာဖြစ်နေတဲ့.. အစိုးရအဖွဲ့ဝင်များတို့ကို ပြောချင်တာပါ…

    အခြေခံပညာရေးကစပြင်ပါလို့..။
    ကလေးတွေကိုလည်း.. အဟာရပြည့်တဲ့အစားအစာတွေ အစိုးရစရိပ်နဲ့ ကျောင်းတွင်းမှာကျွေးမွေးပါလို့…။
    အဲဒါဆိုမှ.. နောင် ၁ဝနှစ်၂ဝကျ.. အားလုံးကောင်းသွားမယ်ဖြစ်ကြောင်း… :mrgreen:

    • မင်းခန့်ကျော်

      August 30, 2013 at 2:07 pm

      ကျောင်းဖွင့် စကတော့ နို့ ဆိုလား ဘာလားတော့မသိဘူး

      တိုက်နေတာပဲ။ခြိမ့်ခြိမ့်ကိုသဲလို့။

      အိမ်ကအငယ်ကောင်ကတော့သောက်ရဲဘူးတဲ့။(အတော်ဂွကျတဲ့ကောင်ပဲ။)

      ဘာကြောက်လို့လဲတော့မသိ။

      • ဒီနေ့ သတင်းစာထဲတော့ မြင်လိုက်ရသား… နှစ်ရှည်စီမံကိန်းတွေ၊ ဘတ်ဂျက်ပိုသုံးငွေတွေအကြောင်း… စောင့်ပဲကြည့်နေရတော့မယ်ထင်တယ်…

        အဲ..ကိုမင်းခန့်ကျော်ရဲ့ သားလေးကတော့ မယ် လ မင်း ကို ကြောက်တယ်ထင်ပါ့…

  • Inz@ghi

    August 29, 2013 at 1:58 pm

    ပညာရေးအဆင့် မြှင့်တယ်ဆိုတာ လက်စသတ်တော့ entrance requirements ကိုမြှင့်ပလိုက်တာကိုး…

  • KZ

    August 29, 2013 at 1:58 pm

    ပညာရေးက စဖို့ သုံးရမဲ့ရန်ပုံငွေ က ဘယ်က စ ရှာရမတုန်း တဲ့။
    :mrgreen:

    • Inz@ghi

      August 29, 2013 at 2:04 pm

      ဘိရယ်မာဆတ်ရယ် ဆေးခြောက်ရယ် ကို လိုင်စင်ပေးပီးရှာမယ်..

      • Inz@ghi

        August 29, 2013 at 2:08 pm

        မဆိုးဘူးနော လူကောင်းတွေ မွေးထုတ်ဖို့ လူဆိုးတွေ အခွန်ထမ်းရတယ်ဆိုတာ သဘာဝကျပါတယ်လေ..
        ဒင်းတို့လည်း ကုသိုလ်လေး ဘာလေးရတာပေါ့..
        မားဂီ လက်သာ အပ်လိုက်ဇမ်းဘာ..
        ဂေါင်းများ ဆေးဘဲများဖြင့် တည်ဆောက်အပ်သော ပညာရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီးဆီသို့ ပြန်လမ်းမရှိ ကြွမြန်းကြအံ့

      • KZ

        August 29, 2013 at 2:12 pm

        နာ ရှယ်ယာပါမယ် ဂီ။
        မဆိုးဘူးးး
        အထက်တန်းကျောင်းသား အရွယ်များကို အရင်းပြု၍ မူလတန်း ပညာရေးကို ပြုပြင်အံ့။
        :mrgreen:

    • Ko chogyi

      August 29, 2013 at 9:11 pm

      ရန်ကုန်တက္ကသိုလ်ကြီးဆောက်ဖို့အတွက်
      တစ်နိုင်ငံလုံးအနှံ အာဝါဒေးပွဲတွေကျင်းပပြီး
      ကောက်ခံရငွေနဲ့ တည်ဆောက်ခဲ့တယ်လို့
      မှတ်သားဖူးပါတယ်။

  • Mr. MarGa

    August 29, 2013 at 2:05 pm

    နောက်တစ်ဖက်က တွေးပေးမယ် သေချာဖတ် :mrgreen:
    ပညာရေး စနစ်ကို ကြည့်ရင် သူ့အလိုလိုကို နှစ်ပိုင်း ကွဲသွားတယ်
    တစ်ပိုင်းက အခြေခံပညာ
    နောက်တစ်ပိုင်းက အဆင့်မြင့် ပညာ
    ကိုယ်ပိုင်အမြင်အရ ပြောရမယ်ဆိုရင် အဲဒီ ပညာရေးစနစ် နှစ်မျိုးလုံးက သင်ရိုးဟာ လက်ခံနိုင်ဖွယ် အခြေအနေမှာ ရှိတယ်လို့ ပြောရမယ်။
    အခြေခံပညာ ကျောင်းတွေရဲ့ သင်ရိုးဟာ အနည်းငယ် ပြင်ဆင်ဖြည့်စွက်ရုံလောက်နဲ့တင် အဆင့်မီ သင်ရိုးတစ်ခု ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
    တက္ကသိုလ်တွေက သင်ရိုးကို ကြည့်ပြန်ရင်လည်း
    (အကုန်လုံးတော့မဟုတ်ဘူးနော်)
    လက်ရှိအချိန်အထိ up to date ဖြစ်နေတဲ့ သင်ရိုးတွေတောင် ရှိနေသဗျ။
    အဲဒီမှာမှ
    ပညာရေးစနစ် ပြောင်းရာမှာ
    ဘာကြောင့် အဆင့်မြင့်ပညာကိုပဲ ဦးစားပေး ပြောင်းနေသလဲ ဆိုတာကို တွေးကြည့်တော့
    အဓိက စိန်ခေါ်မှု တစ်ခုကြောင့် လို့ပဲ မြင်မိတယ်။
    အဲဒါကတော့ ဘတ်ဂျက် ပေါ့ဗျာ။
    အပေါ်ယံပဲ စဉ်းစားကြည့်ပါဦး။ အခြေခံပညာ ကျောင်းသားဦးရေနဲ့ တက္ကသိုလ် ကျောင်းသားဦးရေ ဘယ်က ပိုသလဲဆိုတာကိုလေ။
    သင်ကြားရေးဝန်ထမ်းတွေကိုလဲ ကြည့်မလား အတော်ကို ကွာတယ်။
    (ဒါတောင် အခုထိ အခြေခံပညာကျောင်းတွေမှာ ဆရာနဲ့ ကျောင်းသားဦးရေ မမျှတာတွေ ရှိနေသေးတယ်နော့)
    အဲဒီ ကွာခြားချက်တွေကြောင့်
    အခြေခံပညာစနစ်ကို ပြောင်းလဲမှုတွေ မလုပ်နိုင်သေးလို့ မြင်ပါတယ်။
    နောက်ပြီးတော့ အခြေခံပညာ စနစ်ကို ပြုပြင်ပြောင်းလဲမယ်ဆိုရင်
    ဒီစနစ်ထဲမှာ အသားကျနေတဲ့ သင်ကြားရေးဝန်ထမ်းတွေကို အရင် ပြောင်းရလိ်မ့်မယ်။
    အနည်းဆုံး ရာနှုန်း ကိုးဆယ်လောက်အထိ ပြောင်းလဲမှုတွေ လုပ်ပစ်မှ ရမယ်လေ။
    ဆိုတော့ အဲသလောက်အထိကို ပြောင်းလဲဖို့ အစားထိုးဖို့ ရှိသလား….
    ပြုပြင်ပြောင်းလဲရေး ကာလမှာ မွမ်းမံသင်တန်းတွေပေးရုံ၊ သင်ထောက်ကူပစ္စည်းတွေ တိုးပေးရုံနဲ့တင် မလုံလောက်ဖူးလေ။
    ဆုပေး ဒဏ်ပေး စနစ်တွေနဲ့ သွားမှ အဆင်ပြေမှာ။
    ဆရာ၊ဆရာမတွေကို ဖျက်ဆီးနေတဲ့ မိဘ(တချို့) တွေကိုလဲ ပြောင်းလာအောင် လုပ်ရဦးမှာ။
    ဒီ အသားကျနေတဲ့ ပုံစံခွက်ထဲကနေ၊ အကျိုးအမြတ် ရရှိနေတဲ့ စနစ်ကနေ သူတို့အတွက် မသေချာ၊ မရေရာတဲ့ အခြေအနေတစ်ခုကို လက်ခံဖို့ဆိုတာ မလွယ်ဘူးလေ။
    Newton ရဲ့ inertia သီအိုရီလိုပဲ ဒီ အခြေအနေမှာပဲ ဆက်နေချင်တဲ့သူက ပိုများသကိုး။
    ပြင်ပါ ပြောင်းပါလို့ ပြောရုံနဲ့တင် ပြီးတဲ့ကိစ္စလည်းမဟုတ်၊ ချက်ချင်းလက်ငင်း ပြောင်းလို့လဲ ရတဲ့ကိစ္စ မဟုတ်ဘူးလေကွယ်။
    အခု ဖြစ်နေတာက ဒီနေ့ ပြင်ပါ၊ ပြင်မယ်ဆိုပြီး လုပ်ချလိုက်တယ်။
    နောက်ရက်မှာ ဒီလိုဒီလိုပဲ ဆိုပြီး ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တယ်။
    နောက်တစ်ရက်ကျ ဒုံရင်းကိုပဲ ပြန်ရောက်သွားရော။
    အထက်က ဘဘကြီးတို့ လုပ်နေတဲ့ပုံစံက freeze ကနေ refreeze ဆိုသလို ဖြစ်နေတယ်။(ခွက်ဒစ်တူ change ပို့စ်)
    အခြေခံ ပညာစနစ်ကို ပြောင်းချင်တယ် ဆိုရင်လဲ
    အနည်းဆုံး ဆယ်နှစ်လောက် ကြာမှ အနည်းငယ် ပြောင်းမယ်။
    ရေရှည် စီမံကိန်းနဲ့ သွားမှ ရမယ်။
    ကြားထဲမှာ ပြောင်းလဲမှုကို တွေ့ဖို့ရာ ခက်တယ်။
    ဒါကြောင့် အခု အခြေခံပညာ အဆင့်မှာ (တကယ်)ပြောင်းနေတယ် ဆိုရင်တောင်မှ သိသာတဲ့ အပြောင်းအလဲ ရှိမှာမဟုတ်။
    ပြောင်းနေတယ်လို့လဲ လုံးဝ မထင်သေးပါဘူး။
    ဒါကြောင့်မို့ အချုပ် ပြောရမယ်ဆိုရင်
    အခြေခံပညာအဆင့်ကို မပြောင်းလဲသေးတာ(တစ်နည်းဆိုရရင် မပြောင်းလဲနိုင်သေးတာ) ဟာ
    ဘတ်ဂျက် အခြေအနေ၊
    ဝန်ထမ်း အင်အား
    ထိရောက်တဲ့ နည်းစနစ်
    အဲဒါတွေ လိုအပ်နေတာကြောင့်လို့ ပြောချင်မိပါတယ်ကွယ်…
    (အတင်းအကျပ်လဲ မပြောင်းခိုင်းနဲ့ဦး တစ်ဝက်တစ်ပျက်နဲ့ဟိုမရောက် ဒီမရောက်တွေ ဖြစ်မှာ မြင်နေလို့)

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

    • မင်းခန့်ကျော်

      August 30, 2013 at 2:12 pm

      ကျတော်ပြောချင်နေတာနဲ့အတူတူပဲ။

      ဒီသဘောကိုထောက်ခံပါတယ်။

      မြန်မာနိုင်ငံအနေနဲ့ ဒီလောက်နဲ့ ပထမအဆင့်

      ပြောင်းလဲသင့်နေပါပြီ။

  • အရီးခင်

    August 29, 2013 at 3:01 pm

    မနေ့ကဘဲ သတင်း မှာ လိုင်ဘီးရီးယား ဆိုတဲ့ အာဖရိကတိုက်ထဲက နိုင်ငံ မှာ တက္ကသိုလ်ဝင်ခွင့် အတွက် စစ်တာ ကျောင်းသား နှစ်သောင်းငါးထောင် လောက် ဝင်ဖြေ တာ တစ်ယောက်မှ မအောင် လို့ ကမ္ဘာကျော်သွား တယ်။
    ငါတို့နိုင်ငံ က တော်သေးရဲ့ လို့ တွေးရင်း ဘာ သံယံဇာတ မှမရှိတဲ့ အပြင် စစ်ဘေးက လွတ်စ နိုင်ငံ နဲ့ ယှဉ်တွေး လိုက်ရတာ ရီရမလို ငိုရမလို။
    http://www.bbc.co.uk/news/world-africa-23843578
    “Liberia students all fail university admission exam”
    Liberia’s education minister says she finds it hard to believe that not a single candidate passed this year’s university admission exam.
    Nearly 25,000 school-leavers failed the test for admission to the University of Liberia, one of two state-run universities.
    The students lacked enthusiasm and did not have a basic grasp of English, a university official told the BBC.
    Liberia is recovering from a brutal civil war that ended a decade ago.

    မြန်မာပြည် မှာလဲ ပညာရေးထက် အစိုးရအာဏာမြဲ ရေးကို အဓိက ထားနေသ၍ တော့ တိုးတက်ဖို့လမ်း မရှိဘဲ ဆုတ်ယုတ်ဖို့သာရှိပါမယ်။
    ကလေးတွေ နဲ့ အောက်ခြေဝန်ထမ်း တွေ ကို အပြစ်မပုံ သေးဘဲ တာဝန်ရှိတဲ့ ထိပ်ပိုင်းက နေ စနစ်ကောင်းကောင်း အရင် ချပေးနိုင်ဖို့ ကြိုးစားရမှာပါ။
    စနစ်ကောင်း မှာ အသက်ဝင်ဖို့ ကိုတော့ ချက်ချင်းကြီး ဝုန်းကနဲ မပြောင်းနိုင်ပေမဲ့
    စနစ်ကောင်း ကိုချပေးမဲ့ စိတ်စေတနာကောင်းပြီး လုပ်ကိုင်နိုင်စွမ်းရည်အပြင် တာဝန်ယူလုပ်ရဲ မဲ့ သူတွေ ကိုတော့ ချက်ချင်းဝုန်းကနဲ ပြောင်းလိုက်လို့ ရပါတယ်။
    တိုင်းပြည် ကို ကယ်ချင်ရင် ပါးစပ်က အပိုပြောမနေဘဲ တကယ်လက်တွေ့ လုပ်ပြနိုင်တာ ဒီတစ်ချက်ပါဘဲ။
    တာဝန်ယူ လုပ်နိုင်သူတွေ ကို နေရာပေးကြည့်ပါ။

    သတင်း တစ်ခု မှာ ဆရာကြီး ဦးအောင်ထွန်းသက် ပြောတာ
    “စာမသင်နိုင်တဲ့ ကလေး တွေ ကို စာတတ်ဖို့ သူတို့ က စာသင်ခန်း မလာနိုင်ရင် သူတို့ အလုပ်ထဲ လိုက်သင်ပေးမယ်” …. ဆိုလား။
    ဆရာကြီး ကိုတော့ လေးစားပါတယ်။
    ဒါပေမဲ့ ဒါဟာ ရှေး မဆလ ခေတ် က လေသံ ဖြစ်နေသလားလို့။
    တကဲ့ လက်တွေ့မှာ မဖြစ်နိုင်ဘဲ ဟန်ပြ အဖြစ်လုပ်ပြဖို့ ဘဲ ဖြစ်နေမှာပါ။
    ဒီမှာ လဲ အလုပ်ခွင်ထဲမှာ စာသင်တယ် ဆိုတာ ရှိပါတယ်။
    ကလေးအသက် ၁၅ နှစ် မတိုင်မှီ အလုပ်လုပ်ခွင့် မရှိပါ။
    ဒီလို ကလေးတွေ ကို ခိုင်းရင် အလုပ်ရှင် တရားစွဲခံရပါမယ်။
    ၁၅နှစ်အထိ ကျောင်းပြီးအောင် တက်ကိုတက်ရပါတယ်။
    ကျောင်းတက်ရတာလဲ အလကားပါ။
    အလုပ်ခွင် လိုက်ပြီး စာသင်ပေးတာ အခြေခံပညာအောင်ပြီးချိန် ကောလိပ်မတက်တော့ဘဲ အလုပ်ခွင်ထဲ ဝင်လိုက်တဲ့ ကလေးတွေ အတွက်ပါ။
    ဥပမာ – တစ်ချို့က ကားပြင် အလုပ်လုပ်မယ်၊ တစ်ချို့ က စာရေးလုပ်မယ်။
    အဲဒီ သူတို့ ရဲ့ အလုပ်ပေါ်မှာ ပိုပြီး ကျွမ်းကျင်အောင် အဆင့်မြင့် သွားအောင် သက်ဆိုင်ရာ ဘာသာတွေ ကို အလုပ်လုပ်ရင်း လေ့လာသွားရတာပါ။
    ဆရာ/ဆရာမ တွေက သူတို့ အလုပ်ထဲ ထိလာပြီး လိုတာတွေ ပံ့ပိုး ပေးတာပါ။
    ဒီတော့ အလုပ်လုပ် ရင်း ဒီပလိုမာ တွေ ရပါတယ်။

    မြန်မာပြည်မှာတော့ ကျောင်းမတက်ဘဲ အလုပ်လုပ် နေတဲ့ ကလေး ဆိုတာ အသက် ၅ နှစ်က စရှိနေမှာ။
    လဘက်ရည်ဆိုင်မှာ စားပွဲထိုး ကလေး ကို နောက်ကနေ ကကြီး၊ ခခွေး လိုက်တိုင် ပေးနေရမလားဘဲ။
    အလုပ်ချိန်တွင်း စားပွဲတွေ သုတ်ရင်း အေ၊ ဘီ၊ စီ ချရေးခွင့် ပေးမှာလား။
    ဒီကလေး တွေ ကို စားတဲ့သူက ပိုက်ဆံရှင်းချိန် အပေါင်းအနှုတ် သင်ပေးဖို့တော့ လွယ်သားပေါ့။
    ဘယ် ဆရာက လိုက်ပြီး ဆိုင်တွေထဲ စာသင်ပေးမှာလဲ ဆိုတာ မတွေးတတ်ဘူး။
    ဒါဟာ ဘယ်လိုမှ လက်တွေ့မဖြစ်နိုင်မဲ့ စီမံကိန်းပါ။
    ဖြစ်သင့်တာက ဒီလို ကလေး တွေ စာသင်ခန်း ထဲ မရောက်ရောက်အောင် ပံ့ပိုး ပေးဖို့ပါ။
    ဘတ်ဂျက် မရှိဘူးတဲ့လား။
    ဒါဆိုလဲ အဲဒီ တိုင်းပြည် ဘတ်ဂျက် တွေ ကို အမြိန့်သား ထိုင်စား နေတဲ့ သူ တွေ ကို ဖယ် လိုက်ပါ။
    ဘတ်ဂျက် ရအောင် လုပ်ပေးနိုင်သူ တွေ ကို သာ နေရာပေးလိုက်ပါ။
    ရှင်းရှင်းလေး။

    မြန်မာပြည်က စာမသင်ရတဲ့ ကလေး ဆိုတာ အခြေခံတောင် မတတ်တဲ့ ဘဝ တွေပါ။
    ကျောင်းတက်နေရတဲ့ ကလေး တွေ ဆိုတာက လဲ လုံမ ပြောသလို အနှစ်မပါ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေတဲ့ ပညာရေးနဲ့။
    မကောင်းတဲ့ ပညာသင် စနစ် ကိုပြောင်းရပါမယ်။
    စနစ်ပြောင်းဖို့ လူများ ကို အရင်ပြောင်းဖို့တော့ လိုပါမယ် လို့ ထင်တာပါဘဲ။
    အဲဒီပြောင်းတဲ့လူ တွေ ကလဲ
    အလိုက်အထိုက် ယိမ်းက နေမဲ့ မပြောရဲ မလုပ်ရဲ ရွံ့ကြောက်ကြောက် လုပ်နေမဲ့ လူ ထက်
    အမှန် ကို ပြောရဲ လုပ်ရဲ ၊ လက်တွေ့ ဖြစ်နိုင်တာကို အကောင်အထည်ဖော် ရဲ မဲ့ သူ တွေ ဖြစ်ဖို့ က ပိုပြီး အရေးကြီးတယ် လို့ ထင်ကြောင်း ပြောရင်း ဒီနေ့ အဖို့ ကို
    နိချုန်းဂုတ် လိုက်ပါတယ်။ 😉

    (ပြောချင်နေတာလေး အစပေး တဲ့ Post လေးအတွက် ကျေးဇူးပါ လုံမလေး ရေ)
    😛

    • Zaw Thant

      August 29, 2013 at 3:15 pm

      .. ဒီလိုဆိုတော့ လိုက်ဘီးရီးယား ကတောင်ကိုယ့်နိုင်ငံထက်သာသလိုဖြစ်နေပါလား..အခြေခံပညာ ညံတာကတပိုင်း တက္ကသိုလ်ဝင်ခွင့်ကိုတော့ တကယ်သေချာစစ်တယ်လို့ ယူဆရမယ့်သဘောပဲ.. အရည်အချင်းမမီလို့ကတော့ တစ်ယောက်မှ အအောင်မပေးတာ မျက်ခုံးပင့်စရာပဲ.. ကိုယ်စီမှာ ဆိုရင်တော့ ထုချေလွာမတင်ချင်တာကြောင့် အအောင်ပေးရတာတွေ၊ အခြေခံဘာမှမတတ်တဲ့ ကျောင်းသားဆိုလည်း ကိုယ်လက်ကလွတ် ဗျွတ်ဆို ပြီး အတန်းတင်ပေးရတာတွေ နဲ့ ဆိုတော့ လိုက်ဘီးရီးယားကတောင် ကိုယ့်ထက် သာသလိုလိုရှိတယ်.. 😀

    • KZ

      August 29, 2013 at 3:26 pm

      အဲလော့ ဘာမှ ပြောမနေနဲ့တော့။
      အဓိက ဘာမှ မလုပ်နိုင်ပဲ အခန့်သားစားနေတဲ့ လူတွေ ကိုယ့်အကြောင်းကို သိ အမြန် ဆင်းကြဖို့ပဲ။
      မတောင်းပန်ခင်ကကို အားလုံးခွင့်လွှတ်တယ်။
      လုပ်နိုင်တဲ့သူကို ရှောရှောရှုရှုလုပ်ခွင့်ပေးရင်ကို ည အိပ်ယာဝင် မစ်တာတွေ အတုံးလိုက် အတစ်လိုက်ပို့မီဖြစ်ကြောင်း ဂဒိ ပေးပါဒီ။
      :mrgreen:

      • Zaw Thant

        August 29, 2013 at 3:52 pm

        .. ခွင့်လွှတ်ရုံနဲ့ မရဘူး.. ဆင်းလမ်းလေး သာ အောင်လုပ်ပေးပါဦးတဲ့.. 😛

  • Shwe Ei

    August 29, 2013 at 3:08 pm

    အခြေခံပညာပြောင်းလဲနေဘာဘီကွီ

    ဘက ကျောင်းတေကို upgrade လုပ်နေတယ်လေ

    ပုံနှိပ်စာအုပ်ထောက်ပံ့တယ် ဆရာမတေ ဖရီးမသင်ရတော့ဝူး လစာရတယ် (သို့သော် ၂ယောက်စာဘဲပေးတာလားမသိဝူး) ဟိ

    စကားမစပ်….သူငယ်တန်းကနေဆယ်တန်းထိကျူရှင်ခမကုန်ဘဲ ကျောင်းတက်ရင်း စာမွဲအောင်လာတဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူချင်စိတ်ပေါက်လာတယ်…ခိခိ

  • အရီးခင်

    August 29, 2013 at 4:21 pm

    သူငယ်ချင်း တစ်ယောက်ကနေ မျှလာတဲ့ ဆရာကြီး ရဲ့ ဆောင်းပါးအပြည့်အစုံ ကို အခုဘဲ ဖတ်လိုက်ရပါတယ်။

    ၂၈ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာ “ကျွန်တော် နဲ့ ပညာရေး” လို့ ပါပါတယ်။
    မဆလ လေသံလို့ ဝေဖန်မှုစောသွားတာ မို့ ဆရာကြီးကို တောင်းပန်ပါတယ်။
    ကလေးတွေ ကို အလုပ်ထဲ က ၂နာရီလောက် ခေါ်ထုတ်ပြီး စာသင်ဖို့ ကတော့ လက်တွေ့ ရေရှည် ဖြစ်နိုင်မယ်မထင်မိပါဘူး။

    ဒါပေမဲ့ ဆရာကြီးပြောသွားတဲ့ ပညာရေးဆိုတာ ရင်းနှီးမြှုပ်နှံမှု ဖြစ်တာမို့ နိုင်ငံက ဒီ ရင်းနှီးမှု ကို စေတနာပါပါ နဲ့ လုပ်ဖို့သာ တွန်းအားပေးကြဖို့ပါဘဲ။
    ဆရာကြီးတို့လို လူတွေ ရဲ့ တွန်းအား၊ ပံ့ပိုးအား အများကြီး လိုပါတယ်။

    • kai

      August 30, 2013 at 3:17 am

      အဲဒီဆောင်းပါး.. ရှာတင်လိုက်ပြီအရီးလတ်ရေ့…
      ဆွေးနွေးကြည့်ပါဦး…

  • surmi

    August 29, 2013 at 8:19 pm

    မမန်​့ချင်​​တော့ဘူး
    ​နေ့တိုင်​း အိမ်​က က​လေး​တွေအဖြစ်​ကိုကြည်​့ြပြီး​ဒေါကန်​​နေရလို့

  • Foreign Resident

    August 30, 2013 at 9:05 am

    လုံမလေးမွန်မွန် ပြောတာလဲ မှန်ပါတယ်ကွယ် ။
    ပညာရေး ဟာ အောက်ခြေကနေကို စပြီး ပြင်သင့်တာပါ ။
    သူတို့လဲ သိရှာမှာပါ ။

    သို့ပေမယ့်လည်း ၊ သို့ပေမယ့်လည်း ပေါ့လေ ၊
    အပေါ်က ကို Zaw Thant ပြောသွားသလိုပဲ ၊
    ငွေ အား ၊ လူ အား ၊ နည်းပညာ အား တွေက နည်းနေသေးလို့ နေမှာပါ ။
    ဒါနှင့်ပဲ အဖြစ်နိုင်ဆုံး အပိုင်းလေးကနေပဲ စ ပြင်ကြတာ ဖြစ်မှာပါ ။
    ( လွယ်တာ ကိုပဲ ရွေး လုပ်နေကြတယ်လို့တော့ မပြောရက်ပါဘူး )

    အရီးခင် says:
    ” လိုင်ဘီးရီးယား ဆိုတဲ့ အာဖရိကတိုက်ထဲက နိုင်ငံ မှာ တက္ကသိုလ်ဝင်ခွင့် အတွက် စစ်တာ
    ကျောင်းသား နှစ်သောင်းငါးထောင် လောက် ဝင်ဖြေ တာ တစ်ယောက်မှ မအောင် လို့ ”

    ဒါဆို လိုင်ဘီးရီးယား မှာ ၊ တက္ကသိုလ်ဝင်ခွင့်ကိုတော့ တကယ်သေချာစစ်ဆေးတဲ့ပုံဘဲ ။
    လိုင်ဘီးရီးယား တက္ကသိုလ် က စစ်ဆေးတဲ့သူတွေကိုတော့ လေးစားမိပါတယ် ။

    မြန်မာပြည်မှာလည်း အဲဒီလို ဂုဏ်သိက္ခာ ရှိရှိ တင်းကျပ်တဲ့ စစ်ဆေးတဲ့သူတွေ ရှိခဲ့ဘူးပါတယ် ။

    အဘတို့ ရေကြောင်း Marine က Mate / Master Written စာမေးပွဲ တွေမှာ ၊
    ဖြေဆိုသူ ကျောင်းသား ရာ ကျော်ရှိတာကို ၊
    စာမေးပွဲ အောင်စာရင်း ကို စာတစ်ကြောင်းထဲနှင့်ပဲ ထုတ်ခဲ့ပါတယ် ။
    အဲဒါက ၊
    ” ယခု တစ်ခေါက် အောင်မြင်သူ မရှိပါ ” တဲ့ ။

    ( ဟီ ဟိ ၊ စာမေးပွဲ အောင်စာရင်း ရိုက်ရတဲ့ စာရေးမ တော့ အရမ်းပင်ပန်းရှာမှာပဲ )

  • Wow

    August 30, 2013 at 9:45 am

    ပညာရေးပြောင်းစေချင်ရင် အစိုးရတဖွဲ့လုံးပြောင်းပစ်မှရမယ်ထင်တယ် 🙁

  • ဦးကျောက်ခဲ

    August 30, 2013 at 10:00 am

    အရင်းစစ်လိုက်ရင်တော့ ငယ်ရွယ်စဉ် အဟာရက စ မယ်ထင်ရဲ့…
    အဟာရပြည့်ဝမှ ဉာဏ်ရည်တိုးတက်ပေမှာပေါ့…
    နောက်ပြီး ကျောင်းသားဗဟိုပြုတဲ့ စာသင်စံနစ်ကို သေသေချာချာ ပျိုးထောင်သင့်တယ်…
    ကြက်တူရွေး နှုတ်တိုက် စာကျက်တာက အဝါဂိုဏ်းရဲ့ နည်းလေ…
    ဟမ်း… Wuthering Heights နဲ့ သင်္ချာစာအုပ် အထူကြီးကို လွမ်းမိသေး…

    • kai

      August 30, 2013 at 2:51 pm

      သေသေချာချာပြန်လေ့လာကြည့်ပါဗျာ…
      အဝါဂိုဏ်းကြောင့်.. ဒီလိုတွေဖြစ်ကုန်တာလို့.. မြင်ရလိမ့်မယ်…

      ကြက်တူရွေးနှုတ်တိုက်ကျက်တာရော..
      ဆရာပြောရင်.. ကြိမ်လုံးကြောက်ရတာနဲ့.. ပြန်ဆွေးနွေးဖို့နေနေသာသာ.. မော်တောင်မကြည့်ရဲတော့တာရော..
      သိပ္ပံနည်းမကျတဲ့..အဖြစ်တွေကို.. အတင်းကာရော.. Why? မရှိ..ယုံခိုင်းတာရော..။
      ကြားထဲ.. သားသက်လွတ်ဂိုဏ်းသားလက်ချက်..အမဲသားမစားရဂိုင်းသမားလက်ချက်နဲ့.. ကလေးဦးနှောက်ဖွံ့ဖြိုးဖို့လိုအပ်တဲ့.. အဟာရပြည့်တဲ့..အသား..နို့.. ကြက်ဥတွေ….မစားရ..မမွေးမြူရ.. အသက်မွေးဝမ်းကြောင်းမပြုရ.. ဖြစ်ကုန်တာရော…။

      ဂျပန်တွေစစ်ပြီး.. ပြာပုံကထတော့.. စလုပ်တာက.. ကျောင်းသားကလေးလူငယ်တွေကို.. ကျောင်းတွင်းအစာကြွေးစီမံချက်ချ.. အဟာရပြည့်ကျွေးတာပဲ..။
      ဒါကြောင့်.. ဂျပန်ဆို..ငပုလို့ခေါ်ရတဲ့ကောင်တွေ.. အကုန်ရှည်ကုန်သလို.. ဦးနှောက်ဖွံ့ဖြိုးမှုရှိကုန်တာကြောင့်.. အသိညဏ်တွေလည်း.. တက်လာတယ်..။
      အဲလို…

      နှစ်၁၀၀ဝ ကျိန်စာ… :buu:

      • ဦးကျောက်ခဲ

        August 30, 2013 at 3:07 pm

        ကျောက်စ်တို့ မူလတန်းအရွယ်တုန်းက စာသင်ကျောင်းမှာ အနည်းဆုံး ၁ခွက်မသောက်မနေရ UNICEF အစီအစဉ်နဲ့ ကွေကာအုပ်နဲ့ နို့ကို တိုက်ပါတယ်။ မှတ်မိတာကတော့ ငယ်သူငယ်ချင်းတွေထဲမှာ သေးသေးညှက်ညှက် ဘယ်သူမှမပါသလို အားလုံး ဉာဏ်ရည်ထက်ကြတယ် ခင်ဗျ။

        နောက်ပြီး ငယ်ဆရာတွေက ခရစ်ယာန်တွေမို့ ကြက်တူရွေး နှုတ်တိုက် စာကျက်နည်းနဲ့ မကျက်တတ်ခဲ့တာ ကံကောင်းသွားတယ်လို့ ဆိုရမှာပဲ။ ကျောင်းသားဗဟိုပြု စာသင်တဲ့စံနစ်ကို ဒေါ်မေငြိမ်းလည်း ရေးဖူးသေးတယ် ခင်ဗျ။

        • kai

          August 30, 2013 at 3:13 pm

          အဟမ်း..
          အဲဒီကွေကာအုပ်..အခုတင်ပဲ.. အမြည်းအနေနဲ့.. ပါးစပ်ထဲ…ပစ်ထည့်ရေးတာဗျ…။ အထဲပါတဲ့ဟာတွေဖတ်ရသလောက်..
          ကွေကာအုပ်ဆိုတာ.. ကျုပ်လို ကိုလက်စရောတက်နေသူ.. ဒိုင်ယက်နဲ့ကုမယ့်သူတွေစားရတာတဲ့..
          အဟာရတော်တော်နည်းရှာတာ…။
          သေးသေးညှက်ညှက် ဘယ်သူမှမပါတာ.. နို့ကယ်လို့နေမှာပါလေ…။
          နို့ကယ်လို့… :mrgreen:

        • KZ

          August 30, 2013 at 3:30 pm

          ကျနော်တို့ ကျောင်းတက်ချိန်တုန်းက ယူနီဆက်တို့ ဒဘယ်လျူ အိပ်(ချ)အို တို့ က လှုတဲ့ ကလေးတွေ အတွက် ပေးတဲ့ ဟာတွေ ဘယ်ရောက်သွားတုန်းရော မသိချင်ဘူးလားးးး??

          ဒါတွေဟာ မျက်လှည့် ~~~
          ထင်နေရင် မျက်လှည့် ~~~`

          အဟွတ်!!
          ဝိုင်းစု သီချင်း ဆိုသွားတာ။

          ဂျာပွန် အစိုးရ ပြာပုံထဲက ရုန်းထွက်သွားတဲ့ အခြေအနေလောက် မြန်မာပြည်က မဆိုးသေးဘူးးး
          ဆိုးနေတာက နိုင်ငံကို စေတနာ တစ်စိမှ မရှိတဲ့ အစိုးရနဲ့ အကြာကြီးနေရတာ ဆိုးနေတာ။ 🙁

  • kyeemite

    August 30, 2013 at 11:53 am

    မွန်မလေးလုံလုံပြောတာမှန်သဟေ့….
    ကျုပ်မှာလည်းသားသမီးနှစ်ယောက်ရှိပါတယ်..
    အပေါ်ကကိုnozomi ပြောသလိုဖြစ်နေလို့ …ဒွတ်ခ
    မမန့်တော့ပါဘူးနော 🙁

  • Crystalline

    August 30, 2013 at 2:12 pm

    ဆရာဆရာမတွေ.. မိဘတွေ..ကလေးတွေကကို ဒီစနစ်ဆိုးမှာပဲအသားကျနေသလိုပါပဲ.. တန်းမမှီတဲ့ ပညာရေးအတွက် ဒီလိုကလေးတွေ တနေ့တနေ့အချိန်ပေးနေရာတာ.. တချို့တချို့သောဆရာကောင်းသမားကောင်းတွေ စီးပွားဖြစ် အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးနိုင်တာ.. ကမာ္ဘမှာ မြန်မာတစ်နိုင်ငံထဲရှိမယ်ထင်တယ်နော်.. ဂုဏ်ယူစရာပါ :kwi:

  • Swal Taw Ywet

    August 30, 2013 at 2:16 pm

    ဝေးဟေးဟေးးးး ငါကွ။
    လစ်တမတ်စက်ကူ မြင်ဘူးတယ်။
    ပလစ ၂ တပ် တွဲဖက် အလယ်တန်းကျောင်းမှာ ၆တန်းကျောင်းသားဘဝ က ၈တန်းကျောင်းသားတွေကို ဆရာတကက ခင်မောင်ဦး လက်တွေ့လုပ်ပြနေတာကို အခန်းအပြင်ကသွားချောင်းကြည့်ရင်းတွေ့ခဲ့ရတာ။
    ကိုယ်တိုင်၈တန်းရောက်တော့——-
    ထို့ကြောင့်တတ်နိုင်သည့်နေရာမှ အထောက်အပံ့ဖြစ်စေမယ့် လက်တွေ့လေ့ကျင့်ရေးသင်တန်းလေး ဖွင့်ထားတာ။
    လုံမရေ။ လျှပ်စစ်လက်တွေ့သင်တန်းလာတက်မယ်ဆို။
    With respect,
    Swal Taw Ywet.

  • မင်းခန့်ကျော်

    August 30, 2013 at 2:19 pm

    ဒီလိုပိုစ့်မျိုး နောက်ရိုက်ဖြစ်မဲ့ ဂဇတ် စာအုပ်မှာ
    ပါမယ်ဆိုရင်
    ကွန်မန်းသန့်သန့်ပါရွေးထုတ်ပြီး ထည့်ပေးချင်ပါတယ်။
    ပိုစ့်တခုလုံးရော မန့်ထားတာတွေရော
    စာအုပ်အဖြစ်နဲ့ သိမ်းချင်လို့ပါ။

  • ဝင်ပြီးဆွေးနွေးပေးတဲ့သူတွေ အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်… အခုလောလောဆယ် အခြေအနေအရ ဝင်မပြောနိုင်တာ တောင်းပန်ပါတယ်… ကွန်မန့်တွေကိုပဲ ဖတ်နိုင်နေသေးလို့ပါ…. ဝင်ပြောပေးကြပါဦးနော်..

    လေးစားစွာဖြင့်
    လုံမလေးမွန်မွန်

  • Ma Ma

    August 31, 2013 at 9:29 am

    တခါတုန်းက ဂျပန်ကလေးပန်းချီပြိုင်ပွဲမှာ အိမ်ကတူမလေး (မူလတန်း) က ဆုရတယ်။
    (နှစ်သိမ့်ဆုသဘောပါပဲ)
    နောက်ရက်အိမ်ပြန်လာတော့ ပန်းချီပြိုင်ပွဲက ဘောပင်ထည့်တဲ့ဗူးလေး ဆုရတယ်လို့ ပြောပြီး ယူလာတယ်။

    လူကြီးတွေက ဘောပင်ထည့်တဲ့ဗူးကိုကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားကြတယ်။
    ဘယ့်နှယ်ကြောင့် ဘောပင်မပါပဲ ဗူးချည်းပေးရတာလဲပေ့ါ။

    နောက်မှ စဉ်းစားမိတယ်။
    ဂျပန်ကပေးတုန်းက ပါလာတဲ့ ဘောပင် ဘယ်အဆင့်မှာ ပြုတ်ကျကျန်ခဲ့လဲ မသိဘူး။ 🙁

    ပြောချင်တာက ပညာရေးအဆင့်မြှင့်ဖို့ ဆရာ/မတွေကို အရင်ဆုံး အဆင့်မြှင့်ဖို့လိုပါတယ်။
    အသိပညာရော အကျင့်စာရိတ္တ နှစ်ဖက်စလုံးမှာ မြှင့်တင်ဖို့လိုပါတယ်။

    ဆရာ/မ အားလုံးကို မဆိုလိုပါ။

    ဆရာ့ဂုဏ်နှင့် ပြည့်ဝသော
    ကိုယ်တိုင်ကြုံခဲ့ရသော
    ချစ်ကြောက်ရိုသေခဲ့ရသော ………
    ဆရာ/မ များကို အားကျခဲ့ရပါတယ်။

    ငယ်ငယ်ကတည်းက ဆရာမဖြစ်ချင်တယ်လို့ ကြွေးကြော်ခဲ့ပေမယ့်…..
    တကယ့်ဘဝမှာ…….
    စေတနာရှိသော်လည်း
    ဝါသနာပါသော်လည်း
    အနစ်နာ မခံနိုင်တာကြောင့် ဆရာမ မဖြစ်ခဲ့ပါဘူး။

    စနစ်ကြောင့်မဟုတ်ဘူးလို့ ကြွေးကြော်နေတဲ့ သဂျီးကို……
    ပညာရေးမှာတော့ စနစ်ကြောင့် လို့ပဲ ရိုးမယ်ဖွဲ့ချင်ပါတယ်။

    • kai

      August 31, 2013 at 3:31 pm

      အမတော်ရယ်…
      အမတော်စာထဲပဲ.. ဆရာတွေကြောင့်ဆိုတဲ့.. သဘောကြီးရေးသွားပြီး.. ဘယ်နှယ်နိဂုံးချုပ်ဆွဲမှ.. စနစ်ကြောင့်ဆိုပြီး.. စနစ်လက်ညိုးကောက်ထိုးရသလဲ..

      အဲဒါ…
      လူကြောင့်…
      အခုလူတွေနဲ့..အဲဒီတွေးခေါ်ပုံတွေနဲ့… ယူအက်စ်က ဟားဗတ်စနစ်ချချ.. ဆွစ်ဇ်ဇလန်ကလေးတန်းပညာရေးစနစ်ချချ.. ကွဲမှာပဲ…

      လူတွေရဲ့အတွေးအခေါ်ကို.. ပြောင်းလဲဖန်တီးတာ.. ဘာသာရေးပါ..။
      နှစ်၁၀၀ဝ ကျိန်စာ.. :kwi:

      • အရီးခင်

        August 31, 2013 at 3:42 pm

        သူကြီးမင်း
        မစ္စတာ ဒေါ်ကင် ရဲ့ အဖွဲ့ ဝင်မား။
        😉
        😛

      • ဒီ ကွန်မန့်လေးကို ကျော်ပြန်လိုက်ဦးမယ်…

        အကယ်၍ အခြေခံပညာဆရာတွေကို အရည်အချင်းပြည့်ပြည့်နဲ့ အသေချာတင်းတင်းကျပ်ကျပ်စိစစ်ပြီး (ခြစားမှုမရှိ) တကယ်တော်တဲ့သူကိုပဲ ခန့်မယ်ဆိုရင်-

        အကယ်၍ ကျောင်းတွေမှာ ဆရာတွေကို သင်ကြားရေးပိုင်းကလွဲလို့ (မုန့်ရောင်းတာ၊ ကင်းစောင့်တာ၊ အမှိုက်ကောက်တာ စတဲ့) အပြင်အလုပ်တွေ မခိုင်းဘူးဆိုရင်-

        အကယ်၍ ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်း အစုံအလင်နဲ့ လုံလုံလောက်လောက် ပေးထားမယ်ဆိုရင်-

        အကယ်၍ ဆရာတွေကို paper work တွေအစား ခေတ်မီတဲ့စနစ်တွေနဲ့ သင်ကြားရေးစနစ်တွေကို လည်ပတ်စေခဲ့မယ်ဆိုရင်-

        အကယ်၍ လွန်ခဲ့တဲ့ နှစ် (၄၀) ကျော်ကအတိုင်း ဆရာတစ်ယောက်ရဲ့ လစာဟာ မိသားစုကို ကျွေးထားနိုင်တဲ့အပြင် ချို့တဲ့ကျောင်းသားတစ်ယောက်ကိုပါ ကျောင်းထားနိုင်လောက်တဲ့ ပမာဏရှိမယ်ဆိုရင်-

        တကယ်ပြောတာ… အရေအတွက်နည်းပေ့စေ..အရည်အချင်းကိုသာ အဓိကထားပြီး ဆရာတွေကို ခန့်မယ်ဆိုလို့ကတော့.. လုံမက ချက်ချင်းအလုပ်ထွက်ပြီး ကျောင်းဆရာမဝင်ခွင့်စာမေးပွဲတွေကို မရရအောင် အစွမ်းကုန်ကြိုးစားပြီး သွားဖြေမယ်…

        အဲ့ဒါ စနစ်လား..လူလားဟင်င်… 🙂

        • Ma Ma

          August 31, 2013 at 10:42 pm

          လုံမလေးကို ထောက်ခံပါတယ်။
          🙂

          ဂျပန်မှာ လစာအကောင်းဆုံးက ဆရာ/မတွေလို့ ကြားဖူးတယ်။

          RIT Reunion အထိမ်းအမှတ်မှာ ထုတ်တဲ့ မောင်ကိုမှို်င်းရဲ့အလွမ်းပြန်ထောင့်ထဲက တို့ကျောင်းရဲ့ ဒိုင်ယာရီ စာအုပ်ထဲမှာ……
          တန်းစဉ်ထူးချွန်ခဲ့ပြီးနောက်ဆုံးနှစ်မှာ အဆင့်(၃)အတွင်းဝင်တဲ့သူကိုသာ သရုပ်ပြဆရာအဖြစ်ခန့်ထားတဲ့ စနစ်နဲ့ ပညာရေးကောင်းမွန်အောင် အဆင့်မြင့်အောင် ထိန်းသိမ်းခဲ့တဲ့အကြောင်းရေးထားတာလေး ဖတ်မိတယ်။

          အဲဒါကြောင့် စနစ်ကောင်းက မွေးထုတ်တဲ့ဆရာကောင်းတွေနဲ့မှသာလျှင် ပညာရေးအဆင့်ကို မြှင့်နိုင်ပါလိမ့်မယ်။

          အဲဒါကြောင့်
          စနစ်ကြောင့် လို့ပဲ စွပ်စွဲချင်ပါတယ်။ 🙁

  • အလင်းဆက်

    September 1, 2013 at 3:36 pm

    ပညာရေး ရင်လေးဆဲပါပဲကွယ်

    ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမှုနဲ့
    စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှု တွေ
    အရင် ကြွယ်ဝ လာတဲ့အခါ
    . . . . . .

    ========

    မွန်မွန်ရေ
    အေတွေးကောင်း
    အရေးကောင်း
    ပိုစ့်ကောင်းလေးလို ့
    မှတ်သားထားလိုက်ကြောင်းပါ

  • ဝင့်ပြုံးမြင့်

    September 1, 2013 at 10:51 pm

    အူရားဖားရား ဖတ်ရလို့ သေချာမမန့်နိုင်တော့ပါဘူး မွန်မွန်ရေ။ ဒီဂဇက်ကို စောင့်ဖတ်နေတဲ့လူတွေ ကိုယ်စား ကျေးဇူးတင်ကြောင်းတော့ ပြောပါရစေ။
    ခင်မင်လျက်

  • ဦးကြောင်ကြီး

    September 3, 2013 at 10:13 am

    ပြင်ညာရေး အောက်ခြေခိုင်ဖို့ မူလဒန်း ခလေးတွေကို ကြက်ဖတညင် ခွပ်ခိုင်းစို့… 😆

Leave a Reply