စာသင်ခြင်း

s0t04August 24, 20101min1492

အခု ဒီမှာ နွေရာသီ ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပူ စ ပြုပြီပေါ့။ ပူတော့ နေလို့ ထိုင်လို့ မကောင်းဘူး။ လင်းတော့ လင်းချင်းပါရဲ့၊ ဒါပေမဲ့ အိုက်တယ်။ ကိုယ်က ဒီမှာ နွေဦးရာသီကို သဘောကျတယ်။ ရာသီဥတုလဲ ကောင်း၊ နေရောင်ခြည်လဲ ကောင်းကောင်းရလို့ပါ။ ပန်းတွေလဲ ပွင့်ကြတာမို့ မြင်မြင်သမျှ နှစ်သက်မိတယ်။

ငယ်ငယ်တုန်းက နွေရာသီဆိုရင် ကျောင်းပိတ်တာမို့ ပျော်စရာအကောင်းဆုံးပေါ့။ ကလေးဆိုတော့ နွေရာသီကိုသာ မျှော်မိတာပဲ။ ကျောင်းတက်ရတဲ့အချိန်တွေမှာ မနက်စောစော ကျောင်းတက်ဖို့ နှိုးရသလောက် နွေရာသီ ကျောင်းပိတ်ရက်ကျရင်တော့ အစောကြီး အလိုလို နိုးနေတတ်တယ်။ ဆော့ဖို့ ကစားဖို့ ရယ်ဒီပဲ ဆိုသလိုပေါဲ့။ ဒါကလဲ ရတန်းလောက်အထိပါပဲ။

၈တန်း ကျောင်းပိတ်ရက်ကစ ပြီး ကိုယ်တို့ အမေ့ကျောင်းကို စ လိုက်ရပါတယ်။ အမေ့ကျောင်းဆိုတာ အမေဖွင့်ထားတဲ့ မူကြိုကျောင်းလေးပါ။ အဲဒီကျောင်းလေးကို အမေနဲ့အတူ လိုက်သွားရပြီး အမေစာသင်တာ ကူလုပ် ကူဝိုင်းပြီး ကလေးတွေကို စာသင်ပေး၊ သီချင်းဆို သင်ပေးရတာ..။ ကလေးတွေက ကျောင်းကြီး မတက်ခင် မူကြိုကလေးတွေ ဆိုတော့ ကူထိန်းရင်း ကိုယ်ပါ ရောဆော့တဲ့အခါလဲ ဆော့ပေါ့။

အမေက မိဘကို ကူလုပ်ရင်း ဘဝကိုလဲ နားလည်အောင်၊ လူတွေနဲ့လဲ ဆက်ဆံတတ်အောင်၊ ကျောင်းပိတ်ထားချိန်မှာ စိတ်လဲ မလေအောင် ၈တန်းကျောင်းပိတ်ရက်က စပြီး ကိုယ်တို့ ညီအမတတွေ အမေ့ကျောင်းလိုက်ရတော့တာပဲ။ အစမှာတော့ ပျင်းတယ်။ မလိုက်ချင်ဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ စာသင်ရတာလဲ စိတ်ဝင်စားပြီး ပျော်လာတယ်။ ကလေးတွေနဲ့ နေရတာ၊ သူတို့ တိုးတက်မှုလေးတွေ စောင့်ကြည့်ရတာ၊ သူတို့ ဖြူစင်မှုလေးတွေ သဘောကျမိတာ အစုံပေါ့။

ကလေးလေးတွေကို ပေါင်ပေါ်မှာ ပွေ့ချီပြီး သူတို့လက်သေးသေးလေးတွေပေါ် ထပ်ကိုင်ရင်း ဝလုံး ဝလုံး လို့ဆိုပြီး ဝိုင်းဝိုင်း ရေးတတ်အောင် အတူတူ ရေးရတယ်။ အဖေ့ရဲ့ “မမဝဝ ထထက” ကဗျာသင်ရင် ပုံဖော်စရာမလိုဘဲ ကိုယ့်ကိုကြည့်ကြည့်ပြီး သူတို့ ဆိုကြတယ်။ “နေလုံးနီနီ ညနေစောင်းတော့ အမေ့ကျောင်းကို သွားရမယ်” လို့ ဟန်ပန် အမူအရာလေးနဲ့ ဆိုရတာကို သဘောကျတယ်။ “မနီကလေး ဘာတွေသင်၊ စာရေးစာဖတ်သင်..” ဆိုတာ အဖေက ကိုယ်တို့ ညီအမတတွေကို စပ်ခဲ့တာမို့ အဲဒီကဗျာလေးတွေ ပြန်သင်ပေးရတာ ပျော်တယ်။

ကလေးတွေက မပီကလာ ပီကလာ နဲ့ ခေါ်တာက ဆရာမ မိုးချုပ်သင်း တဲ့။ “ချို” ပါ ဆိုတာ ပြောမရ။ ဘယ့်နှယ် ငါ့နံမည် လှတပတမှာ မိုးကြီးစုန်းစုန်းချုပ် သလို ဖြစ်ရပါလိမ့် လို့..။ တချို့က တရုတ်ကလေးတွေမို့ “သင်း” ကို “တင်း” လုပ်ချင်သေးတယ်။ သူတို့အသံလေး နားထောင်ပြီး ရီရ အမောပြေရတာပေါ့။

သတ်ပုံစစ်လို့ ရရင် ကိုယ်က သူတို့ထက်တောင် ပျော်မိသေးတယ်။ တချို့ကလေးတွေက သူတို့ စာရလို့ ကိုယ်ပျော်တာကို သဘောကျပြီး စာတွေတောင် ကြိုးစားလို့..။ ဂဏန်းတွေများ တွက်လိုက်တာ တကုံးကုံးနဲ့..။ နှပ်ချေးကို လက်ခုံနဲ့ သုတ်လိုက်၊ ကိုယ့်ကို မော့ကြည့်လိုက်၊ တွက်လိုက် နဲ့..။ ကိုယ်ကလဲ အမှန်အရှည်ကြီး ခြစ်ပေးလိုက်တာ..။

ဒါနဲ့ အရှိန်ရပြီး အမေ့ကျောင်းတင်မက၊ အိမ်မှာပါ စာတွေ သင်တော့တယ်။ အိမ်မှာ စာသင်တာကတော့ အိမ်မှာ လာကူတဲ့ ရွာက ညီမတွေကိုပါ။ သူတို့ရွာကို စာရေးရင် အဆုံးသတ်မှာ တော်သေပြီ လို့ ရေးထားတာကို “သေ”မှာ ဝစ္စနှစ်လုံးပေါက် ထည့်မှ မှန်တော့မပေါ့ လို့ မင်နီနဲ့ ဖြည့်ပစ်လိုက်တာမျိုး ဆရာလုပ်တတ်တယ်။ တခါတလေများ စာမရရင် မင်နီနဲ့ ပြင်ပစ်တာ စာအုပ်မှာ ရဲပတောင်းခတ်လို့..။ ပညာစွမ်းပြတယ် ပြောရမှာပေါ့။

ခင်မ ဆိုတဲ့ ညီမတယောက်ကတော့ သတ်ပုံစစ်တော့မယ်ဆိုရင် သူ့လက်မှာ ကူးပြီး မှတ်ထားတယ်။ ကိုယ်က အစက မသိဘူး၊ ခပ်တည်တည်နဲ့ သတ်ပုံခေါ်နေတာ။ မီးရထား စီးလာပါ၊ အလကား မစီးရ တို့ဘာတို့ပေါ့။ သူက ဆံပင်ကွယ်ပြီး လက်ဖဝါးက စာတွေကို ခိုးကြည့်ပြီး ရေးနေတာလေ။ မှန်လှချည်လား အောက်မေ့လို့ လက်ဖဝါး ပြပါအုံး ဆိုတော့ ရီနေတယ်။ တံတွေးနဲ့ ကြိတ်ဖျက်သေးတယ်။ မမီဘူး။ ဆရာမ မိသွားတာပေါ့။

ကိုယ်က ခိုးချလို့ ဆူပူ ကြိမ်းမောင်းလဲ ခင်မ က ရီနေတာပါ။ စိတ်မဆိုးပါဘူး။ လိုက်လဲ လိုက်တဲ့ ဆရာ တပည့်ပဲ။ ကိုယ့်အမတွေကတော့ ကိုယ်တို့ညဖက် စာသင်ဖို့ ပြင်ဆင်နေကြပြီဆိုရင် အိမ်ပေါ်တက်ပြေးကြတယ်။ နားအေးပါးအေး လွတ်ရာပြေးကြတဲ့ သဘောပေါဲ့။ ခိုးချရင် ကိုယ်က ဆူ၊ သူက ရီနဲ့ မုန့်လုံးစက္ကူကပ်နေလို့လေ..။ ဟိုတယောက်ကလဲ စာရတောင် ခိုးတော့ ကူးလိုက်ရမှ.. ဆိုတာမျိုး။

“ခင်မရယ်၊ နင်ကလဲ နင်ပဲ၊ ဘာလို့ သူမကြိုက်တာ ခိုးချရသလဲ၊ မသင်ချင်လဲ မသင်ပါနဲ့တော့” လို့ အမတွေက ပြောကြလဲ ခင်မက သင်ချင်တာပါပဲ။ အင်မတန် ကြိုးစားချင်စိတ်၊ စာတတ်ချင်စိတ် ရှိပါတယ်။ ဒီလိုနဲ့ သူလဲ ရည်းစားစာ ကို သတ်ပုံမှန်မှန်နဲ့ ရေးတတ်သွားပြီး ယောကျာင်္းရသွားမှပဲ ကိုယ်တို့စာသင်တာ တခန်းရပ်တော့တာ..။ သူကြိုးစားနေတာ ဒါကြောင့်ကိုး။

ဒီလိုနဲ့ လုပ်ငန်းခွင်ထဲရောက်၊ ရေခြားမြေခြားရောက်နဲ့ စာသင်ခန်းလေးနဲ့ အလှမ်းကွာသွားတယ်။ ဟိုးတလောက ကိုယ်တို့နေတဲ့မြို့မှာ မြန်မာကလေးလေးတွေကို အခမဲ့ မြန်မာစာ သင်ပေးကြမယ်ဆိုပြီး လူကြီးတွေက စီစဉ်ကြတော့ ကိုယ်တို့လဲ ကိုယ်တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းကြတာပေါ့။ ရန်ကုန်မှာ ကျောင်းအုပ်ဆရာမ လုပ်သက်ရင့်ခဲ့တဲ့ မာမားနဲ့ အတူ သားအမိနှစ်ယောက် တနင်္ဂနွေနေ့တိုင်း ကလေးတွေကို မြန်မာစာ သွားသင်ကြပါတယ်။

ဒီမှာက ကလေးတွေက မြန်မာလိုစကားပြောတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းရတာမဟုတ်တော့ သူတို့ကို ကိုယ့်ဘာသာစကားတခုကို စိတ်ဝင်စားလာအောင်၊ ပြောချင်၊ ရေးချင်လာအောင် ဆရာမတွေအားလုံး တိုင်ပင်ဆွေးနွေးပြီး သင်ကြတာပါ။ ရန်ကုန်မှာ သင်ရတာနဲ့ မတူပါဘူး။ လူကြီးမိဘ ဆရာသမားကို ရိုသေလေးစားဖို့ ဂါရဝတရားလဲ ပြောပြ သင်ပြရတယ်။ နားထောင်ကျင့် ပြောကျင့်ရအောင် ကဗျာတွေ၊ ပုံပြင်လေးတွေလဲ ဆိုပြ၊ ပြောပြရတယ်။

ကလေးတွေက စိတ်ပါဝင်စားကြပါတယ်။ စကားလဲ နားထောင်တယ်။ အိမ်စာလဲ မှန်မှန် လုပ်လာပြီ။ ဆရာမကို ပြောရင်လဲ မြန်မာလို ကြိုးစားပြီး ပြောကြတယ်။ တချို့မိဘတွေက မြန်မာလို အိမ်မှာ အမြဲပြောနေတဲ့ကလေးများဆိုရင်တော့ စကားပြောရာမှာ သိပ်အခက်အခဲ မရှိဘူး။ ပိုသွက်သွက် ပြောနိုင်တာပေါ့။ ကိုယ်တို့ကလဲ မြန်မာလိုပဲ ပြောပြီး သင်တာပါ။ ဘာသာစကားတခုဆိုတာ တတ်ထားရင် အကျိုးများတာပဲ မဟုတ်လား။

အဲဒီမှာ သင်တာနဲ့ ယူတာ ကွဲလွဲတာလေးတွေကို ပြောပြချင်သေးတယ်။ ပထမဆုံးနေ့မှာပဲ ဝလုံး သင်တယ်။ နောက် ထဆင်ထူး သင်လိုက်တယ်။ အိမ်ပြန်ရောက်တော့ ကိုယ်တို့မိတ်ဆွေ ကလေးအဖေက သူ့ကလေးကို မေးပါသတဲ့။ သားသားဆရာမက ဘာသင်လိုက်သလဲ လို့..။ ကလေးက ပြန်ဖြေတယ်။ နို့ နို့ တဲ့..။ မြတ်စွာဘုရား..။ ကိုယ်သင်လိုက်တာ ထဆင်ထူး သင်လိုက်တာပါ။ ကလေး အမြင် စူးရှလွန်းတယ်။

နောက်တခါတော့ ကလေးတွေကို ယပက်လက် သင်လိုက်ပါရော..။ ကလေးတွေ အဖေကလဲ မေးပြန်ပါရော။ ဒီတခါတော့ ကလေးက မြန်မာလို ဘယ်လို ပြောရမယ် မသိလို့ သူ့တင်ပါးကို ပုတ်ပြီး ပြောပါတယ်။ အဲဒါ ယပက်လက် တဲ့။ ကလေးမိဘတွေနဲ့ မိတ်ဆွေတွေဖြစ်နေလို့ သာပေါ့၊ နို့မို့ဆို ချိုသင်း ဘာတွေ သင်နေပါလိမ့် ဖြစ်မှာ..။ ကလေးတွေက သူတို့အမြင်နဲ့ တွဲမှတ်ထားကြတာပါ။ လန့်လောက်ပါပေတယ်။

သူတို့က အင်္ဂလိပ်စာကို ပိုအားသန်တာမို့ မြန်မာအက္ခရာတွေကို အင်္ဂလိပ်လို တွဲမှတ်သေးတယ်။ ဒဒွေးကို three 3 တဲ့။ “အ”ကို thirty two 32 တဲ့။ င ကို C စီ တဲ့။ ဓ ကို Q တဲ့။ သူတို့မှတ်ထားတာလေးတွေက ချစ်စရာလေး။

နောက်ပြီး သူတို့ကို ကိုယ် မြင်တွေ့နေရတဲ့ နီးစပ်တဲ့ အရာတွေကို မြန်မာလို့ ခေါ်ပုံခေါ်နည်း သင်ရသေးတယ်။ ဥပမာ လက်မ ကိုပြပြီး ဒါကို လက်မ လို့ ခေါ်တယ်၊ လက်ညှိုးကို ထောင်ပြီး ဒါကတော့ လက်ညှိုး ပေါ့။ လက်ခလယ်ကျတော့ ကိုယ်ကလဲ လက်ခလယ်တခုတည်း ထောင်ပြီး ဒါ ဘာလဲ ဆိုတော့ Oh My God!!! တဲ့။ ကလေးတွေ အကုန်လုံး ဝိုင်းအော်ကြပါရော။ ဆရာမလဲ ကြောက်လန့်ပြီး လက်ကို အမြန်ရုတ်လိုက်ရပါတယ်။ ကိုယ့်ရိုးရိုးကို သူတို့က ဆန်းဆန်း တွေးပစ်လိုက်ကြတာလေ..။

ဒီလိုနဲ့ ကလေးတွေနဲ့ ဆရာမ စခန်းသွားနေကြတာ အတော်တော့ ခရီးပေါက်နေပြီ။ ပျော်စရာလဲ ကောင်းတယ်၊ စိတ်လဲ ချမ်းသာရပါတယ်။ ဒါကြောင့် ကြည်နူးမိတာလေးတွေ ကိုယ့်မှတ်တမ်းမှာ အမှတ်တရ တို့ ထားလိုက်တာပါ။ နောက်လဲ သူတို့အကြောင်းလေးတွေ ရေးဖို့ ကြိုးစားအုံးမယ်။

မိုးချိုသင်း

source:http://moechothin.blogspot.com

2 comments

  • fatty

    August 24, 2010 at 10:56 am

    ရသလေး တခုပေးစွမ်း နိုင်ပါတယ်။ ဆက်ရေးပါ အုန်း ဆရာမ ။ ရွာကျောင်းကခေါင်းလောင်းသံ လေးကို ကြားယောင်မိပါသည်။

  • hsaunghnin aye

    January 29, 2012 at 2:32 pm

    ဟုတ်ကဲ့နောက်လည်းဆက်ရေးပါဦးအစ်မ။ ကလေးတွေမြန်မာအက္ခရာကို အင်္ဂလိပ်လိုတွဲမှတ်တာဆန်းသားပဲ၊ တစ်မျိုးပဲနော်အစ်မ။

Leave a Reply